Monday, May 13, 2024

မီးစာအို ၏ မငြိမ်းသော မီး


 

❝ မီးစာအို ၏ မငြိမ်းသော မီး ❞

( ၁ )

အမေ ဓားမဦးချ နေထိုင်ခဲ့ရာ ကျွန်တော်တို့ ရွာ သည် ပင်လယ် နှင့် ၇ မိုင် ဝန်းကျင် လက်တစ်ကမ်း မှာ ရှိပါသည် ။

အမေ့ အသက် ပင် ၇၅ နှစ် ပြည့် ခဲ့ပြီ ဖြစ်ပါသည် ။ အမေ့ မိဘများ ပထမ ကမ္ဘာစစ်ကြီး အတွင်း ကတည်း က မန္တလေး ကို စွန့်ခွာ ၍ ( ရေကြည်ရာ မြက်နုရာ ဆိုသည် ထက် ) စစ်ဘေးဒဏ် သက်သာရာ ရှောင်တိမ်း ရင်း တော်ခရမ်းရွာ ၌ အခြေ ချ ခဲ့ကြသည် မှာ သူတို့ သေသည် အထိ ပင် ဖြစ်ပါ၏ ။

တော်ခရမ်းရွာ သည် ပင်လယ် နှင့် ပတ်သက်ပြီး ဆိုးရွား သည့် ရာသီဥတု အခြေအနေများ ကို တွေ့ကြုံ ခံစားဖူးခြင်း မရှိကြောင်း ၊ အမေ့ အသက် ၇၅ နှစ် တာ နှင့် တိုင်းတာ ၍ အပ်ကျမတ်ကျ အမေ ပြောခဲ့၏ ။

မေလ တွင် တိုက်ခတ်ခဲ့ သော နာဂစ်ဆိုင်ကလုန်း သည် ပင်လယ် နှင့် လက်တစ်ကမ်း ၌ ရှိ သော တော်ခရမ်းရွာ ကို ဝကွက် မထားခဲ့ပါ ။ ၁၂ ပေ ခန့် မြင့်မားသော ပင်လယ် ရေလှိုင်းများ နှင့် နှစ်ချို့ သစ်ပင်ကြီးများ ကို လဲပြိုသော လေပြင်းမုန်တိုင်း ကို အိုကြီးအိုမ ခန္ဓာကိုယ် ယိုင်နဲ့နဲ့ နှင့် အမေ့ ခမျာ သွေးပျက်ခမန်း ကြုံတွေ့ ခံစား ခဲ့ရလေသည် ။ လူမမယ် ကလေးငယ်များ ၊ လူငယ်လူရွယ်များ ၊ သက်ကြီးရွယ်အိုများ အမေ့ လက် တစ်ကမ်း က လူ တော်တော်များများ နာဂစ် က ချေမှုန်း သတ်ဖြတ်ခဲ့သည် ကို ရင်နင့် တုန်လှုပ်ဖွယ် အမေ ကြုံတွေ့ ခဲ့ရလေသည် ။

မေ ၂ ရက် နေ့ ည ။

မေမျိုးစိမ်း ဆေးရုံ တင် ထားရ သည့် သတင်း ကြား ၍ အဘွား တင်တင် ၏ သမီးငယ် စုစုမြိုင် တို့ လင်မယား ရန်ကုန် မှ တော်ခရမ်း သို့ ရောက် နေ ကြသည် မှာ နှစ်ပတ် ပင် ရှိပြီ ။ မေမျိုးစိမ်း ဆေးရုံ တင် ထားရာ ကွမ်းခြံကုန်းမြို့ သို့ သူမ ဖခင် ကိုသောင်းအေး က လူနာ စောင့် လိုက် နေရသည် ။ မေမျိုးစိမ်း မှာ အမေ မရှိရှာ တော့ ။ ၄ နှစ် သမီး အရွယ် က ပင် သူမ မိခင် ကွယ်လွန် ခဲ့သည် ။ ဒီနောက် မေမျိုးစိမ်း တို့ သားအဖ သူမ ဘွားအေ ( အဘွား တင်တင် ) နှင့် အတူ နေခဲ့ကြ၏ ။

အဘွား တင်တင် အိမ်ကလေး က အဘိုး ဦးလှထွန်း တည် ခဲ့သည့် ယာခြံကြီး ထဲ မှ မြေ ၃ လန် လောက် ကို ဖဲ့ ရောင်းပြီး တိုင် အသစ် ၊ ထရံ အသစ် နှင့် ဆောက်ထားသည် ဖြစ်၍ တော်တော်တန်တန် မိုးကြမ်း လေကြမ်း လောက် ကို တော့ အဘွား တင်တင် မပူပန်ပါ ။ ညဦးပိုင်း က တော့ မိုးသက်လေပြင်း မျှ ဟု သာ ထင် ခဲ့ကြသည် ။ ည ၁၀ နာရီ ခန့် အရောက် မှာ လေ က ကြမ်း လာသည် ။ အဘွား တင်တင် နည်းနည်း မျက်နှာ ပျက် လာသည် ။

သမီး စုစုမြိုင် မှာ လည်း လေးလသား အရွယ် လူမမယ် ( မြေးငယ်လေး ) ကလည်း ပါ လာသည် မဟုတ်လော ။

ကြံဖန် ကံ ကောင်း ချင် တော့ ည ၈ နာရီ လောက် ကတည်း က ဓာတ်မီး တဝင်းဝင်း နှင့် အဘွား တင်တင် သား ကိုသောင်းအေး အိမ် သို့ ပြန် ရောက်နေခဲ့သည် ။ မေမျိုးစိမ်း က ဆေးရုံ ဆင်း ပြီ ဖြစ် ၍ သမီး ဖြစ်သူ ကို မြို့ က ညီမဝမ်းကွဲ အိမ် မှာ ထား ကာ ပြန်ခဲ့ခြင်း ဖြစ်၏ ။

ခပ်ပြင်းပြင်း ဆောင့် တွန်း လိုက် သည့် လေ မှာ ခြေရင်း ဘက် ထရံ တစ်ချပ် ဟ သွားသည် ။ အိမ်ရှေ့ဘက် က အခြမ်း က ဓနိမိုးတွေ လန်လွင့် ကုန်သည် ။ လေပြင်း နှင့် အတူ မိုးရေတွေ က တဖြန်းဖြန်း အိမ် ထဲ ကျ လာသည် ။ အိမ် က အရှေ့မြောက် ဘက် ကို သိမ့်ခနဲ ယိုင် သွားသည် ။ စုစုမြိုင် ၊ ကလေးငယ် နှင့် အဘွား တင်တင် တို့ အတွင်းခန်း ထဲ ရွှေ့ ၍ ပု နေကြရသည် ။

ထိုစဉ် ...

“ အစ်ကို သောင်းအေး ၊ ဒီ လေ က သိပ် ဟန်ပုံ မရဘူးဗျ ။ ကျွန်တော်တို့ သစ်ဆိမ့်ကျောင်း ထဲ ကို သွားကြ မှ ဖြစ်မယ် ”

အဘွား တင်တင် သမက် မြင့်သန်း က စကား စ သည် ။ ကိုသောင်းအေး က “ အေး ” ဟု ဖြေ၍ ခေါင်းညိတ် သည် ။ ကိုသောင်းအေး လက် ထဲ မှာ ဓာတ်မီး က အဆင်သင့် ရှိ၍ တော်ပါသေးရဲ့ ။ မိုး က မည်းမည်း မှောင် နေသည် ။

အရှေ့အနောက် ဘာမျှ ခွဲခြား၍ မရနိုင်တော့ချေ ။

အိမ် မျက်နှာစာ ဘက် မချစ်စု သရက်ပင်ကြီး ၊ အိမ် ခြေရင်း ဘက် အမိုး ကို အဖျား ခတ် ၍ လဲကျသံ ကို ကြောက်လန့်ဖွယ် ကြားရ၏ ။ မရှေးမနှောင်း ခြံ အနောက် ဘက် က ညောင်ပင်အိုကြီး လဲကျသံ ကို ပါ ကြားရ ပြန်သည် ။

ဘုရား ဘုရား ။ ကမ္ဘာပျက်သံတွေ ဟိန်းညံ နေသည့် ကြား က ရေတွေ က လည်း အိမ် ကြမ်းခင်းပျဉ် ထိ တရိပ်ရိပ် တက် လာသည် ။ အိမ် ထဲ က လူ အားလုံး ရေတွေ ရွှဲရွှဲ စို နေကြပြီ ။ အဘွား တင်တင် ခန္ဓာကိုယ် သေးသေးလေး ကို ကိုသောင်းအေး က တွဲ သည် ။ ဓာတ်မီးရောင် ဖြင့် အိမ် ထဲ က အားလုံး ထွက်ခဲ့ကြ၏ ။ အိမ် အနောက် ဘက် ဘုန်းကြီးကျောင်း ရှိ ရာ သို့ မှန်းဆ လိုက်၏ ။ ရေတွေ က တက် လာသည် ။ တစ်ချက် တစ်ချက် လက် လိုက်သော လျှပ်ရောင် အောက် မှာ ရုန်းရင်းဆန်ခတ် မြင်ကွင်း ကို ဖျတ်ခနဲ ကြောက်ဖွယ်လိလိ မြင် နေရ၏ ။

လမ်းတွေ က သစ်ပင်ဝါးပင် တွေ နှင့် ပိတ်ဆို့ ကာဆီးနေ၏ ။ လဲ နေသည့် သစ်ပင် များစွာ ကို ကွေ့ဝိုက် ၍ လမ်းပေါက် ကို ရှာရသည် ။ မတွေ့ ။ အဘွား တင်တင် က ပေါင်လည် လောက် ရေတွေ ထဲ စမ်းစမ်း စမ်းစမ်း နှင့် သွား နေရင်း ချော် လဲ သည် ။ ကိုသောင်းအေး က အမြန် ဆွဲ လိုက်နိုင်၍ တော်ပါသေးရဲ့ ။

လေ က လေးဖက်လေးတန် ဝန်းဝေ့ လှည့် တိုက် နေသည် ။ ရေတွေ က တဖြည်းဖြည်း တက် လာ နေသည် ။ စုစုမြိုင် က သူ့ သားငယ် ကို ပွေ့ချီ လျက် က “ လမ်း တွေ့ပြီလား ၊ လမ်း တွေ့ပြီလား ” ဟု တစ်မေး တည်း မေးနေသည် ကို ဘယ်သူမှ မဖြေနိုင်ကြ ။ တစ်ညလုံး တောင် ရောက် ၊ မြောက် ရောက် ။ သစ်ဆိမ့်ကျောင်း ကား နီးလျက် ဝေး နေဆဲ ။

“ အစ်ကိုလေးသောင်းအေး ၊ ဒီ ကုန်းမြင့်ကွယ်လေး မှာ ခဏ နေကြဦး ၊ ဓာတ်မီး ပေး ၊ ကျွန်တော် လမ်း လိုက် ရှာ ကြည့်မယ် ”

ကိုသောင်းအေး လက် ထဲ က ဓာတ်မီး ကို ဆတ်ခနဲ ယူ၍ မြင့်သန်း က ထွက် သွားသည် ။ စုစုမြိုင့် ခေါင်း ပေါ် မှာ ဝါတာပရုစုတ် ဖြင့် အုပ်မိုး ထားသည့် အောက် က ကလေး က မစို လို့ တော်ပါသေး ရဲ့ ။ အဘွား တင်တင် ထံ က လည်း ဘာသံ မျှ မကြားရ ။ ကိုသောင်းအေး လက်မောင်း ကို ဆုပ်ကိုင် ထားတဲ့ အဘွား တင်တင် လက်တွေ က အနည်းငယ် တုန်ယင် နေသည် ။ အားလုံး ကိုယ်တွေ မှာ စိုရွှဲ နေကြသည် ။ ကြောက်မက်ဖွယ် မိုးသံလေသံ တွေ က ကမ္ဘာပျက်ကိန်း ဆိုက် နေသည် ။

မိုးမှောင် ထဲ မှာ ဓာတ်မီးရောင် လက်ခနဲ တွေ့ လိုက်ရ၏ ။ မြင့်သန်း ပြန် ရောက် လာသည် ။

“ လာ လာ ငါတို့ ဟိုဘက် ထောင့်နား မှာ ဘုန်းကြီးကျောင်း ဘက် ကို သွားတဲ့ လမ်းပေါက် ကို တွေ့ခဲ့ပြီ ။ လာ အမြန် သွားကြ မှ ဖြစ်မယ် ။ ရေတွေ အတက် ပို ကြမ်းလာပြီ ”

မြင့်သန်း က သား နှင့် မိန်းမ ကို ဓာတ်မီး ဖြင့် ထိုးကြည့် ၍ အဘွား တင်တင် ကို ဆွဲ မသည် ။ ကိုသောင်းအေး က တစ်ဖက် က ပွေ့ သည် ။ အဘွား တင်တင် ကိုယ် သေးသေးလေး သမက် နှင့် သား ၏ လက် ပေါ် စွေ့ ခနဲ ပါ သွားသည် ။

လမ်းပေါက် ဆိုတာ က လည်း တကယ် က ရှင်းရှင်းလင်းလင်း တော့ မဟုတ် ။ ဝါးကိုင်းများ ၊ လဲ နေသော သစ်ကိုင်း သစ်ပင်များ ကို ဝှေ့ တိုး ဖယ်ရှား သွား ရ၏ ။

“ ရောက်ပြီ အမေ ၊ ဒါ ဘုန်းကြီးကျောင်း ခြံစပ် ပဲ ။ သတိ ထားကြနော် ၊ သွပ်ပြား တွေ ၊ သစ်တိုသစ်စ တွေ နင်း ကျော် သွားရမှာ ”

မြင့်သန်း က သတိ လည်း ပေး ၊ ရှေ့ က လည်း ဦးဆောင် ဝင် သွား၏ ။ တချို့ အမိုးလန် ပွင့် နေရုံ က လွဲ ၍ အဆိုး ထဲ က အကောင်း ကို တွေ့ ရသည် ။ ဒုက္ခ ထဲ က လွတ်မြောက် ရာ ကျောင်းကြီး အောက် ကို ဝင် လိုက်ကြ၏ ။ အလယ် ဘုံဆောင် ပြတ် ကျ သွားသည် က လွဲ၍ ကျန် အမိုးအကာများ က ခိုလို့ နားလို့ ရ နေသည် ။

ဘုန်းကြီးကျောင်း ထဲ မှာ ကိုယ့် လို မုန်တိုင်း ခို နေလာသူများ ကို တွေ့ ရသည် ။ မိုးမှောင် ကြောင့် မို့ သာ မနက် လင်း လုပြီ ။ အဘွား တင်တင် တစ်ကိုယ်လုံး ခိုက်ခိုက် တုန် နေသည် ။ ရေ ထဲ မျောကုန် ကြ၍ ဖိနပ် လည်း တစ်ယောက် မှ မပါကြတော့ ။ မနက် ၁၀ နာရီ လောက် ကျ မှ လေ က လုံးဝ ငြိမ်သက် သွားသည် ။ ဘုန်းကြီးကျောင်းဝင်း ထဲ ၌ ထင်း ရှာကြ ၊ မီးဖို ကြ ၊ အဝတ်စို တွေ ၊ လူ့ခန္ဓာကိုယ် တွေ ကို မီး အပူ ပေးကြ ။

အံ့သြဖို့ ကောင်းသည် က တစ်ည နှင့် တစ်မနက် လုံး ရွှဲရွှဲ စို နေခဲ့ပြီး မနက် ၁၀ နာရီ ကျ ခါ မှ အဝတ် ခြောက် လဲ ဝတ် ရရှာသည့် အဘွား တင်တင် မုန်တိုင်းပြီး သည့် နောက် ရက်များ ၌ ဖျားနာခဲ့ခြင်း မရှိခဲ့ပေ ။

နေ့ အလင်း မှာ မြင် ရသည့် ရွာ က သုဿာန် တစပြင် ၊ စစ်တလင်းပြင် လို မွစာကြဲ နေသည် ။ ရှင် ကျန်ရစ်သူ တို့ တစ်ယောက် နှင့် တစ်ယောက် စကား ဟဟ မပြောနိုင်ဘဲ မှင်တက် မိ နေကြသည် ။ သွေးဆုတ် ဖြူလျော် ခြောက်သွေ့ နေသည့် မျက်နှာ များ ဖြင့် အပျက်အစီး တွေ ကို ငေး ကြည့်နေကြ၏ ။

( ၃ )

မုန်တိုင်း ပြီး ၈ ရက် ခန့် ကြာ တော့ သားလတ် ကိုမြင့်အောင် ပြည်မြို့ က ရောက် လာသည် ။ သူ ရောက် တော့ အဘွား တင်တင် တို့ တစ်တွေ ရွာဦး မူလတန်းကျောင်း ထဲ ရောက် နေကြပြီ ။ မေမျိုးစိမ်း တောင် အတူ ရှိ နေပြီ ဖြစ်သည် ။ စုစုမြိုင် တို့ လင်မယား က နောက် တစ်နေ့ မှာ ရန်ကုန် ပြန် ကြတော့မည် ။

ဆံပင် ရှုပ်ရှုပ်ပွပွ နှင့် မှင်တက် မိ နေသော အမေ ဖြစ်သူ ၏ မျက်လုံးတွေ ကို ကြည့်ပြီး ကိုမြင့်အောင် မျက်ရည် ဝဲ နေသည် ။ သား လေးယောက် ထဲ မှာ သူ က လူနု ၊ အထက်တန်း ပညာ အခြေခံလေး လည်း နည်းနည်း ရှိသည် ။ ခံစား လွယ်သည် ။ လယ်လုပ်ကျွဲကိုင် ဘဝ ကို ကျော ခိုင်းပြီး မြို့ပြ မှ ဝန်ထမ်း ဘဝ နှင့် ကျင်လည် ခဲ့သည် ပင် နှစ် အစိတ် ပြည့် ရော့မည် ။

ကံကောင်း ထောက်မ ၍ သာ အမေ ဖြစ်သူ ကို အသက် ရှင်လျက် မြင်တွေ့ ရလေသည် ။ အဘွား တင်တင် က သူ့ ဒုက္ခ သူ မပြော ။ ရွာ က လူတွေ ဝိုင်း ပြောကြ၏ ။ အဘွား တင်တင် ၏ ကုသိုလ်ကြမ္မာ ကောင်းပုံများ တည်း ။

ကိုမြင့်အောင် က အဘွား တင်တင် ကို သူ နှင့် လိုက် နေရန် ( ဘယ် နှစ်ကြိမ် မြောက် မှန်း မသိ ) တိုက်တွန်း လေသည် ။ တွေတွေကြီး နှင့် အဘွား တင်တင် က ခေါင်းညိတ် ခေါင်းခါ မလုပ်ချေ ။

အဘွား တင်တင် ရှိ ရာ သူ့ ဇာတိရွာ သို့ သုံးနှစ် တစ်ကြိမ် ၊ နှစ်နှစ် တစ်ကြိမ် ရောက် ခဲ့တိုင်း လူရိုးလူအေးကြီး ကိုသောင်းအေး ၊ သူ့ တူမ မျိုးစိမ်း တို့ နှင့် ဆင်းဆင်းရဲရဲ ရုန်းကန် နေရှာရသည့် အမေ ဖြစ်သူ ကို သူ ခေါ်ဖြစ်ခဲ့သည် ။ အကြိမ် တိုင်း မှာ အဘွား တင်တင် ခေါင်း ခါ ခဲ့သည် ချည်း ။

“ အမေ ရာ သား ဆီ မှာ အမြဲ နေဖို့ မဟုတ်ပါဘူး ။ ခု လက်ရှိ အိမ်ကလေး ပြန် ဆောက် နေတုန်း ၊ မိုးတွင်းလေး လောက် ပဲ နေပါ ။ ရာသီဥတု က ပြော လို့ မရဘူး အမေ ရ ။ နောက်ပြီး အမေ က အိုကြီးအိုမ နဲ့ မပြေးနိုင် မလွှားနိုင် မို့ လို့ ။ နော် အမေ သား ဆီ ကို ခဏလေးဖြစ်ဖြစ် လိုက် နေ ။ အခါ လွန် ရင် သား ရွာ ကို ပြန် ပို့ ပေးမယ် ”

ကိုမြင့်အောင် က အဘွားတင်တင် ၏ လက် ကို လှုပ်၍ တောင်းပန် သည် ။

“ အ တီး အ တ သောင်းအေး က အိမ် ကို ဘယ်လို ဘယ်လို ပြန် ဆောက် ကြမှာတုန်း ”

အဘွား တင်တင် က တွေးတွေးဆဆ နှင့် တစ်လုံး ချင်း ပြောသည် ။

“ သား ကိုဝင်းအောင် တို့ ၊ ကိုတင်မောင် တို့ ၊ ကိုချစ်ထွေး တို့ ၊ ကိုဩကြီး တို့ ညီအစ်ကိုတွေ ကို ပြောခဲ့ ၊ အပ်ခဲ့ ပြီးပါပြီ အမေ စိတ်သာ ချ ။ ဘာမှ မပူနဲ့ ” 

ကိုမြင့်အောင် က အဘွားတင်တင် ကျေနပ်လောက်စရာများ နှင့် လက်ရှိ အနေအထား ရဲ့ ဆိုးကျိုးဒုက္ခများ ကို တရစပ် ပြောပြ နေခဲ့သည် ။ သုံးရက်မြောက် ကျ မှ အဘွား တင်တင် ဆီ က လိုက်မည် ဟု လျော့တိလျော့ရဲ ကတိ ကို ရသည် ။

( ၄ )

တော်ခရမ်းရွာ နှင့် မိုင် ၂ဝဝ ဝန်းကျင် ၌ ရှိသော ( မြို့ပြ ဆန်သော ) စက်ရုံဝန်ထမ်း အိမ်ရာ ထဲ ရှိ တစ်ခု သော မိမိ တိုက်ခန်း သို့ အမေ့ ကို ခေါ် လာခဲ့သည် ။

ရွာ နှင့် မတူသော သန့်ပြန့်မှု နှင့် ယှဉ်သည့် ထမင်း ဟင်းလျာများ ၊ မုန့်ပဲသရေစာများ ၊ ရွာ မှာ လို ဈေးဆိုင် ဘက် ကြက်သွန် ၊ ငပိ သွား ဝယ်လိုက် ၊ တော်ကြာ ငံပြာရည် သွား ဝယ်လိုက် ၊ တော်ကြာ ဆန် ကုန် သွားလို့ ရွာ ထဲ ဆန် ချေး ဖို့ ထွက် သွားလိုက် လုပ် ခဲ့ ရသော အမေ့ ရွာ ဘဝ နှင့် ပြောင်းပြန် ခြားနားစေ ခဲ့ပါသည် ။

ရေ ချိုးချိန် တန် ရေချိုး ၊ စားချိန် တန် စား ၊ အိပ် ချိန် တန် အိပ် ၊ တီဗွီ ကြည့် ချင် တီဗွီ ၊ စာဖတ်မည် ဆိုလျှင် လည်း ဖတ်စရာ တရား စာအုပ်များ သာ မက အခြား စာအုပ်များ လည်း ရှိ နေသည် ။

အမေ့ ဘဝ ၏ ဆည်းဆာချိန် ကို ငြိမ်းငြိမ်းချမ်းချမ်းလေး နှင့် စိတ်လက် ပေါ့ပါးစွာ နေ စေ ချင်ပါသည် ။ တစ်ခုတော့ ရှိသည် ။ ကျွန်တော် က လည်း တစ်နေ ကုန် လုပ်ငန်းခွင် ထဲ မှာ ၊ ကျွန်တော့် ဇနီး က လည်း ကျောင်းဆရာမ မို့ ကျောင်း သွား ၊ သားငယ် က လည်း သူ့ အမေ နဲ့ အတူ ကျောင်း တက်ဖြစ် နေကြ ၍ နေ့လယ် နေ့ခင်း တော့ အမေ ပျင်း ရော့မည် ။ ရွာ မှာ ဆို သူ ကြိုက်ပြီး သူ ကိုယ်တိုင် လိပ် တဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကြီး တဖွားဖွား ဖွာ ပြီး ဆွေမျိုးတကာ အိမ် လှည့် စကား ပြော တော့သည် ။

ဒီမှာ တော့ အသိ က လည်း မရှိ ၊ ပြောင်းဖူးဖက် အစား ဆေးပေါ့လိပ် ကို သာ အမေဖွာ ၍ ကျေနပ် ရတော့၏ ။

တစ်နေ့ ကျွန်တော် အလုပ် က ပြန် လာတော့ အိမ်ရှေ့ ဘက် ဝရန်တာ ကို လက် တစ်ဖက် က ထောက် ၍ ဆေးပေါ့လိပ် တဖွားဖွား ဖွာ ပြီး ဟိုး ခပ်ဝေးဝေး ဆီ က တောင်တန်း မို့မို့ စိမ်းညို့ညို့ ရှုခင်းများ ကို အမေ ငေးကြည့် နေခဲ့သည် ။ အမေ ကျွန်တော့် ဆီ ရောက် နေသည် မှာ တစ်လ ပင် ကျော် ခဲ့ပြီ ။ သူ့ သား နဲ့ မြေးမလေး ကို လွမ်းနေပြီ ထင်ပါရဲ့ ။ မုန်တိုင်းဒဏ် ကို ရက်ရက်စက်စက် ခံ လိုက် ရသော ဇာတိမြေ အတွက် အမေ နာကျင် ဝမ်းနည်း နေလိမ့်မည် ထင်ပါရဲ့ ။

အသာအယာ အမေ့ နား တိုးကပ် ၍ “ အမေ ” လို့ တိုးတိုးလေး ခေါ် လိုက်တော့ အမေ့ မျက်ဝန်း ကို ကျွန်တော် မျက်ရည်ဝန်း ဖွဲ့လျက် တွေ့ရ လေသည် ။

“ အမေ ... သား နဲ့ မြေး ကို သတိရ နေလား ”

“ မရ နေမလားကွယ် ” 

အမေ့ အသံ က တုန်အက် နေသည် ။ ဒေါသ သံ ပင် စွက်နေမလား မသိ ။

“ ဒီလ ဘယ်တော့ ကုန်မလဲ ”  

“ ကုန်ဖို့ ၁၂ ရက် လောက် လိုသေးတယ် လေ ။ အမေ ဘာဖြစ်လို့လဲ ” 

“ လ ကုန် ရင် အမေ့ ကို ပြန် ပို့တော့ ” 

“ ဗျာ ... မိုး မကုန်သေးဘူးလေ အမေ ရ ”

“ ဟင့်အင်း ... ဟင့်အင်း အမေ ပြန် ချင်တယ် သား ”

အမေ့ အသံ နှင့် အမေ့ မျက်နှာ သည် လွမ်းဆွတ်ခြင်း ကို ရုပ်လုံးကြွ ဖွဲ့နွဲ့ နေသည် ။ ရုတ်တရက် ကျွန်တော် ဘာ စကား မျှ မပြောရက် နိုင်ခဲ့ပါ ။

“ ငါ အမေ့ ကို ဘယ်လို ဖျောင်းဖျ ရပါ့မလဲ ” 

ကျွန်တော် စိတ်ရှုပ်ထွေး သွားခဲ့ရသည် ။ သေကောင်ပေါင်းလဲ ဘဝ ကို အမေ နဖူးတွေ့ ဒူးတွေ့ ကြုံ ခဲ့ရပြီး ဖြစ်လျက် ၊ သား နှင့် မြေးမလေး တို့ နှင့် အတူ အနေ ဆင်းရဲ ၊ အစား ဆင်းရဲ ဘဝများ တွင် နှစ်ပေါင်း ကြာရှည်စွာ ခံစား ခဲ့ရလျက် ၊ ဘာမျှ မသေချာနိုင်သော အဆိုးဆုံး ရာသီဥတုတွေ ၊ ဓနိမိုး ဝါးထရံကပ် သုံးပင်အိမ် ကျဉ်းကျဉ်း ၊ မိုးတွင်း ဆို ရွံလမ်း ၊ ဗွက်လမ်း ၊ ကျွဲနွား တို့ ၏ အညစ်အကြေးနံ့များ ၊ ရိုးရာဓလေ့ ဟောင်း ၊ ထုံး ဟောင်း တွေ နှင့် အရိုးစွဲ ဖက်တွယ် ထားသော ဝန်းကျင် ။

ရာသီဥတု က အစ စားသောက် နေထိုင်မှု အဆုံး သက်သောင့်သက်သာ နှင့် ငြိမ်းချမ်းလှသော ကျွန်တော့် အိမ်ရာလေး မှာ အမေ ဘာကြောင့် မပျော်ရွှင် ခဲ့ပါလိမ့် ၊ အမေ ဘာကြောင့် မငြိမ်းချမ်း ခဲ့ရပါလိမ့် ။

ဇာတိမြေ အစွဲ ကြောင့် လား ၊ ထုံ အအ သား နှင့် မလိမ်မိုး မလိမ်မာ မြေးမလေး ကြောင့်လား ၊ ဆွေမျိုး တွေ ကြောင့်လား ၊ အမေ မစွန့်ခွာ နိုင်သည့် ကျေးလက်ဓလေ့ ရင်ငွေ့နွေးနွေး ကြောင့် လား ။ ကျွန်တော် မတွေးတတ် တော့ပါ ။

မည်သို့ ရှိစေ ၊ အမေ့ ကို ကျွန်တော် ရွာ ပြန် ပို့ရပါတော့မည် ။ ထို ည က အမေ မသိ အောင် ၊ ဇနီး မီ နှင့် သားငယ်လေး တို့ မသိ အောင် ကျွန်တော် တိတ်တဆိတ် မျက်ရည် ကျ ခဲ့ရပါသည် ။

အမေ့ ရင် ၌ စွဲလောင် လျက် ရှိသော သံယောဇဉ် မီး သည် ကား မည်သို့သော လေပြင်း မုန်တိုင်းမျိုး ကို မဆို အန်တု လျက် ရှိလေသည်တည်း ။

( ၂၀၀၈ ခုနှစ် ၊ မေလ တွင် တိုက်ခတ် ခဲ့ သော နာဂစ်မုန်တိုင်းဒဏ် မှ ရုန်းထ လွန်မြောက်ခဲ့သည့် အမိ မွေးရပ်မြေ နှင့် မိခင်အို သို့ )

◾ဗပိုးသစ် ( တော်ခရမ်း )

📖 ရုပ်ရှင်တေးကဗျာ
     ၂၀၀၉ ၊ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment