Thursday, May 23, 2024

တက်တက်တူ ဒေါင်ဒေါင်


 

❝ တက်တက်တူ ဒေါင်ဒေါင် ❞
          ( ကြပ်ကလေး )
        
သာဂိ သည် အလွန် အစားပုပ်သူ ဖြစ်၏ ။ သို့သော် သူ သည် အလုပ် လုပ်ရမှာ မကြောက် ၊ မပျင်းမရိ ဝီရိယ ရှိသူ ဖြစ်လေသည် ။ ထို့ကြောင့် သာဂိ အစား မက်မောခြင်း နှင့် ပတ်သက်၍ မိဘများ မှာ အနှောင့်အယှက် မဖြစ်ချေ ။

တစ်နေ့သော အခါတွင် သာဂိတို့ နေသော ရွာကလေး တွင် ရောဂါဆိုးကြီးများ ဖြစ်ပွားလာလေရာ တစ်ရွာလုံး လူ အတော်များများ သေကြေ ပျက်စီးကြသည် ။ သာဂိ ၏ မိဘများ လည်း ရောဂါကပ် ထဲ တွင် ပါသွားကြ သဖြင့် သာဂိကလေး မှာ ရှိစုမဲ့စု အဝတ်ထုပ် ကလေး ကို တုတ် ဖြင့် လျှို ထမ်းကာ ဝမ်းနည်းစွာ ရွာကလေး မှ ထွက်ခွာ ခဲ့ရလေတော့သည် ။

သာဂိ သည် တော တစ်တော ကို ဖြတ်၍ လျှောက်လာ ခဲ့သည် ။ တစ်နေရာ သို့ ရောက်သော အခါတွင် “ ကယ် တော်မူကြပါခင်ဗျာ .. ကျွန်တော် တော့ သေရပါတော့ မယ် ” ဟူ၍ စူးစူးဝါးဝါး အော်လိုက်သော အသံသေး အသံကြောင်ကလေး တစ်ခု ကို ကြားလိုက်ရ၏ ။ ထို့ကြောင့် ပင် သာဂိ သည် အသံ လာရာ ဘက် ဆီသို့ ဦးတည်၍ သုတ်ခြေတင် လိုက်လေတော့သည် ။

တော ၏ တစ်နေရာ သို့ ရောက်သော အခါ ၊ သူ မြင်ရ သည် ကား အောက်ပါ အတိုင်းပင်ဖြစ်၏ ။

ခြင်္သေ့ကြီး တစ်ကောင် သည် ယုန်ငယ်ကလေး တစ်ကောင် ကို လက်ခုပ် ဖြင့် အုပ်၍ ဖမ်း ထား၏ ။ ယုန်ငယ်ကလေး သည် သေရ မှာ ကြောက် လွန်း၍ ကယ်ပါ ယူပါ တစာစာ အော်နေသည် ။

အင်အား မဲ့သော သူ ကို အင်အား ကြီးသူ က အနိုင်ယူခြင်း ကို လုံးဝ မကြိုက်တတ်သော သာဂိ သည် ခြင်္သေ့ကြီး ၏ ရှေ့မှောက် သို့  လွှားခနဲ ရောက်ရှိ လာလေတော့၏ ။

“ ဟိတ် .. လွှတ်လိုက်ကွ ”

ခြင်္သေ့ကြီး သည် သာဂိ ကို ပြူးကျယ်သော မျက်စိကြီးများ နှင့် လှည့် ကြည့်လိုက် ပြီးလျှင် ...

“ အောင်မာ မင်း က ဘာကောင်တုန်းကွ ”

“ လူကောင် ပေါ့ ဗျ ”

“ ဟုန်း .. ဒါကြောင့် လူပါးဝတာ ကိုး ” 

“ ဟုတ်တာပေါ့ ဗျ ... ခင်ဗျား က ကော ဘာကောင်တုံး ”

“ အောင်မာ ... ခြင်္သေ့ ကွ ခြင်္သေ့ ဘာမှတ်လဲ ” 

“ ခြင်္သေ့ လို့ ဆိုနေ မှတော့ တခြား ဘာမှ မမှတ်ပါ ဘူးဗျာ .. ခြင်္သေ့ ပဲ မှတ်တာပေါ့ ”

“ မင်း က ငါ့ ကို ရိုးရိုး ခြင်္သေ့မှတ်နေလားကွ ... ဟေ ” 

“ ဪ .. ရိုးရိုးခြင်္သေ့ မမှတ်ရဘူး ဆိုရင်လည်း ခွေး ခြင်္သေ့ ပဲ မှတ်ပါ့မယ် .. ခွေးခြင်္သေ့ကြီး ရယ် ” 

“ ဝုန်း ... ဝုန်း ” 

“ ဟောက်လှချည်လားဗျ .. ”

ခြင်္သေ့ကြီး က ဒေါသ ကြီး သလောက် သာဂိ က လည်း သတ္တိ ရှိသူ ဖြစ်သဖြင့် ခြင်္သေ့ကြီး ဟောက်ခြင်း ကို သာဂိ က မကြောက်ချေ ။

“ မင်း ငါ့ ကို ဘာလုပ် လာ နှောင့်ယှက်ရတာလဲ ” 

“ နှောင့်ယှက်တာ မဟုတ်ဘူး ၊ ကျွန်တော် ပြောတာ နားထောင်စမ်းပါ ၊ ခင်ဗျား ဟာ ခြင်္သေ့ ဆိုရင် ရဲရင့်ရတယ် ” 

“ ရဲရင့်တာ ပေါ့ ကွ ...မင်း စမ်းချင်သလို စမ်း ” 

“ ရဲရင့်တဲ့ လူ ဆိုတာ အင်အား ကြီး ပြီး ကိုယ့် ကို ဘာမှ ပြန် မလုပ်ဝံ့တဲ့ သူ ကို အနိုင် မယူချင်ရဘူးဗျ ၊ သူနိုင် ကိုယ်နိုင် ယှဉ်ပြိုင်ပြီး အနိုင် ရတဲ့ သူ မှ ရဲရင့် ပြီး ချီးကျူး ထိုက်တဲ့သူ ဖြစ်တယ် ”

သာဂိ ၏ စကား ကို ကြားသော အခါ ခြင်္သေ့ကြီး သည် တွေတွေကြီး ဖြစ်သွား ပြီး လျှင် ယုန်ကလေး ကို လွှတ် လိုက် ၏ ။ ယုန်ကလေး မှာ လည်း ဝေးဝေး သို့ မပြေးဘဲ အနား တွင် ပင် ရပ် ၍ သူတို့ ပြောဆို နေကြသည်များ ကို နားထောင် နေလေသည် ။

“ ငါ အစား မစား ရ ရင် သေမှာပေါ့ ၊ ဒီတော့ ဘာလုပ်ရမှာလဲ ”

“ ဘာလုပ်ရမှာလဲ ဗျ .. ယုန်ကလေး ကို လွှတ်လိုက် ၊ ကျွန်တော် က လူ .. ဒီတော့ ကျွန်တော် ဟာ ခင်ဗျား ကို ခံ သ,တ်နိုင်တယ် ၊ ဒီတော့ ကျွန်တော် နဲ့ ယှဉ်ပြိုင်ပေါ့ ၊ ခင်ဗျား က နိုင် ရင် ကျွန်တော့် ကို စား ပေါ့ ၊ ခင်ဗျား ရှုံးရင် ပြေး ပေါ့ ဗျာ ”

“ ဟုန်း .. ကြိုက်ပြီ ။ လာ အခုပဲ သ,တ်ကြမယ် ” 

ခြင်္သေ့ကြီး က ဤသို့ ပြောလိုက်သော အခါ ယုန်ကလေး က ကြား က ဝင်၍ ပြောလိုက်သည် ။

“ ဟာ ... အခုတော့ မပြိုင်ပါနဲ့ဦး ခင်ဗျာ ” 

ယုန်ကလေး ၏ စကား ကို ကြားသော အခါ ခြင်္သေ့ကြီး သည် ရှူးရှူးရှဲရှဲ ဖြစ်သွားလေ၏ ။

“ မင်းတို့ က ဘာ ဝေ့လည်ကြောင်ပတ် လုပ်တာလဲ ကွ ။ ဟုန်း ငါ စိတ်တိုလာပြီ နော် ” 

ဤတွင် သာဂိ က ဝင် ပြောလိုက်သည် ။

“ မီး နဲ့ မြှိုက် မိ လို့ တိုတာ ဖြစ်မှာပေါ့ ”

“ ဘာဆိုင်သလဲကွ .. စိတ် တိုတာ စိတ် တိုတာ လည်ဆံမွေး တိုတာ မဟုတ်ဘူး ။ ဘာ မီး နဲ့ မြှိုက်တာတွေ ဘာတွေ လျှောက် ပြောနေရတာလဲ ”

သူတို့ စကား ရှည် နေခိုက် တွင် ယုန်ကလေး က ဝင်၍ ပြောပြန် လေသည် ။

“ ကျွန်တော့် စကား ကို နားထောင်ကြပါဦး ခင်ဗျား ၊ ဒီက အစ်ကို က ခရီး ပန်း လာလို့ မော နေပါတယ် ။ ဒီတော့ အစား ကောင်းကောင်း စား ၊ ကောင်းကောင်း အိပ်ပြီး နက်ဖြန် ဒီလို အချိန် မှာ ဒီမှာ လာပြီး ပြိုင်ကြတာပေါ့ ” 

ယုန်ကလေး ၏ စကား ကို ခြင်္သေ့ကြီး က သိပ် ကျေနပ်ပုံ မရချေ ။

“ နက်ဖြန် မင်းတို့ မလာတော့ ငါ က ငတ်ရမှာလားကွ ... ”

“ မငတ်ရပါဘူး ။ ခြင်္သေ့မင်း ရယ် ဒီမှာ ခရေပင်ကြီး
ရှိတယ် မဟုတ်လား ။ ခရေပန်း မှာ အနံ့ ပျောက် သွားရင် ခရေပင်စောင့် နတ်မိမယ် က သိပ် စိတ်ဆိုးမယ် ။ ခရေပန်း ကို အနံ့ ပျောက်အောင် လုပ်တဲ့ လူ ကို နတ်မိမယ် က သ,တ် ပစ်မှာပဲ ။ ဒီတော့ ဒီ ခရေပန်း ကို တိုင်တည်ပြီး သစ္စာ ဆို ကြရင် မကောင်းဘူးလား ”

ယုန်ကလေး ၏ စကား ကို ခြင်္သေ့ကြီး ရော သာဂိ ပါ သဘော တူညီကြလေသည် ။ ထို့ကြောင့် သူတို့ သည် ခရေပန်း ကို တိုင်တည်၍ သစ္စာ ဆိုကြလေ၏ ။

“ ကျွန်ုပ်တို့ သည် နက်ဖြန် ဤ အချိန် ၌ ဤ နေရာ သို့ ပြန် လာကြပါမည် ။ ကတိမ တည်ခဲ့သော် ဤ ခရေပင်ကြီး မှ ခရေပန်းများ သည် အနံ့ ပြယ်ကြပါစေသား ”

ဤသို့ ကတိသစ္စာ ထားကြပြီး သော် လမ်းခွဲ သွားကြ လေတော့သည် ။ သာဂိ ကို ယုန်ကလေး က သူ ၏ အိမ် သို့ ခေါ်သွား ပြီးလျှင် ရှာဖွေစုဆောင်း ထားသော မုန်လာဥ များ ၊ ကန်စွန်းရွက်များ စသည့် သစ်ဥသစ်ရွက်များ နှင့် ဧည့်ခံ ကျွေးမွေးပြုစုလေသည် ။

သာဂိ က အစား မက်မောသူ ဖြစ်သဖြင့် ယုန်ကလေး ချက်ပြုတ် ကျွေးမွေး သော သက်သတ်လွတ် အစားအစာ များ ကို အားပါးတရ စားသောက် လေ၏ ။

“ အား .. အည်း .. ဗိုက်ကြီး ကို ကား သွားတာပဲ ” 

သာဂိ က ဗိုက်တောင့်တောင့် နှင့် ပြော လိုက်သည် ။

“ ဗိုက်ကား သွားတာနဲ့ ကိစ္စ မပြီးသေးဘူး အစ်ကို ၊ နက်ဖြန် ကိစ္စက ရှိသေးတယ် ”

“ ဟ .. နက်ဖြန် ကိစ္စ က ဘာ အရေးလဲကွ ၊ သူသေသေ ကိုယ်သေသေ ဆော်ရမှာပေါ့ ”

“ ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲလေ ၊ ကျွန်တော် ယူပြ မယ့် ပစ္စည်းကလေး လည်း ကြည့်ပါဦးလေ ” 

ယုန်ကလေး သည် ပြောပြောဆိုဆို နှင့် ပစ္စည်း တစ်ခု ကို သွား ယူ လာခဲ့လေ၏ ။ သူ ယူခဲ့သော ပစ္စည်းကလေး ကား ၊ ကြေးစည် ထုသည့် အခါ သုံး ရသည့် သစ်သား တင်းပုတ်ကလေး ပင် ဖြစ်လေသည် ။

သာဂိ သည် တစ်ထွာကျော်ကျော် လောက် တင်းပုတ်ကလေး ကို မြင်သောအခါ အားရပါးရ အော် ရယ်လိုက်မိလေ၏ ။

“  ဟား ... ဟား ... ဟား ... ဟား ...”

“ ဘာဖြစ်တာလဲ အစ်ကို ရ ” 

“ ရယ်တာလေ ကွာ ”

“ ရယ်တာမှန်းတော့ သိတာပေါ့ ဘာဖြစ်လို့ .. ရယ်ရတာလဲလို့ ... မေးတာ ”

“ ဟ .. ဒီ တင်းပုတ်ကလေး နဲ့ ခြင်္သေ့ကြီး ကို ထု ရမယ်လား ဟား .. ဟား ခြင်္သေ့ကြီး က သူ့ ကိုယ် က မှက်ကောင်တွေ လာ ရိုက်ပေးနေတယ် လို့ ထင်မှာပေါ့ ” 

“ အောင်မာ ... အစ်ကို က ဒါကို ရိုးရိုး တင်းပုတ် မှတ်လို့လား ”

“ ရိုးရိုးတင်းပုတ် မမှတ်ရင် သစ်သားတင်းပုတ် လို့ မင်း က ဆိုချင်သပေါ့လေ ”

“ မဟုတ်ပါဘူး အစ်ကိုရ ၊ ဒါဟာ တက်တက်တူဒေါင်ဒေါင် ”

“ ဘာကွ ”

“ တက်တက်တူ .. ဒေါင်ဒေါင် ”

“ မင်း ဟာ က တောက်တဲ့ အော်သံ နဲ့ သံချောင်း ခေါက်သံ ရော သွားတယ် ထင်ပါရဲ့ကွာ တောက်တောက် တဲ့ ဒေါင်ဒေါင် ”

“ ဘယ်က တောက်တောက် တဲ့ ဒေါင်ဒေါင် ရမှာလဲ ၊ တက်တက်တူ ဒေါင်ဒေါင် ပါ လေ ။ ခြင်္သေ့ကြီး ရှေ့ ရောက် ရင် လက်ကိုင် က မြှောက် ကိုင်ပြီး ခြင်္သေ့ကြီး ကို ထုစမ်းကွာ ဆိုပြီး လက် က လွှတ် လိုက် ၊ သူ့ အစွမ်း ကို အစ်ကို သိရပါ လိမ့်မယ် ”

သာဂိ လည်း မယုံ တစ်ဝက် ယုံ တစ်ဝက် နှင့် တင်းပုတ်ကလေး ကို ယူထား လိုက်လေ၏ ။

နောက် တစ်နေ့ ၌ ချိန်းဆို ထားကြသော ခရေပင်ကြီး ဆီ သို့ သာဂိ သည် တင်းပုတ်ကလေး ကို ခါးကြား ထိုး၍ ရောက် လာလေ၏ ။ ယုန်ကလေးက  သူ့ နောက်ပါး မှ ကပ်၍ ပါလာသည် ။

ခြင်္သေ့ကြီး က သစ်ပင်ရင်း က စောင့်နှင့် လေပြီ ။ ခြင်္သေ့ကြီး နှင့် မလှမ်းမကမ်း အရောက် တွင် သာဂိ သည် ယုန်ကလေး မှာထားသည့် အတိုင်း တင်းပုတ်ကလေး ကို လက်ကိုင် က ကိုင် ၍ မြှောက် လိုက်ပြီး “ ခြင်္သေ့ကြီး ကို သွားထုစမ်းကွာ ”  ဟု ပြောကာ လက် မှ လွှတ် လိုက်၏ ။

တင်းပုတ်ကလေး သည် “ တက်တက်တူ ဒေါင်ဒေါင် .. တက်တက်တူ .. ဒေါင်ဒေါင် ” နှင့် အော်မြည် ၍ လေ ထဲ တွင် ထောင်ထောင် တောင်တောင် နှင့် သွားလေ ၏ ။ ခြင်္သေ့ကြီးနား သို့ ရောက်သည် နှင့် တစ်ပြိုင်နက် “ တက်တက်တူ .. ဒေါင်ဒေါင် ” ဟု အော် ရာတွင် ဒေါင် ဒေါင် နေရာ၌ ခြင်္သေ့ကြီး ၏ ဦးခေါင်း ကို နှစ်ချီ ဆင့်၍ ဆင့်၍ ထုနှက် လေ၏ ။ ဤသို့ဖြင့် ခြင်္သေ့ကြီး မှာ တဒေါင်ဒေါင် နှင့် ဆက်တိုက် အထု ခံနေရလေရာ .. “ ဟ သေရာပေါ့ ကွ ၊ ထုလှချည်လား ဟ ... သေပါပြီဗျာ ” ဟု အော်ပြီး လက်မြှောက် အရှုံးပေး ကာ ထွက်ပြေး လေတော့သည် ။

ထိုအခါ သာဂိ က “ ပြန်လာတော့ ” ဟု အော်လိုက် သည် တွင် တင်းပုတ်ကလေး သည် လေ ထဲ မှ ပျံသန်း ၍ ပင် သာဂိ ၏ လက် ထဲ သို့ ပြန် ရောက်လာလေ၏ ။

ထို့နောက်တွင် ယုန်ကလေး က ကြင်နာစိတ် ထား၍ သူ ၏ အသက် ကို ကယ်ဆယ်သည် ကို ကျေးဇူးဆပ် သော အနေဖြင့် တက်တက်တူဒေါင်ဒေါင် ကို သာဂိ အား ပေး လိုက်လေ၏ ။

သာဂိ သည် ယုန်ကလေး နှင့် လမ်းခွဲ ပြီး ခရီး ဆက်လက် ထွက်လာခဲ့လေတော့သည် ။ လျှောက်ခဲ့ ရင်း လျှောက်ခဲ့ ရင်း နှင့် သာဂိ သည် ရသေ့စဉ်းလဲ တစ်ပါး ၏ ကျောင်း သို့ ရောက်လာခဲ့၏ ။

ထို ရသေ့ သည် စိတ်ထား မကောင်း ၊ စကား လည်း ဘယ်တော့မှ မတည် ၊ သူတစ်ပါး ကို လှည့်ဖျား ပြောဆို တတ်၏ ။ ဤသို့ ကောက်ကျစ် စဉ်းလဲ သော ကြောင့် လူ အပေါင်း က သူ့ ကို “ ရသေ့စဉ်းလဲ ” ဟု ခေါ်ဝေါ် ကြသည် ။

သာဂိ သည် သီချင်းကလေး တအေးအေး နှင့် ရသေ့စဉ်းလဲ ထံ သို့ ရောက်ခဲ့လေ၏ ။

“ အရှင်ရသေ့ ... တပည့်တော် ဟာ ခရီးသည် ဖြစ်ပါ တယ် ၊ ညနေစာ မစားရသေး သဖြင့် ဆာလောင် မွတ် သိပ်လှပါတယ် ။ စားစရာ ရှိရင် ပေးသနားပါ ” 

ရသေ့စဉ်းလဲ သည် သာဂိ ကို စူးစိုက် ကြည့်ပြီး သော် မနီးမဝေး က သရက်ပင်ကြီး ကို လက်ညှိုး ညွှန်ပြပြီး “ အဲဒီ သရက်ပင် က သရက်သီးတွေ ဟာ သိပ် ချိုတယ် ၊ အဲဒီ သရက်သီးတွေ ကို တံချူမ ပါဘဲ ဆွတ်စား နိုင်ရင် စား တော့ ” ဟု ပြော လိုက်သည် ။

သာဂိ က ကြည့်လိုက်သော အခါ သရက်ပင်ကြီး မှာ မြင့်မားလှ၍ အပင်ရင်း တွင် ဆူးများ ဖြင့် ဝန်းရံ ထားသည် ကို တွေ့ရသည် ။ သစ်ပင် ပေါ် သို့ တက်၍ ကား မည်သို့မျှ ရမည် မဟုတ်ချေ ။

သို့သော် သာဂိ သည် မပူပင်ပါ ။ ခါးကြား ထဲ ထိုး လာ သည့် တင်းပုတ်ကလေး ကို ထုတ်လိုက်၏ ။ “ ကဲ .. တက်တက်တူ ဒေါင်ဒေါင်ရေ သရက်သီး တွေ ရိုက်ချစမ်းကွာ ”

လက် ထဲ မှ လွှတ်လိုက်သည် နှင့်တစ်ပြိုင်နက် တင်းပုတ်ကလေး သည် “ တက်တက်တူ ဒေါင်ဒေါင် ... တက်တက်တူ ဒေါင်ဒေါင် ” နှင့် အော်မြည်၍ ပျံသန်း သွား ပြီးလျှင် နီးစပ်ရာ သရက်သီးများ ကို တဒေါင်ဒေါင် နှင့် ထုရိုက်ချ လေတော့၏ ။ သရက်သီး များစွာတို့ လည်း မြေကြီး ပေါ် သို့ တဖုန်းဖုန်း နှင့် ကျလာ ကုန် ကြသည် ။ ဤ အဖြစ်အပျက် ကို မြင်ရသောအခါ ရသေ့စဉ်းလဲ သည် မျက်လုံးမျက်ဆံ ပြူးသွားလေ၏ ။

“ ဟယ် .. ဟုတ်လှချည်လားကွ ”

သာဂိ သည် ပြန် ရောက်လာသော တင်းပုတ်ကလေး ကို ဖမ်းယူ ၍ ခါးကြား ထိုး လိုက်ကာ ကြွားဝါသော အကြည့် ဖြင့် ရသေ့စဉ်းလဲ ကို ကြည့် လိုက်လေ၏ ။

“ မင့် တင်းပုတ် ကို ငါ့ လွယ်အိတ် နဲ့ လဲပါလားကွ ” 

ပြောပြောဆိုဆို နှင့် ရသေ့စဉ်းလဲ သည် လွယ်အိတ် တစ်လုံး ကို ထုတ်လာ ခဲ့လေသည် ။

“ ဟာ အရှင်ရသေ့ ရဲ့ လွယ်အိတ်စုတ်ကြီး က ဘာလုပ်ဖို့တုံး ”

“ ဘာကွ ... ဒါ လွယ်အိတ်စုတ် မဟုတ်ဘူး ၊ ဣစ္ဆာသယ လွယ်အိတ်ကွ ”

“ ဪ .. အိပ်ဆာတာရ လွယ်အိတ် ဆိုတော့ အိပ်ခါ နီး ဆာတာတွေ အကုန် ရတယ်ပေါ့ ”

“ ဘယ်က ဟုတ်ရမှာလဲ ကွ ၊ ဣစ္ဆာသယ ဆိုတာ အလို ရှိတိုင်း ရတယ်လို့ ပြောတာ ၊ ကဲ .. ကြည့်ကွ ”

ရသေ့စဉ်းလဲ သည် လွယ်အိတ် ကို လက် နှစ်ဖက် နှင့် မြှောက်ကိုင် ပြီး လျှင် “ ဟေ့ .. လွယ်အိတ် ၊ ဟောဟို က သရက်သီးတွေ သွား ယူခဲ့စမ်း ” ဟု ပြော၍ လက် မှ လွှတ် လိုက်၏ ။

လွယ်အိတ်ကလေး သည် လျင်မြန်စွာ ထွက်သွား၍ မြေကြီး ပေါ် တွင် စုပုံ နေသော သရက်သီးများ ကို လိုက်လံ ထည့်သွင်း ပြီးလျှင် ရသေ့ ထံ သို့ ပြန် ရောက်လာလေ၏ ။ ရသေ့ သည် သရက်သီးများ ကို ကြမ်း ပြင် ပေါ် သို့ သွန်ချ လိုက်ပြီး ပြော ပြန်သည် ။

“ ဒါတွင် မကသေးဘူး ... မင်းပြောတဲ့ အိပ်ခါနီး ဆာမှ မဟုတ်ဘူး ၊ ဘယ်တော့ ဆာဆာရသေးတယ် ၊ ရော့ ... စမ်းကြည့်ပါလား ”

လွယ်အိတ် ကို သာဂိ အား ပေးသဖြင့် သာဂိ သည် လက် နှစ်ဖက် နှင့် လွယ်အိတ် ကို ကိုင်ကာ “ ကြက် ကောင်လုံးကြော် နဲ့ ထမင်း လိုချင်တယ် ” ဟု ပြောလိုက်၏ ။ တစ်ခဏချင်း တွင် ပင် လွယ်အိတ်ကြီး ဖောင်း လာ သဖြင့် နှိုက်ယူ လိုက်သောအခါ ကြက်ကောင်လုံးကြော် နှင့် ထမင်းထုပ် ကို ရရှိလေသည် ။

“ ဘယ့်နှယ်လဲ ၊ မင့် တင်းပုတ် နဲ့ ငါ့ လွယ်အိတ် နဲ့ လဲ မလား ”

သာဂိ မှာ အစား မက်သူ ဖြစ် သဖြင့် ရှောရှောရှူရှူ လဲ လိုက်လေသည် ။ ထို့နောက် ထမင်း စားသောက် သော အခါ သာဂိ သည် အိပ်ရန် ပြင်၏ ။ ရသေ့ ကား အခန်း တွင်း တွင်အိပ်သည် ။ သာဂိ က မူ အပြင်ဘက် တွင် အိပ် ၏ ။ မအိပ်ခင် သာဂိ သည် ဣစ္ဆာသယလွယ်အိတ် ကို အထုပ်ကလေး ထဲ သို့ ထည့်၍ အထုပ် ထဲ က ပါ လာသော လွယ်အိတ် တစ်လုံး ကို အပြင်တွင် ထုတ် ထားကာ အထုပ် ကို ခေါင်းအုံး ၍ အိပ် လိုက်လေသည် ။

နံနက်လင်းအားကြီး အချိန် သို့ ရောက်သော အခါ ချိုးချိုးချွတ်ချွတ်သံ ကြားသော ကြောင့် သာဂိ သည် အိပ်ရာ မှ နိုး လာလေ၏ ။ မျက်စိ ကို မှေး၍ ကြည့်လိုက်သော အခါ ရသေ့စဉ်းလဲ သည် ကုပ်ကုပ်ကုပ်ကုပ် နှင့် သူ့ နား သို့ ချွတ် နင်း ပြီး ချဉ်းကပ် လာသည်ကို တွေ့ ရလေ၏ ။

ခဏ ကြာသော အခါ တွင် ရသေ့စဉ်းလဲ သည် လွယ်အိတ် ကို အသာကလေးဆွဲယူ ၍ ပြန် သွားလေသည် ။

သာဂိ သည် ဤ ရသေ့ အကျင့် မကောင်းကြောင်း သိ သည်နှင့် သူ့ အထုပ်ကလေး ကို တုတ်ကလေး လျှိုထမ်း ၍ ထွက်လာခဲ့ လေတော့၏ ။

မိုး မလင်း တလင်း အချိန်တွင် ရသေ့စဉ်းလဲ သည် လွယ်အိတ် ကို လက် နှစ်ဖက် နှင့် ကိုင်၍ “ ဆန်ပြုတ် တစ်ချိုင့် ယူခဲ့စမ်း ” ဟု အမိန့် ပေးသည် ။ သို့သော် လွယ်အိတ် မှာ ဣစ္ဆာသယလွယ်အိတ် မဟုတ်သဖြင့် ဆန်ပြုတ် တော့ ရောက် မလာ ကြမ်းပိုး နှစ်ကော င်သာ ထွက်လာခဲ့လေသည် ။

ရသေ့စဉ်းလဲ သည် ဒေါကြီးမောကြီး ဖြစ်ကာ လွယ်အိတ် ကို ကြမ်းပေါ် သို့ ဆောင့် ချလိုက်ရာ အရှိန်လွန် သွား သဖြင့် လက်ခေါက် နှင့် ကြမ်းပြင် ကို ခေါက်မိရာ “ အလယ်လယ် နာလိုက်တာ ”  ဟု အော်ပြီး လက်ဖျား ခါ သွားလေ၏ ။

ထို့နောက် ရသေ့စဉ်းလဲ သည် တင်းပုတ်ကလေး ကို ကိုင်ပြီး “ သာဂိ ကို သွား ထုသ,တ် ... သာဂိ ကို သွားထုသ,တ် ”  ဟု ပြော၍ စေခိုင်း လိုက်လေသည် ။ သာဂိ ကား ရသေ့စဉ်းလဲ ထံ မှ ဝေးနိုင် သမျှ ဝေး အောင် ခပ်သုတ်သုတ် ခရီးပြင်း နှင်လာလေ၏ ။ သို့သော် မကြာမြင့် မီ ပင် နောက်ဘက် နား ဆီမှ “ တက်တက်တူ ဒေါင်ဒေါင် တက်တက်ကူ ဒေါင်ဒေါင် ”  ဟူသော အသံ ကို ကြားရ၏ ။

အသံ သည် တဖြည်းဖြည်း နီး၍ နီး၍ လာ လေသည် ။

သာဂိ လည်း ခြေကုန် သုတ်၏ ။

သို့သော် လေ ထဲ မှ ပျံသန်း လိုက်လာသော တင်းပုတ် ကား နီး၍ လာသည် နှင့် အမျှ “ တက်တက်တူ ဒေါင် ဒေါင် ” အသံ မှာ လည်း ကပ်၍ ကပ်၍ လာ လေတော့၏ ။

သာဂိ သည် မောပန်းလာလေပြီ ၊ ခြေလှမ်းတွေ လည်း နှေးလာ၏ ။

“ တက်တက်တူ ဒေါင်ဒေါင် တက်တက်တူ ဒေါင်ဒေါင် ”

အသံ မှာ နီးလွန်း မက နီး လာ၍ လှည့် ကြည့်လိုက်ရာ တော်တော်လှမ်းလှမ်း တွင် သူ့နောက်သို့ ထုနှက်ရန် လိုက် လာသော တင်းပုတ်ကလေး ကို နံနက် ထွက်ကာစ နေရောင်တွင် သေးသေးကလေး မြင် ရ၏ ။

သာဂိ ကား ချွေး ပြန်လာသည် ။ ခြေ ကို ပင် ဆက်၍ မသယ်နိုင်တော့ချေ ။

ထိုအခိုက် တွင် အကြံ တစ်ခု ကို ရုတ်တရက် ရလာ ၏ ။ ချက်ချင်းပင် ပခုံး ပေါ် က ထမ်း လာသော အထုပ်ကလေး ကို မြေပေါ် သို့ ချလိုက်သည် ။ ကမန်းကတန်း ပင် အထုပ်ကလေး ဖြေ လိုက်၍ အထုပ် ထဲ မှ လွယ်အိတ်ကလေး ကို ထုတ်ယူကာ လက်နှစ်ဖက် နှင့် မြှောက် ကိုင် လိုက်သည် ။

“ အို ဣစ္ဆာသယ လွယ်အိတ် ၊ ဟောဟိုက လာ နေ တဲ့ တင်းပုတ်ကလေး ကို ယူလာခဲ့ ”

လက် က လွှတ်လိုက်သည် နှင့် တစ်ပြိုင်နက် လွယ်အိတ်ကလေး သည် ပြင်းထန်သော အရှိန်ဖြင့် ပျံတက် သွား လေသည် ။ တက်တက်တူ ဒေါင်ဒေါင် နှင့် တညီ တည်း သော အမြင့် မှ ရင်ဆိုင် ပျံသန်း သွားလေ၏ ။

“ တက်တက်ဟူ .. ဒေါင်ဒေါင် တက်တက်တူ ဒေါင်ဒေါင် ”

တင်းပုတ်ကလေး သည် အော်မြည်၍ လာ လေ၏ ။ လွယ်အိတ်ကလေး သည် လမ်းခုလတ် တွင် ရပ် လိုက် သည် ။ တင်းပုတ်ကလေး ချဉ်းကပ် လာသည်နှင့် တစ်ပြိုင် နက် လွယ်အိတ် က အသာကလေး ဟ ပေးလိုက်ရာ တင်းပုတ်ကလေး သည် လွယ်အိတ် ထဲ သို့ တန်းတန်းမတ်မတ် ဝင်ရောက် သွားလေတော့သည် ။

တင်းပုတ်ကလေး လွယ်အိတ် ထဲ သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လွယ်အိတ်ကလေးသည် ပြန် ပိတ်သွားပြီး ကွေ့ ပြန် ခဲ့လေ၏ ။ တက်တက်တူ ဒေါင်ဒေါင်သံ သည် လည်း ဆိတ်ငြိမ် သွားလေတော့သည် ။

သာဂိ သည် ပြန်ရောက် လာ သော လွယ်အိတ်ကလေး ကို ဆီး၍ ယူ လိုက်ပြီး လွယ် လိုက်သည် ။ လက် တစ်ဖက် က အသာ လျှို၍ တင်းပုတ်ကလေး ကို ထုတ် လိုက် ပြီးလျှင် ခါးကြား တွင် ထိုးလိုက်၏ ။ ထို့နောက် အထုပ်ကလေး ကို တုတ် နှင့် လျှို၍ ထမ်း ကာ သီချင်း တကျော်ကျော် နှင့် ခရီး ဆက်လက် ထွက်လာ ခဲ့လေသည် ။

မကြာမြင့်မီ ပင် မြို့ကြီး တစ်မြို့ သို့ ရောက် လာလေ ၏ ။ သာဂိ မှာ ထို မြို့တွင် အသိ မရှိ သဖြင့် လူ စည်ကား သော ဈေးနား ရှိ ဇရပ် တစ်ဆောင် တွင် ဝင်၍ ထိုင်လိုက် လေသည် ။

ဇရပ် နှင့် မနီးမဝေး တွင် ထို မြို့ မှ သူဌေးကြီး ဦးပေါက်ကျော် သည် မြင်း စီး ၍ အရောင်းအဝယ်များ ကို ရှုစား နေ လေသည် ။ တစ်ချက် တစ်ချက် တွင် သူ သည် ဇရပ် ပေါ် မှ လူစိမ်း ဖြစ်သူ သာဂိ ကို လှည့် လှည့် ကြည့်၍ အကဲခတ် နေလေ၏ ။

သာဂိ ကား ဆာလောင်လာပြီ ဖြစ်သည် နှင့် အညီ လွယ်အိတ်ကလေး ကို မြှောက် ကိုင်၍ “ ယူခဲ့စမ်း ဆီထမင်း ၊ ယူခဲ့စမ်း ငါးခူကြော် ” စသည် ဖြင့် အမိန့် ပေးကာ စားစရာများ ကို ထုတ် ၍ အားရပါးရ လွေး လေတော့ သည် ။

“ လာခဲ့စမ်း ဘူးသီးကြော် ၊ လာခဲ့စမ်း ရေမုန့် ”

အစား ကြီးသူ ပီပီ စားစရာတွေ ကို တစ်ခု ပြီး တစ်ခု လွယ်အိတ် ထဲ မှ ထုတ်၍ စား လေ၏ ။

စားစရာ တစ်ခု ထွက် လာတိုင်း ဦးပေါက်ကျော် ၏ မျက်ခုံးများ ကြွတက်၍ မျက်လုံးများ ပြုးပြူး သွားရတော့ သည် ။ ကြာတော့ ဦးပေါက်ကျော် ၏ မျက်နှာကြီး မှာ အကြောတင်ကာ “ အာပါးပါး ကျွတ်ကျွတ်ကျွတ် ” နှင့် အော်မြည်ရင်း လက် နှင့် မျက်နှာ ကို ဟိုဟိုသည်သည် လျှောက် နှိပ်ရလေတော့သည် ။

သာဂိ ကား အစားကောင်းကောင်း နှင့် တစ်ခု ပြီး တစ်ခု စားနေလေ၏ ။ စားသောက် ပြီးစီးသော အခါ ရေအိုးစ င်မှ ရေ နှင့် ပလုတ် ကျင်း ၊ ရေ သောက် ပြီး သူ့ နေရာ တွင် လာ ပြန် ထိုင် လေသည် ။

သူဌေးကြီး ဦးပေါက်ကျော် က မြင်း နှင့် အိမ် ပြန်ပြေး ပြီး လျှင် သူ မြင်ခဲ့ရ သမျှ ကို ဇနီးနှ င့် သမီး ကို ပြန် ပြောပြ၏ ။ ထို့နောက် သူ ၏ အကြံ ကို ပါ တစ်ခါတည်း ပြောပြသည် ။

သူ ၏ အကြံမှာ ညနေဘက် တွင် သာဂိ ကို ကျွေးမွေး ဧည့်ခံမည် ။ ထို ဧည့်ခံပွဲ တွင် သမီး ဖြစ်သူ မသူဇာ ကို အက ခိုင်းပြီး သာဂိ ချစ်ခင်လာ အောင် ဖြားယောင်းမည် ။ သာဂိ က မသူဇာ ကို မြတ်နိုး၍ လက်ထပ်ရန် တောင်းဆို လာ လျှင် လွယ်အိတ် နှင့် လဲမည် ။ ထို့နောက် ညနေဘက် တွင် သာဂိ နောက် သို့ မသူဇာ က လိုက်သွားရမည် ဖြစ်၍ သာဂိ ကို အိပ်ပျော်စေသော ဆေးမှုန့် ကို ကျွေးရမည် ။ သာဂိ အိပ်ပျော် နေစဉ် ဦးပေါက်ကျော် က သူ့ လူများကို စေလွှတ်၍ သာဂိ ကို သ,တ်ပြီးလျှင် မသူဇာ ကို ပြန်ခေါ် လာမည် ဖြစ်၏ ။

ဦးပေါက်ကျော် ၏ အကြံ ကို သူဌေးကတော်ကြီး နှင့် မသူဇာ တို့ က သာမက ဦးပေါက်ကျော် အစ်ကို ဦးအောက်မျှော် က ပါ သဘောတူ ကျေနပ်ကြလေသည် ။

ထို့ကြောင့်ပင် သူဌေးကြီး ၏ အစေခံ နှစ်ယောက် သည် သာဂိ ရှိရာ အရပ် သို့ လာ၍ သာဂိ ကို ဧည့်ခံပွဲ တက် ရောက်ရန် ဖိတ်ကြား လေ၏ ။

သာဂိ လည်း ဖိတ်ကြားချက် ကို လက်ခံ လိုက်ပြီး လျှင် ညနေဘက် သို့ ရောက်သောအခါ ဣစ္ဆာသယလွယ်အိတ် ထဲ မှ အဝတ်ကောင်းအစားလှများ ကို ထုတ်ယူ ဝတ်ဆင် ပြီးလျှင် ဧည့်ခံပွဲ သို့ ထယ်ဝါစွာ တက်ရောက် လာ လေသည် ။

ဦးပေါက်ကျော် ၊ ဦးအောက်မျှော် တို့ ညီအစ်ကို နှစ်ယောက် သာမက သူဌေးကတော်ကြီးက ပါ သာဂိ ၏ အနား က မခွာဘဲ ဟင်းခပ် ပေး ၊ ယပ်ခတ် ပေး နှင့် လှိုက်လှိုက်လှဲလှဲ ဧည့်ခံ နေကြလေသည် ။ မကြာမီ မသူဇာ သည် လှပစွာ ဝတ်စား ၍ သာဂိ ကို ကပြ ဖြေဖျော် လေသည် ။ မသူဇာ သည် အက လည်း ကောင်းသည် ။ သီချင်း ဆိုရာတွင် လည်း အသံ မှာ များစွာ နာပျော်ဖွယ် ကောင်း၍ နားဝင်ချိုသည် ။ သာဂိ သည် လက် ထဲ မှ လက်ဖက်ရည်ကြမ်း ကို ပင် မသောက် နိုင်ဘဲ ပန်းကန်လုံး ကို ကိုင်ရင်း တန်းလန်း က မသူဇာ ကို ငေးစိုက် ကြည့်နေ မိတော့သည် ။

သာဂိ ကို မျက်ခြည် မပြတ် အကဲခတ် သော ဦးပေါက်ကျော် မှာ သာဂိ သည် သူ ဆင် ထားသော ထောင်ချောက် အတွင်းသို့ ဝင်လာပြီ ကို သိသော အခါ အားရဝမ်းသာစွာ နှင့် အနားတွင် ရှိသော သူဌေးကတော်ကြီး ကို လှည့် မကြည့်ဘဲ လက် နှင့် ကုတ်၍ ပြသ လိုက်၏ ။

သို့သော် သူ လက် နှင့် ကုတ် လိုက်ရာတွင် သူဌေးကတော်ကြီး ၏ ခါး ကို ကုတ်မိ သဖြင့် သူဌေးကတော်ကြီး မှာ ဆတ်ခနဲ တွန့်သွားကာ “ အို အမေ့ ဘူးသီး နဲ့ ကြက်သားကြော်ချက် ” ဟု ယောင်၍ အရမ်း အော်လိုက်၏ ။

သူဌေးကတော်ကြီး က အလန့်တကြား အော်လိုက် သဖြင့် သာဂိ မှာ ရုတ်တရက် ဣန္ဒြေ ဆယ်ကာ လက် ထဲ မှ လက်ဖက်ရည်ကြမ်း ကို ကပျာကယာ ကျိုက်ချ လိုက်ရာ ပူလောင် သွားသဖြင့် “ အပရူ ... အပရူ .. ဖွီး ” ဟူသော အသံများ ဖြင့် ယောင်ပြီး မှုတ် ထုတ် လိုက်၏ ။

လက်ဖက်ရည်ကြမ်း ပူပူများ သည် အနား တွင် ကပ် ၍ ထိုင်နေသော ဦးအောက်မျှော် ၏မျက်နှာ ကို စင် ကုန် သဖြင့် ဦးအောက်မျှော် မှာ လည်း “ အပရယ် .. အပရယ် .. ဖုံး ဖုံး ”  နှင့် အော်ချင်ရာတွေ အော်ပြီး ခြေ ကားယား လက် ကားယား နှင့် ထ ခုန်လေသည် ။ မသူဇာ က သော ဘေး နား တွင် ထ ခုန်သည့် ဦးအောက်မျှော် မှာ လူပြက်ကြီး နှင့် တူနေသဖြင့် ဧည့်ခံပွဲ သို့ လာ ကြသော သူများ သည် ဝိုင်း ရယ်မိကြ လေတော့၏ ။

ဘာပဲ ပြောပြော ဦးပေါက်ကျော် ၏ အကြံကား အောင်မြင်သည် ။

သာဂိ သည် မသူဇာ ကို ချစ်ခင် သွား၏ ။ ထို့ကြောင့် မိဘများ ထံ တောင်းခံ လေရာ သူဌေးကတော်ကြီး မှာ ပထမ သော် ဟန် လုပ်၍ ငြင်း သေး၏ ။ သို့သော် နောက် ဘက် တွင် သဘောတူ လိုက်ပြီး မသူဇာ ကို သာဂိ နှင့် ထည့် လိုက်လေသည် ။

သာဂိ သည် မသူဇာ နှင့် အတူ ဇရပ် သို့ ပျော်ရွှင်စွာ ပြန်ခဲ့၏ ။ သို့သော် ဣစ္ဆာသယလွယ်အိတ် ကို ကား ဦးပေါက်ကျော် ထံ တွင် ထားခဲ့ရ လေပြီ ။

ဇရပ် သို့ ရောက်သော အခါ မသူဇာ က “ နွားနို့ ပါ လာတယ် ၊ သောက်မလား ” ဟု မေး၏  ၊ အစား ကြီးသော သာဂိ သည် ဝမ်းသာအားရ နှင့် “ သောက်မှာပေါ့ မသူဇာလေး ရယ် ” ဟု ပြန် ပြော၏ ။

မသူဇာ သည် ဆေးခတ် ထားသော နွားနို့ ကို သာဂိ အား ပေး၏ ။ သာဂိ သည် မသူဇာ ကို ချစ်မြတ်နိုးစွာ နှင့် ကြည့်ရင်း က နွားနို့ပန်းကန် ကို လှမ်း ယူ၏ ။ သာဂိ က မေတ္တာစစ် နှင့် ကြည့်ခြင်း ကို ခံရသော မသူဇာ သည် တစ်ကိုယ်လုံး စိမ့် သွား သလို ခံစား မိသည် ။ ပါးစပ် က ဘာမျှ မပြောနိုင်ဘဲ သာဂိ ကို ငေးစိုက်ကြည့် နေ၏ ။ သာဂိ သည် ပြုံးပြုံးရွှင်ရွှင် နှင့် ပင် နွားနို့ပန်းကန် ကို ပါးစပ် တွင် တေ့ လိုက်သည် ။

မသူဇာ ၏ ရင်မှာ ခုန် လာ၏ ။ တကယ် ဆိုရလျှင် သာဂိ ကို မသူဇာ က လည်း မေတ္တာ ရှိ နေပေပြီ ။ သူ ချစ်ခင် ရ သော သာဂိ တစ်ယောက် သူ့ လက်ချက်နှင့် အိပ်ပျော်ပြီး မကြာခင် သေရွာ မြန်းရတော့မည် ကို သူ မကြည့်ရက် တော့ပါ ။

ချက်ချင်းပင် သာဂိ ၏ လက် ထဲ မှ ပန်းကန် ကို ပုတ် ချ လိုက်၏ ။ ပန်းကန် သည် ကြမ်း ပေါ်သို့ ကျ ကွဲ၍ နွားနို့ များ လည်း ဖိတ်စင် သွားလေတော့သည် ။

သာဂိ ကား နားမလည် သည့် အမူအရာ ဖြင့် မသူဇာ ကို ကြည့်လိုက်သည် ။

“ ဘာဖြစ်လို့များ မသဒ္ဓါ ရတာလဲ မသူဇာ ရယ် ”

မသူဇာ သည် ချုံးပွဲ ချ ၍ ငိုကြွေး ပြီးလျှင် ဖခင် ဦးပေါက်ကျော် ၏ အကြံအစည် ကို ပြောပြ လေတော့သည် ။

“ ဒီလိုဆိုရင် ဘာ မှမပူပါနဲ့ မသူဇာ ... အဖေ့ ကို အသိတရား ရအောင်ကို သာဂိ ဆုံးမတတ်ပါတယ် ” 

သာဂိ သည် ပြောပြောဆိုဆို နှင့် တက်တက်တူ ဒေါင်ဒေါင်ကလေး ကို ထုတ် လိုက်လေသည် ။ ထိုအချိန် တွင် ဦးပေါက်ကျော် တို့ မှာ ဣစ္ဆာသယ လွယ်အိတ် ထဲ မှ စားစရာများတစ်ခု ပြီး တစ်ခု မှာကြား ထုတ်ယူ ၍ တရုန်းရုန်း နှင့် ပျော်ရွှင်စွာ စားသောက်ကြ လေသည် ။

ထိုခဏ၌ “ တက်တက်တူ ... ဒေါင်ဒေါင် တက်တက်တူ ... ဒေါင်ဒေါင် ” နှင့် အော်မြည်သံ ကို ကြားရ လေသည် ။ သူဌေးကတော်ကြီး သည် ခေါင်း ထောင် ကြည့် လိုက်ပြီး “ ဟော .. ဘာသံပါလိမ့် ”  ဟု မေး၏ ။

ဦးပေါက်ကျော် က “ ဘုန်းကြီးကျောင်း က တုံး ခေါက်သံ ဖြစ်ပါလိမ့်မယ် ”  ဟု အစားများ ပလုတ် ပလောင်း နှင့် ပြန် ဖြေသည် ။

“ တက်တက်တူ ဒေါင်ဒေါင် ”  အသံ ကား နီးကပ် လာပြီး လျှင် ခဏချင်း ပင် တင်းပုတ်ကလေး သည် အိမ် ထဲ သို့ ဝင်ရောက် လာလေ၏ ။ သာဂိ က “ အဲဒီ အိမ် မှာ မြင်သမျှလူတွေ ကို ဆုံးမ လိုက် ” ဟု မှာကြား လိုက် သဖြင့် တင်းပုတ်ကလေး သည် မြင်ရာ တွေ့ရာ လူများ ကို တဒေါင်ဒေါင် နှင့် လိုက် နှက် လေ တော့သည် ။

“ အောင်မယ်လေးဗျ ... ဆော်သဟ .. နှက်သဟ ” ဟူသော အသံများ ဆူညံ၍ သူဌေးကြီး ၏ အစေခံများ သည် ထိပ် ကို လက်ကလေး နှင့် အုပ်၍ ပြေးကြ လွှားကြ ရလေ၏ ။

ဦးပေါက်ကျော် က မတ်တတ် ရပ်လိုက်ပြီး “ ဟ .. ဘာတုံးကွ ” ဟု မေးဆဲ မေးခိုက် တွင် တင်းပုတ်ကလေး သည် ပြေး လာ၍ “ တက်တက်တူ ဒေါင်ဒေါင် နှင့် နှစ်ချက် ဆင့် ထုလိုက်ရာ “ ဟာ ငါ့ ကိုလည်း နှက်သဟ ”  ဟု အော်ကာ ဦးပေါက်ကျော် သည် ဇက် ပု ၍ ထိုင် သွား လေ၏ ။ နာ သွားသော ငယ်ထိပ် ကို လည်း လက်ကလေး နှစ်ဖက် နှင့် အုပ်ထားရသည် ။ သူဌေးကတော်ကြီး မှာ ဒေါပွ စွာ “ အောင်မယ် .. တင်းပုတ်လေး ပုစိညှောင့်တောက် က လူပါးဝလို့  ”  ဟု ရန် တွေ့ခိုက် တွင် ပင် “ တက်တက်တူ ဒေါင်ဒေါင် ” ဟူ သော အသံနှင့် နှစ်ချက် ဆင့် ၍ ဒေါင် လိုက်လေရာ သူဌေးကတော်ကြီး မှာ “ ဟဲ့ ... ဗုဒ္ဓေါ .. နှက်တယ်တော့ ” ဟု အော် ပြေး ရတော့သည် ။ ဆံထုံးကြီး မှာ တင်းပုတ်ကလေး
ဒဏ်ကြောင့် ပြေ ကျ၍ မျက်နှာ ပေါ် အုပ်သွားလေရာ သူဌေးကတော်ကြီး မှာ ဟို လူ့ ဝင် တိုး ၊ ဒီ လူ့ ဝင် တိုး နှင့် နောက်ဆုံးတွင် တိုင်ကြီး ကို ပစ် တိုက်ပြီး မေ့လဲ နေတော့
၏ ။

တင်းပုတ်ကလေး သည် ဦးအောက်မျှော် ၏ ဘက်သို့ လှည့် လာ လေတော့၏ ။ ဦးအောက်မျှော် မှာ ပုဆိုးကြီး ဖိုသီဖတ်သီ နှင့် အတင်း မတ်တတ် ရပ်၏ ။

“ ဟဲ့ ဟဲ့ တင်းပုတ်  ရဲ့ နင် က လူ နဲ့ ကြေးစည် နဲ့ မှားနေပြီ ထင်တယ် ၊ နင် ထုရမှာက ကြေးစည် ဟဲ့ ၊ ဟို ဘုရားခန်း ထဲ မှာ ကြေးစည် ရှိတယ် ၊ သွားထု သွားထု ” 

ဦးအောက်မျှော် က တကြော်ကြော် အော်နေသည့် ကြား က ပင် “ တက်တက်တူ ဒေါင်ဒေါင် ” နှင့် နှစ်ချီ ဆင့်၍ ထိပ် ကို ထုလေတော့ ရာ ဦးအောက်မျှော် မှာ “ ဟယ် .. ငါ့ ကို လည်း နှက်သဟ .. အလယ်လယ် နာလိုက်တာ ဗျာရို့ ” ဟု အော်၍ ပုကျ သွားရလေ၏ ။

နောက်ဆုံးတွင် ဦးပေါက်ကျော် သည် သာဂိ ၏ လက်ချက် ပင် ဖြစ်ရမည် ဟု တွေးမိ သဖြင့် အောက်ပါ အတိုင်း အော် လေသည် ။

“ သာဂိ ရေ ... သားလေး ရဲ့  ၊ အဖေ တို့ မှားပါပြီ ကွာ ၊ မင်း ဥစ္စာလေး ကို ပြန် သိမ်းပါတော့ ။ သမီး နဲ့ လည်း သဘော တူ ပါတယ် ။ လွယ်အိတ် လည်း ပြန် ယူပါ ၊ တို့ အိမ် မှာ ပဲ လာ နေပါတော့ ၊ ငါတို့ နောင်တ ရပါပြီ ”

ဤသို့ အော် ပြောလိုက်သံ ကို အိမ်ပေါက်ဝ တွင် ရောက် နေသော သာဂိ နှင့် မသူဇာ တို့ ကြား ကြရ၏ ။ သာဂိ သည် ပြုံးရွှင်စွာ နှင့် မသူဇာ နှင့် အတူ ဝင်ရောက် လာပြီး လျှင် တက်တက်တူ ဒေါင်ဒေါင်လေး ကို ပြန် ခေါ်ယူ လိုက်လေသည် ။

ထိုနေ့ မှ စ၍ လွယ်အိတ် နှင့် တင်းပုတ်ကလေး ပိုင်ရှင် သာဂိ သည် မျက်နှာ ကြီးစွာ နှင့် သူဌေးကြီးဦးပေါက်ကျော် ၏ အိမ် တွင် နေလေသည် ။ သူဌေးကြီး နှင့် သူဌေးကတော်ကြီးများ ကို သာမက ဦးအောက်မျှော် ကို ပင် စား လို ရာ ကို လွယ်အိတ်  ထဲမှ ထုတ်ကျွေး သဖြင့် အိမ်သား  အားလုံး က ကျေနပ်ကြ လေသည် ။ တင်းပုတ်ကလေး က လည်း စောင့်ရှောက် သဖြင့် သူခိုးသူဝှက်များ သည် ဦးပေါက်ကျော် ၏ အိမ်နား သို့ မကပ်ရဲ ကြချေ ။

သူဌေးကတော်ကြီး ကား သူ ၏ သမက်ကလေး သာဂိ ကို “ သား သား ”  နှင့် ပါးစပ်ဖျားတွင် ရှိပြီး တစ်မြို့ လုံး လည် ၍ ကြွားရသည် မှာ မမောနိုင် မပန်းနိုင် အောင် ရှိလေတော့သည် ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမ တွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment