ရွာလယ်ပိုင်း တွင် ရွဲယို နေသော ကား ကို သင်္ဘောဆေး နှင့် သံချေး မတက် တက်အောင် ပြုပြင် ထားသော ဘုရားဖူးယာဉ် ဆိုသည်ကြီး ကို တွေ့ရသည် ။
ကား က ရန်ကုန်မြို့ တွင် ဆိုတော့ ဘီအမ် လို့ ခေါ်သော လူ နှစ်ဆယ်ခန့် ဆန့် သည့် ကား ဖြစ်သည် ။
ကား အောက် ထဲ တွင် တော့ မဲမဲသိန်သိန် ပိန်ပိန်ချောင်ချောင် ကု,လားဒိန်ရုပ် နှင့် တစ်ယောက် က ဆီချေးများ ပေပွပြီး ဂွ တစ်ထုပ် နှင့် အလုပ် ရှုပ် နေသည် ။ လူ က မဲ ရသည့် အထဲ အင်ဂျင်ဝိုင် များ ၊ ဆီချေး များလိမ်းကျံ နေ၍ ဘယ် ဟာ က အသား ၊ ဘယ်ဟာ က အပေ လွန်စွာ ခွဲရ ခက် နေသည် ။
“ ဂုဏ်ထူး ၊ ရာထူး မလိုချင်ပါဘူး ၊ ကိုယ့် မှာ တော့ နတ် က တဲ့ ဂန်ဒူး ၊ ဂုဏ်ထူး ရာထူး မလိုပါဘူး ၊ ကိုယ် က လေ နတ် က တဲ့ ဂန်းဒူး ၊ ဂန်ဒူး ”
ထို သူ က ကျွန်တော့် ကို ပင် လှည့် မကြည့်နိုင်ဘဲ သူ့ ကား အောက်ပိုင်း ကို သာ ငုံ့ရှာ ကာ သီချင်း ညီး နေသည် ။ ကျွန်တော် လည်း စိတ် မရှည်နိုင်တော့ ။ လက် နှင့်တို့ လျှင် လက် ပေမှာ စိုး၍ ...
“ ဟေ့ ... ဒီမှာ ”
“ ဟဲ့ ... ပလုတ်တုတ် ”
“ ဒုန် ”
“ ခလွမ် ”
“ ဟဲ့ ... ဂန်ဒူး တော့ ကွဲပဟ ”
ခြေမ နှင့် ရုတ်တရက် တို့ လိုက်သည်မို့ အရှေ့ ကို အာရုံ ရနေ သော ငမဲပိန် ထ ခုန် မိ၍ ကား အောက်ပိုင်း နှင့် သူ့ ခေါင်းမဲမဲ ဆောင့် မိ ခြင်း ဖြစ်သည် ။ ပြီးမှ သူ့ မျက်နှာ မဲမဲ ကို ကား အောက် မှ ဆွဲထုတ် ပြီး ...
“ ဟင် ... ခင်ဗျား ... ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျ ၊ လန့် လိုက်တာ ကလူ ကလူ ”
သူ့ စကား ကို ကျွန်တော် ဂရု မစိုက်နိုင်သေး ဘဲ ဘေးဘီ ဝေ့ ကြည့်ပြီး ...
“ မင်း ဆရာ ရော ... မင်း ဆရာ ၊ ဆရာ ဘယ်မှာလဲ ”
သူ က ကျွန်တော် ဝေ့ ကြည့်ရာ လိုက် ကြည့်ပြီး ...
“ ဘယ်က ဆရာလဲ ၊ ဘယ် ဆရာ ကို ပြောတာလဲ ”
“ တယ်လေ... ငါ နားရင်း အုပ်လိုက်ရ ၊ မင်း ဆရာ ကားဒရိုင်ဘာ လေ ၊ ဒရိုင်ဘာ ကို ပြောတာ ”
လက် ရွယ်ပြီး ပြောသော စကား ကြောင့် ငမဲလေး တွန့် သွား ၏ ။ နောက်မှ သတိရ ဟန် နှင့် ...
“ ဪ ... ဒရိုင်ဘာ ကို ပြောတာလား ”
“ အေး ... ဒရိုင်ဘာ ... ဒရိုင်ဘာ ”
“ ကျုပ် ပဲ ”
“ ဟမ် ”
ငမဲလေး ရင်ကော့ ပြောသော စကား ကြောင့် ဆံပင်များ ပင် ထောင် သွားရလေသည် ။ သွားပြီ ။ စ ကတည်း က လွဲပြီ ။ လူ က မဲမဲသေးသေးလေး နှင့် ဆီချေးများ ပေ နေ၍ လေးစားစရာ တစ်စက် မှ ရှာ မရ၍ ကားစပယ်ယာ သို့မဟုတ် စက်ပြင်ဆရာ ထင် ပြီး ဖင် ပိတ် ကန်ခဲ့ ၊ နားရင်း အုပ်ရန် ကြိုးစားခဲ့မိသည် မဟုတ်ပါလား ။ ယခု ဆို ထို ငမဲ က ကားဒရိုင်ဘာ တဲ့ ။ မျက်နှာကြီး ပြီ ( ပြေ ) ပြီး ဘာ ပြောရမှန်း မသိ ။ အပိုင် ပေါင်း ရမည့် သူ ကို မှ ဖင် ဆွ မိပြီကိုး ။ ထို့ကြောင့် မသိလိုက် မသိဘာသာ လက်သည်း ပြန် ခွာပြီး ...
“ ဟို... ဟို မနောက်ပါနဲ့ ကွာ ၊ အနော် က ဒရိုင် ... ဒရိုင်ဘာ ကို မေးတာ ”
“ ဟေ့ကောင် ... ဒီ ကား မှာ ငါ ဒရိုင်ဘာ ပဲ ကွ ၊ ဒရိုင်ဘာ ကျော်ကို ကျော်ကို ဒရိုင်ဘာ ဆိုတာ ငါ ပဲ ၊ အရင် က ဒါရိုက်တာ ၊ အောက် ကားပေါင်း လေးဆယ် ရိုက်ပြီး အရင်းပြုတ် ပြီး မှ ဒရဝမ် ဝင် လုပ်ရာက နေ အခု အဆင့် တိုးပြီး ဒရိုင်ဘာ ဖြစ်လာတာ ၊ မင်း က ငါ့ ကို ဘယ်လို ကောင်စားမျိုး မှတ်နေလဲ ၊ အခု ချက်ချင်း အရင်စိတ် မွေးပြီး မင်းသား တင် ရိုက် လိုက် လို့ ဟုတ်ပေ့ ဖြစ်နေဦးမယ် ”
“ အဲ ... ဟို ... ဟိုလေ ကျွန်တော် ကျွန်တော် က အစ်ကိုကြီး က ”
“ ကိုကြီးကလေးလေး လုပ်စမ်းပါ ”
“ ဟင် ... ဩော် ကိုကြီးကလေးလေး က မဲ လည်း မဲ ၊ ပိန် လည်း ပိန် ဆိုတော့ ဒီ ကားစတီယာတိုင်ကြီး ကို လှည့်နိုင်မယ်မ ထင်လို့ ၊ အဲဒါ ”
“ အောင်မာ .. မင်း ကများ အထင်သေးလို့ ၊ ဒီ ကား ၊ ဒီ စတီယာတိုင် နဲ့ တင် မြောင်း ထဲ ကျတာ သုံးကြိမ် ရှိပြီကွ ၊ ဘာလဲ မင်း ပါ ရောပြီး ဒုက္ခိတ ဖြစ်ချင်လို့လား ”
ဪ ... ပြောနေပုံ က မြင့်စန်းရီ တို့ အတွက် ရင်လေး စရာ ။ သို့သော် သူ မကယ် လျှင် သေဖွယ်သာ ရှိသည်မို့ ...
“ ယုံပါပြီ အစ်ကိုကြီး ၊ အဲ ကိုကြီးကလေးလေး ရယ် ဒုက္ခိတ အမှုတွဲ ထဲ မပါ ပါရစေနဲ့ ”
“ မပါချင် ဝေးဝေးသွား ၊ အခု ဇာတ်လမ်း စဉ်းစား မိ နေတုန်း ၊ တော်လှန်ရေးကား ရိုက် ပစ်လိုက်လို့ က တော့ သွား ... သွား ”
“ ဟုတ် ... ဟုတ်ကဲ့ ... အဲ ”
ဟိုက မောင်း ထုတ် နေတော့ ယောင်ပြီး ထွက်ရန် ပြင်သည် ။ နောက်မှ လာရင်း ကိစ္စ ကို သတိရ ပြီး ...
“ အဲ ... ဟို ... ဟိုလေ မသွားပါရစေနဲ့ ဆရာ ရယ် ”
ကျော်ကို သူ့ ကို ဆရာ ခေါ် လိုက်၍ သဘော ခွေ့ သွားပုံရ၏ ။ သို့သော် မျက်မှောင် ကို ကျုံ့ပြီး ...
“ ဘာလို့လဲ ကွ ... ဘာလဲ မင်း က ရုပ်ရှင် ရိုက်ချင်လို့ လား ၊ ခေါင်းဆောင်မင်းသား ဆို ငါးသိန်း ပေးရမယ် ၊ ကြော်ငြာစပွန်ဆာ က မင်း နဲ့ မဆိုင်ဘူးနော် ၊ ဟီဟိ ငါ ရ ငါ ယူပဲ ”
ဪ ... အရေးထဲ ဒါရိုက်တာ ပီပီ ပတ် ခုတ် နေသေး၏ ။ ကျွန်တော် လည်း အလိုက်သင့် မျက်နှာလေး အို ချ ပြီး ...
“ ဟိုလေ... ဆရာ ရယ် ကျွန်တော် က အခု ကိစ္စ မင်းသား လုပ်ဖို့ မဟုတ်ပါဘူး ”
“ ဒါဆို မင်း က ”
“ စပယ်ယာ လုပ်ဖို့ပါ ”
“ ဘာ ”
ဒရဝမ် ၊ ဒါရိုက်တာ ၊ ဒရိုင်ဘာကျော်ကို က ကျွန်တော့် ကို ခါး ထောက်၍ ပြန် ကြည့်သည် ။ ပြီးမှ ...
“ ထွီ ... ငါ က ပိုက်ဆံ ရ မလားလို့ အာပေါက် အော င်ပြော နေရတာ ၊ အခုတော့ ငါ့ ဆီ စပယ်ယာ လုပ်ပြီး ပြန် ခုတ်မဲ့ ကော င်နဲ့ တွေ့ နေတယ်. ထွီ ... ကျက်သရေ တုံးလိုက် တာ ၊ သွား ... သွား စပယ်ယာ ဆို မလိုချင်ဘူး ၊ မင်းသား ဆို ငါးသိန်း ယူပြီး ပြန်လာ ၊ ဒါပဲ ”
ဆိုကာ လုပ်လက်စ အလုပ်များ ပြန် လုပ်နေသည် ။
“ ဂုဏ်ထူး ၊ ရာထူး မလိုချင်ပါဘူး ၊ ကိုယ့် မှာ တော့ နတ် ကတဲ့ ဂန်ဒူး ”
ဪ ... သီချင်းလေး တောင် ညီးလို့ ၊ ကျွန်တော့် မှာ သာ ဒီ ကား နှင့် မှ မပါ ရ လျှင် မြင့်စန်းရီ နှင့် ဝေးရမည် မို့ မျက်နှာ ကို အငယ် ဆုံး ထားပြီး ...
“ ဆရာဂန် ... အဲ ... ဆရာ ”
“ ဘာလဲ ကွာ ”
ခေါင်းမဲမဲ က ပြန် လှည့်လာသည် ။ သူ့ ခမျာ ဆရာ လည်း အခေါ် ခံချင်ပုံ ရ၏ ။
“ ဟိုလေ ... ကျွန်တော် စပယ်ယာ လိုက် လို့ အဖိုးအခ လည်း ပေးစရာ မလိုပါဘူး ဆရာ ”
“ ကား ကြပ်တယ် ကွာ ၊ လူပို မတင်နိုင်ဘူး ”
“ ခုံ မှာ မထိုင် နဲ့ ဆိုလည်း မထိုင်ပါဘူး ဆရာ ၊ ကိုယ့် စရိတ် နဲ့ လည်း ကိုယ် စား မှာပါ ၊ ကျွန်တော် ... ကျွန်တော် ဒီ ကား နဲ့ မှ မလိုက် ရရင် ”
ပြောရင်း ပြောရင်း စကားသံများ ဆို့နင့် လာ၏ ။ ဤသို့သာ ပေါ့ မြင့်စန်းရီ ။
ကျော်ကို က ရုတ်ချည်း မျက်ရည်ဝိုင်း လာသော ကျွန်တော့် ကို ငေး ကြည့်ပြီး ...
“ တောက် ... ဒရမ်မာကား ရိုက် လိုက်လို့ က တော့ အကယ်ဒမီ ရ ပြီ ၊ နို့ ... နေစမ်းပါဦး မင်း က ဘာဖြစ်လို့ ဒီ ကား နဲ့ မှ အတင်း လိုက်ချင်ရတာလဲ ”
ကျလုလု မျက်ရည်များ ကို ပင့် သုတ် မိသည် ။ အတန်ကြာ သည် အထိ တုန်ယင်နေသော အသံ ကို အနိုင်နိုင် ပြန် ထိ န်းနေရသည် ။ ပြီးမှ
“ မြင့်စန်းရီ ကြောင့်ပေါ့ ဆရာ ရယ် ”
“ ဟေ ”
ထုံးစံ အတိုင်း ဒဒွေးသုံးလုံး ပိုင်ရှင် ကျော်ကို မျက်မှောင် ကျုံ့ သွား ပြန်သည် ။ နောက်မှ ...
“ ဟို ... ဒေါ်ခင်အေး တူမ မြင့်စန်းရီ လား ”
“ ဟုတ် ... ဟုတ်ပါတယ် ဗျာ ၊ သူ နဲ့ ကျွန်တော် နဲ့ က ”
ဖြစ်ပျက်ခဲ့သည်များ ကို မရှက်မကြောက် ရှင်းပြရ သေး၏ ။ ကျော်ကို က ခေါင်း တညိတ်ညိတ် နှင့် နားထောင် ပြီး ...
“ နေပါဦး ... မင်း က မြင့်စန်းရီ ကို ဘယ်လောက် ချစ်သလဲ ၊ အရင်ဆုံး ဥပမာ နဲ့ပြောကွာ ”
“ မျောက် က ငှက်ပျောသီး ကို ချစ်သလောက် ချစ်ပါတယ် ”
“ ယင် က မစင် ကို ချစ်သလောက် ချစ်တယ် သာ ပြောပါကွာ ”
ဪ ... သူ့ ဥပမာ က တောင် ပို ကောင်းသေး ။ ဆက် စဉ်းစားလျှင် သည့် ထက် ရွံစရာ သာ ရှိတော့မည် ။ ထွီ ။
“ အေးကွ .. မင်း အဖြစ်က ကူညီချင်စရာတော့ ကောင်း သား ၊ ဒါပေမဲ့ ငါ က မင်း ကို ကူညီ ပြီးရင် မင်း က ရော ငါ့ ကို ဘယ်လို ပြန် ကူညီမှာလဲ ”
ကျွန်တော် အားတက် သွားသည် ။
“ ဟာ ... ဒါတော့ စိတ်ချ ၊ ကား အတွက် လိုအပ် သမျှ ကျွန်တော် အကုန် ပြန် ကူညီမယ် ”
“ ကျွတ် ”
ကျော်ကို ခေါင်း ခါသည် ။
“ ကား ကိစ္စ ငါ အကုန် ပိုင်နိုင်တယ် ကွ ၊ တခြား ဟာ ပြော ”
“ အဲ ... ဟိုလေ ... ရန်ကု န်မှာ ကာရာအိုကေဆိုင် မှန်သမျှ ကျွန်တော် သိတယ် ”
“ ဟေ ”
ကျော်ကို ၏ မပြူးတပြူး မျက်လုံး ပြူး တက်လာ၏ ။ ကာရာအိုကေ စိတ်ဝင်စားပုံ ရ၏ ။
“ မင်း ... မင်း တကယ် ပြောတာနော် ”
“ ဪ ... ဆရာ က လည်း ကျွန်တော် မရောက်ဖူးတဲ့ နေရာ မရှိပါဘူး ဆို ”
ကျော်ကို ခုန်ဆွခုန်ဆွ ပါ ဖြစ် သွား၏ ။ ပြီးမှ ခေါင်း ကုပ်ပြီး
“ နေဦးကွ ... ရန်ကုန် က ကာရာအိုကေဆိုင် တွေ ဆို ငါ့ ကို မှတ်မိမလားပဲ ”
“ ဘာလို့ ”
“ အာ ... ငါ က ဒါရိုက်တာ အပြင် မင်းသား လည်း လုပ် လာ တာလေကွာ ”
“ ဟင် ... ဟုတ်လား ”
“ အေးလေကွာ .. ဗွီဒီယို ကားတွေမှာ တော်လှန်ရေး အောက်ကားတွေ ရိုက်လာတဲ့ သီဟကျော်ကို ဆိုတာ ငါ ပေါ့ ”
“ ဟင် ... နာမည် တော့ ကြားဖူးသား ”
ကျော် ကို ရင် ကော့ သွား၏ ။ တကယ်လည်း ကြားဖူးပါသည် ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လွတ်လပ်ရေး ရသည့်တိုင် တစ်ယောက် တည်း လွတ်လပ်ရေး မရဘဲ တော်လှန်ရေးကားများ ရိုက် နေသော လက်ကျန် တော်လှန်ရေးသမားကြီး ပင် ။ ထိုတော့မှ ရုပ် က ရေးတေးတေး ပြန် ပေါ်လာ၏ ။ လုံချည်ကြီး ကွင်းသိုင်း ပြီး ပြောင်းတို တစ်လက် ပြောင်းရှည် တစ်လက် နှင့် ပုံရိပ်များ ။ မျက်ရည် တဝိုင်းဝိုင်း နှင့် ခမောက်စုတ် ဆောင်း ထားသော ပုံများ ။
“ အေးကွာ ... အစ က တော့ ငါ့ ကို ကု,လားဆင်လေး ဆိုပြီး အားပေးကြပါ ရဲ့ ၊ ငါလည်း ကျိုက်ထီးရိုး တောင်ပေါ် တက်ပြီး ”
“ ဘာလုပ်တာလဲ ”
“ ဝါးသေနတ် စုတာလေ ၊ ဟီဟိ ပြီးတော့ ရုပ်ရှင် ထဲ အဲဒီ ဝါးသေနတ်တွေ နဲ့ ပြန် တော်လှန်တာ ”
“ အဲ ... အဲဒီတုန်း က မင်းသမီး က ”
“ ငါ့ မိန်းမ ပဲ လေ ၊ ဒါပေမဲ့ အခုတော့ မရိုက်တော့ပါဘူး ”
“ ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမှာလဲ ... ငါ က လည်း သူများ အနိုင် ကျင့် မှ တော်လှန်လို့ ရ မှာလေ ၊ အဲဒီတော့ ဇာတ်ကား ထဲ မှာ ငါ တော်လှန် လို့ ကောင်း အောင် ငါ့ မိန်းမ ကို ဂျပန် က မုဒိန်းကျင့် လိုက် ၊ အင်္ဂလိပ်က အနိုင်ကျင့် လိုက် ၊ သူကြီးသား က ဗလက်ကာယပြု လိုက် ဆိုတော့ ကြာတော့ သူ လည်း လေဥ ဥပြီး ဖောလာတာ ၊ အဲဒါနဲ့ မရိုက်တော့ဘူး ၊ ရုပ်ရှင် တကြော ပြတ်ရော ၊ ဟီဟိ အခုချိန်ထိ မျက်နှာ က အယောင် မကျသေးဘူး ၊ ဖော နေတုန်း ”
ဪ .. တစ်ကား ရိုက် တစ်ကား အကျင့် ခံနေရတဲ့ နောက် ဘယ်သူ က များ ဆက် ရိုက်ချင်တော့မှာ လဲ ၊ လေဥ ဥပြီး မဖော ခံနိုင်ရိုးလား ။
“ တော်လှန်ရေးကား မှာ ကွာ ဇာတ်လမ်း က လည်းမရှိ ။ လူ က လည်း မရှိတော့ လူကောင်း နေရာက သေနတ် ပစ်ရင် လူဆိုး နေရာ က သူတို့ ပဲ ပြန် သေရ ။ လူဆိုးက ပစ်ရင် လူကောင်း နေရာ သူတို့ ပဲ ပြန် မှန်ရ နဲ့ ဆိုတော့ ကြာ တော့ ဘယ်သူမှ မလုပ်ချင် ကြတော့ဘူး ”
“ ဒါနဲ့ အခု ဆရာက မတော်လှန် တော့ ဘယ်သူမှ ဆက်ပြီး မတော်လှန် ကြတော့ဘူးလား ”
“ ငါ့ ယောက်ဖ တော်လှန် နေတယ်လေ ၊ ငါ့ ယောက်ဖ လည်း မင်းသား ပဲ ၊ ဒါပေမဲ့ ခက်တာက ဒီကောင် က ခေါင်း ကြီးပြီး လက် တို နေ တာကွ ၊ ငါတို့ ငယ်ငယ်တုန်းက လို ကျောင်း နေရင် လက် က ခေါင်း ကို ကျော် ပြီး နားရွက် ကိုင် ပြရတာလေ ၊ အဲဒီလို တစ်ဖက် နားရွက် ကို မီမှ ကျောင်း နေရတာ ၊ အဲဒီ စနစ်သာ ခုချိန်ထိ ရှိရင် ဒီ ကောင် ဒီ အရွယ် ထိ သူငယ်တန်း တက်ရမှာ မဟုတ်ဘူး ၊ ဒီကောင့် လက် က ငယ်ထိပ် လောက် ပဲ ရှိတာ ။ တော်လှန်ရေးကား သာ ရိုက်တာ အပြင်မှာ ဆို ဒီ ကောင့် ခေါင်းကြီး က ပစ်မလွဲကြီး ၊ နောက်ပြီး ဒီ ကောင့် လက် က ရိုင်ဖယ်သေနတ် ခလုတ် တောင် မှီရုံ အနိုင်နိုင် ၊ ဟီဟိ ... ဒါပေမဲ့ အဲဒီ လက် တိုတို နဲ့ ပဲ အလုပ် ဖြစ်နေတာ ”
ဪ ... တော်လှန်ရေးသမား မျိုးရိုး ပါလား ။ ကြည့်ရင်း ကြည့်ရင်း ပင် လေးစား လာရ၏ ။ ကျိုက်ထီးရိုး ဝါးသေနတ် ရှိရုံ နှင့် အလုပ် ဖြစ် နေသည့် မျိုးရိုး ပေ ကိုး ။
“ ယောက်ဖ က တော် တော့ တော် တယ်ကွ ၊ သူ ရိုက်တဲ့ ကား ကို သူများ မကြိုက်ပေမယ့် အခု ချိန်ထိ သူ ကောင်းတယ် လို့ ပြောရဲတယ် ကွ ၊ ဒါကို က ခပ်ပေါပေါ မျက်နှာ ပြောင်တာ မဟုတ်ဘူးနော် ဒီလောက် ကြီးတဲ့ မျက်ခွက် က ဒီလောက် ပြောင်တယ် ဆိုတော့ ပုံပြင် ထဲ မှာပဲ ဒီလို ကောင် ရှိသင့်တယ် ”
စသည်ဖြင့် ဒရဝမ် ၊ ဒါရိုက်တာ ၊ ဒရိုင်ဘာ ကျော်ကို မှ သူ ၏ ဗွီဒီယိုသမိုင်းများ ကို ပြတိုက် သဖွယ် ရှင်းလင်းပြသ နေတော့၏ ။
“ ငါ ဒါရိုက်တာ မလုပ်ခင်က ဒီးဒုတ် ထောင်တာကွ ၊ ပြီးမှ တိုက်ရိုက် ဒရဝမ် ရတာ ”
စကားသံ သည် လေ ထဲ ၌ ပျံ့လွင့်ပြီး အကောင်အထည် မပျက် ရှိနေပါ က စကြာဝဠာ တစ်ခုလုံး ၌ အသုံးမကျမှုများ နှင့် သာ ပြည့်နှက် နေ လေတော့မည် ။
သူ ၏ စကားများ ကို နာကြား ရင်း မြင့်စန်းရီ မျက်နှာလေး မြင်ယောင် နေမိသည် ။ ဪ ... သည် အတိုင်း ဆိုလျှင် မြင့်စန်းရီ ခမျာ လည်း လေဥ ဥပြီး ဖောရှာပေတော့မည်လေ ။
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment