❝ ထမင်းချိုး ဟင်းချိုး ❞
[ ၁ ]
“ ဟာ မဖြစ်နိုင်ပါဘူး သူဌေး ရယ် ၊ ကျွန်တော် မလုပ်ပါရစေနဲ့ ”
မျှော်လင့် မထားတဲ့ စကား မို့ အကျောက်အကန် ငြင်း မိတယ် ။ ကျွန်တော့် လို အောက်ခြေ အလုပ်သမား တစ်ယောက် ကို သူဌေး က နှစ်ယောက် တည်း ပြောချင်တယ် ဆို ကတည်း က ရင် ထဲ ထိတ် နေခဲ့ရတာ ။ ခုတော့ ရင်တုန် ပန်းတုန် မထိတ်သာ မလန့်သာ ကိစ္စ ကို မှ အကူအညီ တောင်းရတယ် လို့ သူဌေး ရယ် ။ ကျွန်တော့် ရဲ့ ထိတ်လန့်မှု တွေ က သူဌေး ရဲ့ မျက်နှာ ကို မဆိုစလောက် ပျက် သွား စေတယ် ။ နည်းနည်းတော့ အားနာမိ သွားရဲ့ ။ သူဌေး က သက်ပြင်းရှည် တစ်ချက် ကို လေးလေးပင်ပင် မှုတ် ထုတ် လိုက်တယ် ။ အိတ် ထဲ မှ စနိုးတာဝါ ကို ထုတ်ပြီး မျက်နှာ ကို ပွတ် သုတ်တယ် ၊ ရေ တစ်ခွက် မော့ သောက် လိုက်ပြီး မှ ..
“ သေချာ စဉ်းစားပေးပါဦး ကိုမိုးဝေ ရယ် ၊ ကျွန်တော် လည်း ဒီလို ကိစ္စမျိုး တော်ရုံ လူ အကူအညီ မတောင်းဝံ့ ပါဘူး ။ အခုဟာ က အိမ်ထောင်ရေး တည်မြဲမှု ၊ သာယာမှုဆိုတာ တွေ ထက် ကျွန်တော့် မိန်းမ ကို စိတ်ချမ်းသာ စေချင်လွန်း လို့ပါ ” သူဌေး က စကား ကို ခဏ ရပ်ပြီး အသက် ကို ခပ်ပြင်းပြင်း ရှူတယ် ။ သူဌေး ရဲ့ မျက်လုံး ထဲ က စိုစွတ်ခြင်း တွေ ဟာ ကျွန်တော့် မျက်လုံး ဆီ ကို ကူးစက် ချင် နေပြီ ။ ပြတင်းပေါက် မှန် ကို လာ ရိုက်ခတ် နေတဲ့ မိုးဖွဲဖွဲ ထံ အကြည့်တွေ ကို လမ်း လွှဲ လိုက်တယ် ။ တကယ်တော့ သူဌေး က ကျွန်တော့် ဘဝ ရဲ့ ကျေးဇူးရှင် ၊ အလုပ်ရှင် ၊ ထမင်းရှင် ပါ ။ ကျွန်တော် ဟာ သူဌေး သေဆို သေ ၊ ရှင် ဆို ရှင် ဖြစ်ရမယ့် လူစားမျိုး ပါ ။ ပြီးတော့ သူဌေး တို့ အိမ်ထောင်ရေးကို လည်း တည်မြဲစေချင် ၊ သာယာစေချင် တဲ့ သူ ဟာ ကျွန်တော့် အပြင် တခြား လူ ဘယ်သူ ရှိဦးမှာ လဲ ။ သူဌေး ရဲ့ ဆိုနင့်နင့် စကားသံ တွေ ထွက်ကျ လာ ပြန် တယ် ။
“ ကိုမိုးဝေ ပဲ စဉ်းစား ကြည့်ပါဗျာ ။ ကိုယ့် မိန်းမ နဲ့ ဖန်ပြွန်သန္ဓေသား တည် ဖို့ သုက်ပိုး ကို တခြား သူစိမ်း တစ်ယောက် ဆီ က အလှူခံ နေရတဲ့ ယောက်ျား တစ်ယောက် ဟာ ဘယ်လောက်များ ... ”
သူဌေး ရဲ့ တုန်ယင် ပြီး တိမ်ဝင် သွားတဲ့ အသံကြောင့် ကျွန်တော် လှည့် ကြည့်မိတယ် ။ သူဌေး က မျက်နှာ ကို လက်ဖဝါး နှစ်ဖက် နဲ့ အုပ် ထားတယ် ။ အချိန် အတော် ကြာ ငြိမ်သက် နေပြီးမှ ခေါင်း မော့ လာတယ် ။
“ ကျွန်တော့် ချို့ယွင်းချက် ကြောင့် ကလေး မရနိုင်
တာ ကို သာ သူ သိသွားရင် သူ တခြား မိန်းမတွေ လို ကျွန်တော့် ကို မစွန့်ခွာ သွားဘဲ သူ သာ တစ်သက်လုံး စိတ် ဆင်းရဲ ခံသွားမှာ ဗျ ။ ဒါတွေကို ကိုမိုးဝေ အသိဆုံးပါ ။ ဒါကြောင့် ... ဒါကြောင့်ပါ ဗျာ .. ”
မျက်ရည်စတွေ တွဲလွဲ ခို နေတဲ့ သူဌေး ရဲ့ မျက်ဝန်း တွေ ဟာ ယောက်ျား တစ်ယောက် ရဲ့ အနှိမ့်ချဆုံး သော တောင်းပန်ခြင်း ၊ အသနားခံခြင်း ဆိုတာ ကို ကျွန်တော် နားလည် လိုက်ပြီ ။ သက်ပြင်းမော တစ်ချက် ကို မှုတ်ထုတ် လိုက်တယ် ။ သူဌေး ကို မကြည့်ဘဲ ...
“ ကျွန်တော် အလေးအနက် အသေအချာ ကို စဉ်းစားပါရစေဦး သူဌေး ရယ် ”
ကျွန်တော် ထိုင်ရာ မှ ထ လိုက်တယ် ။ ပြီးတော့ သူဌေး နဲ့ ကျွန်တော် နှစ်ယောက် တည်း ရှိနေတဲ့ အခန်းကျဉ်းလေး ထဲ က လွန်မြောက်ရာ ဆီ သို့ ... ။
[ ၂ ]
အဖြေမဲ့ အမေးပုစ္ဆာ အတွက် ဖိစီးလေးလံ နေတဲ့ ကျွန်တော့် ခြေထောက်တွေ က ခြေဦးတည့်ရာ ။ သင်းပျံ့ နေ တဲ့ ပန်းရနံ့ ရယ် ၊ ကလေး တစ်စု ရဲ့ ဆူဆူညံညံ အသံ ကြောင့် ပတ်ဝန်းကျင် ကို သတိ ပြုမိတယ် ။ ရောက် နေတဲ့ နေရာ က ကလေးကစားကွင်း တစ်ခု ။ ညောင်းချည့် လာ တဲ့ ခြေထောက် တွေ က ကစားကွင်း ထဲ က ခုံတန်းလေး မှာ ထိုင်ဖို့ အမိန့် ပေး နေတယ် ။
“ တော်ပြီဟာ ၊ ထမင်းချိုး ဟင်းချိုး ဆိုရင် ငါ မပါ တော့ဘူး ”
ကစားဝိုင်း ထဲ ကနေ စူပုပ်ပုပ် နဲ့ ထွက် သွားတဲ့ လူကောင်သေးသေး ကလေးငယ် တစ်ယောက် ၊ သူ က ကျွန်တော့် အတိတ် တွေ ကို တူးဆွ လိုက် သလို ။ ဟုတ်တယ် ၊ ကျွန်တော် ငယ်ငယ်တုန်း က လည်း ဘာပဲ ဆော့ ဆော့ အမြဲတမ်း ထမင်းချိုး ဟင်းချိုး ။ လူကောင် သေးလွန်း ညှက်လွန်း တဲ့ ကျွန်တော် က ဘယ် ကစားပွဲ မှာ မှ အင် နဲ့ အား နဲ့ မဆော့နိုင် ၊ ဒီတော့ ဘယ် အဖွဲ့ က မှ ကျွန်တော့် ကို ကစားဖော် အဖြစ် မခေါ်ချင် ။ ဒါပေမဲ့ မြတ်နိုး ဆိုတဲ့ သူငယ်ချင်း အစုတ်ပလုတ်မလေး က တော့ အမြဲ လိုလို သူ့ အဖွဲ့ ထဲ မှာ ထမင်းချိုး ဟင်းချိုးဆိုပြီး ကျွန်တော့် ကို ခေါ် သွင်း တတ်လေတယ် ။ တကယ်တော့ ထမင်းချိုး ဟင်းချိုး ဆိုတာ ကစားပွဲ ထဲ မှာ ဝင် မကစား ရတဲ့ အရန် လူ သဘောမျိုး ။ ဒီတော့ ဘယ် ကလေး က မှ ထမင်းချိုး ဟင်းချိုး အဖြစ် မကစား ချင် ။ ကျွန်တော် က တော့ လုံးဝ ဝင် မကစားရတာ ထက် စာရင် ထမင်းချိုး ဟင်းချိုး က မှ တော်သေးတယ် လို့ တွေးမိတဲ့ ကောင် ။ ဒီလိုနဲ့ ကျွန်တော့် စိတ်တွေ ဟာ အတိတ် ကို တဖြည်းဖြည်း ... ။
[ ၃ ]
သူများတွေ တက္ကသိုလ်ရိပ် မှာ ခိုပြီး ပျော်မွေ့ နေချိန် မှာ ကျွန်တော် နဲ့ မြတ်နိုး က တော့ ဘဝတက္ကသိုလ် မှာ ဘွဲ့ရ နေပြီ ။ အတန်းပညာ မရှိတဲ့ ကျွန်တော် တို့ ဟာ ထမင်းဆိုင် တစ်ဆိုင် ရဲ့ အခြေခံလုပ်သား ။ ရုပ်ရည် ချောမောလှပတဲ့ မြတ်နိုး က တော့ ကောင်တာ မှာ သက်သောင့် သက်သာ အလှ ပြရုံ သက်သက် ။ ကျွန်တော် က တော့ စားပွဲထိုး ပေါ့ ။ တစ်နေကုန် ဘဝ အမောတွေ နဲ့ ပိတ်လှောင် မိ နေတဲ့ မြတ်နိုး နဲ့ ကျွန်တော် ရဲ့ အိမ်ပြန်လမ်း ဟာ စကား တပြောပြော နဲ့ အပန်းဖြေ ခရီး ပမာ ။
“ မိုးဝေ ၊ မနေ့ က နင်တို့ အိမ် မှာ ထမင်း စားရဟာ အတော် မြိန်တာ ဟာ ”
မနေ့ ညနေ က အိမ် မှာ ငါးပိရည်ကျဲ ၊ တို့စရာ အကြမ်းထည် နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်း ကို မြတ်နိုး က တမ်းတမ်းတတ ပြော နေ ရှာတယ် ။
“ မြတ်နိုး ရယ် ငါ့ အိမ် ထက် စာရင် နင့် အိမ် က မှ ဟင်း ကောင်းသေး ”
“ အမယ်လေး ဟယ် ငါတို့ အိမ် လည်း သားအမိ နှစ်ယောက်တည်း ဆိုပေမဲ့ အမေ့ ဆေးဖိုး က ရှိနေတော့ ချွေတာ စား နေရတာပါပဲ ။ နင်တို့ အိမ် နဲ့ သိပ် မကွာလှဘူး ရယ် ။ ဒါပေမဲ့ နင့်တို့ အိမ် က မောင်တွေ နှမတွေ နဲ့ ဆိုတော့ ဟင်း မကောင်း လည်း စား မြိန်တယ်ဟ ”
မြတ်နိုး စကား ကို ကျွန်တော် ထောက်ခံလိုက် မိ တယ် ။ ဟုတ်တယ် ။ မြတ်နိုး ရဲ့ ထမင်း ဝိုင်း ဟာ အမြဲ လိုလို ငေါင်းစင်းစင်း တစ်ယောက် တည်း ။ ရောဂါသည် အမေ က လည်း မြတ်နိုး နဲ့ ဝိုင်းဖွဲ့ ပြီး ထမင်း အတူ စား မပေးနိုင် ။ သူ ကိုယ်တိုင် တောင် မြတ်နိုး ခွံ့ တဲ့ ဆန်ပြုတ် ကို မနည်း မျိုချ နေရသူ ။
“ မိုးဝေ ရယ် ၊ ငါ လေ တစ်ခါတစ်ခါ ကျ နင်တို့ မိသားစု ကို သိပ် အားကျတာပဲ ”
“ နင် ငါတို့ မိသားစု ကို သိပ် အားကျ နေရင် ငါ့ အမေ လိုပဲ ယောက်ျား ယူပြီး ကလေးတွေ တစ်ပြုံကြီး မွေးလိုက် ပေါ့ ဟ ”
ကျွန်တော့် စကားကြောင့် အရှက်သည်း သွားတဲ့ မြတ် နိုးက ကျွန်တော့် ကျောကုန်း ကို သဲကြီးမဲကြီး ထု တယ် ။ ကျွန်တော် က တဟဲဟဲ ရယ်တော့ သူ က အရှက်ပြေ ပြန်ပြောတယ် ။
“ ဟုတ်တယ် ဟာ ၊ မွေးမယ် ဟာ မွေးမယ် ဟာ ဘာဖြစ်လဲ ”
“ ဘာလဲ နင် က နင့် ကို ကျိတ် ခိုက်ပြီး ထမင်း လာလာ စား နေတဲ့ ဟို လူပျိုကြီး ကိုသူရ နဲ့ ယူ .. ”
“ ဟာ .. ငါ့ ကို အဲ့ လူ နဲ့ မစနဲ့ ဟာ ၊ မကြိုက်ဘူး ”
ဒေါသတကြီး ပိတ် အော် လိုက်တဲ့ မြတ်နိုး ကို ကျွန်တော် ထပ် စ ချင်လာတယ် ။
“ အောင်မယ် ၊ သူ က ပဲ နာအံ့ ထင်သေး ။ ဟိုက ဘွဲ့ရ ပညာတတ် ၊ ဥစ္စာပေါ ရုပ်ချော ပါ နော် ။ တကယ်များ သူ့ ကို လာ တောင်းရင် ကောက်ခနဲ ပါ သွားမယ့်ဟာကများ ”
“ အောင်မယ် ၊ ပါ စရာလား ။ ငါ့ မှာ ချစ်ရမယ့် လူ ရှိတယ်ဟဲ့ ငတုံး မိုးဝေ ရဲ့ ”
“ ဘာ .. မြတ်နိုး ၊ နင် က ငါ မသိအောင် ရည်းစား ထား နေတယ်ပေါ့လေ ။ ဘယ်သူလဲ ပြောစမ်း ”
မြတ်နိုး က လျှာလေး ထုတ် ကာ စပ်ဖြဲ ဖြဲပြောပြရင်း လက် ခါ ပြတယ် ။ မြတ်နိုး ရဲ့ ကုပ်ပိုး ကို ဖမ်းဆုပ် လိုက် ပြီး ...
“ ပြောနော် ၊ မပြောရင် ငါ မလွှတ်ဘူး မြတ်နိုးစုတ်မ ”
“ အား နာတယ် ဟ မိုးဝေရ ။ လွှတ်ပါ ၊ လွှတ်ပါ ၊ ပြောပါ့မယ် ”
သူ့ ကို လွှတ် ပေးလိုက်တော့ ကုပ်ပိုးလေး ကို ပွတ်ပြီး ရှုံ့မဲ့မဲ့ ပြောတယ် ။
“ ငါ့ ချစ်ရမယ့် လူ က .... ”
မြတ်နိုး က စကားစ ဖြတ်ပြီး ကျွန်တော့် ကို စူးစူးစိုက်စိုက် ကြည့် နေတယ် ။ သူ့ မျက်လုံးတွေ က နူးနူးညံ့ညံ့ ပြုံးနေတယ် ။ ကျွန်တော့် ရင်တွေ တဒိန်းဒိန်း ခုန် နေတယ် ။ မြတ်နိုး ရဲ့ နှုတ်ခမ်းတွေ က တဖြည်းဖြည်း တွန့်ကွေး ပြီး ပြုံး လာတယ် ။
“ ဟီး ... မမွေးသေးဘူး ဟ ”
ကျွန်တော့် ရင် ထဲ ပူခနဲ ၊ ရှိန်းခနဲ ၊ နွေးခနဲ ဖြစ်သွားတယ် ။ ပြီးတော့ မြတ်နိုး ရဲ့ ဆံပင်တိုတိုတွေကို ထိုးဖွ လိုက် ပြီး သူ့ ကို အမည်သစ် တစ်ခု ပေး လိုက်မိတယ် ။
“ အရူးမ ”
အဲဒီ အချိန်မှာ ဗြုန်း ဆို မိုး က ရွာ ချတယ် ။ မြတ်နိုး က သူ့ အိတ် ထဲ က ထီးလေး ကို ထုတ် ဆောင်းတယ် ။ လက်ဗလာ နဲ့ ကျွန်တော့် ကို ကြည့်ပြီး ...
“ ထုံးစံအတိုင်း ထီး မပါပြန်ဘူး မဟုတ်လား ၊ နင် ဟာ လေ ငါ က ဆောင်းစေချင် လို့ ဝယ်ပေး ထားတာ တောင် ထီး ကို ယူ မလာဘူး ”
“ ထီး ဆောင်း တာ အကျင့် မရှိတော့ မေ့ မေ့ ကျန်ခဲ့တယ် ဟ ”
“ ကဲ လာပါ ၊ လာပါ ။ ငါ့ ထီး ထဲ ကိုပဲ ကြွတော်မူပါ ”
အဲဒီလို နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း မိုးသည်း ထဲ မှာ ထုံးစံ အတိုင်း ထီး တစ်ချောင်း ကို နှစ်ယောက် အတူ ဆောင်း လို့ ပြန် ခဲ့ကြတယ် ။
[ ၄ ]
“ မိုးဝေ ၊ ကိုသူရ ငါ့ ကို လာ တောင်းတဲ့ ကိစ္စ နင့် က သဘော တူတယ်လို့ အမေ့ ကို ပြောလိုက်တယ် ဆို ”
ဒေါသတကြီး မေးနေတဲ့ မြတ်နိုး ရဲ့ အသံ ဟာ တိတ်ဆိတ်အေးချမ်း နေတဲ့ ပတ်ဝန်းကျင် နဲ့ မလိုက်ဖက်လွန်းစွာ ။ သူ့ ဒေါသ တွေ ကို သိရလို့ ရပ်ကွက် ထိပ် က ကန်ပေါင် ဆီ ကို ကျွန်တော် ခေါ် လာခဲ့တာ ။ မြတ်နိုး ဒေါသ တွေ က ဆူဝေ လာ သလို ကျွန်တော့် ရင်ဘတ် က လည်း ထုံပေ လာပြီ ။ ကျွန်တော် အားယူ ပြီး ပြုံး လိုက်တယ် ။
“ ကိုသူရ က နင့် ကို မိသားဖသား ပီပီ တောင်းရမ်း .. ”
ကျွန်တော့် စကား ကို ဖြတ် ပြောဖို့ နှုတ်ခမ်း ချွန်လာ တဲ့ မြတ်နိုး ကို လက်ကာ ဟန့်တား ရင်း ကျွန်တော် ပြော လိုရာ ကို အတင်း ပြောချ လိုက်ရတယ် ။
“ ကိုသူရ က နင့် ကို တကယ် ချစ်တာပါ မြတ်နိုး ရယ် ။ ပြီးတော့ သူ က နင် ငြင်းရမယ့် လူလား ။ နင် က ငါ့ အချစ်ဆုံး သူငယ်ချင်း ပါ ။ ငါ မကောင်းကြံပါ့ မလား ဟာ ”
မြတ်နိုး က ခေါင်း ကို တွင်တွင် ခါယမ်း လိုက်ပြီး ...
“ အချစ် မပါတဲ့ အိမ်ထောင်ရေး က သာယာမှာ တဲ့ လား ၊ ငါ သူ့ ကို မချစ်ဘူး ၊ ပြီးတော့ ငါ့ ရင် ထဲ မှာ ဘယ်သူ ရှိနေတယ် ဆိုတာ နင် အသိဆုံး ”
“ တိတ်စမ်း မြတ်နိုး ”
ဖြတ် အော် လိုက်တဲ့ ကျွန်တော့် အသံ ကြောင့် မြတ်နိုး မျက်ရည် ဝိုင်း သွားတယ် ။ ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။
“ နင် တို့ ငါ့ တို့ ဘဝ တွေ က စိတ်ကူး ယဉ် ရမယ့် ဘဝ တွေလား ။ နင် လည်း နှလုံးရောဂါသည် အမေအို ကို ပြုစု လုပ်ကျွေး နေရ သလို ငါ လည်း မုဆိုးမ အမေ နဲ့ ညီ ငယ် ၊ ညီမငယ် တွေ နဲ့ တာဝန် ကို ထမ်း နေရတာ ။ ဘာပဲ ဖြစ်ဖြစ် နင် နင့် အမေ အတွက် စဉ်းစား သင့်တယ် ”
မြတ်နိုး က ကျွန်တော့် ကို ပခုံး က နေ ကိုင်ပြီး ဆွဲ လှည့် လိုက်တယ် ။ ကျွန်တော့် မျက်လုံး တွေ ကို သေသေချာချာ စိုက် ကြည့်တယ် ။ သူ့ အကြည့် တွေ ကနေ လွှဲဖယ်ဖို့ ကျွန်တော် ခေါင်း ငုံ့ ထားမိတယ် ။ ကျွန်တော့် ပခုံး တွေ ကို လှုပ်ယမ်း ပြီး သူ မေးတယ် ။
“ ဒါဆို ငါ ကိုသူရ ကို လက်ထပ် လိုက်ရင် နင် ဝမ်းသာ မှာ လား ၊ နင် ပျော်မှာလား ဟင် ။ ငါ့ ကို ပြောစမ်းပါ မိုးဝေ ရဲ့ ”
ကျွန်တော့် ပခုံး ကို ဆုပ်ကိုင် ထားတဲ့ မြတ်နိုး ရဲ့ လက်တွေ ကို တွန်းဖယ် လိုက်တယ် ။ မျက်ဝန်းတံခါး က နေ ခုန်ဆင်း ဖို့ အားယူ နေတဲ့ မျက်ရည် တွေ ကို ကွယ် ဝှက် ဖို့ အတွက် ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။ မျက်နှာ ကို လက်ဝါး နဲ့ ပွတ်သပ်ရင်း ခေါင်းညိတ် ပြ တယ် ။ မြတ်နိုး က ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ မလိမ်တတ်ဘဲ လိမ် မနေစမ်းပါနဲ့ မိုးဝေ ရယ် ။ ငါ့ မျက်နှာ ကို သာ တည့်တည့် ကြည့်ပြီး နင် ဖြေစမ်းပါ ။ ငါ က စိတ်ကူးယဉ် နေတာလား ၊ နင် က သူရဲဘော ကြောင် နေတာလား ဆိုတာ ဟင် ”
သရော်တော်တော် ပြော နေတဲ့ မြတ်နိုး ကို မျက်နှာချင်းဆို င်ဖို့ ကျွန်တော် ကြိုးစားလိုက်တယ် ။ အောက် နှုတ်ခမ်း ကို တင်းတင်းပြတ်ပြတ် ဖိကိုက် ပြီး မထီတရီ ပြုံး နေတဲ့ မြတ်နိုး ကို ကျွန်တော် တည်တည်ငြိမ်ငြိမ် စိုက် ကြည့် လိုက်တယ် ။
“ မြတ်နိုး နင် သာ ကိုသူရ ကို လက်ထပ် လိုက်စမ်းပါ ၊ ဒီ ကမ္ဘာ မှာ အပျော်ဆုံး လူ က ငါ ပဲ ။ ဘာလို့လဲ သိလား ၊ နင်တို့ သားအ မိကို စောင့်ရှောက် ပေးနေရတဲ့ ဒုက္ခ ၊ အဲ ဒုက္ခ တွေ ပေါ့သွားလို့ ဟေ့ ... ”
“ ဘာ ... နင် ဟာ နင် ... နင် ...”
ကျွန်တော့် ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး အော်ဟစ် ၊ ရင်ဘတ် ထဲ က ခုန်ထွက်ချင် နေတဲ့ စကားတွေ ကို မျိုသိပ် ၊ ချာခနဲ လှည့် ကျောခိုင်း ၊ ကျွန်တော် နဲ့ ဝေးရာ ကို မြတ်နိုး ပြေးထွက် လို့ သွားပြီ ။ ကျွန်တော် က တော့ တောင့် တင်း နေတဲ့ ခြေထောက်တွေ နဲ့ အချိန် အတော်ကြာ အဲဒီ နေရာက နေ ခွာ မရဘူး ။ မျက်ဝန်းတံခါး ကို ကျူးကျော် ဖို့ ကြိုးစား နေတဲ့ မျက်ရည် တွေ ကို လည်း အတားအဆီး မရှိ ကျွန်တော် ခွင့်ပြု မိတယ် ။ မိုးတွေ က လည်း ငြိုးမာန် ဖွဲ့ လို့ သည်း နေတယ် ။ မိုးရေ တွေ နဲ့ အတူ ကျွန်တော့် မျက်ရည် တွေ လည်း ကန်ရေပြင် ထဲ ကို အရှုံး ပေး လို့ စီးဆင်းနေတယ် ။
[ ၅ ]
အတိတ် ကို ပြန် တွေး မိတိုင်း ကျွန်တော့် ပါးပြင် ပေါ် မှာ မျက်ရည်မြစ် တစ်စင်း စီးဆင်း သွားတတ်တယ် ။ မျက်ရည် တွေ ကို လက်ခုံ နဲ့ ပွတ်သပ် လိုက်တယ် ။ ညောင်း ညာ နေတဲ့ ခြေထောက် တွေ က လည်း အတော်အတန် ပြေလျော့ သွားပြီမို့ ထိုင်ရာ က ထတယ် ။ အဲ ဒီအချိန်မှာပဲ အစိုး မရတဲ့ ရန်ကုန် မိုး က ဗြုန်းဆို ရွာချ ပြန်တယ် ။ အား ကိုး ရာ ထီး ပါတဲ့ လူတွေ က တော့ အလျှိုလျှို ထီးလေး တွေ ဖွင့် ဆောင်းလို့ ။ လက်ဗလာ နဲ့ ကျွန်တော် က တော့ ခေါင်း ပေါ် ကို လက် နှစ်ဖက် အုပ် တင် လို့ မိုးခို ဖို့ နေရာ ရှာ ရတယ် ။ ခပ်လှမ်းလှ မ်းက အအေးဆိုင်လေး ထဲ ကို ကျွန်တော် ပြေးဝင်လိုက်တယ် ။
ခပ်ကျဉ်းကျဉ်း ဆိုင်လေး ထဲ မှာ တိုးဝှေ့ လို့ မိုး ခို တယ် ။ စိုစွတ် နေတဲ့ မိုးရေ တွေ ကို လက် နဲ့ သပ် ချလိုက် တယ် ။ ဘောင်းဘီအိတ် ထဲ ထည့် ထားတဲ့ ဖုန်း က ရုတ်တရက် မြည် လာတော့ ဖုန်း ကို ထုတ် ကြည့်တယ် ။ မြင် လိုက် ရတဲ့ နံပါတ် ကြောင့် ပြုံး မိရဲ့ ။ မြည်နေ တဲ့ ဖုန်း ကို ကိုင် လိုက်တယ် ဆိုရင်ပဲ ..
“ ဟဲ့ မိုးဝေ ၊ မိုးတွေ ရွာ နေတယ် နော် ။ နင် အခု အပြင် မှာ လား ၊ ထီး ရော ပါရဲ့လား ။ မပါ လည်း မိုး လွတ်ရာမှာ ခို နေနော် ”
တရစပ် ပြော နေတဲ့ မြတ်နိုး ရဲ့အသံ ကြောင့် ကျွန်တော် ပြုံး မိတယ် ။ သူ စိတ် မပူစေဖို့ အတွက် သူ့ အမေးတွေ ကို ဆီလျော် အောင် ကျွန်တော် ဖြေလိုက်တယ် ။ ကျွန်တော့် အဖြေ စကား ကြောင့် စိတ်ချလက်ချ ဖုန်း ချဖို့ ပြင်နေတဲ့ မြတ်နိုး ကို လှမ်း တား လိုက်ရတယ် ။
“ ဘာ ပြောမလို့လဲ ဟဲ့ ၊ ငါ ဒီမှာ အလုပ် ရှိသေးတယ် ”
ကျွန်တော် သက်ပြင်းမော တစ်ချက် ရှိုက် ထုတ် လိုက်တယ် ။
“ နင့် ယောက်ျား ငါ့ သူဌေး ကိုသူရ ကို ပြောပေးပါ ဟာ ၊ သူ ပြောထားတဲ့ ကိစ္စ ကို ငါ သဘော တူပါတယ် လို့ ”
“ ဪ ... အေး အေး ၊ ဘာ ကိစ္စလဲ ဟဲ့ ”
ကျွန်တော် အံတင်းတင်း ကြိတ် လိုက်တယ် ။
“ အလုပ် ကိစ္စပါ ဟာ ”
“ ဪ ... အေး ဒါပဲနော် ”
ဖုန်း ချဖို့ ဟန်ပြင် နေတဲ့ မြတ်နိုး ကို ဒုတိယအကြိမ် လှမ်း တား မိပြန်တယ် ။
“ မြတ်နိုး ၊ နင် နဲ့ ကိုသူရ တို့ ကလေး ရ လာရင် လေ သားလေး ပဲ ဖြစ်ဖြစ် ၊ သမီးလေး ပဲ ဖြစ်ဖြစ် မိုး ဆိုတဲ့ အမည် တစ်လုံး တော့ ပါအောင် မှည့်ပေးပါ ဟာ ”
မြတ်နိုး ဟာ ဟာသပြက်လုံး တစ်ခု ကြား လိုက်ရ သလို ဟက်ဟက်ပက်ပက် ရယ်မော ပြီး ဖုန်း ချ သွား တယ် ။ ကျွန်တော့် ရင်ဘတ်ကြီး က လည်း နာနာကျင်ကျင် နဲ့ ငိုမဲ့မဲ့ကြီး ရယ် နေတယ် ။ မိုးမင်းကြီး က လည်း ကြေကြေကွဲကွဲ နဲ့ ပြုံးဖြဲဖြဲကြီး မဲ့နေတယ် ။ ဪ ... မြတ်နိုး ရယ် ၊ တကယ်တော့ ငါ ဟာ လေ ဟိုး အရင် ကတည်း က ထမင်းချိုး ဟင်းချိုး ဘဝ ပါ ဟာ ။
◾ စံရတီ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
သြဂုတ် ၊ ၂၀၁၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment