Friday, May 17, 2024

ဖြေဆေး


 ❝ ဖြေဆေး ❞


လွမ်းစရာလား .. ။ နာစရာ နဲ့ ဖြေပေါ့ အမှီ ရယ် ဟု မုဆိုးမကြီး က သတင်းစာပတ် ဆေးပေါ့လိပ် ကို ရှိုက်ဖွာ ပြီး နောက် မီးခိုးလုံးတွေ ထဲ က နေ မုဆိုးမ အသစ်စက်စက် ကို သံဝေဂ အသံ ဖြင့် ပြောသည် ။ မုဆိုးမကြီး သည် ယနေ့ မှ မြေချခဲ့ရသူ ၏ ဦးလေး အရင်း ၏ ဒုတိယ ဇနီး ဖြစ်သည် ။ မုဆိုးမ အသစ်စက်စက် က မျက်တောင်တိုတွေ ပုတ်ခတ်ပုတ်ခတ် ဖြင့် မျက်ရည်ဝဲ လာ၏ ။ ထို အဘွားကြီး မှာ ပထမ အိမ်ထောင် သေပြီး များ မကြာမီ နောက်ထပ် အိမ်ထောင် ပြု ခဲ့ရာ နောက် အိမ်ထောင် က လည်း “ လွန် ” သွား ပြန်၏ ။


“ ညည်း လင် လည်း မကောင်းပါဘူး .. ငါ့ လင် လည်း ဘာ ထူးမှာလဲ ။ မိန်းမ ကို နိုင်စားဖို့ ပဲ ချောင်း နေတာ ။ ဒါပေမဲ့ သူ သေတော့ ဝမ်းသာ သလိုလို တောင် ဖြစ်ခဲ့သေး .... ။ ဒါပေမဲ့ မတော်ပါဘူး ဆိုပြီး ကြိတ်မှိတ် နေခဲ့ရတာ အေ့ ။ သူတို့ ညီအစ် ကို တူဝရီးတွေ များ မိန်းမ အပေါ် အတော် နိုင်စားကြတာ ။ တို့တွေ နာ ဖို့ပဲ ကောင်းတယ် ”


“ ငယ်လင် ငယ်မယား ဆိုတော့ လည်း လွမ်းရတာပေါ့ ဒေါ်နှောင်း ရယ် ။ သူ က နေ့မြင် ညပျောက် ဆို သလို ဗြုန်းစားကြီး ဖြစ်သွားတာ ကိုး ၊ ကျွန်မ မှာ အလောင်း ကို မီရုံကလေး ပဲ ရှိတယ် ။ နောက် တစ်ရက် လောက်များ နောက်ကျ ရင် သူ့ အလောင်း ကို တောင် တွေ့ရတော့မှာ မဟုတ်ဘူး ” ဟု အမှီ က တစ်ဆို့ဆို့ ပြောသည် ။


အမှီ ၏ ခင်ပွန်း ကိုစန်းမောင် သည် အမှီ အထက် အညာ မုံရွာမြို့ ဘက် သို့ အလည် အပတ် ခရီး ထွက် နေစဉ် ရန်ကုန် ၌ ဥပစ္ဆေဒကကံ ဖြင့် ရုတ်တရက် ကွယ်လွန် ခဲ့ရခြင်း ဖြစ်၏ ။ သူတို့ မှာ သားထောက် သမီးခံ များများစားစား မရှိ ။ အိမ်ထောင်ခွဲ သမီး တစ်ဦး နှင့် သား လူပျို တစ်ဦး တို့ သာ ရှိကြသည် ။ သား က လည်း ရပ်ဝေး တစ်နေရာ မှာ မင်းမှုထမ်း ဘဝ ဖြင့် ရောက် နေသည် ။ ဖခင် ၏ ဈာပန ကိစ္စ ပြီး လျှင် သား သည် မိမိ တာဝန် ထမ်းဆောင်ရာ ဒေသ သို့ ပြန် သွားရမည် ။ သမီး က လည်း သမက် မိသားစု ရှိရာ ရန်ကုန်အရှေ့ပိုင်း ခရိုင် တစ်နေရာ သို့ ပြန် သွားရမည် ။ အမှီ မည်သူ နှင့် နေ မည်နည်း ။


အမှီ ဖြေမပြေ နိုင်ခြင်း တွင် လောက အလယ် ၌ အထီးတည်း ကျန်ရစ် တော့မည် ။ မိမိ ၏ မုဆိုးမ ဘဝ အတွက် အားငယ် စိတ်ပျက်မှု လည်း ပါ၏ ။ ငယ်ချစ် လင် သည် မိမိ ကို အထီးကျန် မုဆိုးမ ဘဝ ထဲ သို့ အလစ်အငိုက် မှာ တွန်းချ ထားခဲ့ခြင်း ဖြစ်သည် ဟု ပင် အမှီ ယောင်ချာချာ တွေး မိသည် ။ ငါ အရင် သေပြီး သူ တစ်ယောက်တည်း ကျန်ခဲ့ရင် သူ ငါ့ လို ခံစား ရပါ့မလား ။ သူ က နောက်အိမ်ထောင် ပြုဖို့ အမြန်ဆုံး စဉ်းစားတော့ မှာ ။


စင်စစ် ကိုစန်းမောင် ရော အမှီ ပါ အသက် ၆၀ ကျော် ၇၀ အတွင်း တွေ ဖြစ်ကြသည် ။ တစ်ပင် လဲ မူ တစ်ပင် ထူ ဖို့ အရေး မှာ မကြံကောင်း မစည်ရာ ဟု ပင် ပြောနိုင်သည် ။


“ အားမငယ်ပါနဲ့ အေ ... ညည်း နဲ့ ငါ လာ နေမှာပေါ့ ။ ညည်း ကျွေးထားစရာ မလိုပါဘူး ။ ငါ့ အရောင်းအဝယ် နဲ့ ငါ စားလောက်ပါတယ် ” ဟု မုဆိုးမကြီး က ဆက်ပြော နေသည် ။


မုဆိုးမ အသစ်စက်စက် အမှီ အတွက် စားဝတ်နေရေး က ပြဿနာ မဟုတ် ။ ကိုစန်းမောင် ချန်ရစ်ခဲ့သော အငြိမ်းစား လစာငွေ ရှိသည် ၊ သား နှင့် သမီး က လည်း မိခင်တစ်ဝမ်း တစ်ခါး အတွက် ထောက်ပံ့ နိုင်သည် ။ မနာရေး မကျန်းမာရေး အတွက်လည်း ပူစရာ အကြီးအကျယ် မရှိ ။ အမှီ မှာ စုဆောင်းငွေ အသင့်အတင့် ရှိထားသည် ။ လက်တွေ့ အခက်အခဲ မှာ မိမိ ကြိုတင် ပြင်ဆင်ခြင်း မပြုခဲ့သော အထီးကျန် ဘဝ ကို မည်သို့ ရင်ဆိုင်ရမှန်း ၊ အမှီ မဝေခွဲနိုင်ခြင်း ၊ အဓိက အစီအစဉ် မချနိုင်ခြင်း ပဲ ဖြစ်သည် ။


“ ဟို ... နောက်လမ်း ထဲ က မနီ ပဲ ကြည့်ပါလား အေ ။ သူ့ လင် သေတော့ မနီ အသက် ကလေး ၅ဝ လောက် ပဲ ရှိဦးမှာ ။ သားတွေ သမီး တွေ လည်း အားကိုးလို့ မရ ။ ဆွေမျိုး အသိုင်းအဝိုင်း က လည်း ကပ် လို့ မရတော့ တရားရိပ်သာ မှာ ထာဝရ သီလရှင် ဝတ် လိုက် တယ် ။ မနီ တို့ ဘဝများ အေးချမ်း လိုက်တာ ။ ကမ္မဋ္ဌာန်းဆရာမ ဖြစ်ပြီး ဝဖြိုး စိုပြည် လို့ .. ” ဟု မုဆိုးမအိုကြီး စကား ဆက်သည် ။ အမှီ က ဘာ စကား မျှ မပြန် ။ ရင်ထဲ  က တော့ ( လူချင်း တူပေမယ့် အသက်ရှူချင်း က ကွဲသေးတာကိုး ) ဟု မြည်တမ်း လိုက်သည် ။ ပြောရ လျှင် ... အမှီ က မိစ္ဆာဒိဋ္ဌိ မဟုတ်သော်ငြား အသက်ကြီး လာ လျှင် ( မုဆိုးမ ဖြစ်ခဲ့လျှင် ) ဘုရားရိပ် ကျောင်းရိပ် ခိုဖို့ ဘယ်တုန်း က မျှ စိတ် မကူးခဲ့ ။ လောကီ နယ်ပယ် မှာ ပဲ နေပြီး တတ်အား သမျှ ဒါန ၊ သီလ ၊ ဘာဝနာ ပွားမည် ဟု သာ ရည်ရွယ်ချက် ထား ခဲ့သည် ။ အရှင်းဆုံး ပြော ရလျှင် သံသရာဝဲသြဃ ထဲ မှာ သားသမီး ၊ မြေး ၊ မြစ် တွေ နှင့် ကျင်လည် မွေ့လျော် လိုသည် ။


“ ငါ ပြောသလိုပါပဲ အမှီ ရယ် .. လွမ်းစရာ လား နာစရာ နဲ့ ဖြေ လိုက်ပေါ့ ။ အဲလို ဖြေနိုင်မှ ညည်း နေသာ ထိုင်သာ ရှိမှာ ။ အခု စန်းမောင် ဆုံးတာ ၂ လ ကျော်ပြီ ။ ဘာမှ မကျန်တော့ဘူး ။ ပြာ တစ်မှုန် တောင် ရှာ ရမှာ မဟုတ်တော့ဘူး ။ ညည်း စိတ်သစ်လူသစ် နဲ့ ဘဝသစ် ကို စ ရတော့ မှာ ။ အဲလိုမှ မဟုတ်ရင် ညည်း စိတ်ထော င်းကိုယ်ကျေ ဘဝ က တက်မှာ မဟုတ်တော့ဘူး ” 


အမှီ က မုဆိုးမကြီး ကို ဆတ်ခနဲ လည်တိုင် ကို စောင်း ၍ ကြည့်လိုက်၏ ။ စိတ်သစ် ၊ လူသစ် ၊ ဘဝသစ် တဲ့ ။ ဘာ အဓိပ္ပာယ်ပါလိမ့် ။


“ စိတ်သစ် ၊ လူသစ် ၊ ဘဝသစ် ဆိုတာ ဘာလဲ ဒေါ်နှောင်း ။ ကျွန်မ ကောင်းကောင်း နား မရှင်းဘူး ”


“ စန်းမောင် ကို မေ့လိုက်တော့ လို့ ပြောတာ ။ မမေ့နိုင်ဘူး ဆိုရင်လည်း ဘယ်တော့မှ စိတ်မချမ်းသာနိုင်ဘူး ။ အဲဒါ ပြောတာဟေ့ ”


“ ငယ်လင် ငယ်မယား ပါလို့ ပြောနေ ။ မေ့နိုင်မတဲ့လား .. ။ ပြီးတော့ အခု ကျွန်မ နေတဲ့ အိမ် ကို ကြည့်ဦးလေ ။ အဲဒါ သူ ဆောက်သွားတာ ။ ပြီးတော့ ဒီ အိမ် ထဲ က ပစ္စည်းပစ္စယ တွေ ၊ အဲဒါ သူ ရှာဖွေတဲ့ ပင်စင်ငွေ နဲ့ စားရမှာ ။ သူ့ ကို ကျွန်မ ဘယ်လိုလုပ် မေ့ ရမှာလဲ ။ အရှင်း မေ့ပစ်မယ် ဆိုရင် သူ့ အပေါ် ကျွန်မ ကျေးဇူး ကန်းရာ ကျတော့ မပေါ့ ။ ဘာပဲ ဖြစ်ဖြစ် သူ က အိမ်ဦးနတ် ပဲ လေ ဒေါ်နှောင်း ရဲ့ ”


အဘွားကြီး က ခြောက်ကပ်ကပ် နှင့် ခွက်ထိုးခွက်လန် ရယ်သည် ။ ရယ်ရင်း သလိပ်သံ ပါပါ နှင့် ချောင်း က ဆိုး နေပြန်၏ ။ အဘွားကြီး က သရော် လိုက်မှန်း အမှီ မသိ ။ ဘာကြောင့် ရယ် လိုက် မှန်းလည်း နားမလည်


“ အမယ်လေး.. အိမ်ဦးနတ် ကျေးဇူးရှင်ကြီး ၊ အိမ်ထောင်ဦးစီး လူတော်လူကောင်းကြီး ။ ငါ လည်း အိမ်ထောင် နှစ်ဆက် ကျပြီး မုဆိုးမ နှစ်ထပ်ကွမ်း ဖြစ်ခဲ့ရတာပါအေ ။ ယောက်ျားတွေ ကောင်းမှန်း ဆိုးမှန်း ညည်း ထက် ပိုသိပါတယ် ။ ညည်း လင် စန်းမောင် ဟာ ငါ့ ယောက်ျား ဘက် က တော်ရတဲ့ တူ ဆိုပေမယ့် သူ့ အကြောင်း ကို တူ အရင်း နီးနီး ချေး ( ကြေး ) ခါး အူမ မကျန် ငါ နားလည်ပါတယ် ။ ဒင်း ( သင်း ) က စောစောစီးစီး သေ သွားတာပဲ ။ ဒင်း ( သင်း ) သက်ဆိုး ရှည် နေရင် ခုနစ်ရက်သားသမီးတွေ စိတ်ဆင်းရဲ နေကြပေဦးမှာပဲ ”


ဒေါ်နှောင်း က နှုတ်ခမ်းတလန် ပန်းတလန် နှင့် ဖိဖိစီးစီး မှိုချိုး မျှစ်ချိုး ပြောနေ သည့် တိုင် အမှီ က တုံ့ပြန် ချေပဖို့ စိတ် မကူးခဲ့ပါ ။ မိမိ ၏ ခင်ပွန်းသည် လူကောင်း စစ်စစ်ကြီး မဟုတ် သလို ပီဘီ လူဆိုးကြီး လည်း မဟုတ် ။ သူ က အရက် မူး လာ လျှင် မယား ကို ဆီလို အပေါက် ရှာပြီး ပြစ်တင်ကြိမ်းမောင်း တတ်သည် ။ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ရိုက်ပုတ် တတ် သေးသည် ။ လူ အသား ကို မထိရ လျှင် အိုးခွက်ပန်းကန် တွေ ရိုက်ခွဲ တတ်သည် ။ ဖရုဿဝါစာ တွေ လည်း အော်ကြီးဟစ်ကျယ် ရေရွတ် မြည်တမ်း တတ်သည် ။ သို့သော် အရက်သေစာ မသောက်စား ဘဲ ပုံမှန် အသိစိတ် ရှိနေသည့် အခါ အမှီ ကို မျက်စောင်း ထိုး၍ ပင် မကြည့်တတ် ။ လက်ညိုးကလေး နှင့် ရွယ်ဖို့ ပင် သတိ မရ ။ မည်သို့ဆိုစေ ဆွေမျိုး အသိုင်းအဝိုင်း နှင့် ပတ်ဝန်းကျင် က သိထားကြသည် မှာ ကိုစန်းမောင် သည် “ မယားနိုင် ၊ လူကြမ်း ၊ တစ်ဖက်သတ် သမား ” သူ့ တို့ မသိကြသည် မှာ အရက် မမူးပါ က ကိုစန်းမောင် သည် အမှီ ကို တုန် နေအောင် ချစ်ခင် ကြင်နာတတ် ဖူးဖူးမှုတ် ထားတတ်ခြင်း ။


ကိုစန်းမောင် ရုတ်တရက် ကွယ်လွန် သွားသောအခါ အတိုင်းမသိ အံ့သြ တုန်လှုပ်ရ သည်မှာ အမှီ သာ ဖြစ်သည် ။ ခင်ပွန်းသည် နေ့မြင် ညပျောက် ( ကံ ) ဖြတ် ၍ သေရလိမ့်မည် ဟု အမှီ မထင်မှတ်ခဲ့ဖူးပေ ။ ယခု လို ဗြုန်းစား ကွယ်လွန် ရ လေသော် အမှီ အတွက် မိမိ ရပ်စရာ မဟာပထဝီ မြေပြင် ပျောက်ကွယ် ရ သလို မိမိ အတွက် နေလနှစ်ပါး ကွယ်ပ ဆုံးရှုံး ရ သလို နင့်နင့်စူးစူး ခံစား လိုက်ရ၏ ။ ဤ ဝေဒနာမျိုး ကို ( ဒေါ်နှောင်း ပြောသလို ) လွမ်းစရာ လား ။ နာစရာ ဖြင့် ဘယ်လို ဖြေရမည်နည်း ။ အမှီ မှာ ကြေကွဲဆုံးရှုံးခြင်း သာ ရှိ၏ ။ နာကြည်းမုန်းတီး ခြင်း အလျင်း မရှိ ။


“ ဒီလိုလုပ် အမှီ ရယ် .. ညည်း စိတ်ပြေလက်ပျောက် လည်း ဖြစ် ၊ ကုသိုလ်လ ည်းရအောင် တရားစခန်း ဝင်လိုက် ။ ၁ဝ ရက် မှာ မှ ငွေသုံးထောင် ပဲ ကုန်မယ် ။ မကျေနပ် သေး ရင် နောက် ထပ် ၁၀ ရက် ထပ်ပြီး ဝင် ၊ ညည်း စိတ်သစ်လူသစ် ဖြစ်သွားမယ် ”


ဒေါ်နှောင်း က စိတ်အား ထက်ထက်သန်သန် နှင့် အကြံပြု တိုက်တွန်း နေပြန်၏ ။ နှစ် ၃၀ ကျော် ခင်ပွန်းသည် အဖြစ် ချစ်ခင်ယုံကြည်စွာ ပေါင်းသင်း လက်ခံသူ ကို ၁ဝ ရက် ကာလ ဖြင့် မည်သို့ လျှင် မေ့ပျောက်နိုင်ပါ အံ့နည်း ။ သည် တစ်ကြိမ် တော့ အမှီ သည် မချိ သွားဖြဲ ပြုံး လိုက်ကာ ။


“ တရား မရဘဲ စိတ္တဇ ဝင်သွားမှ ဖြင့် ခက်ရချည်ရဲ့ တော် ။ တချို့ စိတ် မနိုင်လို့ တရားစခန်း ကနေ ( ၃ ) ( ၄ ) ရက် နဲ့ ပြန်လာရတဲ့ သူတွေ ရှိသတဲ့ ဒေါ်နှောင်း မကြားဖူးဘူးလား ဟင် ”


မိန်းမ ချင်းချင်း ( မုဆိုးမ ဘဝတူ ချင်း ) ဒေါ်နှောင်း ထံ မှ အတုခိုး သင့်သော အရည် အသွေးအချို့ သတ္တိဗျတ္တိ အချို့ ရှိနေကြောင်း အမှီ သတိထား မိသည် ။ ပထမ အိမ်ထောင် နှင့် သားသမီး ( ၄ ) ဦး ရ ခဲ့သည် ။ ဒုတိယ အိမ်ထောင် နှင့် သမီး တစ်ဦး ရခဲ့သည် ။ သူမ ၏ သားသမီး ( ၅ ) ယောက် စလုံး ချောင်ချောင်လည်လည် နှင့် အိမ်ထောင်ရေး သာသာယာယာ ရှိ ကြ၏ ။ သို့သော် ဒေါ်နှောင်း သည် မည်သည့် သားသမီး နှင့် မျှ သွား မနေဘဲ မိမိ အိမ် မှာ မိမိ တစ်ကိုယ်တော် နေထိုင်သည် ။ မိမိ အိမ် မှာ တစ်နိုင်တစ်ပိုင် အိမ်ဆိုင်ကလေး တည် ထားပြီး အမြတ်ငွေ နှင့် လောက်င အောင် သုံးစွဲ နေထိုင် ခဲ့ရာ ဒေါ်နှောင်း လက် ထဲ မှာ စုဆောင်းမိသော ငွေပိုငွေလျှံ ပင် ရှိ၏ ။


“ ညည်း ကို ငါ အသင့်တော်ဆုံး အကြံ ပေးမယ် ။ ညည်း အိမ် ကို အိမ်ငှား တင်လိုက် ။ ငါ့ အိ မ်မှာ ညည်း လာနေ ။ ရတဲ့ စပေါ် ကို ငါ့ ဈေးဆိုင် မှာ အရင်း ထည့်လိုက် ။ အမြတ် နဲ့ စား ။ စားတာ က တော့ ငါ နဲ့ တစ်အိုးတည်း စားကြတာပေါ့ အေ ။ ဈေးဆိုင် က အမြတ် ကို နှစ်ယောက် အတူ မျှ စားမယ် ။ အဲဒါ ဆိုရင် ညည်း လက် ထဲ က အထုပ်အထည် လည်း မပျောက်ပျက်ဘူး ။ ညည်း အိမ် ကို အငှား ချတဲ့ ဆီ က လည်း နောက်ပိုင်း လစဉ် ဝင်ငွေ ရ လာမယ် ။ ညည်း လက် ထဲ မှာ ပိုလျှံ လာတဲ့ ငွေ ကို ညည်း ဘာသာ ညည်း လှူ ချင် လှူ ။ တန်း ချင် တန်း ။ ဒါမှမဟုတ် တုံးလုံးစာ အတွက် စုဆောင်း ထား ။ မတ်တတ်စာ ထက် တုံးလုံးစာ က ပိုပြီး အရေးကြီး တာ အေ့ ” ဟု ဒေါ်နှောင်း က အကြံ ပြု ပြန်တယ် ။ အမှီ သည် တစ်ကြိမ် တစ်ခါမျှ တုံးလုံးစာ တွေ မတ်တတ်စာ တွေ အကြောင်း မတွေးဖူး ခဲ့ ။ ခင်ပွန်း ကိုစန်းမောင် က တစ်သက်လုံး လုပ်ကျွေး နေမည် ဟု သာ ပေါ့ပေါ့တန်တန် ထင် ထားခဲ့၏ ။


ယခု ငယ်ချစ် ပင် တိမ်းပါး သွားခဲ့ပြီ ဆိုသော အခါ တုံးလုံးစာ မတ်တတ်စာ တွေအကြောင်း အမှီ မစဉ်းစား ၍ မရတော့ ။ ဒေါ်နှောင်း ၏ အကြံပြု စကား မှာ မိမိ ဘဝ နှင့် အံကိုက်သည် ။ သင့်တော်သည် ဟု ပင် အမှီ တွေးမိ၏ ။ သား နှင့် သမီး ကတော့ အမှီ ၏ ဘဝသစ် ပုံစံ စီမံကိန်း ကို အလို မကျကြ ။ သူတို့ ၏ ‘ အဘွားလေး ’ ဒေါ်နှောင်း က ‘ အမေ့ ’ ကို ကြိုးကိုင် ဆရာ လုပ် နေသည် ဟု ယူဆ ကြသည် ။


“ အမေ စဉ်းစားဦး နော် ။ အဘွားလေး က အမေ နဲ့ သွေးသား တော်စပ် တာ လည်း မဟုတ်ဘူး ။ အဖေ့ ဘက် က သာ တော်မယ် ဆို တော်လို့ ရတာ ။ ဒါတောင် သေချာ စဉ်းစားရင် အဖေ နဲ့ သွေး တစ်စက် မှ စပ်တာ မဟုတ်ဘူး ။ အဘိုးလေး နဲ့ ညား လို့ အဘွားလေး တော် နေရ တာ ” ဟု သမီး က ကန့်ကွက်ချိန် အတွင်း အမှီ က ဆုံးဖြတ်ချက် ချပြီး နေပြီ ။ “ ခင်ရင် ဆွေမျိုး ” ဟူသော အယူအဆ က အမှီ ခေါင်း ထဲ မှာ သံမှို နှက် သလို စွဲ နေပြီ ။ ထို့ပြင် အမှီ က ဘဝ တူ မုဆိုးမ ဖြစ်သော ဒေါ်နှောင်း ၏ ဘဝ ရပ်တည်မှု ကို အားကျ နှစ်သက် နေသည် ။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ် အမှီအခို ကင်းမဲ့သော ဘဝ ဖြစ်၍ ဂုဏ်ယူစရာ ပင် ကောင်း နေသေး သည်  ။


“ ဒေါ်နှောင်း က စိတ်ကောင်း ရှိပါတယ် အေ ။ အမေ တစ်ခု စဉ်းစား ထားတာ ရှိတယ် ။ အမေ က ဒေါ်နှောင်း နဲ့ နေမှာ ဆိုတော့ သမီး အဖေ ထားရစ်ခဲ့တဲ့ အိမ် ကို ဈေးကောင်း ရရင် သမီးတို့ ရောင်းပြီး မောင်နှမ နှစ်ယောက် တစ်ယောက် တစ်ဝက် ဆီ ခွဲ ယူလိုက်ကြပေါ့ ” 


အမှီ ၏ စကား ကို ကြား လျှင် သမီး က နှာခေါင်း ရှုံ့ လိုက်သည် ။


“ အမေ အလွယ် မပြောနဲ့ ။ သမီးတို့ မောင်နှမတွေ က အိမ် ရောင်းပြီး ခွဲယူ လိုက်ပါပြီတဲ့ ။ အဲဒီ အချိန် မှာ မပြော ကောင်း မဆို ကောင်း ဒေါ်နှောင်း က လည်း သေပြီ ဆိုရင် အမေ ခြေလွတ် လက်လွတ် ဖြစ်သွားမှာ ။ ဒေါ်နှောင်း အိမ် ကို သူ့ သားသမီး ၅ ယောက် က ရောင်းပြီး ဝေခြမ်း ယူ ကြမှာပေါ့ ။ အဲဒီကျ အမေ ဘယ် သွား နေမလဲ ”


“ ဒါကတော့ နောင်ခါ လာ နောင်ခါဈေး ပေါ့ အေ ”


အမေ မုဆိုးမ စိတ်ချမ်းသာပါစေ ဟူသော ရည်ရွယ်ချက် ဖြင့် အမှီ ကို သား နှင့် သမီး က မကန့်ကွက် တော့ ။ အမှီ လည်း သူ့ အိမ် ကို လူငှား တင် ။ သူ က ဒေါ်နှောင်း အိမ် သို့ ပြောင်းရွှေ့ ကာ ဒေါ်နှောင်း စျေးဆိုင် ကို တိုးချဲ့ ကြသည် ။ ဒေါ်နှောင်း ၏ မြေးဝမ်းကွဲမကလေး တစ်ယောက် ကို လည်း ဈေးဆိုင် မှာ ကူညီဝိုင်းဝန်း ဖို့ ငှား လိုက်ကြသည် ။ ပတ်ဝန်းကျင် က ဈေးကွက် စီးပွားရေးခေတ် မှာ အဘွားကြီး ( ဒေါ်နှောင်း ) လာဘ် မြင်သည် ဟု ချီးကျူး ကြသည် ။


မကြာမီ နယ် မှာ နေသော သားတော်မောင် က အိမ်ထောင် ပြုမည် ဆို၍ အမှီ ၏ နေအိမ် ကို ရောင်းကာ သား တစ်ဝက် သမီး တစ်ဝက် ခွဲ ပေး လိုက်သည် ။ အမှီ က တစ်ပြားတစ်ချပ် မျှ မယူပါ ၊ မိမိ မှာ သွားလေသူ ကိုစန်းမောင် ချန်ရစ်ခဲ့သော အသက်အာမခံ ငွေ ပင်စင် ရောင်းရ ငွေ အပြင် ကျန် စုဆောင်းငွေ ပါ အထုပ်လိုက် ရှိနေသည် ။


“ အမေ့ အတွက် မပူနဲ့ ၊ အမေ့ မှာ တုံးလုံးစာ ရော မတ်တတ်စာ ပါ ရှိပြီးသား ” ဟု သား နှင့် သမီး ကို အားပေးစကား ပြောခဲ့သေး၏ ။


ထိုမှ တစ်နှစ် တစ်နှစ် ခွဲ ကြာသော အခါ အမှီ ၏ ဦးခေါင်း ပေါ် မှ ကောင်းကင်ကြီး ပြိုကျ လာ တော့သည် ။


 •••••   •••••   •••••


ဒေါ်နှောင်း လေဖြတ် ပြီး ရက်ပိုင်း အတွင်း သူ့ သားသမီး ၅ ယောက် စလုံး ဒရော သောပါး ရောက်ရှိ လာကြ၏ ။ သမီးကြီး က မိခင် လူမမာ ကို ကုသပြုစုရန် ခေါ်ယူ သွားမည် ။ ဤ အိမ် ၌ ဒေါ်အမှီ မလိုအပ်တော့ပါ ။ ဤ အိမ် ကို ရောင်း၍ မိခင် အား ဆေးဝါးကုသမည် ဟု ဆိုသည် ။ အမှီ လည်း လက်ကျန် ကုန်သေးကုန်မွှား တွေ ကို ရရာ ကြေးဖြင့် ရောင်းထုတ် ပစ် လိုက်ရ၏ ။ ရောင်းရငွေ က တစ်ဝက် ကို မိမိ ယူ၍ ကျန် တစ်ဝက် ကို ဒေါ်နှောင်း ၏ သမီးကြီး လက် သို့ အပ် လိုက်ရသည် ။


အသက် ၆၀ ကျော် မုဆိုးမ အမှီ ဘယ်သို့ သွား အံ့နည်း ။ သားကြီး က စိတ်လိုလက်ရ ခေါ် သော် လည်း ချွေးမ က အင်တင်တင် ၊ သမီး ရော သမက် က ပါ လှိုက်လှဲစွာ ခေါ်ငင် ကြပါ သော် လည်း သမက် အရက်သမား နှင့် အိမ် အမိုး တစ်ခု အောက် မှာ အတူတူ နေ၍ မဖြစ် ။


လင် အရက်သမား ၏ ဒဏ် ကို ဝ နေအောင် ခံခဲ့ ပြီးပြီ ၊ သမက် အရက်သမား ၏ ဒဏ် ကို ( အဆစ် ) အဖြစ် မရယူ လိုတော့ ။ မိမိတို့ ဈေးဆိုင် သို့ လာနေကျ ယောဂီရောင်ဝတ် သီလရှင်ကြီး ထံ သို့ အမှီ ရောက် သွား၏ ။ မိမိ ၏ လိုရင်းဆန္ဒ ကို ပွင့်လင်းစွာ မဖွင့်အန်ရဲသေး ။ ဘယ်က စ ပြောရမှန်း မသိ ဖြစ်နေသည် ။ သီလရှင်ကြီးက တော့ အမှီ ဒုက္ခသောက တွေ ကို ရိပ်စားမိပုံ ရသည် ။ ဟိုဟိုသည်သည် စကား စပ်ရင်း က နေ သီလရှင်ကြီး က


“ တစ်နေ့ က ရွာ ထဲ မြက်ရိတ်သမား တစ်ယောက် ပိုး ထိတာ ဆေးရုံ အရောက် မြန်တော့ ဖြေဆေး ထိုးတာ မသေတော့ဘူး ” ဟု ဆိုသည် ။ 


“ တပည့်တော်မ လည်း ဖြေဆေး လိုနေပြီ ဆရာကြီး ရဲ့ ” ဟု အမှီ က ကြိုတင် ရည်ရွယ်ရင်း မရှိဘဲ လွှတ်ခနဲ ညည်းသံ လွှတ် ထွက်သွား၏ ။


◾ကြူးနှစ်


📖 အလင်္ကာဝတ်ရည် ဂျာနယ်  

      မေလ ၊ ၂၀၁၁ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment