Saturday, May 4, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၉ )


 “ ကျန်းမာရေး နဲ့ ထမင်းစား နားကြမယ်ဟေ့ ” 


အော်သံ နှင့် အတူ ကား က ထမင်းဆိုင်ကြီး တစ်ဆိုင် ရှေ့ ဖြည်းညှင်းစွာ ဆိုက်ရောက် သွားသည် ။


“ ဟေ့ကောင် ... တံခါး ဖွင့်လေကွာ ”


တွေဝေမှု ၊ နောက်ကျိမှုများ ကို ဖြုတ်သိမ်းရင်း ခြေနင်းခုံ မှ ထ ကာ တံခါး ကို ဆွဲဖွင့် ပေး လိုက်သည် ။


သက်ကြီးရွယ်အို များ ၊ တုန်တုန်ချိချိ များ ဆင်းသည် ကို ဂရု မစိုက်နိုင် ဘဲ မြင့်စန်းရီ ကို သာ ငေးကြည့် နေမိသည် ။ မြင့်စန်းရီ ကားတံခါး နား ရောက်တော့ အရှေ့ မှာပိတ် ၍ နှေး နေသော အဘွာ ကြီး နှစ်ယောက် ကို တွန်း ချပြီး ..


“ မြင့်စန်းရီ ... ဖြည်းဖြည်း ဆင်းနော် ”


“ ဟဲ့ ... ဟဲ့ အောင်မလေး ဘယ်လိုလဲ ကျော်ကို နင့် စပယ်ယာ က ငါတို့ လို အဘွားကြီး ကို တွန်း ချပြီး မြင့်စန်းရီ လို သန်သန်မာမာ ကြီးကြတော့ တွဲ လို့ ၊ ဟင် ဒါက ဘာ သဘောလဲ ”


“ ဟုတ်ပါ့ အေ ... ဒူး က မကောင်းရတဲ့ ကြား ထဲ ကား ပေါ် က တွန်းချ ခံရတယ်လို့ ။ အားလားလား ဟပ်ထိုးတောင် လဲတော့မလို့ ၊ ရန်ကုန် စပယ်ယာ ပီသပါ့ ”


အဘွားကြီးများ စကား ကို ဒဒွေးသုံးလုံး ကျော်ကို က ... 


“ ဟေ့ကောင် ... မင်း ဘယ်လို လုပ်လိုက်တာလဲ ” 


သူ့ အမေး ကို ကျွန်တော် လည်း ယောင်ပြီး ... 


“ ကျွန်တော် လည်း ကန်ချဖို့ မေ့သွားတာ ၊ အဲလေ အောက် မြန်မြန် ရောက်အောင် ကမန်းကတန်း ညင်ညင်သာသာ တွန်းချ တာ ၊ ဟီဟိ အရှိန် နည်းလို့ ၊ နို့မို့ရင် ဟပ်ထိုးဟပ်ထိုး နဲ့ အိမ်သာ တန်း ရောက်မှာ ၊ အဟိ လာ မြင့်စန်းရီ ၊ လာ ဖြည်းဖြည်းဆင်း ၊ ခြေကျင်းဝတ် နာလိမ့်မယ် ”


ဟု ဆိုကာ မျက်နှာကြီး တစ်ကွက် ထဲ ရူး ပြီး လှမ်း ခေါ်လိုက် သည် ။ မြင့်စန်းရီ က ကျွန်တော့် ကို လှည့် ပင် မကြည့်ဘဲ သူ့ ဘာသာ သူ ဣန္ဒြေ ရရ ဆင်းသည် ။ ကျွန်တော့် မျက်လုံးများ က မြင့်စန်းရီ နောက် ကရုဏာ ပေါင်း မြောက်မြားစွာ နှင့် ကပ်ပါ သွားရ၏ ။ ဒါကို ကြည့် ၍ အဘွားကြီးများ က ...


“ အောင်မလေး ကြည့်ကြစမ်းပါဦး ၊ လူ က ကား ပေါ် က မဆင်းရသေးဘူး မျက်လုံး က အိမ်သာ ရှေ့ ရောက်နေပြီ ၊ တဏှာရူးချက် က တော့ အမေ နဲ့ မိန်းမ တောင် ဘယ်ဟာ အစားထိုး မှန်း သိမှာ မဟုတ်ဘူး ”


အဘွားကြီးများ စကား ကို ကျွန်တော် က ...

 

“ ဟာ ကြီးမေ တို့ က လည်း ဒါများ ဘာ စဉ်းစားစရာလိုလဲ ၊ ရပ်ကွက် ထဲ က သက်ကြီးရွယ်အို မိန်းမ ဘယ်သူဖြစ်ဖြစ် အမေ လို့ ခေါ် လို့ ဘယ်သူမှ စိတ် မဆိုးဘူး ၊ ပျိုပျိုရွယ်ရွယ် မိန်းမ ဘယ် မိန်းမ ဖြစ်ဖြစ် မိန်းမ လို့ သွား ခေါ် ကြည့် ပါလား ပါးကျိုး

သွား မှာပေါ့ ၊ ဘယ်ဟာ အစားထိုး ရမလဲ အသိသာကြီး ၊ အမေ က ဘယ်သူ ဖြစ်ဖြစ် ခေါ်လို့ ရတယ် ၊ မိန်းမ က ဘယ်သူ့ ဖြစ်ဖြစ် ခေါ်လို့ မရဘူး ” 


“ အောင်မလေး လေ... စပယ်ယာ လို့ မပြောရဘူး နှုတ်သီး ကောင်း လျှာ ပါး ၊ ဒီလိုအတွေးအခေါ်မျိုး နဲ့ က တော့ ကြီးပွားဦးမယ် ”


“ ဟုတ်ပါ့ ... ပြောနေပုံ ကို က အမေ ကို တောင် ရပ်ကွက် ထဲ က တွေ့ကရာ မိန်းမကြီး အမေ ခေါ် အစားထိုး လို့ ရတယ် ၊ မိန်းမ က တော့ ကိုယ့် မိန်းမ က လွဲပြီး အစားထိုး လို့ မရဘူး ဆိုတဲ့သဘော ၊ အံ့ပါ့တော် ရုပ်ရှင်ရူး တွေ နဲ့ တွေ့မှ  ငါတို့ လည်း ရူးကြောင်ကြောင် စကားတွေ ကြား နေရတယ်လို့ ဟင်း ”


ကျွန်တော် သူတို့ စကားများ ကို ကျော်ဖြတ် လိုက်သည် ။ ခြေလှမ်းများ က မြင့်စန်းရီ သို့ ။ မြင့်စန်းရီ ခြေလှမ်း က Toilet သို့ ။ သူ့ ခမျာ လည်း မနည်းကျစ်ပြီး လျှောက် နေရပုံ ။


“ ဟဲ့ ... အို ဘယ်လို လိုက် တိုး ”


“ ဟဲ့ ... ဟဲ့ ဘာတွေ အရေးကြီး လာတာလဲ ”


လူ က ရှေ့တန်း တိုက်စစ်မှူး တစ်ယောက် လို ဂိုးသွင်း နိုင်ရန် တွေ့ကရာ လူ တွန်းတိုက် ပြီး ကျော် ထွက် လိုက်သည် ။


“ ဟာ ”


မမီလိုက် တော့ ။ မြင့်စန်းရီ က ဂိုး ထဲ ဝင် သွားလေပြီ ။ တစ်လှိမ့် ချင်း ဝင် သွားခြင်း ပင် မဟုတ် ။ အပြင်း ကန် သွင်း လိုက်သော ဘောလုံး လို လှစ်ခနဲ ပြေးဝင် သွားခြင်းပင် ။


“ ဟင်း ”


မတတ်သာသည့် အဆုံး ဂိုးတိုင်ဝ ကို သာ မှီ စောင့် လိုက် ရသည် ။ မြင့်စန်းရီ ပြန်ထွက် လာချိန် အမြင် လှ စေရန် ခြေ ကို ချိတ်၍ မျက်နှာ ကို ပြုံး ထား လိုက်သည် ။


“ ဟဲ့ ... အို ပြုံးပြုံးကြီး ”


“ ဟင် ... ဟာ ... ဒါ ... ဒါကြီးက ... ဒါကြီးက အမျိုးသမီး အိမ်သာဝ မှာ ”


လာသမျှ လူများ ၏ မျက်နှာ တွန့်ကြေ ကုန်၏ ။ ချစ်သူ ရှိသော နယ်မြေ သည် ကျွန်တော် ၏ ကမ္ဘာ ဖြစ်သည် ။ ကျွန်တော် ၏ ကမ္ဘာ သည် ချစ်သူရနံ့များ နှင့် သင်းပျံ့၏ ။ စမ်းချောင်းကလေး လည်း ရှိ၏ ။ ရေများ ပင် တသွင်သွင် ။


“ ရှူး ... ဟား ”


“ ဟယ် ... ဟယ် မွှေးတယ် ထင်ပါ့ ၊ ရှူးခနဲ တောင်နေသေး ”


“ ဟဲ့ ... ဟို စပယ်ယာ အမျိုးသမီး အိမ်သာ ရှေ့ ဘာလို့ ပြုံးပြုံးကြီး လာ ရပ် နေတာလဲ ၊ ဘာလဲ အနံ့ က မွှေးလို့လား ” 


“ အောင်မယ် ... အောင်မယ် ရုပ် ကို က မြိန် နေတာ ၊ မြိန် နေတာ ၊ ကျောက်စက်ရေစီးသံ ကြားတဲ့ အတိုင်း ”


“ ဟဲ့ ... ဘာလု ပ်နေတာလဲ သွားလေ ” 


အဘွားကြီးများ အော်သံ ။ ထိုတော့ မှ ကျွန်တော် ၏ ကမ္ဘာ မှ ပြန်လည် လန့်နိုး လာသည် ။ ခေါင်းပေါ် ရောက် ကမ္ဘာလေး ၏ နာမတော် ကို ပြန် ပတ်ကြည့်လိုက်သည် ။


“ အမျိုးသမီးများ သာ ”


“ ဟိုက် ... လွဲပြန်ပဟ ”


ရှက်ကိုးရှက်ကန်း နှင့် ခြေလိမ် ထွက် လာပြီး နောက် ကမ္ဘာ တစ်ခု ရှေ့ သွား ရပ်လိုက်သည် ။


“ အမျိုးသားများ သာ ”


“ တောက် ... နံဟောင် နေလိုက်တာ ”


အသက် ကို မနည်း အောင့် ထားလိုက်ရသည် ။ စိတ် ထဲ တွင် လည်း ...


“ အတော် ဆိုးတဲ့ လူတွေ ကွာ ”


ဟု သာ ။ ဒါမျိုး က တော့ ဆိုးပါ့ ။ ကျား အချင်းချင်း ဆို မှန် တောင် မကြည့်ချင်သူ မို့ ထို အနံ့ က အခံရ ခက်၏ ။


အရှေ့ မှ ဖြတ် သွားသော အဘွားအို တစ်ဦး မှ ... “ တကယ်ပါအေ ... အသက်ကြီး မှ ကိုယ်ဝန် ဆောင် တာ တစ်မျိုး ၊ ဒီကောင့် မျက်နှာ မြင်ရတာ တစ်မျိုး အခံရ အခက်ဆုံးပဲ ” 


တဲ့ ။ ဟုတ်မှာပါလေ အသက်ကြီး မှ ကိုယ်ဝန်ဆောင် တော့ ဘာဖြစ်မှန်း မှ ကိုယ် မသိတာ ။ ဒီ မျက်နှာကြီး မြင်တော့ လည်း မလိုချင် တဲ့ ကလေး အလိုလို ရ သလို နေမှာပေါ့ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment