Friday, May 24, 2024

မယား နှင့် အလုပ်


 ❝ မယား နှင့် အလုပ် ❞ 


တင်တင် သည် မိမိ တရိုတသေ ထားသော သားရေအိတ်အငယ် အတွင်း မှ ဓာတ်ပုံကလေး တစ်ခု ကို ထုတ် ၍ စားမတတ် ၊ ဝါးမတတ် တပ်မက် အထူး ချစ်ခင်သော မျက်နှာထား ဖြင့် ကြည့် ပြီး လျှင် ၊ ဪ ... လောက မှာ ကိုကို ထက် ချစ်တာများ ရှိဦး မလား ။ ငါ ဟာ ကိုကို အတွက် ဆိုလျှင် အသက် ကို လည်း အသေခံ ရဲ ရဲ့ ၊ စား တဲ့ အစာ ကို လည်း အန် ပြီး ကျွေးချင် ရဲ့ စသည် ဖြင့် မိမိ တစ်ယောက် တည်း ရောက်မိရောက်ရာ ပြောဆို ကာ ၊ ထို ဓာတ်ပုံ ရှင် ကလေး ကိုကို ၏ အပေါ်၌ စိတ် မချုပ်တည်း နိုင် လောက် အောင် အချစ်လှိုင်း အိအိကြီး တို့ သည် တက်၍ တက်၍ လာ လေ၏ ။


တဖန် မိမိ လင်ယောက်ျား ကိုဘသိန်း ၏ အကြောင်း ကို တွေးတော လိုက်သော အခါ ဪယောက်ျား ... ယောက်ျား ... ယောက်ျားများ ဟာ အင်မတန် ခက်တာမျိုး ပဲ ။ အဲဒီလို ယောက်ျားများ ခက်တာ ထက် လင် ယောက်ျား က သာပြီး တော့ ခက် တာပဲ ၊ သူတို့ ဟာ မိန်းမ မရခင် က တော့ အချစ်ကလေး ရဲ့ ၊ တင် ရဲ့ ၊ ခင် ရဲ့ နှင့် ။ ကနွဲ့ကလျ လုပ် ကာ လောကကြီး တစ်လုံး နှင့် မလဲနိုင်သလောက် ပလီပလာ ပြောကြပေမယ့် ရ ပြီးလို့ သူတို့ မယား ဖြစ်သွား လျှင် သူတို့ လုပ် နေတဲ့ အလုပ် လောက် တောင် ဂရု မစိုက်ကြ ဘူး ။ ခု ကာလယောက်ျား အလုပ် များပြီး ဗိုလ် သိပ် ဆန်တဲ့ ကိုဘသိန်း တို့ လို လူတွေ ဟာ သာပြီး ခက်တာပဲ ။ သူတို့ မှာ တယ်လီဖုန်း နဲ့ ၊ ဒိုင်ယာရီ စာအုပ် နဲ့ ၊ လက်နှိပ်စက် နဲ့ ၊ စီးကရက် နဲ့ ၊ လက်ပတ်နာရီကလေး ကို ကြည့်ကာ အချိန် ကို ချိန်း ၊ ကိန်း ဆင်ပြီး ဉာဏ်သစ် ထုတ်ဖို့ အလုပ် အတွက် စဉ်းစားရ တာ က အမော ၊ လက်အောက်ငယ်သားတွေ အပေါ် မှာ သြဇာကလေး တပေးပေး နဲ့ ၊ ဧည့်သည် လာပြန် လျှင် လည်း စကား မပြောအားသေး လို့ ၊ ခဏ ဆိုင်း ပါဦးလို့ ဟန်တလုံး ၊ ပန်တလုံး ပြောရတာ က လည်း တစ်မျိုး ရှုပ်ထွေးပါကလား နော် ။ မယား ကို ဖြင့် သူတို့ အလုပ် တစ်ဝက် လောက် မှ အသက် ရှိတယ် မထင်ဘူး ။ ကိုကို ဟာ လည်း တစ်နေ့ မှာ ဒီလိုပဲ နေဦးမယ် ထင်ပါရဲ့ ။ သူ လည်း ယောက်ျား ပဲ လေဟု စဉ်းစား ကာ ကိုကို ၏ ဓာတ်ပုံကလေး ကို ငေးစိုက် ၍ ကြည့် ပြန် လေ၏ ။ ဓာတ်ပုံကလေး မှာ အနည်းငယ် မြင့်ကျယ်သော နဖူး ၊ ခပ် ပြူးပြူး မျက်လုံး ၊ ပြုံးမလို ဟန် နှင့် နှာတံကလေး ပေါ်ပေါ် ရှိသဖြင့် မြင်မိ ကြည့်မိ သူ မိန်းမ တိုင်း မဲမဲသဲသဲ နှင့် အသည်းစွဲ ချစ်လောက် သော ဓာတ်ပုံ ကလေး ဖြစ်လေ၏ ။


ထို ဓာတ်ပုံကလေး မှာ ပြင်ဦးလွင် ဥယျာဉ်ကြီး အတွင်း ၊ သာယာ စိမ်းစို သော မြက်ခင်း ပေါ်၌ ရိုက် ၍ ယူသော ဓာတ်ပုံ ဖြစ်သဖြင့် ၊ ထို ဓာတ်ပုံ ကို ကြည့် ရှုသော တင်တင် မှာ ပြင်ဦးလွင် ၌ ကိုကို နှင့် နေထိုင်ခဲ့သော အဖြစ်အပျက် တို့ ကို ကွက်ကွက်ကွင်းကွင်းကြီး စိတ် အတွင်း ၌ ပေါ်လာလေ၏ ။


၎င်းပြင် ကိုကို ဖြင့် ဒီ နေရာကလေး ကို အောက်မေ့ မှာ ပဲ ၊ အရင် က နေခဲ့တာတွေ ကို သတိရ မှာပဲ ၊ ရပါ့မလားနော် ဟု အောက်မေ့ ကာ ဓာတ်ပုံ ကို တဖန် ကြည့်ရှု ပြန်သော အခါ ရိုးသားသော မျက်နှာထား ၊ ယောက်ျား ပီသ သော မျက်နှာ ၊ ဘယ်အရာ ကို မဆို မဖြစ်လျှင် ဖြစ်အောင် လုပ်မည့် လက္ခဏာ ရှိသော ပါးရိုး တို့ ကို တွေ့ရ ပြန်သော အခါ ကိုကို ၏ အပေါ် ၌ ချစ်ခင်ခြင်း နှင့် ချီးမွမ်းခြင်း တို့သည် စိတ်တွင်း မှာ စက်ခုတ် သလို တလှုပ်လှုပ် ဖြစ်ပေါ် လာ လေ၏ ။


သို့သော် တစ်ခါတစ်ခါ ကိုကို ဟာ လည်း ကိုဘသိန်း လို ပဲ ။ တစ်နေ့ မှာ အိမ်ထောင် ကျ လို့ ( ဦးကိုကို ဖြစ်လာတဲ့ အခါ မုန်းစရာ ကောင်းတဲ့ တယ်လီဖုန်း တို့ ၊ ဒိုင်ယာရီ တို့ ၊ လက်နှိပ်စက် တို့ ၊ ဖောင်တိန် တို့ ကို သုံးပြီး ဟန်တလုံး ပန်တလုံး ထုတ်ကာ ၊ အမြင် ကတ်စရာ မျက်နှာကြီး နှင့် ဧည့်သည် လာ လျှင် တောင် မအားသေးဘူး ၊ စောင့်နေပါဦးလေး ဘာလေး ညာလေး နဲ့ နေဦး မှာ ပဲ ထင်ပါရဲ့ ၊ အို ... နိုပေ့ တဲ့လေ ကိုကို တော့ ကိုဘသိန်း လောက် မျက်မှောင် ကြီး တကြုတ်ကြုတ် နဲ့ စတိုင် ထုတ်မယ် မဟုတ်ပါဘူး ဟု ထူးထူးထွေထွေ တွေးတော ကာ နေ လေ၏ ။


ကိုကို မှာ သေသူ မဟုတ် ၊ ကိုဘသိန်း ကဲ့ သို့ ပင် အသက် ရှင် နေသူ ဖြစ် သဖြင့် ဤသို့ တွေးတော လိုက်သော အခါ တင်တင် သည် ကိုဘသိန်း အပေါ် မှာ အချစ် ပေါ့ သလို ဖြစ် သွားပြီး ကိုကို ၏ အပေါ် မှာ သာ ပိုမို တိုးတက် ၍ ချစ်ခင် လာ လေ၏ ။


တင်တင် သည် ဓာတ်ပုံ ပါသော သားရေအိတ် ကို ပိတ် လိုက်ပြီး နောက် မိမိ ၏ လင်ယောက်ျား ကိုဘသိန်း အကြောင်း ကို ဆက်လက် တွေးတော ပြန်သော အခါ ကိုဘသိန်း သည် ရှေးအခါ ကာလ မိမိ နှင့် အိမ်ထောင် မကျမီ ( ဦးဘသိန်း ) ဟု အခေါ် မခံရမီ ဤကဲ့သို့ တယ်လီဖုန်း တွေ ၊ အလုပ် စားပွဲ တွေ ၊ ဒိုင်ယာရီ စာအုပ် တွေ ၊ ဖောင်တိန် တွေ ၊ လက်နှိပ်စက် တွေ မသုံးမီ ဘဝ က ဤကဲ့သို့ လည်း အလုပ်တွေ တရှုပ်ရှုပ် မျက်မှောင်ကြီး ကြုတ် ကြုတ် နှင့် မနေဘဲ အလုပ် နည်းပါးသလောက် သားမယား ၏ အပေါ် ၌ ဂရုစိုက် ခဲ့ သဖြင့် တင်တင် မှာ မိမိ ၏ လင် ဂရုအစိုက် နှင့် ပျော်ပျော်ပါးပါးကြီး နေခဲ့ရ သော်လည်း ကိုဘသိန်း မှာ အလုပ်အကိုင် ကြီးပွား ၍ သူဌေးကြီး ဖြစ် လာ မှ အလုပ် ကို ပိုမို ၍ သဲသဲမဲမဲ လုပ်ကိုင် နေ သောကြောင့် မိမိ အား ပင် ဂရု ကောင်းစွာ မစိုက်ဘဲ နေသည် ကို တွေးတော ဝမ်းနည်း မိ လေ၏ ။


တင်တင် မှာ အပြေး မတတ်သော မြင်းကြီး ကို မွေးမိသူ နှင့် တူ လေ၏ ။ သို့သော် တင်တင် သည် မိမိ ၏ လင်ယောက်ျား အပေါ် ၌ မဖောက် မပြားဘဲ ရိုရိုသေသေ နေထိုင် ခဲ့ လေ၏ ။ သို့သော် ဤကဲ့သို့ မိမိ ၏ လင် ယောက်ျား က စိမ်းစိမ်းကားကား နေခဲ့သည့် အတွက် ၊ တင်တင် ၏ စိတ် မှာ ယခု နေသော အဖို့၌ အထူး ချောက်ချား လှုပ်ရှား၍ လာရသည် မှာ အံ့သြစရာ မဟုတ်ပေ ။


တင်တင် သည် မိမိ ၏ စိတ် ၌ တစ်စုံတစ်ခု ကို လုပ်တော့မည် ဟု ပြဋ္ဌာန်း ထားသည့် လက္ခဏာ နှင့် အိမ် ပေါ် မှ ဆင်းလာ ခဲ့ ပြီးလျှင် မိမိ ၏ လင်ယောက်ျား ကိုဘသိန်း အလုပ် လုပ် နေသော အလုပ်ခန်း ဆီ သို့ သွား ၍ ၊ အခန်းတွင်း ၌ မည်သူ တစ်ယောက်မျှ မရှိသည် ကို ချောင်း ၍ ကြည့် သဖြင့် သိသည့် အတိုင်း တံခါး ကို လှည့် ၍ အခန်းတွင်း သို့ ဝင်သွား လေ၏ ။


ထိုသို့ ဝင်သွားသော အခါ ကိုဘသိန်း မှာ ဂဏန်းကလေးတွေ ကို စက္ကူ ပေါ် မှာ ရေး ၍ ပေါင်းကြည့် နေဆဲ ဖြစ် သဖြင့် မိမိ ၏ ဇနီး ကို လှည့်  ၍ မကြည့်ဘဲ နေ လေ၏ ။


တင်တင် မှာ မိမိ ၏ ယောက်ျား မျက်နှာ ကို မြင်ရ သဖြင့် “ ကိုဘသိန်း ကိုဘသိန်း ” နှစ်ခွန်း သုံးခွန်း ခေါ် သော်လည်း ပြန်၍ မကြည့် ဘဲ မိမိ ၏ မယား အား လက် ကာ ၍ ဂဏန်းများ ကို အပြီးသတ် အောင် ပေါင်း နေ လေ၏ ။ 


ဤ အခိုက်အတန့် ၌ အလုပ် စားပွဲ ပေါ် ရှိ ပြာခွက် ပေါ် တွင် တင်၍ ထား သော အင်ဂျီနီယာ စီးကရက် မှာ အငွေ့ တထောင်းထောင်း နှင့် မီးလောင် လျက် ရှိ၍ ကိုဘသိန်း ၏ နောက် နား က စာပုံနှိပ်စက် ရိုက်သော အင်္ဂလိပ်မလေး မှာ မိမိ ရိုက်နှိပ်သော အလုပ် ကို ခေတ္တ နားကာ ၎င်းတို့ နှစ်ယောက် အား ငေးမော၍ ကြည့် နေလေ၏ ။


ဤကဲ့သို့ ငါးမိနစ် ခန့် မျှ အခန်း တစ်ခု ၌ တိတ်ဆိတ်စွာ နေပြီး နောက် ကိုဘသိန်း မိမိ ရေးသားသော ဂဏန်းများ ကို ပေါင်းခြင်း အလုပ် ပြီးစီး ၍ မိမိ ၏ မယား ကို မော့ ၍ တစ်ချက် ကြည့်လိုက်လေ၏ ။ သို့သော် ထိုကဲ့သို့ ကြည့်ခြင်း မှာ လင်ကြည့် သားကြည့် ကြည့်သည် မဟုတ် ။ အလုပ်အကိုင် ထဲ ကြည့်ခြင်း အနေ မျိုး နှင့် ဘာကိစ္စ ရှိလို့ လာ သလဲ ဟု မေးမြန်းသော အနေ မျိုးနှင့် ကြည့်ခြင်း ဖြစ် သဖြင့် တင်တင် မှာ မိမိ သည် အကြောင်း တစ်ခု ခု ရှိသောကြောင့် သာ အလုပ် ထဲ သို့ လာရောက်ရပါသည် ဟု ကျေနပ်အောင် ပြောဆိုရန် တာဝန် ရောက် သကဲ့သို့ ဖြစ် လေ၏ ။ ဤသို့ ဖြစ်စေကာ မူ တင်တင် မှာ အချင်း ဆက်ဆံသော မိတ်ဆွေ မဟုတ် ။ အလုပ်တိုက်ရှင် ကိုဘသိန်း ၏ မယားကြီး အထင်အရှား ဖြစ်နေ သဖြင့် တင်တင် သည် မိမိ ၏ စိတ် ကို တင်းပြီး “ ကျွန်မတို့ သွားကြရအောင် ” ဟု ပြော လိုက်ရာ ၊ ကိုဘသိန်း မျက်နှာ ကို အတည် ထား ၍ “ ဘယ်ကိစ္စ သွားရမှာလဲ ” ဟု မေးမြန်းသည် နှင့် တစ်ပြိုင်နက် စာအုပ် တစ်အုပ် ကို ယူ၍ တစ်စုံတစ်ခု ကို ရေး ပြီး လျှင် “ ပြော ပါဦး ဘယ်လမ်း ကိုလဲ ” နှုတ် က ထွက်၍ မေးမြန်းသည် နှင့် တစ်ပြိုင်နက် တယ်လီဖုန်း နားထောင်စရာ ကို ယူ၍ နား မှာ တတ်ပြီးလျှင် တစ်စုံ တစ်ယောက် နှင့် စကား ပြောရာ တင်တင် က ရှက်ကြောက်ကြောက် နှင့် “ ဘယ် လမ်း ကိုပဲ ဖြစ်ဖြစ် ” ဟု မကျယ်တကျယ်နှင့် ပြော လိုက် သော်လည်း ကိုဘသိန်း မှာ ထိုသို့ ပြန်၍ ပြော လိုက်သော စကား ကို မကြားဘဲ တယ်လီဖုန်း မှာ သာ စကား ပြော နေ လေ သဖြင့် တင်တင် မှာ သုံးမိနစ် ခန့် မတ်တတ် ပင် တောင့် ၍ နေရ ပြန် လေ၏ ။


၎င်းနောက် တယ်လီဖုန်း ကို လက်လွှတ် လိုက် ၍ တင်တင်အား ဘယ်လမ်း ကို လဲ မေးသော အနေဖြင့် မော့ ၍ ကြည့် ပြန်ရာ “ အို မောင်ခိုင် ဖြစ်ဖြစ် မော်ထော်လေး ဖြစ်ဖြစ် ” ဟု ခပ်ထစ် ထစ် နှင့် လမ်း ၏ အမည် ကို ပြောလို က်ရာ ၊ အလုပ် ကို သာ ဂရုစိုက် ၍ နေသော ကိုဘသိန်း က လူ နာမည် ကို ပြောသည် ထင်၍ “ အို ဒီ အတွက် သူတို့ ဆီ ကို သွားဖို့ မလိုဘူး ။ သူတို့ နှင့် သေသေချာချာ စကား ပြောလို့ သေချာ ပြီးပြီ ။ စာချုပ် မှာ လက်မှတ် ထိုးရုံပဲ လို တော့တယ် ။ လက်မှတ် ထိုး ပြီးလျှင် ဒီ အလုပ် တော့ နေရာ ကျမှာပဲ ။ တစ်သောင်း ကျော် လောက် တော့ အေးအေးလေး မြတ် မှာပေါ့ ” ဟု မိမိ စိတ်အားသန် ထင်မြင်ရာ အလုပ် ၏ အကြောင်း ကို သာ ပြော လိုက်ရာ ၊ တင်တင် မှာ စိတ် အလွန် ပျက်ပြီး လျှင် မျက်နှာ မကောင်းဘဲ အလုပ်ခန်း မှ ထွက်လာခဲ့လေ၏ ။


ကိုဘသိန်း မှာ ညောင်လေးပင် က အရေးကြီးသော အလုပ် ကိစ္စ အတွက် ကြေးနန်း တစ်စောင် ရသဖြင့် အိမ်သို့ မပြန်နိုင် ဘဲ အလုပ်တိုက် မှ ဘူတာရုံ သို့ တိုက်ရိုက် ဆင်း ကာ သွားရလေ၏ ။


နောက် တစ်နေ့ နေလယ် မှာ ညောင်လေးပင် က မိမိ ၏ အိမ် သို့ ပြန် ရောက် သဖြင့် တင်တင် ၏ အိပ်ခန်းဘက် သို့ လှည့် ၍ ကြည့် လိုက်သော အခါ တံခါး မှာ ပိတ် ၍ တိတ်တိတ်ဆိတ်ဆိတ် နေသည်ကို တွေ့ရ သဖြင့် မိမိ ၏ မယား သည် မကျန်းမာ ၍ ပင် နေသလား ဟု တံခါး ကို တွန်း ၍ ဝင် သွား ရာ တင်တင် သည် ကိုကို ၏ ဓာတ်ပုံကလေး ကို ကြည့် နေရာ မှ သားရေအိတ်ကလေး ကို ရုတ်တရက် ပိတ် လိုက် ၍ တစ်ဖက် ကို မျက်နှာ လွှဲ သွား ပြီးလျှင် မျက်ရည်များ သာ အသွယ်သွယ် ကျ ၍ နေရှာသည် ကို တွေ့ရ လေ၏ ။ 


ထိုအခါ ကိုဘသိန်း က တင်တင် ရဲ့ ၊ ဘာလုပ် နေတာလဲ ။


တင် ။  ။ “ ကျွန်မ သွားတော့ မလို့ အထုတ် ထုပ် နေတယ် ”


သိန်း ။  ။ “ ဘာဖြစ်လို့လဲ ”


တင် ။  ။ “ ကျွန်မ သွားမယ် ဆိုတာ ကိုဘသိန်း သိလောက် ပါတယ် ၊ ကိုယ့် မယား ကို ကိုယ့် တယ်လီဖုန်း စကားပြော တာ လောက် မှ ဂရု မစိုက်ဘဲ နေလို့ ဘာ ကောင်းမှာလဲ ”


သိန်း ။  ။ “ ဘယ်ကို သွားမှာလဲ ” 


တင် ။   ။ “ ပြင်ဦးလွင် ကို ” 


သိန်း ။  ။ “ တစ်ယောက်တည်း သွားမယ်လား ” 


တင် ။  ။ “ မဟုတ်ဘူး ။ ကိုကို နဲ့ ”


ထိုအခါ ကိုဘသိန်း မှာ မိမိ မယား မျက်နှာ ကို ကြည့် ကာ ပင့်သက် ရှူပြီး နောက် ၊ ခုတင် ဘေး က ကု,လားထိုင် ပေါ် မှာ မိမိ ၏ ကိုယ် ကို တအား ပစ်ချ ၍ ထိုင်လိုက် ပြီး လျှင် ..


သိန်း ။  ။ “ ဒါဖြင့် တင်တင် ကို အလုပ်ခန်း မှာ တုန်းက ဘာပြု လို့ ကောင်းကောင်း စကား မပြောနိုင်ဘူး ဆိုတာ ထုချေချက် ကျေနပ်အောင် မပေးရဘူးလား ”


တင် ။  ။ “ ပေးရပေမယ့် ကိုဘသိန်း က အလုပ် များလွန်းလို့ ဘယ်နေရာမှာ သွားပြီး ထုချေဦးမလဲ ”


သိန်း ။  ။ “ အခု တင်တင် သွားချင်တဲ့ ပြင်ဦးလွင် မှာ ပဲ လိုက်ပြီး ထုချေပြမယ် ” ဟု ပြောကာ အလွန် ပြုံးခဲသော မျက်နှာ ကို ပြုံးပြီး လျှင် ကိုဘသိန်း သည် လက်ဝဲဘက် လက်ကလေး ကို သာယာစွာ ဆွဲကို င်၍ လက် တစ်ဖက် မှ ကျော ကို သပ်ကာ တောင်းပန်သော လက္ခဏာ ကို ပြ၍ “ ဟေ့ ... မပု , မပု ” ဟု ကလေး ထိန်းသော အာယားမ အပု ကို ခေါ်လိုက် သဖြင့် မပု လည်း အခန်း တွင်း သို့ ဝင်လာ လေ၏ ။


ကိုဘသိန်း သည် မပု ဘက် သို့ လှည့်ကာ “ ကလေး ကို ရေချိုးပြီး အဝတ် လဲ လိုက် ၊ မင်း လည်း အဝတ်အစား ပြင် ထုတ်ပိုးယူခဲ့ ၊ တို့ အခုပဲ ရထား နဲ့ ပြင်ဦးလွင် ကို လိုက်မယ် ” ဟု ပြော လိုက်ရာ မပု လည်း “ ကောင်းပါ ပြီ ” ဟု ပြော၍ အခန်းတွင်း မှ ထွက်သွား လေ၏ ။


ညနေ ငါးနာရီ အချိန် ၌ ရန်ကုန် မှ မန္တလေး သို့ ထွက် သော မီးရထား ပေါ် တွင် တင်တင် သည် မပု ထံ မှ ကလေး ကို တောင်းယူပြီး ပွေ့ချီ လျက် “ ကိုကို မေမေ့ သားကြီး အခု ပြင်ဦးလွင် ကို  သွားကြမယ် ၊ သား ကို ဓာတ်ပုံ ရိုက် ယူတဲ့ နေရာ ကို မှတ်မိရဲ့ လား ။ ကြည့်စမ်း ဟောဒီ ဓာတ်ပုံ က လေ ကိုကို လည်း ကြီး လျှင် မင့် အဖေ လို တယ်လီဖုန်း ၊ လက်နှိပ်စက် တို့ ကို သာ ဂရု စိုက်ပြီး သားမယား အလို ကို မလိုက်ဘဲ လူမိုက်ကြီး မလုပ်နဲ့ နော် ” ဟု ပြောရာ ကိုဘသိန်း မှာ အလုပ်ခန်း ထဲ တွင် ဧည့်သည် နှင့် စကား ပြောသော ပြုံးသော အပြုံးမျိုး ဖြင့် တင်တင် ၏ ဘက် သို့ လှည့် ကာ ကြည့်လိုက် လေ၏ ။ 


◾ရေးသူ -  ?


📖 ခေတ်ဟောင်း ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment