❝ ဖိနပ် ဇာတ်လမ်း ❞
ကျွန်တော် ၏ ယောက္ခမ မုဆိုးမ အဘွားကြီး ဒေါ်လှသိမ်း သည် လှပသော စိတ်နှလုံး ကို သိမ်းယူထုပ်ပိုက် ထားသူ တစ်ဦး ဖြစ်ပါသည် ။ လိုက်လျောလွယ်သော ၊ ကြင်နာချစ်ခင်တတ်သော နှလုံးသား ပိုင်ရှင် ဖြစ်ရာ ၁၄ နှစ် သမီး အရွယ် မှာ ဖဲသမား ၊ ကြက်သမား ၊ လောင်းကစားသမား တစ်ယောက် နှင့် အိမ်ထောင် ကျခဲ့ပြီး ၁၅ နှစ် သမီး မှာ သားသည် အမေ တစ်ယောက် ဖြစ်လာသည် ။ ထိုစဉ် ကတည်း က သူ ဈေး ရောင်းသည် ။ ဈေးတောင်း ခေါင်း ရွက် ငါးစိမ်းသည် ဆိုပါစို့ ။ သူတို့ အရပ်ဒေသ က ဒီရေ အတက်အကျ ရှိသော မြစ်ဝကျွန်းပေါ် ပင်လယ်ပိုင်း ဖြစ်ရာ ခြောက်သွေ့ သန့်ရှင်းသော လမ်း က နည်းပါး ပြီး ရွှံ့ထူ ဗွက်ထူ သော မညီမညာ လမ်း တွေ က တင်းကျမ်း ပြည့် နေသည် ။ ဆိုလိုသည် မှာ သူတို့ အရပ်သ ည် အဖိုးတန် ဖိနပ်ကောင်း နှင့် အဆင် မပြေခြင်း ဖြစ်သည် ။ ဒေါ်လှသိမ်း သည် ငယ်စဉ် ကတည်း က ဖိနပ် စီးလေ့စီးထ သိပ် မရှိခဲ့ပါ ။ လမ်းလျှောက် ဈေးသည် ဘ ဝမှာ နှစ် နှင့် ချီ ၍ ကြာအောင် ကျင်လည် ရုန်းကန် ခဲ့၍ ရွှံ့ထဲ ဗွက်ထဲ ရုန်းရဖန် များခဲ့သော ဒေါ်လှသိမ်း ၏ ခြေဖဝါး အစုံ သည် ကျားလက်ဝါး က အရှုံး ပေးရ မတတ် ကြမ်းထော် ထူပျစ် နေပါသည် ။ ခြေချောင်းတွေ လိမ်ရွဲ့ ကောက်ကွေး နေကြ ပြီး ခြေသန်းဖျားတွေ က ကြက်ငှက်ခြေသည်းများ လို ချွန် မြ လျက် အတွင်း ဘက် သို့ ကုပ်ဝင် ကွေးကောက် နေကြ သည် ။ လူကောင် အလုံးအထည် ကြီးမားသည် နှင့် အမျှ ကျွန်တော့် ယောက္ခမ ဒေါ်လှသိမ်း ၏ ခြေထောက် တွေ က လယ်သမား ခြေထောက် လို ပုံပျက် ကျယ်ပြန့် နေသည် ။
ချုပ် ပြောရ လျှင် မလှသိမ်း အပျိုပေါက် အရွယ် ကတည်း က သူတို့ ရွာ ၊ သူတို့ နယ် က သူ နှင့် ရွယ်တူတန်း မိန်းမသူ တွေ ထဲ မှာ သူ ခြေထောက် အစုံ က အကြီးဆုံး ဖြစ်ခဲ့ပြီး မိန်းမစီး ဖိနပ်တွေ ကို စီး၍ မရတော့ပါ ။ ယောက်ျား စီး ‘ ဆိုက်ကြီး ’ ဖိနပ်တွေ ကို သာ စီးရတော့သည် ဟု မလှသိမ်း က ဂုဏ်ယူစွာ ပြောလေ့ရှိသည် ။ သူ က သူ့ ဖိနပ် ကို ဖိနပ် ဟု မခေါ် ၊ ‘ သမ္ဗန် ’ ဟု ခေါ် တတ်သည် ။ ‘ ငါ့ သမ္ဗန် မတွေ့မိကြဘူးလား ဟေ့ ’ ဟု မေး တတ်သည် ။ သူ့ ဖိနပ်တွေ က သမ္ဗန် အရွယ်အစား လောက် ကြီးမားကြောင်း ရည်ညွှန်းခြင်း ဖြစ်ပါသည် ။
ထို့ပြင် ဓာတ်သိများ သည် မလှသိမ်း နှင့် ခြေ ထောက်ချင်း မတော်တဆ မပွတ်တိုက် မိအောင် သတိ ကြီးစွာ ထား ကြရသည် ။ တိုက် မိ လျှင် အတိုက် ခံရ သူ ၏ ခြေထောက် ဓားရှ ခံရတာ ထက် ဆိုးသွားမည် ။ သစ်တုံး ဖြတ်သော ငါးမန်းစွယ် လွှသွား အရှ ခံရသလို သွေးသံရဲရဲ နှင့် စုတ်ပြတ် သွားမည် ။ သူ့ ခြေသည်း ဆယ်ခု အနက် တစ်ဝက်လောက် မှာ အန္တရာယ် ကြီး သော သဘာဝ လက်နက် အချွန်အတက်များ ဖြစ် နေကြသည် ။
သားသမီး ၄ ယောက် အရ မှာ မလှသိမ်း အိမ်ထောင် ပျက် သွားသည် ။ အငယ် နှစ်ယောက် ကို ခေါ် ၊ အကြီး နှစ်ယောက် ကို ခင်ပွန်း ထံ ထားရစ်ခဲ့ပြီး မလှသိမ်း ရန်ကုန် တက် လာသည် ။ ဖိနပ် ပါ မလာခဲ့ ။ ရန်ကုန် ရောက် မှ ယောက်ျားစီး စောင်းကောက် တံဆိပ် နံပါတ် ၁၁ ကတ္တီပါ ညှပ်ဖိနပ် ကို ဝယ် စီးသည် ။ ဖိနပ်ဆိုင်ရှင် ကု,လားကြီး က မလှသိမ်း ၏ ခြေထောက်ကြီး ကို ကြည့်ပြီး မျက်လုံးပြူး သွားသည် ။
ရန်ကုန် မှာ အခြေကျ နေသော လေဟာပြင်ဈေး ထဲ မှာ အထည်ဆိုင် ဖွင့်ထားသည့် အစ်မ အရင်း မလှငြိမ်း မိသားစု ထံ မှာ မလှသိမ်း တို့ သားအမိ သုံးယောက် မှီခို ကြသည် ။ မကြာခင် မလှသိမ်း သည် သစ်သီးစုံ လက်လီလက်ကား ရောင်း သော သစ်သီးသည်ကြီး တစ်ဦး ဖြစ် လာသည် ။ သူ နှင့် ပါလာသော ရင်သွေးငယ် နှစ်ယောက် တို့ မှာ ၂ နှစ်ကြီး ၊ ၂ နှစ်ငယ် ညီအစ်မ တင်တင်အေး နှင့် ခင်ခင်အေး တို့ ဖြစ်ကြသည် ။ အကြီးမ က ပိုမို ချောမော သော်လည်း လူကောင် သေးသည် ။ အငယ်မ က ရွက်ကြမ်းရေကျို ရုပ်ရည် နှင့် လူကောင် ထွားသည် ။ သို့သော် ခင်ခင်အေး ၏ ခြေထောက် ( ခြေဖမိုး ၊ ခြေချင်းဝတ် ၊ ခြေချောင်းကလေးများ ) က မိခင် နှင့် မတူဘဲ ပုံပန်း ကျန သည် ။ ပုံပန်း ကျသည့် တိုင် ခင်ခင်လေး ၏ ခြေထောက် တွေ က ရွယ်တူ မိန်းမ ခြေထောက် ထက် တော့ မသိမသာ ပိုမို ကြီးမားသည် ။ ခင်ခင်အေး ဖိနပ် အစီးကြမ်း သဖြင့် မကြာခဏ ဖိနပ်တွေ အင်္ဂါချွတ်ယွင်း တတ်ကြသည် ။ ထို့ကြောင့် ခင်ခင်အေး သည် ဖိနပ် တစ်ခါ ဝယ် လျှင် ဆိုက်တူ နှစ်ရန် ပူးဝယ်သည် ။ တစ်ရန် ကို စီး ၊ တစ်ရန် ကို အရန်သင့် ထားရသည် ။ လူမှန်း သိတတ်စ အရွယ် ကတည်း က ဖိနပ် ကောင်းကောင်း ကို စည်းကမ်း ရှိရှိ နှင့် သန့် သန့်ကလေး စီး တတ်သော ကျွန်တော့် လို အကောင် သည် ခင်ခင်အေး နှင့် ဖူးစာ ဆုံဖြစ်အောင် ဆုံ ၊ ညား ဖြစ်အောင် ညား ခဲ့ရ လေသည် ။ ဖိနပ် ဆိုလျှင် နံပါတ် ၁ဝ စီးလေ့ ရှိရာ ခင်ခင်အေး စီးသော ဖိနပ် နှင့် ဆိုက်တူ ဂိုက်တူ ဖြစ်နေ သည် ။ မှား မစီးမိကြအောင် မတူအောင် အရောင် တွေ ၊ ပုံစံ တွေ ကို ရွေး ဝယ်ကြရသည် ။ ဒင်း ( သင်း ) က ကွင်းထိုး တွေ ၊ ကြိုးသိုင်း တွေ ၊ ဒေါက်မြင့် တွေ မကြိုက်ဘဲ ရိုးရိုး ညှပ်ဖိနပ် ကို သာ ကြိုက်သည် ။ ကျွန်တော် က လည်း ယခု ခေတ် မှာ ယောက်ျားကလေး တွေ အစီးများ ကြသော ကွင်းထိုးဖိနပ်တွေ ဆိုလျှင် ‘ အဲသဟာမျိုး က အနောက်တိုင်းသား တွေ ရေချိုးခန်း ထဲ ၊ အိမ်သာ ထဲ မှာ သာ စီးကြတာ ။ ကု,လားတွေ အစီး များ လို့ ကု,လားဖိနပ် လို့ ခေါ်တာ ကြည့်ပါလား ။ မြန်မာ ဆန်ဆန် ကျက်သရေ ရှိအောင် မန္တလေး ကတ္တီပါ ညှပ်ဖိနပ် ပဲ စီးမယ် ။ နိုင်ငံတော် သမ္မတကြီး တောင် ပွဲနေပွဲထိုင် တက်ရင် ညှပ်ဖိနပ် ပဲ စီးတာ ’ ဟု ကိုယ့် ငါးချဉ် ကိုယ် ကြံဖန်ပြီး ချဉ် တတ်ပါသည် ။ စင်စစ် .. ပုဂံခေတ် လောက် တုန်းက ဘုရင် နှင့် မင်းညီမင်းသား ၊ ဝန်ကြီးတွေ ၊ စစ်သူကြီး တွေ က လွဲ လျှင် အရပ်သား တွေ ၊ အရပ်သူ တွေ ဖိနပ် စီးကြဟန် မတူပါ ။ ရှေးခေတ်မြန်မာ စစ်သည်တော်များ ၏ ရုပ်ပုံ ကို ပန်းချီရေးဆွဲ မှတ်တမ်း တင်ခဲ့ကြရာ တွင် မောင်မင်းကြီးသား တွေ ဖိနပ် မဲ့ ခြေဗလာ များသာ ဖြစ်ကြကြောင်း ကျွန်တော် သတိ ပြုမိပါ သည် ။ ရှေး က တောသူတောင်သားတွေ ဖိနပ် စီးကြဟန် မတူပါ ။ စီး လျှင် လည်း ကိုယ့် ဘာသာ ကိုယ် သစ်သား ကို ခုတ် ၊ သားရေကြိုး တပ် စီးသော သစ်သား ခုံဖိနပ် သာ ဖြစ်ပါလိမ့်မည် ။
ဗုဒ္ဓဘုရား ၏ သားတော် ရဟန်းသာမဏေ များ သည် ဖိနပ် စီးရန် မလိုအပ်ကြောင်း ၊ ရဟန်း အသုံးအဆောင် ပရိက္ခရာ ၈ ပါး ထဲ တွင် ဖိနပ် မပါ ခြင်း ကို ကြည့်၍ သိနိုင်
သည် ။ ‘ ဒါဖြင့် ခုခေတ် ရဟန်းတော်တွေ ဘာကြောင့် ဖိနပ် စီးနေကြသလဲ ’ ဟု မေးလျှင် တော့ ကျွန်တော် မဖြေ တတ်ပါ ။ ယောင်ယောင် ပညာတတ် လေအိုးတစ် ယောက်က ‘ ဘုရား လက်ထက်တော် တုန်း က ရာသီဥတု သိပ် ကောင်းတယ် ။ မြေသား က လည်း အပူအအေး မျှတ ပြီး နူးညံ့တယ် ။ သည်တော့ ဖိနပ် စီးစရာ မလိုဘူးပေါ့ ’ ဟု ကျွန်တော့် ကို ဖြီး ပြ ဖူးသည် ။
တတ်ယောင် ကား ဗိန္ဒောဆရာ အဘိုးကြီး တစ်ယောက် က တော့ ဆေးပညာ ရှုထောင့် ကနေ ကျွန်တော့် ကို ‘ ရွှီး ’ ပြ ဖူးသည် ။ ‘ သံဃာတွေ ဖိနပ် မစီးဖို့ ဘုရားရှင် ပညတ်တော် မူခဲ့တာမှာ အင်မတန် ကြီးမားတော်မူတဲ့ မေတ္တာ ၊ စေတနာတော် ကို အရင်းခံ သကွ ။ ခြေဖဝါး ဆို တာ အကြောစုံ စုဝေးတဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကို ထောက် ကန် ထားတဲ့ အင်္ဂါ ။ မညီညာတဲ့ အဖုအထစ် ရှိတဲ့ မြေပြင် ပေါ်မ ယ် ဖိနပ် မပါတဲ့ ဗလာ ခြေဖဝါးတွေ နဲ့ နင်းခြင်း လျှောက်ခြင်း အားဖြင့် ပထဝီ ပွင့်တယ် ။ အခိုး ထွက်တယ် ။ အထက် ကို အပူ မဆန်တော့ဘဲ ခေါင်း ကြည်တယ် ။ သွေးကြောလေကြော တွေ အသွားအလာ ဖြောင့်ဖြူးတယ် ။ ဒီတော့ ဖိနပ် မစီးဘဲ လျှောက်ခြင်း အားဖြင့် ကျန်းမာရေး ကို အထောက်အကူ ပြုတာပေါ့ ။ ပိုက်ဆံ တစ်ပြားမှ မကုန်တဲ့ ကျန်းမာရေး အတွက် ဆေး တစ်ခွက် ပေါ့ တူမော င်ရာ .... ”
သူ ရွီးပြ သည့် အထဲမှာ မှန်ကန်မှု ပါနိုင်သည် ဟု ကျွန်တော် ထင်သည် ။ ကျွန်တော့် အသိ တာဝေး အပြေးသမား ကု,လားလူမျိုး မောင်မောင် သည် မီတာ ၅ဝဝဝ ၊ မီတာ ၁၀၀၀၀ နှင့် ၂၆ မိုင် မာရသွန်ပြိုင်ပွဲများ တွင် ဖိနပ် မစီးဘဲ ဝင် ပြိုင်ရာ ပထမ မရသော်လည်း တတိယ လောက် တော့ အမြဲ ချိတ်သည် ။
“ ကိုမောင်မောင် ခင်ဗျား ဖိနပ် မစီးဘဲ ပြေးတာပဲ နော် ။ ခင်ဗျား မှာ ဖိန ပ်မရှိလို့လား ” ဟု ကျွန်တော် က မေး သော် ပြုံးကာ “ ငါတို့ ဌာန မှာ ဖိနပ် အကောင်းစားတွေ ဝယ်ပေးသားပဲ ။ ငါ က ရောင်း စားပြီး အရက် သောက် ပစ် လိုက်တာကွ ဟားဟား ” ဟု ရယ်ပြော ပြောပါသည် ။
ကျွန်တော် နှင့် ခင်ခင်အေး တို့ အိမ်ထောင် ကျပြီး နောက် တစ်ကောင်ကြွက် ကျွန်တော် သည် မျက်နှာ မငယ် သော သမက် တစ်ဦး အဖြစ် ယောက္ခမ ဒေါ်လှသိမ်း ၏ အိမ် ပေါ် သို့ တက်ခွင့် ရခဲ့သည် ။ သမီးထွေး အချောအလှကလေး ကို အိမ်ထောင် ကျ သွားသည့် တိုင် ဒေါ်လှသိမ်း သူ့ အပါး မှ တစ်ဖဝါး မျှ မခွာစေ လိုပါ ။ ကျွန်တော် က လည်း ကိုယ့် မယား ကို အိမ် တစ်ဆောင် မီး တစ်ပြောင် နှင့် ထားနိုင်သည့် အကောင် မဟုတ် ။ ကျွန်တော် သည် ချောက်တီး ချောက်ချက် စာရေးဆရာ ပေါက်စကလေး ဖြစ်ရာ ထမင်း လည်း နပ် မမှန် ၊ ယမကာသေရည် ဆို လျှင် လည်း ငွေ ပေါသော စာရေးဆရာ ၊ ကဗျာဆရာ တို့ ၏ ဝိုင်း မှာ ‘ ကပ်တီးမူးလဲ ’ ။ အိမ်ပိုင် ယာပိုင် မရှိ ၊ ဟိုမှာ ကပ်နေ သည်မှာ ကပ်နေ ခြေသလုံးအိမ်တိုင် ဖြစ်သည် ။
“ ငါ့ သမီး နဲ့ ညားပြီ ဆိုတော့ ငါ့ သား ဖြစ်ပြီပေါ့ကွယ် ။ အမေတို့ နဲ့ ပဲ ဝိုင်းလုပ်ဝိုင်းစား နေပေါ့ ။ စာရေးဆရာ အလုပ် နဲ့ ငွေ ရအောင် ပို ရှာပေါ့ ” ဟု ဒေါ်လှသိမ်း က ဆုံးမ ညွှန်ကြားသည် ။ သူ ၏ နောက်ဆုံး စကားပိုဒ် ကြောင့် ကျွန်တော့် ရင်ခေါင်း ထဲ မှာ မအီမလည် ဖြစ်သွားသည် ။ စာပေ လောက သည် ငွေ ရှာသော နေရာ တစ်ခု မဟုတ်ဟု ကျွန်တော် မှတ်ယူသည် ။ အထူးသဖြင့် အနုပညာ မြတ်နိုးသူ ကလောင်ရှင် တစ်ဦး က စာပေလောက ၌ ငွေ ရှာပြီ ဆိုလျှင် သူ သည် စာပေ အနုပညာသမား ဘဝ မှ အရောင်းအဝယ် သမား ဘဝ သို့ လျှောကျ သွားသည် ဟု ကျွန်တော် ခံယူ ထားသည် ။ စာအုပ်လောက မှာ အရောင်းအဝယ်သမား အဖြစ် စီးပွား ဖြစ် နိုင်သူ မှာ ထုတ်ဝေသူ ငွေရှင် တို့ သာ ဖြစ်ကြသည် ။ စာပေသမား အစစ် သည် အလွန် စီးပွား ဖြစ်ခဲ လှပါသည် ။
“ သူဌေး ဖြစ်ချင် ရင် စာ မရေး ၊ ကဗျာ မရေးနဲ့ ။ ဖားကန့် မှာ ကျောက်စိမ်း သွား တူး ၊ ဒါမှ မဟုတ် ဘိန်းဖြူ အရောင်းအဝယ် လုပ် ။ စာရေးဆရာ ဖြစ်ချင်ရင်တော့ မွဲမယ် ၊ ငတ်မယ် ၊ ကသီလင်တ ချို့ချို့ငဲ့ငဲ့ နေရမယ် ။ စာရေးဆရာ မဖြစ်ခင် ဗွေဦးဆုံး အရက်သမား တော့ ဖြစ် သွား နိုင်တယ် ။ ငါ က အင်္ဂလိပ် စာရေးဆရာ အော်စကာ ဝိုင်း (Oscar Wilde) ရဲ့ သြဝါဒ ကို နာခံ ခဲ့တာ ။ ဝိုင်း က ဘာပြောသလဲ ဆိုရင် ... ( အနုပညာသမား ဖြစ်ချင်ရင် ဗွေ ဦးဆုံး ကိုယ့် ကျန်းမာရေး ကိုယ် ဖျက်ဆီး ပစ်ရမတဲ့ ) ငါ က စာရေးဆရာ မဖြစ်ခင် ကတည်း က ယစ်ထုတ်ကြီး ဖြစ်နေ ခဲ့တာ ။ ငါ့ ကို ကြည့်ကြစမ်း ။ သင်္ချိုင်းကုန်း က ပြန် ဖော် လာတဲ့ အရိုးစုကြီး နဲ့ မတူဘူးလား ဟားဟား ”
ကျွန်တော် တို့ ကလောင်ပေါက်စ တွေ က ဆရာသမား လို အစ်ကိုကြီး လို ချစ်ခင်လေးစားသော စာရေး ဆရာကြီး တစ်ဦး က မူးမူး နှင့် ယမကာဝိုင်း မှာ သြဝါဒ ပေးခဲ့ ပြန်သည် ။ ထို သြဝါဒ ကို ကျွန်တော် က လေးစား စွာ လိုက်နာ ကျင့်သုံး ခဲ့ပါသည် ။
“ မင်းတို့ စာရေးဆရာတွေ အားလုံး အရက်သမား တွေချည်းပဲလား ကွဲ့ ” ဟု ယောက္ခမ ဒေါ်လှသိမ်း က မေးဖူးသည် ။
“ အား ... အမေ့ နှယ် ၊ စာရေးဆရာ အယောက် တစ်ရာ မှာ ကိုးဆယ့် ငါးယောက် က ယမကာလုလင် တွေ ချည်း ပါပဲ ။ ပထမတန်းစား ယစ်ထုတ်တွေ ချည်းပဲ ။ ရုပ်ရှင် ထဲ က ဗမာစာရေးဆရာ တွေ ရဲ့ ပုံစံ အတိုင်းပေါ့ အမေရာ ” ဟု ကျွန်တော် က ရီတီတီ အရှိန်ကလေး နှင့် ရမ်းသန်းပြီး သူခိုး သေဖော်ညှိ စကား ဆိုသည် ။ စာ တစ်လုံးမျှ မတတ် သော ယောက္ခမကြီး က တော့ ယုံ ရှာသည် ။
ဘယ်လို မဆို ကျွန်တော် ၏ အိမ်ထောင်ဦး ကာလ မှာ အဆင်ပြေ သာယာ ချောမွေ့သည် ဟု ဆိုနိုင်သည် ။ သူတို့ သားအမိ က ဈေးဆိုင် ဖွင့် ဈေး ရောင်းကြ ၊ အိမ်တွင်း မှ အလုပ်တွေ အိမ်ဖော် က လုပ် ။ ကျွန်တော် က အရက်ကလေး မော့ လိုက် ၊ စာအုပ်ကလေး စာကလေး တစ်လုံး က နှစ်လုံး က ရေးလိုက် ။ ညည အခါ လသာသာမှာ ဇနီးချောကလေး နှင့် ကလူ၏ သို့ မြူ၏ သို့ ကယုကယင် ချစ်ရေးငင် လိုက် ။ အရှေ့အလယ်ပိုင်းဒေသ က အာရပ်သူဌေး စူလတန် စော်ဘွား တစ်ဦး ပင် ကျွန်တော် ကဲ့သို့ စိတ္တသုခ ၊ ကာယ သုခ နှင့် ပြည့်စုံမည် ဟု မထင် ။
မဆိုစလောက် ပြဿနာကလေး တစ်ခု တော့ ရှိပါ သည် ။ အိမ်ဖော် ကောင်မလေး ‘ သေးသေး ’ ဆိုသည့် ပုတက်တက် ၊ ပိန်သေးသေး လူ့ဖလံမလေး က လွဲ လျှင် ကျွန်တော်တို့ မိသားစုသုံးယောက် မှာ ခြေထောက် အရွယ်အစားချင်း မတိမ်းမယိမ်း တွေဖြစ်ကြရာ ဖိနပ် အရွယ်အစား တွေ ကလည်း မတိမ်းမယိမ်း ။ ယောက္ခမကြီး က ကျွန်တော့် ဖိနပ် ကို မကြာခဏ မှား မှား စီး၍ ဈေးသို့ ထွက် သွား တတ်သည် ။ ကျန်ရစ်ခဲ့သော သူ့ ဖိနပ် သမ္ဗာန်ကြီး ကို ကျွန်တော် စီး ၍ မရပါ ။ သူ သာ မက သူ့ သမီး ၊ ကျွန်တော့် ဇနီး ကလည်း ကျွန်တော့် ဖိနပ် ကို မှားမှား စီး သွား တတ်ပြန်သည် ။ ကျန်ရစ်ခဲ့သော ဇနီး ၏ ဖိနပ် က လည်း ဖိနပ် အစီးကြမ်း သူ မို့ သည်းကြိုးတွေ လျော့ရိလျော့ရဲ ဖြစ် နေ တတ်ရာ လူ က ဘာမှ မဟုတ်ပေမဲ့ ဖိနပ် ကို ဖစ်ဆိုက် ( Fit size ) ကျကျနန စီး တတ်သော ကျွန်တော့် မှာ စိတ် ကသိကအောက် ဖြစ်ရပြန် တော့သည် ။
ကျွန်တော် အပြင် သွားစရာ ရှိသည့် အချိန်မျိုး မှာ ဖိနပ် မှား အစီး ခံရ လျှင် ကျွန်တော် စိတ် တိုသည် ။ သူများ ဖိနပ် မတော်တရော်ကြီး ကို စွပ်ပြီး ကျွန်တော် အပြင်အပ ဝေးဝေးလံလံ မသွားတတ် ။ မလွှဲသာ၍ သွားရ လျှင် ထဘီကြီး ဝတ်ပြီး လမ်းလျှောက် နေရ သကဲ့သို့ မလုံမလဲ ဖြစ်တတ်သည် ။ နေ မထိ ၊ ထိုင် မထိ ၊ လိပ်ပြာ မလုံ ။ သူတို့ သားအမိ ထဲ က မအေ ဖြစ်ဖြစ် ၊ သမီး ဖြစ်ဖြစ် ကျွန်တော့် ဖိနပ် ကို မှား စီးသွား ခဲ့ လျှင် ကျွန်တော် စိတ် မထိန်းနိုင် တော့ ။
“ ဟာ ဒီ အဘွားကြီး က လည်း လပေါ်သရေ နိုင် လိုက်တာ ”
“ ဟင် ... ဒီ မသာမ က တော့ လုပ်ချလိုက် ပြန်ပြီ ”
ကျွန်တော် ထိုသို့ ညည်းညူ မြည်တွန်ဖန် များသော အခါ အိမ်ဖော်ကောင်မလေး သေးသေး က နားမခံသာ တော့ဘဲ ကျွန်တော့် ယောက္ခမ နှင့် မယား တို့ ကို တိုးတိုး တိတ်တိတ် သံတော်ဦး တင်လျှောက် ထားခဲ့သည် ဟု ကျွန်တော်ထင်သည် ။
“ မင်း ဖိနပ် ငါ မှားစီး သွားလို့ မင်း က ဆဲနေသဆို .. ”
“ မဆဲရပါဘူး အမေ ရာ ၊ လပေါ်သရေ လို့ ပြောတာပါ ”
“ လပေါ်သရေ ဆိုတာ ဘာတုံး ၊ ဆဲတာ မဟုတ်ဘူးလား ”
“ မဟုတ်ရပေါင် အမေ ရာ ၊ လပေါ်သရေ ဆိုတာ ရှေးလူကြီးတွေ တမင် ရယ်စရာ ပြောတဲ့ စကားပါ ” ဟု ကျွန်တော် က စာရေးဆရာ ပီပီ ကူလီကူမာ လုပ်ပြီး လှီး လွှဲပြောသည် ။
“ ဟင်း .. ဟင်း ငါ့ ကို စာ မတတ်ဘူး ဆိုပြီး အထင် မသေးနဲ့ ။ ရန်ကုန် ဗိုလ်ချုပ်ဈေး နဲ့ လေဟာပြင်ဈေး ကို ပန်းသီး ရောင်းရင်း ခါးစောင်းတင် ခဲ့တဲ့ မိန်း မ.. ဘာမှတ်သလဲ ”
ကျွန်တော့် မှာ သူ့ ဆန်စား ၍ ရဲရသည် မဟုတ် ၊ သူ့ ဆန်စား ၍ ကြောက်ရသည့် ဘဝ ဖြစ်သည် ။ သူ့ ကို အာခံ နိုင်သည့် ဘဝ လည်း မဟုတ် ။ မိန်းမ က လည်း ဖိနပ်
ပြဿနာ ကြောင့် ကွယ်ရာ မှာ သူ အဆဲ ခံရခြင်း ကို စိတ် ထဲ ခိုးလိုးခုလု ဖြစ်နေပုံ ရသည် ။
“ အစ်ကို က လည်း လေ ဖိနပ်ကလေး မှား စီးသွား တာနဲ့ ကိုယ့် မိန်းမ ကို သင်္ချိုင်းကုန်း ပို့ရသလား ။ မနက် ဝေလီဝေလင်းကြီး မှာ ဈေး ထွက်ရတော့ သူ့ ဖိနပ် ၊ ကိုယ့် ဖိနပ် သဲသဲကွဲကွဲ မြင်ရတာ မဟုတ်ဘူး ရှင့် ။ အစ်ကို မကျေနပ် ရင် ဖိနပ် တစ်ရန် အပို ဝယ်ထား ၊ ရော့ ပိုက်ဆံ ” ဟု ပြဿနာ ကို ငွေ ဖြင့် ရှင်းသည် ။ ကျွန်တော် က လည်း နေရာတကာ ငွေ က ဝင် ဝင်ပါခြင်းကို အော့နှလုံး နာတတ် သည် ။ လူ သည် သတ္တလောက တွင် အမြင့်ဆုံး သတ္တဝါ ဖြစ်ပြီး လူ က ပြုလုပ်ထားသော ငွေကြေး အောက် ရောက် ရသည့် ငွေကျွန် ဘဝ ကို စက်ဆုပ်သည် ။ ငွေ မက် လွန်း လျှင် ငွေကျွန် ဖြစ်တတ်သည် ဟု ကျွန်တော် ထင်သည် ။ ကျွန်တော် ငွေ မမက်ပါ ။ ထို့ကြောင့် အမြဲတမ်း ကျွန် တော် “ ငွေမွဲ ” နေတတ် ကြောင်း ရိုးသားစွာ ဝန်ခံပါ ရစေ ။
“ ဖိနပ် အပို ဆောင်ထားတာ ဘူဇွာ ဉာဉ် ကွ ” ဟု ကျွန်တော် က အော်သော အခါ မိန်းမ ထိတ်ထိတ်ပျာပျာ ဖြစ် သွားသည် ။
“ ဘာလဲ ဘူဇဝါ ၊ ဘူဇဝါ ဆိုတာ ဘာလဲ အစ်ကို ”
မိန်းက လည်း ၁ဝ တန်း အထိ ပညာ သင်ခဲ့ဖူးသော် လည်း “ ဘူဇွာ ” ဝေါဟာရ ၏ အဓိပ္ပာယ် ကို မသိ ။ ရှင်းပြ သွန်သင် နေလျှင်လည်း အချိန် ကုန်ပြီး အကျိုး ရှိမှာမဟုတ် ။ “ ဘူဇဝါ ဆိုတာ ဘာဇဝူ ပေါ့ကွာ ၊ တော်ပါတော့ ကွာ ။ ဒီ ဖိနပ်ကိစ္စ ဒီမှာပဲ ဇာတ်သိမ်း လိုက်ပါတော့ ။ ငါ လည်း ဖိနပ် အပို ဝယ်မထားဘူး ။ မင်း လည်း ဖိနပ် မှား မစီးမိ အောင် သတိထား ”
“ အံ့မယ်လေးလေး လင်မယားချင်း ဖိနပ်ကလေး မှား စီးမိတာ ကို ပဲ သူ့ မှာ အဖြစ်သည်း နေလိုက်တာ ။ သူ့ ဖိနပ် က ရွှေဖိနပ် ကျ နေတာပဲ ” ဟု ခင်ခင်အေး က မိန်းမ ပီပီ စကား အတွန့် တက်ပြီး ကျွန်တော့် ကို အနိုင်ယူ လိုက် ပြန်သည် ။ ဘယ်လို မဆို လင်မယား ပဋိပက္ခ ကိုတော့ ကျွန်တော် ရှောင်ရမည် ။ ခင်ခင်အေး နှင့် ကျွန်တော် တို့ မှာ လင်မယား ဟု သာ ဆိုရ သော်လည်း သူတို့ သားအမိ က အိမ်ရှင် ၊ ကျွန်တော် က အိမ်ဖော် သာသာ မှီခို ၊ ရှင်းရှင်း ပြောရ လျှင် ယောက္ခမ နှင့် မိန်းမ ထဘီနား ခိုစား နေ သူ ။ သို့သော် တစ်စုံတစ်ယောက် က ကျွန်တော့် အား ထဘီနား ခိုစားသူ ဟု တိုက်ခိုက် လာ လျှင်တော့ -
“ ရှေးဘုန်း ရှေးကံ ကြောင့် ဒီလို နေရတာကွ ။ ငါ့ အကျိုးပေး နဲ့ ငါ ချမ်းသာ နေတာ မင်းတို့ မနာလို မရှိကြ ပါနဲ့ ” ဟု တောင်းပန်တားဆီး သလိုလို နှင့် တုံ့ပြန် တိုက်ခိုက် ရန် ကျွန်တော့် ဘက် က အသင့်ပြင် ထားပြီးသား ။
ဤသို့နှင့် .... ဤသို့နှင့် အိမ်ထောင်သက် ၂ နှစ် နီးပါး အကြာ မှာ ကျွန်တော်တို့ သားဦးကလေး ရ လာခဲ့ ကြပါသည် ။
ကျွန်တော့် ဘဝ အနေအထား က တော့ ဘာမျှ ပြောင်းလဲခြင်း မရှိ ။ ယောက္ခမ နှင့် မယား လုပ်စာ ထိုင် စား ရင်း ဟိုမရောက် သည်မရောက် စာပေတွေ ကို တောင် ရေး မြောက်ရေး ရေးနေသည် ။ နေ့စဉ် ယမကာ မှီဝဲရမှ နေသာထိုင်သာ ရှိသော တတိယတန်းစား ယစ်ထုတ် အတန်း ရောက်မှန်း မသိ လည်း ရောက် နေပြီ ။
ထို ပြဿနာ ပေါ်ပေါက်သော ညနေက နွေဦးပေါက် ညနေ ဖြစ်ကာ ပူလောင် အိုက်စပ်ပြီး ဘ၀ မှာ အဆင်မပြေမှု များ ဖြင့် မွန်းကျပ် နေတတ်သူများ အလိုလို စိတ်တို နေ တတ် ကြသော အချိန် ဟု ထိုစဉ်က ကျွန်တော် သတိ မထား မိခဲ့ပါ ။ ကျွန်တော် ၏ သားကလေး က လေးဖက် တွားရင်း ကျွန်တော် ၏ စာအုပ် တစ်အုပ် ကို ဆွဲဆုတ် ပစ်သည် ။ စာအုပ် က ရှားပါး စာအုပ် ။ ကျွန်တော် စွဲလမ်းနှစ်သက် သော ပြန်လည် ပုံနှိပ်ခွင့် မရသည့် စာအုပ် ။ ဗိုလ်မှူးချစ်ကောင်း ရေးသော “ အနှစ်နှစ်ဆယ် ” အမည်ရှိ မှတ်တမ်း စာအုပ် ။ “ မသာမ ကွာ ... လပေါ်သရေ နဲ့ ကလေး ကို ကြည့် မထားဘူး ၊ ကြည့်စမ်း အင်မတန် အဖိုးတန်တဲ့ စာအုပ် တစ်စစီ ဖြစ်သွားပြီ ။ အလကား မသာမ ” ဟု ကျွန်တော် က ဇနီး ကို ဆဲသည် ။
“ အစ်ကို့ စာအုပ် က သားလေး ထက် အဖိုးတန်လို့လား ”
“ လျှာမရှည် နဲ့ မသာမ ”
ပြောပြောဆိုဆို စကား နောက် တရား မပါဘဲ အမှား ပါ သွားသည် ။ ကျွန်တော် က ဇနီး ကို ခပ်ဆတ်ဆတ်ကလေး နားရင်း တစ်ချက် အုပ် လိုက်သည် ။ “ မသာကောင် ကြီး ” ဟု ဇနီး က အော် ဆဲသည် ။ ကျွန်တော် က လက် တစ်ဖက် ကို မြှောက်လိုက် ပြန်သည် ။ သို့သော် ရိုက်ခွင့် မရ တော့ ။ ယောက္ခမ အဘွားကြီး က ဒီဇယ်အင်ဂျင်စက်
ခေါင်းတပ် မီးရထားကြီး လို ကျွန်တော့် ရှေ့သို့ ဝုန်းခနဲ ရောက် လာပြီး ...
“ ဟိတ် .... သားရေပေါ် အိပ် သားရေနား စား စာရေးဆရာ ဆိုတဲ့ အကောင် ၊ မင်း ငါ့ အိမ် ပေါ်က ချက်ချင်း ဆင်း သွား လိုက်ပါ ။ မင်း လို ကျေးဇူးကန်း တဲ့ တိရစ္ဆာန်မျိုး ငါ့ တစ်သက် တွေ့ ဖူးပေါင် တော် ”
ကျွန်တော့် ဦးခေါင်း ကို ပန်းပဲဆရာ သုံး ၁ဝ ပေါင်တူ ကြီး တစ်လက် ဖြင့် ထု ချလိုက်သလို ခံစား လိုက်ရသလား မသိ ။ ကျွန်တော် ကြောင်ကြောင်ကြီး ရပ်နေသည် ။ မိမိ အနီး မှ ဒေါ်လှသိမ်း ၏ မျက်နှာကြီး ကို ကြည့် နေသော် လည်း ကျွန်တော် ဘာကိုမျှ မမြင် ။
“ မင်း ကို သမက် တော် ရတာ ငါ့ မှာ မိအေး အခါ တစ်ရာ လောက် နာနေရတယ် ဆိုတာ မင်း သိရဲ့လား ။ ငါတို့ သားအမိ က မင်း ရဲ့ ကျွန်တွေ လို မင်း ကို လုပ်ကျွေးနေရ တာ ဟဲ့ ။ ငါ့ မှာ သမီး လည်း ပေး ရသေး ၊ ထမင်း လည်း ကျွေး ရသေး ၊ ကလေး မွေး တော့လည်း အစစ အရာရာ ငါ ပဲ တာဝန် ယူခဲ့ရတာ ။ မင်း ကို နောက်ထပ် ပေးစရာ ဆို လို့ ( ကန်တော့ပါ ရဲ့ ) ငါ့ မှာ တစ်ခုပဲ ကျန်တော့ သဟဲ့ ။ မင်း သွားပါတော့ ၊ ဆင်းပါတော့ ။ ငါ့ အိမ် ပေါ် က အမြန်ဆုံး ဆင်းပါတော့ ။ မင်း မဆင်းရင် ငါ လူကြီးတွေ ကို ခေါ်မယ် ၊ ရဲ ကို ခေါ်မယ် ။ ကဲ .. ဘယ်လိုလဲ ၊ ခု ဆင်း မလား ၊ မဆင်းဘူးလား ”
မိမိ ဘာသာ ဘယ်လို ဆုံးဖြတ်ချက် ချလိုက်မှန်း ပင် မသိ ။ ကျွန်တော် အိမ်ရှေ့ ဖိနပ်ချွတ်ခန်း သို့ ရောက် သွား သည် ။ စွပ်မိ စွပ်ရာ ဖိနပ် တစ်ရန် ကို ကောက် စွပ်ပြီး အိမ် ပေါ် မှ ဆင်း လာခဲ့သည် ။ လမ်း ပေါ် ရောက်၍ ခြေလှမ်း တစ်ရာ လောက် လျှောက်ပြီး မှ တစ်စုံတစ်ခု ကို တွေးမိ သည် ။ မိတ်ဆွေ စာရေးဆရာ မောင်ရန်ပိုင် က ကျွန်တော့် ကို မနေ့ က နှုတ် ဖြင့် ဖိတ်ကြား ထားခဲ့သည် ။ မြောက်ဥက္ကလာ မယ်လမုဘုရားပွဲ မှာ မန္တလေးသိန်းဇော် ဇာတ် ပွဲ ကပြ နေသည် ။ မောင်ရန်ပိုင် က ထို ဇာတ်ထဲ မှာ ပြဇာတ် စာရေးဆရာ ၊ ပြဇာတ် ဒါရိုက်တာ ၊ ကျွန်တော် ဇာတ်ပွဲ ကြည့် လိုလျှင် အလကား ကြည့်ရမည် ။ လက်ဖက်ရည် လည်း တိုက်မည် ။
ကျွန်တော် လမ်း မှာ အရက်ဖြူ အနည်းအကျဉ်း ဝင် သောက်ပြီး ဘတ်စ်ကား နှစ်ဆင့် စီးကာ မြောက်ဥက္ကလာပ တံတားကလေး ရပ်ကွက် ရှိ ပွဲခင်း ထဲ သို့ ရောက် သွား သည် ။ ပွဲခင်း ထဲ အရောက် ရေငတ် လာ၍ အအေး တစ်ခုခု သောက်ဖို့ ကြံသည် ။ အိတ်ကပ် ကို စမ်း ကြည့်တော့ အိတ်ကပ် ထဲ မှာ တစ်ပြား မှ မကျန်တော့ ။ ဘတ်စ်ကား စပယ်ယာတွေ ကို ပူဇော် လိုက်ရပြီ ။ “ ပူဇော် ” ဟု သုံးရခြင်း မှာ ယာဉ်စီးခ ကျသင့် သလောက် မပေးနိုင်၍ ပါသမျှကလေး ပေး ပြီး တောင်းတောင်းပန်ပန် ပြော စီးရခြင်း ကို ဆိုလိုပါ သည် ။ ဟင်း .. ရေခဲရေ တစ်ခွက် တောင် ဝယ် မသောက် နိုင်တဲ့ ဘဝ ။ ကိစ္စတော့ မရှိ ။ မောင်ရန်ပိုင် နှင့် တွေ့ လျှင် ပိုက်ဆံ တောင်းပြီး အရက် သောက် ဦးမည် ။ ပြီးမှ ဇာတ်ပွဲ ကြည့်မည် ဟု စိတ်ကူးသည် ။
ပြဿနာ ... ပြဿနာ ပေါ်ပြန်ပါပြီ ။ ဇာတ်ရုံ မှာ မောင်ရန်ပိုင် မရှိပါ ။ နေ မကောင်း ၍ အိမ်ပြန် သွားသည် တဲ့ ။
“ ဆရာ မောင်ရန်ပိုင် က မှာထားခဲ့ပါတယ် ။ သူ့ မိတ်ဆွေ စာရေးဆရာတွေ လာရင် မေတ္တာလက်မှတ် ထုတ် ပေးပြီး ကု,လားထိုင် နဲ့ ထိုင်ကြည့်ပါစေတဲ့ ။ ဆရာ ကြိုက် တဲ့ ကု,လားထိုင် မှာ ထိုင်ပါ ။ ကု,လားထိုင်အ လွတ် တွေ ပိုနေတယ် ” ဟု ဇာတ်အဖွဲ့ ထဲ မှ အလုပ်သမားကလေး တစ်ယောက် က ယဉ်ကျေး သိမ်မွေ့စွာ ဧည့်ဝတ် ပြုသည် ။ သူ့ ဆီ က ရေ တစ်ဖန်ခွက် တောင်း သောက်ပြီး ဇာတ်ရုံ ထဲ ဝင်ခဲ့သည် ။ သူ ညွှန်ပြသော ပက်လက်ကုလား ထိုင် မှာ ဝင်ထိုင်သည် ။ ဇာတ်ခုံ ပေါ် မှာ အနုပညာသည် တွေ က ဘာတွေ ဆို၍ ဘာတွေ က နေကြမှန်း မသိတော့ ။ ကျွန်တော် ပက်လက်ကု,လားထိုင် ပေါ် မှာ အိပ်ပျော် သွားသည် ။
အိပ်ရာ မှ နိုး၍ မျက်စိတွေ ဖွင့်ကာ ဇာတ်ခုံ ဆီသို့ လှမ်း ကြည့် လိုက်သော အခါ နန်းဝတ်နန်းစား တွေ နှင့် နောက်ပိုင်းဇာတ်ကြီး ကပြ တင်ဆက် နေသည်ကို တွေ့ရ သည် ။ ဘာ ဇာတ်လမ်းမှန်း မသိပါ ။ သိလျှင် လည်း စိတ် ဝင်စား မှာ မဟုတ် ။ ကျွန်တော် ၏ အာရုံ အလုံးစုံကို ချုပ်ကိုင် ထားသည် က ဆာလောင် မွတ်သိပ် နေခြင်း ။ ရေ ဆာ သည် ၊ အရက် ဆာသည် ၊ ထမင်း ဆာသည် ။ နောက်ဆုံး ကုန်ကုန် ပြောရလျှင် စားလို့ သောက်လို့ ရတာ မှန်သမျှ ကျွန်တော် အငမ်းမရ စားသောက်ဝါးမျို ပစ်လိုက်ချင် သော ဆန္ဒ က ကြီးစိုး နေသည် ။ ပိုက်ဆံ က လည်း ခြူး တစ်ပြား မှ မရှိ ။ ဘယ်လို လုပ်မလဲ ၊ ဘယ်လို လုပ်မလဲ ။
ကျွန်တော် ဇာတ်ရုံ ထဲ က ထွက်ခဲ့သည် ။ ဇာတ်ရုံ အနီး မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွေ့ရသည် ။ မိုး လင်းလုပြီ ဖြစ်ရာ လက်ဖက်ရည် သောက်သူ တစ်ယောက် မျှ မရှိ ။ ကျွန်တော် က စားပွဲလွတ် တစ်လုံး မှာ ဣန္ဒြေရရ ဝင် ထိုင် လိုက်သည် ။ စားပွဲထိုး ချာတိတ်ကလေး ရောက် လာသည် ။
“ ဘာ သုံးဆောင်မလဲ ”
“ ဘာတွေ ရသလဲ ”
“ လက်ဖက်ရည် ၊ ကော်ဖီ ၊ နွားနို့ ၊ အိုဗာတင်း ၊ ကြက်ဥ ”
“ လက်ဖက်ရည်ချိုဆိမ့် တစ်ခွက် ပေးပါ ”
အရက်နာ ကျ ၊ အစာ မရှိ ခွန်အား နည်းနေခြင်း ကြောင့် ကျွန်တော့် အသံတွေ ကတုန်ကယင် ဖြစ်နေမှန်း သိသည် ။ ခင်ခင်အေး နှင့် သားကလေး ကို သတိရ လာပြီးမှ ဒေါ်လှသိမ်း ၏ မျက်နှာကြီး ကို မြင်ယောင် ကာ ပင့်သက် မှုတ် လိုက်သည် ။ မေ့လိုက် .. မေ့လိုက် ၊ အားလုံး ကို မေ့ ထား လိုက် ။ လောလောဆယ် ဆာလောင် မွတ်သိပ်မှု ဖြေ ဖျောက်ဖို့ အဓိက ။
လက်ဖက်ရည် ရောက် လာသော အခါ ကျွန်တော် ဣန္ဒြေ မဆောင်နိုင်တော့ ။ ပူပူလောင်လောင် လက်ဖက်ရည် ကို တရှူးရှူး မှုတ်ရင်း တရှုပ်ရှုပ် နှင့် စုပ် သောက် လိုက်ရာ တစ်မိနစ် အတွင်း လက်ဖက်ရည် ပန်းကန် ပြောင် တလင်း ခါ သွားသည် ။ မဆိုစလောက် နေသာ ထိုင်သာ ရှိသွားခဲ့ သော်လည်း ကျွန်တော် မတင်းတိမ် နိုင်သေး ။ အစာ ငတ်မွတ်နေသော မကောင်းဆိုးဝါး ဝိညာဉ် တစ်ခု က ကျွန်တော့် ကို ပူးကပ်နှိုးဆွ နေပုံရသည် ။
“ လက်ဖက်ရည် ချိုဆိမ့် တစ်ခွက် ပေးပါဦး ”
ကျွန်တော် က အော် လိုက်သော အခါ အိပ်ငိုက် နေ သော စားပွဲထိုး ကောင်ကလေးတွေ ခေါင်းထောင် ကြည့် ကြသည် ။
“ ချိုဆိမ့် နောက် တစ်ခွက် ”
ကျွန်တော် က လက်ညှိုး ထောင် ၍ ဝှေ့ယမ်း ပြ လိုက် သည် ။ စားပွဲထိုးတွေ မျက်လုံး ကျယ်လာကြပုံ ပေါ်သည် ။ ကောင်လေး တစ်ယောက် က “ အိုကေ ... ဆရာ ” ဟု ထ အော်သည် ။
နောက် တစ်ခွက် ကိုလည်း ကျွန်တော် က တစ်မိနစ် အတွင်း အပြောင် ရှင်း ပစ်လိုက်သည် ။ နေသာထိုင်သာ ရှိ သွား သလို ခံစားရသည် ။ ဝမ်းဗိုက် ထဲ မှ လေချဉ် တစ်ချက်ပင် “ ဂစ် ” ခနဲ ဆန်တက် လာသည် ။ ဖြစ်ပေါ်လာ မည့် ပြဿနာ ကို ဘယ်လိုဘယ်ပုံ အကောင်းဆုံး ဖြေ ရှင်းရမည် ကို ကျွန်တော် စဉ်းစား မထားပါ ။ စားပွဲထိုးကလေး တစ်ယောက် ကို လက်ပြ ၍ လှမ်း ခေါ် လိုက်သည် ။
“ ဒီ ဆိုင် ပိုင်ရှင် ကို ခေါ်ပေးပါကွာ ”
ကောင်ကလေး စူပွပွမျက်နှာ ထား ဖြင့် ထွက်သွား သည် ။ ကျွန်တော် က သတ္တိ တွေ မွေးရင်း ဒူးနှန့် နေလိုက်သည် ။
ဆိုင်ရှင် ရောက် လာသည် ။ ဆိုင်ရှင် မှာ အသက် ၄၀ လောက် ကရင် လိုလို ၊ တရုတ် လိုလို နှင့် ရွှေဆွဲကြိုးကြီး လည်ပင်း မှာ ဆွဲ ထားသည် ။ သူ က “ ဘာကိစ္စလဲ ” ဟု အဓိပ္ပာယ် ပေါက်သော နားဝေတိမ်တောင် အမူအရာ ဖြင့် ကျွန်တော့် ကို ကြည့် နေသည် ။
“ နောင်ကြီး ရေ ... ကျေးဇူး ပြုပြီး ရဲ ကို ခေါ်လိုက်ပါဗျာ ”
“ ဘာပြောတယ် ”
“ ကျုပ် လက်ဖက်ရည်ဖိုး ရှင်းစရာ မရှိဘူး ။ ဒီတော့ လုံခြုံရေးရဲ လက် ထဲ သာ ကျုပ် ကို အပ်လိုက်ပါဗျာ ”
“ အို .. ဘာလို့ ရဲ ကို ခေါ်ရမှာလဲ ၊ သောက်လုပ် ရှုပ်တယ် ”
ဆိုင်ရှင် က ကျွန်တော့် တစ်ကိုယ်လုံးကို ခြေဆုံး ခေါင်းဖျား အပြန်ပြန် အလှန်လှန် ကြည့်နေသည် ။ “ နွားပွဲ ” မှာ နွားပွဲစား တစ်ယောက် က နွား တစ်ကောင် ကို ကြည့်ရှု လေ့လာပုံမျိုး ပင် ဖြစ်သည် ။
“ မင့် စီး ထားတဲ့ ဖိနပ် ချွတ် ထားခဲ့ ကွာ ”
သည်တော့ မှာ ပဲ ကျွန်တော့် ခြေထောက် ကျွန်တော် ငုံ့ ကြည့် မိသည် ။ တစ်ခါ ၊ နှစ်ခါသာ စီးရသေးသော ချစ်ဇနီး ခင်ခင်လေး ၏ မန္တလေးစောင်းကောက် တံဆိပ် ကတ္တီပါ ဖိနပ် ပါ ကလား ။
ကျွန်တော် ဖိနပ် ချွတ် ထား ခဲ့ပြီး ပွဲခင်း ထဲ မှ ထွက် လာခဲ့ ချိန် တွင် ရောင်နီပျို့ နေပြီး နံနက်ခင်း အေးမြသော လေပြည်လေညင်းတွေ က ကျွန်တော် ကို ပွတ်တိုက်ဖြတ် သန်း သွားကြသည် ။ ကျွန်တော့် ရင် ထဲ မှာတော့ မအေး ။ ခြေဖဝါး တွေ လည်း မအေးကြ ။ ချက်ချင်း သတိရ လာ သည် မှာ တံတားကလေး ရပ်ကွက် ချောင်ကျကျအပိုင်း မှာ နေထိုင်သော စာအုပ်ဟောင်း ရောင်း သည့် မိတ်ဆွေ ကျော်ကျော်ထူး ကို ဖြစ်သည် ။
ကျော်ကျော်ထူး တို့ အိမ်ရှေ့ ရောက် တော့ ကျွန်တော် အမော ဆို့ ပြီး ရင်ထဲ မှာ မွန်းကျပ် သွားသည် ။ အိမ်ရှေ့ တံခါးမကြီး ကို သော့ခလောက်ကြီး ပိတ် ခတ် ထားသည် ။ နံနက် ၈ နာရီ လောက် ပဲ ရှိသေးသည် ။ အိမ်သော့ ခတ် ထားသည် ကို ထောက်၍ “ ဒီကောင်တွေ လင်မယား မိုး မလင်းခင် ဆိုင် ဖွင့်ဖို့ ရန်ကုန်မြို့လယ် ကို ထွက်သွား တာပဲ ဖြစ်ရမယ် ” ဟု ကျွန်တော် ထင်မှတ် လိုက်သည် ။
ကျွန်တော့် မျက်လုံးတွေ က မြင်သင့်တာ ကို မြင် လိုက် ကြ၏ ။ ကျော်ကျော်ထူး တို့ အိမ်ရှေ့ ဖိနပ်ချွတ်ခုံ မှာ ခုံဖိနပ်အဟောင်း တစ်ရန် ။ သူတို့ လင်မယားတွေ ရေချိုး ရင်း စီးကြတာ နဲ့ တူပါရဲ့ ။
မကြာမီ ကျွန်တော် သည် ခုံဖိနပ်ကြီး တစ်ခွပ်ခွပ် နှင့် လျှောက်မိလျက်သား ဖြစ် နေသည် ။ စိတ် အသိတွေ ဝေဝါး ပြီး လျှောက်မိ လျှောက်ရာ လေးလေးကန်ကန် ရွေ့လျား နေမိ သော ကြောင့် ဘယ် လမ်း ၊ ဘယ် ရပ်ကွက် ရောက် နေမှန်း ပင် မသိ ။ ပတ်ဝန်းကျင် ကို လေ့လာ ကြည့် တော့ ကျူးကျော် အိမ်စုကလေး တစ်စု ဖြစ် နေသည် ။ ဓနိမိုး ၊ ထရံကာအိမ်ကလေး တွေ များသည် ။ အားလုံး ခနော်ခနဲ့ ။ လေပြင်း တစ်ချက် ဝှေ့လိုက်ရုံ ဖြင့် တဝုန်းဝုန်း လဲပြို သွားကြမည့် ပုံ ။
လေးတိုင်စင် တဲ သာသာ ၊ ဝါးအိမ်အစုတ်ကလေး တစ်လုံး ရှေ့ မှာ ယောက်ျား ၊ မိန်းမ တစ်ဒါဇင် လောက် လှုပ်လှုပ်ရွရွ စုရုံး နေကြသည် ။ ရည်ရွယ်ချက် ရေရေရာရာ မရှိဘဲ ကျွန်တော် လူအုပ်ကြား သို့ မယောင်မလည် ရောက် သွားသည် ။ ဝါးအိမ်ကလေး ၏မျက်နှာစာ မှာ အကာအရံ မရှိ ။ အိမ်ဦးခန်း ဖျာကလေး တစ်ချပ် ပေါ်တွင် သံဃာ တော် တစ်ပါး လဲလျောင်း နေတော် မူသည် ။ အို .. မလှုပ် ယှက် နဲ့ ဆန့်ဆန့်ကြီး ။
“ ဘုန်းဘုန်းကြီး မှာ က ဒီ သမီး တစ်ယောက် တည်း ရှိရှာတာ ။ မှော်ဘီ ဘက် မှာ တစ်ပါး တည်း သီတင်း သုံး ပြီး တရား အားထုတ် နေရာက သမီး ကို သတိရပြီး ကြွ လာတာ တဲ့ ။ သမီး က လည်း မုဆိုးမ ၊ ကလေး နှစ်ယောက် နဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေး ရောင်းရင်း ချာလပတ် လည် နေ တာ ။ ယခု လည်း မနက် ၄ နာရီ လောက် ကတည်း က ဈေးရောင်း ထွက် သွားတာ ။ သမီး အကြီးကလေး ကို ခေါ် သွားတယ်လေ ။ အိမ် မှာ ဘုန်းဘုန်းကြီး နဲ့ အဖော် နေပေး ဖို့ အငယ်ကောင်ကလေး ကို ထားရစ်ခဲ့တာ ။ အငယ် ကောင်ကလေး ငိုသံ ကြား လို့ ငါတို့ လာ ကြည့်တော့ ဘုန်းဘုန်းကြီး က ပျံလွန်တော် မူနေပြီ ။ လေသင်တုန်း လား ၊ လေတံစို့ လား တစ်ခု ခု နေမှာပေါ့ ”
စုတ်စုတ်ပြတ်ပြတ် ၊ အသားအရေ မွဲမွဲ နှင့် မိန်းမကြီး တစ်ယောက် က ပြောပြ နေသည် ။ ကျွန်တော် က ရုပ်အလောင်း ၏ ခြေရင်းဘက် ထရံ မှာ မှီ ထားသော သံဃာစီး ညှပ်ဖိနပ် ကို မျက်စောင်း ထိုး ကြည့်ရင်း စီး ထားသည့် ခုံဖိနပ် ကို မသိမသာ ချွတ် ပစ်လိုက်သည် ။ ခုံဖိနပ် ကြောင့် ကျွန်တော့် ခြေထောက်တွေ ပွန်းပဲ့ နာကျင် ခဲ့ရတာ ကို ကျွန်တော် စိတ် အပျက်ကြီး ပျက် မိပါသည် ။
နောက် ဆယ်မိနစ် ခန့် ကြာ တော့ ကျွန်တော် သည် သည်းကြိုး ပေါ် မှာ ကော ၊ ခုံပေါ် မှာ ပန်းနွယ်ပန်းခက် ကလေးတွေ ဒီဇိုင်း ဖော် ထားသည့် သံဃာတော်စီး ဖိနပ်ကြီး ကို စီး ကာ ကသုတ်ကရက် ရွေ့လျား နေ ပြန်သည် ။
ထို့နောက် ပထမဆုံး တွေ့ ရသည့် ဘုန်းတော်ကြီး ကျောင်း အဝင်ဝ တံခါးမကြီး အနီး မှာ ပျံလွန်တော် မူရှာ ပြီး သည့် ဘုန်းဘုန်းကြီး ၏ ဖိနပ် ကို ချွတ်ထား ရစ်ခဲ့ပြီး ကျွန်တော် ခြေဗလာ ဖြင့် ဆက် လျှောက်သည် ။ လမ်း လျှောက်ရင်း ကျွန်တော့် ခြေဖဝါးတွေ မြေကြီး ထဲ နစ်ဝင် သွား နေကြ သလိုလို ။
◾ကြူးနှစ်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
သြဂုတ် ၊ ၂ဝ၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment