Sunday, May 19, 2024

ရှင်တို့ ယောက်ျား


 

❝ ရှင်တို့ ယောက်ျား ❞

“ ကိုကို ထား လှေ စီးချင် လိုက်တာ ” ဟု လင် ဖြစ်သူ မောင်တင်ဖေ ၏ လက် ကို ဆွဲ၍ မျက်နှာ မော့ကာ မထားတင် က ပြောလေ၏ ။ ဇနီးမောင်နှံ နောက်နား မှ လိုက် လာ၍ ရွှင်မြူး နေ သော လှိုင်းဂယက်များ ကို ငေးမျှော် ကြည့်နေ သူ မထားကြည် က “ ဟုတ်တယ် ကိုကိုလေး ရယ် ၊ အကြည် တို့ လှေ စီးကြရ အောင်နော် ” ဟု ပြော ပြန်လေ၏ ။ မောင်တင်ဖေ သည် မိမိ ၏ မနော အကြည်ဓာတ် ပေါ် တွင် သာယာသော ညနေခင်း ကို ဓာတ်ပုံ ကူးယူ ထား လေသည် ။ ကြည်လင်သော ရေပြင် သည် ဣန္ဒနီငယ် ၊ သိင်္ဂီထက်ဝယ် ၊ ဖက်၍ ဆေးစုံ ၊ ခြယ်သောပုံသို့ သစ်ပင်တို့ ၏ အရိပ် ပေါ် သော နေရာ တွင် စိမ်းလဲ့လဲ့ ၊ နေရောင်ခြည် ပက်ဖျန်းသော နေရာ တွင် နီရွှေရွှေ ၊ မိုးကောင်းကင် ကျရောက်သော နေရာ တွင် ပြာ နေလေသည် ။

“ ကဲပါ ကိုကို ရဲ့ ၊ လှေ စီး ရအောင်ပါနော် ... နော် ” ဟု ထပ်မံ တောင်းပန် မှ တင်ဖေ သည် ရေပြင် ကို ကြည့်ပြီး လျှင် -

“ ကြည့်ပါဦး ထားထား ရဲ့ ။ တိမ်သက်တံရောင် ၊ အဝါဘောင်ဝယ် ၊ မှောင်ခဲ့တစ်ခါ ၊ ပြာခဲ့တချို့ ၊ ညိုခဲ့တစ်လီ ၊ ရီခဲ့တစ်ဖုံ ၊ မှုန်ခဲ့တစ်ချက် ဆိုတာလို အလွန်တရာလှပတဲ့ တိမ်တွေ ဟာ ရေ ပေါ် မှာ ပေါ် နေ လိုက်တာ ။ ညှာနုဝါကြည် ၊ ညွှန့်ခက်စည်သား ၊ စိုပြည်စိမ်းလန်း ၊ တောင်နရန်း နှင့် ၊ တောတန်းတွေ လည်း ရေထဲမှာ အရိပ် ပေါ်နေပုံ ဘယ်လောက်များ လှသလဲ ။ လေးဆူ ဓာတ်ပုံ ရွှေတိဂုံဘုရားကြီး လည်း ခြောက်ရောင်လွှတ်ချွေ ၊ နှစ်သိမ့်စေလော့ ၊ ရွှေသိင်္ဂီ ရင့် ဆိုသလို ရေ ထဲ ပေါ် နေတာ က ပကတိ ထက် ကြည်ညိုဖို့ ကောင်းပါသေးသလား ထားထား ရဲ့ ။ သည်အချိန် သည်အခါ မှာ သည် ရေသာ တဲ့ ကန်တော်ကြီး ကို ဝဝကြီး ကြည့်ရမယ် ။ ခု ကိုကို တို့ လှေ စီး လိုက်ကြရင် ကန်တော်ကြီး အလှတွေ ပျက်ကုန် မှာပေါ့ ၊ လှေ မစီးဘဲ သည် က နေပြီး ဆေးမျိုးစုံ ခြယ်လှယ်တဲ့ ကန် ကို ကြည့်နေကြပါစို့ ထားထား ရယ် ” ဟု ပြော လျှင် ထားတင် မှာ ထိတ် သွားလေ၏ ။

“ ကိုကို မြန်မာစာ ဂုဏ်ထူးတွေ ယူ ထားပြီး ဘာ မဟုတ်တဲ့ ရေပြင် ကို ပဲ ချီးကျူး နေတာ  ကို ပဲ ကိုကို ။ လှေ သာ စီးကြပါစို့ရဲ့ ၊ ကဲပါ သမ္ဗန်ကု,လား ခေါ်လိုက်ပါ ကိုကို ရဲ့”

ထိုအခိုက် အင်္ဂလိပ် လှေပြိုင်သား တို့ သည် အားကုန် ထုတ် ၍ လှေလှော် လာကြလေ ၏ ။ မောင်တင်ဖေ သည် အံ့သြဝမ်းနည်း နေဆဲ မှာ ပင် ၎င်းတို့ ရှေ့ မှ ဖြတ်သွား လေ၏ ။ ခယ်မ မထားကြည် က -

“ ကျွန်မ တို့ မြန်မာတွေ ကိုကိုလေး တို့ လို ယောက်ျား တွေ ရှိနေလို့ ညံ့ နေတာ ထင်ပါရဲ့ ။ ကြည့်ပါလား ၊ သူ့ မှာ ဖြင့် ကန် ထဲ က ရေပြင် ကို လှ လှချေရဲ့ ၊ သာယာလှချေရဲ့ ၊ သာယာလှ ချေရဲ့ ဆိုပြီး တရိုတသေ ကြည့် နေတယ် ။ လှပသာယာတဲ့ ရေပြင် ကို မဖျက်လိုဘူး တဲ့ ။ ကဲ ... ခုတော့ ဘယ့်နှယ် ရှိစ၊ လှေပြိုင်သမားတွေ က ဖျက်သွားပြီ ”

“ တောက်.... သင်းတို့ က ဘာလို့ ဖျက်ရတာလဲ ဟင် ။ ကြည့်ပါဗျ၊ သက်သက်မဲ့ အရုပ် ဖျက်တာတွေပဲ ”

“ သူတို့ က နားလည်တာ ကိုး ကိုကိုလေး ရဲ့ ၊ သူတို့ မှာ ဒီ ရေပြင် ကို ဖျက်ရ မှ ကျန်းမာရေး ညီညွတ် မှာ ကိုး ၊ ဒီ ရေပြင် ကို အလှ ကြည့် နေဖို့ မှ မဟုတ်ဘဲ ၊ အသုံး ကောင်းကောင်း ချတတ်ရမှာ ကိုး ၊ သူတို့ ကောင်းကောင်း အသုံးချတတ်လို့ အခု ကြည် တို့ အပေါ် က မင်း လုပ် နေကြရ တယ် မဟုတ်လား ၊ ကြည် တို့ မြန်မာ တွေ က တော့ အလှ ကြည့် ဖို့လောက် ဘယ်နေရာ မဆို နားလည် နေတာကိုး ၊ ဒီလို အလှ ကြည့် ရင်း နှင့် ခွေးဇာတ် ခင်း နေခဲ့ကြရတာပေါ့ ” ဟု မထားကြည် က ရှင်းပြ လျှင် တင်ဖေ မှာ ငေးမော သွားလေ၏ ။ ထိုတွင် မှ သမ္ဗန် ခေါ် ၍ စီးကြလေ၏ ။ တောင်ဘက် မှ လေပြည်ကလေး တိုက်ခတ် လာ လျှင် သုံးဦးသား သည် မြူး လာလေ၏ ။ မထားတင် က -

“ ကဲ ... ကိုကို ၊ သီချင်းကြီး တစ်ပုဒ် လောက် ဆိုပြစမ်း ပါဦး ၊ ထားတို့ လည်း ဆိုပြမှာပေါ့ ”

“ ရေ ပေါ် မှာ လှေ လှော်တယ် ဆိုတော့ ဆီလျော်တာ ဆိုရမှာ ပေါ့နော် ”

“ သီတာ သီတာ မြသား ၊ ကြာကြာကြာ ငါးပါး ၊ ကမ်းနား ကမ်းနား ဝန်းကျင် ၊ ငွေသဲပြင်လေတည့်မှ ပျော်ချင်ဖွယ်၊ မြစ်တွေး စင်ရော် ၊ မြူးတဲ့ မြူးစံပျော် ၊ ငှက်တော်ကြိုးကြာ ၊ ကျူးရင့်ရင့်သာ ၊ လိပ်ပြာပျံကာသွား ၊ ဟိုမှာ သည်မှာ နား ၊ ရေပေါ်မှာ လွှားပါလို့ ၊ ကြာဆံကို စားပါလို့ ၊ ဝဲကာပျံလေတည့် ဝဲကာပျံ ”

“ ကဲဗျာ ပြီးပါပြီ ၊ ထား က တစ်ပုဒ် လောက် ဆိုကွယ် ”

“ ဘာဆိုရမှန်း မသိဘူး ”

“ အို ကိုကို ရေးပေးထားတဲ့ နတ်ရှင်နောင် ရတု ထဲ က ပေါ့ ၊ ရွှေတိဂုံဘုရားကြီး မြင်ရသော် ... “ မဟာစေတီ ၊ မွေသရီ၏ ၊ မြေညီခင်းပြန့် ၊ တလင်းသန့်ငယ် ၊ နှင်းပန့် တပဲ ၊ ဝတ်ဖြူလဲနှင့် ၊ နန်းထဲနန်းလေ့ ၊ သီမဝှေ့ဘဲ ၊ ချမ်းမြေ့ စိတ်ကြည် ၊ ပီတိရည်ဖြင့် ၊ ခိုင်တည်နှလုံး ၊ တဖြောင့်သုံး၍ ၊ နှောင်ထုံးကေရှင် ၊ လျှော့ဖြေချင်လည်း ၊ နတ်ရှင် သူ့ကြောင့် ၊ တရေးမှောင့်ခဲ့ ၊ မဖြောင့်ပျံ့လွင့် ၊ နှောင်းကြိုးငင်သည်၊ လုလင်ငွေမျက် ရည်တကား ” လို့ ဆိုရမှာ ကို ထား မှာ တော့ ကိုတင် သူ့ ကြောင့် တရေးမှောင့်ခဲ့ မဖြောင့်ပျံ့ လွင့် လို့ ဆိုရမှာပေါ့ ”

“ ဟား ... ဟား ...၊ ဟုတ်တယ် ဟုတ်တယ် ၊ ဟေ့ …. ကု,လား ၊ ပြန်ပြီး လှော် ၊ တို့ ကမ်း ကို ပြန်မယ်။ ကဲ ... အကြည် က တစ်ပုဒ် လောက်၊ ကိုကိုလေး တို့ ကို ဆိုပြပါဦး ”

“ ဒါဖြင့် လေးချိုးလေး တစ်ပုဒ် လောက် ဆိုပြရသေးတာပေါ့ ”

“အိုင်တွေ့လျှင် ရေချိုဇငယ်နှင့် ၊ ထိုင်၍ပင် ခြေကိုဆေးလိုကြ ၊ ပြေ ပဟိုရ် ကြေးရယ်က ( ကျား ) တကာ။ တကိန်းဆပါတော့၊ မိန်းမမှာ မာယာတဲ့ သဲကိုးဖြာ အမည်ရ သော်လည်း ၊ လေးဆယ်သာ ရွှေစာပြတယ် မိန့်ဟသေချာ ၊ ဖောက်ပြားသွေ ခါခါဖြတ်နိုင်တဲ့ ၊ ယောက်ျားတွေ မာယာတတ်ပုံက ၊ ကမ်းခတ်မို့ မနှိုင်းသာ ၊ တိုင်းတာ ဖြင့် မရှိကောင်း ၊ သို့လောက်ပင် ယောက်ျား မှာ မာယာရှင် မို့ ၊ ခါခါပင် နှုတ်သံနှော ပါလို့ ၊ ( ပါဝါ ) တင် လုပ်ကြံ ပြောသော်လည်း ၊ မဟုတ်တန် ဟုတ်တန် သဘောတို့ကို ၊ စစ်ကြောကာ သတိသွင်းပါလို့ ၊ ချစ်သြဇာ တမိနှင်းပါမှ ၊ ဘဝင်ဆူ လင်ပူ ကင်း လိမ့်မယ် ယွင်း သူ့ အကြောင်း ”

“ အလဲ့ … ညီမလေး စာ က တယ် ဆိုပါကလား ”

“ဟေ့ .. ဟိုဘက် တိုး ကပ် ၊ အဲ ...အဲ ၊ ပိုက်ဆံ ဘယ်လောက် ပေးရမလဲ ”

ကန်တော်ကြီး အလယ်ကျွန်း ပေါ်သို့ ရောက် ၍ ဖြည်းညင်း သာယာစွာ လမ်းလျှောက် ခဲ့ကြလေ၏ ။ ထားတင် နှင့် ထားကြည် ကား တတွတ်တွတ် စကား ပြော လာကြလေ၏ ။ တင်ဖေ ကား စိမ်းစိုသော မြက်ခင်းပြင် ကို ကြည့် လာ လေ၏ ။ ခပ်လှမ်းလှမ်း ၌ ဖြူဆွတ်သော လက်ကိုင်ပဝါလေး တစ်ထည် ကို မြင်လေ၏ ။ သူ သည် လက်ကိုင်ပဝါဖြူလေး ဆီ သို့ သွား၏ ။ ညီအစ်မ စကား ပြောရင်း ရှေ့ လျှောက်သွား လေ၏ ။

တင်ဖေ သည် လက်ကိုင်ပဝါ ကို ကောက် ကြည့်ရာ ချွေးစွန်း ချွေးကွက် မရှိဘဲ ခဝါ ပေး ထားခါစ လက်ကိုင်ပဝါ ဖြစ်သည် ကို တွေ့ရလေ၏ ။ ဖြန့် လိုက်သော အခါ သင်းပျံ့အေးကြည် သော ရေမွှေးနံ့ သည် နှာခေါင်း တွင်း သို့ ဝင်လာလေ၏ ။ ထောင့်စွန်း တွင် နှင်းဆီခက်ပန်းကလေး ထိုး ထားလျက် ရှိလေ၏ ။ မျက်နှာဆိုင် အစွန်း တွင် ကား S.S. ဟူသော စာလုံးများ ကို မရန်းရောင် ချည်နှင့် ထိုး ထားလျက် ရှိ၏ ။ တင်ဖေ သည် လက်ကိုင်ပဝါလေး ကို ချစ် နေလေ၏ ။ လောကဓာတ် တစ်ခုလုံး နှင့် မြင်မြင်သမျှ လူ အပေါင်း ကို ချစ် နေခိုက် ချစ်စရာ ကောင်းသော လက်ကိုင် ပဝါလေး ကို မြင်ရနေရာ ထူးကဲစွာ ချစ်ခြင်း ဖြစ်ပေါ် နေလေ၏ ။

“ S.S. ဆိုတော့ စန်းစန်း လား ၊ စိန်စိန် လား ၊ ရွှေရွှေ လား ၊ စုစု လား ၊ ဘယ်သူများပါ လိမ့်နော် ။ လက်ကိုင်ပဝါဖြူ လှသလို ပိုင်ရှင်လေး လည်း လှပေမှာ ပဲ ။ လက်ကိုင်ပဝါလေး ဖြူစင် သလို သူ့ မှာ လည်း ဖြူစင်တဲ့ စိတ် ရှိပေမှာပဲ နော် ။ ဪ ...  ဖြူပေ့စင်ပေ့ လက်ကိုင်ပဝါ မှာ ပန်း တစ်ပွင့်တည်း ပန် သလို ၊ မိန်းမကောင်း ပန်းပန် တစ်ပွင့်မျိုး ထဲ က ပဲ ထင်ပါရဲ့ နော် ။ ပိုင်ရှင် ဘယ်များ သွားလေပြီလဲ ၊ ဟေ့ ...  မောင်လက်ကိုင်ပဝါ ရဲ့ ၊ မင်း မမ ဘယ် ကို သွားနေပြီ လဲ ။ သူ ဘယ်ကို သွားသွား ငါ လိုက်ပြီးပေးမယ် ။ ပြောပါကွာ ၊ ငါ ဟိမဝန္တာ ကို တောင် သွားမယ် ၊ ပဝါပိုင်ရှင်ကလေး နှင့် တွေ့ ရရင်တော်ပြီ ”

ထားတင် နှင့် ထားကြည် သည် ခပ်လှမ်းလှမ်း မှ စောင့် နေကြ၏ ။ အသက် အစိတ်ခန့် မျှ မိန်းမတစ်ယောက် သည် တင်ဖေ့ ထံ သို့ ရှေးရှု လာ နေသည် ကို တွေ့ရ၏ ။ တင်ဖေ မျှော်လင့် သည်ထက် ချောမောလှပ အချိုးကျ နေသည် ကို တွေ့ရလေ၏ ။ တင်ဖေ လည်း သူ ပဲ လက်ကိုင် ပဝါရှင် ဖြစ်မှာပဲ ဟု တွေးကာ သူ့ကျေးဇူး အတင်ခံ ရရင် လူ ဖြစ်ရကျိုး နပ်ပြီ ဟူသော တွက်ခြေ ဖြင့် ဆီးကြိုကာ ပြုံးလေ၏ ။ အဆိုပါ မိန်းမ လည်း တင်ဖေ အား စူးစိုက် ၍ ကြည့် လေ၏ ။

“ ဒီ လက်ကိုင်ပဝါ ဒီနား က ကောက်ရပါတယ် ၊ အဆွေတော် ရဲ့ လက်ကိုင်ပဝါများ ဖြစ်မလား လို့ ”

မိန်းမ က ညာဘက် မျက်ခုံး ကို မြှင့် ပြီး

“ ဪ ... ဟုတ်ပါတယ် အစ်ကို ရယ် ၊ ဟုတ်ပါတယ် ၊ ခင် ခုနက လမ်းလျှောက် လာ တော့ ကျနေရစ်ပါတယ် ”

တင်ဖေ က မိန်းမ ကို စူးစိုက် ကြည့်ပြီး လက် လှမ်း ကာ “ ရော့ပါ …. ရော့ပါ  ... ပြန်ယူပါ ၊ ခု ပိုင်ရှင် အဆင်သင့် မတွေ့ရင် ရှာပေးမယ်လို့ပဲ ”

ပါး ချိုင့်အောင် ပြုံးပြီး လျှင်

“ ကျေးဇူးတင်ပါတယ် အစ်ကို ရယ် ၊ ဘယ်တော့မှ ကျေးဇူးမမေ့ပါဘူး ”

ထားတင် သည် ထို အခြင်းအရာ ကို မြင် လျှင် “ ကိုကို က လည်း နော် ၊ ဘယ်က မယားငယ် နှင့်များ အလွမ်းသင့် နေပါလိမ့် ၊ သူတို့ ယောက်ျားတွေ တော့ ဒီလိုချည်းပဲ ” ဟု ပြော လျှင် ထားကြည် က

“ မိတ်ဆွေများ ထင်ပါရဲ့ ”

“ မိတ်ဆွေ ဖြင့် သည်လောက် ကြာ မများပါဘူး ”

တင်ဖေ က ခါး ထောက်ပြီး “ ပြောဖို့ မလိုပါဘူး နှမ ရယ် ၊ သူများ ကျပျောက်တာ ကို သိမ်းဆည်း မထားဘဲ ပိုင်ရှင် ကို ပြန် အပ်ဖို့ က အစ်ကို တို့ ဝတ္တရားပါပဲ ”

“ ဝတ္တရား တော့ ဟုတ်တာပေါ့ ၊ အစ်ကို တစ်ယောက် တည်း လမ်းလျှောက် လာပါ သလား ရှင့် ”

“ ဟို ဟို ... တစ်ယောက် တည်း ပဲ ။ ခင် ကော တစ်ယောက် တည်း ပဲ လား ၊ တစ်ယောက် တည်း မိန်းမသား ဆိုရင် သိပ်ပြီး မသင့်ဘူးနော် ”

“ အိုး ... ကိစ္စ မရှိပါဘူး ၊ ခင် က လာနေကျပဲ ။ ဒါထက် အခုလို ရုတ်တရက် တွေ့ကြရ ပေမဲ့ မိတ်ဆွေ လို သဘောထား ပါနော် ၊ နောင် မိတ်ဆွေရင်း ဖြစ်ဖို့ပေါ့ ”

ထားတင် သည် အသားတွေ တဆတ်ဆတ် တုန် နေလေ၏ ။ တင်ဖေ အား အဝေး မှ မျက်စောင်း ထိုး ကြည့် နေလေ၏ ။ တင်ဖေ ထက် ထို မိန်းမ ကို ပိုမို မုန်း နေလေ၏ ။

“ ကြည့်ပါလား အကြည် ရယ် ၊ ဒီမှာဖြင့် စောင့် နေရတယ် ၊ သူက တော့ ... ၊ တောက် ...  ရှင်တို့ ယောက်ျားတွေ နော် ၊ အကြည် မမ မခံဘူး သွားကြစို့ ၊ သူ့ ဘာသာ သူ နေရစ်ပေစေ လာသွားမယ် ” ဟု ဆိုကာ ဆောင့်အောင့် ၍ ကား ထား ရာ သို့ သွားလေ၏ ။ တင်ဖေ့ မှာ အူမြူးသော မျက်နှာ ဖြင့် -

“ ကောင်းပါပြီဗျာ ကောင်းပါပြီ ၊ မဆွတ်ခင် က ညွှတ်ချင်တဲ့ ပန်းမျိုး ပါ ပဲ ”

“ ဟဲ .. ဟဲ ၊ ခင်တို့ အိမ် လာ လည်ပါနော် ၊ ရော့ .. ဟောဒါ လိပ် ပဲ ၊ ကဲ ...  သွားပြီနော် ၊ ချဲရီယို ”

မိန်းမ သည် သွက်လက်စွာ ထွက်သွား လေ၏ ။ တင်ဖေ သည် ပါးစပ် ဟောင်းလောင်း နှင့် ကျန်ရစ်ခဲ့ လေ၏ ။ ခေါင်း ငိုက်စိုက် ချ လျက် ကား ဆီ သို့ လာလေ၏ ။ ထားတင် သည် ကား ၏ လက်ဝဲဘက် အစွန်ဆုံး တွင် ထိုင် ၍ ထားကြည် ကို အလယ်ပိုင်း ၌ နေရာ ချထားသည် ကို တွေ့ရလေ၏ ။ သူ့ အတွက် ကား လက်ယာစွန်း မှာ ချထား ပြန်လေ၏ ။ ထားတင် သည် ၎င်း မကြည့် ဘဲ အခြား ဘက် သို့လှည့် ၍ နှုတ်ခမ်း စူ နေလေ၏ ။

“ အို ဘယ့်နှာလဲကွ ၊ ထား က ဒီဘက် လာလေ ”

ထားတင် သည် စကား မပြောဘဲနေ သဖြင့် ထားကြည် က မေးငေါ့ထိုး ပြပြီး တင်ဖေ ကို လက်ခါ ၍ ပြလေ၏ ။ တင်ဖေ သည် ထားတင် စိတ်ဆိုးခြင်း ၏ ဝိဘာဝ ကို သိလေ၏ ။ ခယ်မ အနီး ကပ် လျက် ထိုင်လေ၏ ။ ကားသမား ကို “ အိုင်ဆေး ပြန်ပေတော့ ” ဟု အမိန့် ပေး လေ၏ ။

“ အကြည် ၊ ကိုကိုလေး ပြောမယ် ၊ ဒီ အနား ကို တိုးစမ်း ” ဟု ပြောပြီး အကြည့် ပါး နား ကပ်၍ တတွတ်တွတ် နှင့် တောင်စဉ်ရေမရ ပြော နေ လေ၏ ။ ထားတင် သည် မျက်စောင်း ထိုး ကြည့် ပြီး အခြား ဘက် သို့ လှည့် သွား ပြန်၏ ။

“ သူ က တော့ ဒီလို ချည်းပဲ ၊ ဒီက စိတ်ဆိုးမှန်း သိလျက် နဲ့ လည်း ဂရုတောင် မစိုက်ဘူး ၊ သူ အလေ လိုက်ဖို့ လောက် သိတာပဲ ” တွေးတော နေဆဲ ညီမ နှင့် လင် မှာ တခစ်ခစ် ရယ်နေကြ လျှင် ကြာကြာ မခံနိုင်တော့ဘဲ မျက်ရည် ကျ ခါ ရှိုက်ကြီးတငင် ငို လေ၏ ။

“ အို ထား က ဘာပြုလို့ ငိုသလဲ ၊ တိတ်ပါကွယ် ”

“ တိတ်ဝူး ( ဝူး ... ဝူး ... ဝူး ... ) ရှင်တို့ ယောက်ျားများ အင်မတန် စိမ်းကားတယ် ၊ ထား ( အား ... အား ) ကို ခေါ်နဲ့ ၊ ရှင့် မိန်းမ နောက် လိုက်သွား ၊ ထား နဲ့ ( အီ ... အီ ) ဒီမှာ တော့ ဘယ်လောက် ဝမ်းနည်းတယ် ဆိုတာ မမေးဘူး ၊ ရှေ့ကြောင်တောင် တဟားဟား သော နေတယ် ။ ( အီး ... အီး ) ဘယ်က မိန်းမရွှင် နဲ့ စကား ပြော နေတာလဲ ။ သွားပါ .. မိန်းမရွှင်မ နောက် လိုက်ပါ ”

“ ဟိုက် ... မိန်းမရွှင် မဟုတ်ပါဘူး ” ဟု မျက်လုံး ပြူးကာ ပြော လျှင် ကားသမား က ...

“ ဆရာ ခုနင်က စကား ပြောနေတာတော့ မိန်းမကောင်း မှ မဟုတ်ဘဲ ”

“ ဟ .. မိန်းမကောင်း ဂုဏ်သရေရှိထဲ က ပါကွ ၊ ဟော့ဒီမှာ ကြည့်ပါလား ၊ သူ ပေးခဲ့တဲ့ လိပ် ”

ကားသမား က လိပ် ယူ ကြည့် ပြီး

“ အစစ်ပေါ့ ဆရာ ၊ ကျွန်တော် တက္ကစီ မောင်း တုန်း က တောင် မင်းတိုင်ပင် တစ်ယောက် အတွက် ခေါ်ပေး လိုက်ရသေးတယ် ”

“ အင်း ... ဟုတ်လား ” ဟု ပြောပြီး မျက်နှာ နီ နေလေ၏ ။

“ ရှင်တို့ ယောက်ျားများ မိန်းမ မြင် ရင် နံ့ချင်တာပဲ ၊ အထက်ဆင့် နီနီ မြင် ပိုးချင်တာပဲ ၊ ကြည့်ပါတော် မယား ရှိလျက် နဲ့ တောင် ပိုးချင်သေးတယ် ။ ပြီးတော့ မိန်းမရွှင် တောင် မိန်းမရွှင် မှန်း မသိဘူး ”

“ လွန်တာ လွန်ပါစေ ...  ထား ရာ ” ဟု ပြောပြီး အားလုံး ငြိမ် သွားလေ၏ ။

“ အကြည် ”

“ မမ ”

“ ဒီဘက် လာ စီး ၊ မြို့ထဲ က လူတွေ က ခဲအို နှင့် ခယ်မ ၊ အတူတူ ဘေးချင်း ယှဉ် စီးတယ် ဖြစ်နေပါဦးမယ် ”

◾သိန်းနေနွယ်

📖 ဒီးဒုတ် သတင်းစာ
      အတွဲ - ၁၂ ၊ အမှတ် - ၄
      ၁၂ အောက်တိုဘာ ၊ ၁၉၃၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment