Tuesday, May 21, 2024

ကျီးဖြူ နှင့် ဗျိုင်းမည်း တစ်ကိုင်းတည်း နားကြခြင်း အကြောင်း


 

❝ ကျီးဖြူ နှင့် ဗျိုင်းမည်း တစ်ကိုင်းတည်း နားကြခြင်း အကြောင်း ❞

နှစ်ကျပ်ခွဲ ထမင်းဆိုင်ကလေး ကား ကျပ်ခိုးစွဲ နံရံများ အတွင်း၌ အလင်းရောင် ကင်းမဲ့စွာ လူသူ ကျဲပါးစွာ ခါတိုင်း လို ပင် ညှိုးရော် လျက် ရှိလေသည် ။

သူ ဆိုင်ရှင် မိန်းမ ဝဝကြီး သည် ယမန်နေ့ က လက်ကျန် တို့စရာ များ ထဲ မှ ရှောက်သီးစိတ်များ ကို ယူပြီး ပန်းကန် တစ်လုံး ထဲ သို့ အရည် ညှစ် ထည့် လျက်ရှိ၏ ။ စားပွဲထိုး ကောင်မလေး သည် အရောင်တင်ဆီ များ ကို ဇွန်းကြီး တစ်ချောင်း ဖြင့် ခပ် ယူ လျက် ဟင်းအိုးများ ထဲ သို့ လောင်း ထည့် နေသည် ။

ထမင်းဆိုင် ထဲ သို့ လူ တစ်ယောက် ဝင် လာသည် ။ ထို သူ သည် အရောင် လွင့်ပြယ်စ ပြုနေပြီ ဖြစ်သော တိုက်ပုံအင်္ကျီ အနက် တစ်ထည် ကို ဝတ်ဆင်ထား၏ ။ ဆိုင် ၏ အတွင်းဘက် ကျကျ စားပွဲ တစ်လုံး တွင် ထို သူ ဝင် ထိုင်သည် ။

ထမင်းဆိုင် ရှေ့ သို့ နောက်ထပ် လူ တစ်ယောက် ရောက် လာသည် ။ ဒုတိယ လူ သည် အတက်ချီကေ့စ် တစ်လုံး ကို ကိုင် ထား၏ ။ ထို သူ သည် ဆိုင် တွင်း သို့ မဝင်သေး ဘဲ ဟိုဟိုသည်သည် ကျီးကန်း တောင်းမှောက် ကြည့် လျက် ရှိ၏ ။ ထို သူ့ လက် ထဲ မှ အတက်ချီကေ့စ် သည် သက်တမ်း ကြာမြင့်လွန်း၍လော မဆို နိုင် ။ သော့ မမြဲတော့ရကား အိတ်အဖုံး သည် မကြာခဏ ပွင့် ထွက်လာ တတ်၏ ။ ယင်းသို့ ပွင့် ထွက်လာတိုင်း ထို သူ က အတက်ချီကေ့စ် ကို တင်ပါး နှင့် ဖြန်းခနဲ ဖြန်းခနဲ မြည်အောင်ရိုက်လျက် ပြန် ပိတ်သွား အောင် လုပ်လေ့ ရှိသည် မှာ သံပတ် ပေး ထားသော စက်ရုပ်တစ်ရုပ် ၏ လှုပ်ရှားမှု နှင့် ပင် တူသေးတော့၏ ။

ဒုတိယ လူ သည် ဆိုင် ထဲ သို့ ကုပ်ချောင်းချောင်း နှင့် ဝင် လာပြီး စားပွဲ တစ်လုံး တွင် ထိုင်မည် ပြု၏ ။ ပထမလူ က ဒုတိယ လူ ကို မြင် သွားသည် ။

“ ဟေ့ကောင် ... ဝင်းဖေကြီး ”

ဒုတိယလူ သည် ခါးပိုက်နှိုက် နေစဉ် မိမိ ၏ လက် ကို ဆုပ်ကိုင်ခြင်း ခံလိုက်ရ သူ ပမာ လန့်ဖျပ် သွား၏ ။ မှောင်ရိပ် ထဲ တွင် ထိုင် နေသော ပထမလူ ကို လှမ်း ကြည့်လိုက်သည် ။

“ ဖိုးသင်းအောင် ကိုး ကွ ... ငါ့ ဘယ်သူများလဲလို့ ”

“ လာပါကွ ... ဒီ စားပွဲ မှာ လာ ထိုင်ပါ ”

ဒုတိယလူ သည် သူ့ အတက်ချီကေ့စ် ကို ပထမလူ ထိုင် နေသော စားပွဲ ပေါ် တွင် တင် လိုက်၏ ။ ပထမလူ က ဒုတိယလူ ကို ပြုံးစိစိ ဖြင့် စိုက် ကြည့် နေသည် ။ ဒုတိယလူ က အနေရ ကျပ် လာဟန် ဖြင့် ...

“ ဘာလဲ ... မင်း က ငါ လို ဆရာဝန် တစ်ယောက် က ဒီ ဆိုင်မျိုး ကို လာ စားတဲ့ အတွက် အံ့ဩ နေသလား ၊ အိတ်ကပ် က ပြဋ္ဌာန်း တဲ့ အတိုင်း လိုက်နာရတာပဲ သူငယ်ချင်း ၊ သိပ် ကြီးကျယ်နေလို့ မရဘူး ၊ အေး .. မင်း သာ လူစိမ်း တစ်ယောက် ဆိုရင်တော့ အထူးသဖြင့် ငါ့ လူနာ တစ်ယောက် ဆိုရင်ပေါ့ လေ ၊ ဒီ ဆိုင် က ဘဲဥပဲကုလားဟင်း ကောင်း လွန်းလို့ လာ စားတာပါ လို့ ငါ ညာ ပြောမှာပဲ ၊ မင်း က ရော ဗဟိုတရားရုံး ရှေ့နေကြီး တစ်ယောက်လုံး လုပ် နေပြီး ဒီ ဆိုင်မျိုး မှာ ...”

“ မင်း သာ လူစိမ်း တစ်ယောက် ဆိုရင်တော့ အထူးသဖြင့် ငါ့ အမှုသည် တစ်ယောက် ဆိုရင်ပေါ့လေ ... ဒီ ဆိုင် က ဆိတ်ကလီဇာဟင်း ကောင်း လွန်းလို့ လာ စားတာပါ လို့ ငါ ညာ ပြောမှာပဲ ”

စားပွဲထိုး ကောင်မလေး က ငပိရည် နှင့် တို့စရာများ လာ ချသည် ။

“ ကဲ .. ကဲ ၊ မင်း ဘာ ဟင်း နဲ့ စားမလဲ ၊ ငါ က တော့ ဆိတ်ကလီဇာဟင်း ပဲ စားမယ် ”

“ ငါ က တော့ ဘဲဥပဲကုလားဟင်း ပဲ ပေါ့ကွာ ”

စားပွဲထိုး ကောင်မလေး က ဟင်းပန်းကန်များ လာ ချ ပေး၏ ။

“ မင်း အခြေအနေ က တော့ ဘယ်လိုလဲ တခြား ဆရာဝန်တွေ တော့ ထော နေတာပဲ ”

“ ငါ့ ဆေးခန်း က တော့ အေးချမ်းလျက် ပါပဲကွာ ... အေးချမ်းလွန်း လို့ ပင်ဂွင် တွေ ၊ ပိုလာဘယ်ယာ တွေ တောင် ဝင် လာမှာ စိုးရတယ် ”

သင်းအောင် က ကောင်မလေး လာ ချ သော ထမင်းပန်းကန် ဘေး တွင် ကပ် နေသည့် ပေါက်ပန်းဖြူရွက် တစ်ရွက် ကို ဖယ်ပစ်လိုက်၏ ။

“ မင့် အခြေအနေ ရော ဘယ်လိုလဲ ... တခြား ရှေ့နေတွေ တော့ ကောင်းစား နေကြတာပဲ ”

“ ငါ့ ရုံးခန်း က လဲ မစည်ကားအပ်သော အရပ် ဆိုတဲ့ စကား နဲ့ ညီညွတ်လျက် ပါပဲကွာ ”

“ မင်း အညာ ပြန် ရောက်သေးလား ”

“ ပြီးခဲ့တဲ့ ဆရာ ကန်တော့ပွဲ တုန်း က တစ်ခေါက် ရောက်တယ် ၊ မင်း အဆက် လှကြွေကြီး တောင် တွေ့ ခဲ့သေးတယ် ၊ လှလို့ ဝလို့ ပါပဲ ”

ဝင်းဖေ ၏ မျက်လုံးများ မှုန်ရီကျဉ်းမြောင်း သွား၏ ။

“ သူ့ အိမ်ထောင် နဲ့ သူ ဖြစ်နေပြီပဲ သူငယ်ချင်း ရာ ... သူ နဲ့ ကိုယ် နဲ့ ဇာတ်လမ်း က ပြီးဆုံး သွားပါပြီ ”

“ မပြီးဆုံးသေးဘူးကွ ... လှကြွေ အခု လွတ်လပ်နေပြီ ”

“ ဘယ်လို  ... ဘယ်လို  ”

“ သူ့ ယောက်ျား ကိုဘသောင်းကြီး ဆုံးသွားတယ်ကွ ”

“ ဘယ်တုန်းကလဲ ဟ  ... ဘယ်လို ဖြစ်တာလဲ ”

“ ကဲ ကြည့်  ... မင်း စိတ်ဝင်စား လာပြီ မဟုတ်လား ”

“ စိတ် မကောင်းလို့ မေးတာပါ ကွာ ၊ ငါ့ မလဲ ငါ့ အိမ်တောင် နဲ့ ငါ ပဲ ဟာ ... မဆိုင်တော့ပါဘူး ၊ ပြောစမ်းပါဦး ... ကိုဘသောင်းကြီး ဘယ်လို ဖြစ်တယ် ဆိုတာ ”

“ လွန်ခဲ့တဲ့ လ ထဲ က ပဲ ဆုံး သွားတာ ၊ ဖြစ်ပုံ ပြောရရင်တော့ ကိုဘသောင်း မိဘ တွေ ကြွယ်ဝ တဲ့ အကြောင်း က စ ပြောရမှာပဲ ၊ အေးလေ ... ငယ်ချစ်ဦး ဖြစ်တဲ့ အပြင် ဆေးကျောင်းသား တစ်ယောက် လဲ ဖြစ်တဲ့ မင်း ကို တောင် ရင်ဆိုင် ယှဉ်ပြိုင်ပြီး အနိုင်ယူ သွားတယ် ဆိုကတည်း က ကိုဘသောင်း တို့ ရဲ့ ဘောဂဗလ မဏ္ဍိုင် ဟာ အလွန်ပဲ ကြံ့ခိုင်တယ် ဆိုတဲ့ အချက် က တော့ အငြင်း မထွက်တဲ့ အပြင် သက်သေ ပြစရာ မလိုတဲ့ အကြောင်းခြင်းရာ တစ်ရပ် လဲ ဖြစ်နတယ် ဆိုတာ ... ”

“ ဟေ့ကောင်  ... ဒါ တရား ရုံးမှာ လျှောက်လဲ နေသာ မဟုတ် ဘူး ၊ လိုရင်း လုပ်စမ်း  ... ”

“ ဆောရီး ကွာ ... ဆောရီ ... အကျင့် ပါနေလို့ ပါ ၊ ကိုဘသောင်း က နဂိုက လဲ ခပ်ဝဝ လူ မဟုတ်လားကွ ... ကိုယ်လက် လှုပ်ရှားမှု က လဲ နည်းတယ် ။ နည်း ဆို ပါလ်ဆာတလဲ စပရင်တာ က လဲ တင်ပါး နဲ့ ပဲ သွား နေတဲ့ လူမျိုးကိုး ကွ ... ပြီးတော့ ချမ်းသာသူ တွေ ရဲ့ သဘာဝ အတိုင်း ဆီဦးထောပတ် ကို လဲ အမြဲ မှီဝဲ နေရတယ်လေ ကွာ ... ဒီတော့ ကိုယ် အလေးချိန်တွေ အရမ်း တိုးတက် လာပြီး ခဏခဏ ခေါင်းမူးတတ် သတဲ့ကွ ”

“ ဆရာဝန် ပြ မကြည့်ဘူးတဲ့လား ကွာ ”

“ ဒါတော့ မင်း ကိုယ်တိုင် လှကြွေ နဲ့ တွေ့မှပဲ မေးတော့ ”

”ကဲပါကွာ ... ဆက်စမ်းပါဦး ”

“ ပိုက်ဆံ ချမ်းသာတဲ့ လူတွေ ဆိုတာ က လဲ အခက်သား ကွ ၊ စီးပွားရေး က လွဲရင် တစ်လောကလုံး ကို မေ့ ထားကြတာ ၊ ငွေ ရဖို့ ၊ အမြတ် ရဖို့ ပဲ အာရုံ စိုက်နေတာ ကိုယ့် ကျမ်းမာရေး ကိုယ် လဲ ဂရု မစိုက်နိုင်ဘူး ပေါ့ ကွာ ... ခေါင်း မူးရုံ လောက်ဆိုတော့လဲ ဆရာဝန် တွေ ဘာ တွေ ပြ မကြည့်ဘဲ ခပ်ပေါ့ပေါ့ နေလိုက်မိ ထင်ပါ ရဲ့ ၊ တစ်မနက် မှာ တော့ ကိုဘသောင်း မှာ ရုတ်တရက် မေ့လဲ သွား သတဲ့ ၊ ဆေးရုံ ပို့ပေမယ့် သတိ ပြန် လည် မလာတော့ဘဲ ဆုံး သွားတယ် ၊ ဦးနှောက် သွေးကြော ပြတ် သွားတယ် လို့ ပြောတာပဲ ”

“ နှလုံး တစ်ရှူးတွေ ထဲ မှာ ကိုလက်စထရော သိပ် များတဲ့ ရောဂါ ပေါ့ ”

“ တစ်နည်းအား ဖြင့် တော့ ချမ်းသာ တဲ့ ဒဏ်တွေ ပေါ့ ကွာ ”

သင်းအောင် က သခွားသီး တစ်စိတ် ကို ငါးပိရည်ပန်းကန် ထဲ နှစ် ပြီး တကျွတ်ကျွတ် ဝါး စား လိုက်၏ ။ ဝင်းဖေ က သင်းအောင် ၏ ပန်းကန် ထဲ သို့ ဘဲဥပဲကုလားဟင်း တစ်ဇွန်း ထည့် ပေးသည် ။

“ မင်း ကိုခင်မောင်မြကြီး နဲ့ တွေ့သေးလား ”

“ မတွေ့ တာ အတော် ကြာသွားပြီ ”

“ ရန်ကုန် ရောက် နေတဲ့ တို့ မြို့သားတွေ ထဲ မှာတော့ သူ အကြီးပွားဆုံး ထင်တယ် ”

“ သူ့ တော့ မပြောနဲ့လေ ၊ သူ့ ထက် ချမ်းသာတဲ့ လူ တောင် သူ့ လောက် ချမ်းသာမှာ မဟုတ်ဘူး ”

“ ဟိုတစ်လော က တင် ပို နေတဲ့ သူ့ ခြံ တစ်ကွက် ရောင်း လိုက်တာ သုံးဆယ့်ငါး ရ သတဲ့ကွ ”

“ အပါးပါး ... တို့တော့ ဆယ် ဘဝ လိုက်လို့ တောင် မီမှာ မဟုတ် ဘူးဟေ့ .. ”

“ သိပ်တော့လဲ အား မကျနဲ့ ကွ .. သူ့ မှာ လဲ သူ့ ဒုက္ခနဲ့ သူပဲ ”

“ ဟာကွာ ... သူလို လူမျိုး မှာ ဒုက္ခ ဆိုတာ ရှိနိုင်သေး လို့လား ” 

“ သူတို့ လင်မယား ကွဲ နေတယ် ကြားတယ် ” 

“ ဟောဗျာ ... ”

“ ကိုခင်မောင်မြ က ခင်မေလွင် ဆိုတဲ့ ကောင်မချောချောငယ်ငယ် တစ်ယောင် နဲ့ လက်ထပ် လိုက်တယ် လေ ၊ အဲဒါက သူ့ ရဲ့ နံပါတ်ခြောက် လို့ ပြောတာပဲ ”

“ ဟိုက် ... ရှားလဘတ် ”

“ ဒီလောက်တောင် သောင်းကျန်းလွန်း တော့ လည်း မနွဲ့ က သည်းမခံ နိုင်တော့ဘူးပေါ့ ၊ ခုတော့ တရားဝင် ကွာရှင်းပြတ်စဲ လိုက်ကြပြီတဲ့ ”

“ သားသမီးတွေအတွက် စိတ်မကောင်းစရာပဲနော် ”

“ ချမ်းသာတဲ့ ဒဏ်တွေ ပေါ့ ကွာ ”

ဝင်းဖေ က ပေါက်ပန်းဖြူ တစ်ခက် ကို ယူ လိုက်၏ ။ အရွက်များ ကို လက် ဖြင့် သပ်ခြွေ လိုက်ပြီး ထမင်း ထဲ တွင် မြှုပ် သည် ။ ထမင်း လက်ရာ ပေါ်သို့ ငပိရည် တစ်ဇွန်း ဆမ်း လိုက်၏ ။

“ တို့စရာ တစ်ပန်းကန် ထပ် ပေးဦးဟေ့ ”

သင်းအောင် က မှာသည် ။

“ ကိုပေါ်လာကြီး အကြောင်း ရော ကြားပြီးပြီလား သင်းအောင် ”

“ တစ်နေ့ က တောင် သူ့ မိန်းက မမြသင်း ငါ့ ရုံးခန်း မှာ လာပြီး ငို သွားသေးတယ် ”

“ ဒီကောင်ကြီး ငယ်ငယ်တုန်း က တော့ တော်တော် ကို ရိုး ပါတယ်ကွာ ၊ တို့ တစ်တွေ ထန်းတော သွားလျှင် တောင် လိုက်တာ မဟုတ်ဘူး ”

“ သူ့ လုပ်ငန်း က သူများ အားကိုး နဲ့ လုပ် ရတဲ့ လုပ်ငန်း ကွ ၊ ဒီတော့ လုပ်ငန်း တစ်ခါ အောင်မြင်လိုက်တိုင်း ဒီလို အောင်မြင် အောင် ကူညီ စောင့်ရှောက်တဲ့ သူတွေ ကို ဝမ်းတေဘယ် ပေး ရတယ် ၊ ပေါ့သေးသေး တော့ မထင်နဲ့ နော် ၊ ဒင်ပယ် တို့ ချိဗတ်စ် တို့ လောက် ကို အနိမ့်ဆုံး ထားပြီး သုံးတဲ့ ဝမ်းတေဘယ် မျိုး ၊ တကယ့် ပွဲကြီးတွေ ပေး ရတာ ။ ပထမ တော့ တစ်လ မှ တစ်ပွဲ လောက် ပေါ့ ကွာ ၊ နောက်တော့ အလုပ် ဖြစ်တာ နဲ့ အမျှ ပွဲ က လဲ စိတ် လာတယ် ၊ နောက်ဆုံးတော့ နေ့တိုင်း လောက် ဖြစ်လာတယ် ထင်ပါရဲ့ ၊ တို့ ကောင်ကြီး လဲ ဒီ ပွဲတွေ မှာ အလုပ် သဘော နဲ့ ရောနှော သောက် ရင်း က တကယ် စွဲ သွားတယ် ။ မသောက်ရ မနေနိုတဲ့ ဘဝမျိုး ကို ရောက် သွားတယ် ၊ အင်း စီးပွား က တော့ မယုံနိုင် လောက်အောင် တက် လာပါရဲ့ ၊ ဒါပေမယ့် လူ က တော့ အရက် နဲ့ မျက်နှာ သစ်တဲ့ ဘဝမျိုး ရောက်နေပြီ ၊ လူ လဲ လူရုပ် မပီတော့ဘူး ၊ တကယ့်ကို ယစ်ထုပ်ကြီး ဖြစ်နေပါပြီကွာ ”

“ ပိုက်ဆံ ဘယ်လောက် ပေါပေါ ဒီလို ဖြစ်နေမှ တော့ ဘယ်မှာ စိတ် ချမ်းသာနိုင်ပါဦးမလဲ ”

“ ချမ်းသာတဲ့ ဒဏ်တွေပေါ့ ကွာ ”

“ ငါ တော့ မင်း ပြောတာတွေ နားထောင်ရင်း ချမ်းသာရ မှာ တောင် ကြောက်လာပြီ ”

“ အေးကွ ၊ ခုပုံ ဆိုတော့လဲ တို့ ဆင်းဆင်းရဲရဲ နေရတာ က ပဲ ကောင်း သလိုလို ”

“ ကောင်းသလိုလို မဟုတ်ဘူးကွ ၊ တကယ့်ကို ကောင်းတာ ၊ ငါ လက်တွေ့ တစ်ခု ပြောမယ် ၊ တို့ က ဆင်းရဲတော့ သူများ လို ခြိုးခြံ ချွေတာ တတ်တဲ့ အလေ့အကျင့်ကောင်း ကို ရစေတယ်ကွ ”

“ ဆင်းရဲ တော့ အဆီအအိမ့် မစားနိုင်ဘူး ၊ ဒီတော့ အသီးအရွက် ကို အစား များတယ် ၊ ဆင်းရဲ တော့ ကိုယ်ပိုင်ကား မရှိဘူး ၊ ဒီတော့ ပြေးလိုက် လွှားလိုက် တိုးလိုက် ဝှေ့လိုက် လှုပ်ရှားမှု များတယ် ၊ ဒါကြောင့်လဲ အရောဂျံ နဲ့ ညီညွတ်သကွ ၊ ငါ တော့ ခေါင်းတောင် မကိုက်ဘူး ”

“ ဒါတင် ဘယ်ကမလဲ ၊ ဆင်းရဲတဲ့ အတွက် မိသားစု စည်းလုံးညီညွတ် လာတဲ့ အကြောင်း ပြောရဦးမယ် ”

“ ကြားပါရစေကွာ ”

“ ဆင်းရဲခြင်း ပန်းချီဆရာ ဟာ ညီညွတ်ရေး ပန်းချီကား ကို ဆေးရောင် နှစ်မျိုး နဲ့ ခြယ်မှုန်း ဖန်တီး လိုက်တယ်ကွ  ”

“ နက်နဲလှချည်လား သူငယ်ချင်း ရာ ၊ အဓိပ္ပာယ် လင်း စမ်းပါဦး ”

ဝင်းဖေ သည် ရေနွေးကြမ်း တစ်ခွက် ကို သောက် လိုက်၏ ။ သင်းအောင် က ဝင်းဖေ ဆ က်ပြောမည့် စကား ကို နားစွင့် နေသည် ။

“ ဆင်းရဲခြင်း ဆိုတာ လောကဓံ တိုက်ပွဲ မဟုတ်လား - တစ်နည်း အားဖြင့် စိန်ခေါ်ခြင်း ပဲ ၊ ဒါကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖို့ အတွက် မိသားစု ဝင် တိုင်းဟာ ကျောချင်း ကပ် ၊ ရင်ချင်း အပ် ကြရတယ် ။ အရေးကြီး တော့ သွေးစည်းပေါ့ ကွာ ၊ ဒါဟာ ဆင်းရဲခြင်း ပန်းချီဆရာ က စုတ်ချက်ကြမ်းကြမ်း နဲ့ ခြယ်မှုန်း လိုက်တဲ့ ပထမ ဆေးရောင် ပဲ ကွ ”

“ လှလိုက်လေ သူငယ်ချင်း ရာ ”

“ ပြီးတော့ ဆင်းရဲသား မဟုတ်လား ကွ ချမ်းသာတဲ့ လူတွေ ကို ဘယ်မှာ တုပ နိုင်ပါ့မလဲ ၊ လင် က လည်း မယား ကို ရက်ဖလွန် တို့ ၊ မက်စ် ဖက်ဘာ တို့ ၊ ယုန်မွေး တို့ ၊ ဆေးရည်ပါတိတ် တို့ ဝယ် မပေးနိုင်ဘူး ကွ ၊ ဒီတော့ ပိုက်ဆံ မပေးရတဲ့ မေတ္တာ တို့ ၊ သစ္စာ တို့ ၊ ကရုဏာ တို့ ပဲ အတိုးချ ပြီး ပေးရတယ် ၊ မယား က လည်း လင် ကို ဒိုးနေးလ် တို့ ၊ ရေးဘင်း တို့ ၊ ရိုးလက် တို့ ၊ စူစာကပ် တို့ ဝယ် မပေးနိုင်ဘူး မဟုတ်လား ၊ ဒီတော့ အလကား ရတဲ့ ကြင်နာခြင်း တို့ ၊ ယုယခြင်း တို့ ၊ ချိုသာခြင်း တို့ ကို ပဲ အောတိုက် ပြီး ပေး ရတယ် ။ ဒါကြောင့် မိသားစု ပိုပြီး စည်းလုံးညီညွတ်လာကြ သကွ ၊ ဒါဟာ ဆင်းရဲခြင်း ၊ ပန်းချီဆရာ က စုတ်ချက် နုနုလေးတွေ နဲ့ ခြယ်မှုန်း လိုက်တဲ့ ဒုတိယ ဆေးရောင်ပဲ ကွ ”

“ တန်ဖိုး ရှိလိုက်လေ သူငယ်ချင်း ရာ ၊ ငါ တော့ အားတွေ တက် လာ လိုက်တာ တစ်ကိုယ်လုံး ကို ဖျဉ်းဖျဉ်းဖျဉ်းဖျဉ်း နဲ့ နေတာပဲ ”

“ ဒီလိုမှပေါ့ ကွ ၊ ဆင်းရဲတာ ဟာ အားငယ်စရာ မဟုတ်ဘူး ၊ အားတက်စရာ ဆိုတာ အခု မင်း သိသွားပြီး မဟုတ်လား ”

“ ဟေ့ ... ဆင်းရဲခြင်းကြောင့် လက်ငင်း ခံစားနေရတဲ့ အကျိုး တစ်ခု ငါ ပြောရဦးမယ် ”

“ ဆိုစမ်းပါဦး ”

“ ဆင်းရဲ လေလေ သံဝေဂရ ဆို မဟုတ်လားကွ ၊ ငါ တော့ ဆင်းရဲ တာ နဲ့ အမျှ တရားသဘော ကို ပိုပြီး ဆင်ခြင် နိုင် လာတယ် ။ အတွေး အခေါ် တွေ လည်း ပိုပြီး လေးနက် လာတယ် ။ မင်း ယုံမလား မသိဘူး ၊ ငါ လေအခု အဓိဋ္ဌာန်ပုတီး တောင် အမြဲ စိပ်နေတယ်ကွ ” 

“ ယုံတာပေါ့ သူငယ်ချင်း ၊ ငါ လည်း မွေးနေ့ တိုင်း သက်သတ်လွတ် အမြဲ စား သကွ ၊ သားကြီး ငါးကြီး မစားတာ က တော့ တစ်နှစ် ပြည့် တော့မယ် ၊ အခု ဘဲဥဟင်း နဲ့ ပဲ စားတာကို ကြည့်လေ ”

“ သာဓုကွာ ... သာဓု သာဓု ”

နှစ်ဦးလုံး ထမင်းလက်စသတ် လိုက်ကြ၏ ။ ဆိုင်ရှေ့ ရှိ စဉ့်အိုး တွင် လက် ဆေးကြသည် ။ ထို့နောက် ရေနွေးကရားအိုး အဖုံး ပေါ် တွင် ခေါက်လျက် တင် ထားသော လက်သုတ်ပဝါ ကို ယူ၍ လက် သုတ် ကြ၏ ။ ထမင်းဖိုး ကို ရှေ့နေလေး က ပေးမည် ပြုရာ ဆရာဝန်လေး က တား၏ ။

“ ငါ ရှင်းပါရစေ သူငယ်ချင်း ရာ ၊ ဒီနေ မင်း နဲ့ တွေ့ ရတာ မင်္ဂလာ ရှိ လွန်းလို့ပါ ”

“ ငါ ရှင်းပါ့မယ်ကွာ ၊ ဘိုင်သမားချင်း အတူတူ ပဲ ဟာ ” 

“ ဒီ ထမင်းဖိုးလေး ရှင်းတာနဲ့ ငါ ပိုပြီး မွဲ မသွားပါဘူးကွာ ၊ ရော့ ... ရော့ ဒီက ယူဟေ့ ”

ဆရာဝန်လေး က သူ့ အတက်ချီကေ့စ် ကို ကောက် ကိုင် လိုက်၏ ။ ကံအားလျော်စွာ သည် တစ်ခါ အတက်ချီကေ့စ် ၏ အဖုံး သည် ပွင့် ထွက် လာခြင်း မရှိပေ ။ သို့သော် အကျင့်ပါ နေရကား ဆရာဝန်လေး သည် အတက်ချီကေ့စ် ကို တင်ပါး နှင့် ဖြန်းခနဲ ရိုက် လိုက်သည် ။ ရှေ့နေ က သူ ၏ ဖြူရော်စ ပြုနေသော တိုက်ပုံအင်္ကျီ အနက် ကို ဝတ် လိုက်၏ ။

“ ဟေ့ ... မင်း ကို နောက်ဆုံး တစ်ခု ပြောရဦးမယ် ”

“ ပြောလေကွာ ”

“ အခု မင်း ကို စေတနာဆရာဝန် လို့ မခေါ်နိုင် တောင် မှ အသပြာ ဆရာဝန် လို့ တော့ ဘယ်သူက မှ မခေါ်နိုင်ဘူးကွ  ”

“ ဒါပေါ့ကွ ၊ မင်း လည်း ပြည်သူ့ရှေ့နေ လို့ မခေါ်နိုင် တောင် မှ အသပြာရှေ့နေလို့ တော့ ဘယ်သူက မှ မခေါ်နိုင်ဘူး ” 

“ ဒါဟာ ဆင်းရဲခြင်းရဲ့ ဆုလာဘ် ပဲ ကွ ” 

“ ဂုဏ်ယူပါတယ် သူငယ်ချင်း ရာ ”

“ ကွန်ဂရက်ကျူလေးရှင်း သူငယ်ချင်း ”

“ ကမ်းမွန် ရှိတ်ကင်း ”

တစ်ဦး ကို တစ်ဦး ဟန်ပါပါ လက်ဆွဲ နှုတ်ဆက် နေကြသည် ။ ပန်းကန် သိမ်း နေသော စားပွဲထိုး ကောင်မလေး ၏ ပါးစပ် သည် ဝလုံး ပမာ ဝိုင်းစက် သွား၏ ။ သူတို့ နှစ်ဦး ၏ ထူးဆန်းသော ဟန်ပန် အမူအရာ ကို ပင် အံ့ဩ သွားခြင်းလော ။ သို့တည်းမဟုတ် စားပွဲ ပေါ် မှ တို့စရာ ပန်းကန် နှစ်ချပ်လုံး တက်တက်ပြောင် နေသည် ကို ပင် အံ့ဩသွားခြင်း လော ဆိုသည် ကို ကား မပြောတတ်နိုင်ပေ ။

•••••   •••••   •••••

သင်းအောင် တော်တော် စိတ်အိုက် သွားသည် ။

ယနေ့ ထူးထူးခြားခြား သင်းအောင် အမှု တစ်မှု ရ၏ ။

အမှု မလိုက်ရသည် မှာ ကြာပြီဖြစ်၍ လား မဆိုနိုင် ။ ယခု အမှု ကို အထက်ရုံး သို့ အယူခံ ဝင်ရမည် လား ၊ ပြင်ဆင်မှု တင်သွင်းရမည် လား ဆိုသည် ကို ပင် သင်းအောင် မဝေခွဲတတ်တော့ချေ ။ ထုံးစံအ တိုင်း ဆရာ့ ထံ ပြေးရ၏ ။

“ ကျွန်တော် မရှင်းတာလေး တစ်ခု မေးပါရစေဆရာ ” 

“ ဆို ... ငါ့ တပည့် ”

“ မူလရုံး က ချမှတ်တဲ့ ဒီဂရီ အတိုင်း ကို အယူခံ ဝင်ရမယ် ဆိုတာ အမှန်ပဲလား ဆရာ ”

“ အမှန်ပေါ့ ကွ ၊ တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ကိုးဆယ့်ခြောက် မှာ သေချာ ဆိုထားတာပဲ ။ ငါ့ တပည့် က ကကြီးခကွေး တွေ လာ မေး နေပြန်ပြီ ”

“ ဒီလိုပါ ဆရာ ၊ ကျွန်တော် အမှု တစ်မှု ရ ထားပါတယ် ၊ အမှု က မတရား လက်လွတ်ခံရတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း ကို လက်ရောက် ရလိုမှုပါ ၊ ဒီ အမှု မှာ မူလရုံးက ချမှတ် ထားတဲ့ ဒီဂရီ ကို အယူခံ ဝင်ရမလား ၊ ပြင်ဆင်မှု တက်ရမလား ဆရာ ” ၏

“ ပြင်ဆင်မှု တက်ရမယ်လေ ၊ သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ကိုး မှာ အတည့်အလင်း ပြဋ္ဌာန်း ထားတာပဲ ၊ ငါ့ တပည့် စာ မဖတ်ဖူး ထင်တယ် ”

“ ဒီလိုဆို စောစောက အဆိုဟာ အခု အမှု နဲ့ ကျတော့ လွဲ မနေ ဘူးလား ဆရာ ”

“ ဟာ ဒါက ခြွင်းချက်ပဲ ကွ ၊ ငါ့ တပည့် ကို ဆရာ ကြည့်နေတာ ကြာပြီ ၊ ငါ့ တပည့် မှာ အကျင့်ဆိုး တစ်ခု ရှိတယ် ။ အဲဒါ ဘာလဲ ဆို တော့ ခြွင်းချက်တွေ ကို ဥပဒေသ လုပ် လုပ်ပြီး ပြော တတ်တဲ့ အကျင့် ပဲ ၊ အဲဒီ အကျင့် ကို ဖျောက်ပါ ”

“ ဟုတ် ... ဟုတ်ကဲ့ ဆရာ ”

◾မြတ်သင်း

📖 မိုးဝေ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၁၉၈၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment