Tuesday, May 7, 2024

အချစ် .. ကန့်လန့်ကာ ခြားလေသော်


 ❝ အချစ် .. ကန့်လန့်ကာ ခြားလေသော် ❞


“ ပဲပြုတ်လေ .. မြေတောင် ပဲပြုတ် ... နိုင်လွန် ပဲပြုတ် ... ထောပတ် ပဲပြုတ် ”


ဒီနေ့ မနက် ပဲပြုတ်သည် မမြိုင် ဈေး အလွန် ရောင်း ကောင်းသည် ။ ခါတိုင်းဆို ပဲ ၂ ပြည် ၄ လုံး ကို နေ့ဝက် ကျိုးအောင် အထိ ရောင်း ရသည် ။ မင်္ဂလာရပ်ကွက် တွင် သာမက အနီးအနား က ရတနာစု ၊ ဥယျာဉ်တန်း ရပ်ကွက် တွေ အထိ လှည့် ရောင်းရသည် ။ အခုတော့ ကိုယ့် ရပ်ကွက်လေး မှာ တင် ဟို က လည်း “ မမြိုင် လာပါဦး ” ၊ ဒီ က လည်း “ မမြိုင် လာပါဦး ” နဲ့ ပဲပြုတ်လေး ၅ဝ ၊ ၁ဝဝ ဖိုး လောက် ပဲ ဝယ်ပြီး သတင်း မေး ကြသည်လေ ။ 


“ ဟို ... ကိုသောင်းအေး သတင်း က ... ဟုတ်ရဲ့လား ” လို့ တစ်မျိုး ၊ “ ညည်း ယောက်ျား .... ည က အိမ်ပြန် အိပ်ရဲ့လား ” လို့ တစ်ဖုံ ၊ ကိုသောင်းအေး အိမ် မှာရှိလား ... မိလုံး တော့ အလုပ် က ပြန် မလာလို့ သူ့ အဒေါ် လိုက် ရှာနေတယ် ” လို့ တစ်သွယ် လှည့်ပတ်ပြီး မေး ကြသည် ။ စပ်စု ကြသည် ။


ဘယ်လို မေးမေး ကိုသောင်းအေး မယားငယ် ယူ သွားသည့် အကြောင်း သိချင်ကြ လို့ မေးမှန်း မမြိုင် သိသည် ။ မမြိုင် က လည်း ကိုသောင်းအေး ကျောက်ကား က ကိုမောင်အေး ရောက် လာပြီး ...


“ မမြိုင် ... ကိုသောင်းအေး မှာ လိုက်တယ် ... သူ့ ကို မျှော် မနေနဲ့တဲ့ ... မလုံး ကို ခိုးသွားပြီ လို့  ... မှာလိုက်တယ် ” လို့ ပြော ကတည်း က တစ်ယောက် ယောက် ကို ပြောချင် နေသည် ။ ခဲအို ဖြစ်သူ ကိုဖိုးထောင် က လည်း အိမ်ပြန် မလာသေး ။ အိမ်နီးချင်း မိန်းမတွေ ကလ ည်း ဗီဒီယို ပြသည့် လက်ဖက်ရည်ဆိုင် မှာ မိသားစု လိုက် ရောက် နေ ကြပြီ ။ ည ၁ဝ နာရီ ကျော် ဆိုင် သိမ်း မှ ပြန် လာကြမည် ။ လိုက် ပြောလို့ လည်း မဖြစ် ။ မနက် စောစော က လည်း ကိုယ် က ပဲပြုတ် တည် ။ သူတို့ က ထမင်းချက် ။ နံနက် လင်း တော့ သူတို့ က အလုပ်သွား ။ ကိုယ် က ပဲပြုတ် ရောင်း ။ ကိုဖိုးထောင် က တော့ အိပ်တုန်း ။ ဒီတော့ မေးသူ ရှိတိုင်း ပြောချင် နေမိသည် ။


“ ကိုသောင်းအေး မယားငယ် ယူ သွားပြီတော့ ”


“ ဟယ် ... ဟုတ်လား ... ငါတို့ က သိနေတာ ကြာပြီ ... မိလုံး မှ ဟုတ်ရဲ့လား ” 


“ အစစ် ပေါ့ ”


“ ညည်း က ကိုယ့် ယောက်ျား အခြေအနေ အကဲ မခတ်ဘူးလား ”


“ အောင်မယ် ... ကျုပ်များ အ,အ မှတ်လို့ .... ကိုဖိုးထောင် ပြောတော့ ကျုပ် က ရေးတေးတေး သိနေပြီ ၊ ဒါပေမဲ့ ဘာမှ မပြောသေးဘူး ၊ ကိုသက်ရှည် နာရေးအိမ် ကျမှ ကိုသောင်းအေး နဲ့ မလုံး ဒူးတင် ပေါင်တင် ၊ ထိပ်ပုတ် ခေါင်းပုတ် ဖဲရိုက် နေတာတွေ့ တော့ .. ကျုပ် က မင်္သကာ တော့ဘူး ... ဒါလည်း ကျုပ် က ဘာမှ မပြောသေးဘူး ... မသင်္ကာ တော့ ဖြစ်လာပြီ ။ ဟိုနေ့ က လည်း ကျုပ် နဲ့ ကိုသောင်းအေး လက်ဖက်ရည်ဆိုင် မှာ ဗီဒီယို သွား ကြည့်တော့ လမ်း မှာ မလုံးတင် နဲ့ တွေ့တယ် ။ အောင်မယ် ... ကျုပ် ရှေ့မှာ ဒင်း က အစ်ကိုသောင်း မုန့်ဖိုးပေး ဆိုပြီး အိတ်ကပ် ထဲ အတင်း ဇွတ်နှိုက် တာ ... ကျုပ် က မျက်စောင်း ထိုး ပစ်တယ် ... မပြောသေးဘူး ”


မမြိုင် စကားကြောင့် မေးမိသည့် သူတွေ သနားရ တော့ မလို ၊ ရယ်ရ တော့ မလို ဖြစ်သွားသည် ။ စိတ် လည်း မရှည်ချင်ကြတော့ပေ ။


“ ကဲ .... မမြိုင် ... ညည်း က မပြောသေးတာ နဲ့ .... အကဲခတ် နေတာနဲ့ ပါ သွားပြီ မဟုတ်လား ” လို့ ကရုဏာဒေါသော ပြော ကြသည် ။


“ ဒါတော့ တော် ... ကျုပ် ကွယ်ရာမှာ ဆိုတော့ ဘာ တတ်နိုင်မှာလဲ ... ကျုပ် ရှေ့မှာ ဆိုရင် မလုံး ဆိုတဲ့ ကောင်မ ကို ပါး ရှစ်စိတ် ကွဲအောင် ထိ ရိုက် ပစ်မှာပေါ့ .... မမြို င် တဲ့ တစ်မြိုင် တည်း ရှိတယ် ” 


မမြိုင် က တော့ မေးသူ ရှိတိုင်း အားရပါးရ ဒီ စကားပဲ ပြော နေတော့သည် ။


 •••••   •••••   •••••


မမြိုင် ယောက်ျား ကိုသောင်းအေး က ကျောက်ကား မောင်းသည် ။ 


ကိုသောင်းအေး အစ်ကို ကိုဖိုးထောင် က မင်္ဂလာရပ်ကွက် ကို အရင် ရောက်သည် ။ မြင်းခြံနယ် က မိဘတွေ ဆုံးတော့ ညီအစ်ကို နှစ်ယောက် အမွေ ခွဲ ပြီး ကိုဖိုးထောင် က မန္တလေး တက် လာသည် ။ ကိုသောင်းအေး က တော့ မိုးကုတ် ကျောက်တွင်းတွေ  ဘက် ရောက် သွားသည် ။ အိမ်ထောင် ကွဲ ပြီး အစ်ကို့ ဆီ ရောက် လာသည် ။


ကိုဖိုးထောင် မြို့ ရောက် တော့ မြေတူး ၊ ကျောက်ကား လိုက် သေးသည် ။ လူ က နုနု ဆိုတော့ အလုပ် က သိပ် မလုပ်နိုင် ၊ ရိုးရိုးအအ ဆိုတော့ ကောင်မလေးတွေ က ညာ ပြီး မုန့်ဖိုး တောင်းလိုက် ၊ မုန့်ဝယ် ကျွေး ခိုင်းလိုက် နဲ့ ဆိုတော့ လုပ်ခ ရှင်း ရင် လက်ထဲ တစ်ပြား မှ မကျန်ပေ ။


မန္တလေး မှာ ရောက် နေသည့် ရွာဆွေရွာမျိုး တွေ က ..


“ ဖိုးထောင် ... နင့် ရှိသမျှ ပိုက်ဆံတွေ ကို ကောင်မလေးတွေ က ချူ ၊ ဟို လူ က ချေး ၊ ဒီ လူ က တောင်း နဲ့ ကုန်တော့မှာပဲ .. မြေလေး နဲ့ အိမ်လေးဝယ် ” ဆိုပြီး ချောင်ကျကျ နေရာ မှာ ၁၅ ပေ ၊ ပေ ၂ဝ မြေရှာ ဝယ် ပေး ကြသည် ။ ၂ ခန်း ယောင် ၁ ခန်းကျယ် ပတ်လည် ဒူးတုပ်အိမ်လေး ဆောက် ပေး ကြသည် ။ ထရံကာ ၊ ကပ်မိုး ၊ ဝါးကြမ်းခင်း ဖြစ်သည် ။


နောက် ကျန်သည့် ငွေ နဲ့ ဆိုက်ကား တစ်စီး ဝယ် ခိုင်းပြီး ဆိုက်ကား နင်း စေကြသည် ။


ကိုဖိုးထောင် က လူပျိုကြီး ရိုးရိုးအအ အသောက်အစား မရှိ ။ အလုပ် လည်း ကြိုးစားသည် ။ ဒါကြောင့် သူငယ်ချင်း တစ်ယောက် က ...


“ ဖိုးထောင် ... ငါ့ တူမ သဘောကျလား ” လို့ ရေလာမြောင်းပေး စကား ပြောတော့..


“ မကြိုက်ပါဘူး ဗျာ ....အသား က မည်း ၊ သွား က ခေါ နဲ့ ရည်းစား လည်း ရှိသေး ၊ အစား လည်း ပုပ်သေး ၊ ဗီဒီယို လည်း ကြိုက်သေး ” လို့ ပြော နေလို့ စကား မဆုံးခင် ...


“ ဟေ့ကောင် ဖိုးထောင် ... တော်တော့.. ၊ မင်း ကို ငါ့ တူမ ကြိုက်လား မေးတာ ၊ ငါ့ တူမ အပြစ်တွေ ပြောခိုင်းတာ မဟုတ်ဘူး ။ ဟား ... ဟား ... ဟား ... မိန်းမ တစ်ယောက် ကို အပြစ်တွေ ပဲ မြင် နေမှ တော့ ဒီ တစ်သက် မင်း မိန်းမ ရတော့ မှာ မဟုတ်ဘူး ” လို့ ပြောကာ မှတ်ချက် ချ ဖူးသည် ။


တကယ်တော့ ကိုဖိုးထောင် မှာ အချစ် ရှိသည် ။ ပဲပြုတ်သည် မမြိုင် ကို ကြိုက် နေသည် ။  မမြိုင် က လည်း အပျိုကြီး ၊ အသား မည်းမည်း ၊ ပိန်ပိန်ရှည်ရှည် ပါပဲ ။ ဒါပေမဲ့ မမြိုင် အသံလေး ကို ကြိုက် နေသည် ။


“ ပဲပြုတ်သည် .. လေ .. ”


လေအေးအေး ဆွဲဆွဲငင်ငင် အသံလေး ကြားရင် အိပ်ရာ က လန့် နိုးသည် ။ မျက်နှာသစ် ဖို့ ရာ ပင် သတိ မရသေး ။ ပန်းကန်လေး ဆွဲပြီး ဝင်းပေါက် ထွက် ရပ်နေသည် ။ မမြိုင် ရောက် လာ လျှင် ပဲပြုတ် ဝယ်သည် ။


“ တော့ ဟာ က နေ့တိုင်း ငါးဆယ်ဖိုး လား ”


မမြိုင် က မေး တော့ ..


“ ဒါ .. ဒါဆို.. တစ်ရာဖိုး ဗျာ ” လို့ ပြောပြီး ဝယ် သည် ။


“ တော် က ပဲ ကြိုက်သားပဲ ”


မမြိုင် က ပြောတော့ ကိုဖိုးထောင် ခေါင်းကြီး ငုံ့ နေသည် ။ တကယ်တော့ ကိုဖိုးထောင် က တောသား ပေမယ့် ပဲ မကြိုက် ။ ဘုရား ကို ပဲ နဲ့ ဆွမ်းတော် တင် ပြီး ...


“ တပည့်တော် ကို ပဲသည်မ ကြိုက်ပါစေ ဘုရား ” လို့ ကြိတ်ပြီး  ဆုတောင်း ရသည်မှာ နိစ္စဓူဝ ဖြစ်သည် ။

 

 •••••   •••••   •••••


ကိုဖိုးထောင် မမြိုင် ကို လက်ထပ်ခွင့် တောင်းဖို့ သူငယ်ချင်းတွေ ကို အကူအညီ တောင်းရန် ဆုံးဖြတ် လိုက်သည် ။


ထိုအချိန် တွင် ညီ ဖြစ်သူ ကိုသောင်းအေး ရောက် လာသည် ။ မိန်းမ နဲ့ ကွဲ လာသည် ။ စီးပွားရေး ပျက် လာသည် ။ ငှက်ဖျား လည်း မိ လာသည် ။ ဆေး ကု ပေး ရသည် ။ အဖျား ပျောက် တော့ ကျောက်ကား လိုက်သည် ။


ကိုသောင်းအေး က ပဲ ကြိုက်သည် ။


“ ပဲ က ပူပူနွေးနွေးလေး ဆိုတော့ ထမင်းပူပူနဲ့ များ ဆီဆမ်း စား ရရင် နတ်သုဓာ နဲ့ ဘယ် လဲနိုင်မလဲ .. ဟဲ ဟဲ ဟဲ ”


“ တော် က နတ်သုဓာ စားဖူးလို့လား ”


မမြိုင်က  အံ့ဩစွာ မေးသည် ။


“ ဟဲ ဟဲ ... အလှူတွေ မှာ ကျွေး တဲ့ နတ်သုဓာ စားဖူးတာပေါ့ ”


ပဲ ဝယ် တိုင်း ဝင်းပေါက် ရှေ့ အထိ ကိုသောင်းအေး လည်း လိုက် လာပြီး မမြိုင် ကို စကား ပြော တတ်သည် ။ ကိုသောင်းအေး က ကိုဖိုးထောင် လို မဟုတ် ။ မိန်းမတွေ အထာ သိသည် ။ ကျ တတ်သည့် စကား ပြော တတ်သည် ။ ဒီတော့ ကိုသောင်းအေး နဲ့ မမြိုင် က ရင်းနှီး သွားသည် ။


မကြာပါဘူး ၊ ကိုသောင်းအေး နဲ့ မမြိုင် ရ သွားသည် ။ ကိုဖိုးထောင် မှာ ရင်ကွဲ ရ ပေမယ့် ညီ အတွက် မိန်းမ သွား တောင်း ပေးရသည် ။


မမြိုင် က တော က ။ ဦးလေး မိသားစု နဲ့ လာ နေသည် ။ ရွာ က အမေအိုကြီး ကို လှမ်း ထောက် နေရသည် ။ ကိုသောင်းအေး နဲ့ မမြိုင် ကို ဘုန်းကြီး ၃ ပါး ဆွမ်း ကပ်ပြီး လူကြီး ၄ ၊ ၅ ဦး ဖိတ် ကာ မင်္ဂလာ ပြုလိုက်သည် ။ မမြိုင် က ကိုသောင်းအေး နောက် လိုက် လာသည် ။ ဒီတော့ အိမ် ကို အလယ် က ကြိုး တန်းပြီး စောင် ကာ ကာ အနောက်ခန်း ကို မင်္ဂလာခန်း အဖြစ် လုပ် ပေး လိုက်ရသည် ။


 •••••   •••••   •••••


‘ ခွေးမြီးကောက် ကျည်တောက်စွပ် ’ ဆိုသလို အသောက်အစား ၊ အပျော်အပါး မက်သော ကိုသောင်းအေး တစ်ယောက် စီးပွားရေးလေး အဆင်ပြေ လာတော့ သောက်စား လာသည် ။ လောင်းကစား လာသည် ။ ရသည့် ဝင်ငွေ မိန်းမ ကို ပုံမှန် မအပ်တော့ပေ ။ မမြိုင် က လည်း ကိုသောင်းအေး က ငွေ အပ် လျှင် ယူ လိုက်သည် ။ တောင်း လျှင် ပေး လိုက်သည် ။ တစ်ပတ် တစ်ပတ် အပ်သည့် ငွေ ထက် တောင်းသည့် ငွေ က ပို များသေးသည် ။

 

ရပ်ကွက် ထဲ တွင် နာရေး ရှိလျှင် ဖဲ ရိုက်ရန် အတွက် သူ က အပ်အပ် ၊ မအပ်အပ် ငွေ တောင်းတတ်သည် ။ မမြိုင် က လည်း သူ့ လက် ထဲ ရှိ သလောက် ထုတ် ပေးသည် ။ မရှိ လျှင် ထုတ်မပေးနိုင်သည့် အခါ စကား များရသည် ။ တစ်ခါတလေ ကိုသောင်းအေး က မမြိုင် ကို ရိုက် သေးသည် ။


ကိုသောင်းအေး တို့ လင်မယား ရန် ဖြစ် လျှင် ကိုဖိုးထောင် က ဝင် မပြော ။ ရှောင် နေ တတ်သည် ။ မမြိုင် ကလေး နှစ်ယောက် ရတော့ ကိုသောင်းအေး သည် အသောက်အစား လောင်းကစား အပြင် မိန်းမ ကိစ္စ ပါ ရှုပ် လာသည် ။ ကိုဖိုးထောင် က ကြား တော့ ..


“ မမြိုင် ... သောင်းအေး ကို ထိန်းဦး ” လို့ သတိ ပေးသည် ။


“ ကလေး မှ မဟုတ်တာ ဘာကို ထိန်းရမှာလဲ ”


မမြိုင် က အံ့ဩစွာ မေးသည် ။


“ အ,လိုက်တာ ဟာ ... ဟို က နောက် မိန်းမ ယူတော့မှာ လို့ ပြောတာ ”


“ ကျုပ် က တော့ မယုံပေါင် ... ကိုသောင်းအေး က ပဲပြုတ် ကို လည်း ကြိုက်တယ် ... မင်း ကို လည်း ချစ်တယ်လို့ ရန်ဖြစ် တိုင်း ပြောတာ ”


မမြိုင် စကား ကြောင့် ကိုဖိုးထောင် ခေါင်း ကုတ် ပြီး ...


“ အ,လိုက်တာဟာ ” လို့ ပြောပြီး အိမ် က ပြန် ထွက်သွားသည် ။ မမြိုင် ခမျာ ပြောသာ ပြောလိုက်ပေမယ့် ကိုသောင်းအေး နဲ့ မလုံး ကို မသင်္ကာ ချင် ။


“ ကိုသောင်းအေး ... တော် နဲ့ မလုံး ကြိုက်နေတာလား ” လို့ မေး တော့လည်း ...


“ ပေါက်ပေါက်ရှာရှာကွာ ... ကျောက်ကား လိုက်သူချင်း မို့ ရင်းနှီးတာပါ ... ငါ ပြော ထားတယ် မဟုတ်လား ... ပဲပြုတ် ကို လည်း ကြိုက်တယ် ၊ မင်း ကို ပဲ ချစ်တယ် ” လို့ ပြောသည် ။


နောက်ပြီး တစ်ရပ်ကွက် တည်း မို့ မလုံး အကြောင်း သိရသည် ။


မလုံး က အပျို မဟုတ် ။ ကလေး တစ်ယောက် အမေ မုဆိုးမ ။ ပုပုဝဝ ။ မမြိုင် စိတ်ထဲ တွင် သူ့ လောက် မလှ ဟု ထင် နေသည် ။ ကိုသောင်းအေး စကား ပဲ ယုံ နေသည် ။


သို့သော်  ... ကိုသောင်းအေး က မလုံး ကို ခိုးပြေး သွားသည် ဆိုတော့ မမြိုင် ပါးစပ် အဟောင်းသား ဖြစ် ကျန်ရစ်သည် ။


 •••••   •••••   •••••


တစ်ပတ် လောက် ကြာတော့ ကိုသောင်းအေး အိမ် ပြန် ရောက် လာသည် ။ မလုံး တော့ မပါသေး ။


“ မမြိုင် ရာ ငါ မှားပါတယ် ဟာ ... ကောင်မလေး က အဒေါ် နဲ့ နေရတာ ... အဒေါ့် ယောက်ျား က ကြည် တာ မဟုတ်ဘူး ... ကလေး တစ်ယောက် နဲ့ ဆိုလို့ ငါ က သနားလို့ ယူ လိုက် တာပါ .. မင်း လောက် မချစ်ပါဘူး ... ဒါပေမဲ့ မလုံး က သဘောထား ကြီးတယ် .... မမမြိုင် ဆူဆူ ၊ ရိုက်ရိုက် ခံပါ့မယ် ... နှစ်ယောက် ပေါင်းဆို ပေါင်းပါ့မယ် တဲ့ ”


ကိုသောင်းအေး က လေချို သွေးသည် ။


“ အောင်မယ်လေး တော် ... တစ်လင် တည်း .. မယား နှစ်ယောက် ပေါင်းရမယ် လို့ ... ကျုပ် က တော့ ခွေးဇာတ် မခင်းနိုင်ပေါင် တော် ”


မမြိုင် က ခါးခါးသီးသီး ငြင်းသည် ။


“ စဉ်းစားပါကွာ ... ငါတို့ မှာ ကလေးတွေ ရှိသေးတယ် ... မင်း က နှစ်ယောက် မပေါင်းနိုင် ရင် ဘယ်လို လုပ်မလဲ ... သူ့ အဒေါ် က လည်း လက် မခံဘူး ... အိမ်ငှား နေ ရအောင် လည်း အုံနာ က  ... ငါတို့ နှစ်ယောက် ကို အလုပ် ထုတ် လိုက်လို့ လောလောဆယ် ငွေ ရှာဖို့ ခက် နေတယ် ... ဒါကြောင့် ဒီ အိမ် မှာ ပဲ ပြန် နေရမှာ ” 


“ မသိဘူး တော် ... ကျုပ် က တော့ နှစ်ယောက် မပေါင်းနိုင်ဘူး ... သူ့ ဖြတ် ရင် ဖြတ် ၊ ကျုပ် ဖြတ် ရင် ဖြတ် ”


မမြိုင် က မာမာထန်ထန် ပြော တော့ ကိုသောင်းအေး ဒေါသ ဖြစ် သွားသည် ။ ခါတိုင်း ဒီလိုမှ မပြောဖူးဘဲ ကိုး ။


“ အောင်မာ ... ဒီလောက် ခေါင်းမာတာ ... သောင်းအေး အကြောင်း မသိဘူးလား ” ဆိုပြီး မမြိုင် ပါး ကို ‘ ဖြန်းခနဲ ... ဖြန်းခနဲ ’ ဆင့် ကာ ရိုက်သည် ။ မမြိုင် က လည်း ...


“ အရပ်ကတို့ ရေ ... မိန်းမ နှစ်ယောက် ယူတဲ့ သူ က ကျုပ် ကို နှိပ်စက် နေပါပြီ တော့ ” လို့ အော်သည် ။


အိမ်နီးချင်းတွေ ရောက် လာ ကြသည် ။


“ မင်းတို့ ကိစ္စ က ဒီလို ဖြေရှင်းလို့ မရဘူး ... လူကြီး နဲ့ ဖြေရှင်းရမှာ ” ဆိုပြီး ရပ်ကွက်ရုံး ခေါ်သွားကြသည် ။


“ ကဲ .. ဘာဖြစ်တာလဲ ”


ရပ်ကွက်လူကြီး က မေးတော့ ကိုသောင်းအေး က နှစ်ယောက် ပေါင်းဖို့ ပြောသည် ။ မမြိုင် က မပေါင်းနိုင် ကြောင်း ပြောသည် ။


“ ကဲ .. မင်း က ဒီလောက် တောင် ရှိတာ .. ငါ မလုံး ကို ပဲ ပေါင်းမယ်ကွာ ... မင်း အိမ် ပေါ် က ဆင်း ”


ကိုသောင်းအေး က မျက်နှာထား နဲ့ ပြောသည် ။ မမြိုင် မျက်နှာငယ်လေး ဖြစ် သွားသည် ။ ထိုအချိန် တွင် ကိုဖိုးထောင် ရုံး ထဲ ရောက် လာသည် ။ မမြိုင် အားတက် သွားသည် ။


“ ကွာ ရင် ကျုပ်တို့ သားအမိ တစ်တွေ အိမ် ပေါ် က ဆင်းရမှာလား ” မရဲတရဲ မေးသည် ။


“ ဟ ... ဆင်းရမှာပေါ့ ဟ ....ဒါ ငါတို့ အိမ် ဥစ္စာ .... မင်းတို့ မဆင်းရအောင် လို့ ပြောနေတဲ့ ဥစ္စာ မင်း မှ နားမလည်ဘဲ ”


ကိုသောင်းအေး က ခပ်တည်တည် ပြော သည် ။


“ ဒီ အိမ် က ငါ ဝယ်ထားတာကွ ”


ကိုဖိုးထောင် က ဝင် ပြောသည် ။


“ ကိုဖိုးထောင် ဝယ် ပေမယ့် မိဘ ပိုက်ဆံ နဲ့ ဝယ်ထားတာ လေ .. ကျုပ် ဆိုင်တယ် ... မမြိုင် နဲ့ မဆိုင်ဘူး ... ကျုပ် လက်ထက်ပွား မဟုတ်ဘူး ... ကျုပ်တို့ ညီအစ်ကို နှစ်ယောက် ပဲ ဆိုင်တာ ”


ကိုသောင်းအေး က ခပ်တည်တည် ဆက် ပြောသည် ။ ကိုဖိုးထောင် ဇဝေဇဝါ ဖြစ်သွားသည် ။


“ ဥက္ကဋ္ဌကြီး ... ဟုတ်လား ”


“ ဒါတော့ အမွေကိစ္စ ... တရားရုံး နဲ့ ပဲ ဆိုင်တယ် .. ရပ်ကွက်ရုံး က တော့ လူမှုရေး ပဲ ဖြေရှင်း နိုင်တာ ” 


ရပ်ကွက်လူကြီး က ရှင်း ပြသည် ။


“ ကျုပ် က သူ့ ကို မပေါင်းနိုင်ဘူး ... အိမ် က ဆင်း သွားရမယ့် ဆိုတော့ ဘယ် သွား နေရမှာလဲ ... အိမ်ငှားစရာ ပိုက်ဆံ လည်း မရှိဘူး ”


မမြိုင် က ငိုမဲ့မဲ့ နဲ့ ပြောသည် ။


ကိုဖိုးထောင် က မမြိုင် ကို ငေး ကြည့် နေပြီး ...


“ ကျုပ် ဆုံးဖြတ်လိုက်ပြီ ... ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး မမြိုင် ” လို့ ပြောပြီး မမြိုင် ကို အော် ခေါ် လိုက်သည် ။


မမြိုင် က မျက်စိ ပြူးပြီး ကိုဖိုးထောင် ကို လှမ်း ကြည့်လိုက်သည် ။ အားလုံး က လည်း ကိုဖိုးထောင် ဘာ ပြောမလဲလို့ ငေးကြည့် နေကြသည် ။ တော်တော် နဲ့ စကား မပြောသေး ။ ဘာ ပြောမှာလဲ သိချင် နေကြသည် ။ ကိုဖိုးထောင် က စကား ပြောရန် မေးကြောကြီးများ ထောင်သည် အထိ အားယူ လိုက်ပြီး ... 


“ မမြိုင် ... ဒီ ခွေးကောင် ကို ကွာ လိုက် ... ငါ့ အခန်း မှာ နင်တို့ သားအမိ လာနေ ... ငါ ကင်းတဲ သွား အိပ်မယ် ” လို့ ပြော ပြီး ထွက် သွားသည် ။


“ ဟုတ်တယ် .. ကျုပ် လည်း ပြတ်သား ရမယ် ၊ ချင်းစိမ်း နဲ့ မိဿလင် လို ပေါ့ ... ကျုပ် နဲ့ ကိုသောင်းအေး ကို ကွာပေးပါ ဥက္ကဋ္ဌကြီး ”


မမြိုင် က လည်း ရဲဝံ့စွာ ပြော လိုက်သည် ။


ရပ်ကွက်ရုံး မှာ ကိုသောင်းအေး နဲ့ မမြိုင် ကွာရှင်းစာချုပ် လုပ်ပြီး ကိုသောင်းအေး နဲ့ မလုံး ကို လက်ထပ်စာချုပ် လုပ် လိုက်သည် ။


 •••••   •••••   •••••


မနက် ရောက်တော့ ထုံးစံ အတိုင်း မမြိုင် က ပဲပြုတ် ထွက် ရောင်းသည် ။ ပဲပြုတ် ကလည်း ရောင်း ကောင်းသည် ။ ခေါ် သူ လက် မလည်ပေ ။


“ မမြိုင် ... နင် နဲ့ ကိုသောင်းအေး ကွာလိုက်ပြီ ဆို ”


“ ဟုတ်ပါ့ ... ”


မမြိုင် က မျက်နှာ မော့ပြီး ပြောသည် ။


“ ကိုသောင်းအေး နဲ့ မလုံး တို့ သားအမိ ကိုဖိုးထောင် အိမ် မှာ ပဲ ဆို ... အတူ နေကြတာပေါ့ ” 


“ အတူ မနေပါဘူး .. သူတို့ က အနောက်ခန်း အိပ် တာ .. ကျုပ်တို့ သားအမိ က ရှေ့ခန်း အိပ်တာ ”


“ ဟို ... ဟို ... မရှက်ဘူးလား ”


“ အို ... ဘာလို့ ရှက်ရမှာလဲ.. ကြား မှာ စောင် ကာ ထားတယ်လေ ”


မမြိုင် စကား ကြောင့် ကြားရသူ အပေါင်း ပါးစပ် ဟောင်းလောင်း ဖြစ် ကျန်ခဲ့သည် ။


“ ပဲပြုတ် လေ ... မြေတောင် ပဲပြုတ် ... နိုင်လွန် ပဲပြုတ် ... ထောပတ် ပဲပြုတ် ... ”


မမြိုင် က တော့ ‘ ပဲ ’ ဆက် ရောင်း နေ လျက် ... ။


◾မင်းတင်ထွဏ်း


📖 ရွှေအမြုတေ မဂ္ဂဇင်း 

      နိုဝင်ဘာလ ၊ ၂၀၁၀


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment