Wednesday, May 8, 2024

အလွှာ


 

❝ အလွှာ ❞

အဖေ ၏ နောက်ဆုံး ခရီး ကား ခြောက်ကပ်ကပ် နိုင် လွန်းသည် ။ ဇရာ တစ်ဝက် ကျော် ပြီး အပြုံး မဖက် နိုင် တော့သည့် လုပ်ဖော်ကိုင်ဖက် သုံးလေးယောက် သာ အဖေ ၏ နောက်ဆုံးရုပ်ကြွင်းကြီး ကို ကြေကွဲစွာ စိုက်ကြည့် နေကြသည် ။

“ သူငယ်ချင်းရေ ... သွားနှင့် တော့ ကွာ ... တို့ လည်း သိပ်မကြာပါဘူး ”

ဆို့ဆို့နစ်နစ် နှင့် အင်အား ကုန်ခန်း နေသည့် အသံ ကို ကြား လိုက်ရသည် ။ အဖေ နှင့် အမေ ကား ဒိုးတူ ပေါင်ဖက် နှစ် ၄၀ ကျော် အနုပညာ ခရီးကြမ်း ကြီး ကို တက် အတူတူ ကိုင်ပြီး ရွက်လွှင့် ခဲ့သော အမေ မျက်ရည်များ ပင် ခန်းခြောက် နေ၍ လား မပြောတတ်။ အဖေ့ ရုပ်ကြွင်းကြီး ကို စိုက်ကြည့် နေသည် ။

တက် လာ သမျှ မင်းသား မြောက်မြားစွာ ကို လူစားဝင် လုပ် ၍ တစ်ဖုံ၊ အနစ်နာ ခံ
အကျိုးအပဲ့ ခံ ပြီး သရုပ်ဆောင် ပေးခဲ့သော ဇာတ်ပို့ဇာတ်ရံ လူကြမ်းကြီး ၏ ခေါင်းရင်း တွင် အမွှေးတိုင် မီးခိုးငွေ့ များ နှင့် တန်ဖိုး မဲ့ ပန်းခွေ တစ်ခွေ ၏ အလယ် တွင် “ မိသားစု လွမ်းသူ့ပန်းခွေ ” ဆိုသော ချို့ချို့တဲ့တဲ့ နှင့် နေရာယူလျက် ။ အဖေ့ နှုတ်ခမ်း တွင် သုံးလေးငါးချက် ချုပ် ထား ရသော ဒဏ်ရာ က သေရာပါ ။ မျက်နှာ တစ်ပြင်လုံး မင်းသားများ ၏ လက်သီးချက်များ က အသီးသီး နေရာ ယူ ၍ ၅၀ ကျော် တော့ မထိုးနိုင် တော့ ။ ၃၅ လမ်း ထဲ က ဗျိုင်းအိုကြီး တစ်ကောင် ပေါ့ ။ သန်လျင် က နေ မြို့ ထဲ လာဖို့ အား က မရှိ ။ အသပြာ ချို့တဲ့ တော့ ရုပ်ရှင် လောက နှင့် သိသိသာသာလေး ကင်းကွာ လာသည် ။ အခုတော့ လက်တွန်းလှည်း ပေါ် မှာ ဆန့်ဆန့်လေး ။

“ ဟဲ့ ... ညည်းအဖေ အသုဘ မှာ မင်းသား ၊ မင်းသမီးတွေ လည်း မတွေ့ပါလား ...
ရုပ်ရှင် အသိုင်းအဝိုင်း က ပန်းခွေ လည်း မတွေ့ပါလား ” 

မေးခွန်းစုံ တို့ ကို ကျွန်မ မပွင့်တပွင့် ပြုံး ရုံ မှ တစ်ပါး အခြား မရှိ။ ကျန်ခဲ့တဲ့ နှစ်ရက် က ရုပ်ရှင် မင်းသား ရဲ့ နှစ်ဝမ်းကွဲ အဒေါ် တစ်ယောက် ၏ အသုဘ အခမ်းအနား တွင် ကြေကွဲ ဝမ်းနည်း စွာ ပေးပို့ ခဲ့ ကြသော တန်ဖိုးကြီး ပန်းခွေ များ က မီးသင်္ဂြိုဟ် ပြီးသည့် တိုင် မကုန်နိုင် ၊ တောင်ပုံ ရာပုံ ပင် ။

ဒီ ပန်းခွေတွေ ရဲ့ တန်ဖိုး က ငါ့ အဖေ ရဲ့ ရက်လည် ကို ၁၀ ခါ လောက် လုပ်လို့ ရတယ် ဟု ဖျတ်ခနဲ တွေး မိ လိုက်သည် ။ ဒိုင်နာကား တစ်စီး ငှားဖို့ သာ ငွေကြေး တတ် နိုင်၍ အသုဘ ပို့ဆောင်သူ ရပ်ကွက် ထဲ မှ လူ များ က ကျပ်ကျပ်တည်းတည်း နှင့် လိုက်ပါ ပို့ ဆောင် ပေးရင်း ...

“ ညည်း အဖေ လည်း ရုပ်ရှင်သမား ပဲ ဟာ ... အဖွဲ့အစည်း က ပန်းခွေတွေ ဘာတွေ မပို့ ကြဘူး လား ... ဘာပဲဖြစ်ဖြစ် အသိအမှတ် တစ်ခုတော့ ပြုသင့်တာပေါ့ ... ဘယ်တော့မှ ပြန် မဆုံတော့မယ့် လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရဲ့ နောက်ဆုံး ခရီး အတွက် ”

အသိအမှတ် မပြုတော့ ဘူးလား ၊ သို့တည်းမဟုတ် အသိအမှတ် ပြုဖို့ မလိုအပ် တော့ဘူးလား ။

ကျွန်မ ဉာဏ် မီ သလောက် ဖြန့်ကြက် တွေးမိသည် ။ ၃ နာရီ ဆို ကျွန်မတို့ မိသားစု ၊ အဖေ ၊ အဖေ နှင့် သူ ချစ်သော ရုပ်ရှင်လောက ကို ထာဝရ ခွဲခွာ တော့မည် ။

“ အချိန် ပြည့်ပြီဟေ့ ... သင်္ဂြိုဟ်တော့မယ် ”

အဖေ ၏ ဇာတ်ပို့ဇာတ်ရံ ကတ်ဟောင်းလေး ကို အဖေ့ ခေါင်း ထဲ သို့ ထည့် ပေးလိုက်
သည် ။

ဒီ တစ် ဘဝ ပဲ ဇာတ်ပို့ ပါ တော့ အဖေ ရယ် ... ။

◾ဗေလုဝ

📖 8 Days ဂျာနယ်
      မေ ၊ ၂၀၁၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment