Monday, May 13, 2024

ရွှေမန်းသူ မြင့်မြင့်သန်း


 

❝ ရွှေမန်းသူ မြင့်မြင့်သန်း ❞

၁၉၇ဝ ပြည့်လွန် နှစ် တွေ မှာ မန္တလေး အငြိမ့်သဘင် တစ်ခေတ် ထွန်း ဖူးတယ် ။ ‘ သစ်လွင် ’ ဟာ အဲဒီ အချိန် က ထိပ်တန်း အငြိမ့် ပါ ။

ရွှေမန်းသူ မြင့်မြင့်သန်း ဟာ သစ်လွင် အငြိမ့် အဖွဲ့ ရဲ့ ခေါင်းဆောင် မင်းသမီး ၊ မန္တလေး အငြိမ့်သဘင် ကို နေ လို လ လို ထွန်းတောက်စေသူ တွေ ထဲ မှာ ရွှေမန်းသူ မြင့်မြင့်သန်း ရဲ့ တပည့် မင်းသမီး တွေ ပါတယ် ။ ကျွန်တော် က အငြိမ့် ကြိုက်သူပါ ။ မန္တလေးမြို့ မှာ လည်း ကြီးပြင်း ခဲ့တယ် ။ အငြိမ့် ခေတ် ကောင်းချိန် မှာ အငြိမ့် ကောင်း တွေ ကို အားရပါးရ ကြည့်တယ် ။ သစ်လွင် အငြိမ့် က ကျွန်တော့် အသည်းစွဲ အငြိမ့် ၊ ရွှေမန်းသူ မြင့်မြင့်သန်း က ကျွန်တော် ကြိုက်တဲ့ မင်းသမီး တွေ ထဲ က တစ်ယောက် ။

စိတ် ထဲ ရှိတဲ့ အတိုင်း ပြော ရရင် ရွှေမန်းသူ မြင့်မြင့်သန်း က ရွှေမင်းသမီးလေး လို ချောတယ် ၊ လှတယ် လို့ တော့ ကျွန်တော် မထင်ပါ ။ ဒါပေမဲ့ သူ က တာ ကြည့် လို့ သိပ် ကောင်းတယ် ၊ သူ  က နေပြီ ဆိုရင် တော့ သူ့ မျက်နှာက ငေး ကြည့် နေချင် စရာ ကောင်းတယ် ။ ရွှေမန်းသူ မြင့်မြင့်သန်း နဲ့ ပတ်သက်ပြီး ကျွန်တော့် မှာ မမေ့ နိုင်စရာ တစ်ခု ရှိခဲ့ဖူးတယ် ။

နေရာ က ရှမ်းပြည်နယ် မြောက်ပိုင်း က ကျောက်မဲမြို့ မှာ ။ ည က ဆောင်းည ၊ ရှမ်းဆောင်း က အေးတယ် ။ ပွဲခင်း ထဲ မှာ မီးပုံကြီး ဖိုပြီး ကြည့် ကြရတာ ။ ဆောင်းည အေး ပေမယ့် သစ်လွင် ပွဲခင်း က ပွဲ ကြည့်သူ တွေ အပြည့် ။

အနွေးထည်တွေ ကို အထပ်ထပ် ဝတ်လာသူတွေ က ဖောင်းပွပွ ၊ ဝက်ဝံကြီး တွေ လို ၊ အချို့ က လည်း စောင်ကြီး ခြုံ လာ တာ ကောင်းဘွိုင် လိုလို ။

ပွဲ ရှားတဲ့ ဒေသ မို့ လူတွေ က ကြိတ်ကြိတ်တိုး ။ ပွဲဈေးတန်း က လည်း စည်တယ် ။ အများဆုံး စည် တာ က တော့ ခေါပုတ်သည်လေးတွေ အနီး မှာ ပါ ။ ပါးအို့ နီရဲရဲ နဲ့ ရှမ်းမလေးတွေ က ရောင်စုံ သိုးမွေးဦးထုပ်လေး တွေ ကို ခေါင်း မှာ ဆောင်းပြီး ၊ တရုတ်ဂွမ်းကပ် အနွေးထည် ဝတ် ကာ ခေါပုတ် ရောင်းတယ် ။

မီးသွေးမီးဖို ပေါ် မှာ ဖြန့်ခင်း ထားတဲ့ သံဆန်ခါချပ် ပေါ် ကို ခေါပုတ်ချပ်လေးတွေ တင် လိုက် ရင် တစ်ခဏချင်း ဖောင်းပွ မွှေးကြိုင်ပြီး စားချင်စရာ ခေါပုတ်မီးကင် ဖြစ် လာတာ ၊ ရှမ်းမလေး က လည်း လှ ၊ ခေါပုတ်မီးကင် က လည်း ဆိမ့် တော့ လူငယ်တွေ ဝိုင်းအုံ နေတာပေါ့ ။

လူငယ် အချို့ က တော့ အောက်လင်း ဓာတ်မီးရောင် ဝါကြင်ကြင် အောက် က စားပွဲခုံတန်းလျား မှာ တိုးဝှေ့ ထိုင် နေတယ် ။ အရက်ဆိုင် ။

အငြိမ့် က ပြီ ဆိုတော့ ပွဲခင်း က ခြောက်သွေ့ သွားတယ် ။ အားလုံး အငြိမ့်ခုံ ရှေ့ မှာ ဝိုင်းအုံ နေပြီ ။

အော်ပရာ ၊ ယိမ်းတွေ ထွက်တယ် ။ ပြီးတော့ ရှေ့ထွက် မင်းသမီး ။ နောက် အလယ်ထွက် ။ နောက်ဆုံး မှာ ခေါင်းဆောင် မင်းသမီး ။

ခေါင်းဆောင် မင်းသမီး ရွှေမန်းသူ မြင့်မြင့်သန်း ထွက်လာချိန် မှာ ညဉ့် သန်းခေါင် ကျော်ပြီ ။ နှင်းတွေ က လည်း တဖွဲဖွဲ ၊ ရာသီ က ချမ်းအေး လှပြီ ။ ဒါပေမဲ့ ပရိသတ် က မပြန် ဘဲ ကြိတ်ကြိတ်တိုး ဆဲ ။ လူငယ် အချို့ က တော့ ချမ်းတဲ့ အခါ ပွဲဈေးတန်း ပြေး ပြေးပြီး ယမကာ နဲ့ အနွေးဓာတ် ယူတယ် ။ ညဉ့် နက်လေ ရေချိန် တက်လေ ။

ရွှေမန်းသူ မြင့်မြင့်သန်း က သီချင်း တစ်ပိုဒ် ကို သီဆို ပြီး က တယ် ။ အငြိမ့်စင် ထောင့် က ရေချိန်ကိုက် နေတဲ့ ကာလသား တစ်စု က ဝူးဝူးဝါးဝါး နဲ့ ဟစ်အော် လို့ ။

ရွှေမန်းသူ မြင့်မြင့်သန်း က သီချင်း တစ်ပုဒ် ကို ဆိုတယ် ။ ငမူးတွေ က ဟိုအော် ဒီဟစ် လုပ်တော့ ဂီတ အရသာ က ပျက်ပြီ ။ ရွှေမန်းသူ မြင့်မြင့်သန်း က အနှောင့်အယှက် မပေးဖို့ မေတ္တာရပ်ခံပြီး သီချင်း ကို ဆက် ဆိုတယ် ။

မင်းသမီး က သူတို့ ကို အဖက် လုပ် ပြီး စကား ပြောတော့ ငမူးတွေ ကမ်းတက်ပြီး ပို ကဲ လာတယ် ။

မမြင့်မြင့်သန်း က ဆိုင်းချက် နဲ့ အညီ သွဲ့ပျောင်းညင်သာ က နေတာ ကို ကာလသား တစ်စု က သံသေးသံကြောင် နဲ့ ဟစ်အော် ပြောင်လှောင်တယ် ။

ရွှေမန်းသူမြင့်မြင့်သန်း က က နေတဲ့ ကချိုး ကို ရုတ်တရက် ရပ်တယ် ။ စင်လယ် မှာ က နေရာ က စင်ထောင့် က ကာလသား တွေ ဆီ ကို တန်းတန်းမတ်မတ် လျှောက် သွားတယ် ။ လက် တစ်ဖက် က ခါး ကို ထောက် ၊ လက်ညှိုး ငေါက်ငေါက် ထိုး ပြီး -

“ ဒီမှာ ဒါ အလုပ် လုပ်နေတာ ၊ အနှောင့်အယှက် မပေးပါနဲ့ ”

လို့ လေသံမာမာ နဲ့ ပြော လိုက်တော့ ငလောင်ငမူး တွေ မီး ကို ရေ နဲ့ ငြိမ်း သလို အသံ တိတ်သွားတယ် ။

အဲဒီ မြင်ကွင်း ကို ကျွန်တော် မမေ့နိုင်ဘူး ။ မန္တလေးမြို့ မှာ သူ့ ကို တွေ့တော့ ကျွန်တော် ပြန် ပြောဖြစ်တယ် ။ ကျွန်တော် က သူ့ ကို ဘယ် အရွယ် က စပြီး အငြိမ့် က ခဲ့တာလဲ မေးတယ် ။

“ ရွှေမန်း အငြိမ့်ထောင် ဦးဩဘာ မတိုင်မီ က အဘ ဦးတိုင်းကျော် ၊ မြန်မာမိတ် ဒေါ်တင်အောင် တို့ နဲ့ အငြိမ့်ခုံ ပေါ် စ တက်တာ ၊ ကလေး ပေါ့ ”

“ ဘယ် အရွယ်လဲ ”

“ ၁၅ နှစ် ကျော်ကျော် ပေါ့ ၊ အဲဒီ က နေ ခေတ်ဆန်း အငြိမ့်ထောင် ဦးသြဘာ ထဲ မှာ က တာ ”

“ အဲဒီ အရွယ် မှာ အငြိမ့် သဘင်ပညာ ကို ဘယ်လို တတ်လဲ ”

“ ကျွန်မ တို့ အဖေ က မင်းသားကြီး ဦးကျော်အုန်း ၊ မင်းသား ဦးတက်ခေတ်စိန် တို့ ရဲ့ ဆရာ ။ ကျွန်မ အစ်ကို က ပြဇာတ်ထိပ်တင် စိန်အောင်လွင် ၊ ဖအေခေတ် က တော့ ကျွန်မ တို့ ပွဲနောက် ကို လိုက် တာပေါ့ ၊ သင် ပေး တဲ့ အန္တေ ဝါသိက ဆရာ က တော့ အဲဒီ ဇာတ် ထဲ က ပလောင်မလေး ဒေါ်ဟန်စိန် ”

“ သူ့ ဆီ က သင်ယူတာလား ”

“ ဟုတ်တယ် ရှင့် ၊ ဇာတ်ခုံ ပေါ် မှာ မီးအမှောင် ချလိုက်တဲ့ အခါ နှစ်ပါး သွား ကမယ့် ကချိုးတွေ ကို အစ်မ က တစ်ကွက်ချင်း ဒီဟာလေး က ဆို သင် ပေးတာ ။ ည ဆို သူများတွေ အိပ်တဲ့ အချိန်ဆို ထ က ၊ ကျွန်မ တအား က ချင်တာ ၊ ဖအေ က မက စေချင်ဘူး ”

“ ဘယ်လိုကြောင့်လဲ ”

“ ကျွန်မ တို့ အဖေ က အရင် က ဇာတ်ထောင် လာတာကိုး ၊ ဒီ သမီးလေး က ငယ် တော့ ကျွန်တော် တို့ က ဖျာလိပ် ထမ်း ၊ ခေါင်းအုံး ထမ်း ပေါ့ ဗျာ ၊ လိုက်ရတာ ပေါ့ဗျာ ”

သူ က ကျွန်မ နဲ့ သတိထား ပြော နေရာ က မန္တလေးသူ လေသံ ကို ပြောင်းပြီး ကျွန်တော် ဖြစ် သွားတယ် ။ သူ့ ပညာရေး ကို မေးတယ် ။

“ ငယ်ငယ် က ကျောင်း မနေရဘူး ။ မိဘတွေ ခေါ်ရာ လိုက်ရတာ ။ ဖတ်တတ် ရေးတတ်ရုံ ပဲ ၊ အမေ က ငယ်ငယ် ကတည်း က ဆုံးတာ ။ မြင် ကို မမြင်လိုက်ရဘူး ။ အဖေ့ နောက် ကောက်ကောက် ပါအောင် လိုက် နေရတာ ။ အဖေ က အိပ် ဖို့ သိပ် ထားရင် ခိုး ထပြီး ဇာတ် ထဲ ဝင် က တာ ။ ဒွေးဖြူ မြတ်လှ က ရင် ကျွန်တော် က မင်းသမီး လုံချည် ဝတ် ထားတာ ။ မအိပ်ဘူး နော် လာ နှိုးလှည့် လို့ ပြောထားတာ ”

“ ငယ်ငယ် က ဇာတ် ထဲ  လျှောက် လိုက်တော့ စားရေး သောက်ရေး ဆင်းရဲလား ”

“ ဆင်းရဲပါဘူး ၊ အဖေ က ဇာတ် ထဲ မှာ သနပ်ခါးမှုန့် တို့ ၊ သီချင်းစာအုပ် တို့ ရောင်းတာ ၊ ပိုက်ဆံ တအား ပေါတယ် ။ ( သူ ရယ်တယ် ) ငါးမူးစေ့ ၊ ကျပ်စေ့ တွေ ဘူး ထဲ က နှိုက် ၊ အလုပ်သမား တွေ ကို ဝေပြီး ကျွန်မ အိပ်ဖို့ နေရာ ၊ စားစရာ ဖန်တီးလို့ ရတယ် ။ အဖေ က ဒီဘူး ၊ ဒီဘူး နင် သုံးဖို့လို့ ပေးထားတာ ”

“ အဖေ က ဘာကြောင့် မင်းသမီး မလုပ်စေချင်တာလဲ ”

“ ငါ့ သမီး ၊ မင်းသမီး ဆိုတာ လှနေ မှ ၊ ညည်း က မလှဘူး ။ မက နဲ့ တဲ့ ၊ အဖေ က ပြတ်တယ် ”

“ ဒါဖြင့် ဘာဖြစ်လို့ မင်းသမီး ဖြစ်လာတာလဲ ”

“ တအား က ချင်တာကိုး ။ သမီး က ကြိုးစားမှာ က မှာပဲလို့ ။ အဖေ က အသက် ကြီး လာတော့ ကျွန်မ လုပ်ကျွေး ရတော့တာပေါ့ ”

သူ့ မွေးချင်းတွေ အကြောင်း ဆက် ပြောတယ် ။ သူတို့ အားလုံး သဘင် ဝါသနာ ပါကြတယ် ။

“ ကျွန်မ အစ်ကို တစ်ယောက် က တော့ နတ်မောက် မှာ ၊ အင်ဂျင်နီယာ ၊ သူ က လည်း ဇာတ် ထဲ မှာ မင်းသား ပေါက်စန အဖြစ် ထွက် ထွက်ကတယ် ။ လူရွှင်တော် တစ်ယောက် က နောက် လိုက်တာ ၊ မင်းနှယ် ကွာ ကောင်း လည်း မကောင်းဘဲ နဲ့ မကပါ နဲ့ ၊ သူ က ရှက်ပြီး မကတော့ဘူး ။ ခင်ဗျား တို့ သဘင်သည် အလုပ် လုပ် မစားဘူး ။ ခုံဖိနပ် ပဲ ခုတ်စားမယ် ဆိုပြီး စာ ကြိုးစား လိုက်တာ ၊ လမ်းဗိုလ် ဖြစ် သွားတယ် ”

ရွှေမန်းသူမြင့်မြင့်သန်း က ဂုဏ်ယူ ကျေနပ်တဲ့ အပြုံးမျိုး နဲ့ ပြုံးတယ် ။

“ ဝန်ထောက်တွေ ဘာတွေ ဖြစ်ပြီး မှ ခု ပင်စင် နဲ့ နား နေတာ ”

ကျွန်တော် က သူ့ သဘင်သည် ဘဝ ကို ဆက် မေးတယ် ။

“ ဦးတိုင်းကျော် တို့ က အငြိမ့် ထောင် တော့ ကျွန်မ ကို ရှေ့ထွက် က ခိုင်းတယ် ။ အလယ်ထွက် က မိုက်တူးတင် ၊ ခေါင်းဆောင် က အမေ မြို့ချစ်သန်း ၊ အဲဒီက မှ ခေတ်ဆန်း ၊ ရွှေရတနာ ။ အဲဒါ ပြီးတော့ သစ်လွင် ရောက် တာပေါ့ ။ အဲ - တစ်ခု ကျန် သေးတယ် ၊ မေတ္တာကြီး ၊ အငြိမ့်နှစ် ကို ရှည်လာ လိုက်တာ ။ သစ်လွင် မှာ တစ်လျှောက် လုံး ပေါ့ ”

“ ပထမဦးဆုံး အငြိမ့် ခုံ ပေါ် တက် တဲ့ ည သတိရသေးလား ”

“ လူရွှင်တော် ဦးဩဘာ ၊ ဦးသိန်းတန် တို့ နဲ့ အမေ မြန်မာမိတ် ဒေါ်တင်အောင် တို့ နဲ့ က ရတာ ။ ကျွန်မ က မေ့ကွက်ကိုရှာ ကောက် ဆို လိုက်တာ ။ ကလေး ဆိုတော့ အသံ မှား တာပေါ့ ။ ပွဲခင်း အပြင် ရောက် နေတဲ့ ဆရာ ဦးအောင်စိန် က ပွဲခင်း ထဲ ဖြတ်ပြေး လာတာ ။ နင် အသံ မှားတာ ငါ့ ကို ချွေးပြန် သွားတာပဲ တဲ့ ။ ကျွန်တော် က ကလေး ဆိုပေမယ့် ပြန် ပြော မိတယ် ။ ပြေး လာတော့ကော ဘာလုပ် နိုင်သေးလဲ လို့ ၊ လူကြီး ကို မရိုသေလို့ ပြောတာ မဟုတ်ပါဘူး ”

သူ ပြုံးရယ်တယ် ။

“ နောက်မှ ဒီလို မပြောရဘူး ဆိုတာ သိတာပေါ့ ”

ရွှေမန်းသူ မြင့်မြင့်သန်း က ပန်တျာကျောင်းဆင်း မဟုတ်ဘူး ။ ဒါကို မေးပါတယ် ။

“ ပန်တျာကိုတင်မြင့် ဆိုတဲ့ မင်းသား ရှိတယ် ။ သိပ် တော်တာ ၊ သူ့ ဆီ က ပညာ သင်တာ ”

ကျွန်တော် က သူ့ မဟုတ်မခံ စိတ် အကြောင်း စကား စတယ် ။

“ အော်ပရာ က မဟာမိခင် အမေ က နေ သားဆိုး ကို သေနတ် နဲ့ ပစ်ပြီး ငိုချတဲ့ အခန်း ၊ သေနတ် နဲ့ ပစ် ပြီးရင် ငိုမယ် ၊ ရယ်မယ် ၊ အသက်ဝင် နှစ်ခု ပေါ့ ၊ ပြပြီး သိမ်း ရမှာ ။ တကယ့် ဇာတ်ရှိန် အမြင့်ဆုံး မှာ ပွဲကြည့် ထဲ က ကလေးတွေ က ကျွန်မ ကို ဝါးလုံးကြီး နဲ့ လှမ်း ထိုးတယ် ။ ကျွန်မ က လည်း က လက်စ ချက်ချင်း ရပ်ပြီး ကားလိတ် ချ ၊ သိမ်းတယ် ၊ ဆက် မကဘူး ။ ဒါ မင်းတို့ ကြောင့် ဆက် မကတာ လို့ ပြော လိုက်တယ် ။ ခဏ နေတော့ အဲဒီ ကလေးတွေ က အချိုရည်ပုလင်း တွေ ၊ ပန်း တွေ နဲ့ လာ တောင်းပန်တယ် ”

သူ က ပြုံးပါတယ် ။

“ အစ်မ က ဗျာ ၊ ကျွန်တော် တို့ က အစ်မ ကို ချစ်လို့ ဥစ္စာတဲ့ ။ ချစ်ပါ ၊ ငါ လည်း နင်တို့ ကို ချစ်ပါတယ် ၊ ငါ ချစ် သလို မှ နင်တို့ က မချစ်ဘဲ နဲ့ ၊ တကယ့် မိန်း ( main ) ခန်းကြီး လာပြီး တော့ လုပ်တာကိုးလို့ ”

သူ ရယ်ပါတယ် ။

“ ကျွန်တော် က စိတ် တို တတ်တယ် ၊ စင် ပေါ်  မှာ ဖနောင့် ဆောင့် ဖူးတယ် ။ ဆရာ ဦးသြဘာ က ဆုံးမ ပါတယ် ။ ပရိသတ် ကို ကျော် ပြီး တံတွေး မထွေးရဘူး ။ ပရိသတ် ကို လေးစားပြီး အနုပညာ ကို ကြိုးစားရမယ် ။ နာမည် ကို တန်ဖိုး ထားဖို့ ”

ကြိုးစား သလို ပရိသတ် က အားပေးကြတဲ့ အကြောင်း တွေကို ပြော ဖြစ်တယ် ။

“ တန်ဆောင်မုန်းလ မှာ ကထိန်တွေ များ လို့ တစ်လ တည်း ၃၇ ချီ က ရတယ် ၊ နေ့ရော ညရော ဆက် က ရတာ ။ ကျွန်တော် မျက်ခုံးမွေး ဆွဲ နေရင်း ဟောဒီလို ငိုက်ကျ သွားတယ် ”

သူ က ငိုက်ကျပုံ လုပ် ပြတယ် ။

“ ဘယ်လောက် များတယ် မများတယ် ၊ ဒါလောက် များတာ ကို ထဘီနား မ ပြီး ဟိုဘက် ရုံ မှာ တီး နေတဲ့ မြို့မ နဲ့ သွား က လိုက်သေးတယ် ။ ဘဝ မှာ က ခဲ့ ရ တာ ပျော်ပါတယ် ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment