❝ ဒီပုံ ကြည့် ပြီး မှ သူ့ စာ ဖတ်ပါ ❞
ဒီပုံ ကို အရင် ကြည့်ပါဦး ။ မှတ်မိပြီလား ။ ဟုတ်ပါတယ် ။ “ ဒီစာ ဖတ်ပြီး မှ ရုပ်ရှင် ကြည့်ပါ ” ဆိုတဲ့ ဆရာ စိန်ခင်မောင်ရီ ပါ ပဲ ။ သတင်းစာဆရာ ဘဝ ၊ မဂ္ဂဇင်း အယ်ဒီတာ ဘဝ ၊ ရုပ်ရှင် ဝေဖန်ရေးသမား ဘဝ နဲ့ စာဖတ်သူများ ၊ သိရှိထားကြပြီး ဖြစ်တဲ့ ဆရာ စိန်ခင်မောင်ရီ နဲ့ ဒီလ တွေ့ဆုံ ပေးဖို့ ပေဖူးလွှာ စာတည်း အဖွဲ့ က ရွေးချယ် တာဝန် ပေးခဲ့ပါတယ် ။ ဆရာ နဲ့ တွေ့လျှင် တွေ့ချင်း ပဲ ကျွန်တော် သိလိုတဲ့ အချက် ကို နိဒါန်း အစ မပျိုးဘဲ မေး ချလိုက် မိပါတယ် ။
••••• ••••• •••••
“ ကျွန်တော် ပထမဆုံး သိချင်တာ က ဆရာ့ ကလောင် နာမည် နဲ့ ပတ်သက်လို့ပါပဲ ။ “ စိန် ” ဆိုတဲ့ နာမည် ကို ဆိုင်းဆရာ ရွာစား တွေ ရဲ့ ရှေ့ မှာပဲ တပ်လေ့ တပ်ထ ရှိတာ တွေ့ရဖူး ပါတယ် ။ ဆရာ့ ကလောင် နာမည် ရှေ့ မှာ “ စိန် ” တပ် ထားတဲ့ အဓိပ္ပာယ် ဘယ်လို ရှိတယ် ဆိုတာ အရင် သိချင်ပါတယ် ”
“ ဆရာ ဇဝန ပေးထားတဲ့ နာမည် ပါ ။ ကျွန်တော် တို့ ကြေးမုံ သတင်းစာတိုက် မှာ လုပ်ကြတုန်း က ကျွန်တော် သတင်းခေါင်းစဉ် တပ်တာတွေ ၊ ဆောင်းပါးတွေ လက်သံ ပြောင်တယ် ဆိုပြီး ဆရာ က ကျွန်တော့် ကို “ စိန် ” တပ် ပြီး ခေါ်လေ့ ရှိပါတယ် ။ စိန်ဗေဒါကြီး လို လက်သံ ပြောင်တယ် ပေါ့ ဗျာ ။ ဒါပေမဲ့ ကလောင် နာမည် အဖြစ် မသုံးခဲ့ ပါဘူး ။ နောက်တော့ ကျွန်တော် ကြေးမုံ မှာ အလုပ် မလုပ်တော့ဘဲ အပြင် က နေ ကြေးမုံ ကို ဆောင်းပါး ပို့ ပါတယ် ။ အဲဒီ အချိန်မှာ ကြေးမုံ က ပြည်သူပိုင် ဖြစ် နေပြီ ။ ဆရာ ဇဝန က အယ်ဒီတာချုပ် ပါ ။ ကျွန်တော့် ဆောင်းပါး ကို ကြေးမုံ ခင်မောင်ရီ ဆိုပြီး နာမည် တပ် လိုက်ပါတယ် ။ ခါတိုင်းတော့ ကျွန်တော့် နာမည်ရင်း အတိုင်း “ ခင်မောင်ရီ ” ပါပဲ ။ ဆရာ ဇဝန က အဲဒီ ကျွန်တော့် ဆောင်းပါး ကို ကြေးမုံ မှာ ထည့် သုံးပြီး ကလောင် နာမည် ကို လည်း ကြေးမုံခင်မောင်ရီ လုပ် မနေပါနဲ့ဗျာ ။ စိန်ခင်မောင်ရီ ပေါ့ ဆိုပြီး “ စိန် ” တပ် လွှတ် လိုက်ပါတယ် ။ အဲဒီ အချိန် က စပြီး စိန်ခင်မောင်ရီ ဖြစ် လာတာပါ ”
“ တခြား ကလောင်နာမည် ရှိသေးလား ဆရာ ”
“ ရှိပါသေးတယ် ။ ပဒေသာမဂ္ဂဇင်း မှာ အယ်ဒီတာ လုပ် နေတုန်း က “ နန်းမြိုင် ” ဆိုတဲ့ နာမည် နဲ့ မဂ္ဂဇင်း ဝတ္ထုရှည် ၊ ဝတ္ထုတို တွေ ရေးပါတယ် ။ “ ယဉ်ငြိမ်း ” ဆိုတဲ့ နာမည် နဲ့ ဆောင်းပါး ရေးပါတယ် ။ “ ခင်မောင်ရီ ” ဆိုတဲ့ နာမည် နဲ့ တော့ ဘာသာပြန်တွေ ရေးပါတယ် ။ ပဒေသာ မဂ္ဂဇင်း မှာ ဆရာသာဓု ၊ ကွယ်လွန်သူ စာရေးဆရာ သန်းဆွေ တို့ နဲ့ အတူ တူ လုပ် ရပါတယ် ။ ကိုသန်းဆွေ အယ်ဒီတာ က ထွက် သွားတော့ ကျွန်တော် အယ်ဒီတာ တက် လုပ် ရပါတယ် ။
၁၉၄၉ - ၅ဝ လောက် က ပါ ။ အဲဒီတုန်း က ပဒေသာ မဂ္ဂဇင်း ဘုတ်အဖွဲ့ မှာ ဆရာ တက်တိုး က ဥက္ကဋ္ဌ ပါ ။ သူ က ခိုင်းလို့ လစဉ် ဘာသာပြန် တစ်ပုဒ် အမြဲ ရေး ရပြီး ကျန်တဲ့ ဝတ္ထု နဲ့ ဆောင်းပါး တို့ ကိုယ် ကြိုက်တာ ကို ရေးနိုင် တာ နဲ့ ကလောင် နာမည် သုံးခု လောက် ထားခဲ့တာပါ ”
“ ဒါဆို ဆရာ စာပေလောက ထဲ စ ရောက်တာ မဂ္ဂဇင်း က စ တာပဲပေါ့ ”
“ ဟုတ်ပါတယ် ။ ပဒေသာ မဂ္ဂဇင်း က ကိုတင့်တယ် တို့ ၊ ဆရာသော်တာဆွေ တို့ ထွက် သွားပြီး ရှုမဝ ရောက် သွားတော့ သူတို့ တစ်တွေ စု ပြီး ထောင်ခဲ့တဲ့ ပဒေသာ မဂ္ဂဇင်း ကို ကျွန်တော် ရောက် သွားပါတယ် ။ ကိုသန်းဆွေ နဲ့ ဆရာ တက်တိုး က စာပေ မှာ လက်ဦး ဆရာ တွေ ပါ ။ အဲဒီ က မှ အိုးဝေ သတင်းစာ ရောက် ပြီး သတင်းစာ သမား ဖြစ် လာတာပါ ။
သတင်းစာ မှာ ဆရာဇဝန တို့ ၊ ဦးညိုမြ တို့ က ကျွန်တော့် လက်ဦး ဆရာ တွေ ပါ ။ ဒီအထဲ က သတင်း တည်းဖြတ် နည်း ၊ ခေါင်းတပ်နည်း ၊ ဖောင်ကိုင်နည်း တွေ ကို ကံ့ကူလက်လှည့် သင်ပေးခဲ့ တဲ့ ဆရာ က တော့ ခု လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတိုက် က ကိုသာဂဒိုး ( ဒုတိယ အယ်ဒီတာချုပ် ဦးတင်စိုး ) ပါ ပဲ ”
“ ဆရာ ဘယ် သတင်းစာတွေ မှာ လုပ်ဖူးသေးလဲ ”
“ အိုးဝေ ၊ စီးပွားရေး ၊ ဗမာ့ဝါဒ ၊ ဗမာ့ခေတ် ၊ ယူနီယံဂေဇက် ၊ မန်းခေတ် နဲ့ နောက်ဆုံး ကြေးမုံ လို့ ဆိုကြပါစို့ ။ ဗမာ့ခေတ် မှာ ညအယ်ဒီတာ လုပ်တုန်း က နေ့ မှာ အား နေ လို့ မြန်မာနိုင်ငံ ရဲအဖွဲ့ဌာနချုပ် က ထုတ်တဲ့ ရဲကြေးမုံစာစောင် တို့ ၊ မှုခင်းမဂ္ဂဇင်း တွေ မှာ လည်း လုပ်ခဲ့ဖူးပါတယ် ။ အဖေ “ ပုလိပ် အရာရှိ တစ်ဦး ” က တာဝန် အရ ကိုင် ရတဲ့ စာစောင်တွေ ပါ ။ သူ က ခေါ် ခိုင်း လို့ လုပ် ပေး ခဲ့ရပါတယ် ။ တစ်ခါ ပြစ်မှု မဂ္ဂဇင်း ဆိုပြီး အဖေ က ထုတ် တော့ လည်း ကျွန်တော် ပဲ စပြီး ကိုင် ပေး ခဲ့ပါတယ် ။ နောက် ဖြူနီညိုပြာမဂ္ဂဇင်း ကို ကျွန်တော် ထုတ်ခဲ့ပါ တယ် ”
“ ဆရာ့ သက်တမ်း တစ်လျှောက် သတင်းသမား ဘဝ ၊ မဂ္ဂဇင်းအယ်ဒီတာ ဘဝ စသဖြင့် ဖြတ်သန်း လာခဲ့ရတာ တွေ့ရပါတယ် ။ အဲဒီလို ဘဝ အတွေ့အကြုံတွေ ထဲ က ဒီနေ့ စာပေလုပ်သား လူငယ်လူရွယ်တွေ မှတ်သား သင့်တဲ့ အတွေ့အကြုံ မျိုး ပြောပြပေးပါ ”
“ အမယ်လေး ... မလုပ်ပါနဲ့ဗျာ ။ ကျွန်တော့် ထက် သာတဲ့ လူချည်းပါ ပဲ ။ ကိုယ့် ကိုယ် ကိုယ် ဆရာကြီး လုပ်ပြီး တော့ လည်း မပြောပါရစေနဲ့ ဗျာ ၊ ပြော လည်း မပြောတတ်ပါဘူး ။ ဒီကနေ့ လူငယ် စာရေးဆရာ တွေ ကြည့် ရတာ ကျွန်တော့် ထက် ကံ ၊ ဉာဏ် ၊ ဝီရိယ အကုန် သာပုံ ရပါတယ် ။ အားလုံး လှုပ်လှုပ်ရှားရှား နဲ့ ထက်ထက် မြက်မြက်ချည်း ပါပဲ ”
“ ဘာသာပြန်စာပေ နဲ့ ပတ်သက်ပြီး ဆရာ့ ဘာသာပြန် တွေ ဖတ်ရပါတယ် ။ ဆရာ ဘာသာပြန် တဲ့ နေရာမှာ ဘယ်လို မူ နဲ့ ပြန်ပါသလဲ ။ တချို့က လိုတိုးပိုလျှော့ ပြန်တယ် ။ တချို့ကလည်း တိတိကျကျ ပြန် ကြတယ် ။ ဆရာ က ကော ... ”
“ ကျွန်တော် ဗိုလ်တက် ( ဆရာတက်တိုး ) ရဲ့ တပည့် ပါ ။ အရမ်း ဘာသာ မပြန်နဲ့ ဆိုတဲ့ ဆရာ့ မူ အတိုင်း ဘာသာပြန် ပါတယ် ။ အရမ်း ဘာသာ မပြန် နဲ့ ဆိုတဲ့ မူ ထဲ မှာ လိုတိုးပိုလျှော့ လည်း မလုပ်ရပါဘူး ။ သူ့ အရှိ ၊ သူ့ အာဘော် အတိုင်း ပြန် ရပါတယ် ။ တိတိကျကျ ပြန်ရတယ် ဆိုပါတော့ ။
ဒီ ဘာသာပြန် ကိစ္စ နဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်တယ် ဗျာ ။ တချို့ ပုဂ္ဂိုလ်တွေ က ဘာသာပြန် တာ ကို Creative Art လို့ ဆိုကြတယ် ။ ကျွန်တော် က တော့ ဒီလို မမြင်ဘူး ။ ဘာသာ ပြန်တယ် ဆိုတာ သူများ ရဲ့ ပုဆိုး ငှား ဝတ်တာပဲ ။ ဒီ ပုဆိုးမင်း နဲ့ လိုက်လိုက်တာကွာ လို့ ပြော လည်း ဝမ်းသာလို့ ရတာ မဟုတ်ဘူး ။ ကိုယ့် ပုဆိုး မှ မဟုတ်ဘဲကိုး ။ ကိုယ်ပိုင် မဟုတ်တာ ကို ကိုယ် နဲ့ လိုက်အောင် ဆိုပြီး အမြိတ်တပ် ဝတ်မယ် ။ ဒါမှ မဟုတ် ပုဆိုး က ကွင်းကျယ် နေလို့ ဖြတ် ဝတ်မယ် ဆိုရင် ဘယ်ဖြစ်မလဲ ။
သူများ ပုဆိုး ငှား ဝတ် ရတော့ ပုဆိုး ကြေ မသွားအောင် ၊ စွန်းထင်း မသွားရအောင် ပိုပြီး ဂရုစိုက် ဝတ် ရ သလိုပဲ ။ ကိုယ် က လိုတိုးပိုလျှော့ လုပ်လို့ မရဘူး ။ အရှိ ကို အရှိ အတိုင်းပဲ ဖြစ်အောင် ဘာသာပြန် သင့် တယ် လို့ ထင်ပါ တယ် ”
“ ဒါဆို ဆရာ က ဘာသာ ပြန် တဲ့ နေရာ မှာ တိတိကျကျ ပြန်တယ် ပေါ့ ”
“ ဟုတ်ကဲ့ ... တိတိကျကျ ပဲ ပြန်ပါတယ် ။ စကားလုံး ရွေး တဲ့ နေရာ မှာ ဂရု စိုက် ရေးတယ် ။ နေ့စဉ်သုံး နဲ့ မြန်မာ စာဖတ် ပရိသတ်အများ နားလည် နိုင်မယ့် စကားလုံးမျိုး ကို ပေါ့ဗျာ ။ ဒီတော့မှ လည်း ဘာသာပြန် က English Myanmar မဖြစ်တော့ ဘဲ Myanmar Myanmar ဖြစ် မှာကိုး ။ ဆိုဖီယာ ရဲ့ ဆိုဖီယာ မှာ တိတိကျကျ တိုက်ရိုက် ဘာသာပြန် တာပါ ။ တော်တော် စကားလုံး ကျစ်ကျစ် လျစ်လျစ် ဖြစ် အောင် ပြန် ထားပါတယ် ။ “ ဝါးတဲလေး ” ကျတော့ ပို ခက် ပါတယ် ။ အဲဒီ စာအုပ် မူရင်း The House of Bamboo ရေးတဲ့ စာရေးဆရာ က အင်္ဂလိပ်စာ ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေး တတ်တယ် ။ စာအုပ် က ဒုတိယ ကမ္ဘာ စစ်ပြီး စ ပြင်ဦးလွင်မြို့ မှာ ဗြိတိသျှတပ် တွေ ရှိတုန်း အချိန် ဗြိတိသျှ စစ်ဗိုလ် ပန်းချီဆရာ နဲ့ မြန်မာမလေး တစ်ယောက် ရဲ့ အဖြစ်အပျက် ဝတ္ထု ဖြစ်ပါ တယ် ။ မြန်မာ တောတောင် သဘာဝအလှ ၊ မြန်မာတို့ စရိုက် ၊ စိတ်နေ သဘောထား ၊ သနပ်ခါး နဲ့ မြန်မာမလေး တစ်ယောက် ချောမောလှပပုံ ကို ဖွဲ့ထားတာ က မြန်မာ စာရေးဆရာ ရှုံး လောက်တယ်ဗျာ ။ အဲဒါကို အင်္ဂလိပ်စာ အရေးအသား Style ပေါ့ဗျာ ။ အဲဒီ စတိုင် ရသ ပေါ်အောင် တော်တော် ပြန် ယူရတယ် ။ ဒီ နေရာ မှာ သူ့ အာဘော် လည်း မလွတ်ရ အောင် ၊ သူ့ ရဲ့ စာ အရေးအသား နဲ့ လည်း သိပ်ပြီး တိမ်း မသွားရ အောင် အတော့် ကို ဂရုစိုက် ပြီး ပြန် ရပါတယ် ။ ကိုဝင်းငြိမ်း မူရင်း နဲ့ တွဲ ကြည့်ရင် သိပါလိမ့်မယ် ”
“ ဆရာ ရာဇဝတ်မှုခင်း နဲ့ ပတ်သက်တဲ့ ဘာသာပြန်တွေ ပေါ် မှာ ဘယ်လို သဘော ထားပါသလဲ ”
“ တစ်လော က မှုခင်းစာအုပ် တစ်အုပ် က စာမူ လာ တောင်း လို့ မှုခင်းဝတ္ထု တစ်ပုဒ် ကို ပေး လိုက်တယ် ။ စိစစ်ရေးရုံး တင်လိုက်တော့ ပယ် လိုက်တယ် ။ ပယ် လည်း ပယ်စရာပဲ ။ ပြစ်မှု ကျူးလွန်ပုံ ကို တစ်တစ်ခွခွ ပြ ထားပြီး အဖြေ မပါဘူး ။ အဖြေဆိုတာ က ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတဲ့ ဥပဒေ ကို မဖော်ဘဲ ဤသို့ဤပုံ လူသတ်မှု ကို ကျူးလွန်လိုက်လေသတည်း နဲ့ ပဲ ဆုံး ထားတာ ကိုး ။ အဲဒါကို မှုခင်းဝတ္ထု နဲ့ ပတ်သက်ပြီး တခြား ဘာသာပြန် ဆရာ တစ်ယောက် က ဇာတ်သိမ်း ကို ပြင် လိုက်တယ် ။ အမှန် က တော့ ဇာတ်သိမ်း ကို ပြင်တာ မဟုတ်ဘူးဗျ ။ အပိုကလေး ထည့်ပေး လိုက်တာ ။ လူများ ရဲ့ ပုဆိုး ကို အမြိတ် ထည့် ဝတ် လိုက်တာ ။ လိုတိုး လုပ် လိုက်တာ ။ ဇာတ်သိမ်း မှာ လူသတ်မှု ကျူးလွန် တဲ့ ကြံရာပါ တရားခံ ကို သတင်းပေးတဲ့ လူ ပေါ် လာပြီး သတင်း ပေးလိုက် လို့ ရဲ က ဖမ်းလိုက်လေ သတည်း လုပ်လိုက်တာကိုး ဗျ ။
အမှန်က ကျွန်တော် သာ ဆိုရင် မလုပ်ဘူး ။ ကျွန်တော့် မူ အရ ပုဆိုးအမြိတ် မတပ်ဘူးပေါ့ ဗျာ ။
ဒါပေမဲ့ မူရင်း ကို မဖတ်ရ တဲ့ စာဖတ် ပရိသတ် က တော့ ဘယ် သိမလဲ ။ ဒါလည်း မကောင်းဘူး ၊ မလုပ်သင့်ဘူး ။ ကိုယ့် ဉာဏ်အား မပါတာ ကို ဘာသာပြန် ပြီး ဖြည့်တာ ဟာ အပြစ် တစ်ခု ပဲ ဗျ ”
“ ဆရာ ပြဇာတ် ဘယ်နှပုဒ် ရေးဖူးပြီးလဲ ”
“ ရေ တော့ မထားမိဘူးဗျ ။ ပင်ကိုရေး ရော ၊ မှီးတာ ရော ၊ ဘာသာပြန် တာ ရော ဆိုရင် အပုဒ်ပေါင်း သုံးဆယ် ထက် မနည်းတော့ဘူး ထင်တယ် ။ ခုတော့ ဘယ် တိုက် က စာမူ တောင်းတောင်း ၊ ပြဇာတ် ယူ မလား ၊ ပြဇာတ် ရေးပါရစေ ဆိုပြီး ပြဇာတ် ချည်း ဖိ ရေး နေတာပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ တခြား ဘက် တွေ မှာ ထွန်းကား သလောက် ပြဇာတ် ဘက် မှာ အားနည်း နေလို့ပါပဲ ။
မြို့နယ် မဂ္ဂဇင်းတွေ က စာမူ တောင်း လည်း ပြဇာတ် ပဲ ရေး ပေးတာပဲ ။ တချို့ မြို့နယ် မဂ္ဂဇင်းတွေ က ထွက် မလာတော့ ကျွန်တော့် ပြဇာတ် စာမူလေး တွေ မြုပ် နေသေးတယ် ။ ခုလို ပြဇာတ် ချည်း ရေး ပေးတော့ နောက်ပိုင်း ကျ တော့ အဲဒီ မြို့နယ် မဂ္ဂဇင်းဆရာတွေ က မတောင်းကြတော့ဘူး ဗျ ။ မကြိုက်ကြ လို့ ထင်ပါရဲ့ ။ ကျွန်တော့် ပြဇာတ်ကလေး တွေ က ကောင်းပါတယ်ဗျာ ဟဲ ဟဲ ”
“ ဆရာ့ ပြဇာတ် တွေ စာအုပ် မထုတ်ဘူးလား ”
“ ထုတ်ချင်တာပေါ့ ဗျာ ။ ကိုယ်တိုင် လည်း မထုတ်နိုင် ၊ ထုတ်ဝေသူ ရှာ တော့လည်း ထုတ်ဝေသူ တစ်ယောက် က ပြောတယ် ။ ခင်ဗျား စာအုပ် ရောင်းရမှာ မဟုတ်ပါဘူးဗျာ ။ တစ်မြို့ တစ်မြို့ မှာ သီတင်းကျွတ် တို့ ၊ တန်ဆောင်တိုင် တို့ ရှိ ရင် လမ်းထိပ် မှာ ပြဇာတ် ကချင် တဲ့ ဒါရိုက်တာ ပေါက်စကလေး တွေ တစ်ဦး စ နှစ်ဦး စ က သာ ဝယ်ကြမှာပါ ။ ဘယ်သူ မှ ဝယ်မှာ မဟုတ်ဘူး လို့ ပြောဖူးတယ်ဗျ ။ သူ ပြောတာ လည်း ဟုတ် တုတ်တုတ် ရယ် ။ အုပ်ရေ တစ်ထောင် လောက် ထုတ် ရင် အုပ် ငါးဆယ် ကုန်ဖို့ မနည်း ရောင်းရမှာ ။ ဒီတော့ ဘယ်သူ က ထုတ်ချင် မလဲဗျာ ။ ဒီနေရာ မှာ ကျွန်တော်တို့ လ ည်း တော်တော် ညံ့ ခဲ့တာပဲ ။
အရင် စာရေးဆရာ အသင်း ရှိတုန်း က တစ်နှစ် တစ်ခါ စာဆိုတော်နေ့ မှာ ပြဇာတ်ကြီးတွေ က ခဲ့ကြတယ် ။ ရှေး စာဆိုတော်ကြီး တွေ ရဲ့ အတ္ထုပ္ပတ္တိတွေ ပေါ့ ဗျာ ။ သမိုင်းကြောင်း မှန်အောင် တော်တော်လေး ရှာဖွေပြီး ရေးခဲ့ကြ တဲ့ ပြဇာတ်တွေ ပါပဲ ။ အဲဒါတွေ ကို အသင်းကြီး က ရေး ပြီး ၊ စာအုပ် ဖြစ်အောင် စိတ် မကူးခဲ့ကြဘူး ။ ကျွန်တော် တို့ လို ပါပဲဗျာ ။ ကိုတင့်အောင် ( ဗိုလ်ကလေးတင့်အောင် ) တို့ ၊ ဆရာဇင် တို့ ပြဇာတ်တွေ လည်း မနည်း ပါဘူး ။ သီချင်း တွေ လည်း ပါတယ် ။ အဲဒါတွေ လည်း စာအုပ် မဖြစ်ခဲ့ကြဘူး ။
အဲ ... ကျွန်တော့် ပြဇာတ်ရှည် တစ်ပုဒ် စာအုပ် ဖြစ်ခဲ့ဖူးတယ် ။ ပထမ စင် တင် ကတဲ့ ပြဇာတ် ပါ ။ နောက် မှ စာအုပ် ဖြစ် လာတာပါ ။ ဒါလည်း ဦးဘဆွေ ( ရန်ကုန်ဘဆွေ ) က သူ့ ပြဇာတ် နှစ်ပုဒ် ၊ ကိုအောင်လင်း ပြဇာတ် တစ်ပုဒ် နဲ့ ပေါင်းပြီး ပြဇာတ် လေးပုဒ် ဆိုပြီး စာအုပ် ထုတ် ပေးလို့ ဖြစ်လာတာပါပဲ ။ အဲဒီ ပြဇာတ် က “ မြေပိုင်ရှင် ဦးကံကောင်း နှင့် သမီးများ ” ပြဇာတ် ပါပဲ ။ ခု ဒီ ပြဇာတ် က တက္ကသိုလ် မှာ ကျောင်းသုံး ဖြစ် နေတယ် ။ ဒီ ပြဇာတ်စာအုပ် ထုတ် တော့ ဦးဘဆွေ က အမှာစာ ရေး ထားတာကလေး ရှိတယ် ။ ကျွန်တော် ဖတ်ပြမယ် နော် ...
“ အခန်းပေါင်း မြောက်မြားစွာ နှင့် သီချင်းပေါင်း မြောက်မြားစွာ သီဆို သရုပ်ဆောင် ပြ ရသော မြန်မာတွေ ရမ်းတုတ် လာ ခဲ့သည့် ပြဇာတ်လုပ်ငန်း မှာ တိမ်ကော ပျောက်ကွယ် ခဲ့ရသည် ။ ဤ မြန်မာဖြစ် ရမ်းတုတ်ပြဇာတ် တွေ ကြားထဲ၌ ၁၉၅၄ ခုနှစ် ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နှစ်ပတ်လည်ပွဲ တွင် စာရေးဆရာ ခင်မောင်ရီ က “ မြေပိုင်ရှင် ဦးကံကောင်း နှင့် သမီးများ ” ဟူသော တစ်ခန်းရပ် ပြဇာတ် ကို မြို့တော်ခန်းမ ၌ တင်ဆက် ခဲ့သည် ။ ထို ပြဇာတ် အတွက် အပြင်အဆင် ကို ခေတ်သစ်ပန်းချီ ( သို့မဟုတ် ) စိတ္တဗေဒ ပန်းချီနည်း နဲ့ ဦးဘရင်ကလေး က ပြင်ဆင် ပေး၍ ထို တစ်ခန်းရပ် ပြဇာတ် အပြီး တွင် မြန်မာပရိသတ် က ထို ပြဇာတ်မျိုး ကို ကောင်းစွာ လက်ခံ အားပေးကြသည်ဟု ယုံကြည်စိတ်ချနိုင်လာကြသည် ... ”
ဒီလို ဦးဘဆွေ တို့ က ချီးကျူး ၊ တက္ကသိုလ် မှာ လည်း ကျောင်းသုံး ဖြစ် ၊ နိုင်ငံခြား ၊ ပြဇာတ် ကို မြန်မာမှု ပြုရာ မှာ ထိမိပါတယ် ၊ အောင်မြင်ပါတယ် လို့ ဆိုကြပေမယ့် ပင်ကိုရေး မဟုတ်လို့ ရဲရဲ ရင် မကော့ရဲဘူး ဗျ ။ ငှား ဝတ် တဲ့ ပုဆိုး ပေါ့ ဗျာ ။ ဒါကြောင့် အလားတူပြ ဇာတ် တစ်ခု ရေးပါတယ် ။ “ ဒေါ်ရွှေအေး နှင့် သားသမီးများ ” ဆိုတဲ့ ပြဇာတ် ၊ ၁၉၈၀ - ၈၁ ခုနှစ်ထု တ် အကောက်ခွန်နှစ်ပတ်လည် မဂ္ဂဇင်း မှာ ပါ ပါတယ် ။ အဲဒါကျ တော့ တကယ့် အဖြစ်အပျက် ပင်ကိုရေး ပါပဲ ။ ကိုဝင်းငြိမ်း ဖတ်ဖူးသလား မဆိုနိုင်ဘူး ။ အမေ သေ လို့ မှ အလောင်း မြေမကျ သေးဘူး ။ ကျန်ရစ်တဲ့ သားသမီးတွေ ထဲ က တစ်ယောက် က အမေ့သေတ္တာ ကို တိတ်တဆိတ် ဖွင့် ပြီး လက်ဝတ် လက်စား တွေ ခိုးပြေး ၊ အဲဒါ သိ တော့ မောင်နှမတွေ ပြဿနာ ဖြစ် ကြတဲ့ ဇာတ်လမ်း လေ ။ ဒါလည်း လူတွေ ရဲ့ လောဘတရား ကို ပြတဲ့ ပြဇာတ်ပါပဲ ။ ဒါပေမဲ့ ဦးကံကောင်း နောက်လိုက် ဖြစ် နေလို့ သိပ်ပြီး ထင်ပေါ်မယ် မဟုတ်ဘူး ထင်ပါရဲ့ ဗျာ ”
“ ပြဇာတ်စာပေ ... ဆရာ ပြောတဲ့ ဖတ်ဇာတ် ကို တကယ် စင်တင် ကပြ လို့ ရနိုင်ပါသလား ”
“ စင်တင်ပြဇာတ် ကိစ္စ ကို ကိုဝင်းငြိမ်း မေးတယ် ထင်ပါရဲ့ ။ ပြဇာတ်စာပေ ဆိုကြပါ စို့ ။ စာအုပ် ထဲ မှာ ပါတဲ့ ပြဇာတ် တိုင်း ကို စင် တင် လို့ ရနိုင်မလား ။ အဲဒီလို မဟုတ်လား ။ ဖတ်ဇာတ် ဆိုပါစို့ ဗျာ ။ ဖတ်ဇာတ် တိုင်း စင်တင် လို့ မရဘူးဗျ ။ စင်တင် ချင် ရင် စင်တင်ပြဇာတ် အင်္ဂါရပ်တွေ ပါအောင် ရေး နိုင် မှ စင်တင် နိုင်တာ ။ ဒီနေရာ ကျတော့ ဇာတ်ညွှန်းဆရာ တို့ ၊ တင်ပြသူ ဒါရိုက်တာ တို့ အခန်း ပါ လာပြီ ။
ပြဇာတ် ရေးသူ ကိုယ်တိုင် ဇာတ်ညွှန်းပိုင်း ရော ၊ ဒါရိုက်တာပိုင်း က ရော ကြည့်ပြီး ရေး မှ စင်တင်ပြဇာတ် ဖြစ် လာ နိုင်ပါလိမ့်မယ် ။ တချို့ ဖတ်ဇာတ် တွေ ကို စင်ပေါ် တင် ရင် ရ နိုင်ပါတယ် ။ ဒါပေမဲ့ ဒီမှာ ဒါရိုက်တာ လိုပါတယ် ။ ဆန့် တန် ဆန့် ၊ ဖြည့် တန် ဖြည့် လုပ် ပြီးမှ က လို့ ရပါလိမ့်မယ် ။ အနောက်နိုင်ငံတွေ မှာ ပြဇာတ်ရေးဆရာ က တခြား ၊ ဒါရိုက်တာ က တခြား စီ ရှိ ကြပါတယ် ။
မြန်မာ့ပြဇာတ် အစ မဏိကတ် က လို့ ဆိုတယ် ။ ဝန်ကြီး ပဒေသရာဇာ ရေး တာလေ ။ အဲဒါ နန်းတွင်းပြဇာတ် တွေ လို့ ဆိုပါတယ် ။ ဘယ်လို က ကြတယ် တော့ မသိဘူး ။ တစ်ခါ ကုန်းဘောင်ခေတ် မြဝတီမင်းကြီး တို့ အချိန် မှာ ပြဇာတ်တွေ ရှိတယ် ။ အီနောင် ၊ ရာမ ၊ သင်္ခပတ္တ ဆိုတဲ့ ပြဇာတ်တွေ ။ တစ်ခါ ဦးကြင်ဥ တို့ ၊ ဦးပုည တို့ ရဲ့ ဒေဝကုမ္ဘာန် တို့ ၊ ပါပဟိန် တို့ ၊ ရေသည်ပြဇာတ် တို့ ၊ ဝိဇယပြဇာတ် တို့ ဆိုတာတွေ ၊ ဒီပြဇာတ် တွေ ကို လည်း ဘယ်လို ကခဲ့ကြတယ် မသိဘူး ။
ဆရာဦးသော်ဇင် က တော့ ဦးကြင်ဥ ရဲ့ ဇာတ်တွေ မှာ ပြဇာတ် ရဲ့ အဆောင်အယောင် ဖြစ်တဲ့ ထီးကား ၊ နန်းကား ၊ တောကား ၊ တောင်ကား တွေ ကို ဆေးပန်းချီ နဲ့ မခြယ်ဘူး ။ စာပန်းချီ နဲ့ ခြယ်တယ် လို့ ဆိုတယ်ဗျ ။ သူ့ ရဲ့ စာပန်းချီ နဲ့ ဖွဲ့ တဲ့ တောတောင်ရေမြေရှုခင်း ကို ဇာတ်ခုံ ပေါ် သာ မဟုတ်ဘဲ စာဖတ်ခန်း ထဲ မှာ လည်း မြင် ယောင် ထင်ယောင် လာ နိုင်တယ် လို့ ဆိုတယ် ။ ဒီတော့ ပြဇာတ် တွေ က တဲ့ အခါမှာ နန်းတော် ထဲ က ပွဲကြည့်ဆောင် မှာ ၊ ဒါမှမဟုတ် မြေဝိုင်း ပေါ် မှာ စာ ရွတ်ပြီး သရုပ်ဆောင် ကြသလား မသိဘူး ။ ဆရာ ဦးသော်ဇင် ကပဲ ဦးကြင်ဥ ရဲ့ ပြဇာတ် တွေ ဟာ အရွယ်ပမာဏ က လည်း အနေတော် ဖြစ်တယ် ။ ပြဇာတ် က လို့ လည်း ကောင်း ၊ အလွတ် ဖတ် ဖို့လည်း ကောင်းတယ် လို့ ဆိုတယ်ဗျ ။
ဒီ ဦးကြင်ဥ နဲ့ ဦးပုည တို့ ပြဇာတ် တွေ ကို တကယ် ကခဲ့ ၊ မကခဲ့ မသိရပေမယ့် သဘင်ဝန် မှတ်တမ်း တွေ အရ ထိုးဇာတ် ၊ လုပ်ဇာတ် မက ရ ။ ဣန္ဒာဝုဓ ၊ သျှကုန္ဓလာ ၊ ရာမယဏ စတဲ့ ပြဇာတ်ကြီးတွေ ၊ ဝိဇယ စတဲ့ မဟာဝင် တွေ သာ က ရတယ် လို့ ပါတယ် ။ ဒီတော့ ဦးပုည ရဲ့ ဝိဇယ ပဲ က ရပြီး ထိုးဇာတ် ဖြစ်တဲ့ ဦးကြင်ဥ ရဲ့ ပြဇာတ် တွေ မကရဘူးလား မဆိုနိုင်ဘူး ။
အဲဒီ ပြဇာတ်တွေ စင် တင်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး တချို့က အမျိုးသားဇာတ်ရုံ မရှိလို့ စင် မတင်ရဘူး ပြောကြ တယ် ။ စင်တွေ အများကြီး ရှိပါတယ် ဗျာ ၊ ဇာတ်ရုံ တွေ လည်း ရှိသားပဲ ဗျ ။ အဲဒီ ဇာတ်ရုံ တွေ မှာ လိုက် တင် ပေါ့ ။ အရင်တုန်း က ဂျူဗလီဟော ရှိတယ် ။ အဲဒီမှာ အပြင် က လူတွေ အနေနဲ့ ဘယ်သူ က ပြဇာတ် တွေ စင်တင်ပြီး ကခဲ့ကြဖူး လို့ လဲ ၊ ခု လည်း လဟာပြင်ဇာတ်ခုံ ရှိသားပဲဗျ ။ တကယ် ပြဇာတ် စင် တင် ချင်ရင် ဆိုင်ရာ နဲ့ ညှိပြီး တင်ရင် ရမယ် ထင်ပါတယ် ”
“ ရုပ်ရှင်ဝေဖန်ရေး ဆက် လိုက်ကြဦးစို့ ဆရာ ။ အဲဒီ ရုပ်ရှင် ဝေဖန်ရေး ကို ဆရာ ဘယ်အချိန် က စ ရေး ခဲ့ တာလဲ ”
“ ကျွန်တော် ၁၉၅၂ - ၅၃ လောက် က ရုပ်ရှင်လောက မဂ္ဂဇင်း က စပြီး ရေးခဲ့ပါတယ် ။ တကယ်တော့ ပြဇာတ် ဝေဖန်ရေး က စပြီး ရေး ခဲ့တာပါ ။ ဒဂုန်ဆရာတင် တို့ ၊ ဗိုလ်ကလေးတင့်အောင် တို့ ပြဇာတ် တွေ ဝင်းဝင်းရုံ မှာ က တုန်း က အိုးဝေသတင်းစာ က နေပြီး ရေးခဲ့ပါတယ် ။ နောက် ရုပ်ရှင် ဝေဖန်ရေး ကို ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း ၊ ဗမာ့ခေတ် သတင်းစာ ၊ နောက်တော့ ကြေးမုံဂျာနယ် ၊ နောက် ကြေးမုံသတင်းစာ တို့ မှာ ဆက် ရေးပါတယ် ”
“ ဆရာ ဝေဖန်ရေး ရေး တာ ပြတ် သွားသေးတယ် နော် ”
“ ပြတ်သွားပါတယ် ။ ၁၉၆၂ - ၆၃ မှာ ရုပ်ရှင်ဆင်ဆာလူကြီး နဲ့ အကယ်ဒမီ ဆုပေးရေးအဖွဲ့ ထဲ မှာ အဖွဲ့ဝင် ဖြစ်လာတော့ ဆင်ဆာ လည်း လုပ် ၊ ဝေဖန်ရေး လည်း လုပ်တယ် ဆိုတော့ မနိပ်သေးပါဘူး ဆိုပြီး ရပ် ပစ် လိုက် တယ် ။ ဒီဘက် ခေတ် ရောက်တော့ မှ ကိုလှအောင်လေး ( အထောက်တော်လှအောင် ) က သောင်းပြောင်း ထွေလာ မဂ္ဂဇင်း ကို သူ ကိုင်မယ် ၊ ရုပ်ရှင်ဝေဖန်ရေး လစဉ် ပင်တိုင် ရေးပေးပါ လို့ ခိုင်း လို့ ပြန် ရေးတာပါ ”
“ ဘယ် ဝေဖန်ရေး မှာ ပဲ ဖြစ်ဖြစ် ဝေဖန်ရေးသမား တစ်ယောက် အနေ နဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်ပါ သလဲ ”
“ ဝေဖန်ရေး ဆိုတာ ကြား ထဲ က ပွဲစား လုပ်တဲ့ သဘောပါပဲ ။ သမာဓိ ပွဲစား ပေါ့ဗျာ ။ ဘယ်ဘက် က မှ တစ်ပြား မှ မရတဲ့ အခမဲ့ ပွဲစားပါ ။ စာပေ ဝေဖန်ရေးသမား ဖြစ်ဖြစ် ၊ ရုပ်ရှင် ဝေဖန်ရေးသမား ဖြစ်ဖြစ် ၊ စာ ဖတ်တဲ့ လူ ၊ ရုပ်ရှင် ကြည့်တဲ့ လူ တွေ သူတို့ လုပ်ရမယ့် အလုပ် တစ်ခု ကို မလုပ်ဘဲ ထားကြလို့ ကြား ထဲ က ဝင်ပြီး လုပ် ပေးရတဲ့ သဘောပါ ။ ဥပမာ ဗျာ ၊ ရုပ်ရှင် ကြည့်တဲ့ လူတွေ က ရုပ်ရှင်ကား တစ်ကား ကို ကြည့်ပြီး သူတို့ ကြိုက်ရင် “ ကောင်းသားပဲ ” ၊ မကြိုက်ရင် “ မကောင်းဘူး ” ၊ ဒါပဲ ပြော တတ်ကြတယ် ။ ကောင်းရင် ဘာဖြစ်လို့ ကောင်း တယ် ။ မကောင်းရင် ဘာဖြစ်လို့ မကောင်းဘူး ဆိုတာ သူ က ဆက် မတွေးဘူး ။ ဘာဖြစ်လို့ မကောင်းတာလဲ ဗျာ လို့ မေးရင်း သူ မပြောတတ် တော့ဘူး ။ ကောင်း ရင် လည်း ဘာဖြစ် လို့ ကောင်းတာလဲ လို့ မေးရင် သူ မဖြေ တတ် တော့ဘူး ။
အဲဒီလို ပြောတတ် ၊ ဖြေတတ် အောင် ကျွန်တော် တို့ က ကြား က ဝင်ပြီး လုပ်ပေးရတာပါ ။ ကိုယ် က တတ်လွန်း ၊ တော်လွန်း လို့ ရေးတာ မဟုတ်ပါဘူး ။ ကိုယ် က သူများ ထက် ဂရုစိုက်ပြီး ကြည့်တယ် ။ အာရုံ ထားပြီး ကြည့်တယ် ။ ကြည့် တော့ မြင်တာပေါ့ဗျာ ။ အဲဒီ ကိုယ့် အမြင်ကလေးတွေ ကို ရေး ပြတာပါ ။ ဘယ်လို ခံယူချက် မျိုး ထားရမလဲ လို့ ကိုဝင်းငြိမ်း က မေးတော့ စေတနာ ခံယူချက် ထားရမယ်လို့ ပဲ ဖြေပါရစေ ”
“ ဆရာ ဝေဖန်ရေး ရေး နေတဲ့ သက်တမ်း တစ်လျှောက် မှာ ဆရာ ဝေဖန်ရေးကလောင် ကျိုး လောက်အောင် တိုက်ခိုက်မှု မျိုး ကြုံတွေ့ရဖူးပါသလား ”
“ အရင်တုန်း ကတော့ ကလောင် ကျိုး လောက် အောင် တိုက်ခိုက်တာမျိုး မဟုတ်ဘူးဗျို့ ၊ လူ ကျိုးပဲ့သွား လောက် အောင် လူ ကို ရိုက်တာတွေ ၊ ရိုက်မယ် လုပ်တာတွေ ရှိခဲ့တယ် ။ ဟိုတုန်း က ကျွန်တော် နဲ့ အတူ ရုပ်ရှင် ဝေဖန်ရေး ရေး နေတဲ့ စံရှား ( ရုပ်ရှင်မျက်မှန် ဦးအောင်သိန်း ) တို့ ၊ ရှင်လုံး ( သမာဓိသတင်းစာ ဦးညီညီ ) တို့ ကိုယ်ထိ လက်ရောက် အဆော် ခံရတယ် ။ ကျွန်တော့် ကို လည်း ဒါရိုက်တာ တစ်ယောက် က ရိုက် မလို့ ကြေးမုံ ကို လာပြီး ချဲ ဖူးတယ် ။ ခင်ဗျား က ဘယ်လောက် တတ် လို့ ကျုပ် ကား ကို ဝေဖန် ရသလဲပေါ့ ။ သူ့ နောက် က လည်း လူမိုက်တွေ ပါ လာတယ် ။ ကံကောင်း လို့ ပေါ့ဗျာ ။ ဆရာ ဦးဟိန်းစွန်း က အဲဒီ ဒါရိုက်တာ ကို သိ လို့ ဝင် ပြောပေးလို့ သက်သာ ရာ ရ သွားတယ် ။
အဲဒီ အချိန်တုန်း က ပါပဲ ။ နောက် တစ်ခါ ကျွန်တော် သီသီကလေး လွတ် သွားတာ က ဒါရိုက်တာ တစ်ယောက် က ထမင်းစား ဖိတ်ပြီး ရိုက်မယ် လုပ်တာ ၊ အဲဒါ သူတို့ အစီအစဉ် ကို သတင်းထောက် တစ်ယောက် က ကြို သိလို့ အဲဒီ ထမင်းစားပွဲ ကို မတတ်ဘဲ နေ လိုက်တယ် ။ နောက်တော့ အဲဒီ ဒါရိုက်တာ နှစ်ယောက် နဲ့ လည်း ခင် သွား ကြပါတယ် ။ ခု အဲဒီ ရိုက်မယ့် ပုတ်မယ့် အကြောင်းတွေ ပြော ရင် သူတို့ အင်မတန် ရှက် ကြပါတယ် ။ ဗျာ ... ဒီ အကြောင်းတွေ ပြန် ပြောမနေစမ်းပါနဲ့ လို့ ဆိုကြတယ် ”
“ ခု နောက်ပိုင်း ရုပ်ရှင် ဝေဖန်ရေး ပြန် ရေးတော့ကော ”
“ ဒီ ကနေ့ ပြန် ရေးတော့ ဒါမျိုးတွေ မရှိတော့ပါဘူး ။ ရုပ်ရှင် ပညာရှင် တွေ နဲ့ လည်း ကျွန်တော် အခင်အမင် မပျက်ပါဘူး ။ ဒါပေမဲ့ ရုပ်ရှင် ဆရာတွေ က ပရက်စ်ရှိုး တို့ ၊ အထူးပွဲ တို့ ပြရင် ကျွန်တော့် ကို မဖိတ်ကြပါဘူး ။ အခု သောင်းပြောင်း မှာ ရုပ်ရှင် ဝေဖန်ရေး ရေး ရတာ ကိုယ့် ပိုက်ဆံ ကိုယ် ပေး ကြည့်ပြီး ရေးရတာပါ ။ ဒါကြောင့် တချို့ကား တွေ တော်တော် နောက်ကျ မှ ဝေဖန်ရေး ပါတယ် ။ ဒါလည်း ခပ်ကောင်းကောင်း ပါဗျာ ။ ကြို ကြည့် ရလို့ ကြို ရေး ထားရင် ၊ ဒါမှမဟုတ်လို့ ကား ထွက် တာ နဲ့ တစ်ပြိုင်တည်း လိုလို မဂ္ဂဇင်း ထဲမှာ ဝေဖန်ရေး ပါ သွား ရင် ၊ ကောင်းတယ် လို့ ရေးရတဲ့ ကားမျိုး ဆိုရင် တော်ပါရဲ့ ၊ မကောင်းဘူး လို့ ရေးရတဲ့ ကား ကျတော့ သိပ်ပြီး နစ်နာသွားမလား ဆိုပြီး ဆင်ခြင် ရသေးတယ်ဗျ ။
တကယ်တော့ ကျွန်တော် တို့ ရေးတာတွေ ကို ရုပ်ရှင်ကြည့် ပရိသတ် က သာ ဖတ် ကြတာပါ ။ ရုပ်ရှင် ဆရာ တွေ က တော့ ဖတ်ကြပုံ မရပါဘူး ။ ဖတ် လည်း ကောင်းတယ် လို့ ရေးတာ ကျ မှ ဖတ်ကြတယ် ထင်ပါရဲ့ ။ မကောင်းဘူး လို့ ရေး မိရင် လည်း သူတို့ က သိ ကြသဗျ ။ သူပြော ကိုယ်ပြော နဲ့ သိကြတယ် ထင်ပါရဲ့ ။ စိတ် ဆိုး တဲ့ လူ က လည်း စိတ်ဆိုး ၊ စိတ် မကောင်း တဲ့ လူ က လည်း စိတ်မကောင်း ပေါ့ဗျာ ။ သူတို့ မှာ ဘယ်သို့ ဘယ်ညာ အခက်အခဲ တွေ ရှိ ပါတယ် ပေါ့ ။ ဒါတွေကြောင့် စိတ် ထင်တိုင်း ဇာတ်ကားတွေ ရိုက် လို့ မရဘူးလို့ ဆိုကြတယ် ။ ကျွန်တော် တို့ က လည်း ပိတ်ကား ပေါ် အမြင်သာ ရေး ရတာကိုး ဗျ ။ သူတို့ အခက်အခဲတွေ ကို ကျွန်တော် တို့ ဘယ် သိနိုင်ပါ့မလဲ ။ သိ လည်း ကျွန်တော် တို့ နဲ့ မဆိုင်ဘူး ထင်ပါတယ် ဗျာ ။
တစ်ခါက လူငယ် ရုပ်ရှင် ဒါရိုက်တာ တစ်ယောက် နဲ့ အသံလွှင့်ရုံ က တီဗွီဌာန မှာ တွေ့တယ် ။ သူ က ကျွန်တော့် ကို ဘယ်သူဘယ်ဝါ မှန်း မသိပါဘူး ။ သူ နဲ့ ကျွန်တော် အတူ စကား ပြော နေတဲ့ မိတ်ဆွေ နဲ့ ရုပ်ရှင် ဝေဖန်ရေး အကြောင်း ရောက် သွားတော့ အဲဒီ လူငယ် က သောင်းပြောင်း က ဟိုလူကြီး က လည်း ရေးချင် တာ တွေ ရေး ၊ ကျွန်တော် တို့ က လည်း ရိုက်ချင် တာ တွေ ရိုက် တာပဲ လို့ ပြော သွားတယ်ဗျ ။
ဟိုတစ်လော က ကိုလှအောင်လေး နဲ့ သောင်းပြောင်း လုပ် နေတုန်း က တော့ သုံးလ လောက် ဝေဖန်ရေး မရေး ဘဲ ရပ် ထားရတယ် ။ ဒါက လည်း မခံချင်တဲ့ လူ တစ်ဦး တစ်ယောက် က တိုင်လို့ တောလို့ ထင်ပါရဲ့ ။ ကြား ကလည်း အယူအဆ လွဲ ပြီး အရပ် ခိုင်းတာပါ ။ နောက်တော့ ကြား က ဝင် တားတဲ့ ပုဂ္ဂိုလ် က သူ့ အယူအဆ လွဲ လို့ မှားသွားပါ ဆိုပြီး ပြန် ဖွင့် ပေးလိုက်တယ် ”
“ တချို့ အနုပညာသည်တွေ အဝေဖန် မခံနိုင်ကြပါဘူး ။ ဘာကြောင့်ပါလဲ ”
“ ဒါကတော့ လူ့ သဘော ၊ လူ့ မနော ပဲဗျာ ။ အနုပညာရှင် ဆိုတာမျိုး က လည်း အနုပညာရှင် ဆိုတဲ့ အတိုင်း စိတ် က နု ကြတယ် ။ စိတ်နု ကိုယ်နု သမားတွေ ဆိုတော့ အရမ်း ဝေဖန်ရေးမျိုး ဘယ်မှာ ခံ ချင်ကြမလဲ ။ ဒီတော့ ကျွန်တော် တို့ က လည်း စေတနာ ကို ရှေ့တန်း တင်ပြီး ဆင်ဆင်ခြင်ခြင် လှလှပပ ရေး ရင် သူတို့ ခံသာကြ မှာပေါ့ ။
တကယ်တော့ ကျွန်တော် တို့ မြန်မာ ရုပ်ရှင် အနုပညာရှင် တွေ ၊ အထူးသဖြင့် သရုပ်ဆောင် ပညာရှင် တွေ ဟာ ဘယ် ကျောင်း ၊ ဘယ် သင်တန်း ကမှ ဟုတ်တိပတ်တိ တတ်ကျွမ်းပြီး အလုပ် လုပ် နေကြတာ မဟုတ်ပါဘူး ။ မြင်ဆရာ ၊ ကြားဆရာ နဲ့ ကျွန်တော် တို့ ရိုးရာ ဇာတ်သဘင်တွေ က ပညာအမွေ ရပြီး အနုပညာရှင် တွေ ရယ် လို့ ဖြစ် နေကြတာပါ ။ ကျွန်တော်တို့ အနေ နဲ့ လည်း ဘယ်တော့မှ သူတို့ ပညာ ကို ချိုးနှိမ် မရေးပါဘူး ။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းတယ် ၊ မကောင်းဘူး ၊ ဇာတ်လမ်း အရ ... ဒါရိုက်တာ သင်ကြားမှု အရ သူ သရုပ်ဆောင် သွားတာပဲ လို့ သာ ရေး တာပါ ”
“ ဝေဖန်တဲ့သူ တစ်ယောက် ဟာ သူ ဝေဖန်တဲ့ အနုပညာမျိုး ဖန်တီးနိုင်စွမ်း သူ့ မှာ ရှိဖို့ လိုအပ်ပါသလား ၊ ဥပမာ ဆရာ့ အနေ နဲ့ ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ အခွင့်အရေး ရ လာရင် အကောင်းဆုံး ဖြစ်အောင် ရိုက်နိုင် ပါ့မလား ”
“ အမယ်လေး ... မလုပ်ပါနဲ့ ဗျာ ။ ကျွန်တော့် ကို ချောက် မတွန်းပါနဲ့ ၊ ဘယ် ရိုက် တတ်ပါ့မလဲ ။ ကျွန်တော် က ရုပ်ရှင် ဝေဖန်ရေးသမား သက်သက် ပဲ ဥစ္စာ ။ ဒါရိုက်တာ မှ မဟုတ်ဘဲ ။ ကျွန်တော့် ကို လည်း ဘယ် ငွေရှင်ကြေး ရှင် က မှ ငွေ ပုံ ပေးပြီး ရုပ်ရှင် အရိုက် ခိုင်း မှာ မဟုတ်ပါဘူး ၊ အရိုက် ခိုင်းရင် လည်း ဒီ လူ ကွဲ မှာပဲ ၊ သေချာတယ် ။ ကျွန်တော်တို့ က စာ ရေးတဲ့ အတတ် သာ ဖန်တီး နိုင်တာ ။
ဒါနဲ့ ပတ်သက်လို့ တစ်ခု ပြောချင်တယ် ဗျာ ။ ကျွန်တော် ပါးစပ် နဲ့ တော့ ကားထုပ် တစ်ထုပ် ရိုက် ဖူးတယ် ။ ပြော ရရင် တော့ သူများ ကားထုပ် ကို တစ်ထုပ် လုံး ပါးစပ် နဲ့ ပြင် ရိုက်တာ ကို ပြောတာပါ ။ နာမည် တွေ တော့ မပြော ပါရစေနဲ့ ဗျာ ။ ဒီဘက် ခေတ် မှာပါပဲ ။ ခုထိ ဒီ လူတွေ လည်း ရှိကြပါ သေးတယ် ။
ဒီလိုပါ ... အညာ က ကျွန်တော့် လူခင် မိတ်ဆွေ ရုပ်ရှင် ကန်ထရိုက်တွေ က ဇာတ်ကား တစ်ကား ကျွန်တော့် ကို ကြည့် ခိုင်းတယ် ။ ရုံ မတင်ရသေးဘူး ပေါ့ ဗျာ ။ သူ တို့ ဆွဲမယ့် ဇာတ်ကား ပေါ့ ။ ကား က စုံထောက် ကား ပဲ ။ ကြည့် တော့ တော်တော် ရှော် တယ်ဗျ ။ ရှင်းရှင်းလင်းလင်း လည်း မရှိဘူး ။ စုံထောက် ဇာတ်ကား ဆိုတာ မျိုး က အစ က ခပ်ရှုပ်ရှုပ် ပြ ပြီးတော့ မှ ပြန် ဖြေရမှာ ။ ဒီတော့မှ ဇာတ်လမ်း က ရှင်းသွားမှာ ကိုး ဗျ ။ သူ့ ဟာ က ဇာတ်ကား သာ ပြီးသွား ရော မရှင်းဘူးဗျ ။
အဲဒီ ကား ကို ကျွန်တော် က ဟို အပိုင်း ဖြတ် ၊ သည် အပိုင်း နဲ့ ဆက် ၊ ဟို အကွက် ကို လုံးလုံး ဖြုတ် ၊ ဒီ အခန်း ကို ဘယ်လို ပြန် ရိုက်မယ် ဆိုပြီး တော်တော်များများ ပြင် ပစ် လိုက်တယ် ။ ဒါလည်း ကျွန်တော် ပြောရင် လုပ်မှာ လား ။ လုပ်ပါ့မယ် ဆိုလို့ ပြော ရတာပါ ။ ဒီလို ထရွိုင်းရွိုင်း ( Trial show ) တွေ ခေါ်ခေါ် ပြပြီး အကြံပေး ပါ ဆိုလို့ အကြံပေး ရင် မလုပ်ကြတာ က များပါတယ် ။ အခု ကား က တော့ မိတ်ဆွေ ကန်ထရိုက်တွေ က ကုမ္ပဏီပိုင်ရှင် နဲ့ ဒါရိုက်တာ ကို နိုင် နေလို့ ၊ အလုပ် ခိုင်း လို့ ကျွန်တော် ပြောတာတွေ အကုန် လုပ် ပါတယ် ။ ဒါနဲ့ ကား ပြီး လို့ ရုံတင် ပြတော့ ကား က လူကြိုက် များ သွားတယ် ။ ပိုက်ဆံ ရ လိုက်တယ် ဆိုပါတော့ဗျာ ။
အဲဒါ ကျွန်တော် ပါးစပ် နဲ့ ရိုက် ပစ်လိုက်တာပေါ့ ။ မိတ်ဆွေ ကန်ထရိုက်တွေ က ကျေးဇူး တင်ပြီး ကျေးဇူး တင် စကား ပြောကြပါတယ် ။ ကျွန်တော် က တော့ ပြော လိုက်ပါတယ် ။ ခင်ဗျားတို့ ကား က ကျွန်တော် ပြင် လည်း ခပ်ရှုပ်ရှုပ် မို့ ကြည့်တဲ့ ပရိသတ် က မရှင်း လို့ နှစ်ခါ ၊ နှစ်ခါ ပြန် ကြည့်လို့ ပိုက်ဆံ ရတာ ထင်ပါရဲ့ဗျာ ” လို့ ။
နောက် တစ်ခု ကျွန်တော် ပြောချင်တာ က ကျွန်တော် ရုပ်ရှင်ဝတ္ထု နဲ့ ဇာတ်ညွှန်း ရေးဖူးတဲ့ အကြောင်း ပါ ။ ဝတ္ထု နဲ့ ဇာတ်ညွှန်း က တော့ ဖိုးမြတ် ( မြတ်လေး ) ရိုက်တဲ့ “ ရွှေလက် ဖြင့် ခေါ်လည်း မလာ ” ဇာတ်ကား ပါပဲ ။ ဝတ္ထုခ ရော ၊ ဇာတ်ညွှန်းခ ပါ သူများ မရဖူးတဲ့ ကြေးမျိုး ဖိုးမြတ် က ပေးပါတယ် ။ တော်တော် များ ပါတယ် ။ ဒါပေမဲ့ သူ က ကျွန်တော့် ဇာတ်ညွှန်း ကို ရိုက် မရတဲ့ ဇာတ်ညွှန်း မို့ ထင်ပါရဲ့ဗျာ ။ မရိုက်ဘဲ နဲ့ သူ့ ဘာသာ ဇာတ်ညွှန်း ခွဲပြီး ရိုက် တယ်ဗျ ။ ထွက် လာတော့ ခင်ဗျား တို့ တော့ ကြိုက်သလား မသိဘူး ။ ကျွန်တော် တော့ မကြိုက် ဘူးဗျ ။
နောက် တစ်ကား က တော့ “ အမွန် က တစ်ဖက် ၊ သူတို့ က တစ်ဖက် ” ဆိုတဲ့ ညွန့်မြန်မာ က ဇာတ်ကား ပါ ပဲ ။ ဒီ ကား ကတော့ ဝတ္ထု သက်သက် ပါ ။ ဇာတ်ညွှန်း မရေးပါဘူး ။ ဒီ ကား ကို လည်း ဗျာ နိုင်ငံခြား က Blue ဆန်ဆန် ရိုက် လိုက် လို့ ကျွန်တော် အဲဒီ Blue ဇာတ်ကား ကို ခိုး မချရ တဲ့ အကြောင်း မနည်း ဖြေရှင်း ယူရတယ် ။ တကယ်ပါ ဗျာ ။ ကျွန်တော့် စိတ်ကူး နဲ့ ကျွန်တော် ရေးတာပါ ။ ဇာတ်လမ်း က သိပ် မတူလှပါဘူး ။ ရိုက်ကွင်း ၊ ရိုက်ကွင်း တွေ ကို ဒါရိုက်တာ ဆရာတွေ က အဲဒီ Blue လို ရိုက်ကြတာ ကိုး ခင်ဗျ ။
အဲ ... ရုပ်ရှင် ရိုက်တာ နဲ့ ပတ်သက်ပြီး နီးနီးစပ်စပ် က တော့ ဒါတွေပါ ပဲ ဗျာ ။ အောင်မြင်တယ် မဆိုနိုင်ပါဘူး ။ ဒါရိုက်တာ ဆရာများ က သူ တို့ ကြိုက် သလို လုပ် ကြတာကိုး ။ ကိုယ် တတ် နိုင်တာ မှတ်လို့ ။ ကိုယ် က ဒါရိုက်တာ မှ မဟုတ်တာ ။ မဟုတ်ဘူးလားဗျာ ။
တစ်ခု တော့ ရှိတယ်ဗျ ။ ဝေဖန်ရေးသမား တစ်ယောက် အနေ နဲ့ တော့ ဟိုစပ်စပ် ၊ သည်စပ်စပ်ကလေး တော့ ရှိ ရမယ် ထင်တယ်ဗျာ ။ Jack of all trade ပေါ့ဗျာ ။ ဘယ်ဟာ ကို မှ ကိုယ် က ဆရာကြီး လုပ်နိုင်တာ တော့ မဟုတ်ဘူး ။ ကျွန်တော် က သတင်းစာသမား ဆိုတော့ အဲဒီ ဟိုစပ်စပ် ၊ သည်စပ်စပ် အရည်အချင်းကလေး တော့ ရှိတယ် ထင်ပါရဲ့ဗျာ ”
“ ကျေးဇူးပါပဲ ဆရာ ”
“ နေဦးလေ ... ကိုဝင်းငြိမ်း ရဲ့ ။ ကျန်သေးတယ် လေ ။ ခင်ဗျားတို့ ဓာတ်ပုံဆရာ က ကျွန်တော့် ကို စောင်းတီး ခိုင်း ပြီး ဓာတ်ပုံ ရိုက် တော့ ဒီ ဓာတ်ပုံ မဂ္ဂဇင်း ထဲ မှာ ထည့်မယ် မဟုတ်လား ။ တော်တော်ကြာ ဒီ ပုံကြီးများ ပါသွား လို့ စောင်း ကို အဟုတ် တီးတတ်တယ် ထင် နေကြပါဦးမယ် ။ ဒီတော့ ဘယ်လောက် တီးတတ်သလဲ မေးပါဦးဗျာ ”
“ ပြောပါ ဆရာ ”
“ သိပ် မတီးတတ်ပါဘူးဗျာ ။ ချောက်ချီးချောက်ချက် ပါ ။ ဟိုစပ်စပ် ၊ သည်စပ်စပ်ပေါ့ဗျာ ။ စောင်း မှာ က လေးမျိုး လေးသံ တီး တတ်ရတယ် ။ ကျွန်တော် က ခုမှ ပုလဲ သံမှန်လေး ငါးပုဒ် လောက် ပဲ ရပါတယ် ။ သံရိုး က နှစ်ပုဒ် တောင် မပြည့်သေးဘူး ။ အောက်ပြန် ကျတော့ တစ်ပုဒ် မှ မတီးတတ်သေးဘူး ။ ကျွန်တော့် ကို စောင်း သင်ပေး တဲ့ ဆရာ က ဆရာစောင်းသိန်းဖေ ပါ ။ ကျွန်တော့် ကို သင်ပေး နေရင်း ကျွန်တော် က ဉာဏ်ထိုင်း လို့ စိတ်ပျက် တယ် ထင်ပါရဲ့ဗျာ ။ သမီး ကို အစား သင်ပေး နေတယ် ။ သမီး က ပုလဲ မှာ ကျွန်တော့် ထက် တီးတတ် နေတယ် ”
“ ဆရာ စောင်းသိန်းဖေ ဆိုတဲ့ “ ငွေညှို့ပင် ” သီချင်း ကို ဆရာ ရေးတာ ဆို ”
“ ဘာလဲ ... ခင်ဗျား က မယုံလို့လား ။ ဘုရားစူးရစေရဲ့ ။ ကျွန်တော် ရေး တာပါ ။ စာသား ရော အသံ ပါ ကျွန်တော် စပ် တာပါ ။ မယုံရင် ဆရာကိုသိန်းဖေ ကို မေး ကြည့်လေ ။ သူ က ဒီ သီချင်း ကို စောင်း နဲ့ ဆိုတီး ပေးလို့ ရေဒီယို မှာ ဓာတ်ပြား ရတယ် ။ နောက်ထပ် နှစ်ပုဒ် ရှိသေးတယ် ဗျ ။ ကျွန်တော် မပြောတော့ပါ ဘူး ။ ခင်ဗျာ သိချင် ရင် သွား မေးဗျာ ။ အဲ ... တစ်ပုဒ် က တော့ ဓာတ်ပြား မခုတ်ရသေး လို့ ခုထိ အသံ မလွှင့် သေးဘူး ။ ကြာ လှပြီ ဗျာ ။ ကျွန်တော် လည်း ဒီ သီချင်း ဘယ်တော့ ပြန် လာ မလဲလို့ လက်ဖက်ရည်ဆိုင် မှာ သွား သွား ထိုင်ရတာ ၊ ပိုက်ဆံ ကုန်လှပြီ ဗျာ ။ ကြွားတယ်လို့ လည်း မထင်နဲ့ဗျ ။ ရေဒီယို တို့ ၊ ကက်ဆက် တို့ ၊ တယ်လီဗီရှင်း တို့ မရှိတော့ ရေဒီယို ဖွင့် တဲ့ လက်ဖက်ရည်ဆိုင် ကို သွား ထိုင်ပြီး မျှော်ရတာကိုးဗျ ”
“ ကျွန်တော် မေးစရာ တော့ ကုန်ပါပြီ ။ ဆရာ ဖြည့်ချင်တာများ ရှိရင် ... ”
“ ထွေထွေထူးထူး မရှိပါဘူးဗျာ ။ စာတည်းချုပ် ဦးမြလှိုင် ကို တော့ ပြော လိုက်ပါ ။ ကျွန်တော့် ထက် ချော လည်း ချောတယ် ။ လှ လည်း လှတယ် ၊ နာမည်ကြီး စာရေးဆရာ ကြီးငယ် ၊ စာရေးဆရာမတွေ တစ်ပုံကြီး ရှိသေးတဲ့ ဥစ္စာ ၊ ကျွန်တော့် ကို ပုံ နဲ့ ဘာ နဲ့ ပေဖူးလွှာမှာ ထည့် တော့ မဂ္ဂဇင်း “ သန ” သွားလို့ အားနာ ပါတယ် လို့ ပြော လိုက်စမ်းပါဗျာ ”
“ ကျေးဇူးပါပဲ ဆရာ ။ ကျွန်တော် ပြောလိုက်ပါ့မယ် ။ ဆရာ ရေး တဲ့ ပြဇာတ်ကလေးများ လိုချင်တဲ့ သူ ရှိရင် ဆက်သွယ် နိုင်အောင်လို့ ဆရာ့ လိပ်စာ တော့ မစပါဦး ”
“ အမှတ် ( ၁ ) စံပယ်ခြံ ၃ လမ်း ၊ လှည်းတန်း ၊ ကမာရွတ် မြို့နယ် ဆိုရင် ရပါတယ်ဗျာ ”
“ ကျေးဇူးကမ္ဘာပါ ဆရာ ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် ၂၂
မတ်လ ၊ ၁၉၈၃ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment