Wednesday, May 15, 2024

ဗာဒံရိပ်


 

❝ ဗာဒံရိပ် ❞

“ ဟေ့ကောင် ... သွားလေကွာ ၊ ရေ သွား ယူချေ ”

“ ဘယ်မှာလဲကွ ၊ ရေ ”

“ ဟိုမှာလေကွာ ၊ ဟိုနား က ဘုံပိုင် မှာ ၊ သတိထား နော် ။ ငါတို့ ကို အဲဒီ လူကြီး က မှတ်မိတယ်ကွ ၊ ဒါကြောင့် မင်း ကို ယူခိုင်းတာ ”

“ ပေးဦးလေ ၊ ရေထည့်ဖို့ ”

“ ရော့ရော့ ၊ ဒီ ကြွပ်ကြွပ်မြည် တဲ့ အိတ် ပဲ ယူသွား ၊ သေချာ ယူခဲ့နော် ”

“ အေးပါဟ ”

“ ဟ ... မြန်မြန် သွားတာ မဟုတ်ဘူး ။ မင်းတို့ နှစ်ယောက် က စကား ကို များတယ် ”

“ အေးလေ ၊ ဒါနဲ့ပဲ ငါတို့ ရေကန်လေး ရေ မပြည့်တော့ဘူး ”

“ ဟာ ... ခုမှ သတိရတယ် ။ အောက် က ခင်းဖို့ အရွက် သွား ခူးလေဟာ ၊ မိန်းကလေးတွေ ခူးပေါ့ ၊ ရေ က ယောက်ျားလေး တွေ ခပ်တာပဲဟာ ”

“ အေးအေး လာကြဟေ့ ၊ တို့ သွား ခူးရအောင် ၊ ပန်းလေးတွေ ပါ ခူးခဲ့ မယ် ။ ဒါမှ ငါ တို့ ပန်းခြံလေး ပို လှမှာပေါ့ ”

“ ဟာ သိပ် စကားများတာပဲ ၊ လာလာ သွားမယ် ”

တောင်သူလယ်သမားနေ့ ရောက် တော့မည် ။

အလယ်တန်း နှင့် မူလတန်းကလေး တချို့ စာမေးပွဲ ဖြေပြီးကြပြီ ။ ထို့ကြောင့် ငြိမ်းတို့ အိမ် ရှေ့ မြေကွက်လပ် တွင် လာရောက် ကစား နေကြသည် ။

သည် နွေ တွင် ငြိမ်းတို့ အိမ် မီးဖိုချောင် ပြင်သည် ။ လိုအပ်သော သဲများ ကို အိမ် ရှေ့တွင် ပုံ ထား၏ ။ ထို့ကြောင့် သဲပုံကြီး ရှိသော ဗာဒံပင်ကြီး ရှိသော ငြိမ်းတို့ အိမ်ရှေ့ မြေကွက်လပ် ကို ကလေးများ က သဘောကျ ကြသည် ။ မနက် မိုး လင်း သည် နှင့် သဲပုံ ရှိရာ သို့ ကလေး တစ်သိုက် ရောက် လာကြသည် ။ သူတို့ အားလုံး ညစ်ပတ်ပေတူး ကာ ဝမ်း ဟာ လာ မှ သို့မဟုတ် အိမ် က လူကြီးများ အတင်း လာ ခေါ်မှ ပြန်ကြသည် ။ အကြီးအကျယ် အနှောင့်အယှက် မဖြစ်၍ ငြိမ်း တို့ က ကလေးများ ကို မအော် မငေါက် ။

နောက် တစ်ကြောင်း က လည်း ကလေးအုပ် ထဲ တွင် ငြိမ်း ၏ မောင်လေး အငယ်ဆုံး ၊ အထွေးဆုံး ညီထွေး လည်း ပါနေသည် ။ ညီထွေး ကိုယ်တိုင် က သံပုံ ပေါ် တက် ဆော့ မှ တော့ သူ့ အပေါင်းအသင်းများ လည်း အငြိမ် မနေတော့ ။

“ သားငယ် ညီထွေး ၊ ကောင်းကောင်း ကစားနော် ၊ မငြင်းနဲ့ ၊ ရန်မဖြစ် နဲ့ ။ ကိုယ် က အလျှော့ပေး ကြားလား ညီထွေး ”

“ ဟုတ်ကဲ့ပါ ၊ မေမေ က လည်း .. ”

မေမေ ဈေး မှ ပြန် လာပြီ ။ အငြင်းသန် ရန်ဖြစ်သန် သော ညီထွေး ကို မေမေ စိတ်မချ ။ ညီထွေး က တော့ သူငယ်ချင်းတွေ ရှေ့ မှာ ဆုံးမ လိုက် ၍ သိပ် ကျေနပ်ပုံ မပေါ် ။ “ ဟုတ်ကဲ့ ” နောက် မှာ “ ပါ ” တစ်လုံး က ကပ်ပါ လာ သည် ။ သိပြီး သား ၊ နားလည်ပြီး သား ကို ထပ် ပြော သဖြင့် စိတ် မရှည် သလို “ မေမေ က လည်း ... ” ဟု မကျေမချမ်း ပြန် ပြောသည် ။ အငယ်ဆုံး မို့ ညှာ သည် ကို သိပ် အခွင့်ကောင်း ယူ တဲ့ ကောင် ။

“ မေမေ သရက်သီး ပါလား ”

“ အေး .. ဒါပေမဲ့ သရက်သီး က ပေါ်ခါ စ မို့ ရှား လိုက်တာ ၊ နည်းနည်းပဲ ဝယ်ခဲ့တော့တယ် ”

“ အင်း ငြိမ်း က သရက်သီးပေါက် စားမလို့ ”

“ ဒီအချိန် ဆို သရက်ကင်း ပဲ ရ မှာပေါ့ ။ နောက်ပိုင်း ပေါ်လာ မှ စားချေ ”

နွေ ရောက် လျှင် အချဉ်သီး ကို ဦးဦးဖျားဖျား သတိရ မိသည် ။ “ စိုင် ” သရက်သီးများ ကို ငါးပိရည် ငံပြာရည် ဖျော်ကာ တို့ စား ချင်သည် ။ စိမ်းစား သရက်သီးများ ကို အခွံသင် ဓား နဲ့ ပေါက်ပြီး ဆား ၊ သကြား ၊ ငရုတ်သီး တို့ နှင့် ချိုချဉ်စပ် စိမ်စားချင်သည် ။ မချစ်စု ဝင်းရောင် ကို သည် အတိုင်း တစ်လုံး လုံး ကုန် အောင် စား ပစ်ချင်သည် ။ မန္တလေးရင်ကွဲ သနပ်ဖက် ၊ တံခူမြိတ် ၊ မနော်နွယ် ၊ ထိပ်ပေါက် တို့ လို မှည့် မှ ပိုစား ကောင်းသော သရက်သီးများ ကို အစေ့ ပါ စုပ် လိုက်ချင်သည် ။

“ အသီး မှာ သရက် ” ဟု ဆိုရိုး ပြုကြသည် ။ ငြိမ်း က တော့ သစ်သီး မှန် လျှင် ကြိုက်သည် ချည်း ။

သရက်သီး ရာသီ မို့ သရက်သီး ကို ပို၍ တောင့်တ မိသည် ။

အိမ်ရှေ့ ကွက်လပ်လေးတွင် ဗာဒံရွက် အချို့ ကို တွေ့ ရသည် ။ အိမ်ထောင့် ရှိ ဗာဒံပင် မှ ကြွေ ကျခြင်း ဖြစ်သည် ။ ဗာဒံပင် သည် ငြိမ်း တို့ သည် အိမ် ကို ရောက်စ က သိပ် မကြီးလှသေး ။

အိမ်ပေါ် ထပ် ဝရန်တာ လောက်ပင် မမြင့်သေး ။ သည် အိမ် ရောက်စ က ငြိမ်း သည် ဂါဝန်တိုလေး နှင့် ဆော့ ကောင်းတုန်း ။

ငြိမ်း တို့ လုပ်သော လက်သုပ်စုံ ၊ ချင်းသုပ် ၊ ခေါက်ဆွဲကြော် ၊ ဆီချက် ခေါက်ဆွဲ တို့ ကို ဗာဒံရွက် နှင့် ထုပ် ကြသည် ။ တစ်ဖန် ဗာဒံရွက် ကို သေးသေး လှီး ၍ အသုပ်စုံ ၊ အကြော်စုံ များ တွင် အမျိုးအမည် မဖော်ပြသော အရွက်လှလှ အနေ ဖြင့် ထည့်ရသည် ။ ဗာဒံရွက် သေးသေးလေးများ ကို ကွမ်းရွက် လုပ်ရ သည် ။ ပုရစ်ဖူး လို နု လွန်းသော ဗာဒံရွက်လေးများ ကို သေးသေး လှီး ကာ ကွမ်းယာ ထဲ တွင် ထည့် ရသည် ။ တစ်ခါတစ်ရံ ကံကောင်း ထောက်မ ၍ ကိုကိုကြီး ခူး ပေးသော ဗာဒံကိုင်းငယ်လေး သည် ရိုးတံရှည်ရှည်လေး ဖြစ်စေ လျှင် ထိပ်ဆုံး ပိုင်း ရှိ ဗာဒံရွက်များ ကို လှလှပပ ဖြစ်အောင် ပြုပြင် ပြီး ယင်ကောင် မောင်း သည့် ယပ် လုပ်ရသည် ။ ဗာဒံသီး ဝါညိုညိုများ ကို အဆန် ထုတ် ၍ စား ကြသည် ။

ဤမျှ အသုံးဝင် သော ဗာဒံလေး ကို မြန်မြန်ပင် ကြီးစေ ချင်သည် ၊ မြန်မြန် ကြီး မှ အိမ်ပေါ်ထပ် ဝရန်တာ ဆီ မှ ဗာဒံရွက်များ ကို လှမ်း ခူး၍ ရပေ မည် ။ ဗာဒံပင်လေး နိမ့် နေ သမျှ ကိုကိုကြီး ကို ခခယယ နှင့် တောင်းတောင်းပန်ပန် ပြော ကာ ခူး ခိုင်း နေရပေမည် ။ သူ စိတ် ပါ လျှင် ငြိမ်း တို့ အတွက် ကစားးစရာ မျိုးစုံ လုပ်ပေး တတ် သော်လည်း သူ စိတ်ရှုပ် နေလျှင် ဆူသည် ၊ အော်သည် ။ ခုတော့ ပျဉ်းမနား တွင် ဆရာဝန်ပေါက်စ အဖြစ် အလုပ် လုပ် နေပေပြီ ။

ဗာဒံပင်လေး သည် လည်း အိမ်ခေါင်မိုး ကို ပင် ကျော် သွား ပေပြီ ။ အိမ် ပေါ် ဝရန်တာ မှ လက်လှမ်း လိုက် လျှင် ဗာဒံကိုင်းရိုး ကို ထိ နေသည် ။ ငြိမ်း ကလေး မဟုတ်တော့ပါ ။ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်နေပါပြီ ။ ညီထွေး တို့ လို ဗာဒံရွက်များ နှင့် မကစား လိုတော့ပါ ။ သရက်သီး တော့ စားချင် ပါသည် ။

ဟိုယခင် က သည် ဗာဒံပင် နေရာ တွင် သရက်ပင် ရှိလျှင် ကောင်းမည် ဟု တွေးမိသည် ။ မဖြစ်နိုင်တာ ကို မှ ငြိမ်း တွေးသည် ။ ဟုတ်တယ်လေ ။ ဖြစ်နိုင်တာ ဆိုလျှင် ထ လုပ်လိုက်မည် ၊ ခုတော့ မဖြစ်နိုင်၍ တွေး ရုံ တွေးမိ သည် ။

“ အံမာ ... ဘာလို့ မဖြစ်ရမှာလဲ ၊ ပေး ငါလုပ်ပြမယ် ”

“ ကဲကဲ .. ဒီလောက် ဆရာ လုပ်ချင်တာ လုပ်ချေ ။ ရော့ရော့ အပင်လေး နွမ်းသွားရင် တော့ နင် လုပ်လို့ပဲ ၊ ဟွန်း ”

မိသက်လေး နှင့် ပေါက်စလေး တို့ ၏ အသံ က အတော့် ကို ကျယ်သည် ။ ငြိမ်း အတွေးများ ပြတ်သွားသည် ။ သူတို့ နှစ်ယောက် ဘာတွေများ ငြင်း နေကြ ပါလိမ့် ။ ငြိမ်း အိမ်ရှေ့ ဘက် သို့ ထွက် ခဲ့သည် ။ ကလေးများ က သဲပုံ ကို သာ စူးစိုက် ကြည့် နေကြသည် ။ ငြိမ်း ကို သတိ မထားမိကြ ။ သံပုံ နား ရောက်တော့ မှ ကလေးတွေ ဘာလုပ် နေသည် ကို သိ လိုက်ရသည် ။

သဲပုံလေး သည် ကလေး တို့ ၏ မြို့တော်လေး ဖြစ်နေသည် ။ သဲပုံ အလယ် တွင် တြိဂံပုံ တောင်ကုန်းလေး တစ်ခု လုပ် ထားသည် ။ တောင်ကုန်းလေး ၏ အောက်ဘက် တွင် ‘ ဂ ’ ငယ်ပုံ အပေါက်လေး နှစ်ခု ဖောက် ထားသည် ။ အပေါက် နှစ်ပေါက် သည် တစ်ဆက်တည်း တိုးလျှိုးပေါက် ဖြစ်သည် ။ ဥမင် လိုဏ်ခေါင်းကလေး လို ဖြစ်၏ ။

တောင်ကုန်းလေး သည် အချိန်ကုန် ခံကာ စိတ်ရှည်လက်ရှည် လုပ် ထား သောကြောင့် ထင်သည် ။ ရေ ဖျန်းကာ လမ်းကလေး ကို ဖြူး အောင် လုပ်ထားသည် ။ လမ်းကလေး ၏ ဘေး တစ်ဖက်တစ်ချက် တွင် သဲတံတိုင်း လေး ကာ ထား လိုက်သေးသည် ။ လမ်းကလေး သည် မန္တလေး ၊ မေမြို့ကား လမ်း ရှိ ခြောက်ထပ်ကွေ့ လို သဲပုံ အနေအထား အရ အကွေ့အဝိုက် များ လှ သည် ။

ကျန် အပေါက်လေး ၏ ရှေ့ မှ လမ်းဖြူးဖြူးလေး သည် သဲတံတိုင်းလေး နှင့် သပ်သပ်ရပ်ရပ် ရှိလှသည် ။ ထို လမ်းကလေး သည် ကွေ့ကာ ဝိုက်ကာ နှင့် သဲပုံ ၏ အခြေပိုင်း သို့ ဆင်း သွားသည် ၊ သဲလမ်းလေး အဆုံး တွင် ပန်းခြံလေး တစ်ခု ရှိသည် ။ ပန်းခြံလေး ကို သဲတံတိုင်း နှင့်ပင် ကာ ထားသည် ။ သို့သော် အချို့ နေရာများ တွင် အုတ်နီခဲ အပိုင်းအစငယ်လေး ဖြင့် ကာ ထား သေးသည် ။ ပန်းခြံ ၏ ဝင်ပေါက် သည် လေးပေါက် ရှိသည် ။ ဝင်ပေါက်များ ၏ တစ်ဖက် တစ်ချက် တွင် အပင်ငယ်လေး တစ်ပင် စီ စိုက်ထားသည် ။ သို့သော် အပင်ငယ်လေးများ သည် ဝင်ပေါက် နှင့် စာသော် ကြီးလွန်းလှသည် ။ စကေး နှင့် တွက် လျှင် ဝင်ပေါက် ငါးပေ ကျယ်၏ ။ ဘေးရှိ အပင်ကြီးများ သည် ပေ ၁ဝဝဝ ခန့် မြင့် နေကြသည် ။ ပန်းခြံ သည် အတော်လေး ကြီးသည် ၊ ပန်းခြံ ၏ အလယ် တွင် ရေကန်လေး ရှိသည် ။ ရေကန်လေးသည် ခပ်ဝိုင်းဝိုင်းလေး ဖြစ်သည် ။

ခုန က ရေသွား ခပ်ခြင်းသည် ထို ရေကန်လေး ထဲ သို့ ရေ ဖြည့်ရန် ဖြစ် သည် ။ ရေကန် ၏ အတွင်းပိုင်း ကို ဗာဒံရွက်လေး နှစ်ရွက် ၊ ပလတ်စတစ်ငယ်လေး တစ်ခု ဖြင့် ကာ ထားသည် ။ သို့သော် ရေကန် ထဲ သို့ ရေများ ကို ဝမ်းသာ အားရ နှင့် လောင်းထည့် လိုက်သောအခါ ဗာဒံရွက် နှင့် ပလတ်စတစ် ကြား မှ တစ်ဆင့် သဲ ထဲ သို့ ရောက် သွားသည် ။ ရေကန်လေး မှာ ငါးခါ တိတိ ရေ ဖြည့် သော်လည်း မပြည့်နိုင် ဘဲ ရှိနေသည် ။ သို့သော် ကလေး အားလုံး စိတ် မပျက် ကြပေ ။ တစ်ယောက် တစ်လှည့် ရေသယ် ထွက်ကြသည် ။ ဝမ်းသာအားရ ရေ ဖြည့် ကြသည် ။ ဖြည့်ပြီး ခါ စ တွင် ရေကန် အပြည့် ရေများ ကို တွေ့ ရသော် ‘ ဟေးခနဲ ’ အော် လိုက်ကြသည် ။ လက်ခုပ်လက်ဝါး တီး၍ ပျော် နေကြသည် ။ “ ငါတို့ လုပ်တဲ့ ရေကန်လေးကွ ” ဟု အချင်းချင်း ပြောရင်း ပျော် နေကြသည် ။ ငြိမ်း ပင် ရောယောင် ကာ ပျော် နေမိသည် ။

မိငယ်လေး သည် ပန်းခြံ ဝင်ပေါက် တစ်ခု ၏ ဘေး ရှိ အပင်လေး ကို နုတ် နေသည် ။

အလွန် ကြီးကျယ်သော ၊ ခဲယဉ်းသော အလုပ် တစ်ခု ကို လုပ်နေရသည် ဟု ထင် နေပုံရသည် ။

မျက်လုံးအစုံ သည် အပင်ငယ်လေး ထံ မှ မရွှေ့ ၊ စူးစူးစိုက်စိုက် နှင့် သတိထား နေပုံ ရသည် ။ မိငယ်လေး ထို င်နေသည်မှာ ပန်းခြံငယ်လေး ၏ တံတိုင်း နား တွင် ဖြစ်သည် ။ ဆောင့်ကြောင့်လေး ထိုင် ၍ လက် နှစ်ဖက်စလုံး ကို ပန်းခြံလေး ထဲ တွင် ထောက် ထားသည် ။ သူ့ ကိုယ် သူ ထိန်း နေရသည် ၊ အကယ်၍ အားလွန် သွား ပါက ဂရုတစိုက် လုပ်ခဲ့ရသော ပန်းခြံလေး သည် သူ့ ခြေထောက် အောက် တွင် ဘဝ ဆုံး သွားပေမည် ။ ရေကန်လေး သည် ကော သွား နိုင်သည် ။ နောက် သူ့ သူငယ်ချင်းများ က ဝိုင်း၍ အပြစ် ဆိုကြပေမည် ။ ခုတောင် သူ တတ်နိုင်ပါသည် ဟု ပြောလွန်း ၍ သာ ကျန် သူငယ်ချင်းများ ဝင် မစွက်ကြချေ ။ သို့သော် သူတို့ အားလုံး သည် မိငယ်လေး လို ပင် အသက် ဝဝ မရှူကြ ။

မတော်တဆများ မိငယ်လေး တစ်ခု ခု လုပ် ပစ်လိုက်လျှင် သူတို့ အားလုံး မျက်စိ ကို စုံမှိတ် လိုက်ကြသည် ။ သူတို့ ၏ သဲပုံမြို့တော်လေး တွင် ဤ ပန်းခြံလေး သည် အဓိက ပင် ဖြစ်သည် ။ တစ်မြို့လုံး တွင် ဤ ပန်းခြံလေး သာ လှလှပပ ရှိသည် ။ ထို့ကြောင့် ပန်းခြံလေး ပျက်စီး သွားမည် ကို သူတို့ သိပ် ကြောက် ကြသည် ။

မိငယ်လေး သည် မိမိ ကြောင့် ပန်းခြံလေး ပျက်စီး သွားမည် ကို ပို၍ပင် ကြောက်နေသည် ။

မိမိ တာဝန်ယူ ပြီး မှ ဖြစ် မလာ ပြန် လျှင်လည်း မိမိ အစွမ်းအစ မရှိ ဟု ထင် သွားကြမည် ။ နောင် ယခု လို သဲမြို့တော်လေး တည် လျှင် မိမိ သည် လက်ပိုက် ကြည့် နေရုံ သာ ကြည့်ရ တော့မည် ။ အုတ် တစ်ချပ် သဲ တစ်ပွင့် ပါဝင် လက်စွမ်း ပြခွင့် ရှိတော့မည် မဟုတ်ချေ ။

“ မိငယ် ၊ နင် လုပ်နေတာ က အသည်း ယားစရာ ဟာ ၊ မြန်မြန် လုပ်တာ လည်း မဟုတ်ဘူး ”

နေရာတကာ ပူ တတ်ပြီး ဆရာ လုပ်တတ်သော အောင်ထူးကြွယ် က မနေနိုင်တော့ သဖြင့် ဝင် ပြော လာသည် ။ နဂိုက မှ ခပ်လန့်လန့် ဖြစ်နေသော မိငယ်လေး သည် ဆတ်ခနဲ တုန်သွားသည် ။ တစ်ဆက်တည်း မှာ ပင် အထင် သေး ခံလိုက်ရ သဖြင့် မခံချင်စိတ် က ထောင်းခနဲ ထလာသည် ။

“ အံမာ ၊ ငါ က ပိုပြီး ကောင်း သွားအောင် သေသေချာချာ လုပ်နေတာ များ ။ နင်တို့ ဖြင့် မလုပ်ရဲဘဲ နဲ့ ”

အားကျမခံ ပင် ညာ လိုက်သည် ။

“ ဟား .. ဟား .. နင် ကလား ငါ က မလုပ်ချင်လို့ ၊ ငါ သာ လုပ်ရင် ဒီ ပန်းခြံလေး အရမ်း ကို လှသွားမှာ ၊ ဟို ဗန္ဓုလပန်းခြံ ထက် တောင် လှဦးမှာ ”

“  ဟား ... ဟား ... ဟား ... ဟား ”

အောင်ထူးကြွယ် က ခပ်ကြွားကြွား လေလုံး ထွား လိုက် သဖြင့် ကျန် ကလေးများ က ဝိုင်း ရယ် လိုက်ကြသည် ။ အောင်ထူးကြွယ် နည်းနည်း ရှက် သွား၏ ။ ကားလမ်းကလေး ကို လှသည် ထက် လှအောင် သွား လုပ် နေလိုက် သည် ။ မိငယ် က မျက်နှာ ကို အစွမ်းကုန် ရှုံ့ လိုက်သည် ။

နောက် အသက် ကို တဝကြီး ရှူ လိုက်သည် ။ ပြီးမှ ထောက် ထားသော လက် တစ်ဖက် ကို ကြွ၍ အပင်လေး ဆီ သို့ လှမ်း လိုက်သည် ။

“ ဟာ ”

“ ဟယ် ”

“ မိငယ် ၊ နင် က အရမ်းချည်း ပဲ ”

လက် တစ်ဖက် တည်း ဖြင့် အားပြု ထားရ သဖြင့် မိငယ်လေး သည် ရှေ့ သို့ လဲတော့ မလို ဖြစ်သွားသည် ။ ပေါက်စ က ထိန်းချုပ် ထား၍ သာ ဘာမှ ဖြစ် မသွားချေ ။ နဂိုက မှ တထိတ်ထိတ် တလန့်လန့် ဖြစ်နေသော ကလေးများ က ဝိုင်း အော် လိုက်ကြသည် ။ ငြိမ်း ပင် ရုတ်တရက် မို့ ဆတ်ခနဲ ဖြစ်သွားသည် ၊ မိငယ်လေး သည် လက် နှစ်ဖက်စလုံး ကို ကြွ ၍ ကိုယ် ကို နောက် ဆုတ်လိုက် သည် ။

“ ဟူး ” ခနဲ လေများ ကို မှုတ် ထုတ် လိုက်သည် ။ စိတ်မော သွားပြီ ထင်ပါရဲ့ ။

“ မိငယ်လေး ဘာ လုပ်ချင်လို့လဲ ”

“ ဟို .. အဲဒီ အပင်လေး နေရာမှာ ဒီ အပင်လေး ထား ချင်လို့  ၊ အဲဒါ အဲဒီ အပင်လေး ကို နုတ် နေတာ ”

“ သူ က တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာကိုး ၊ ဘယ် ရမလဲ ”

မိငယ် က စိတ် မရှည်တော့ သလို ဝင် ပြော လာသည် ။

“ မမငြိမ်း လုပ်ပေးရမလား ”

ပထ မတော့ ကလေးတွေ က တိတ် နေကြသည် ။ အံ့သြသည် လား ဝမ်းသာသည် လား ၊ နားလည်သည် လား မသိ ။ မိငယ်လေး က တော့ ‘ သူ လုပ်ရင် ရမယ် ’ ဟု ထင် နေသည် ။

“ အား ... နင် က တတ်တာ လည်း မဟုတ်ဘဲ နဲ့ ၊ မမငြိမ်း က လူကြီး ဟ နင့် ထက် တတ်တယ် ”

“ အေးလေ ၊ နင် လုပ်တာ အကြာကြီး ပဲ ။ ခဏကြာ ရင် မေမေ ခေါ် တော့မှာ ၊ ငါလည်း ဗိုက်ဆာ လာပြီ ဟာ ၊ မြန်မြန် လည်း ဆော့ချ င်လှပြီ ၊ မငြိမ်း က လည်း လုပ်ပေးမယ် ပြောသားပဲ ”

“ အလကားပါ ဟာ ၊ သူ က မူရာမာယာ ပိုနေတာ ”

ညီထွေး ၏ စကားကြောင့် ကလေး တစ်သိုက် ဝိုင်း ရယ် လိုက်ကြပြန် သည် ။ ငြိမ်း ပင် လိုက် ပြုံးမိသည် ။

“ တစ်ခါတည်း ပါ .. ဒီ တစ်ခါ ဆို ရမှာပါ ”

မိငယ်လေး က အလျှော့ မပေးသေး ။ ဆက်၍ ကြိုးစား ချင်သေးသည် ။ ငြိမ်း ဘာမှ မပြောတော့ဘဲ ကြည့် နေလိုက်သည် ။ မူလက အတိုင်း ပင် မိငယ်လေး က ပြန် ထိုင်သည် ။ အတန်ကြာ ထို င်၍ ငြိမ်နေ ပြီးမှ ငြိမ်း ကို လှမ်းကြည့်သည် ။

“ မမငြိမ်း ၊ တကယ် လုပ်ပေးမှာလား ဟင် ”

မိငယ်လေး လက်လျှော့ သွားပြီ ထင်သည် ။

“ မိငယ်လေး လုပ် လို့ မရရင် လုပ်ပေးမယ်လေ ”

“ ရတော့ ရမှာ ပေါ့ ၊ ဒါပေမဲ့ မမငြိမ်း လုပ် ရင် ပို ကောင်းမှာပဲ နော် ”

ငြိမ်း သည် အပင်ငယ်လေး ၏ အရင်းပိုင်း ကို ကိုင် ကာ မ လိုက်သည် ၊ အပင်ငယ်လေး ၏ နံဘေး ရှိ သဲတံတိုင်းလေး သည် အနည်းငယ် ပျက်စီး သွား ၏ ။ မိငယ်လေး လုပ်၍ ပျက်စီး သွား လျှင် ဝိုင်း အော်ကြမည် ဖြစ်သော်လည်း ငြိမ်း လုပ်၍ ပျက်စီး သွားသော အခါတွင် မူ ဘာမျှ မပြောကြ ။ ‘ ဟင် ’ ဟူသော တီးတိုးလေး ကို တော့ စိုးရိမ်ဝမ်းနည်းမှု စွက် ကာ ကြား လိုက်ရသည် ။

ငြိမ်း ယူ လိုက်သော အပင်လေး နေရာ တွင် မိငယ်လေး ပေးသော အပင်ငယ်လေး ကို ထား လိုက်သည် ။ ရေစို နေသော သဲများ ဖြင့် အပင်လေး ၏ အရင်းပိုင်း ကို ဖိလိုက်သည် ။ ယခု အပင်သစ်လေး သည် ခုနက အပင်လေး လောက် မကြီး သဖြင့် ပန်းခြံလေး နှင့် အနေတော် ဖြစ်သည် ။ ပျက်သွားသော သဲတံတိုင်းလေး ကို ပြန် ပြင် ပေးလိုက်သည် ။ ကလေးများ ၏ မျက်နှာ တွင် ဝမ်းသာရိပ်များ သမ်း နေ ကြသည် ။ ကြည်နူးရိပ်များ လွှမ်း နေကြသည် ။ ငြိမ်း ၏ မျက်နှာသည် လည်း ပြုံးရိပ်သမ်း နေမည် ကို ငြိမ်း သိ နေသည် ။

“ တို့ ပန်းခြံလေး လှသွားပြီ ဟေ့ ”

လေးလေးလှိုင် က ဝမ်းသာအားရ အော် ကာ နေသည် ။

“ မငြိမ်း ”

ပေါက်စ က ခပ် တွန့်ဆုတ်ဆုတ် ခေါ်သည် ။

“ ဘာလဲ ပေါက်စလေး ”

“ ဟို ဒီ ရေကန်လေး ထဲ ကို ရေ ဖြည့် ချင်လို့ ၊ အဲဒါ ရေတွေ က သဲ ထဲ ရောက်ရောက် သွားတယ် ၊ မမငြိမ်း လုပ်ပေးပါလား ဟင် ”

ငြိမ်း ပြုံး ပြီး ခေါင်း ညိတ် လိုက်သည် ။

“ ကလေးတွေ ငြိမ်ငြိမ် နေနော် ၊ မမငြိမ်း ပြန် လာခဲ့မယ် ”

အိမ် ထဲ သို့ ငြိမ်း ပြန် ဝင် လာခဲ့သည် ။ ကလေး တစ်သိုက် သည် “ ဘာ လုပ်မလို့ပါလိမ့် ” ဟူသော မျက်လုံးများ ဖြင့် ငြိမ်း ၏ နောက်ကျော ကို ငေး ကြည့် နေမည် ကို ငြိမ်း သိနေသည် ။ ဟိုတစ်နေ့ က ကုန် သွားသော ထောပတ် ဘူးခွံ အလွတ် ကို ငြိမ်း ပြန်ပြီး ရှာ နေမိသည် ။

“ ငြိမ်း ၊ အုန်းဖတ် တွေ ပစ် ပေးစမ်းပါ ”

အုန်းနို့ခေါက်ဆွဲ ချက် နေသော မေမေ က ငြိမ်း ကို အုန်းရည် ညှစ်ပြီး သား အုန်းဖတ်များ ကို လှမ်း ပေးသည် ။ ငြိမ်း လှမ်း ယူ လိုက်ပြီး မီးဖိုချောင် ၏ ထောင့် တစ်နေရာ တွင် တင် ထား လိုက်သည် ။ ပုရွက်ဆိတ် မတက် အောင် လည်း ကြိုးစားရသည် ။ မေမေ က တော့ ငြိမ်း ကို နားမလည် စွာ ကြည့်နေ သည် ။ စကား များများ မပြောချင်၍ ထင်သည် ။ ဘာမျှ တော့ မပြော ။ ငြိမ်း က လည်း ငြိမ်း အကြံ နှင့် ငြိမ်း မို့ ခပ်မဆိတ် ပင် နေ လိုက်သည် ။

ထောပတ်ဘူးခွံ အဝိုင်းလေး ကို ကိုင် ကာ ငြိမ်း အိမ် ရှေ့ ဘက် ထွက် ခဲ့ သည် ။ ကလေးများ ၏ မျှော် နေသော မျက်နှာများ ပြုံး လာကြသည် ။ ရေကန်လေး ထဲ သို့ ထောပတ်ဘူးခွံ အလွတ်လေး ကို ထည့် လိုက်သည် ။ ဘူးခွံ သည် အပေါ် မှ သံပြား လုံးဝ မရှိတော့ သဖြင့် ခွက်လေး ဖြစ်နေသည် ၊ တစ်နည်း အား ဖြင့် ကလေး တို့ ၏ သဲမြို့တော်လေး အတွက် ရေကန်ငယ်လေး ။ နောက် ဘူးခွံပတ်လည် တွင် သဲများ ကို ခပ်ကြမ်းကြမ်း ဖို့ လိုက်သည် ။ ဘူးခွံ ထဲ သို့ သဲများ မဝင် နိုင်အောင် ပလတ်စတစ်စလေး ဖြင့် ကာ လိုက်သည် ။ ညီထွေး ကို ရေယူ ခိုင်း ကာ ဘူးခွံလေး ထဲ သို့ ထည့် လိုက်သည် ။ ရွှေဝါရောင် ကန်မျက်နှာပြင် ကြောင့် ရေကန်လေး သည် အတော့် ကို လှ နေသည် ။ ရေကြည်ကြည်လေး နှင့် စိတ်အေးဖွယ် ဖြစ်သည် ။

“ ကလေးတွေ ကောင်းကောင်း ကစားကြနော် ”

ငြိမ်း အိမ် ပေါ် သို့ တက်ခဲ့သည် ။ ဝရန်တာ မှ နေ၍ ဗာဒံဖူးလေးများ ပါ သော ကိုင်းသန့်သန့်လေးများ ကို ချိုး လိုက်သည် ။ အောက် သို့ ပြန် ဆင်းကာ သဲမြို့တော် သို့ လျှောက်လှမ်း လာသည် ။ ရေကန်လေး ဘေး တွင် ဗာဒံဖူးလေး များ ပါသော အညှာလေးများ ကို စိုက် လိုက်သည် ။ ရေကန်လေး သည် အတော့် ကို လှပ၍ ပန်းခြံလေး သည် နေချင့်စဖွယ် ဖြစ်သည် ။ မိမိတို့ ပိုင်ဆိုင် သမျှ ပလတ်စတစ်ကား ၊ ကော်ကား ၊ သံကားလေးများ နှင့် ကလေး တစ်သိုက် ပျော် နေကြသည် ။ ကုန်းတက် ကုန်းဆင်း လုပ်လိုက် ၊ ပန်းခြံ သို့ အနား လာ ယူ လိုက် နှင့် သဲမြို့တော်လေး အသက် ဝင် နေသည် ။ လမ်း တစ်ဝက် တွင် ကားဘီး ပေါက်သူ လည်း ရှိသည် ။ လမ်းကြုံသူ များ က ဝင် ကူ သဖြင့် ကျေးဇူး အခါ ခါ တင် ကြ ပြန်သည် ။ သဲမြို့တော် တစ်ခု လုံး ကားဘီးရာ နှင့် လူခြေရာများ ဖြင့် ရှုပ်ပွ နေသည် ။

ငြိမ်း အိမ် ထဲ ပြန် ဝင်ကာ အုန်းဖတ်များ ကို ယူသည် ။ အုန်းမှုတ်ခွက် နှစ်ခွက် ကိုယူ ကာ အုန်းဖတ်များ ကို အညီအမျှ ခွဲ ထည့်သည် ။ နောက် တစ်ဖန် အုန်းမှုတ်ခွက် တစ်ခု ရှိ အုန်းဖတ် အနည်းငယ် ကို ခွက်ငယ် တစ်ခု တွင် ထည့် သည် ။ နနွင်းမှုန့် အနည်းငယ် ကို ရေခပ်ကျဲကျဲ ဖျော်ကာ အုန်းဖတ် အနည်းငယ် နုတ် ထားသော အုန်းမှုတ်ခွက် တွင် ထည့်ပြီး သမ လိုက်သည် ။ အုန်းဖတ် အားလုံး အဝါရောင် သမ်း လာသည် ။ နနွင်းရည်န ည်းနည်း ထပ် ဖျော် ကာ ထုံး အနည်းငယ် ထည့် ဖျော်သည် ။ အနီရောင်ရဲရဲလေး ရ လာသည် ။ ခွက်ငယ် ထဲ ရှိ အုန်းဖတ်များ ထည့်လိုက်သည် ။ အုန်းဖတ်နီနီလေးများ ဖြစ် လာသည် ။ အုန်းဖတ် ဝါဝါလေးများ နှင့် ရောကာ သမ လိုက်သည် ။ ငြိမ်းတို့ ငယ်ငယ် က ကစားသော ဒံပေါက်ထမင်း ပင် တည်း ။

မီးဖို ထဲ မှ အာလူး နှစ်လုံး ကို ယူ ပြီး အရွယ်တော် အတုံးကလေးများ တုံး လိုက်သည် ။ ကြက်သားစစ်စစ် ဖြစ် သွားပေပြီ ။ ထို ကြက်သားတုံးလေးများ ( အာလူးတုံးလေး များ ကို ) ဗာဒံရွက် ပေါ် တင် လိုက်သည် ။ ဗာဒံရွက် အချို့ကို ခပ်သေးသေး လှီး လိုက်သည် ။ ခွက်ငယ် တစ်ခု ထဲ ထည့် ၍ ရေ အနည်းငယ် ဖျန်း လိုက်သည် ။ ကြက်သွန်ချဉ် ၊ ဂေါ်ဖီချဉ် လည်း အဆင်သင့် ဖြစ်သွားသည် ၊ ဒံပေါက်ဆိုင် ဖွင့် ၍ ရပေပြီ ။

အားလုံး ပြီး သွားတော့ ငြိမ်း ပျော် နေသည် ။ ကလေးတွေ သာ သိ လျှင် ပို၍ ပျော်ကြမည်  ၊ လုံခြုံစိတ်ချရမည့် နေရာ တွင် ဒံပေါက်ထမင်း ၊ ကြက်သားဟင်း နှင့် အချဉ်တို့ ကို သေချာစွာ သိမ်း လိုက်သည် ။ လက် ဆေး၍ ကလေး တို့ ၏ သဲမြို့တော် ဆီ သို့ ထွက် လာခဲ့သည် ။ သဲမြို့တော်လေး သည် သိပ် မလှ တော့ပါ ။ အချို့ နေရာများ တွင် သဲတံတိုင်းလေးများ မရှိတော့ ။ ရေကန်လေး သည် လည်း သဲ တချို့ ဝင်ကာ ခပ်နောက်နောက် ဖြစ်နေသည် ။ မီးဖိုချောင် ဆောက် နေသော အလုပ်သမား အချို့ က လိုအပ်သမျှ သဲများ ကို လာ ယူကြ သည် ။ ကလေး တစ်သိုက် သည် ကစား ရပ်ကာ တီးတိုး တိုင်ပင် နေသည် ။ နောက်တော့ သဲမြို့တော်လေး ကို ဖျက်ဆီး လိုက်ကြသည် ။ တောင်ကုန်းလေး လည်း မရှိတော့ ။ ဥမင်လိုဏ်ခေါင်း လည်း သဲအောက် ရောက် သွားသည် ၊ ကားလမ်းလေးများ သည် ကလေး ခြေရာများ အဖြစ် ပြောင်းလဲ ကုန်သည် ။

ပန်းခြံလေး သည် အမှိုက်ပုံလေး သဖွယ် ဖြစ် နေပြီ ။ ရေကန်လေး မှာ ပိန်ရှုံ့ သွားပြီ ဖြစ်သည် ။

ကလေးများ ၏ မျက်နှာ တွင် ဝမ်းနည်းဟန် ကို မတွေ့ ရချေ ၊ နောက် တစ်မျိုး ပြောင်း ဆော့ရန် တိုင်ပင် နေကြသည် ။

ငြိမ်း သည် သူ ၏ ဒံပေါက်လုပ်ငန်း ကို မူပိုင် လွှဲ ပေးလိုက်သည် ။ ကန့် ကွက်မည့်သူမရှိ ။ သတင်းစာ ကြော်ငြာခ မကုန် ။ ရှေ့နေ ငှားရန် လည်း မလို ၊ ဒံပေါက်လုပ်ငန်း ကို ပေါက်စ နှင့် လေးလေးလှိုင် က ပိုင် သွားသည် ။ ဗာဒံရိပ် တွင် ဆိုင် ဖွင့် နေပေပြီ ။ ညီထွေး နှင့် အောင်ထူးကြွယ် က အသုံး မလိုတော့ သော ဗလာစာအုပ် အဟောင်းများ သွား ရှာ နေကြသည် ။ သန်းကြွယ်သူဌေး လုပ် ရန် ကြံစည် ထားပြီ ထင့် ။

မိငယ်လေး က ဗာဒံရွက် လိုချင်သည် ဟု ပြော လာသည် ။ ဒံပေါက် ထုပ်ရန် အတွက် ဗာဒံရွက်ကို  ဆိုင် သွင်းချင်၍ ဟု ဆိုသည် ။ ရှိပြီးသား ဗာဒံရွက် က နည်း နေသည်ပဲ ။ ကျန်ကလေးများ က လည်း ဗာဒံရွက် ကို ပုံစံ အမျိုးမျိုး ပြောင်း ကာ ခေါက်ဆွဲကြော် ၊ ဆီချက်ခေါက်ဆွဲ ၊ မုန့်ဟင်းခါး ၊ အအေးဆိုင် ဖွင့်လိုသည် တဲ့ ။

ငြိမ်း အိမ်ပေါ် သို့ တက် ခဲ့သည် ။ အရိပ် အတွက် မလိုသော အကိုင်း ခပ်ကြီးကြီး နှစ်ကိုင်း ကို ချိုး လိုက်သည် ။ ' ဟေး ' ခနဲ ဝမ်းသာအားရ အော် လိုက်သော အသံသည် ကလေး တို့ ၏ ရင်တွင်း မှ ဖြစ်လာသည် ဟု ငြိမ်း ထင်သည် ။ ရင်တွင်း အေးခနဲ ဖြစ်သွား ရသည် ။ ဗာဒံရိပ် မှ ကလေးများ ကို ကြည့် ရင်း ငြိမ်း တွေး နေမိသည် ။

ငြိမ်း တော်တော် တစ်ကိုယ်ကောင်း ဆန်မိ ပြီကော ။ ဘာလို့များ ဗာဒံပင် ကို သရက်ပင် ဖြစ်စေချင် ပါလိမ့် ။ ဗာဒံပင် နေရာမှာ သရက်ပင် သာ ယခင် က ရှိခဲ့ လျှင် ... ။

ငြိမ်း ငယ်ငယ် က ပျော်ခဲ့ရမည် မထင်ပါ ။ ခူကောင် များစွာ နေတတ် လေ့ ရှိပြီး ပိုးစား လွယ်သော သရက်ပင်ရိပ် တွင် ငြိမ်း တို့ မကစား နိုင်ပါ ။ နောက် သရက်ရွက် နုနု ၊ သရက်ပွင့် လှလှ ၊ သရက်ဖူးသေးသေးလေး များ ကို ငြိမ်း တို့ ကစား ၍ ရမည် မထင်ပါ ။

စောစော က ပင် ငြိမ်း တွေးခဲ့သေး သည် ပဲ ။ မဖြစ်နိုင် တာ မို့ ငြိမ်း တွေး သည် တဲ့ ၊ ဖြစ်နိုင်တာ ဆိုလျှင် ထ လုပ်မည် တဲ့ ။

ခုကော ။ ခုချိန်မှာ သရက်ပင်ပျိုလေး တစ်ပင် စိုက် ရလျှင် မဖြစ်နိုင်ဘူးလား ။

သိပ် ဖြစ်နိုင်ပါသည် ။

အလွန်ပင် ဖြစ်နိုင်ပါသည် ။

ငြိမ်း ငယ်ငယ် ကတည်း က ချစ်ခဲ့ ရသော ညီထွေး တို့ အချစ်တော် ဗာဒံပင်ကြီး ကို အားနာ သလို ကြည့် လိုက် မိသည် ။ အမှန်တော့ ဗာဒံပင်ကြီး တွင် အရွက်များများ ဝေနိုင်ရေး အတွက် ငြိမ်း ဆုတောင်း ရမည် မဟုတ်ပါလား ။

“ ဗာဒံပင်ကြီး သက်တော်ရာကျော် ရှည်၍ အရွက်များများ ဝေပါစေ သတည်း ၊ အရွက်များများ ဝေပါစေ သတည်း ”

◾မသီတာ ( စမ်းချောင်း )

📖 သဘင် မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၈၅ ခု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment