Tuesday, May 7, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၄ )


 

“ သား ... သား မသိဘူး အန်တီ ”

မျက်ခုံး နှစ်ခု ကို နဖူး ပေါ် မှ တိတ် နှင့် ကပ်ဆွဲ ထားသလို မျက်နှာလေး ငယ်ပြီး
လက်မဲမဲ နှစ်ဘက် ကို ဆုပ်ကာ ဆောင့်ကြောင့် ထိုင် နေပုံမှာ မြန်မာဗီဒီယို ဇာတ်ကား ထဲ မှာ ဂျပန်များ နှိပ်စက် မှာ ကြောက်သော အပြစ်မဲ့ ရွာသားကလေး လို သနားစဖွယ် ပင် ကောင်း နေ သေးတော့၏ ။

စ ထွက်ကာ စ က တော့ ဒီ ဂျပန်တွေ ကို တော်လှန် လျှင် အပြစ်မဲ့ ပြစ်သူများ ပို၍ သနားစရာ ကောင်းမည် ဆိုသော ခံယူချက် နှင့် ရုပ် ။ ယခုတော့ ဂျပန် ရှေ့ က အပြစ်မဲ့ ပြည်သူ ရုပ် ။ ကျော်ကို မင်းသားပြုတ် ပီပီ သရုပ်ဆောင် ပီပြင် ပေပြီ ။ ကျွန်တော် လည်း ဘာ ပြောရမှန်း မသိဘဲ သူ့ နောက်နား က ခပ်ရို့ရို့လေး သာ ရပ် နေမိသည် ။

“ ဟဲ့ ... နင် မသိဘူး ဆိုရအောင် နင်တို့ လုပ်တာ မဟုတ်ဘူးလား ”

မြင့်စန်းရီ ၏ အဒေါ် ဒေါ်ခင်အေး ဂျပန် လုပ်ပြီ ။ အပြစ်မဲ့ ကျော်ကို က မျက်လုံးလေး ပြာကညှို့ ၊ ပြာကညို့ လုပ်ပြီး ...

“ သား ... သားကလေ ဘုရား သွားမှာ မို့ ဒါမျိုးတွေ နဲ့ မသင့် တော်ပါဘူး ဆိုတာကို သူ ... သူ ”

ကျော်ကို လက်ညှိုး မဲမဲကောက်ကောက် က အလိုတော်ရိ သဖွယ် ရပ် နေသော ကျွန်တော့် ထံ မြောက် တက် လာသည် ။ ကျွန်တော် လည်း ခါး ညွှတ်ပြီး ကျွန်တော် ပင် ဖြစ်ကြောင်း ပြုံး မိ၏ ။

“ ဒီမယ် ... ကိုကြီးကလေးလေး ”

အသံ ပါ ပြောင်း သွားသည် ။ မာသည် ။ ဟန် က ကျွန်တော့် ဟန် ။ ဌာန်ကရိုဏ်း ကျ၏ ။

“ ဘုရား သွား တာလည်း သွား တာပေါ့ ၊ ဒါပေမဲ့ ဘုရား သီချင်းလေး သွား ဆိုရအောင် တဲ့ ”

မျက်နှာ က ချက်ချင်း ပြန် အို သွားသည် ။

“ အဲဒါနဲ့ သား လည်း ယုံပြီး အဟင့် ပုံ အပ်လိုက်တာ ၊ အဟင့် ကာရာအိုကေ က ကောင်မလေး တွေ ခြေတော်တင်ခြင်း ခံရ ... အဟီး ”

မျက်ရည်ပါ ပတစ်ခနဲ ပန်း ထွက် လာသည် ။ အောင်မာ ကောင်မလေးများ ခြေတော်တင် ခံရတဲ့ ။ ည တုန်း က ကောင်မလေး က သူ့ ဘာသာသူ ခြေထောက် ချ ထား တာကို ။

“ အို ... ခြေထောက် ကို အဲသလို ချ မထားပါနဲ့ ၊ ရှက်စရာကြီး ၊ ကိုကြီး ပေါင် ပေါ်တင်ထားပါ အဟီး ”

ဆိုပြီး သွားဖြီးကြီး နဲ့ လုပ်ထားတဲ့ လူကြီး ။ ခုတော့ သူ ပဲ အစော်ကား ခံလိုက်ရ သလို ။

“ အခုတော့ အဟင့် အဟင့် နုနယ်တဲ့ ကျွန်တော့် နှလုံးသားလေး ဟာ မထင်မှတ်တဲ့ လူပေါင်းမှားမှု နဲ့ အိ အိ ပျက်စီး ကြွေလွင့် အိ ... အိ ”

လူ က တက်မလို ပါ ဖြစ် နေ၏ ။ ခုန ဟောက် နေသော အဒေါ် ကြီးများ ပါ မျက်ရည်ဝိုင်း လာ၏ ။ ကျွန်တော့် မျက်ဝန်း  မှာ ရော ပုလဲသီး များ တွဲခို ။

“ တောက် ... အကယ်ဒမီ ရုပ် ရှိ လို့ကတော့ ပေးပစ် လိုက်ချင်သေး ၊ ရော့ ... ယူသွား ၊ ပရိသတ် မျက်ရည် အချူနိုင်ဆုံး ဆု ”

အတွေး မဆုံးမီမှာ ပင်

“ အခုတော့ အိ .. အိ သား ဘဝ ဟာ ဟောဒီ လူယုတ်မာကြီး ”

“ ညင် ”

လက်ညှိုး ကောက်ကောက် က ကျွန်တော့် ဆီ မြောက်တက် လာ ပြန်သည် ။ အားလုံး မျက်ရည် လည်ရွဲ ဖြစ် နေကြသူများ က လည်း ကျွန်တော့် ကျတော့ လူယုတ်မာ ကို ကြည့်သော အကြည့် နှင့် ဖြာခနဲ လှည့် ကြည့်ကြသည် ။

ရုတ်တရက် အခြေအနေ ကြောင့် ကျွန်တော် လည်း ...

“ ငါကွ ... လူယုတ်မာ ”

ဆိုသည့် ပုံမျိုးနဲ့ နေရ မှာလား ။ မဟုတ်ဘူး ပုံစံ နှင့် လုပ်ပါက အိုက်တင် ပဲ မှားသွားမလား ဟူသော ဇဝေဇဝါ စိတ် နှင့် ကုန်း ရ မလို ကော့ ရ မလို ဖြစ်နေမိသည် ။

“ ဒီ လူယုတ်မာ ရဲ့ မြူဆွယ်မှု နဲ့ ဖြူစင်စွာ ယုံကြည်တတ်တဲ့ ယုန်သူငယ် လို ကျွန်တော့် နှလုံးသားလေး ဟာ အခုတော့ ညစ်ညမ်းတဲ့ အရောင်များ စွန်းထင်း ပေကျံလို့ အများတကာ ရဲ့ အလယ် ကောင်းကင် က ပစ်ချ ခံရတဲ့ နတ်သူငယ် တစ်ပါး လို ဇောက်ထိုး မိုးမျှော် ဖြစ်ခဲ့ရပါပြီ အန်တီ တို့ ရယ် ... ဟီး ”

ကျော်ကို ချုံးပွဲချ ငိုချ လိုက်သည် ။

“ ဟီး ”

နံဘေး မှ ကြည့်နေသော အန်တီများ က လည်း ကျော်ကို့ နည်းတူ ငိုပြီး ပြေး ဖက် တော့ ပွေ့ပိုက် ချော့မြှူ တော့ မယောင် ဖြစ်နေ၏ ။ နားစွန်နားဖျား ကြားသူများ က ပင် ပါ လာသော တဘက် ဖြင့် မျက်ရည် ပင့် သုတ် ရလေပြီ ။ ဂျပန်ကြီး ဒေါ်ခင်အေးပင် မျက်ရည် နှင့် မျက်နှာ သစ် နေလေပြီ ။ နှုတ် မှ လည်း “ အောင်မလေး ... ငါ့သား အဖြစ်ဆိုး လှချည်လား ” ဟု အသံတိတ် ရေရွတ် နေ၏ ။

“ အခုတော့ ကျွန်တော် ဟာ အများတကာ ရဲ့ မျက်လုံးစိမ်း များ အောက် ပြားပြားဝပ် မှောက်လို့ ၊ လူမမယ် တစ်ကောင်ကြွက် ကျွန်တော့် မှာ အကြော် ရောင်း တော့ လည်း အရင်း ပြုတ် ၊ ကန်စွန်းရွက် ရောင်း တော့ လည်း တောင်းမှောက် နဲ့ ဘဝ ကို ရေစုန်မျော ၊ ရေယဉ် ကြော မှာ ”

ဇာတ် က ဘယ်လို ပြောင်း သွားမှန်း မသိတော့ ။ ခြောက်နာရီ ထိုး ရင် အဖေ အိမ် ပြန်လာပေးပါ ဆိုတာ လည်း ပါ၏ ။ ကျွန်တော့် ညီ က ငတုံး ။ မိသားစု အကြောင်း ကို လုံးဝ နားမလည်ဘူး လည်း ပါသည် ။

အမေ က ဆွဲကြိုးလေး ပေါင် ပြီး ဖဲ ရိုက်တာ လည်း ပါသည် ။ ရေခဲချောင်း ရောင်း ပြီး ဘဝ ပျက်တာ လည်း မလွတ် ။ ပြောရင်း ငိုလိုက် ၊ ငိုရင်း ပြောလိုက် နှင့် နံဘေး မှ ကြည့် နေသူများ ပင် သူ့ ကို ပြေးဖက် ချော့သိပ်တော့ မယောင်တွေ ဖြစ်နေ၏ ။ အကြောင်း သိ ကျွန်တော် ပင် လည်ချောင်း ထဲ ဝမ်းနည်းလုံးကြီး ဆို့ပြီး မျိုချ မရ ဖြစ်နေ သည် ။ ကျော်ကို က လည်း ပြောကောင်းကောင်း နှင့် မျက်ရည် ဆက် ချူသည် ။

“ အဲဒီလို သုည နဲ့ စခဲ့ရတဲ့ ကျွန်တော့် ဘဝ မှာ မထင်မှတ်သော မုန်တိုင်း ဟောဒီ လူယုတ်မာကြီး ကြောင့် ”

ဇာတ် ပြောင်း ကာ လက်ညှိုး က ကျွန်တော့် ဆီ ရောက် လာပြန် သည် ။ သူ့ စကား ကြောင့် ကျွန်တော် ပင် တကယ် သူ့ အပေါ် ယုတ်မာ မိလေ သလား ဇဝေဇဝါ ဖြစ်နေ မိသည် ။ သူ့ စကားများ နားထောင်ပြီး လူယုတ်မာ ဖြစ်ရတာ ကို ပင် တန်သလို ဖြစ်လာ၏ ။ အံ့ဖွယ် ပါဖောမင့် ။

“ အဲဒီ လူယုတ်မာကြီး က ဖြူစင်တဲ့ သား ရဲ့ စာရိတ္တ ကို ဖျက်ဆီး ”

“ အောင်မလေး သား ရဲ့ ”

အနောက် က အဒေါ်ကြီး တစ်ယောက် က အသံ ထွက် ငိုသည် ။ ကျော်ကို လည်း ပရိသတ် အသံ ကြောင့် အား တက်ပြီး ကျွန်တော့် ကို လက်ညှိုး ငေါက်ငေါက် ထိုးကာ

“ ဟောဒီလုယုတ်မာကြီး ရဲ့ မြူဆွယ်မှုကြောင့် သာသနာပြု ချင်တဲ့ ကျွန်တော့် စိတ်ရင်း ဟာ ”

“ ဒီမှာ ”

“ ဗျာ ”

ရုတ်တရက် ထွက်ပေါ် လာ သော အသံ မာမာ ကြောင့် ငို နေ ကျော်ကို ကြောင်ပြီး မော့ ကြည့်သည် ။

“ မြင့်စန်းရီ ”

သူမ မျက်နှာ က အလိုမကျမှုများ နှင့် မာထန် နေသည် ။

ကျော်ကို ကို စေ့စေ့ ကြည့် ပြီး

“ လူတွင် ပါ မှ နွား ကျား ကိုက်တယ် ဆိုတဲ့ စကား ကြားဖူးတယ် မဟုတ်လား ”

“ ဟုတ် ... ဟုတ် ကြားဖူးပါတယ် ”

ရုတ်တရက် မေးလိုက်သော စကား ကြောင့် ကျော်ကို မျက်လုံးလေး ကလယ် ကလယ် နှင့် ခေါင်း တဆတ်ဆတ် ညိတ်သည် ။ အားလုံး က လည်း ကြောင် ပြီး မြင့်စန်းရီ ကို ကြည့် ကြသည် ။

“ ဘယ်သူတွေ ဘယ်လောက် မြူဆွယ် ၊ မြူဆွယ် ကိုယ်တိုင် ပါ လို့ ဖြစ်တဲ့ ကိစ္စ တခြားလူ အပေါ် ပဲ လွှဲချ မနေပါနဲ့ ”

စကား ကို တစ်ခါ မှ မာမာထန်ထန် မပြောဖူးသော မြင့်စန်းရီ ထံ မှ ထို စကားမျိုး ကြား ရတော့ အံ့အားသင့် နေမိသည် ။

“ ရှင်တို့ နှစ်ယောက် အတူ လုပ်ခဲ့ကြပြီး နှစ်ယောက် အတူ အပြစ် ရှိတဲ့ ဟာ ကို စောကြည်ဖြူ တစ်ယောက် တည်း အပြစ် ရှိတယ် ဆို ပြီး လွှဲချတာတော့ ကျွန်မ လက်မခံနိုင်ဘူး ၊ ဒါပဲ ”

ပြောပြီး ဆောင့်ကြီး အောင့်ကြီး နှင့် ကား ပေါ် တက် သွား၏ ။

ဤသို့ ချစ်ရပါသော မြင့်စန်းရီ ။

ကျွန်တော့် ဘက် မှ မခံမရပ် ဖြစ်ရသော မြင့်စန်းရီ ကို ကြည့်၍ ကျွန်တော် လည်း ကြောင်ငေး နေမိသည် ။ ထိုတော့မှ မျက်ရည်လည်ရွဲ ငိုပွဲ ဆင် နေသော အန်တီကြီးများ က လည်း မျက်ရည်များ ပင့်သုတ် ပြီး

“ ဟုတ်သား .. နင် က လည်း ကိုယ်တိုင် ပါဝင် ဆတ်ဆော့ခဲ့ပြီး သူများ ကို အပြစ် ပုံ ချနေတယ် ၊ နောက် မဖြစ်စေနဲ့ ”

“ ဟုတ်ပါ့ ... အဟုတ် မှတ်လို့ ငို မိပါတယ် ၊ သရုပ်ဆောင်ကြီး နောက်ဆို ဆင်ခြင် ဒါပဲ ”

ဆို ကာ ကား ပေါ် တက် ကုန်ကြ၏ ။

“ ဒီကောင်တွေ လုပ်တာနဲ့ အတော် တောင် နောက်ကျ ကုန်ပြီ ”

ကျော်ကို က အားလုံး ပြောသမျှ မျက်နှာလေး ငယ်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ် နေ၏ ။ ပြီးမှ ကုပ်ချောင်းချောင်း ထပြီး ကျွန်တော့် နား ကပ် ကာ ...

“ တောက် ... အကယ်ဒမီ ရခါနီး မှ ကပ်ပြီးတော့ ကွာ ”

ဟု မကျေမချမ်း ရေရွတ်သည် ။ ပြီးနောက် ရင် ကော့ပြီး

“ တွေ့တယ် မဟုတ်လား ၊ မင်း ရှေ့ က ဆရာ မားမားမတ်မတ် ဖြေရှင်း သွားတာ ၊ ဟီး ... ဟီး ပွဲ ကို ပြတ်ကရော ”

သူ့ စကား ကို ကျွန်တော် လည်း သည်းမခံ နိုင်တော့ဘဲ

“ ဘာ ... မားမားမတ်မတ် ဖြေရှင်းတာလဲ ၊ ကျုပ် ကို လည်း လူယုတ်မာ ပြောသေး ၊ သူ့ ကျတော့ မျက်နှာငယ် နဲ့ ငိုသေး ”

ကျော်ကို က သွား ကို ဖြဲခနဲ လုပ်ပြီး

“ ဟဲ ... ဟဲ ဒါကတော့ကွာ ပညာ ပေါ့ ၊ တောက် အရက်နာ ကျ လို့ ခေါင်းကိုက် နေရတဲ့ ကြား ကွာ မျက်ရည်ပါ ချူ နေရတော့ ပို ဆိုး ရော ၊ ခေါင်း ကို တူ နဲ့ ထုနေတဲ့ အတိုင်းပဲ ”

ကျွန်တော် စိုးရိမ် သွားသည် ။

“ ဟင် ... ဒါဆို ကား က မောင်းနိုင်ပါ့ဦးမလား ”

ကျော်ကို ဖြဲခနဲ ရယ်သည် ။

“ မပူပါနဲ့ ကွာ ... မောင်းရင်း နဲ့ အိပ် သွားတာပေါ့ ”

“ ဟင် ”

ခေါင်း မှာ ကိုက်ကိုက်ကြီး နှင့် ကြီးတက် သွား ပြန်သည် ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment