❝ အချိုကြိုက် လူမိုက် ❞
ခက်တော့ အခက်သား ။
စိတ် ထဲ မှာ အခုထိ လွန်ဆွဲ နေတယ် ။ တကယ်တော့ အိမ် က ထွက် လာ ကတည်း က စိတ် ပြတ်ပြီးသား ။ အိတ် ထဲ မှာ ပုလင်းခွံ ထည့် လာ ပြီး သား ။ ဒီ ဆိုင် ကို သွားမယ်လို့ ဆုံးဖြတ် ပြီး သား ။ ဘယ့်နှယ့် စက်ဘီး နင်း ရင်း လမ်း ကျ မှ စိတ် နှစ်ခွ ဖြစ်ရတယ်လို့ ။ ဟုတ်တော့ လည်း ဟုတ်တယ် ။ မရောက်တာ ကြာတော့ ဝင်ရ မှာ ရွံ့တယ် ။ မတွေ့ရ တာ ကြာ တော့ မြင်ရ မှာ တွန့်တယ် ။ ဒါထက် ဆိုး တာက “ လိုချင် မှ လာရသလား ကွ ” ဆိုတဲ့ ဒီကောင့် အကြည့် ကို မခံချင်တာပဲ ။
မတတ်နိုင်ဘူးလေ ။
အပို ကုန်ရမယ့် ငွေ နှစ်ဆယ် ၊ အစိတ် ကို နှမြော မိတာပေါ့ ။ ဒီ ငွေ နဲ့ ဆို ဘာပဲပြောပြော စာအုပ်လေး တစ်အုပ် တော့ ရနိုင်မယ် မဟုတ်လား ။
မနေ့ က စာအုပ်ဆို င်မှာ တွေ့ ခဲ့တဲ့ ကဗျာစာအုပ်လေး ကို အခု ထိ တ သသ ဖြစ်နေမိတယ် ။ ဒါမှ မဟုတ် ဒီကောင့် ဆီ က မတောင်းဘဲ ပိုလိုတံဆိပ် ပိုးသတ်ဆေး သုံးရင် ကော ၊ ဒါဆို သိပ် လည်း မကုန် ၊ အောက်ကျို့ စရာလဲ မလိုဘူး ။
အင်း ... ပိုးသတ်ဆေး က စစ်ပါ မှ ၊ ပြီးတော့ ... အသုံးတည့် ပါမှ ။ စိတ် မချရတာ တော့ အမှန် ။ ကိုင်း ... မထူးပါဘူး ၊ ထွက်လာမိ မှ တော့ ဝင် လိုက်ပါတော့မယ်လို့ ယတိပြတ် ဆုံးဖြတ်ပြီး ရွှေမောင်း တိုက် ရောက်တော့ စက်ဘီး ကို မြောက်ဘက် ချိုး လိုက်တယ် ။ လမ်းလယ်ဘုရား ရှေ့ ရောက် မှ တောင်ဘက် ကို “ ဂ ” ငယ်ကွေ့ ပြန် ကွေ့ရင်း ကားကြို ကားကြား က နေ စက်ဘီးလေး ကို အသာ ထောက် ရပ်လိုက်တယ် ။ ပြီးတော့ မှ ကားကြို ကားကြား က နေ ဆိုင် ထဲ လှမ်း ကြည့် မိတာ ပေါ့ ။
လား ... လား ထင်တဲ့ အတိုင်းပဲ ၊ ဟို ပုဂ္ဂိုလ် က ရောက် နေပြန်ပြီ ။
••••• ••••• •••••
စက်ဘီး ထောက် လိုက် ကတည်း က မြင်မှာ ပါ ။ နှစ်ယောက် စလုံး ဆို င်ထဲ က ထွက် လာပြီး ပျူပျူငှာငှာ ပဲ လှမ်း ခေါ်ကြပါတယ် ။
ဟုတ်တယ်လေ ။
မပျူငှာ လို့ ၊ မဖော်ရွှေ လို့ ဘယ် ဖြစ်မလဲ ။ သူ့ ဆိုင် ထဲ ရောက် နေမှ တော့ မပျူငှာချင်လဲ ပျူငှာ ၊ မဖော်ရွေချင် လည်း ဖော်ရွှေ ရတော့မှာ ပေါ့ ။
တကယ်တော့ သူတို့ ဘာသာ ဘာ အကောင်ကြီးတွေ ဖြစ်ဖြစ် ဘာကြီးတွေ ပိုင်ဆိုင် ပိုင်ဆိုင် ပေါ့ ။
ဒီမယ် ငါးတန်း ကနေ ဘွဲ့ ရပြီး သည် အထိ လည်ပင်း ဖက် လာခဲ့တဲ့ အကောင်တွေပါ ။ ဟို ပုဂ္ဂိုလ် ဆို ကိုယ် နဲ့ က သူငယ်တန်း ကတည်း က ခုံ လုဖ က် ၊ ကိုရင်ဝင်းမြင့် ဆွမ်းခံ လာတဲ့ သပိတ် ထဲ က ထမင်း ဘတ်လပိုင် အတူ နှိုက်ဖက် ၊ သူ့ အိမ် ကိုယ် အိပ် ၊ ကိုယ့် အိမ် သူ အိပ် အကောင် တွေပါ ။
ဒါတောင် ဟို ပုဂ္ဂိုလ် ၊ အဲ .. တင်ဆန်း ပေါ့ ။ ရိ သလိုလို ငေါ့ သလိုလို နဲ့ ။ “ ဟ ... ဆရာသမား ဘယ်က မျက်စိ လည်လာတာလဲ ” တဲ့ ။
သိန်းတိုး က တော့ ထုံးစံ အတိုင်း သူ့ ဗိုက်ဖောင်းဖောင်း ကို ပွတ် ရင်း သွားတက် ပေါ်အောင် တဟဲဟဲ ရယ် နေတယ် ။ ပြီးတော့မှ “ လာကွာ အထဲ ဝင်ထိုင် ၊ တင်ဆန်း ရောက် နေတာနဲ့ အတော်ပဲ ” လို့ ပြော ရင်း ဆိုင် ထဲ က သူ့ စားပွဲ ဘေး မှာ ခုံထိုး ပေးတယ် ။
ထိုင်မိ တော့ မှ သိန်းတိုး က ... “ ဘယ်လိုလဲ ၊ အဆင်ပြေရဲ့ မဟုတ် လား ” တဲ့ ပုလင်းလွတ် ပါတဲ့ လွယ်အိတ် ကို ပေါင်ကြား ထဲ အသာ ညှပ်ထား ရင်း သူ က ထုံးစံ အတိုင်း မေးတဲ့ မေးခွန်း ကို ကိုယ် က လည်း ထုံးစံအတို င်း “ ဒီလိုပါပဲကွာ ” လို့ ဖြေ လိုက်တယ် ။
တင်ဆန်း က တော့ သိမ်းတိုး စားပွဲ အစွန်းပေါ် ပိုင်စိုးပိုင်နင်း တင်ပလွဲ ဝင် ထိုင်လိုက်တယ် ။
ဒါက သူ့ အကျင့် ။ ပြီးတော့ အော်ကြီးဟစ်ကျယ် နဲ့ “ ဟေ့ကောင် ၊ မင်း တို့ နား က ဟို ဆရာမ လေး ရှိသေးလားကွ ၊ ဟိုကွာ .. အရင် ငါ လာပြီ ဆိုရင် မင်းတို့ အိမ် ကို အကြောင်း မရှိ လာတဲ့ ကောင်မလေးကွာ ” လို့ တဟီးဟီး ရယ်ပြီး အသားယူ ပြောနေတော့ သူ့ တံတွေးစက် တွေ ရှောင် ရင်း ကိစ္စပြတ် “ ယောက်ျား ရသွားပြီ ” လို့ ဖြေ လိုက်ရတယ် ။ ဒီတော့မှ လေပြေလေး နဲ့ “ မင်းကလဲ လုပ်ပြန် ပြီ ” တဲ့ ။
ဟုတ်တယ် ။ ဒီကောင့် ကို သိပ်ပြီး စကား ထောက် ချင်တာ မဟုတ်ဘူး ။ မထင်မှတ် ဘဲ ကြုံရ တာ ကို စိတ် ကသိကအောက် ဖြစ်လှပြီ ။
စဉ်းစားကြည့်လေ ။
စက်ဘီးလေး ချောက်တိ ချောက်ချက် နဲ့ တုန်း က အိမ် ကို ချောင်း ပေါ က်မတက် ။ သူ့ အိမ် က ဈေးချို နား မှာ ဆိုတော့ အာဠာဝီလမ်း အတိုင်း အရှေ့ တက် လာပြီး မြင်းစာရေးကြီး ဝင်း ထဲ က ကိုယ့် အိမ် မှာ တစ်ထောက် နား ၊ ကိုယ် တိုက် တဲ့ လက်ဖက်ရည် သောက် ၊ ပြီးမှ အာဠဝီ တံခါး က နေ သူ့ အလုပ် ရှိရာ ကို သွား တာ ကိုး ။
အဲဒီ တုန်း က သိန်းတိုးဆိုင် ရှေ့ နေ့တိုင်း ဖြတ်ရ ပေမဲ့ ဝင် တဲ့ ကောင် မဟုတ်ဘူး ။ “ သိန်းတိုး ဆိုင် ဝင်သေးလား “ မေးရင် တောင် “ မဝင်ပါဘူး ကွာ ၊ ဒီကောင် က အခု တို့ ကို အဖက် လုပ်တာ မဟုတ်ပါဘူး ” ဘာညာ ပြောတဲ့ ကောင် ။
ပြီးတော့ .. လစာ နဲ့ မလောက် လို့ ညည်းလိုက် ညူလိုက် တာ များ ။
အဖေ က ဆို အိမ် ဝင် လာရင် သူ့ ကို ထမင်း ကျွေး ပြီးမှ ပြန် လွှတ်တာ ။
ဟော မကြာပါဘူး ။ ဒီကောင် ဗထူး ရောက် ၊ လာရှိုး ရောက် နဲ့ မန္တလေး လည်း ပြန်ရောက် ။ ပြီးခဲ့တဲ့ တစ်နှစ် လောက် က စပြီး နတ်ရေကန် ထဲ ပစ်ချ ခံရသလား အောက်မေ့ရတယ် ။ ပြောင်ပြောင် ရောင်ရောင် ဖြစ်လာရော ။
ပြောင်ရောင် ရုံ ဘယ် က မလဲ ။ စူပါကပ် နဲ့ ။ ဟို လေယာဉ်ပျံ ကွင်း နား မှာ လဲ မြေကွက် နဲ့ ဖြစ်လို့ ။
ပြောပါပြီကော ...
အဲဒီ ကတည်း က အိမ် ဘက် ခြေဦး လှည့်တော် မမူတော့ တာ ။ သိန်းတိုး ဆိုင် မှာ ပဲ ဓာတ်ကျ နေတော့တာ ။
ပြောလို့ သာ ပြောရတာ ပါ ။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ မဟုတ်ပါလား ။
သိန်းတိုး လည်း အလုပ် မရခင်တုန်း က ချွတ် ဆို ကိုယ့် လာခေါ် ။ အဲဒီ တုန်း က အခု စီး နေတဲ့ ကိုယ့် စက်ဘီးလေး က ဆေးသုတ် ပေါင်းတင် ပြီးစ ဆိုတော့ ဆေးရုံကြီး တောင်ဘက် က သူ ရစ် နေတဲ့ ကောင်မလေး ဆီ သွားတိုင်း သူ့ ဖီးလစ်ဘီးကြီး အိမ်ထိုး ထားပြီး ကိုယ့် ဘီး စီးထွက်လာ ။ တစ်ခါ တစ်ခါ ကိုယ့် လည်း မရမက ခေါ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရင် ဖွင့် တာ နေ့စဉ်ပါပဲ ။
ပြီးတော့ သူ အလုပ်ရ ၊ နယ်ပြောင်း ၊ မကြာပါဘူး ၊ မန္တလေး က အခု နေရာ ရောက်လာတာ ပါပဲ ။
ဒီတုန်း က ကိုယ် က လည်း အရောင်းဆိုင် တစ်ဆိုင် မှာ စားပွဲ တစ်လုံး ၊ ဖုန်း တစ်လုံး သုံးပိုင်ခွင့် ရ ထားတော့ သူ့ ဆီ ကနေ ကိုယ့် ဆီ ဖုန်း တစ်ဂွမ်ဂွ မ် ဆက် ၊ ဗီဒီယို ချိန်း ကြည့် ၊ ဈေးချို ထဲ သွား ပတ် နဲ့ ။
ဟော ကိုယ် လည်း အလုပ်လက်မဲ့ ဖြစ်ရော သူ လည်း မဟာမြိုင် မှာ သူ့ ဆရာ က ပေးတာ လို့ ပြောတာပဲ ။ ( ဒီခေတ် က မေတ္တာ နဲ့ ပေးတာကမ်းတာ ခေတ်စားနေတာကိုး ) ။ ဝင်း နဲ့ ခြံ နဲ့ ၊ ဖုန်း နဲ့ ကား နဲ့ ဖြစ် သွားရော ၊ ကျုပ် အဖေ သေတာ တောင် သူ့ ဆရာ တိုက်တက် ရှိနေလို့ မလာတဲ့ ကောင် ။
ကိုယ် အဆင် မပြေတာ သူတို့ ကြား မှာ ပေါ့ ။
ဒါကြောင့် တစ်လောက လမ်း မှာ ဖတ်ခနဲ တွေ့တာ နဲ့ ကား ကို ထိုးရပ်ပြီး “ ဟေ့ကောင် အဆင်ပြေလား ၊ ငွေ လိုရင် ဒါကို ယူလေ ” လို့ ဆိုပြီး သူ့ လက်သူကြွယ် က ဝတ် ထားတဲ့ လက်စွပ် ချွတ် ပေးပါတယ် ။
အနည်းဆုံး တစ်မက်သား တော့ ရှိမှာ ပေါ့ ။
နိုး .. နိုး ။ ဘယ်လောက် ငတ် နေပါစေ ၊ ကိုယ် မယူပါဘူး ။ အရင် က လို လည်ပင်းဖက် နေကြချိန် ဆို သူ မပေးလည်း ယူ မှာ ။ အခုတော့ ခေါင်း ရမ်းလိုက်တယ် ။
သူ က နားမလည် သလို ကြည့် နေတယ် ။
တကယ်တော့ ကိုယ် အဆင် မပြေနေတဲ့ အချိန် မှာ အိမ်ရှေ့ ကား ထိုး ရပ်ပြီး ကိုယ့် အိမ် က ထမင်းတစ်နပ် ဝင် စား သွားတောင် ဝမ်းသာတယ် ၊ ကျေနပ်တယ် ။
အခုလို လမ်း မှာ တွေ့ မှ ကား ထိုးရပ်ပြီး ထိုင်ရာ မထ လောကွတ် လုပ်တာမျိုးတော့ ဆောရီး ပဲ ။
••••• ••••• •••••
ဒီတော့ ကိုယ်တို့ အနေ ဝေး သွားကြတယ် ။
သူ့ ဆိုင်ဘက် ရောက် ပေမဲ့ ၊ ကြုံ ပေမဲ့ သေချာ ကွင်းသွားတယ် ။ အဲ ... ဆိုင်ရှေ့ ဖြတ် မိလို့ မြင် ရင်တော့ ဇွတ် ခေါ်တတ်တယ် ။ ပြီးတော့ .... သူ လုံးဝ မအားကြောင်း ၊ ဆိုင် ပိတ်ရက် မှာ ကို အိမ် မှာ သူ့ ဆရာ ဆီ က အလုပ် များကြောင်း ၊ ညည်းမယ် ။ ဘာ စားမလဲ ၊ ဘာ သောက်မလဲ ပျာပျာ သ လဲ ပြောမယ် ၊ သူ့ ဘက် က မပြောင်းလဲဘူးပေါ့ ။
ဝှူး ...
ဒီလို ပုဂ္ဂိုလ်တွေ ဆီ အခု နှစ်ဆယ် အစိတ်တန် ပစ္စည်း အတွက် လာ ရ တော့ အောက်ကျို့ ရာ ရောက် နေသလား စဉ်းစားတာပေါ့ ။
သိန်းတိုး က “ ဟေ့ကောင် ဘာ ငေါင် နေတာလဲ ၊ လက်ဖက်ရည်ဆိုင် သွားမယ်ကွာ ၊ မဆုံ စဖူး ၊ တို့ သုံးယောက် ဆုံတုန်း အိုလံပီယာ သွားမယ် ၊ ဒါမှ မဟုတ် နိုင်လွန် သွားမလား ” တဲ့ ။ လောကွတ်တွေ လောကွတ်တွေ ။
တင်ဆန်း က တော့ “ ဟေ့ကောင် ကြုံတုန်း သိန်းတိုး ကို ညှဉ်း သွားကွ ၊ ဒီကောင် သင်္ကြန် နား နီး လို့ သိပ် ထောနေတာ ” တဲ့ ။ ကိုယ် က အင်းမလှုပ် အဲမလှုပ် ။ လွယ်အိတ် ထဲ က ပုလင်းလွတ်လေး စမ်း ကြည့်ပြီး ချီတုံချတုံ ဖြစ်နေတာပေါ့ ။
ဒီလို ကိုယ် တုံနိဘာဝေ ဖြစ် နေတော့ ဒီကောင်တွေ အား မရတော့ ဘူး ။ သူတို့ က အရင် က လို ဟေးလားဝါးလား ဖြစ်စေချင်တာ ။ သူတို့ ရှေ့တော်မှောက် ရောက် တုန်း ပြောပါတယ် ။
ကိုယ် က လည်း ဟန်ဆောင် စကား ပြောဖို့ အတော် ခက်နေပြီ ။ ဒီ အချိန်မှာ ပဲ ကိုယ် ဆုံးဖြတ် လိုက်ပါပြီ ။
ကိုယ် က အပေါ်စီး ရ ပြီလေ ။ အောက် မကျို့ဘူး ။
ဒါနဲ့ အိတ် ထဲ က ပုလင်းလွတ် ကို အသံ မမြည်အောင် ကိုင် ပြီး မှ ဖြုန်း ဆို ထလိုက်တယ် ။
“ သွားတော့မယ် ကွာ ၊ အလယ်ပေါက် သွားရဦးမှာ ၊ အိမ် က စာအုပ် သေတ္တာ ခြ တက် နေလို့ အဲဒါ ပိုလိုပိုးသတ်ဆေး တစ်ဘူး လောက် သွား ဝယ်မလို့ ” ဆိုပြီး ဆိုင်ပြင် ထွက် လိုက်တယ် ။
သိန်းတိုး က ပျာပျာသလဲ နဲ့ ... “ ဟကော င်ရ ၊ နေပါဦး ၊ ကြုံတောင့်ကြုံခဲ ကွာ ၊ စကား ပြောရ အောင်ပါ ၊ ခဏလေး စောင့်ပါကွ ” လို့ ပြောတုန်း ဘောက်ဆာ တစ်စီး ဝင် လာလို့ ဒီကောင် အလုပ် အရှုပ် မှာ ...
“ သွားမယ်ကွာ ၊ အိမ်မှာ လူ မရှိဘူး ” ဆိုပြီး စက်ဘီးလေး သော့ ဖွင့် ပြန် ထွက်ခဲ့တယ် ။
အရေးထဲ ခြတက် နေတဲ့ စာအုပ်တွေ နဲ့ သေတ္တာ ကို ဖြန်း ဖို့ ဓာတ်ဆီ တစ်ပုလင်းလောက် တောင်း ရအောင် ယူ လာတဲ့ ပုလင်းခွံ ထည့် လာတဲ့ လွယ်အိတ် က စက်ဘီး က်ကိုင် နဲ့ ငြိ နေသေး တယ် ။
စက်ဘီး ပေါ် အတက် ဆိုင် ထဲ က လှမ်း အော်သံ ကြား ရတော့ ဒီ အသံ က ကိုယ့် အတွက် အဖိုး တန် လိုက်တာ ။
စာအုပ်တွေ အတွက် ဓာတ်ဆီဖိုး လည်း မလို ၊ ပိုးသတ်ဆေး လည်း မ လိုတော့ တာ တွေး ပြီး အလယ်ပေါက် မသွားတော့ ဘဲ အိမ် ကို ပဲ သုတ်ခြေ တင် လိုက်တယ် ။
ဒီတစ်ခါ တော့ ဒီ နှစ်ယောက် ကို ကျေးဇူး တင် လိုက်တာ ။
ဟုတ်တယ်လေ ။
အဲဒီ စကား ကို အသည်း ထဲ စွဲပြီး မှတ်ထား တာပါ ။
ဘာတဲ့ ...
“ ခြ တက်တာ ပိုးသတ်ဆေး မလိုဘူး ဟ ၊ အဲဒီ နေရာ ထန်းလျက် တစ်ခဲ ထားလိုက် ၊ ထန်းလျက် ကို အုံ တဲ့ ပုရွက်ဆိတ်တွေ က ခြ ပါ စားသွား တော့ ခြမျိုး ပြုတ်ရောပေါ့ ” တဲ့ ။
ဆိုးတာက ဒီ စကား ကို အော် ပြောတာ တင်ဆန်း လား ၊ သိန်းတိုး လား ဆိုတာတော့ အခုထိ မသိသေးတာပဲ ။
◾ ဆူးငှက်
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
၁၉၉၀ ပြည့်နှစ် ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment