Thursday, May 2, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၄ )


 နေရောင်ပင် မခသေး ကျောင်းကြီး အောက် မို့ အေး နေသည် ။ 


“ ဝေါ့ ... ထွီ ”


မျက်နှာ ပေါ် မှ ဒဏ်ရာများ ကို ကြပ်ထုပ် ထိုး ဆေးထည့် ပေး နေသော ကပ္ပိယ ဖိုးသက် မှ မျက်နှာ ကို ကသိုဏ်း ရှုရင်း ပျို့ချင်စိတ် ကို မနည်း ထိန်း နေရပုံ ပေါ်သည် ။


“ အင်း ... မောင်ရင့် အဖြစ် က တော့ အထူးအဆန်း ပါ ပဲ ၊ မင်္ဂလာဆွမ်းသွပ် ”


“ အာ .. မင်္ဂလာဆွမ်းကျွေး ပါ ဗျ ၊ ဘယ့်နှယ် ဆွမ်းသွပ် ရ မှာ လဲ ၊ မင်္ဂလာ ဆောင် တာ သေ သွားတာ မှ မဟုတ်တာ ”


“ အေး .. မင်္ဂလာဆွမ်းသွပ် ၊ အဲလေ ... အဲ စေ့စပ်ပွဲ မှာ မှ ပျက်စီးခဲ့ရ တယ်လို့ ၊ ဒါမျိုး ဟာ ကမ္ဘာ မှာ တောင် တစ်ယောက် နှစ်ယောက် ပဲ ရှိ မလားပဲ ”


“ အဲဒါကြောင့် ပြောတာပါဗျာ ၊ ကံ ဆိုးလွန်းလို့ သင်္ကန်း စည်းခဲ့ တာ လည်း လေးကြိမ် ရှိခဲ့ပါပြီ ။ ဒါပေမဲ့ စည်းတုန်း သာ ကောင်း ပြီး လူဝတ် လဲ ရင် အညံ့ က မပျောက်ဘဲ ကပ်ပါ နေတော့တာ ” 


ကပ္ပိယ ဖိုးသက် က ခေါင်း တညိတ်ညိတ် နှင့် ကွမ်း လှမ်း ထွေးလိုက်သေးသည် ။


“ ဒါကတော့ ရှေးကံ ကို ပဲ အပြစ် တင် ရ မှာလား ၊ မင်း ကိုယ်တိုင် ကို က အသုံး မကျတာလား တော့ မသိဘူး ၊ မင်း အဖြစ် က ခုန ငါ ပြော သလို ဆွမ်းသွပ် လိုက်တာသာ ကောင်း ”


ရှိုးတိုးရှမ်းတမ်း ဖြစ်ရ ပြန်သည် ။ တည့်တည့် ပြောရန် အားနာ ၍ သွယ်ဝိုက် ပြောဟန် တူပါသည် ။


“ ဒါဖြင့် မင်း အခု ဘယ်လို ဆက် လုပ်မယ် စိတ်ကူး ထား လဲ ” 


“ ကျွန်တော် သိချင်တာ မြင့်စန်းရီ ကို ဘယ် အချိန် တွေ့ နိုင်တယ် ဆိုတာ ကို ပါ ”


ကိုဖိုးသက် မျက်မှောင် ကျုံ့ သွားသည် ။


“ အေး ... ဒီ ကလေးမ ရောက် ကတည်း က အပြင် သိပ် ထွက် တာတော့ မတွေ့ဘူး ၊ အဲ နေဦး မနက် မနက် တော့ အရုဏ်ဆွမ်း ထ လောင်းသား ”


“ အရုဏ်ဆွမ်း .. ဟုတ်လား ”


ကျွန်တော် ခေါင်းထောင် ထ မိသည် ။


“ ဟကောင် ရ .. ငြိမ်ငြိမ် နေပါဟ ၊ တကတည်း အရုဏ် ဆွမ်း အသံ ကြားတာ နဲ့ အခုပဲ ထ ဘုန်းပေးတော့မဲ့ အတိုင်း ” 


“ အရုဏ်ဆွမ်း ဆိုတော့ မနက် အစောကြီး ပေါ့ နော ” 


“ အေးလေ ကွာ ... မင်း လည်း သင်္ကန်း အကြိမ်ကြိမ် စည်း ခဲ့တာပဲ သိမှာ ပေါ့ ၊ မနက် လေးနာရီ လောက် ပေါ့ ”


“ ဒါ ... ဒါဆို မျက်နှာ ပေါ် က ဒဏ်ရာတွေ အမြန် ပျောက် အောင် လုပ်စမ်းပါ ကွာ ”


“ ဟ ... ဘာဖြစ်ရပြန်တာလဲ ”


“ ဟိုလေ ... ချစ်သူ နဲ့ တွေ့ ရ ချိန် မျက်နှာ မလှ မှာ စိုးလို့ ” 


“ ဪ ... မျက်နှာ မလှမှာ စိုးလို့ ဟုတ်လား ၊ ထွီ ရုပ် တင် မဟုတ်ဘူး အပြောအဆို က ပါ ကျက်သရေ တုံးနေတာ ” 


ကိုဖိုးသက် က ပြော လည်း ပြော မျက်နှာ ပေါ် ကြပ်ထုပ် ဖိ ထိုး လိုက်သည် ။


“ အား ... လား လား ရူပါရုံ အဓိက ဟာမို့ ပါ ဗျာ ၊ ဖြည်းဖြည်း လုပ်ပါ ”


မည်သို့ပင် ဖြစ်စေ ချစ်သူ နှင့် တွေ့ ရမည် ဟူသော စကား တစ်ခွန်း သည် ချစ်တတ်သူ တိုင်း အတွက် တော့ ကျေနပ်စရာ ။


ဤသို့သာပေါ့ မြင့်စန်းရီ ။


စစ်မှန်သော အချစ် သည် အုန်းပင် နှင့် တူပါသည် ။ မည်မျှ အိုမင်းပါစေ မည်မျှ လေတိုက် ခံရပါစေ တော်ရုံ ပြင်ပ အစွမ်းသတ္တိ နှင့် တော့ လဲကျရိုး ထုံးစံ မရှိ ။


မြင့်စန်းရီ နှင့် ပတ်သက် လျှင် တော့ ကျွန်တော် သည် အုန်းပင် ၊ သီးကင်း လည်း တွဲလွဲ ကျ နေပါပြီ ။ သို့သော် လူ မြင်မှာ စိုး၍ ထုတ် မပြတော့ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment