Thursday, May 2, 2024

အေးငြိမ်းသီတာ


 

❝  အေးငြိမ်းသီတာ ❞

အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်သူ ဦးတင်မောင်ကြည် နဲ့ ရင်းနှီးခဲ့ကြတာ ၁ဝ နှစ် ကျော် ပါပြီ ။ တိုင်းရင်းဆေးပညာ ဦးစီးဌာန မှာ တာဝန် ထမ်းဆောင် နေတဲ့ ကျွန်တော့် ညီ နဲ့ ပတ်သက်ပြီး သူတို့ မိသားစု နဲ့ ခင်မင် သွားခဲ့တာ ။ မုံရွာမြို့ ကို ရောက်တဲ့ အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ကို ကျွန်တော် သွား လည်လေ့ ရှိတယ် ။

ယခု တစ်ခေါက် မုံရွာ ကို ရောက် လို့ အေးငြိမ်းသီတာ စက်ရုံ ကို သွား လည်တော့ အလွန် သိသိသာသာ တိုးတက် ပြောင်းလဲ နေတာ ကို တွေ့ ရတယ် ။ စက်ရုံ အတွင်း ထဲ အထိ ဝင် ကြည့်တဲ့ အခါ သိပ္ပံရုပ်ရှင်ကား တွေ ထဲ က ဓာတ်ခွဲခန်း တွေ မြင်ရ သလိုပဲ။

စက်ရုံ အတွင်း မဝင်မီ အဝတ်အစား လဲလှယ်ခန်း မှာ ဆရာဝန်တွေ ဝတ် တဲ့ ဂျူတီကုတ် လို အပေါ်အင်္ကျီ ကို ဝတ် ရတယ် ။ နှာခေါင်းစည်း တပ် ၊ ဆံပင် ကို ဦးထုပ် နဲ့ သိမ်းပြီး ဆောင်း ရတယ် ။ ပြီးတော့ ပြင်ပ မှာ စီး လာ တဲ့ ဖိနပ် ကို စက်ရုံ တွင်း စီး ဖိနပ် နဲ့ လဲလှယ်ပြီး စီး ရတယ် ။ ပုံစံ က ခွဲစိတ်ခန်း ဝင်မယ့် ဆရာဝန် လိုလို ။ စက်ရုံ အဝင်ပေါက်ဝ မှာ အခန်းလေး တစ်ခန်း ထဲ ဝင် ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ် မှာ ကပ်ငြိ ပါ လာတဲ့ ဖုန် အမှုန်အမွှားတွေ ကို လေ နဲ့ မှုတ် ၊ စုပ် တယ် ။ လေချိုး သန့်စင် ပြီး မှ စက်ရုံတွင်း ဝင် ရတယ် ။ ဆေးဝါးစပ်ပုံ ၊ ကြိတ်ပုံ ၊ ရောနှောမွှေပုံ ၊ ဆေးတောင့် ဆေးပြား လုပ်ပုံတွေ က လည်း ခေတ်မီ စက်တွေ နဲ့ ဖြစ်နေတယ် ။ စက်တွေ ၊ အခန်းခန်း အဆောင်ဆောင် တွေ က စတီးရောင် မှန်ရောင် တွေ နဲ့ ဝင်းလက် နေ ပါတယ် ။

တိုင်းရင်းဆေးဝါး ဆိုရင် သံဆုံကြီးတွေ နဲ့ ထောင်းပြီး ရောင်း တဲ့ လျှက်ဆား လောက် သာ တွေ့မြင်ဖူး သူ ဆိုရင် တော့ အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ကို ရောက် သွားရင် ကိုယ့် မျက်စိ ကို  ကိုယ် ယုံမှာ တောင် မဟုတ်ဘူး ။ စက်ရုံ တွင်း ကို လှည့်လည် ကြည့်ရှုပြီး နောက် ဧည့်ခံဆောင် မှာ အတူတူ ထိုင်ပြီး ဆရာ ဦးတင်မောင်ကြည် ကြိုးပမ်း လျှောက်လှမ်း လာခဲ့ရတဲ့ ဘဝ လမ်းကြောင်း ကို ပြန်ပြောင်း ကြည့် ဖြစ်ကြတယ် ။ ဆရာ နဲ့ အတူ ဆရာကတော် ဒေါ်လှနှင်း လည်း ရှိနေတယ် ။

“ မိဘ တွေ က တောင်သူတွေ ၊ ကျွန်တော့် မွေးတဲ့ အချိန် စစ်ကြီး ပြီး စ ဆိုတော့ ရွာ မှာ ဓားပြတွေ တိုက်တယ် ။ ဒါကြောင့် မိဘ တွေ က မုံရွာ ပြောင်း လာပြီး ပွဲရုံ ဖွင့်တယ် ။ ကျွန်တော် ငယ်ငယ် က ရွာ မှာ ကျောင်း မနေခဲ့ရဘူး ။ အသက် တော်တော် ကြီး မှ ကျောင်း နေရတာ ။ ၁၉၅၄ ခုနှစ် မှာ ဆယ်တန်း အောင် တယ် ။ ငယ်ငယ် က ရည်မှန်းချက် က ဆရာဝန် လုပ်ဖို့ ။ ဆယ်တန်း အောင် တော့ ရန်ကုန် သွားပြီး တက္ကသိုလ် တက်တယ် ”

“ ဘာကြောင့် ဆရာဝန် ဖြစ် ချင်တာလဲ ၊ ကိုယ့် ပတ်ဝန်းကျင် မှာ အားကျစရာ ရှိလို့လား ”

“ အဲဒီတုန်း က လဲ ခုခေတ် လိုပါပဲ ၊ဆရာဝန်လိုင်း က အကောင်းဆုံး အနေအထား မို့ပါ ”

“ ဘာကြောင့် ဆရာဝန် မဖြစ်တာလဲ ”

“ ၁၉၅၇ ခုနှစ် မှာ မုံရွာ ကို မီးကြီး လောင်တယ် ။ ကျွန်တော့် အဖေတို့ ရဲ့ ကုန်တွေ ရော ဂိုဒေါင်တွေ ရော ဆုံးရှုံးတာ ။ ဒါနဲ့ ကျောင်း ဆက် မတက်နိုင်ဘဲ ပြန်ခဲ့တာ ။ အဲဒီ အချိန် မှာ ဒေါ်လှနှင်း နဲ့ အိမ်ထောင်ကျ နေပြီ ”

အိမ်ထောင် ကျ တာ ဘယ်နှခုနှစ် မှာ လဲ မေးတော့ ဦးတင်မောင်ကြည် က ပြန် စဉ်းစားတယ် ။ နောက်တော့ အကူအညီ တောင်းတဲ့ သဘော နဲ့ နံဘေး မှာ ထိုင် နေတဲ့ သူ့ ဇနီး ရဲ့ မျက်နှာ ကို လှမ်းကြည့်ပါတယ် ။ ကျွန်တော် က ဒါမျိုး မေ့လို့ မဖြစ်ဖူးနော်  အန္တရာယ် များတယ် လို့ ပြောတော့ ဆရာ က ရယ်တယ် ။ ပြီးမှ နေဦး ခုနှစ် နဲ့ မမှတ်မိဘူး လို့ ဆိုတယ် ။ ဆရာကတော် ဒေါ်လှနှင်း က ၁၉၅၄ ခုနှစ် မှာ အိမ်ထောင် ကျ တာ ။ သူ ဆယ်တန်း အောင် တော့ ကျတာပဲ ။ သူ နဲ့ ကျွန်မ က ဆွေမျိုး တော်တယ် ။ ကျွန်မ က ဖြူး သူ ဆိုပြီး ပြောပါတယ် ။

“ မုံရွာသား က ဒါလောက် ဝေးတဲ့ ဖြူးသူ နဲ့ ဘယ်လို ဖူးစာ ကြောင့် အိမ်ထောင် ကျတာလဲ ”

“ ဒေါ်လှနှင်း ရဲ့ အဖေ က လဲ ကျွန်တော့် ဇာတိ မင်းရွာသား ပဲ ၊ ဦးပုရှိန် တဲ့ ။ ဒီဘက် မှာ မိုးတွေ ခေါင် တော့ ဒီက လူတွေ အုပ်စုလိုက် အောက်ပိုင်း သွား အလုပ် လုပ်ကြတာ ။ ကျွန်တော့် အဖေ သူတို့ ဆီ သွားရင်း တွေ့လို့ ပေးစားတာ ”

ရန်ကုန် ကို တက္ကသိုလ် သွား တက်ခါနီး သား ကို စိတ်မချ လို့ အဖေ က မိန်းမ ရှာပြီး ပေးစားလိုက်တာ ထင်ပါတယ် လို့ ကျွန်တော် က ပြောတော့ သူတို့ လင်မယား ဟက်ဟက်ပက်ပက် ရယ်ကြ ပါတယ် ။

“ အိမ်ထောင် ကျ တော့ ဒေါ်လှနှင်း က မုံရွာ လိုက် လာပြီး ကျွန်တော့် အဖေ ပွဲရုံ မှာ ပွဲရုံစာရေး အဖြစ် လုပ်တယ် ။ ကျွန်တော် က ဆေးဘက် မှာ ဝါသနာ ပါ တော့ ကျန်းမာရေးမှူး သင်တန်း တက်ချင်စိတ် ဖြစ်ပြီး ဝင် ဖြေ လိုက်တော့ ပါ သွားရော ။ ၁၉၆၁ ခုနှစ် မှာ ကျန်းမာရေးမှူး သင်တန်း တက်ပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာ မှာ ပြီးတယ် ”

“ ဆေးပညာ နဲ့ ဝါသနာ ပြောပါဦး ”

“ အချို့က ကျွန်တော့် ကို မေးကြတယ် ၊ မိဘ က ကုန်သည်ပွဲစား ၊ ဘယ်လို က ဘယ်လို တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ ဖြစ်လာသလဲပေါ့ ၊ gene ( မျိုးစေ့ဗီဇ ) ခေါ်မှာလား ။ ကျွန်တော့် အဘွား က သူ့ ခေတ် နဲ့ သူ တော့ ဒေါ်မယ်မွှေး ဆိုပြီး မင်းရွာ မှာ တိုင်းရင်းဆေး ဆရာမကြီး ။ သူ့ ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့် ကို ပေးတယ်ပေါ့ ”

“ ကျန်းမာရေးမှူး သင်တန်း ပြီး သွားတော့ ဘယ်ဒေသတွေ မှာ တာဝန် ထမ်းဆောင်ရသလဲ ”

“ ပထမ ရောက် တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန ၊ အဲဒီက နေ ဂုံညင်းဆိပ် မှာ အာရ်အိတ်ချ်စီ အသင်း ဖွင့်တော့ သွားရတယ် ”

“ အာရ်အိတ်ချ်စီ ဆိုတာ ဘာလဲ ”

“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာန ပါ ။ ဂုံညင်းဆိပ် က နေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ချ်စီ ကို ၁၉၆၈ ခုနှစ် မှာ ပြောင်းရတယ် ။ အဲဒီ နောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန ။ အဲဒီက နေ အဆုတ်ရောဂါကု ဌာန မိုးမိတ် ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ် ။

ကျွန်တော် တို့ စကား ကောင်း နေတာ နေ့လယ် ၁၂း ဝဝ ထိုး သွားပြီ ။ အဲသည် အချိန်မှာ လျှပ်စစ်မီး ပြတ် သွားတယ် ။ စက်ရုံ က လည်ပတ် နေရတာ ။ ကျွန်တော်တို့ လည်း လျှပ်စစ်မီးရောင် အောက် မှာ စကား ပြောနေတာ ဖြစ်လို့ ဦးတင်မောင်ကြည် က စက် မောင်းကွာ လို့ ပြော လိုက်တယ် ။ စက် မမောင်းရသေး ခင် မှာပဲ လျှပ်စစ်မီး က ပြန် လာတော့ ဦးတင်မောင်ကြည် က  ကျားသားမိုးကြိုး ပဲ ၊ လန့်သွားတာပဲ ဗျာ လို့ ပြောပြီး ရယ်တယ် ။ပြီးတော့ ပြောလက်စ သူ့ စကား ကို ဆက် ပြောပါတယ် ။

“ မိုးကုတ် နဲ့ နီးတော့ မိုးမိတ် က အစစအရာရာ ဈေး ကြီးတယ် ။ ကျွန်တော် ရ တဲ့ ဝန်ထမ်းလခ နဲ့ ကလေးတွေ ကျောင်း ပို့ ဖို့ မလောက်င တော့ဘူး ။ ဒါနဲ့ မိုးမိတ်ဈေး အဝင်ဝ မှာ ဆိုင်ကလေး ဆောက်ပြီး နှင်းဝတ်ရည် အထည်ဆိုင် ဆိုတဲ့ နာမည် နဲ့အမျိုးသမီး က အထည်ဆိုင် ထွက်တယ် ။ ဝင်း စာပေ ဆိုပြီး စာအုပ် အငှားဆိုင်လေး လဲ ဖွင့်တယ် ။ ၁၉၇၇ ခုနှစ် ကျတော့ ပင်စင် ယူ လိုက်တယ် ”

“ ကျွန်တော့် သား အကြီး ကိုမြင့်ဇော် က မန္တလေး မှာ ကျောင်း နေတာ ၊ အမှတ် ( ၉ ) အထက မှာ ၊ သမီးအကြီး က အမှတ် ( ၈ ) ကျောင်း မှာ နေရတယ် ။ ဆိုလိုတာ က မိုးမိတ် မှာ ပေ နေ လို့ ရှိရင် ကလေးတွေ ပညာရေး အခက်အခဲ ရှိမယ် ။ စီးပွါးရေး က လဲ နောက်ကျတယ် ဆိုပါတော့ ။ အချိန် ရှိ တုန်း အပြင် ထွက်ပြီး အလုပ် လုပ်ကြမယ် လို့ လင်မယား နှစ်ယောက် တိုင်ပင်ပြီး ပင်စင် ယူ လိုက်တာ ”

“ ပင်စင် ယူပြီး မုံရွာ ပြန် လာခဲ့တာလား ”

“ မုံရွာ ပြန်လာခဲ့တာ ၊ မိုးမိတ် က ပင်စင် ယူပြီး လာခဲ့တဲ့ ၁၉၇၇ ခုနှစ် က ၁၉၈ဝ ပြည့်နှစ် လောက် အထိ တော်တော် ရုန်းကန် ခဲ့ ရတာ ။ လေဘေး အထည်တွေ လဲ ရောင်းခဲ့ရတယ် ။ မန္တလေး က အထည်တွေ ဝယ်ပြီး မုံရွာဈေး ထဲ မှာ အထည်ဆိုင် ဖွင့်တယ် ။ စာအုပ်အငှားဆိုင် ၊ ဗွီဒီယိုဆိုင် တွေ လဲ ဖွင့်တယ် ။ မင်းရွာ က ဆွေမျိုးတွေ နဲ့ အစုစပ် ကြာဆံစက် ထောင်တယ် ။ အဆင် မပြေဘူး ”

ဆရာဦးတင်မောင်ကြည် က ပြောလက်စ စကား ကို ခဏ နားပြီး သူ့ အတွေး နဲ့ သူ ရယ်တယ် ။ ပြီးမှ စကား ကို ဆက် ပြောတယ် ။

“ ခွေးရူး အကိုက် ခံရမယ့် အကောင် ယောင် ( သျှောင် ) ကလေး နဲ့ ဆိုသလိုပဲ ။ ဒါ ( အေးငြိမ်းသီတာ ) ဖြစ်ချင်လို့ နေ မှာ ။ ကြာဆံစက် က အဆင် မပြေတော့ အဲဒီ အလုပ် ကို ဇောက်ချ လုပ်လို့ က မရ ၊ သူများ လုပ် သလို ကူးသန်းရောင်းဝယ် တာ လိုက် လုပ် ကြည့်တယ် ။ ပို ဆိုးတော့ ဒီ အတိုင်း ဆိုရင်တော့ မဖြစ်သေးဘူး ဆိုပြီး ၁၉၇၉ ခုနှစ် လောက် မှာ တိုင်းရင်းဆေး ထုတ်လုပ် တဲ့ လုပ်ငန်း ကို လုပ်ဖို့ စိတ်ကူးတယ် ”

ဦးတင်မောင်ကြည် က ပြောလက်စ စကား ကို ရပ်ပြီး တည်ခင်း ထားတဲ့ အကြော် နဲ့ ရေနွေးကြမ်း ကို  စားဖို့ ကျွန်တော့် ကို ပြောတယ် ။ ကျွန်တော်တို့ စကားဝိုင်း ကို ခဏ ရပ်ပြီး ရေနွေးကြမ်း သောက်ကြတယ် ။

“ တိုင်းရင်းဆေးသိပ္ပံ က ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်း နဲ့ ဆရာကြီးကျော် တို့ က နယ်တွေ ဆင်းပြီး တိုင်းရင်းဆေးပညာ သင်တန်း တွေ ဖွင့်ကြတယ် ။ သင်တန်း တက်ပြီး စာမေးပွဲ ဝင် ဖြေတော့ ဒ - ဘ - န - ဝ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာ စာမေးပွဲ အောင်တယ် ။ ကျွန်တော်တို့ က လုပ်ငန်း လုပ်တဲ့ နေရာမှာ ပညာ နှစ်ရပ် နဲ့ လုပ်တော့ ပိုပြီး အဆင်ပြေတယ် ။ တစ်ဖက် က အနောက်တိုင်း ဆေးပညာ ၊ တစ်ဖက် က တိုင်းရင်းဆေးပညာ ”

“ ပထမဆုံး ထုတ်လုပ်တဲ့ ဆေး က ဘာ ဆေးလဲ ”

“ ပထမ အနောက်တိုင်း ဆေးပညာ အစွဲ နဲ့ အာယုဗလ သွေးညှိ သွေးဆေး ဆိုပြီး စထုတ်တယ် ။ အမှတ်တံဆိပ် က ခန္ဓာကိုယ် အတွင်း မှာ သွေးလှည့်လည် သွားလာပုံ ကို ဒီဇိုင်း လုပ်ပြီး ထုတ်တယ် ။ ဒါ ထုတ်တော့ များများ မထုတ်ရသေးဘူး ။ ဟိုပင် မှာ အာယုဗလ ဆိုတာ ထုတ်တာ နဲ့ တိုက် နေတော့ သွား ရော ။ နာမည် ချင်း တူ နေတာ ကိုယ် က အရင် သိတယ် ။ ကိုယ် က အရင် ရှောင် လိုက်တယ် ”

“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာ ပုံ ကော ”

“ ဗေဒင်ယတြာ ကိန်းခန်း နဲ့ မတွက်ချက် လို့ ယခုလို ဖြစ်ရတာလား ဆိုပြီး လယ်တီ စိတ္တသုခကျောင်းဆရာတော် ဦးမဏ္ဍလ ကို အကျိုးအကြောင်း လျှောက် တော့ အမှတ်တံဆိပ် ရဲ့ သင်္ကေတ ကို နေ ရဲ့ အသွင်သဏ္ဍာန် ပါရမယ် ဆိုလို့ ဥဒေါင်းမင်း ၊ အမည် ကို တနင်္ဂနွေနံ စ ပြီး စနေနံ ဆုံးရမယ် ဆိုလို့ အေးငြိမ်းသီတာ ဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ် နဲ့ ယူ လိုက်တယ် ။ စစချင်း လုပ်ငန်း မတည် ရင်းနှီးငွေ က နှစ်ထောင့်ငါးရာ ( ကျပ် ၂၅၀ဝ ) နဲ့ စ ခဲ့တာ ။ ဆေး လုပ်ငန်း ထဲ က ရတဲ့ ငွေ ဆေးလုပ်ငန်း ထဲ ပြန် ရင်းတာ ။ အိမ်စရိတ် ကို အမျိုးသမီး ရဲ့ အထည်ဆိုင် ၊ သားသမီးတွေ ရဲ့ စာအုပ်ဆိုင် ဗီဒီယိုဆိုင် က သုံးတယ် ”

ဆရာကတော် ဒေါ်လှနှင်း က ကျွန်မ က အသန့်အရှင်း ကြိုက်တယ် ။ သူ က သစ်ဖုတွေ ယူ လာ ၊ မနက် အစောကြီး ထပြီး သံဆုံ နဲ့ တဒုန်းဒုန်း ထောင်း ။ ဆန်ခါ နဲ့ အမှုန် ချ ။ အစတော့ ဒီ ဆေးတွေ က နံ လို့ ကျွန်မ က ဗျစ်တောက် ဗျစ်တောက် ။ နောက်ပိုင်း ကျ တော့ ကျွန်မ ပါ ဝင် ပါရတယ် လို့ ပြောတယ် ။ ဆရာကတော် ပြောတဲ့ အချိန် မှာ ဆရာ က တဟဲဟဲ ရယ်နေတယ် ။ သစ်ရွက်တွေ ရော ၊ ဘာတွေ ရော အိမ် မှာ ရှုပ်ယှက်ခပ် နေတာပဲ ။ နောက်တော့  ကိုယ် ပါ ဆေးလုံး ဝင် လုံးရတယ် ။ စ ခါစ က အပြားရိုက်စက် မဝယ်နိုင်သေးဘူး လို့ ဒေါ်လှနှင်း က ဆက် ပြောတယ် ။

“ ၁၉၉၅ ခုနှစ် မှာ ဆေးအပြားရိုက်စက်လေး ဝယ်တယ် ။ တစ်ခါ ရိုက် မှ တစ်ပြား ပဲ ထွက်တာ ။ ဂျောက်ခနဲ ရိုက် ၊ ဒေါက်ခနဲ ဆေးပြားလေး တစ်ပြား ထွက်တယ် ။ ကျွန်တော် က မနက် ၂ ချက် ၊ ၃ နာရီ ထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြား ရိုက်တာ ။ ကျွန်တော့် မိတ်ဆွေ တွေ က ပြောလေ့ ပြောထ ရှိတယ် ။ တစ်ဂျောက် တစ်ကျပ် ရတာ တဲ့ ၊ တစ်ကျပ် ဆိုတာ တော်တော် သုံး လို့ ရတဲ့ အခြေအနေ ”

“ ဘာဖြစ်လို့ မနက် အစောကြီး ထ လုပ်ရတာလဲ ”

“ အာရုံ က ဆေး ထုတ်တဲ့ အထဲ ပဲ ရှိနေတော့ အိပ် မပျော်ဘူး ။ စစချင်း မှာ အလုပ်သမား ရယ် လို့ လဲ မရှိသေးဘူး ။ နောက်တော့ အိမ်နား က မခင်ကောင်း လာ လုပ်တယ် ။ သူ က အခု ထိ ရှိ သေးတယ် ။ နောက် ကိုပြေအေး ။ ကျေးဇူးရှင်တွေ ပါပဲ ။ လျှပ်စစ်မီး က လဲ အဲဒီ အချိန် မှ ပို အဆင်ပြေတယ် ။ ည မှာ စိတ်အာရုံ စူးစိုက် နိုင် လို့ အလုပ် ထ လုပ်တာ ”

ဆရာကတော် က နေ့ နဲ့ ည လွဲသလို ဖြစ်နေတာ လို့ ပြောတော့ ကလေး ဆိုရင် လည်း အိမ် တံစက်မြိတ် အေက် မှာ မီး ထွန်းပြီး ရေချိုး ပေး လိုက်ရင် နေ့ နဲ့ ည လွဲတာ ပျောက်သွားမယ် လို့ အရွှန်းဖောက် တော့ သူတို့ လင်မယား က ဟုတ်ပါ့ ဟုတ်ပါ့ လို့ ပြောပြိး ရယ်ကြတယ် ။

“ အေးငြိမ်းသီတာ အစ မှာ ဘာ ဆေးတွေ ထုတ်သလဲ ”

“ သွေးညှိသွေးဆေး လဲ ထုတ် သေးတယ် ။ အကြော အားတိုးဆေး စ ထုတ်တာ နဲ့ ပေါက် တာပဲ ။ အကြော အားတိုးဆေး က တမာ ပါတယ် ။ ချင်း ပါတယ် ။ နနွင်း ပါတယ် ။ ပျားရည် ပါတယ် ။ သူ့ ထူးခြားချက် က ဒီ ဆေး ကို အစမ်း ထုတ် ကတည်း က သဘောကျ သူ များတယ် ။ အကြော ပြေတယ် ။ အကြောတက်စာတွေ စားတာ အဆိပ်ဖြေ သလို ဖြစ်ပြီး အကြော မတက်ဘူး ။ ဒီ ဆေး က စ ထွက်ထွက်ချင်း ဘယ်လောက် နာမည် တအား ကြီးသွားလဲ ဆိုရင် ရန်ကုန် မှာ တိုးဝှေ့ ဝယ်ရတဲ့ အဖြစ် ကို ရောက် သွားတာ ”

“ ဘဝ မှာ အလှည့်အပြောင်း ဖြစ်တဲ့ အချိန် က ဘယ် အချိန် ”

“ အကြောအားတိုးဆေး တွင်ကျယ်ချိန် ပေါ့ ၊ ၁၉၉၂ ခုနှစ် မှာ မုံရွာ စက်မှုဇုန် မှာ မြေနေရာ ဝယ်ပြီး စက်ရုံသေးသေးလေး စ ဆောက်တယ် ။ နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ ။ ကျွန်တော့် ကို အကူအညီ ပေးနေတဲ့ ဆရာ တွေ ရှိတယ် ။ ဒေါက်တာ မြင့်စိန် တို့ FAME က ဒေါက်တာ ခင်မောင်လွင် တို့ သူတို့ က ကျွန်တော့် ဆရာတွေ ပဲ ၊ သူတို့ က ကျွန်တော့် ကို ပြုပြင်ပေးတယ် ။ မသိတာ ရှိရင် ပြ ပေးတယ် ။ဒါနဲ့ ဒီလို အခြေအနေ ကို ရောက်လာတာပဲ ”

◾ကျော်ရင်မြင့်

📖 မော်ဒန် သတင်းဂျာနယ် 
      ၁၈ ဖေဖော်ဝါရီ ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment