Saturday, May 4, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၈ )


 နံနက်ခင်း လေပြည် က ချမ်း ပါသည် ။ ကား ၏ ပြေးနှုန်း လေပြည် ၏ အမြန်နှုန်း တို့ ကြောင့် ကား ပေါ် ပါလာသူ အားလုံး မှာ အနွေးထည်များ ၊ စောင်များ ဖြင့် ကိုယ်စီ အနွေးဓာတ် ရှာဖွေကြကုန်၏ ။


မြင့်စန်းရီ ခမျာ လည်း သစ်လွင်သော အနွေးထည် ဖြင့် အပြင် ရှုခင်းများ ကို ငေးနေလေသည် ။ ထို ထဲ မှာ ဘာ အနွေးထည် မှ မဝတ် ဘဲ ကား ပေါ် ဆတ်ဆလူး ထ နေသူ တစ်ဦး ရှိ၏ ။ အဲဒါ ကျွန်တော် ပင် ။


မြင့်စန်းရီ နှင့် တစ်ခရီး ထဲ သွား ရ၍ အလို လို နေရင်း အူးမြူး နေ မိသည် ။ မြင့်စန်းရီ ကို ကြည့် ၍ ရယ် ပဲ ရယ်ချင် နေမိသည် ။ 


“ လာနော် ... ကျိုက်ကော် သိမ်ဆိပ် ပါလား ၊ ဝေါ ပါလား ရန်ကုန် ၊ သာရဝေါ ၊ မြင်းခြံ ၊ မိတ္ထီလာ ၊ လိုက်ရင်က ချောင်တယ်မြန်တယ် ၊ ရောက်တယ် ၊ ရောက်တယ် ၊ ဘုရားဖူး... ဘုရား ... ဖူး ” 


ရွှင်မြူးစိတ် နှင့် အော်သံတွေ လွင်နေ၏ ။ ဒါကို အရှေ့နား က ဘုရားဒကာမကြီး တစ်ယောက် က ...


“ ဟဲ့ ... ဒီ ကား ဟာ ငါတို့ စင်းလုံးငှား ထားတာလေ ၊ ဘာတွေ လျှောက် အော်ပြီး ဘယ်သူ့ ကို တင်ဦးမလို့လဲ ”  


သူ့ စကား ကို နောက် တစ်ယောက် က လည်း ... 


“ ဟုတ်ပါ့တော် ... အေးရာအေးကြောင်း ဘုရားဖူး ထွက်ပါတယ် တကတည်း လမ်း လူ တင်ဦး မလို့လား ၊ ဟဲ့ ကျော်ကို နင် ဘာလုပ်တာလဲ ” 


သူတို့ စကား ကို ဒါရိုက်တာ ပြုတ် ဒရိုင်ဘာကျော်ကို က ဂီယာချိန်း ရင်း ...


“ အာ .. အရီးလေး တို့ က လည်း ဒီကောင် အာ ချောင်ပြီး လျှောက် အော်နေတာပါ ၊ မင်းသားရူး ငပေါလေး ပါ ၊ ဂရုစိုက် မနေပါနဲ့ ”  


ဟု ဆိုကာ ကျွန်တော့် ဘက် စောင်းပြီး ...


“ ဟေ့ကောင် ငပေါ ၊ အဲဒါ အာချောင်တယ် ခေါ်တာကွ ၊ အာချောင် မနေနဲ့ ” 


ပျော်ပြီးသား အပျော်သံတွေ ကို ပြန် မျိုချ လိုက်ရသည် ။ ချစ်သူ ရှေ့ ၊ လူ အများ ရှေ့ အာချောင်တယ် အပြော ခံရသည့် ဘဝ မည်မျှ ဆိုး သည် ကို သိလိုက် ရသည် ။ မွေးရာ ပါ ရှက်ကြော ပြတ် ခဲ့ သူ ပင် ရှက်ချင်ချင် ။


ချစ်သူ ကို ကြည့် လိုက်တော့ လည်း ရိုးအီ နေပြီ ဖြစ်သော အဖြစ်အပျက် မို့ ထင်သည် ။ ဘာမှ ထူးထူးခြားခြား မခံစားရ ၊ မမြင့်တမြင် ကား အပြင် မြင်ကွင်း ကို သာ ငေးရီနေသည် ။


ကျွန်တော် လည်း ချောင် နေသော အာ ကို ပြန် တည့်မတ်ပြီး နေရာ ပေး ထားသော ကားခြေနင်းခုံ ပေါ် သာ ငုတ်တုတ် ထိုင် နေ လိုက်တော့သည် ။


ဤသို့သာပေါ့ မြင့်စန်းရီ ၊ မြင်နေပါလျက် လွမ်း နေရသော ဘဝ ဘယ်သူက များ ရဦးမှာလဲ ။ အလှမ်းဝေးသော အရာ ၊ မမြင်တွေ့ နိုင်သော နေရာ မဟုတ်ပါဘဲ အကြည့် တစ်ချက် မျက်တောင် တစ်ခတ် မျှ တောင် မဝေးပါဘဲ ဘာကြောင့် လွမ်း နေရပါသလဲ ။ ခွဲခွာရတော့မှာ မို့လား ။ ဒါလည်း မဟုတ်လိုက်တာ ။


တစ်လှေ ထဲ စီး တစ်ခရီး ထဲ သွားနေကြတဲ့ ချင်ခြင်းမေတ္တာ နဲ့ လူတွေချည်း ပါပဲလေ ။ နေဝင်မိုးချုပ် ၊ ဒီ မျက်နှာ ဟို မျက်နှာ မြင်နေရ ဦး မှာပါ ၊ ဒါကို မင်း မကြည့်ချင် မမြင်ချင် သူ က အပြင် ကို ငေး လို့ မျက်နှာချင်း ဆိုင် ဆုံမှတ်တွေ ဝေးလို့ ။


အခုတော့ သူများ ဘုရားဖူး သွား တာ တဏှာ ရူး ပြီး လိုက်ရတဲ့ ဘဝ ။


အကုသိုလ် တွေ အတုံးလိုက် အတစ်လိုက် အမြစ်တွယ် နေတာ မဆန်းလှပါဘူး ။


သာယာလှပပါတယ် ဆိုတဲ့ စကား ကျွန်တော့် ကမ္ဘာ မှာ ပြား နေလေပြီ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment