Saturday, May 4, 2024

ဒိုင်ပွဲရပ် အချစ်


 

❝ ဒိုင်ပွဲရပ် အချစ် ❞

နဝရတ်တို့ နိုင်ငံ နဝရတ် နေထိုင်ရာ ဆိပ်ကမ်းမြို့ သို့ သင်္ဘော ဆိုက်ကပ်ပြီ ဖြစ်၍ ညွန့်မောင်ကြီး သိပ် ပျော်နေသည် ။ ချစ်ရသည့် နဝရတ်လေး အတွက် ဂျပန် မှ ဝယ်လာခဲ့သော အဝတ်ထည်များ နှင့် အလှပြင် ပစ္စည်းများ အပါအဝင် တိုတိုထွာထွာ ဟိုဟာဒီဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်ရာကျော်ဖိုး ခန့် ကို သေသပ်စွာ ထည့်သို ထုပ်ပိုး ၍ ကမ်း ပေါ် တက်ရန် အသင့် ပြင်ထားသည် ။ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်များ စစ်ဆေး ပြီးပါက ချစ်ရသည့် နဝရတ်လေး ရှိရာ သို့ အပြေး သွားမည် ၊ လက်ဆောင် တွေ တပွေ့တပိုက် ဖြင့် ပြန် လာသည့် မိမိ ကို မြင်လျှင် နဝရတ်လေး ဘယ်လောက်များ ဝမ်းသာ လိုက်မလဲ ဟု တွေး နေ မိသည် ။

နဝရတ် တို့ မြို့ ဆိပ်ကမ်း တွင် ကုန် ပြန်တင်ရမည် ဖြစ်၍ ရက်သတ္တ နှစ်ပတ် ခန့် ကြာ လိမ့်မည် ။ ယခင် တစ်ခေါက် က ပင် စီစဉ်ခဲ့ပြီး ဖြစ်သည့် အတိုင်း ယခု အခေါက်တွင် နဝရတ် အတွက် နိုင်ငံကူး လက်မှတ် ကိစ္စ ၊ နဝရတ် တို့ နိုင်ငံရှိ မြန်မာသံရုံး တွင် မြန်မာပြည် ဝင်ခွင့် ဗီဇာ ရရှိရေး ကိစ္စများ ဆောင်ရွက်ရန် ရှိသည် ။

နဖူးစာ ရွာလယ် ဟု ဆိုရိုး ရှိသော် လည်း ညွန့်မောင်ကြီး အဖို့မှာမူ နဖူးစာ ကမ္ဘာပတ်လည် ဟု ဆိုရ မလို ဖြစ်နေသည် ။ မြန်မာနိုင်ငံ တွင် ချစ်ကံ မွဲ ခဲ့လေ သမျှ နိုင်ငံခြား ရော က်မှ စန်းထ လာသော သူ့ ဘဝ အတွက် အထူး ကျေနပ် ပျော်ရွှင် နေသည် ။ နဝရတ် ကို လက်ထပ် ပြီး မြန်မာပြည် ခေါ် သွားမည် ၊ မြန်မာနိုင်ငံသူ ( မြန်မာစီတီဇင် ) ရအောင် လျှောက်မည် ။ သူ့ ကို ခေါက် သွားခဲ့ကြသော အမျိုးသမီး များ ၏ အိမ်ရှေ့ တွင် နိုင်ငံခြားပြန် သင်္ဘောသားကွ ဟု နိုင်ငံခြားသူ ဇနီးချော နှင့် အင်္ဂလိပ် လို စကား ပြောရင်း လမ်းသလား ပြမည် ဟု အားခဲ ထားသည် ။

ညွန့်မောင်ကြီး ကို သာကေတ မှာ ရှိသည့် သူ့ ပတ်ဝန်းကျင် က လှောင် ခေါ် ကြသည့် နာမည် အမျိုးမျိုး ရှိသည် ။ အမည်ရင်း ညွန့်မောင် ဖြစ်သော် လည်း ဂင်တိုတို ညိုတုတ်တုတ် ၊ ဝပြဲပြဲ ဗိုက်ရွှဲရွှဲ ဖြစ်၍ ‘ ကြီး ’ တစ်လုံး ထပ် ထည့်ပြီး ညွန့်မောင်ကြီး ဟူ၍
လည်းကောင်း ၊ ခဲ မှန်ဖူးသည့် စာဘုန်းကြီး ဟူ၍ လည်းကောင်း ၊ အမဲတုံး မိ ဖူးသည့် ကျီးကန်းကြီး ဟူ၍ လည်းကောင်း ၊ ချီး နင်းဖူးသည့် ချယ်ဂါရီဘီးကြီး ဟူ၍ လည်းကောင်း ဖြစ်သည် ။ အချို့ကလည်း ကရုဏာဒေါသ ဖြင့် ပြောကြသည် ။ “  စက်မှုတက္ကသိုလ် မှာ ဘွဲ့ ရခဲ့သော်လည်း အချစ်မှု လူပျို လှည့် ရာ မှာတော့ မူကြို အဆင့်သာရှိသူကြီး ” တဲ့ ။

ညွန့်မောင်ကြီး က တော့ ပတ်ဝန်းကျင် ကို ရော လောကကြီး တစ်ခုလုံး ကို ပါ စိတ်နာသည် ဟု ဆိုသည် ။ သစ္စာ အစစ်အမှန် မေတ္တာ အနှစ်အဆံ နှင့် မထိုက်တန်သော လောကကြီး ဟု နာကြည်းစွာ ဆိုသည် ။ တစ်ဖက် လူ ကို လျှော့ တွက်ပြီး အချစ်သရဖူ လုဘက်တွေ ကို ကတ္တီပါ လက်အိတ် စွပ်ပြီး ထိုးခဲ့မိ လို့ မေတ္တာကြိုးဝိုင်း ထဲ မှာ သုံးကြိမ် တိုင်တိုင် အသည်း ကွဲအောင် အလဲထိုး ခံခဲ့ရတာပါဗျာ ဟု ပြောလေ့ ရှိသည် ။

ညွန့်မောင်ကြီး ဆယ်တန်းကျောင်းသား ဘဝ တွင် ကိုးတန်းကျောင်းသူ အေးမြကြည် ကို အရူးအမူး ကြိုက် ခဲ့မိသည် ။ အပေါင်းအသင်း များ အကူအညီ ဖြင့် ချိန်းတွေ့ဖူးကြသော်လည်း ချစ်လွန်း မြတ်နိုးလွန်း ၍ လက်ဖျားလေး နှင့် မျှ မထိရက် မတို့ရက် ဘဲ ခပ်ခွာခွာ မှာ ထိုင်၍ အလှ ကြည့် နေခဲ့သည် ။ ကျောင်းစရိတ် ပိုက်ဆံ ကို ခြိုးခြံ သုံးစွဲပြီး ဆန်းဆန်း ပေါ် သမျှ ဝယ် ပေး၍ အေးမြကြည် ကို အလှ ဆင် ခဲ့သည် ။ အေးမြကြည် က ကျေးဇူး တင်၍ တစ်ခါတစ်ရံ အခွင့်အရေး ပေးသည့် လက္ခဏာ အထာလေး များ ပြ လာ သော်လည်း လက်မထပ် သေး မီ ချစ်သူ အလှ ပျက်မှာ စိုး၍ သစ္စာ ရှိရှိ သတိကြီးကြီး ဖြင့် စောင့်စည်း နိုင်ခဲ့သည် ။

ချစ်သူ အတွက် ရည်ရွယ်ချက် တွေ အပြည့် ဖြင့် စာ ကို ဖိ ကြိုးစား သည် ။ ဆယ်တန်း ကို နှစ်ချင်းပေါက် အောင်သွားသည် ။ စက်မှုတက္ကသိုလ် ရသည် ။ အင်ဂျင်နီယာ ဖြစ်မှ ချစ်သူ ကို လက်ထပ်မည် ။ လှအောင် ဆင်၍ ဝအောင် ကျွေးမည် ဟု ဆုံးဖြတ်ထားသည် ။ သိမ်ကြီးဈေး တွင် ဆိုင် ထွက် နေသော ညွန့်မောင်ကြီး ၏ မိခင် ကတော့ အေးမြကြည် နှင့် သဘော မတူ ဟု လေသံထွက် လာသည် ။ မျက်နှာ များသည် ၊ ဆိုရှယ် ကျသည် ။ ဟ မရှိဘဲ ဟန် လုပ်တတ်သည့် ရုပ်မျိုး ဟု ဆိုသည် ။ ညွန့်မောင်ကြီး က တော့ အမေ ဘာ ပြောပြော ဘွဲ့ရ ပြီးလျှင် အေးမြကြည် ကို ယူဖြစ်အောင် ယူမည်
ဟု ဆုံးဖြတ် ထားပြီး ဖြစ်သည် ။ ညွန့်မောင်ကြီး ဒုတိယနှစ် အောင်သောအခါ အေးမြကြည် ဆယ်တန်း နှစ်ခါ ကျ၍ ညကျောင်း သို့ ပြောင်း တက်ရသည် ။ တစ်ဦး နှင့် တစ်ဦး အဆက်အသွယ်လေး ပြတ်တောင်း ပြတ်တောင်း ဖြစ် လာသည် ။ ညွန့်မောင်ကြီး က တွေ့ချင် လွန်း၍ ချိန်း သော်လည်း ပျက်ကွက်မှု တွေ များလာသည် ။ စာ ပေးလျှင် ပြန်စာ မရ ဖြစ်လာသည် ။ သည် ကြား ထဲ ကျောင်းကြိုကျောင်းပို့ လုပ်ပေး နေသည့် အစ်ကိုဝမ်းကွဲ ဆိုသူ နှင့် နေထိုင် ဆက်ဆံပုံ မှာ သာမန် ထက် လွန်ကဲ နေကြောင်း သတိထား မိ နေ သည် မှာ လည်း ကြာပေပြီ ။

တစ်ယောက် ဆို တစ်ယောက် ထဲ ချစ်မိသူ ညွန့်မောင်ကြီး က တော့ ချစ်ရသူ အေးမြကြည် ၏ အစွန်းအထင်း ၊ အညစ်အကြေး ကို ရေ ဆေးပြီး ပေါင်းမည် ဟု ဇွဲကောင်းကောင်း ဖြင့်စောင့် ရှာ သေးသည် ။ သို့သော် ဆယ်တန်း စာမေးပွဲ နောက်ဆုံး ဖြေပြီးသည့် နေ့ မှာပဲ အေးမြကြည် တစ်ယောက် ကျောင်းကြို အစ်ကို နှစ်ဝမ်းကွဲ ဆိုသူ နှင့် လိုက်ပြေး လေတော့သည် ။

ညွန့်မောင်ကြီး သိပ် ရှက်သွားသည် ။ မိန်းမ ဆိုလျှင် မကြည့်ချင် လောက် အောင် အသည်း နာသည် ဟု ဆိုသည် ။ ရှက် ၍ မခံချင် ၍ အသည်း နာ ၍ စာ ကို ကြိုးစားသည် ။ အလှူအိမ် က မဖိတ်၍ စိတ်ကောက် ပြီး စပါးဖိ ကြိတ် နေသော တောသူမ ကဲ့သို့ တစ်မျိုးတော့ အကျိုးထူး သည် ဟု ဆိုရမည် ။

အေးမြကြည် ၏ အခေါက် ခံလိုက်ရပြီး တစ်နှစ် ခန့် အကြာတွင် မိန်းမ ဆိုလျှင် မကြည့်ချင်သော ညွန့်မောင်ကြီး ၏ အိမ် ပေါ် သို့ မခင်လှ ဆိုသူ ဖြူဖြူတုတ်တုတ် တောသူမလေး ရောက် လာခဲ့သည် ။ ညွန့်မောင်ကြီး အမေ ဘက် မှ စပ် နိုင်လျှင် ဆွေမျိုး တော်သည့် ရပ်ဆွေရပ်မျိုး ထဲ က ဖြစ်သည် ။ မိသားစု နှင့် အတူ ဘုရားဖူး လာရင်း မှ အပ်ချုပ်သင်တန်းကျောင်း တစ်ခု တွင် သင်တန်း တက်ရန် ကျန် နေခဲ့ခြင်း ဖြစ်သည် ။ ဘော်ဒါ နေလျှင် ပိုက်ဆံ ပို ကုန်မည် ဖြစ်၍ အိမ် မှပ င် နေ့စဉ် အလုပ် ဆင်း၍ သင်တန်း တက် နေသည် ။

တစ်လ ခန့် ကြာသော အခါ မိန်း မကို စိတ် နာ၍ မကြည့်ချင်သော ညွန့်မောင်ကြီး သည် မခင်လှ ကို မသိမသာ ခိုး ကြည့် လာတော့သည် ။ ၂ နှစ်လခန့် ကြာသော အခါ အကြောင်း မရှိ အကြောင်း ရှာ ပြီး စကားတွေ လိုက် ပြောလာသည် ။ သုံးလခန့် ကြာသောအခါ မမြင် ရ လျှင် မနေနိုင် ဖြစ်လာသည် ။ ညွန့်မောင်ကြီး မူ ပျက်လာသည် ကို သူ့ မိခင် ရော မခင်လှ ပါ ရိပ်စားမိလာသည် ။ အမြင် မတော် မျက်စိ နောက် လာ လျှင် သိမ်ကြီးဈေး ဈေးသည် ပီပီ ဒိုးဒိုးဒေါက်ဒေါက် ပြောချ တတ်သော ညွန့်မောင်ကြီး ၏ မိခင် ကို လည်း ကြောက် ရသည် ။ သူ့ သား တက္ကသိုလ်ကျောင်းသား နှင့် မိမိ လို စက်ချုပ်မ တောသူနှင့် ဘယ်တော့မှ သဘောတူ ကြည်ဖြူလိမ့်မည် မဟုတ် ဟု လည်း ယုံကြည် နေသည် ။

ညွန့်မောင်ကြီး က တော့ ထုံးစံ အတိုင်း မခင်လှ  က သာ သဘော တူမည် ဆိုပါက သူ့ အမေ သဘော တူတူ မတူတူ လက်ထပ် ယူမည် ဟု ဆုံးဖြတ် ထားပြီး ဖြစ်သည် ။ မခင်လှ တို့ သင်တန်းကျောင်း တွင် သင်တန်းသူ လူဟောင်းများ ကိုယ်ပို င်အပ်ချုပ်စက် ဖြင့် သင်ချုပ် နိုင်ပါက သင်တန်းကြေး မပေးရတော့သည့် အပြင် အချို့ အော်ဒါများ မှ ကော်မရှင်ခ ပင် ရသေးသည် ဟု သိရသော အခါ မခင်လှ ကို အပ်ချုပ်စက် တစ်လုံး ဝယ်ပေးသင့်ကြောင်း အကြံပြု သလိုလို ဖြင့် မိခင် ကို အပူကပ် လာသည် ။ မခင်လှ က လည်း တန်ဖိုး ကို လုပ်အားခရသည့် ငွေဖြင့် အရစ်ကျ ပြန် ဆပ်ပါမည် ဟု ကတိ ပေး သဖြင့် ညွန့်မောင်ကြီး ၏ ငါးမူးသား ရှိ လက်စွပ် ကို ရောင်း၍ အပ်ချုပ်စက် တစ်လုံး ဝယ်ဖြစ် သွားသည် ။

ပါးစပ် က ပင် ဖွင့် မပြောရ သေး သော်လည်း နှလုံးသား ချင်း သိနေကြ ပြီ ဟု ထင်သည် ။ စက်ချုပ်သမ နှင့် တက္ကသိုလ်ကျောင်းသား မို့ အမှတ် က အပြတ် သာပြီး အပေါ်စီး ရနေပြီဟု  အပိုင် တွက် ထားသည် ။ မခင်လှ က လည်း အပ်ချုပ်စက် ရ ပြီးမှ တစ်ကြိမ် နှစ်ကြိမ် မျှ ပွတ်သီးပွတ်သပ် လုပ် ပြခဲ့သည် ။

မခင်လှ သင်တန်း ပြီးဆုံး၍ ရွာ ပြန်သော အခါ အပ်ချုပ်စက် ကို ပါ ထည့် ပေး လိုက်ပြီး ညွန့်မောင်ကြီး ကိုယ်တိုင် ဘူတာရုံ သို့ လိုက် ပို့သည် ။ နှမ က လည်း မဟုတ် ၊ ချစ်သူရည်းစား ဟု လည်း မဆိုသာ သည့် မရေမရာ ဘဝ မှာ ပင် ရှိနေ သေး၍ လွမ်းရေးဆွေးရေး ပင် ခက် နေသည် ။

မခင်လှ က တော့ ခွဲရတော့ မှာ မို့ စိတ် မကောင်းသည့် အမူအရာလေး တစ်ချက် ပြုပြီး
“ အစ်ကိုညွန့်မောင်ကြီး ကျောင်း ပိတ်ရင် လာခဲ့ဦးနော် ” တဲ့ ။

“ စိတ်ချ စိတ်ချ မခင်လှ ရေ ၊ အစ်ကို လာခဲ့မယ် ”

တစ်ယောက် က ဘယ်လို ရည်ရွယ်ချက် နဲ့ ဖိတ်ခေါ် ပြီး ဘယ်လို အဓိပ္ပာယ် ကောက်သလဲ တော့ မသိ ။ ရထား ထွက် သွားပြီးမှ သက်ပြင်းကြီး တစ်ချက် ချ လိုက်သည် ။ ခြောက်လခန့် တစ်အိမ် ထဲ အတူ နေခဲ့စဉ် က ဖွင့်ဟ ၍ ချစ်ရေး ဆို ရန် အကြိမ်ကြိမ် စိတ်ကူး ခဲ့သည် ။ စိတ်များ ဆိုးများ ဆိုးသွား လေမလား ၊ လန့် ပြီး ရွာ ပြ န်ပြေးလေမလား ဟု စိုးရိမ်စိတ်တွေ ကြောင့် ချီတုံချတုံ ဖြင့် အကောင်အထည် မပေါ်ခဲ့ ။ မပြောလိုက်ရသည့် စကားများ ကို ကျောင်း ပိတ် မှ ရွာ လိုက် သွားပြီး ပြောမည် ။ အဆင်ပြေ ပါ က တစ်ခါတည်း ခိုး လာခဲ့မည် ဟု ဆုံးဖြတ် လိုက်သည် ။ ရင်ထဲ မှာ ဟာတာတာ ဖြင့် စာကျက် ၍ မရ အိပ် မပျော် ဖြစ် နေသည် ။ 

မခင်လှ ပြန် သွားပြီး နောက် ခြောက်လ အကြာ စာမေးပွဲကြီး ပြီးစီး သွားသော အခါ သူငယ်ချင်း တစ်ယောက် ကို ပါ စရိတ်ခံ ခေါ်၍ မခင်လှ တို့ ရွာ သို့ လိုက်သွား ခဲ့ သည် ။ သာရဝေါဘူတာ မှာ ဆင်း ပြီး တစ်နာရီ ခန့် ကား စီး ရသည် ။ ကားလမ်း ဆုံးသည် နှင့် လယ်ကွင်းများ ကို ဖြတ် ၍ နာရီဝက် ခန့် ခြေလျင် လျှောက် ပြီး မှ မခင်လှ တို့ ရွာကြီး သို့ ရောက်သည် ။

“ ရန်ကုန် ပြန် မခင်လှ ခေတ်မီ အပ်ချုပ်ဆိုင် ” ဆိုင်းဘုတ်ကြီး တင်ထား သည့် မခင်လှ တို့ အိမ် ရောက်ပြီး ညတွင်းချင်း လှည့် ပြန်ခဲ့ချင် သော်လည်း မကောင်းတတ် ၍ အရှက်ပြေ အောင့်အီးသည်းခံ ပြီး တစ်ည အိပ် ခဲ့ရသည် ။ မခင်လှ မှာ ကျေးရွာ ပြည်သူ့ကောင်စီ စာရေးလေး မောင်တင်အေး နှင့် မင်္ဂလာ ဆောင် ပြီး၍ ဗိုက် ထဲ မှာ ကလေး တောင် သုံးလ လောက် ရှိနေပြီ ဟု ထင် ရသည် ။

ခဲ မှန်ဖူးသည့် စာသူငယ် သည် အမြောက်ဆံ ထိဘူးသည့် နှံပြည်စုတ်ကြီး ဖြစ် သွားခဲ့သည် ။ နှလုံးသား လက်ဝှေ့ပွဲ ၏ မေတ္တာကြိုးဝိုင်း ထဲ မှာ ဒုတိယအချီ နောက်ကောက် ကျခြင်း ဖြစ်သည် ။ စက်မှု တက္ကသိုလ် မှာ ခြောက်နှစ် ကြာခဲ့သော်လည်း တက္ကသိုလ် ပျိုဖြူ တစ်ယောက် တလေ နှင့် မျှ အဆ င်မပြေခဲ့ ။ ညွန့်မောင်ကြီး ရုပ် ကလည်း ကွယ်လွန်သူ သူ့ ဖခင်ကြီး ဦးညိုကြီး နှင့် တူသည် ။ ဂင်တိုတို ညိုတုတ်တုတ် ဗိုက်ပူပူ ဖြစ်၍ တက္ကသိုလ် ကျောင်းသူ ကြိုက် ရုပ်မျိုး မဟုတ် ။

ဘွဲ့ ရ ပြီးနောက် ကော်ပိုရေးရှင်း တစ်ခု တွင် ပုံသေလစာ ဖြင့် ယာယီ ဝင် လုပ်သည် ။ လုပ်ငန်းခွင် တွင် တွေ့ရသော နေ့စား အလုပ်ကြမ်း သူလေး မိချို မှာ နာမည် နှင့် လိုက်အောင် အပြော ချိုသည့် အပျိုချော ဖြစ်သည် ။ နေလောင် ထား၍ အသားလေး မဆိုစလောက် ညို နေသည် ။ တော် ကောက်ပြီး စင်ပေါ် တင် ပါက ထင်ပေါ် လာနိုင်သည့် ကတော်ရုပ် ရှိသူ ဟု ညွန့်မောင်ကြီး ထင်သည် ။ အဖွဲ့ခေါင်း ဒေါ်မြကြီး ၏ အကူအညီ ဖြင့် မိချို နှင့် ယူကြတော့ မလို ဖြစ်ပြီး ခါ မှ ညွန့်မောင်ကြီး ထံ သို့ လက်ဆောင် မရသည့် အုပ်စု ၏ အတို့အထောင် ကို မိချို နားယောင် သွားတော့သည် ။

‘ ဘွဲ့ရ အင်ဂျင်နီယာ တစ်ယောက် က ညည်း လို အုတ်ခဲ ထုတဲ့ ကောင် မကို အတည် ယူ မလားအေ့ ၊ ယူ ရင်လဲ မယားငယ် ပဲ ဖြစ်မှာ ပေါ့ တဲ့ ’

မိချို တွေဝေ သွားသည် ။ မိမိ နှင့် ဘဝတူ လုပ်သား ယာဉ်မောင်း ကိုသိန်းအောင် ကလည်း ချစ်ရေး ဆို နေသည် ။ ကိုသိန်းအောင် မှာ လက်ထောက် အင်ဂျင်နီယာ ( A.E ) ကား ကို မောင်း သော ယာဉ်မောင်း ဖြစ်သည် ။ အရွယ် ငယ်သည် ။ ယောက်ျား ပီသသည် ။ အရက် မသောက် လောင်းကစား မလုပ် ၊ ရိုးရိုးသားသား ဖြင့် မိခင်အိုကြီး ကို လုပ်ကျွေး နေသူ ဖြစ်သည် ။ မိချို ၊ ဘာမှ စဉ်းစား မနေတော့ဘဲ ညွန့်မောင်ကြီး ထံ မှ ရသည့် ပိုးကြေးပန်းကြေး တစ်ပွေ့တစ်ပိုက် ဖြင့် ကိုသိန်းအောင် နောက် လိုက်ပြေး
တော့သည် ။ အောင်သွယ် ဒေါ်မြကြီး မှာ ကြား က မျက်နှာ ပူစရာ ဖြစ် ရသည် ။ ညွန့်မောင်ကြီး အတွက်  မှာမူ တတိယအချီ တွင် အမှတ် ဖြင့် ရှုံးရခြင်း ဖြစ်သည် ။

ရှက်ပြီး အခံရ ခက်နေစဉ် လျှောက် ထားသည့် နိုင်ငံခြားသင်္ဘော ကုမ္ပဏီ မှ ခန့်စာရောက်လာ သဖြင့် အလုပ် မှ ထွက်ပြီး သင်္ဘော လိုက် လာ ခဲ့သည် ။ အငယ်တန်း အင်ဂျင်နီယာ ( J.E ) ရာထူး ဖြင့် နိုင်ငံခြားသင်္ဘော တွင် အမှုထမ်း နေသည်မှာ နှစ်နှစ် ကျော် ပေပြီ ။

လွန်ခဲ့သည့် နှစ် က နဝရတ် တို့ နိုင်ငံ နဝရတ် နေထိုင်ရာ ဆိပ်ကမ်း မြို့ သို့ သင်္ဘော ဆိုက်ကပ် သည် နှင့် ထုံးစံအတိုင်း business girls ခေါ် အပျော်တမ်း မိန်းကလေး တစ်အုပ်ကြီး သင်္ဘော ပေါ် ပြေးတက် လာကြသည် ။ သင်္ဘော ပေါ် မှာ ရှိသည့် နိုင်ငံတကာ ပုရိသတွေ က သူ တစ်ယောက် ငါ တစ်ယောက် ဆွဲ လိုက်ကြတာ အတွဲ စေ့ပြီး လူပြည့် သွားတော့သည် ။ မိန်းမ ကို စိတ်နာ နေသော ညွန့်မောင်ကြီး တစ်ယောက် သာ အတွဲ မရှာဘဲ ဘီယာ သောက်ရင်း စိတ်ကူး ယဉ်နေသည် ။ 

သို့သော် ညနေစောင်း မှ အဖော် မပါ တစ်ယောက် တည်း သင်္ဘော ပေါ် တက် လာသော မိန်းကလေး ကို မူ မြင်ရသူတိုင်း “ ဟာ ” ခနဲ “ ဟိုက် ” ခနဲ ဖြစ်ကြရတော့သည် ။ လှ လိုက်တာ စောစော က သာ ဟို အုပ် နဲ့ အတူ ပါ လာလျှင် သူ့ ကို လုရင်း လူသတ်မှု ဖြစ်ကုန်ကြမည် ။ ခုတော့ သူ့ အတွဲ နဲ့ သူ လူ ပြည့် နေပြီ ဖြစ်၍ အတွဲ လွတ် နေသည့် ညွန့်မောင် ဆီ ဆွဲခေါ် သွားကြတော့သည် ။ ညွန့်မောင်ကြီး က ပထမ တော့ ဟန် လုပ်ပြီး ရှက်ငြင်း ငြင်း နေသေးသည် ။ ဒါပေမယ့် ကောင်မလေး က လည်း လှ မှ လှ ၊ နိုင်ငံတကာ မှ အင်တာနေရှင်နယ် ငတွန်း ငထောင် တွေ က လည်း ဂိတ် ဆုံးအောင် တွန်း နေသည် ။

“ ကျွန်တော်က တစ်ယောက် ခေါ်ထားမိလို့ ဗျာ ၊ ဒါမျိုးလေး ဆို ဘယ် လွှတ်လိမ့်မလဲ ၊ အခန်း ထဲ က ကောင်မ ကို ကန် ထုတ်လို့ ရရင် ကန် ထုတ်လိုက် ချင်တယ် ၊ ဒါလေးတော့ ပြန် မလွှတ်လိုက်ပါနဲ့ မစ္စတာ ညွန့်မောင် ”  တဲ့ ။ 

“ ကဲကဲ ၊ ဒီလိုဖြင့် လဲ ဝါသနာ ပါလို့ က တော့ မဟုတ်ပါဘူး ၊ ကလေးမ အတွက် မုန့်ဖိုးပဲဖိုးလေး ရပြီး ဒါနမြောက် သွားအောင်လို့ပါ ။ ကူညီရတာပါ ”  ဆိုတဲ့ အမူအရာ ဖြင့် အချောအလှလေး ကို သဘောကျ လေဟန် ဖြင့် လက်ခံ ထားလိုက်တော့သည် ။

လှလွန်းတယ် ကွယ် ၊ ဒီရုပ် ဒီရည် နဲ့ ဘာကြောင့်များ ဒီလို အလုပ် လုပ် နေပါလိမ့် အထက်တန်းစား လင် တစ်ယောက် ကို သေချာပေါက် ရနိုင်သော ကတော် ရုပ်မျိုး ဖြစ်သည် ။ အေးမြကြည် ၊ မခင်လှ ၊ မိချို တို့ နှင့် နှိုင်းစာ ပါ က ပပဝတီ နှင့် မယ်ကုဝဏ် အုပ်စု သို့ ရှိတော့သည် ။ မနိမ့်လွန်း မမြင့်လွန်း သော အရပ်အမောင်း ၏ ကောင်းခြင်း ၊ မဖြူလွန်း မဝါလွန်း သော အသားအရေ ၏ ကောင်းခြင်း ၊ မရှည်လွန်း မတိုလွန်း သော ဆံပင် ၏ ကောင်းခြင်း တည်း ဟူသော ကောင်းခြင်း အဖြာဖြာ နှင့် လည်း ညီသည် ။ ရွှေမန်း ဗုဒ္ဓဝင်ဇာတ် ထဲ က ဗက အမတ်ကြီး လေသံ နှင့် ပြော ရ လျှင် အသား က ရွှေ လို ချော ၊ အကြော က မြ လို စိမ်း ၊ ဟန်ပန် နဲ့ တစ်ခါယိမ်း လိုက်လျှင် အသပြာ တစ်သိန်း ထိုက်တဲ့ ဟာမလေး ဟု ညွန့်မောင်ကြီး ထင်နေ ပေပြီ ။

ကံကောင်း ထောက်မ၍ အလှသရဖူလေး နှင့် ဆယ်ရက်ခန့် အတူ နေ လိုက်ရသည် ။ သူတို့ နိုင်ငံသုံး ပိုက်ဆံ သုံးထောင် ( မြန်မာငွေ တစ်ထောင် ) ခန့် ကုန် သွားသည် ။ သို့သော် ညွန့်မောင်ကြီး ကျေနပ်သည် ။ နဝရတ် ဂျီနရက် နာမည်လေး က လည်း ချစ်စရာ မို့ ညွန့်မောင်ကြီး မှာ မခွဲနို င်မခွာရက် ဖြစ် နေတော့သည် ။ မလွဲသာ ၍ ခွဲခွာရမည့် နေ့ တွင် တရားဝင် လက်ထပ်ပါရစေ ဟု ပူဆာ နေသော ညွန့်မောင်ကြီး ကို နဝရတ် က ပင် တောင်းပန် ရသည် ။ သို့သော် မရ ။

“ ကျွန်မ ဟာ အပျော် မိန်းကလေး ပါ မစ္စတာမောင် ” ဆိုတော့

“ ရှင်ဘုရင် နဲ့ ညားရင် မိဖုရား ပါ အချစ်ရယ် ” 

နောက် အမျိုးမျိုး အကြောင်း ပြ၍ ဘယ်လိုပင် တောင်းပန် သော် လည်း လက် မမြှောက် ၍ နောက် မဆုတ်သော ညွန့်မောင်ကြီး ကို နဝရတ် က သက်ပြင်းကြီး တစ်ချက် ချ ၍ ကတိပေး ခေါင်းညိတ် လိုက် ရ တော့သည် ။

သင်္ဘောခရီးစဉ် အရ သုံးလ တစ်ကြိမ် လေးလ တစ်ကြိမ် ဆို သလို နဝရတ် တို့ မြို့ ကို ပြန် ရောက်တိုင်း နဝရတ် အတွက် လက်ဆောင် တစ်ပွေ့တစ်ပိုက် ပါ လာသည် ။ နဝရတ် နှင့် တစ်ပတ် ဆယ်ရက် အတူ နေ ပြီးမှ သင်္ဘော ပြန် ထွက်၍ ဟန်ကျသည် ။ နဝရတ် တို့ မိန်းကလေး အဖော် တွေ နှင့် စု နေသည် ကို ညွှန့်မောင်ကြီး က မလွတ်လပ် ဆိုပြီး ချောင် ကျသည့် ရပ်ကွက် တစ်ခု မှာ ခြေတံရှည် အိမ်မြင့်လေး တစ်လုံး ဈေးပေါပေါ ရ၍ ဝယ်ပေး ထားသည် ။ ရေဒီယိုကက်ဆက် ၊ တီဗွီ ၊ ဗီဒီယို မှ အစ မီးဖိုချောင် အသုံး အဆောင် အိမ်ထောင် ပရိဘောဂ ပါ မကျန် ပြည့်စုံအောင် ဝယ်ပေး ထားသည် ။

မိမိ အလို လိုက် အကြိုက် သိ ၍ အပြစု အယုအယ ကောင်းသော နဝရတ်လေး ကို တရားဝင် လက် မထပ်ရ သေး သော်လည်း ဇနီးကောင်း တစ်ယောက် အဖြစ် ချစ်ရသည် ၊ ကြင်နာရသည် ၊ မြတ်နိုးရသည် ။ နိုင်ငံကူး လက်မှတ် ရသည် နှင့် လက်ထပ်ပြီး မြန်မာပြည် ခေါ် သွားမည် ။ ယခင် တစ်ခေါက် က သင်္ဘော ပြန် ထွက်၍ ခွဲရခါနီး ပြော လိုက်သော နဝရတ် ၏ စကားသံလေး ကို ကြားယောင် လာသည် ။

“ ဒါလင် တို့ နိုင်ငံ ကို လိုက်ပြီး အတူ နေချင်လှပါပြီ အချစ်ရယ် ” တဲ့ ။

နဝရတ် တို့ လို အပျော်တမ်း မိန်းကလေး တွေ ကို ယုံယုံကြည်ကြည် ဖြင့် ထောက်ခံ ပေးမည့်သူ မရှိ၍ နိုင်ငံကူးလက်မှတ် လျှောက်ရာတွင် ကြာ တတ်သည် ။ သည်းခံပြီး စောင့်ရပေ တော့မည် ။

အတိတ် ဖြစ်ရပ်များ ကို အစီအစဉ် အတိုင်း ပြန် စဉ်းစား နေစဉ်မှာပင် သင်္ဘော တက်မစင် အသံချဲ့စက် မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ စစ်ဆေး ပြီးပြီ ဖြစ်၍ အားလပ်ခွင့်ရ အရာရှိ နှင့် သင်္ဘောသားများ ကမ်းတက် လည်ပတ် နိုင်ပြီ ဖြစ်ကြောင်း ကြေငြာသည် ။ ညွှန့်မောင်ကြီး ရှေ့ဆုံး မှ ပြေးဆင်း လာခဲ့သည် ။ နေတောင် အတော်စောင်း သွားပေပြီ ၊ ဘတ်စ်ကား စီး လျှင် ကြာ နေမည် ဖြစ်၍ တိုင်စီ ခေါ် လိုက်သည် ။

နဝရတ် တို့ ရပ်ကွက် အတွ င်းသို့ ကား ဝင်၍ မရ ။ လမ်းများ ကျဉ်း လွန်းသည် ။ အိမ် နှင့် အတော် ခပ်လှမ်းလှမ်း မှ ဆင်း လျှောက်ရသည် ။ နဝရတ် အတွက် ဝယ်ပေးထားသည့် အိမ်လေး မှာ လမ်းတိုလေး တစ်ခု ၏ ထိပ် တွင် ရှိ၍ လမုပင် ၊ ဓနိပင်လေး များ ပေါက် နေသော ချောင်းကျဉ်းလေး ကို ကျော ပေး၍ ဆောက် ထားသော ခြေတံရှည် အိမ်ကလေး ဖြစ်သည် ။

ရပ်ကွက် တွင်း ဖြတ် လျှောက် လာစဉ် တစ်ဖက်လမ်းချိုး မှ ရုတ်တရက် ကွေ့ထွက်လာသော လူ တစ်ယောက် နှင့် မျက်လုံးချင်း ဆုံ သွားသည် ။ တစ်နေရာ ရာ မှာ ရင်းရင်းနှီးနှီး တွေ့ဖူး မြင်ဖူးသူ တစ်ယောက် ဟု သတိထား လိုက်မိသည် ။ ထို လူ က လည်း အလားတူ ပင် သတိထား မိဟန် တူသည် ။ လမ်းကျဉ်းလေး ထဲ မှာ နီးနီးကပ်ကပ် မို့ တစ်ဦး ကို တစ်ဦး ပြုံး ပြလု မတတ် ဖြစ်သွားကြ သဖြင့် ယဉ်ကျေးမှုထုံး စံအရ ညွန့်မောင်ကြီး က ပင် စတင်၍ နှုတ်ဆက် လိုက်မိလျက်သား ဖြစ် သွားသည် ။

“ ဟဲလို နေကောင်းတယ်နော် ”  

“ ကောင်းပါတယ် ခင်ဗျား ၊ ကျေးဇူး တင်ပါတယ် ” 

“ စိတ်မရှိပါနဲ့ ဗျာ ၊ ဘယ်မှာ မြင်တွေ့ဖူးပါလိမ့်လို့ စဉ်းစားနေရပါပြီ ”

“ ကျွန်တော် လဲ ခင်ဗျား လို ပဲ စဉ်းစားနေရပါတ ယ်ဗျာ ၊ သင်္ဘောလိုင်း က ပဲ မဟုတ်လား ”

“ ဟုတ်ပါတယ်ခင်ဗျာ ၊ မှန်ပါတယ် ”

ညွန့်မောင်ကြီး က သူ့ ကုမ္ပဏီ အမည် သင်္ဘော အမည် တွေ ကို ပြောပြ လိုက်သည် ။ ထို လူ က လည်း သူ့ ကုမ္ပဏီ အမည် သင်္ဘော အမည် များ ကို ပြောပြသည် ။ အင်္ဂလိပ်စကား ပြော လေသံ နှင့် ရုပ်လက္ခဏာ ကို ကြည့်ခြင်း ဖြင့် အရှေ့တိုင်းသား တစ်ဦး ဖြစ်သည်မှာ ယုံမှားဘွယ် မရှိ ဟု သတိထား လိုက်မိသည် ။

“ စင်္ကာပူ က လက်ဖို့ဒ်ပီယာ နဲ့ ဆီးမင်းကလပ် မှာ ဆုံကြဖူးတာ ဖြစ်မယ် ”

“ လုံးဝ ဖြစ်နိုင်ပါတယ် ခင်ဗျာ ”

နှစ်ယောက်သား စကား ပြောရင်း ဖြည်းဖြည်း လျှောက် နေကြစဉ် အိမ် နှင့် နီးလာသဖြင့် ညွန့်မောင်ကြီး က ရပ် လိုက်ပြီး ယဉ်ကျေးစွာ မေး လိုက်သည် ။

“ မိတ်ဆွေ က ဘယ်ကို သွားမှာလဲ ခင်ဗျာ ”

“ ဒီ လမ်းထိပ် မှာ ကျွန်တော့် အိမ် ရှိပါတယ်ခင်ဗျာ ”

“ ဟာ ”

ညွန့်မောင်ကြီး ပါးစပ် မှ ဟာခနဲ အသံထွက်အောင်ပင် အံ့သြ သွား သည် ။ မိမိ အိမ်ကလည်း သည် လမ်းထိပ် မှာ ပင် ရှိနေသည် ။ မိမိ အိမ်နား က အခြား အိမ် တစ်အိမ်များ ဖြစ်လေမလား ဟု လည်း တွေးမိသည် ။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ခေတ္တ ရပ်မိ ကြစဉ် ညွန့်မောင်ကြီး ၏ ယာဘက် လက်ဖျံ တွင် “ အရဟံ ” ဟူ၍ လည်းကောင်း ၊ ဘယ်ဘက် လက်ဖျံ တွင် အသည်းပုံ ကို ထုတ်ချင်းခတ် ဓားမြှောင် ထိုးစိုက်ထားသည့် ပုံ အောက်တွင်“ ချစ်သတ္တိ ” ဟူ၍ လည်းကောင်း ဆေးအနက် ဖြင့် စုတ်ထိုး ထားသော တက်တူး အရုပ်များ ကို မြင်သွားသော တစ်ဖက် လူ က အံ့ဩစွာဖြင့်

“ ခင်ဗျား မြန်မာလားဗျ ” ဟု အင်္ဂလိပ်လို မေး လိုက်ပါသည် ။

“ ဟုတ် ဟုတ်ပါတယ် ” 

ညွန့်မောင်ကြီး  ကလည်း တအံ့တသြ ဖြေ လိုက်သည် ။

“ ဟာ ကျွန်တော် လဲ မြန်မာ ပဲ ဗျ ။ ကျွန်တော့် နာမည် တိုးအောင် ပါ ”

တစ်ဖက် လူ က မြန်မာ လို ပြန် ပြောပြီး ဝမ်းသာအားရ လက်ဆွဲ နှုတ်ဆက် လိုက်သည် ။

“ ကျွန်တော့် နာမည် ညွန့်မော င်ပါ ”

“ တွေ့ရတာ ဝမ်းသာတယ်ဗျာ ကိုညွန့်မောင် ”

နှစ်ယောက်သား လမ်းထိပ် က အိမ် ကိစ္စ မေ့သွား ကြပြီး စကား ပြော ရင်း ဆက်လျှောက် သွားကြသည် ။ မြန်မာပြည် က ထွက် လာတာ ဘယ်လောက် ကြာပြီလဲ ၊ ဘယ်တော့ ပြန်မလဲ ၊ ရန်ကုန် ဘယ်မှာ နေမှာလဲ စသော မေးခွန်းများ အပြန်အလှန် မေးကြ ဖြေကြ ရင်း နဝရတ် နေထိုင်ရာ ခြေတံရှည်အိမ်ကလေး ခြံပေါက်ဝ သို့ ရောက် သွားကြတော့သည် ။

“ ကိုတိုးအောင် အိမ် ဆိုတာ ဘယ် အိမ်လဲဗျ ”

“ ဒီ အိမ်လေးပါဗျာ ၊ လာ ခဏ ဝင်ပါဦးလား ”

မိမိ ပိုက်ဆံ ဖြင့် ဝယ်ပေး ထားသော နဝရတ် ၏ အိမ်ကလေး ကို လက်ညှိုး ထိုး ပြပြီး ဝင်ပါဦး ဟု ဖိတ်ခေါ် နေ သဖြင့် ညွန့်မောင်ကြီး မှာ အသံ မထွက်ဘဲ ပါးစပ်ကြီး ပြဲ ပြီး မျက်လုံး ပြူး သွားတော့သည် ။ အံ့ဩသည့် မျက်နှာ ဖြင့် အိမ် ဘက် လှမ်း ကြည့်လိုက်ရာ ခြေတံရှည် အိမ်ကလေး ၏ အောက် မှ ကွပ်ပျစ် ပေါ် တွင် အထုပ်အပိုးတွေ ဘေး ချ၍ ထိုင် နေသူ တစ်ယောက် က လက်ညှိုး ကို နှုတ်ခမ်း မှာ ဒေါင်လိုက် ကပ် ပြပြီး “ စကား မပြောပါနဲ့ ” ဆိုသည့် သင်္ကေတ လုပ်ပြသည် ။ နှစ်ယောက်သား နား မလည်နိုင် သည့် အမူအရာ ဖြင့် စကား မပြောဘဲ အိမ် ခြံထဲ သို့ ဝင်လိုက် ကြပြီး ထိုသူ ရှိရာ ကွပ်ပျစ် သို့ လျှောက် သွားကြသည် ။ ကွပ်ပျစ် ပေါ်က လူ က ညွန့်မောင်ကြီးနှင့် တိုးအောင် ကို လက်ဟန်ခြေဟ န်ဖြင့် ကွပ်ပျစ် ပေါ်တွင် ထိုင်ရန် အချက် ပြပြီး အာရှတိုက်သား လေသံ ဖြင့် အင်္ဂလိပ် လို တိုးတိုးလေး ကပ်ပြောသည် ။

“ ကျွန်တော့် မိန်းမ အိမ် ပေါ် မှာ ငနဲ တစ်ကောင်နဲ့ ဖောက်ပြန်နေတယ် ၊ အဲဒီ ငနဲ ဆင်း လာရင် ရိုက်သ,တ် မလို့ စောင့်နေတာဗျ ” တဲ့ ။

ညွန့်မောင်ကြီး နှင့် တိုးအောင် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပါးစပ် အဟောင်းသား နှင့် ကြက်သေသေ နေတော့ သည် ။ အိမ် ပေါ် မှ ခိုးခိုးခစ်ခစ် ရယ် လိုက်သော နဝရတ် ၏ အသံ နှင့် အတူ ဥရောပ လေသံ ဖြင့် အင်္ဂလိပ်စကားပြော သော အမျိုးသား တစ်ယောက် ၏ အသံ ကို ပါ ကြား နေရသည် ။ 

ညွန့်မောင်ကြီး မစဉ်းစား တတ် အောင် ဖြစ်နေသည် ။ ရင် ထဲမှာ လည်း ဘယ်လိုပြောရမှန်း ပင် မသိလောက် အောင် ပြင်းထန် သည့် ဒေါသ ဝေဒနာ တစ်ခု ရုတ်တရက် ပေါ်ပေါက် လာသည် ။ အသားတွေ တဆတ်ဆတ် တုန်၍ ရင်ခုန် လာသည် ။ သတိမထား လိုက် မိဘဲ အံကြိတ် မိလျက် သား ဖြစ်နေသည် ။ လက်သည်း တွေ လက်ဖဝါး ထဲ မြုပ်ဝင် သွားလု မတတ် လက်သီး ကို ကျစ်ကျစ် ပါအောင် ဆုတ် ထားမိသည် ။ ထိုစဉ် မှာ ပင် အပေါ် ထပ် မှ နဝရတ် ၏ အသံလေး ကို ပီပီသသ ကြား လိုက်ရသည် ။

“ ဒါလင်တို့  နိုင်ငံ ကို လိုက်ပြီး အတူ နေချင်လှပါပြီ အချစ် ရယ် ” တဲ့ ။

ဘယ်တုန်းက ရှိနေမှန်း မသိသော သွေးတိုး နှင့် နှလုံးရောဂါ တို့ မိတ်ဖွဲ့ ပေါင်းစု ပြီး ညွန့်မောင်ကြီး ၏ ဘဝင် ကို ရုတ်တရက် တက် ဆောင့် လိုက်ရာ ထိုင်လျက် မှ ရုပ်သေး ကြိုးပြတ် လဲကျ သွားပြီး အမြှု ပ်တစီစီ ဖြင့် တက် နေတော့သည် ။

နိုင်ငံတကာ အချစ်သရဖူ လုပွဲများ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ပညာ အခြေခံ ရရှိရေး အတွက် ဆရာကောင်း သမားကောင်း များ ထံ တွင် စနစ်တကျ နည်းနာ မခံခဲ့ရ၍ အတွေ့အကြုံ နည်းသေးသော ညွန့်မောင်ကြီး တစ်ယောက် မေတ္တာကြိုးဝိုင်း ထဲ မှာ ဒိုင်ပွဲရပ် ဖြင့် ရှုံးခဲ့ လေပြီ ။

တော မကျွမ်းသည့် သနားစရာ မုဆိုးကြီး ခမြာ သီတာခင် တွေ အကြိုက် သမင် လိုက် ရင်း ဖြင့် မှော်ရုံ တော မှာ အမောဆို့ သွားချေပြီ တကား ။

◾ အဏ္ဏဝါစိုးမိုး

📖 ပေဖူးလွှာ မဂ္ဂဇင်း
     မတ် ၊ ၁၉၉၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment