Monday, May 6, 2024

အရင်းနှီးဆုံး သူစိမ်း


 ❝ အရင်းနှီးဆုံး သူစိမ်း ❞


“ ငါ့ အနား ကို မကပ်နဲ့ မသွဲ့ ” 


“ ဘာဖြစ်လို့လဲ အစ်ကို ရယ် ” 


“ မကပ်နဲ့ ဆို မကပ်နဲ့ဟာ ”


လေသံမာမာ နဲ့ ပြော လိုက်တော့ မသွဲ့ ခန္ဓာကိုယ်လေး တုန်လှုပ် သွားတယ် ။ သူ့ကို ဒီလို ပြောပြီး မှ ကျလုလု မျက်ရည် ကို သူ မမြင်အောင် ထိန်းရင်း တစ်ဖက် ကို လှည့်လိုက်ရ ပါတယ် ။ ကျွန်တော့် နောက်ကျော ဘက် က မသွဲ့ လည်း မျက်ရည် ကျ နေမယ် ထင်ပါရဲ့ ။ ဒါပေမဲ့ မျက်နှာချင်း မဆိုင်ချင်ဘူး ။ သူ့ ရဲ့ ရှိုက်သံတွေ က နား ထဲ ကြားနေရတာ အတိုင်းသား ။ ချစ်သူ ချင်း ဆိုပေမဲ့ အခု ချိန် က စပြီး သူစိမ်းတွေ လို နေတာ ကောင်းပါ လိမ့်မယ် ။ ဆုံးဖြတ်ချက် ချထား ပြီးပြီ မို့ မပြင်လိုတော့ပါ ။ လမ်း ခွဲ ကြတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။ ဒီ လမ်း ကို မသွဲ့ ရွေးခဲ့တာ မဟုတ်ပါဘူး ။ နှစ်ဦး သဘောတူ လမ်းခွဲကြ မှာ လည်း မဖြစ်နိုင် ။ တကယ်တော့ ကျွန်တော် ကိုယ်တိုင် ရွေးခဲ့တဲ့ လမ်း ပါ ။ မဖြစ်နိုင်ဘူး ဆိုတာ ထက် ၊ မဖြစ်သင့်တော့ တဲ့ ပေါင်းဖက်ခြင်း ဘဝခရီး ကို ခါးစီး ပြီး မလျှောက်လှမ်း ချင်တာပါ ။ စိတ် တွေ တောင်စဉ် မရ ဖြစ် လေလေ ကျွန်တော့် ဦးခေါင်း ထဲ မှာ တဆစ်ဆစ် နဲ့ ကိုက်ခဲ လာ လေလေပဲ ။ ခေါင်း ထဲ က နာကျင်မှု က ပိုးကောင် တွေ ဝင်ပြီး တတိတိ ကိုက်ဖဲ့ နေသလိုမျိုး ။ မျက်စိ ကို လေးတွဲ့ စွာ ပိတ်လိုက်ပြီး လေ ကို နှာသီးဝ က နေ ထုတ် ပစ် လိုက်တယ် ။ စိတ် တည်ငြိမ် လာတော့ ခေါင်း ထဲ က ပိုးကောင် တွေ တဒင်္ဂ ငြိမ်သက် သွား သလိုပဲ ။


မသွဲ့ ရဲ့ ရှိုက်သံ က ကြား နေရဆဲ ။ မပြန်သေးဘူးပေါ့ ။ တကယ်ဆို ပြန်သင့် နေပြီလေ ။ အော်ငေါက် ပြီး ပြော လိုက်တဲ့ ကျွန်တော့် စကား အတွက် ပြန် သင့် နေတာ ။ ကျွန်တော့် ကို နာကျင် တဲ့ စကားတွေ နဲ့ ချေပ ၊ တစ်ခု ခု နဲ့ နာကျင်အောင် ရိုက်နှက် ပြီး ကို ပြန် သင့်တာ ။ ဒါမှ လမ်းခွဲခြင်း က နိဂုံး ချုပ် မယ်လေ ။ အခုတော့ ဒီလို မဟုတ် ။ မသွဲ့ မပြန်သေးဘူး ။


ဆောင်းရာသီ ရဲ့ ညနေခင်း က လေ တစ်ချက် ဝှေ့ လိုက်တိုင်း ပါးပြင် ကို အေးခနဲ ခံစားရ ပေမဲ့ ရင် ထဲ မှာ တော့ မီး လိုပါ ။ ကိုယ်တိုင် ပဲ သိတဲ့ ဒီ မီး ကို မသွဲ့ ဆီ မကူးစက် လိုပါဘူး ။ ဟိုး အဝေး က မည်းမည်း သဏ္ဍာန် တွေ က ရှမ်းရိုးမ တောင်တန်းတွေ ထင် ရဲ့ မြူမှုန်တွေ နဲ့ ပိတ်ဆီး နေတာမို့ ဝေဝါး နေတယ် ။


“ အဲဒီ အရပ် ကို သာ ပြန်ပါ ညီမ ၊ လာခဲ့တဲ့ အရပ် ဆီ ကို သာ ပြန်ပါလေကွယ် ”


ဒီ စကားတွေ ကို နှုတ်ထွက် မဆိုဖြစ်ပါ ။ ရင် ထဲ မှာ သာ အကြိမ်ကြိမ် အခါခါ ဆိုဖြစ် နေတာ ။ “ အနား မကပ်နဲ့ ” လို့ ပြောခဲ့ပေမဲ့ ပြန်တော့ လို့ လ ည်း မနှင်ရက် လို ။ အလိုက်တသိ နဲ့ ပြန်စေချင်တာ ။ မသွဲ့ က မပြန်ဘူး ။


အတိတ် က အကြောင်းအရာ တွေ ဟာ အာရုံ မှာ တဝဲလည်လည် ဖြစ် လာပြီ ။ နှစ်တွေ အတော် ကြာ ခဲ့ပေမဲ့ မေ့ မရခဲ့ပါဘူး ။ ဂျပန်ဆံတောက်ကလေး နဲ့ စ တွေ့ ခဲ့ရတဲ့ မသွဲ့ ရဲ့ မျက်နှာဝိုင်းဝိုင်းလေး က မျက်ဝန်း ထဲ မှာ အထင်း သား ။


 •••••   •••••   •••••


စိန်ပန်းပင် မှာ ချိတ် ထားတဲ့ သံချောင်း ခေါက်သံ ကြားမိတယ် ။ အယဉ်ကျေးဆုံး ပြော ရရင် ကျောင်းတက် ခေါင်းလောင်း သံ ပေါ့ ။ ဒါပေမဲ့ ခေါင်းလောင်း မဟုတ် ၊ သံချောင်း သာ ။ ကျွန်တော်တို့ ရွာ က မူလတန်းကျောင်း မှာ ခေါင်းလောင်း မရှိဘူး ။


အကာအရံ မရှိ တဲ့ ထန်းရွက်မိုး ကျောင်းဆောင်လေး ထဲ ကို ကျောင်းသားတွေ နဲ့ အတူ ဝင် လိုက်တယ် ။ လေးပင်စိုက် သုံးခန်း မှာ အတန်း က သုံးခု ။ ပထမတန်း ၊ ဒုတိယတန်း နဲ့ တတိယတန်း ။ ကျွန်တော် က ပထမတန်း မှာ သင်ရတယ် ။ 


“ မင်္ဂလာပါ ဆရာကြီး ”


“ မင်္ဂလာပါ တပည့် တို့ ၊ ထိုင်ကြ ၊ ထိုင်ကြ ”


ဆရာ နဲ့ တပည့် ဆိုတာ ဒီလို နှုတ်ဆက်ကြတာ ကျောင်း ဖွင့်တဲ့ နေ့ တိုင်းပါ ။ နားရည်ဝ နေပေမဲ့ မရိုးနိုင် တဲ့ မင်္ဂလာ စကား မို့ နားဝင် ချို ရပါတယ် ။ 


“ ဆရာကြီး ၊ ဆရာကြီး ဦးမျိုးဆွေဦး က လာခဲ့ပါဦး တဲ့ ”


မြေဖြူ အတို ကို ကိုင်ပြီး သင်ခန်းစာ စ ဖို့ ဟန်ပြင် နေတုန်း ကျောင်းသား တစ်ယောက် ရဲ့ ခေါ်သံ ကြားမိတယ် ။ အသံ လာရာ ဆီ ကို စောင်းငဲ့ ကြည့် တော့ စတုတ္ထတန်း က ကျောင်းသား တစ်ယောက် ။ လက်ကလေး ပိုက်ပြီး ကျွန်တော့် ကို ငေးကြည့် နေတယ် ။


“ အေးအေး လာခဲ့မယ်နော် ”


“ ဟုတ်ကဲ့ ”


ကျောင်းသားလေး လည်း ချာခနဲ လှည့် ပြန်သွားတယ် ။ အခြား အတန်း က ဆရာ ၊ ဆရာမတွေ ကို လိုက် ပြောရဦးမယ် ထင်ရဲ့ ။ ကျွန်တော် လည်း သင်္ချာပုစ္ဆာ ၂ ပုဒ် ကို ကျောက်သင်ပုန်း ပေါ်  ရေးခြစ် လိုက်တယ် ။ ကလေးတွေ ကို တွက် ထားကြဖို့ မှာကြား ပြီး စတုတ္ထတန်း နဲ့ သူငယ်တန်း ရှိ ရာ အဆောင်လေး ဆီ လာခဲ့တယ် ။ ရောက်ခါနီး မှ ခေါင်း ထဲ မိုက်ခနဲ ဖြစ် သွား သေးတယ် ။ ကိစ္စတော့ မရှိ ။ ခါတိုင်း လို ဆေး သောက် လိုက်ရုံပေါ့ ။


ရုံးခန်း ကို တော့ အဆောင် ရဲ့ ခေါင်းရင်းခန်း မှာ ထရံလေးတွေ နဲ့ ကာ ထား ပါတယ် ။ အခန်း ထဲ ကို ဝင် လိုက်တော့ ဆရာ ၊ ဆရာမ တွေ စုံ နေပြီ ။ လွတ် နေတဲ့ ထိုင်ခုံ မှာ ဖြေးဖြေး ဝင် ထိုင် လိုက်တယ် ။


“ ကျန်တာတွေ နဲ့ တော့ မိတ်ဆက် ပြီးပြီ ၊ မင်း ပဲ ကျန်တော့တယ် ညီညီ ”


ဆရာမျိုး လို့ ခေါ်ကြတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆွေဦး က စကား စ ဆိုတယ် ။ ခေါင်း သာ ညိတ် ပြပြီး ကျွန်တော် စကား ပြန် မဆိုဖြစ်ဘူး ။


“ ဒါ က ငါ ... ရှမ်းပြည်ဘက် တာဝန် ကျ တု န်းက ငါ့ ကို ကူညီ ပေးခဲ့ ကြ တဲ့ အိမ်နီးချင်း မိတ်ဆွေ လေ ၊ သူတို့ က မိသားစု လိုက် တို့ ရွာ ကို ပြောင်း လာကြတာ ၊ နာမည် က သွဲ့သွဲ့ဝင်း တဲ့ ”


ဆရာမျိုး ညွှန်ပြတဲ့ ဆီ ကို ကြည့်မိတယ် ။ သူစိမ်း တစ်ဦး ရဲ့ မျက်နှာဝိုင်းဝိုင်းလေး တစ်ခု ။ နားရွက် အဖျား ထိ သာ ရှည်တဲ့ ဆံပင်တိုလေး နဲ့ ။ ကျွန်တော် တို့ ဆီ မှာ ခေါ် တဲ့ ဂျပန်ဆံတောက်လေး ၊ အသား ဖြူတော့ တကယ့် ဂျပန်မလေး လို ပဲ ။


“ ဟုတ်ကဲ့ ၊ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ ” 


ကျွန်တော် စကား ပြောတော့ သူ က ပြန် ပြုံးပြတယ် ။ 


“ ဆယ်တန်း အောင် ပြီးပြီ တဲ့ ၊ တို့ ရွာကျောင်းလေး မှာ လုပ်အားပေး အဖြစ် နဲ့ စာ သင်ချင်တယ် ဆိုလို့ ခေါ် လာတာ ”


ဆရာမျိုး က ရှင်းပြ နေတယ် ။ အားလုံး က လည်း ဝမ်းသာ စကား ဆို ကြတယ် ။ အခုဆို ဆရာ အားလုံး ( ၅ ) ယောက် ဖြစ်ပြီပေါ့ ။


“ ဟုတ်ကဲ့ ၊ အခုလို သင်ပြခွင့် ရဖို့ သဘော တူကြတဲ့ အတွက် ဝမ်းသာရပါတယ် ရှင့် ၊ ကြိုးစားပြီး ကလေးတွေ ကို သင်ပြ ပေးပါ့မယ် ” 


သူ့ စကားသံ ဝဲပေမယ့် နားထောင် လို့ တော့ ကောင်းပါတယ် ။ သူ့ အသံ က ဖော်ဖော်ရွေရွေ မို့ သဘော မနော ဖြူမယ့် ပုံ ။ ကျွန်တော့် အောက် ငါးနှစ် လောက် တော့ ငယ်မယ် ထင်ရဲ့ ။ ဒီလိုနဲ့ ပဲ သူစိမ်း တွေ ကနေ ခင်မင်ရတဲ့ သူတွေ ဖြစ်ခဲ့ကြရပါတယ် ။


 •••••   •••••   •••••


အခြား ရွာ က ဆရာ တစ်ယောက် နဲ့ ဆရာမ တစ်ယောက် ကို ကျွန်တော် တို့ ရွာ က ထမင်း ကျွေးတယ် ။ ဆယ်အိမ်ခေါင်း အိမ် မှာ ဧည့်ခံ ကျွေး ပြီး ဆယ်အိမ်သား တွေ က ထမင်း နဲ့ ဟင်း လာ ပို့ကြရတယ် ။ ဒါက ဟိုတုန်း ကတည်း က ရွာ ရဲ့ ထုံးစံ ။ နေထိုင်ဖို့ ကို လည်း ရွာလူကြီး က စီစဉ် ပေးတယ် ။


အပြင် က ပြန် လာပြီး အိုက်စပ်စပ် ဖြစ်လာတာ နဲ့ ခြံဝ မှာ ကတည်း က အင်္ကျီ ချွတ် လိုက်တယ် ။ ဒီ အချိန် ဆို အမေ လည်း မီးဖိုဆောင် ထဲ မှာ ချက်ပြုတ် နေ ရောပေါ့ ။ အိမ် အဝင် ဝ မှာ ခါး က ပုဆိုး ကို ပါ ချွတ် ပစ်လိုက်တယ် ။ ဘောင်းဘီတိုလေး သာ ကျန်တော့ မှ အအိုက် ပြေ သွား သလိုလို ။ ကျွန်တော် က အိမ် မှာ ဆို ဒီလို နေနေကျပါ ။ ပုဆိုး နဲ့ အင်္ကျီ ကို လုံးထွေးပြီး အဝတ် လျှော်မဲ့  ခြင်း ထဲ ပစ် ထည့် လိုက်တယ် ။ ခဏတဖြုတ် လှဲဦး မှ လို့ စဉ်းစားပြီး အခန်း ထဲ ကို ဝင်ဖို့ ခန်းဆီးစ ကို လှပ် လိုက်တယ် ။


“ အမယ်လေး ” 


ရုတ်တရက် လူချင်း ဝင် တိုက်ပြီး အော်သံ နဲ့ အတူ ကြက်သွန်နီ တွေ ပါ ပြုတ်ကျ ကုန်တယ် ။ 


“ မသွဲ့ ” 


ကျွန်တော် ခေါ်တော့ ပန်းရောင်ဖြတ် ပြေးသွားတဲ့ သူ့ မျက်နှာလေး ကို လက် နဲ့ အုပ်လိုက်တာများ လျှပ်တပြက် ။ ကျွန်တော် လည်း အဝတ် မပါ တဲ့ ကိုယ် ကို လက် နဲ့ ကာ ထား မိတယ် ။ အားနာ လို့ ကာထား ရပေမဲ့ လုံတော့ မလုံပါဘူး ။


“ ဒီ အခန်း ထဲ ဘယ်လိုလုပ် ရောက် နေတာလဲ ” 


“ ကြက်သွန်နီ လာ ယူတာ ၊ ဒီ အခန်း ထဲ မှာ ဆို လို့ ၊ အရီးလေး ကို ထမင်း ကူ ချက် မလို့ ရောက် နေတာပါ ၊ ကျွန်မ သွားတော့မယ် ရှေ့ က ဖယ်ပါ ရှင် ” 


မျက်လုံး ပိတ်ပြီး ပြော နေတဲ့ စကား က ခပ်ဝဲဝဲ ။ သူ့ ကို လမ်းဖယ် ပေး လိုက်တယ် ။


“ သွားလို့ ရပါပြီဗျာ ” 


ကျွန်တော် ပြော မှ ခြေ စ လှမ်းတယ် ။ နှစ်လှမ်း လှမ်းပြီး တုံ့ခနဲ ရပ် သွား ပြန်တယ် ။ အောက် ကို မျက်လုံး ဝေ့ ကြည့် ပြီး ပြုတ်ကျ သွားတဲ့ ကြက်သွန်ဥလေးတွေ ကို လိုက် ကောက် နေတယ် ။ ဘယ်နှလုံး ပါသွားတယ် မသိလိုက်ဘူး ။ ကောက်ပြီး ထွက် သွား တာ တော့ ခပ်သုတ်သုတ် ပဲ ။


အမေ က ဆရာ ဆရာမတွေ နဲ့ မသွဲ့ တို့ မိသားစု ကို ထမင်း ဖိတ် ကျွေး ဖို့ ပြောထားတာ ကျွန်တော် မေ့ နေတာပဲ ။ ဒီ ရက်ပိုင်း မေ့တတ်တာ လည်း များ နေပြီ ။ မနက်ပိုင်း ဆို အော့အန်တတ် သေးတယ် ။ ဆေးခန်း မပြဘဲ နေခဲ့ တာ လည်း ကြာပြီ ။ ဆေးခန်း ပြဦး မှ ဖြစ်မယ် ။


 •••••   •••••   •••••


စစ်ဘေး ရှောင် ရင်း ရှမ်းပြည် ဘက် က နေ ပြောင်းလာတဲ့ မသွဲ့ တို့ မိသားစု ကို တစ်ရွာလုံး က ကူညီ ပေး ကြပါတယ် ။ သူ့ အဖေ က ပါ လာတဲ့ ငွေကြေးလေး တွေ နဲ့ ထော်လာဂျီ တစ်စီး ဝယ်ပြီး ရွာ နဲ့ ရွှေဘို ကို ပြေးဆွဲတယ် ။ အခုဆို နေသားကျ နေပါပြီ ။ ၅ နှစ် တောင် ကြာခဲ့ပြီပဲ ။ မသွဲ့ က လည်း အခု ထိ တိုင် ဆံတောက်ကလေး နဲ့ ရွာကျောင်း မှာ လုပ်အားပေး နေတုန်း ပဲ ။ ကျွန်တော် က လည်း ကိုယ့် ရွာလေး မှာ တာဝန် ကျ တုန်း ။


နောက် နှစ် ရောက် ရင်တော့ အလုပ် က ထွက်တော့မယ် စိတ်ကူး မိတယ် ။ အဖေ ကလည်း အသက် ကြီး ပြီ ။ မိဘ လက်ငုတ်လက်ရင်း ဖြစ်တဲ့ တောင်သူ ကို ကျွန်တော် လုပ်ရတော့မယ် ။ ကျွန်တော် နဲ့ မသွဲ့ သူစိမ်း က နေ ခင်မင်ရပြီး အလုပ်တူ လုပ်တဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတယ် ။ အနေ နီး တာမို့ ချစ်သူတွေ ဖြစ်သွားကြ တာလည်း အဆန်းတကြယ် တော့ မဟုတ်လှပါဘူး ။ 


နှစ်ဘက်မိဘ တွေ က လည်း သဘော တူပြီး သား မို့ ချစ်သူ ဘဝ ကို အပူအပ င်မရှိဘဲ ဖြတ်သန်း ခဲ့ကြတယ် ။


ထင်မှတ် မထားဘဲ သူစိမ်းတွေ ဖြစ် ဖို့ အကြောင်းတရား ပေါ်လာတာ က တော့ ကံ ကို ပဲ အပြစ် ပုံချရလေမလား မပြောတတ်ပါ ။


 •••••   •••••   •••••


ခါး ကို ထိတွေ့ လာ တဲ့ လက် တစ်စုံ ကြောင့် အတွေးစ တို့ ပျက်ပြယ် သွားတယ် ။ မသွဲ့ မပြန်သေးဘူးပဲ ။ သိုင်းဖက် ထားတဲ့ မသွဲ့ ရဲ့ လက်တွေ ကို

ညင်ညင်သာသာ နဲ့ ကျွန်တော် ဖြေလျှော့ ပစ်လိုက်တယ် ။ ဖုံးကွယ်ထားတဲ့ အကြောင်းအရာ ကို တော့ မသွဲ့ မသိစေ လိုပါ ။ သစ်စိမ်းချိုး ချိုးတယ်ပဲ ဆိုဆို ။ ပြော မပြချင်တာတော့ အမှန်ပဲ လေ ။ 


“ အရီးလေး ပြော လိုက်လို့ ညီမ သိပြီးပါပြီ အစ်ကို ” 


“ ဟင် ” 


မသိစေချင်ပါဘူး ဆို မှ မသွဲ့ က သိပြီးပြီ တဲ့ ။ ကောင်းပါတယ် လေ ။ ဒီလိုပဲ ဖြစ်သင့်ပါတယ် ။ သူစိမ်းတွေ ပြန် ဖြစ်ဖို့ အကြောင်း ခိုင်လုံ သွားတာပေါ့ ။ 


“ ဘာပဲဖြစ်ဖြစ် အစ်ကို့ ကို လက်ထပ်မယ် ၊ ညီမ အစ်ကို့ ကို ပဲ ချစ်တယ် ” 


မသွဲ့ က တော့ မလျော့သေး ။ ချစ်စကားတွေ ကို ဆို နေတုန်း ။ ဒီ စကား ကို ကြားရတော့ ဝမ်းသာရ ပေမဲ့ မထိုက်တန်တော့ပါဘူး ။ မသွဲ့ တစ်ဘဝ လုံး မနစ်မွန်း စေလိုဘူးလေ ။


“ ငါ မင်း ကို လက်မထပ်နိုင်ဘူး မိသွဲ့ ” 


ဒီအချိန် မှာ ချိုသာတဲ့ အခေါ်အဝေါ် တွေ ကို မသုံးချင်တော့ပါ ။ ကျလုလု မျက်ရည် ကို မျက်တောင် ခတ်ပြီး ဖယ်ရှား ရင်း သူစိမ်း ဆန် တဲ့ စကားတွေ ကို ရင် ထဲ က မပါဘဲ ဆိုရပါတော့တယ် ။


မသွဲ့ ဆီ က ရှိုက်သံ ကို ကြားရ ပြန်ပြီ ။ ကြင်နာချင် ပေမဲ့ နာကျင်တဲ့ စကားတွေ ကို ပြော လိုက်လို့ ကျွန်တော့် ကို မုန်းတီးပါစေ လေ ။


“ ကောင်းပါပြီ အစ်ကို ၊ အစ်ကို့ ဆန္ဒ ကို လိုက်လျောတဲ့ အနေနဲ့ ညီမ လှည့် ပြန်ပါ့မယ် ၊ ဒါပေမဲ့ ညီမ လည်း အိမ်ထောင် မပြုဘဲ တစ်သက်လုံး အစ်ကို့ ကို ချစ်နေမယ် ဆိုတာတော့ ယုံထားလိုက်ပါ အစ်ကို ၊ အရင်းနှီးဆုံး သူစိမ်း တွေ လို နေ သွားကြတာပေါ့ ” 


မသွဲ့ က ပြောရင်း နဲ့ ကျွန်တော့် အနား ကို ရောက်လာတယ် ။ ခြေဖျားလေး ထောက်ပြီး အနမ်း တစ်ချက် ပေး သွားတယ် ။


“ ရွတ် ”  


လေးတွဲ့ တဲ့ ခြေသံရှပ်ရှပ် ကို ကြား ရတယ် ။ မသွဲ့ ပြန် သွားပြီ ထင်ရဲ့ ။ အဲဒီ ကျ မှ လေးလံ ကိုက်ခဲ နေတဲ့ ဦးခေါင်းကြီး ကို လက် နှစ်ဖက် နဲ့ ဖွဖွ ဆုပ်ကိုင် ရင်း ဒူးထောက် ပြီး ထိုင်ချ လိုက်တယ် ။ မျက်စိ စုံမှိတ် ခံစားပြီး နာကျင်မှု အချို့ ကို လက်ချောင်းတွေ ဆီ ပို့လွှတ် လိုက်တယ် ။ ဒါကလည်း စိတ်ဖြေမှု သက်သက်မျှ သာပါ ။ ဆိုးဝါး လိုက်တဲ့ ဦးနှောက်အကြိတ် ဝေဒနာ ပါ လား ။


သက်တမ်းစေ့ မနေရ တော့ မှာ မို့ မသွဲ့ ကို တစ်ခုလပ် ၊ မုဆိုးမ ဘဝ နဲ့ မကျန်ရစ်စေလိုပါ ။ အခုတော့ လည်း သူစိမ်း က နေ သူစိမ်း တွေ ပဲ ဖြစ်ရပြန် ပါပြီလား အချစ် ရယ် ။ ဟုတ်ပါတယ် လေ ၊ ညီမ ပြောသလို အရင်းနှီးဆုံး သူစိမ်းတွေ ပေါ့ ကွယ် ။  ။


◾ကိုစိုး  ၊ လက်လှုပ်  ၊


📖 တစ်ယောက် တစ်ဘဝ ( ၃ )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment