❝ ခြံစောင့် ခွေးမောင်း ဘဝ မှ လွတ်ကင်း၍ ❞
“ အဖေ့ ဧည့်သည် ”
စာ ရေး နေရာ မှ ဘောပင် ကို အသာ ချ ထားပြီး အခန်း အပြင် ဘက် ထွက်ခဲ့ပါ၏ ။
လူငယ် တစ်ယောက် သားသားနားနား ဝင်းတံခါး ရှေ့ မှာ ရပ် ထားတဲ့ သူ့ ကား က အမြင့်ကား ။
“ ဆရာ မောင်ချမ်းသာ ဆိုတာ ... ”
“ ဟုတ်ပါတယ် ငါ့တူ ၊ မောင်ရင် အခု တွေ့ နေရတာ မောင်ချမ်းသာ ပါပဲ ၊ ကဲ ဆို ”
“ ဆရာ့ ဆီ က အကြံဉာဏ် တောင်းချင်လို့ပါ ဆရာ ”
“ ပြောပါဦး ”
“ ကျွန်တော် ရန်ကုန်မြို့ ........ ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ရဲ့ သမက် ပါ ဆရာ ၊ ဆရာ နဲ့ တွေ့ချင် နေတာ ဆရာ ၊ ဆရာ့ စာတွေ ဖတ်ပြီး ဆရာ နဲ့ တွေ့ချင် နေတာ ဒီလိုပါ ဆရာ ”
( သူဌေး သမက် က အကြံဉာဏ် လိုချင်တယ် ဆိုတော့ ခက်တော့ ခက်သား ၊ သူ့ ယောက္ခမ တစ်ယောက် လုံး သူဌေးကြီး ဖြစ်နေပြီးတော့ )
“ ဆရာ ခဏခဏ ရေးလေ့ ရှိတဲ့ သူဌေးသမက် ဟာ သူဌေး မဟုတ်ဘူး ဆိုတဲ့ စကား ကို ကျွန်တော် လက်ခံပါတယ် ဆရာရယ် ၊ အခု ဟာ က ဒီထက် ပို ဆိုး နေလို့ ”
“ ငါ့ တူ က သူဌေးကြီး ရဲ့ သမီး ကို ခိုးပြေး ၊ သူဌေးကြီး က ပစ်ထား ၊ သားသမီး တွေ ရမှ သူဌေးကြီး က မြေးတွေ သံယောဇဉ် နဲ့ ပြန်ခေါ် ဒီလို ဇာတ်လမ်းမျိုးလားကွာ ”
“ အမှန်ပါပဲ ဆရာ ၊ ကျွန်တော် တို့ ဆယ်တန်းနှစ် မှာ စာမေးပွဲ မဖြေ ခင် ခိုးပြေး ကြတာပါ ဆရာ ”
“ ဗီဒီယို ရုပ်ရှင် ဇာတ်လမ်းတွေ ထဲ မှာ တော့ သူဌေးကြီး က အမျက်ပြေ လို့ ပြန်ခေါ် ၊ ချစ်ခင်ရင်းနှီး ဖော်ရွှေစွာ လက်ခံ ၊ မိသားစု ပျော်ရွှင်စွာ နေထိုင်ကြလေတော့သတည်း ဒီလို မဟုတ်ဘူးလား ကွာ ”
“ အဲဒါက ဇာတ်လမ်းပါ ဆရာ ၊ အခု ကျွန်တော့် အဖြစ် က ရင်နာလွန်းလို့ပါ ဆရာ ရယ် ”
သူကလေး မျက်နှာ ချက်ချင်း ညှိုး သွားပါ၏ ။ ကြာ လျှင် ချုံးပွဲချ ငိုပေတော့မည် ။
“ လာ ငါ့တူ ”
ကျွန်တော် က ပရိုက်ဗိတ် အခန်း ထဲ သို့ ခေါ်သွင်း လိုက်ပါ၏ ။
“ ကဲ ငါ့ တူ ဘာဖြစ်လာသလဲ ၊ ရဲရဲတင်းတင်း ရင်ဖွင့် ပေတော့ ၊ ဒီ နေရာ က တော့ မင်း နဲ့ ငါ နှစ်ယောက် ထဲ ရှိတာ ”
“ မြေးတွေ သံယောဇဉ် ကြောင့် သူ့ ဆီ ပြန် ခေါ်ထားပေမယ့် ကျွန်တော့် ကို အမြင် မကြည်ဘူး ဆရာ ၊ အခု ကျွန်တော်တို့ လင်မယား သားသမီး ငါးယောက် သာ ထွန်းကားကရော ၊ အဘိုးကြီး က တော့ စကား တောင် အဖက် လုပ် မပြောပါဘူး ဆရာ ”
“ ကျွန်တော့် ကို သူ့ လုပ်ငန်း ထဲ က လက်တိုလက်တောင်း ခွေးမောင်း ခြံစောင့် လောက် သာ ထားတာပါ ဆရာ ”
“ သူ့ ကား မောင်းပေးရတဲ့ သူ့ ဒရိုင်ဘာ ၊ ဧည့်ခံပွဲ မှာ စားပွဲထိုး ”
“ သဘောပေါက်ပါပြီ ငါ့ တူ ၊ မင်း ကို လူရာ မသွင်းဘူး ၊ ထမင်းအိုး ဟင်းအိုးထမ်း ၊ အိုးတိုက် ပန်းကန်ဆေး အဆင့် လောက် ပဲ ဆိုပါတော့ ”
“ အမှန်ပါပဲ ဆရာ ၊ ကျွန်တော် သူဌေး သမက် ဖြစ်ရတာ ရင်နာ လွန်းလို့ပါ ဆရာ ၊ သူ က လူရာ မသွင်း တော့ ဘေး ပတ်ဝန်းကျင် က လည်း ကျွန်တော့် ကို မတူသလို မတန်သလို သူဌေး ပေး ထားတဲ့ ဟန်းဖုန်းကလေး ခါး မှာ ချိတ်ပြီး သူဌေး ရဲ့ ကား ကို မောင်းပြီး ဟန်လုပ် နေတဲ့ ငနဲ အလကား ကလေကချေ ကောင် လို့ သဘောထား နေကြတာပါ ဆရာ ”
“ ဆရာ ရယ် ဖြစ်နိုင်ရင် ဘဝ ကို တစ် က တောင် ပြန် စ လိုက်ချင်ပါရဲ့ ”
“ ငါ့ တူ က လူစွမ်းလူစ မပြ ဘူးလားကွာ ၊ သူဌေး ရဲ့ အလုပ်တွေ ကို ကူ လုပ် မပေးဘူးလားကွာ ”
“ ကူ လုပ်ပေးတာ ကို သူ က လက်မခံဘူး ဆရာ ၊ မြင်း ရဲ့ အလုပ် ကို ခွေး က ဝင် ရှုပ်နေတယ် လို့ မြင် နေတာ ဆရာ ”
“ လုပ်ငန်း တစ်ခု ထူထောင် ပြီး လူလူသူသူ လုပ် ကြည့်ဖို့ အစွမ်းအစ ပြဖို့ စိတ်ကူး မကြည့်ဘူးလား ”
“ ဆရာ ရယ် ယောက္ခမကြီး ( သူဌေးကြီးကတော် ) ကို ဘုရား လိုက် ပို့ ၊ ခယ်မ တွေ ရှော့ပင်း ထွက် တာ လိုက်ပို့ ၊ ယောက်ဖ တွေ မူးတာ ရမ်းတာ လိုက် ထိန်း ၊ ကျွန်တော့် ကလေးတွေ ကျောင်းပို့ ကျောင်းကြို ”
“ အင်း ဒီလို ဆိုတော့လဲ ”
ကျွန်တော် အမျိုးမျိုး စဉ်းစား ကြည့် ပါ၏ ။ သည် လူငယ်လေး လမ်းပျောက် နေ လေပြီ ။ အိမ်မှုကိစ္စ တွေ လုပ်ကိုင် ပေး နေရတာနဲ့ ပဲ အချိန် ကုန်ပြီ ။ သူဌေး ရဲ့ အိမ်ကျွန် ဘဝ ထဲ နစ် နေလေပြီ ။
တော်သေးတာပေါ့ ။ သူ့ ကောင်မလေး က သူ့ ကို ချစ်နေပေသေးလို့ ၊ ပြောစရာ ဆိုလို့ သည် တစ်ချက်ကလေး သာ ရှိပါ၏ ။ သူဌေးကြီး ၏ အရှိန်အဝါ ဩဇာ အောက် ရှိသူကလေး ပြားပြားဝပ် နေရ လေပြီ ။ လမင်းကြီး အရှိန်အဝါ ကြောင့် ပိုးစုန်းကြူး အရောင် မထွက် နိုင် သကဲ့သို့ ။
“ ဆရာ ရယ် သူဌေးကြီး ကွယ်လွန် သွားတဲ့ အခါ ကျရင် တော့ ကျွန်တော် လူရာ ဝင်လာ မလားပဲ ”
“ မထင်ပါနဲ့ ငါ့ တူ ၊ ငါ့ တူ က သူဌေးကြီး ရဲ့ ခြေရာ ကို နင်းနိုင် မှ လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာ ”
“ ဆရာ ဒါဖြင့် ကျွန်တော် ဒီ တစ်သက် လူ ဖြစ်ပါဦးတော့ မလား ဆရာ ရယ် ”
သူ ငိုမဲ့ ငိုမဲ့ ဖြစ်လာပြန်ပါ၏ ။
သူဌေး လက် ထဲ သူ့ သမီး ကို ပြန် အပ်ပြီး ထွက်ပြေး ဖို့ ဆိုတာ က လည်း မဖြစ်နိုင် ။ ပြီးတော့ သားသမီး က လည်း ငါးယောက် တောင် မွေးထား ပြီး နေပြီ ။
“ ဆရာ ကျွန်တော် ဘာ ဆက် လုပ်ရမလဲ ဟင် ”
“ ဆရာ အကြံဉာဏ် ပေးချင်တာ က တော့ ”
“ ပြောပါ ဆရာ ”
သူ့ မျက်နှာ အရောင် လက် လာပါ၏ ။
“ သူဌေးကြီး ရဲ့ လောင်းရိပ် အောက် က အမြန်ဆုံး ရုန်း ထွက်ပါ ။ ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် လုပ် ကြည့်ပါ ။ သူဌေးကြီး အဖြစ်နိုင် တောင် မှ သူဌေးပေါက်စကလေး ဖြစ်အောင် လုပ်ပြပါ ၊ ကိုယ့် အစွမ်းအစ ကိုယ်ပိုင် အရည်အချင်း တွေ ကို ဖော်ထုတ်ပြီး သုံးကြည့်ပါ ”
“ ပထမ တော့ မင်း တို့ ဘဝ ခက်ခဲ ပင်ပန်း ကြမ်းတမ်းမယ် ၊ နောက်တော့ လုပ်ရည်ကိုင်ရည် တက် လာလိမ့်မယ် ၊ လုပ်ရင်းကိုင်ရင်း စီးပွါး ရှာရင်း နဲ့ ကိုယ့်ကိုယ် ကို ယုံကြည်မှု တွေ ရ လာလိမ့်မယ် ၊ ထွက်ပေါက် က တော့ ဒီ နည်း ပဲ ရှိပါတယ် ။ ငါ့ တူ သတ္တိ ရှိရှိ နဲ့ စွန့်စွန့်စားစား လုပ်ပြလိုက်ပါ ငါ့ တူ ”
“ ဒီလိုမှ မဟုတ်ရင် တော့ သူဌေး ရဲ့ အိမ်ကျွန် ဘဝ က တက် မှာ မဟုတ်ဘူး ။ ဘယ်တော့မှ လဲ သူဌေး ဖြစ်လာ မှာ မဟုတ်ဘူး ၊ သူဌေးသမက် ဆိုတဲ့ ရာထူး က နေ အမြန်ဆုံး နှုတ်ထွက် လိုက်ပါ ”
“ သူဌေး ရဲ့ လောင်းရိပ် အောက် က ရုန်းထွက်ချင်တဲ့ နေ့ ၊ လူ တစ်လုံး သူ တစ်လုံး ( ကိုယ်စွမ်းကိုယ်စ နဲ့ ) ဖြစ်လာတဲ့ နေ့ မှာ ငါ့ တူ လူရာ ဝင်လာပါလိမ့်မယ် ”
“ ဒါထက် ငါ့ တူ လက်ဝါးကလေး ကို ခဏ လောက် ကြည့်ပါရစေ ”
သူ လက်ဝါး နှစ်ဖက် ကို ဖြန့် ပြပါ၏ ။
ကျွန်တော် က သူ့ လက်ဝါးများ ကို သေချာစွာ ကြည့် ၊ ဘောပင် နဲ့ ထောက် ကြည့် ။
“ အို ငါ့ တူ က သူဌေး ဖြစ်ဖို့ ဇာတာ က အရှင်းကြီး ပါ နေတာပဲကွာ ၊ မကြောက်ပါနဲ့ ရဲရဲကြီး ရင်ဆိုင် လိုက်စမ်းပါ ”
“ တကယ်လား ဆရာ ”
“ တကယ်ပါ ငါ့ တူ ၊ ဆရာ က မင်း လက္ခဏာ ကို မြင်တဲ့ အတိုင်း ဟောလိုက်တာပါ ”
“ ဆရာ ဒါဆို ကျွန်တော် ... ”
“ ငါ့ တူ မှာ လူစွမ်းလူစ လုပ်ရည်ကိုင်ရည် တွေ အပြည့် ရှိပါတယ်ကွာ ၊ လက္ခဏာ မှာ အထင်းသား ပေါ် နေတာပဲဟာ ”
“ နောက် မင်း သူဌေး ဖြစ်သွားတဲ့ အခါ ပြန် ဆုံကြသေးတာပေါ့ ”
သူကလေး ခေါင်း ကို မော့ ရင် ကို ကော့ ၍ ရွှင်လန်းတက်ကြွစွာ ပြန် ထွက် သွားပါ၏ ။
အားလုံးသော သူဌေးသမက် ပေါက်စကလေးများ ခြံစောင့် ခွေးမောင်း နင်းပြား ဘဝ မှ လွတ်ကင်း ၍ ချမ်းသာ ကြွယ်ဝသော သူဌေးမင်းများ ဖြစ်ကြပါစေသော် ။
( ဘဝ ဆိုတာ လုပ် ယူရင် ရတယ် )
◾မောင်ချမ်းသာ
📖 မော်ဒန် သတင်းဂျာနယ်
၁ဝ စက်တင်ဘာလ ၂၀၁၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment