Friday, May 24, 2024

မျောက်တွေ ရဲ့ ချစ်သူ



 

❝ မျောက်တွေ ရဲ့ ချစ်သူ ❞

ဖိုးဝင်းတောင် မှာ မျောက်စာ ရောင်း တဲ့ မိန်းကလေး အေးခြိမ့်ဇော် နဲ့ ကျွန်တော် ခင်မင်ခဲ့တာ ကြာပါပြီ ။ ခရီး သွားကြမယ့် သူတွေ အတွက် ခရီးသွား မိတ်ဆက် ဆောင်းပါး တွေ ဓန မဂ္ဂဇင်း မှာ ရေးဖို့ ၂ဝဝဝ ပြည့်နှစ် က အလောင်းတော်ကဿပ သွား ရင်း စတင် ခင်မင်တာပါ ။ ဖိုးဝင်းတောင် ကို ကျွန်တော် ရောက်တဲ့ အခါ သူတို့ မိသားစု နဲ့ ဆုံတွေ့လေ့ ရှိတယ် ။

အေးခြိမ့်ဇော် တို့ မိသားစု က လှုပ်ရှား သွားလာ ရုန်းကန် နေကြ ရင်း ရိုးရိုး သားသား အသက်မွေး ဝမ်းကျောင်း နေကြ သူ တွေ ဖြစ်ပါတယ် ။ ဖိုးဝင်းတောင် က ဘဝ တစ်ခု က လည်း စိတ်ဝင်စားဖို့ ကောင်း ပါတယ် ။

••••• ••••• •••••

အဖေ က ဘိသိက်ဆရာ ဦးအောင်ဇော်ဝင်း ပါ ။ အမေ က ဒေါ်ဝင်းကြည် ။ အမေ ဆုံး တာ ပြာသိုလ မှာ သုံးနှစ် ပြည့်မယ် ။

သမီး ကို ဖိုးဝင်းတောင် မှာ မွေးတယ် ။ ဖိုးဝင်းတောင် မူလတန်းကျောင်း မှာ ပဲ ကျောင်း နေတယ် ။ ကျောင်း က အိမ် နဲ့ မျက်နှာချင်းဆိုင် မှာ ပဲ ရှိတယ် ။ လေးတန်း အောင် တော့ ကျောင်း ထွက် လိုက်တယ် ။ ငါးတန်း ဆက် တက် ချင်ရင် ယင်းမာပင် သွား တက် ရမှာ ။ ယင်းမာပင် နဲ့ ဖိုးဝင်းတောင် က အသွား အပြန် ၁၆ မိုင် ဝေးတယ် ။ စက်ဘီး နဲ့ တက် မှ ။ မနက် စောစောကြီး ထ ပြီး ထမင်း လည်း ချက်ရ ဦးမှာ ။ စီးပွားရေး အခြေအနေရ ကျောင်း ဆက် မတက် တော့ဘူး ။

သမီး တို့ မှာ မောင်နှမ ငါးယောက် ရှိတယ် ။ ညီမလေး က အခု လေးတန်း ။ အဖေ့ ဇာတိ သရက်ကန်ရွာ မှာ တော့ အလယ်တန်းကျောင်း ရှိတယ် ။ သရက်ကန် က ယင်းမာပင် ရဲ့ ဟိုး တောင်ဘက် ထဲ မှာ ။ သရက်ကန် မှာ အဖေ့ အမျိုးတွေ ရှိတယ် ။ အဖေ က တော့ ထားပေးမယ် ပြောတာပဲ ။ ကြိုးစားရမှာပေါ့ ။ သမီး မှာ မောင်လေး  တွေ လည်း ရှိတယ် ။ မောင်လေး က အခု နှစ်တန်း ပဲ ရှိသေးတယ် ။

သမီး ငယ်ငယ် ထဲ က အဲသည့် ရွာ တွေ ရောက်ဖူးတယ် ။ အမေ က ယော ဘက် ကို ငါးပိ သွား ရောင်းတယ် ။ ရှစ်နှစ် သမီး လောက် ကတည်း က သမီး က အဖော် လိုက် ရ တယ် ။ ရောင်းတာ က အကြွေး ပေါ့ ။ ပဲစင်းငုံ ပေါ် ချိန် မှာ အဖေ က ဈေးဖိုး သွား သိမ်း တယ် ။

တစ်ခါတလေ တော့ အဖေ နဲ့ အမေ ဈေးရောင်း အတူ သွား ရင် အိမ် မှာ ကလေးတွေ ချည်း ကျန်ရစ်တာ ။ သမီး က အစ်မကြီး ဆိုတော့ ထမင်းဟင်း ချက်ရ တယ် ။ ထမင်းအိုး မနိုင်ရင် အိမ်နီးချင်း အဒေါ်  ကို လှမ်း ခေါ်ပြီး ငှဲ့ ခိုင်း ရတာ ။ အဒေါ် က လည်း စောင့်ရှောက် ပါတယ် ။ အနား မှာ အဒေါ်  ရှိ နေတော့ နေရတာ မကြောက်ဘူး ။

ဖိုးဝင်းတောင် မှာ သမီး ကလေး ကတည်း က မျောက်စာ ရောင်း ခဲ့တာ ။ ကျောင်း နေတုန်း က တော့ နေ့လယ် ထမင်းစား ကျောင်းဆင်းချိန် မှာ ဖိုးဝင်းတောင် ကို သွား ရောင်း တာပေါ့ ။ ကျောင်းပိတ် ရင် တော့ အချိန်ပြည့် ပေါ့ ။

ဘုရားဖူးကား တစ်စီး ကို မျောက်စာသည် ငါးယောက် စီ အလှည့်ကျ ရောင်း ရတယ် ။ ဆယ်ဖွဲ့ ဖွဲ့ ထားတယ် ။ တစ်နေ့ ကို အယောက် ငါးဆယ် ရောင်း ရတယ် ။ ကား အစီး နှစ်ဆယ် လာရင် နှစ်လှည့် ပေါ့ ။ နေ့တိုင်း မရောင်းရဘူး ။ တစ်ရက်ခြား အလှည့်ကျ ရောင်းရတယ် ။

တစ်ခါတလေ ကိုယ့် အလှည့်ကျ ရောင်း ဖို့ ကား အလှည့် က လည်း လာ နေ ပြီ ။ ကျောင်း ကလည်း တက် နေပြီ ဆိုရင် တော့ ကား အလှည့် ကို လွှတ် ပစ် လိုက်ရ တော့တာပါပဲ ။ ကျောင်း ကို ပဲ လိုက်ရတယ် ။

ကလေး တုန်း က တော့ မျောက်တွေ က လည်း သမီး တို့ ကို မကြောက်ဘူး ။ ရောင်း ဖို့ ကိုင် ထားတဲ့ မျောက်စာ တွေ ကို ဝင် လုတာပဲ ။ သမီး က လည်း ငို တာပဲ ။ အဖေ က တော့ မျောက် လု လို့ ပါ သွားတာ ကို ခွင့်လွှတ်တယ် ။ ကိုယ့် တာဝန် ကိုယ် ကျေဖို့ပဲ ဆုံးမတယ် ။ ငေးငေးမောမော နေ လို့ ကိုယ့် အလှည့်မှန်း မသိဘဲ မရောင်းလိုက်ရတာ မျိုးတော့ အဖေ မကြိုက်ဘူး ။ တစ်ခါတော့ အဖေ ရိုက် တာ ခံရဖူးတယ် ။ တီဗီ ငေး နေ မိတာလေ ကိုယ့် အလှည့် မှန်း မသိလိုက်ဘူး ။

အခုတော့ သမီး လည်း ကျောင်း မနေတော့ လို့ အချိန်ပြည့် အလုပ်တွေ လုပ် နိုင်ပါပြီ ။ ရောင်း လာတာ ကြာပြီ မို့ တောင်ပေါ် က မျောက်တွေ က လည်း သမီး ကို သိ နေပြီ ။ သမီး က လည်း မျောက်တွေ နဲ့ ရင်းနှီး နေပြီ ။

ဘုရားဖူး လာတဲ့ လူ က မျောက်စာ ဝယ်ဝယ် ၊ မဝယ်ဝယ် ဘုရား သမိုင်းကြောင်း ကို ရှင်း ပြဖို့ ၊ ဘုရားဖူး သွားချင်တဲ့ နေရာတွေ အနှံ့လိုက် ပြဖို့ အဖေ က မှာထားတယ် ။

မျောက်စာ က မြေပဲ တို့ ၊ သင်္ဘောသီး တို့ ကို လုပ်တာ ။ သင်္ဘောသီး ကို ပါးပါးလေး စိတ် ရောင်းတာ ။ သင်္ဘောသီး တစ်လုံး ကို နှစ်ရာဖိုး လောက် ရတယ် ။ မြေပဲ က တော့ တစ်ထုပ် ငါးဆယ် ။ တစ်ရာဖိုး သုံးထုပ် ပေး ရတာ လည်း ရှိတယ် ။ ရောင်းတဲ့ အခါ ဈေး ပို မယူရဘူးလို့ ဘုရား ဂေါပကလူကြီး တွေ က မှာ ထားတယ် ။ ရောင်း တဲ့ လူချင်း ရန် မဖြစ်ရဘူး ။ စည်းကမ်း မလိုက်နာ ရင် တစ်လ မရောင်းရဘူး လို့ ဖိုင်း ချတယ် ။ နှစ်ခါ ၊ သုံးခါ ဖိုင်း ကျရင် တစ်သက်လုံး မရောင်းရဘူး ပြောတယ် ။ ဘယ်သူ မှ တော့ အဲသည့်လို ဖိုင်းချ မခံရသေးဖူးဘူး ။

သနပ်ခါး တို့ ၊ ဆေးမြစ် တို့ လည်း ရောင်းတယ် ။ ညှော်ခံမြစ် က အနာ မန်း ဝင် ရင် အနာ ကို ကွင်း ပြီး လိမ်းရတာ ။ တောရှောက်မြစ် က ညောင်းတာ ၊ ကိုက်တာ ၊ ထုံနာကျဉ်နာ ပျောက်တယ် ။ ဆေးမြစ်ဆုံ အမှုန့်ကြိတ် ထား တာ လည်း ရှိတယ် ။ အရက် ဦးရေ နဲ့ လိမ်း ရင် လေဖြတ်တာ တွေ ပျောက်တယ် ။ နာဂသွေးမြစ် က အနာပေါင်းစုံ ပျောက်တယ် ။ ဆေးမြစ် တွေ ကို ရွာ ထဲ က ပိဿာချိန် နဲ့ ဝယ်ပြီး သမီး တို့ က အထုပ်ကလေးတွေ ထုပ် ရောင်းတာ ။

တပို့တွဲ ၊ တပေါင်း ၊ တန်ခူး အလောင်းတော်ကဿပ ဘုရားဖူးတွေ ဖိုးဝင်းတောင် ကို လာချိန် မှာ သမီး တို့ ရွှေသင်္ကန်း ရောင်းတယ် ။ ဘုရားဖူး တွေ လာချိန် မှာ မနက် စောစော ငချိတ်ပေါင်း ၊ မုန့်ပေါင်း ၊ အကြော်စုံ လည်း ရောင်းတယ် ။ အလောင်းတော်ကဿပ လမ်းကြော မသိတဲ့ ကိုယ်ပိုင်ကား တွေ ကို သမီး က လမ်း လိုက်ပြတယ် ။ တစ်ခါတလေ သမိုင်းကြောင်း ရှင်း ပြဖို့ ခေါ်တယ် ။ မိန်းကလေးအဖွဲ့ - စိတ်ချရတဲ့ အခါ လိုက် ပို့ပေးတာပေါ့ ။ သူတို့ က လည်း မိန်းကလေး အချင်းချင်း ပဲ ခေါ်တယ် ။

တောင်ထိပ် မှာ ကျောက်ပန်းခက်တွေ ရှိတယ် ။ ဒါကို လိုက် နုတ်ပြီး ခွေထိုး တယ် ။ ပန်းပွင့်ရောင်စုံလေး တွေ ထိုးပြီး တစ်ခွေကို ကျပ် ၅ဝ ၊ ၁ဝဝ ကြည့် ရောင်း ရတယ် ။

နိုင်ငံခြားသား တွေ လည်း ဖိုးဝင်းတောင် ကို တော်တော် လာကြတယ် ။ သူတို့ ကို သမီး တို့ က ဖိုးဝင်းတောင် ရှုခင်းပုံ ပို့စကတ် တွေ ရောင်းတယ် ။ တစ်ပုံ ကို သမီး တို့ အရင်း က ကျပ် ၂၅ဝ ပဲ ရှိတယ် ။ ကျပ် ၁ဝဝဝ နဲ့ ရောင်းလို့ရတယ် ။ သည်နား က သန္တာဝင်း ဆိုတဲ့ ဓာတ်ပုံဆိုင် က ဖိုးဝင်းတောင် တစ်တောင်လုံး ရဲ့ ပုံ တွေ ထုတ်တာ ။ နိုင်ငံခြားသား တွေ ရဲ့ ကား လာပြီ ဆို သမီး တို့ က ငွေငါးရာ ပေးပြီး နှစ်ပုံ ဝယ် သွားတာပေါ့ ။ ပြန် သွင်း လို့တော့ မရဘူး ။

တောင် ပေါ် မှာ သိပ် ရောင်း ကောင်း ရင် သူငယ်ချင်း ချင်း တစ်ပုံ ငါးရာ နဲ့ ယူ ပြီး ပြန် ရောင်းတာ ပေါ့ ။ နိုင်ငံခြားသား တွေ လာ တော့ သူတို့ စကား နည်းနည်း ပါးပါး ပြော တတ် ရင် ကောင်းတယ် ။ သမီး က အင်္ဂလိပ် ၊ ဂျာမနီ ၊ ပြင်သစ် ၊ အီတာလျံ ၊ စပိန် နည်းနည်းလေးစီ  တတ်တယ် ။ အကျွမ်းကြီး မဟုတ်ပါဘူး ။ ကိုယ် နဲ့ သိ တဲ့ ဂိုက် ( guide ) တွေ ဆီ က သင်ရတာ ။ အစ်မ တန် အစ်မ ခေါ်ပြီး ကိုယ် သိချင် တာ မေး ရတာပေါ့ ။ ဟုတ် မဟုတ် နိုင်ငံခြားသား တွေ နဲ့ တွေ့ ရင် စမ်း ပြော ကြည့် တာပေါ့ ။ မှန် သွား ရင် ဆက် ပြောတာ ။ သိပ်များများ တတ်တာတော့ မဟုတ်ပါဘူး ။ တောင်ပေါ် မှာ လိုက် ပြီး ရှင်းပြတတ် ရုံ ပါ ။ ဘုရား ဘွဲ့တော် တို့ ၊ ဘယ်နှခုနှစ် က တည်ခဲ့တာ တို့ ၊ နံရံဆေးရေးပန်းချီ ရှိတယ် မရှိဘူး တို့ ပေါ့ ။ ခေါင်း တိုက်မိမယ် သတိထား ။ ခလုတ် တိုက်မိမယ် တို့ သူတို့ အန္တရာယ် ဖြစ်နိုင်တာ လေး တွေ ပြော ပေး ရတာပေါ့ ။

အလုပ် တွေ က တော့ တစ်မျိုး မဟုတ် တစ်မျိုး လုပ် နေ တာပါပဲ ။ ဂန့်ဂေါ ဘက် က မျှစ်တွေ သည်ဘက် သယ် ရောင်းတယ် ။ ရေနံချေး လည်း ယူ ရောင်း တယ် ။ မာလကာသီး လည်း ရောင်း ၊ ပြောင်းဖူးပြုတ် လည်း ရောင်း ၊ စာကလေး ခြေထောက် ( ကုလားပဲမှုန့် ) လည်း ထုပ် ရောင်း ဖူးတယ် ။

အမေ နေ မကောင်း တော့ မုံရွာ သွား ပြတယ် ။ ဆိုး လာ လို့ အသက်ကယ် ဆေး ထိုးပြီး ဖိုးဝင်းတောင် ပြန် ခေါ်လာတာ ။ ကားသမား တွေ က လည်း သူတို့ ကား ပေါ် မှာ တစ်ခု ခု ဖြစ်သွား မှာ စိုးလို့ မတင်ချင်ဘူး ။ ဒါနဲ့ အဖေ့ အသိ တွေ က ကား ရှာပြီး ငှား ပေးတော့ တစ်သောင်း ပေးရတယ် ။ လူနာ ဆိုတော့ သူများ နဲ့ မတူဘူးပေါ့နော် ။ သူများ ဆီ က ဆွဲ ပြီး ကား နဲ့ တင် လာတယ် ။

အမေ မဆုံးခင် က သူများ ဆီ က ငွေ သုံးသောင်း ချေး ထား သတဲ့ ။ အိမ်စရိတ် လို လို့ ချေးတာ နေမှာပေါ့ လေ ။ အတိုး နဲ့ အရင်း ပေါင်း တော့ တော်တော် များ နေပြီ ။ အမေ ဆုံးမယ့် နေ့ က ငွေ ချေး ထားတဲ့ သူ က လာ ပြောတယ် ။ သူ့ ကို မယုံလို့ တော့ မဟုတ်ပါဘူး ။ သေချာအောင် မေး တော့ အမေ က ဟုတ်တယ် တဲ့ ။ အမေ့ ကို စိတ်ချပါ ဆပ်လိုက်မယ် လို့ ပြော လိုက်တယ် ။ အဲသည့် ည မှာ ပဲ အမေ ဆုံးသွား တယ် ။

ကိုယ် နေ ရတဲ့ ဘဝ ကို ကိုယ် ကျေနပ် ပါတယ် ။ ရောက် တဲ့ အဆင့် မှာ နေရ မှာ ပေါ့ ။ ကိုယ့် ထက် မြင့် တာ လှမ်း နေ လို့ လည်း မောရုံပဲ ရှိမှာပေါ့ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment