Tuesday, May 28, 2024

မြို့သူ တစ်ယောက်


 

❝ မြို့သူ တစ်ယောက် ❞

ဘူတာရုံ ၌ ကိုနွယ် စောင့် နေရော့မည် ။ ရုံး မှ အထွက် ခက် ၍ နေ့ဝက် ခွင့် တင် ခဲ့သည် ။ ရထားချိန် လိုသေး ပေမဲ့ စေ့စပ်သေချာ ဝီရိယ ကောင်းလှသော ကိုနွယ် သည် ရထားချိန် ထက် တစ်နာရီ လောက် စော ပြီး ဘူတာ ၌ အသင့် ရောက် နေမှာ သေချာလှ၏ ။ ပြီးတော့ သူ ကျွန်မ ကို မျှော်နေ မှာ လည်း ပို သေချာ ပါသည် ။

“ နှုတ်ဆက်ရုံ လောက် ဖြစ်ဖြစ် ဘူတာ ဆင်းခဲ့ပါလား ဗျာ ” ဆိုသည့် ကိုနွယ့်
ထံ သို့ ကျွန်မ လာနေခြင်း မှာ နှုတ်ဆက် ရုံ သက်သက် မျှ တော့ မဖြစ်တန်ရာ ။ မျှော်သူ က မျှော် သလို ၊ လာ နေသူ က လှမ်း နေပြီ မို့ ကျွန်မ တို့ နှစ်ဦး ၏ ဆုံရပ် သည် အနည်း နဲ့ အများ ကြည်နူးစရာ ကောင်း နေမှာ ပါပဲ ။ ဘူတာ ထဲ မှာ ကိုနွယ့် မျက်လုံး တွေ က ကျွန်မ ကို လိုက် ရှာ နေမည်မို့ ကိုယ်ထင် ပြ သလို ဘွားခနဲ ကိုနွယ့် ရှေ့ သို့ ကျွန်မ မြန်မြန် ရောက် လို လှပါပြီ ။ အကယ်၍ များ ကျွန်မ က သူ့ ထက် အရင် စော မြင်ခဲ့ လျှင် ပို ပျော်စရာ ကောင်း လိမ့်မည် ။ သူ့ နောက် မှ ကွေ့ ပြီး “ ဟိတ် ကိုနွယ် ဘယ်သူ့ မျှော် နေလဲ မှန် မှန်ပြော ” ဟု သူ့ အိတ် ကို အသာ လှမ်း ဆွဲ ရင်း လွတ်လပ် ကြည်နူးစွာ စနောက် လိုက်ဦးမည် လေ ။ ဒါမှ သူ အရမ်း ဝမ်းသာ သွား ပြီး တမေ့ တမော ရယ်မော သွား နိုင်သည် ။ ကျွန်မ ကိုနွယ် ပြုံး တာ အမြဲတမ်း မြင်လိုပါရဲ့ ကွယ် ။ ပြုံး လိုက် တိုင်း ခွက်ဝင် သွား တဲ့ အသား ညိုစိမ့်စိမ့် ယောက်ျား တစ်ယောက် ရဲ့ ပါးချိုင့် တစ်ဖက် က ကျွန်မ နှလုံးသား ကို လွှမ်းမိုး ခဲ့တာ ကြာ မှန်း ကိုနွယ် မသိဘူး နော် ။ ပါးချိုင့်ခွက် ကြောင့် ပို လှသွား စရာ ဘာ အကြောင်း မှ မရှိပေမဲ့ အဲဒီ ပါးချိုင့် ကို ငေး ကြည့်ရ တိုင်း ရင် ထဲ လှပ် ခနဲ ၊ လှပ် ခနဲ ဖြစ်တတ် လို့ မကြာခဏ မျက်လုံး လွှဲ လွှဲ ပစ်ရတာတွေ ကိုနွယ် မရိပ်မိ ခဲ့တာ ကျွန်မ ရဲ့ ကံကောင်းခြင်း ပါ ပဲ ကိုနွယ် ။ ဒါကြောင့် လည်း ဒီနေ့ အထိ ကိုနွယ့် စိတ်ထဲ မှာ စွဲ နေတဲ့ အစွဲအလမ်း က ကျွန်မ ရဲ့ ဂုဏ်သိက္ခာ ကို တိုးမြှင့် ပေး ထားသည် မဟုတ်ပါလား ။

“ မငြိမ်းငြိမ်းအောင် ကို ကျွန်တော် က ပဲ ချစ်ရတာပါ ”

ထို စကား ကို ကျွန်မ ပြန် ကြားနိုင်သူ အားလုံး ရှေ့၌ မကွယ်မဝှက် ပြော ရင်း မလွမ်းခင် က လွမ်းနှင့် သူ တစ်ယောက် အဖြစ် ကိုနွယ် နေခဲ့ရ တဲ့ နေ့ရက် တွေ နည်းတာ မှတ်လို့  ။ သုံးနှစ် နီးပါး လေ ။ သုံးနှစ် ဆိုတဲ့ ကာလ မှာ ကျွန်မ တို့ ဘယ်လို ဆုံတွေ့ နေထိုင် ရင်းနှီး ကျွမ်းဝင် ခဲ့ကြပါသလဲ ။ ကျွန်မ အထင် တော့ အင်မတန် ရိုးစင်းလှစွာ
ဆုံတွေ့ ခဲ့ကြခြင်း ဟု ထင် ပါသည် ။ ဘာကြောင့် လဲ ဆိုတော့ လွန်ခဲ့တဲ့ သုံးနှစ် က ကိုနွယ် တို့ မြို့ ကို ကျွန်မ တာဝန် ကျဖူး သော ကြောင့် ဖြစ်သည် ။ ထိုစဉ် က ရန်ကုန် တွယ်တာလှသော ကျွန်မ သည် အလုပ် တာဝန် ဖြင့် နယ်မြို့ကလေး သို့ ပြောင်းရွှေ့ ရမည် ဆိုသောကြောင့် သည်းသည်းထန်ထန် ချုံးပွဲ ချ ငို နေခဲ့ မိ၏ ။ သုံးလေးရက် ဆက် ငိုပေမဲ့ ငိုတာ ပဲ အဖတ် တင်၏ ။ တာဝန် က တာဝန် ပဲ မို့ ပြောင်းခဲ့ရပါသည်  ။ ကျွန်မ ဇာတိမြို့ မဟုတ် သည့် အပြင် မြို့ မကျ တော မကျ နှင့် ဈေး တစ်ဈေး ၊ ဆေးရုံ တစ်ရုံ ၊ ကတ္တရာလမ်း မှ ပေါင်း ၂ လမ်း ၊ လမ်းမြေနီ များများ ၊ မြို့ပေါ် လူဦးရေ ခပ်နည်းနည်း သာ ရှိ ပြီး တောငယ်လေးတွေ က ဈေးသည် ကျောင်းသား တို့ သာ ဈေး ထဲ တိုးဝှေ့ ပြီး ညနေခင်း လျှင် လူခြေဆိတ် အရပ် မှာ နေ နေရသည့် အလား ကားသံ မကြားရ သော အရပ် ၌ လ စွန်းသည့် တိုင် စိတ် မချမ်းမြေ့စွာ အောင့်အည်း သည်းခံ နေ နေရ၏ ။ တစ်လ တစ်ခါ ရန်ကုန် ပြန် ရတိုင်း ရုံးချုပ် ရှိ လူကြီးတွေ ထံ မျက်ရည်ခံ ထိုးပြီး ဘယ်တော့ ပြန် ပြောင်း ပေးမှာ လဲ ဆရာ ဆိုသည့် စကား ကို တွင် တွင် ပြော နေခဲ့သော ကျွန်မ သည် ထို ကျေးလက် ဆန်ဆန် မြို့ကလေး ၏ ဖြူစင် နွေးထွေးမှုတွေ ကို မခံစားချင် လည်း ခံစားရ ၊ ခံစား ချင် လည်း ခံစားရ နှင့် တဖြည်းဖြည်း နေ တတ် ၊ စား တတ် လာတော့၏ ။

နောက် ခြောက်လ အကြာ မှာ တော့ ကျွန်မ နှင့် ထို မြို့ကလေး နေသား တကျ ဖြစ် သွားလေ၏ ။ ရန်ကုန် လို အစားအသောက် စုံစုံလင်လင် မရ နိုင် သော်လည်း စားသင့် တာ စား ရသော ထို အရပ် ၊ ဝတ်ချင် တိုင်း ဝတ်ခွင့် ပြုနေ သော်လည်း ပတ်ဝန်းကျင် အနေအထား ခေတ်မီ တာ ကို အားပေးပြီး  ခေတ်ဆန် တာ ကို အထူးအဆန်း ဖြစ်ရုံ သာ မက မျက်နှာ ပျက် စိတ်ညစ် နေ တတ်သော မြို့ မှ ခင်မင်သူ များ ကြောင့် အဝတ်အစား ၊ အနေအထိုင် တရွေ့ရွေ့ ပြုပြင် ပေး ခဲ့သော ထို အရပ် ။ အဲဒီ အရပ် ၏ ရိုးစင်းမှု ကို ကျွန်မ နှစ်လို ခင်မင်ပြီ ဆိုသော အချိန် ၌ ရုံးချုပ် သို့ တစ်လ တစ်ခါ ပြန်ချင်သူများ စာရင်း မှ ကျွန်မ နုတ်ထွက် သွား ပြီလေ ။

အရင် လို ရန်ကုန် အပြန် စိပ် သူများ ထဲ တွင် ကျွန်မ မပါတော့ ၊ ဘယ်တော့ ပြန် ပြောင်း ပေးမှာ လဲ ဆရာ ဟု တကျည်ကျည် နားပူနားဆာ လုပ်သူ ထဲ ကျွန်မ မပါတော့ ။ ဒါ တော စာ ကြီး ကြိုက်ဘူး ဟု ပစ်ပစ်ခါ ခါပြောရင်း သူ တို့ ဓလေ့ အစားအသောက်များ အား အဆင်ခြင်မဲ့ ပြန် တွန်းမိသူ ထဲ ကျွန်မ ပါတော့ ။

စုပေါင်းရုံး အဝန်းအဝိုင်း မှာ ဒေသခံ တွေ ထက် ပို အရေးအရာ အထား ခံချင်ခဲ့ ပြီး ဦးစီးမှူး ဖြစ်သော ကိုတင်နွယ် ကို မလေးမခန့် ပြုရန် ဝန်မလေးခဲ့ သော် လည်း ထို အရပ် ၏ လူချစ်လူခင် အများဆုံး မြို့ခံ ကိုတင်နွယ် က တော့ ကျွန်မ ကို ကလေး တစ်ယောက် ခွင့်လွှတ်နည်း မျိုး ဖြစ်တတ်ချိန် ၌ ကျွန်မ ဆံပင် ခါး သို့ ထိလု ပြီ လေ ။ ကျောလယ် ထက် ပို မထားခဲ့ သော ဆံပင် ကို တစ်နှစ် အတွင်း မထိ မတို့ ဘဲ အရှည် ထား ရန် စိတ်ကူး ရပြီး ကျွန်မ ရုံး ပြန် ခရီး တွင် ဘေး အဖော် ပါနေပြီ ဆိုသည့် အခါ ထို မြို့ကလေး ကို ချစ်ခင်ရန် သတိရ သွားခဲ့ပြီ ဖြစ်သည်  ။

သည် တုန်း က ကျွန်မ နေထိုင်ရာ အဆောင် သို့ လိုက် ပို့ခြင်း မဟုတ်ပေ မယ့် လိုက်ပို့ သကဲ့သို့ အပြန်လမ်း တူခဲ့ သော ကိုနွယ် သည် ညနေတိုင်း များ ၌ အလုပ် အကြောင်း တွေ ပြော ရင်း ကျွန်မ အပေါ် သူ ထားသည့် သံယောဇဉ်တွေ စနစ်တကျ ဖွင့်ချ ပြခဲ့လေ၏ ။

“ ဟို လ က ရုံးချုပ် မှာ ထရန်စဖာ အော်ဒါ ထွက်တယ် ဆိုလို့ ရင် ထိတ် လိုက်ရတာဗျာ ”

“ ဘာဖြစ်လို့ လဲ ကိုနွယ် ။ နယ် ပြောင်းရမှာ စိုးလို့ လား ”

“ ကျွန်တော့် အတွက် မဟုတ်ပါဘူး ။ မငြိမ်းငြိမ်းအောင် အတွက်ပါ ။ မတော်တဆ ရန်ကုန် ပြန် ပြောင်းရမယ် လို့ များ ပါနေ မလားလို့ ။ အဲဒါ ဆိုရင်တော့ ကျွန်တော်တို့ တစ်ရုံးလုံး စိတ် ကောင်း မှာ မဟုတ်ဘူး ”

“ ဪ ... ကိုနွယ် က လည်း အစ ကတည်း က ကျွန်မ ဒီ မြို့သူ မှ မဟုတ်ပဲ ။ အချိန်တန် အိမ်ပြန် မှာ ပဲ ဥစ္စာ ”

“ ဒါတော့ ဒါပေါ့ မငြိမ်းငြိမ်းအောင် ရယ် ။ သံယောဇဉ် ဖြစ်နေကြပြီ ဆို တော့ ဘယ် ပြောင်းစေချင် ပါတော့မလဲ ”

“ ဟုတ်ရဲ့လား ။ ကျွန်မ နေပုံ ထိုင်ပုံ မျက်စိ နောက် ပြီးများ မပြောင်းစေ ချင်
ကြဘူးလား ”

“ သူများ တွေ အမြင်တော့ ကျွန်တော် မသိဘူး ။ ကျွန်တော့် အမြင် တော့ ခင်ဗျား က သိပ် သွက်လက်တယ် ။ ဒီ ထက် ပို မထူးဘူး ။ ဒါ မဆန်းပါဘူးဗျာ ” 

“ ဒါပေမဲ့ တချို့က အမြင် တစ်မျိုး ပဲ ကိုနွယ် ။ ကျွန်မ နေတဲ့ အဆောင်ရှင် အဘွားကြီး ဆိုရင် ကျွန်မ ဟက်ဟက်ပက်ပက် ရယ် လည်း ရယ် မှာ ပေါ့ သူ က မြို့သူ ကိုး ။ ကျွန်မ ရေ ချိုး ရင်း သီချင်း အော် ဆိုမိ လည်း ဆို မှာ ပေါ့ သူ က မြို့သူ ကိုး ။ ကျွန်မ တို့ စရာ ငါးပိရည် မကြိုက်တာ လည်း ဘယ် ကြိုက်မှာ လဲ သူ က မြို့သူ ကိုး နဲ့  ။ အမြဲ လိုလို ထူးဆန်း အံ့ဩ နေပြီး မြို့သူ ကိုး ဆို တဲ့ မှတ်ချက်ချည်း ပေးနေတော့ တာပဲ ။ ဒီတော့ မခက်ပေ ဘူးလား ဟင် ။ ဒီ အပြုအမူ တွေ ကို မြို့သူ မှ လုပ်တတ် တာ မဟုတ်ပါဘူး ။ မိန်းကလေး တိုင်း လုပ်လေ့ လုပ်ထ ရှိတာ ပဲ မဟုတ်လား ။ ဒါကို အဆန်းအပြား လုပ် သလို ကျွန်မ နဲ့ စကားဝိုင်းဖွဲ့ စကား ပြော တဲ့ သူတိုင်း ကလည်း မြို့သူ တွေ က ဟန်ဆောင် ကောင်းတယ် နော် ။ မပျော်ဘဲ နဲ့ ပျော် သလို နေတတ် သွားပြီ တဲ့ ။ အဲဒါ မခံချင် ဆုံးပဲ ကိုနွယ် ။ ဒီ မြို့ မှာ ကျွန်မ ပျော်နေ ပြီ ဆိုတာ သူတို့ မယုံဘူး ”  

တစ်နှစ် ဆိုတဲ့ အချိန် အတိုင်းတာ လွန်မြောက် သွားပြီ ဖြစ်၍ ကျွန်မ အပေါ် မြင်သော အမြင်တွေ ကြည်လင် စေချင် ခဲ့၏ ။ တစ်ချိန် က ကျွန်မ အထင်မကြီး ခဲ့သော မြို့ မှ လူများ က ကျွန်မ ဘယ်တော့ ပြန်မလဲ ဆိုတာပဲ စိတ် မကောင်းစွာ တထိတ်ထိတ် စောင့်ကြည့် နေတော့သည် ။ သည် တော့ ကိုနွယ် က ခေါင်း တညိတ်ညိတ် နှင့် ကျွန်မ ကို ပြုံး ကြည့်နေ၏ ။ ပြီးမှ ကျွန်မ အဆောင် ရှေ့ မှာ ခဏ ရပ်ပြီး မျက်နှာ မော့ ကာ သူ ပြောလို ရာ ပြောချ သွားသည်  ။

“ သူတို့ မယုံပေမဲ့ ကျွန်တော် ယုံချင်ပါတယ် မငြိမ်းငြိမ်းအောင် ။ ဒီ မြို့ မှာ ခင်ဗျား ကြာကြာ နေလေ ကျွန်တော် ပို ပျော်လေပဲ ”  

“ ရှင် ကိုနွယ် ”

“ ဒါပေမဲ့ ဒီ မြို့ မှာ တစ်သက်လုံး တော့ မငြိမ်းငြိမ်းအောင် နေနိုင်မယ် မဟုတ်ဘူး လို့ ကျွန်တော် သိထားပါတယ် ”

သူ့ စကား ဘယ်လောက် မှန်မယ် ဆို တာ ကျွန်မ ရာခိုင်နှုန်း မတွက် တော့ပါ ဘူး ။ တွက် လို့ ရော ဘာ ထူးမှာ လဲ ။ ကျွန်မ ရန်ကုန်သူ မို့ အချိန်တန် အိမ် ပြန် မယ့် သူပါ ။ သူ ပြော သလို သူတို့ မြို့ မှာ တစ်သက်လုံး နေဖို့ အရေး ကို တစ် ရာခိုင်နှုန်း တောင် မတွေးခဲ့ မိတာ အမှန် ပင် ။ သည်တော့ ကိုနွယ့် သ က်ပြင်း တွေ ကို မသိဟန် ဆောင်ရင်း ၊ ချစ်ခြင်း နဲ့ သံယောဇဉ် တွေ တရွေ့ရွေ့ ပျက်ပါစေ လို့ ဆုတောင်း ရင်း ကိုနွယ့် စကား မှန် သမျှ မလေးနက် အောင် တွေးခဲ့မိ လေ၏ ။

ဒါ ကျွန်မ အပြစ်ပါ ကိုနွယ် ။ စကား တိုင်း ပေါ့ရှလိုက် ရုံ နှင့် နှလုံးသား လည်း ပေါ့ရှ သွားနိုင်မယ် လို့ ကျွန်မ တွေးမိတာ ကိုး ။ အမှန်တော့ ကျွန်မ ပြန်ရတော့မယ့် ရက် နီးကပ် နေမှန်း သိလို့ လည်း စိမ်းအောင် နေမိတာ ဖြစ်မှာ ပါ ။ နှစ်နှစ်ခွဲ အကြာမှာ ကျွန်မ ပြန် ပြောင်းဖို့ ပို သေချာ သွားပါပြီ ။ ရုံး မှ သူငယ်ချင်း ၏ တယ်လီဖုန်း အရ ပင် ကျွန်မ ရှေ့ လ ပြောင်းရတော့မည် တဲ့ ။ ဒါကို ကိုနွယ် လည်း ရိပ်မိပုံ ရသည် ။ တစ်ရက် ရုံး အပြန် အပြောင်းအရွှေ့ အကြောင်း ပြောရင်း ကျွန်မ အကြောင်း သိချင်တယ် ဟု ပြောလာ၏ ။ ကျွန်မ လည်း ခပ်ရွှတ်ရွှတ် ပြန် ဖြေခဲ့၏ ။

“ ကျွန်မ အကြောင်း ဘာ သိချင်တာလဲ ပြောလေ ။ ဒီက အမှန်အတိုင်း ဖြေ ဖို့ အဆင်သင့် ပဲ နော် ”

“ ရန်ကုန် ပြန် ပြောင်းရမှာ မို့ ပျော် နေ တာ သိသာလွန်း လို့ ပါ ။ ဟိုမှာ သံယောဇဉ်တွေ သိပ် အားကောင်းပုံ ရတယ် ”

“ ဟာ ဘယ်နှယ့် ပြောပါလိမ့် ကိုနွယ် ရယ် ။ ရန်ကုန် မှာ ကျွန်မ ရည်းစား တွေ ကျန်ခဲ့တာ ရှင့် ။ သူတို့ လွမ်းလို့ သေတော့မယ် ဖြစ် နေပြီ ။ ကျွန်မ မြန်မြန် ပြန် ပြောင်းခဲ့ပါတော့ တဲ့ ”  

“ ရည်းစားတွေ ”

ထိုသို့ တအံ့တသြ ကိုနွယ် ပြော၏ ။ ကျွန်မ ရယ်ချင် လိုက်တာ ။ ကြည့်စမ်းပါ ဦး ။ မျက်လုံး အဝိုင်းသား နဲ့ စိတ် မကောင်းသွားပုံ က သနားစရာပါပဲ လားကွယ် ။ သူ့ ပုံစံ ကြည့် ပြီး မှင်သေသေ ဆက် နောက် နေမိသည် ။

“ ရည်းစား မှ ကိုးယောက် လောက် ရှိတာ ”

“ ကိုးယောက် ”

“ အင်းပေါ့ ၊ တကယ်လို့ ဒီ မြို့ က တစ်ယောက် ယောက် ကို ပါ ရွေးရင် ဆယ်ယောက် ဖြစ်သွားနိုင်တယ် ”

“ နေ ... နေပါဦး .. ဒီမြို့ က ဘယ်သူ ဖွင့်ပြော လို့ လဲ ”

“ မပြောပေမဲ့ ကျွန်မ သဘော ကျ ရင် ရည်းစား ထားချင် ထား ခဲ့မှာ ပေါ့ ။ ဖွင့် ပြော ပေမဲ့ လည်း ကျွန်မ ကြိုက်ချင် မှ ကြိုက်မှာ ပေါ့ ”

“ ဟာ ... ဗျာ ”

ကိုနွယ် မျက်နှာ ကွက်ခနဲ ပျက် သွား ခဲ့၏ ။ ကျွန်မ နှုတ်ခမ်း ဖိ ကိုက်ပြီး ရယ် ချင်စိတ် ကို မျိုသိပ် ထားရသည် ။ ကိုနွယ် ရယ် ဟန် မဆောင်တတ် လိုက်တာ ။ နည်းနည်းပါးပါး ထိန်း ပြီး မေးကြည့် မြန်းကြည့် ဆင်ခြေ တက် ကြည့်ဦးမှ ပေါ့ ။ ခုတော့ ပြောသမျှ ယုံ နေလိုက် တာ ။ နေဦး ပို ကလိ လိုက်ဦးမယ် ။ ဒီ စကားတွေ က ကျွန်မ မြို့ အပြန် လွှမ်းစရာ အောက်မေ့စရာ လေးတွေ ပေါ့ကွယ် ။

“ ဒါ ... ဒါဖြင့် ... အဲဒီ ရည်းစား ဆယ်ယောက် ထဲ က အိမ်ထောင် ပြုရင် ဘယ်လို လူ ရွေးမှာ လဲ ”

“ ဖြစ်မှ ဖြစ်ရလေ ။ အကောင်းဆုံး အရည်အချင်း ရှိတဲ့ သူ ရွေးမှာ ပေါ့ ”

“ အဲ ... အဲဒီ ထဲ မှာ ဒီ မြို့ က လူ ပါ ပါနိုင်လားဟင် ”

“ ဟင့်အင်း ...လုံးဝ မပါနိုင်ဘူး ။ ကျွန်မ ဒီ မြို့သူ တစ်ယောက် ဖြစ်ဖို့ ဒီ မြို့သား တစ်ယောက် ကို မယူနိုင်ပါဘူး ။ နံပါတ် စီ ကတည်း က သူ က ဆယ်ယောက် မြောက် ပဲ ဟာ ။ ဘယ် လာ တစ် ဖြစ်နိုင်ပါ့မလဲ ”

သည် စကား ကို အတည် မှတ်ပြီး ကြိုတင် အသည်းကွဲ သွားသည့် ကိုနွယ် ။ ကျွန်မ မျက်နှာ မှင်သေသေ နှင့် ပြော ခဲ့ဆိုခဲ့ သမျှ ယုံမှတ်ပြီး ကျွန်မ ပြောင်းသည့် ရက် ၌ ရှောင် နေခဲ့သော ကိုနွယ် ။ သူ ဘယ်လောက် စိတ် ထိခိုက် သွားပြီ ကို ကျွန်မ ထံ ဖွင့် မပြောဘဲ မျိုသိပ် ရင်း ကျွန်မ ကွယ်ရာ ၌ ကျွန်မ ကို သူ ချစ်ခင် မြတ်နိုးကြောင်း ၊ လက်ထပ် လိုကြောင်း တွေ တဖွဖွ ပြော၍ မျက်ရည် ဝဲ သည် တဲ့ လေ ။ သည် အချိန် မှာ ကျွန်မ ရုံးချုပ် ပြန် ရောက် နေပါပြီ ။ သည်တော့ မှ ကျွန်မ သူ့ ကို မျှော်မိ တော့သည် ။ ဒါကြောင့် မို့ ထင်ရဲ့ ။ သူ ရန်ကုန် ဆင်း လာရတော့၏ ။ ဒါ ကျွန်မ စိတ်တန်ခိုး ကြောင့် ဖြစ်မှာ ပါ ။ ဤ ကိုနွယ် ဆိုသော လူ တစ်ယောက် နှင့် မကြာခင် ကျွန်မ ပြန် တွေ့ရ တော့မည် ။ သူ ရန်ကုန် ဆင်း လာသည် တဲ့ ။ အလုပ် ကိစ္စ နဲ့ လား ဆိုတော့ လူမှုရေးကိစ္စ ပါ ဟု ဖုန်း ထဲ က ပြောသည် ။ ရုံးချုပ် လာ မှာ လား မေး တော့ မလာနိုင်တော့ဘူး လို့ ဖုန်း ဆက်တာပါ တဲ့ ။

သူ ဒီလို ပြောနေစဉ် ကျွန်မ ဟန်ဆောင်မဲ့ စွာ ကိုနွယ့် ကို တွေ့ချင် လာ၏ ။ သူ့ ကို သတိရ တဲ့ နေ့ရက်တွေ ကျွန်မ အသက်ရှူသံ နဲ့ ထပ်တူ နီးပါး ရှိ နေခဲ့သည် ။ သူ ကြေကွဲ သွားတဲ့ အဖြစ် က လွတ်မြောက် အောင် ကျွန်မ ကြိုးစားရမယ့် တာဝန် ရှိ နေသေး၏ ။ ထို့ အတွက် လည်း သူ့ ကို တွေ့ချင် ကြောင်း ချက်ချင်း ပြော မိသည် ။ ကိုနွယ် မလာ ရင် ကျွန်မ လာမယ် နော် ။

“ ကျွန်တော် ဒီနေ့ ပဲ ပြန်မှာ ။ မငြိမ်းငြိမ်းအောင် ဆီ သိပ် လာချင်ပါတယ် ။ ဘယ်လိုမှ မလာ အား တော့ လို့ ဖုန်း ဆက် လိုက်ရတာပါ ။ တကယ်လို့ အချိန် ရမယ် ဆိုရင် နှုတ်ဆက် ရုံ လောက် ဖြစ်ဖြစ် ဘူတာ ဆင်း လာခဲ့ပါလားဗျာ ”

ဒါ အဖြေ တောင်းတာလား ကိုနွယ် ။ အို ... ကိုနွယ် တောင်းတောင်း မတောင်းတောင်း ကျွန်မ အဖြေ ပေးချင် ပါရဲ့ ကိုနွယ် ရယ် ။

•••••   •••••   •••••

“ ဖိတ်စာ လာ ရိုက်တာပါ မငြိမ်းငြိမ်းအောင် ၊ အမျိုးသမီး က ကျွန်တော် တို့ မြို့သူ ပါ ။ မိဘချင်း ကမ်းလှမ်း တာ ထက် သင့်တော်မယ် ထင်လို့ ကျွန်တော် ရွေး လိုက်တာ ဆိုပါတော့ ။ ကျွန်တော် ခင်ဗျား ကို နားလည် အောင် ကြိုးစားခဲ့ ရ သလို ကျွန်တော့် ကို လည်း နားလည်တယ် မဟုတ်လား မငြိမ်းငြိမ်းအောင် ”

တော်ပါတော့ တော်ပါတော့ ကိုနွယ် ရယ် ။

ကျွန်မ ရှေ့ က လူ တစ်ယောက် ညာ ပြော နေတာ များ လား ။

သူ့ လက် ထဲ က ဖိတ်စာ ကို ကျွန်မ လှမ်း မယူပါရစေနဲ့ တော့ ။ သူ အပြင် မှာ
မျက်ရည် ဝေ့ တော့ ကျွန်မ ရင် ထဲ မှာ မျက်ရည် ကျသည် ။ ဒါ အဖြေ ပါ ကိုနွယ် ရယ် ။

ရထား ထွက်တော့မည် ။

သူ လိုက်ပါ သွားတော့မယ့် ခရီး က အခုမှ ကျွန်မ နှင့် အလွန်တရာ ဝေးကွာ သွား မှန်း ခံစား တတ်ခဲ့လေပြီ ။

“ ကျွန်တော် ပြန်တော့မယ် ”

ဟုတ်ကဲ့ ဟု ပင် ခေါင်း မညိတ်နိုင် သော အဖြစ် ။

နှလုံးသား သည် ဆို့နင့် ကြေကွဲခြင်း ဝန်တာ ကို တာဝန် တစ်ရပ် နှယ် ထမ်းဆောင် ရတော့မည် မို့ တစ်လွှာချင်း တစ်လွှာချင်း နှလုံးသား အမြှေး တို့ ကွာစ ပြု လေပြီ ။

ရင်ပြိုလဲ ရတဲ့ အဖြစ် အမှန် စင်စစ် ကြုံရပြီ ဆိုသော အခါ ၌ အဘယ်မှာ ဟန်ဆောင် နိုင်ပါတော့မည်နည်း ။

သူ နောက် တစ်ကြိမ် ထပ် နှုတ် အဆက် မှာ ကျွန်မ မျက်နှာ လွှဲ လိုက်၏ ။

“ ကျွန်တော် .. ပြန် ... တော့ .. မယ် ... နော် ”

နားလည်သူ တစ်ယောက် ၏ နောက်ဆုံး နှုတ်ဆက်သံ သည် ဘာကြောင့် များ တိုးသက် တုန်ခါ မျက်ရည်သံ ပေါက် နေရပါ သလဲ ။ ဒါနဲ့ များ ကျွန် တော့် ကို နားလည်တယ် မဟုတ်လား တဲ့ ။ ဟင့် အင်း ။ ကျွန်မ ဘာကို မှ နား မလည်ချင်တော့ဘူး ကိုနွယ် ။ နားလည် ခံစားတတ်တဲ့ အသိတရား တွေ ကို ခြေမွ ဖျက်ဆီး ပစ်ဖို့ ကြိုးစား လိုက်ချင်ပါရဲ့ ။

သည်လို နဲ့ ကျွန်မ ရှေ့ က ကိုနွယ် ပျောက် သွားတော့ မှာ ပါလား ။ ပျောက် သွားစမ်းပါ ကိုနွယ် ။ တကယ်လို့ များ ကိုနွယ့် ခြေလှမ်းတွေ လှမ်းနိုင်မယ် ဆို ရင် ကျွန်မ ရှိရာ အရပ် ရဲ့ အဝေးဆုံး အနန္တစကြဝဠာ ထဲ ကို သာ လှမ်း သွားပါ တော့ ။ အဲဒီ အတွက် ကျွန်မ ချစ်ခြင်း မေတ္တာ ကို လက်ဆောင် အဖြစ် ပေးလိုက်ပါဦးမည် ။

လက်ဆောင် ဆိုတာ ပေးသူ နဲ့ လက်ခံသူ ကြည်ဖြူ မှ ရတဲ့ အရာ မဟုတ်ပါ ဘူး ။ ကိုနွယ် ယူ မသွားရဘူး လို့ ထင် တဲ့ လက်ဆောင် ကျွန်မ ပေးချင် လိမ့်မယ် ။ ပေး လည်း ပေးနိုင် လိမ့်မယ် မထင်ခဲ့ တဲ့ လက်ဆောင် ကို ကျွန်မ ကိုယ်တိုင် လာ ပေး ပြီလေ ။
ယူသွားပါလား ကိုနွယ် ရယ် ။

ကိုနွယ့် ရဲ့ လှပတဲ့ ပါးချိုင့်လေး ကို မြို့သူ တစ်ယောက် ဆီ မှာ ထားခဲ့ဖို့ ကျွန်မ ကြိုးစားတဲ့ အကြောင်း နောင် အနှစ် သုံးလေးဆယ် အကြာ မှာ ပြန် ပြောခွင့် ရ ရမယ် ဆိုရင် တောင် ကျွန်မ ဖွင့် မပြောတော့ပါဘူး ။ သည် အခါ မှာ ကိုနွယ် အခု ထက်ပို ကြေကွဲ ခံစားသွားရ မှာ ကို ကျွန်မ စိုးရိမ်လို့ ပါ ကွယ် ။

◾နှင်းဝေငြိမ်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၅၅
      မေလ ၊ ၁၉၉၄ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment