Tuesday, May 14, 2024

ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ( ၂ )


 ❝ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် တစ်ဦး ❞


( အပိုင်း - ၂ )


ထိုအခါ နောက် မှ ရောက် လာသော လူကြီး နှစ်ဦး သည် ထို အတွဲ ကို မြင်တွေ့ သွား လေ၏ ။ မြင်သည် ဆိုလျှင်ပင် လူကြီး နှစ်ဦး အနက် မှ တစ်ဦး သည် ဝုန်းခနဲ ထ၍ ထို စုံတွဲ ရှိရာသို့ ပြေးလွှား ပြီး လျှင် မိန်းမ ကို လည်း ဆောင့်၍ တွန်း လိုက်၏ ။ ယောက်ျား ဖြစ်သူ ကို လည်း လက်သီး ဖြင့် ထိုး လေ၏ ။ ယောက်ျား လုပ်သူ က ပြန် ၍ ထိုး၏ ၊ မိန်းမ လုပ်သူ က ဖျန်ဖြေခြင်း မပြုဘဲ ဆိုင်အတွင်း မှ ခပ်သုတ်သုတ် ထွက် ပြေး၏ ။ ထိုအခါ ပေါက်ဖော်ကြီး က မပြေးနိုင် ရန် ပိတ်ဆို့ လိုက်ပြီး လျှင် ...


“ နည်းနည်းပါးပါး ဝင် ဖျဉ်ပါဦး ” ဟု ပြောပြီး ၎င်း ကိုယ်တိုင် က မူ ထွေးလုံးသတ်ပုတ် နေသော ယောက်ျား နှစ်ဦး အား ဝင်၍ ဖျဉ် လေ၏ ။ ၎င်း ဖျဉ်ပုံ မှာ ဘေး မှ ကြည့် လျှင် အလွန်ပင် ရယ်စရာ ကောင်း လှတော့၏ ။


“ လင်ကြီး တော်ပါဗျာ ၊ ဟေ့ လင်ငယ် က လဲ မလုပ်ပါနဲ့ ၊ ကျုပ် တောင်းပန်ပါတယ် ၊ လင်ကြီး က လဲ တုတ် ကို ချလိုက်ပါ ၊ ဟို လင်ငယ် က လဲ ပုလင်း ကို မကိုင်ပါ နဲ့ ကျုပ် က တောင်းပန်ပါတယ် ၊ ဟို လင်ငယ် နေတဲ့ မိန်းမ က လဲ ထိုင် မနေပါနဲ့ ကြိုက်ရာ တစ်ယောက် ယောက် ကို ဆွဲထား ပေးပါ ၊ လင်ငယ် ကို ပဲ ဆွဲဆွဲ ၊ လင်ကြီး ကို ပဲ ဆွဲဆွဲ ဆွဲထား ပေးပါ ၊ ကဲ ... တစ်ယောက် ယောက် ကိုတော့ ဆွဲထားပေးပါ ” ဟု အတော မသတ် အော်ဟစ်၍ ဖြန်ဖြေ လေ၏ ။ ကျွန်ုပ် လည်း ကူ၍ ဖျဉ် ရလေ၏ ။ ထိုသို့ ဖျဉ်ရင်း လင်ငယ် ဆိုသူ၏ မျက်နှာ အား ကျွန်ုပ် က လက်ဝါး ဖြင့် နှစ်ချက် ဆင့် ရိုက်ချ လိုက် လေ၏ ။


လင်ငယ် ဆိုသူ သည် မွှန်၍ သွား၏ ။ ထိုအခါ ကျွန်ုပ် သည် ထိုသူ ၏ လက် ထဲ မှ ပုလင်း ကို ယူ၍ ခေါင်း ကို ရိုက်ချ လိုက်လေ၏ ။ ထို့နောက်တွင် ကား ရပ်ကွက် ၏ အကူအညီ ဖြင့် ၎င်းတို့ သုံးဦး သား ဂါတ်တဲ သို့ ပို့ လိုက်လေ၏ ၊ လင်ကြီး လုပ်သူ က ကျွန်ုပ် ကို ညှာတာ၏ ။


“ ဒီမှာ ညီလေး ၊ မင်း ဘာမှ မပူနဲ့ ၊ ဟိုကောင့် ကို အစ်ကိုကြီး ရိုက်တယ် လို့ ထွက်ချက် ပေးမယ် ၊ မင်း နေခဲ့ ” ဟု ထို လင်ကြီး ဆိုသူ က ကျွန်ုပ်အား ကပ်၍ ပြော သွားလေ၏ ။


ပေါက်ဖော်ကြီး သည် ကွဲ သွားသော ပုလင်းများ ၊ ပန်းကန်လုံးများ ကို ကောက် ၍ စာရင်း တွက် နေ၏ ။ ထို့နောက် အမျိုးသမီး ထံ မှ ကျသင့်ငွေများ တွက်ချက် ၍ တောင်းယူ လိုက်လေတော့၏ ။ ၎င်းတို့ မရှိတော့သော အခါ၌ ကျွန်ုပ် က ပေါက်ဖော်ကြီး အား


“ ခင်ဗျား က လဲ ရန် ဖြစ်လို့ ဖျဉ် တာ ခင်ဗျား အသံ ချည်းပဲ ၊ ပြီးတော့လဲ ဗျာ ၊ လင်ငယ် တော် ၊ လင်ကြီး တော် နဲ့ဗျာ ၊ ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးဘူး ” ဟု ပြောလိုက်ရာ ပေါက်ဖော်ကြီး က .. “ သူတို့ နာမည်တွေ ကို မှ ငါ မသိပဲကွာ ၊ အဲဒီတော့ ငါ နားလည် သလို ငါ ခေါ်ရတာပေါ့ ” ဟု ပြောလေ၏ ။


“ ခေါ်ပဲ ခေါ်စမ်းပါ ဦးဗျာ ၊ ဟို မိန်းမ ကို ခေါ်လိုက်ပုံ က ဖြင့် အတော့် ကို အားနာဖို့ ကောင်းတယ် ၊ လင်ငယ် နေတဲ့ မိန်းမ ဝိုင်း ပြီး ဖျဉ်ပေးပါဦး တဲ့ ၊ တစ်ယောက် ယောက် ကို ဆွဲပေး ထားပါဦးတဲ့ ၊ ခင်ဗျား လုပ်ပုံ က သိပ်ပြီး ရယ်ဖို့ ကောင်းတာပဲ ” ဟု ကျွန်ုပ် က ပြောလေ၏ ။ 


“ ရယ်ဖို့ ကောင်းမှာပေါ့ ၊ ဟာမိုနီ ပျက်သွားပြီ ကို ၊ လူလူချင်း ဒီလို ခေါ်လေ့ ခေါ်ထ မှ မရှိဘဲ ၊ ငါ က အဲ့ဒီလို ခေါ် လိုက်တော့ မင်း နား ထဲ မှာ တစ်မျိုးကြီး ဖြစ် သွားတာပေါ့ ၊ ဒါနဲ့ နေစမ်းပါဦး ၊ မင်း က ဘာမဆို ညာမဆိုင် နဲ့ လင်ငယ် ရဲ့ ခေါင်း ကို ပုလင်း နဲ့ ဝင် ရိုက်ရတာတုန်း ၊ မင်း နဲ့  ဘယ်လို မှ မပတ်သက်ဘူး ကွ ၊ လင်ကြီး ရယ် ၊ လင်ငယ် ရယ် ၊ လင်ငယ် နေတဲ့ မိန်းမ ရယ် ၊ သုံးပွင့်ဆိုင် အတော် လှ နေတာ ၊ မင်း ဝင် လိုက်တော့ ဇာတ် က တစ်မျိုးကြီး ဖြစ်သွားတယ် ၊ မင်း အဲ့ဒီလို လုပ် လိုက်တာကို တွေ့လိုက် တော့ ငါ ဖြင့် အတော့် ကို ရယ်ချင်သွားတယ် ၊ မင်း က ကြား ထဲ က အချောင် ဝင်ပြီး လင်ကြီး ဘက် က ဒေါပွ နေတာကိုး ကွာ ၊ ဒီ ကိစ္စ က ဒေါပွရမဲ့ ကိစ္စ မဟုတ်ဘူးကွ ၊ တစ်ဦး နဲ့ တစ်ဦး လက် မလွန်အောင် ထိန်းပေးရုံလေး ထိန်းပေး ရမှာ ၊ ဘာမှ ဝင် ပါစရာ မလိုဘူး ၊ ခုတော့ တော်သေးတာပေါ့ ကွာ ၊ လင်ကြီး လုပ်တဲ့ သူ က မင်း ဟိုကောင့် ကို ရိုက်လိုက်တာ ကို သူ က ဝန်ခံပါမယ် ဆိုပြီး ပြော သွားလို့ ၊ နို့မဟုတ်ရင် မင်း က လင်ကြီး လဲ မဟုတ် ၊ လင်ငယ် လဲ မဟုတ် အခြောက်တိုက် အချုပ် ထဲ ဝင်သွားရမယ် ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


ထိုအခါ ကျွန်ုပ် က ...


“ ဒီမှာ အီးနောင် ကျုပ် က လင်ငယ် ဆိုတဲ့ ကောင် တင် မဟုတ် ဘူး ၊ အဲဒီ ကောင်မ ကို ပါး ရိုက်ချင်နေတာ ၊ ဒီ ကောင်မ သစ္စာ မရှိဘူး ” ဟု ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ ဒီကောင်မ သစ္စာ မရှိဘူး ဆိုတာ မင်း က ဘယ်သူ့ ဘက် က ပြောနေတာလဲ ” ဟု ပြော လိုက်လေ၏ ။


“ ဘယ်သူ့ ဘက် က ပြောရမှာတုန်း ဗျ ၊ လင်ကြီး ဘက် က ပြောတာပေါ့ ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။


“ ဟုတ်တယ်ကွ ၊ လင်ကြီး ဘက် က ကြည့် ရင်တော့ ဒီ မိန်းမ က သစ္စာ မရှိဘူး ၊ လင်ငယ် ဘက် က ကြည့် ရင်တော့ သစ္စာ ရှိတာကွ ၊ ချိန်းတဲ့ နေရာ ကို မဖြစ် ဖြစ်တဲ့ နည်း နဲ့ အရောက် လာ တယ်လေ ကွာ ၊ တကယ် သစ္စာ မရှိတာ က မင်း ကွ ၊ ကိုယ့် ဆိုင် ကို ယုံကြည် လို့ ဝင် ပြီး စားသောက်တဲ့ လူ ကို မင်း က ဝင်ပြီး ခေါင်း ကို ရိုက်ခွဲရ သတဲ့လား ကွာ ” ဟု အီးနောင် က ပြောလေ၏ ။


အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွား ပြီး ရက် အတန်ငယ် ကြာသော အခါ၌ ကျွန်ုပ် နှင့် ပေါက်ဖော်ကြီး အီးနောင် တို့ သည် ဆိုင်ရှေ့ ရှိ မြေကွက်လပ် ၌ ခုံ တစ်ခုံ စီ ဖြင့် ထိုင် နေကြလေ၏ ။ အချိန် မှာ အတော်အတန် မိုးချုပ် နေပြီ ဖြစ်၏ ။ ထို ည က ကျွန်ုပ် သည် စက်ရုံ သို့ မသွားရဘဲ အနား ရသော ည ဖြစ်၏ ။


လမင်းကြီး သည် ထိန်ထိန်သာ လျက် ရှိ၏ ။ ကျွန်ုပ် သည် ထို လမင်းကြီး ကို မော့ကြည့်၍ စိတ် တွင် ကြည်နူး နေ၏ ။ ပေါက်ဖော်ကြီး အီးနောင် က လည်း ကျွန်ုပ် ကဲ့သို့ပင် လမင်းကြီး ကို မော့ ကြည့်ပြီး တစ်ကိုယ်တည်း တရုတ် လို ပြောလျက်ရှိ၏ ။ 


ထို့ကြောင့် ကျွန်ုပ် က ... 


“ ခင်ဗျား တရုတ် လို ဘာတွေ ပြောနေတာလဲ ” ဟု မေး လိုက်လေ၏ ။


ထိုအခါ ပေါက်ဖော်ကြီး က ...


“ လ အကြောင်း ကဗျာ စပ် နေတာကွ ၊ ငါတို့ တရုတ်ကဗျာ က လေးကြောင်း စပ်ရတယ် ကွ ၊ ပထမ အကြောင်း က ကိုယ် တင်ပြ ချင်တဲ့ အကြောင်း ကို စပ် ရတယ် ၊ ဒုတိယ အကြောင်း က ပထမ အကြောင်း ကို ထပ်ပြီး ဖြည့်စွက် ရတယ် ၊ တတိယ အကြောင်း က ပထမ ဒုတိယ နဲ့ မဆိုင်တဲ့ အကြောင်း ကို ရေး ရတယ် ၊ နောက်ဆုံး အကြောင်း က တော့ ကဗျာ တစ်ခုလုံး ရဲ့ ဆိုလိုချက် ကို ရေး ရတယ် ၊ အဲဒါ ငါ တို့ ရှေးဟောင်း တရုတ်လူမျိုးတွေ ရဲ့ ကဗျာစပ်နည်း ပဲ ” ဟု ပြောပြလေ၏ ။


“ ခင်ဗျား ဥစ္စာ ကလဲ ၊ ကျုပ် နဲ့ ခင်ဗျား နဲ့ နှစ်ယောက် တည်း ရှိတာ ကို ခင်ဗျား က တစ်ယောက် တည်း တရုတ် လို စပ်တော့ ကျုပ် ဘယ်လို နားလည်မလဲ ၊ ကျုပ် နားလည် အောင် ဗမာ လို ပြန်ပြော ပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြော လိုက်လျှင် ပေါက်ဖော်ကြီး က ...


“ မင်း သိချင်ရင်တော့ လဲ ဗမာ လို ပြန်ပြီး ပြောပြမယ် ၊ ဒါပေမယ့် ငါ က ကာရန်တွေ ဘာတွေ မလုပ်တတ်ဘူး ကွာ ၊ အဓိပ္ပာယ် ကို ပဲ ပြောပြ နိုင်မယ် ” ဟု ပြောလေ၏ ။


ထိုအခါ ကျွန်ုပ် က ..


“ ရပါတယ် ဗျာ ၊ အဓိပ္ပာယ် သိရရင်လဲ ကောင်းတာပါပဲ ၊ ကာရန်တွေ ဘာတွေ မလိုပါဘူး ၊ ကျုပ် လဲ ကာရန်တွေ ဘာတွေ မသိပါဘူး ” ဟု ပြော လိုက်လျှင် ပေါက်ဖော်ကြီး က တရုတ်ဘာသာ ဖြင့် ၎င်း ကိုယ်တိုင် စပ်ဆိုသော ကဗျာ ကို အဓိပ္ပာယ် ပြန်ပြလေ၏ ။ 


လမင်းကြီး က ထိန်ထိန်သာ ၊

နှစ်ယောက်စလုံး ပိုင်တဲ့ ရတနာ ၊


ကျွန်ုပ် သည် ၎င်း ၏ ကဗျာ နှစ်ကြောင်း ကို နားထောင်ပြီး နောက် ...


“ ဒီမှာ ပေါက်ဖော်ကြီး ထိန်ထိန်သာ နေတဲ့ လမင်းကြီး ကို ခင်ဗျား နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း ပိုင်တယ် လို့ ဆိုချင်တာလား ၊ ဘယ် ဟုတ်မလဲဗျ ၊ လောကကြီး တစ်ခုလုံး က ပိုင်တာပေါ့ဗျ ” ဟု ကျွန်ုပ် က ဝေဖန် လိုက်လေ၏ ။


“ လောကကြီး တွေ ဘာ တွေ လုပ် မနေနဲ့ ၊ ခု လောလောဆယ် ဒီ နား မှာ မင်း နဲ့ ငါပဲ ရှိတာ ၊ မင်း နဲ့ ငါ နဲ့ နှစ်ယောက်စလုံး ပိုင်တယ် ပြော လိုက်ရင် ပြီးတာပဲ ၊ ဒီ ကိစ္စ အတွက် မင်း ဘာမှ အငြင်း ပွားစရာ မလိုဘူး ၊ ပြီးတော့ ငါ့ ရဲ့ကဗျာ က လဲ မဆုံးသေးဘူး ၊ နောက်ထပ် နှစ်ကြောင်း ကျန်သေးတယ် ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။


“ ကဲဗျာ ၊ ဒီလို ဆို လဲ ကျန်တဲ့ နှစ်ကြောင်း ကို ပါ ဆက်ပြီး ဆိုစမ်း ပါဦး ” ဟု ကျွန်ုပ် က ပြောလိုက်မိလေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး အီးနောင် သည် ဆက်၍ ဆိုပြန်လေ၏ ။ 


လမင်းကြီး က ထိန်ထိန်သာ ၊ 

နှစ်ယောက် စလုံး ပိုင်တဲ့ ရတနာ ၊

ပိုက်ဆံ ခိုးတဲ့ ကောင်လေးရယ် ၊

လ ကို ယူပြီး ပိုက်ဆံ ကို ပြန် ပေးပါလားကွယ် ။ 


၎င်း ၏ ကဗျာ ဆုံးသွားသော အခါ၌ ကျွန်ုပ် က ကျွန်ုပ် ၏ အိတ်ကပ် အတွင်းမှ ငွေငါးကျပ် ကို ထုတ်၍ ပေါက်ဖော်ကြီး အား ပေး လိုက်လေ၏ ။ ထိုအခါ ပေါက်ဖော်ကြီး က ကျွန်ုပ် ပေးသော ငွေငါးကျပ် ကို ယူကာ ...


“ မင်း ဖိနပ် ဝယ်ဖို့ ယူ ထားတာ မဟုတ်လား ၊ ဟောဟို ငါ ထိုင် တဲ့ ခုံ အောက် မှာ မင်း အတွက် ဖိနပ် တစ်ရံ ဝယ်ထားပြီးပြီ သွား ယူချေ ” ဟု ဆိုသဖြင့် ကျွန်ုပ် လည်း သွား ၍ ယူပြီး လျှင် စီး ကြည့်ရာ ကျွန်ုပ် ၏ ခြေထောက် နှင့် အံကျ ဖြစ် နေလေတော့၏ ။


“ မင်း အနေနဲ့ ဝယ် ရင် ငါးကျပ်တန် ပဲ ဝယ်မှာပါကွ ၊ ငါ က ခုနစ်ကျပ်တန် ဝယ်လာတာ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ ဟုတ်ပါတယ် ဗျာ ၊ ဖိနပ် ဝ ယ်မလို့ ယူ ထားတာပါ ၊ ခင်ဗျား က ကျုပ် ကို ခိုးတယ်လို့ စွပ်စွဲချင်လို့လား ” ဟု ကျွန်ုပ် က မေး လိုက်ရာ ပေါက်ဖော်ကြီး က ..


“ ဒီ လောကကြီး မှာ သူခိုး ဆိုတာ မရှိဘူးကွ ၊ မသိအောင် ယူတဲ့ လူ ပဲ ရှိတာ ” 


ထိုအခါ ကျွန်ုပ် က ...


“ မသိအောင် ယူရင် သူခိုး ပေါ့ ဗျ ” ဟု ပြန်၍ ပြော လိုက်ရာ ပေါက်ဖော်ကြီး က ..


“ ဒီလို ဆိုရင် မင်း သူခိုး ပေါ့ ၊ ငါ က မင်း ကို သူခိုး လို့ စွပ်စွဲ တာ မဟုတ်ဘူး ၊ မင်း စွဲချက် နဲ့ မင်း မိ နေပြီ ၊ နောက်ပြီး မင်း ဟာ တော်တော် အ တဲ့ ကောင် ၊ ငါ့ ဆီ က ငွေငါးကျပ် ကို မသိအောင် ယူပြီး ဖိနပ် အသစ် ဝယ်တယ်ပဲ ထားဦး ၊ အဲဒီ ဖိနပ် ကို ထုတ် စီးရင် ငါ က မသိတော့ဘူးတဲ့လား ကွာ ၊ များသောအားဖြင့် သူခိုး တွေ ဟာ ခိုး တဲ့ အခါ မှာ မသိပါဘူး ၊ သုံးတဲ့ အခါ မှာ မိ တာ ချည်းပဲ ” ဟု ပြော လေ၏ ။


“ ဖိနပ် ဝယ်ပြီး ရင် ခင်ဗျား ဘယ် မိ မလဲဗျာ ၊ ကျုပ် မှာ က စက်ရုံ က ပေးတဲ့ လခရှိ သေးတာပဲ ၊ အဲဒီ လခ ထဲ က ဝယ်တယ်လို့ ပြောမှာပေါ့ ၊ ဒါဆို ခင်ဗျား ယုံရမှာပေါ့ ” ဟု ကျွန်ုပ် က ပြောလိုက် ရာ ပေါက်ဖော်ကြီး က ရယ်လေ၏ ။


“ မင်း ရဲ့ စက်ရုံ က လခ အကြောင်း ကို မပြောနဲ့ ကွ ၊ မင်း မှာ တစ်ပြား မှ မရှိဘူး ၊ စက်ရုံ နား က အရက်ပုန်း ရောင်းတဲ့ ကောင်မလေး ကို မင်း အကုန် ပေးလိုက်တယ် ၊ ကောင်မလေး က လဲ လခ ထုတ်တာ နဲ့ အကုန် လာ သိမ်းသွားတာ ၊ မင်းတို့ နှစ်ယောက် လက်ထပ်မယ် ဆိုပြီး စု နေကြတာလေကွာ ” ဟု ပေါက်ဖော်ကြီး က ပြော လိုက်လေ၏ ။


ထိုအခါ ကျွန်ုပ် သည် မျက်လုံး ပြူး ၍ သွား လေတော့၏ ။ လွန်စွာမှ လည်း အံ့ဩသွား၏ ၊ ထိုကိစ္စ မှာ ကျွန်ုပ် ၏ ထိပ်တန်း လျှို့ဝှက် ကိစ္စဖြစ်၏ ။ ပေါက်ဖော်ကြီး သည် မည်သို့မည်ပုံ သိနေ သနည်း ဆိုသည် ကို မူ ကျွန်ုပ် သည် မစဉ်းစား တတ်အောင် ရှိနေလေတော့၏ ။


“ ခင်ဗျား ကတော့ အကုန်လုံး သိ နေတာပဲ ၊ ဘယ်လို လုပ်ပြီး သိ သွားရတာတုန်း ၊ ကျုပ် ကို ပြောပြစမ်းပါဦး ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ မင်း ဟာမိုနီ ပျက်နေတယ်ကွ ၊ ညကြီးမိုးချုပ် စက်ရုံစောင့် ဖို့ သွားတဲ့ ဥစ္စာ ၊ အရင်နဲ့ မတူဘူး ၊ ညကြီးမိုးချုပ် ခေါင်းတွေ ဘာတွေ ဖြီး တယ် ၊ အင်္ကျီ အဝတ်အစား ကောင်းတွေ ဝတ်တယ် ၊ စက်ရုံ ထဲ က ဆီပီပါတွေ ကို ရှိုးပြ ဖို့ ဝတ်တာ မဟုတ်ပါဘူး ၊ ပြစရာ ရှိရင် လူ ကို ပဲ ပြရမယ် ၊ မင်းတို့ စက်ရုံ ညဂိုဏ်း မှာ လဲ မိန်းကလေး တစ်ယောက် မှ မရှိဘူး ၊ ယောက်ျား တွေ ချည်းပဲ ၊ အဲဒီတော့ စက်ရုံ အပြင်ဘက် က ဖြစ်ရမယ် ၊ အဲဒီလို စဉ်းစားလိုက်တဲ့ အခါမှာ စက်ရုံ နဲ့ နီးနီး လူတိုင်း ဝင်ထွက် လို့ ရတဲ့ နေရာ ကို စဉ်းစား လိုက်တယ် ၊ အဲဒါဟာ စက်ရုံ နား က အရက်ပုန်း ရောင်းတဲ့ အိမ် ပဲ ၊ အဲဒီ အိမ် မှာ မင်း နဲ့ ရွယ်တူ မိန်းကလေး တစ်ယောက် ရှိတယ် ၊ အဲဒါကြောင့် မင်း အလုပ် သွားတုန်း မင်း ရဲ့ လွယ်အိတ် ကို ငါ ရှာ ကြည့်တယ် ၊ မှတ်စုစာအုပ်လေး တစ်အုပ် တွေ့ တယ် ၊ အဲဒီ ထဲ မှာ မင်း ကောင်မလေး ကို ပိုက်ဆံ အပ်တဲ့ အကြောင်း ရေး ထားတာ တွေ့တယ် ၊ မင်း က ငွေ စု နေပြီပေါ့ ” ဟု ပြော လိုက်၏ ။


“ ဟုတ်တယ် ပေါက်ဖော်ကြီး ၊ ကျုပ် နဲ့ ကောင်မလေး နဲ့ ယူဖို့ ငွေ စုနေတယ် ၊ ခင်ဗျား သဘော တူတယ် မဟုတ်လား ” ဟု ကျွန်ုပ် က မေး လိုက် လေ၏ ။


“ ငါ သဘော တူတာ မတူတာ အရေး မကြီးဘူးကွ ၊ မင်း ကျေနပ်ဖို့ ပဲ အရေးကြီးတယ် ၊ လောကကြီး ဟာ ကျေနပ် ရင် ကောင်းတယ် ၊ မကျေနပ် ရင် မကောင်းဘူးကွ ၊ ဒါပေမယ့် ငွေ စုတာ ကို တော့ ငါ တယ်ပြီး သဘော မကျဘူးကွ ။ ဝယ်စရာ ရှိတာ ဝယ်ပြီး သုံးစရာ ရှိတာ သုံးပစ်ပါကွ ၊ မင်း အနေနဲ့ ငါ့ ဆီ မှာ ထမင်း အလကား စားနေရပြီပဲ ၊ လုံချည်ကောင်းကောင်းလေး တစ်ထည် ၊ အင်္ကျီကောင်းလေး တစ်ထည် တော့ ဝယ်သင့်တာပေါ့ ၊ အားလုံးလဲ စု ဖို့ မလိုပါဘူး ။ ဟို စကားပုံလေး လဲ မင်း ကြားဖူးတယ် မဟုတ်လား ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ ဘယ် စကားပုံလဲ ဗျ ၊ လုပ်စမ်းပါဦးဗျ ” ဟု ကျွန်ုပ် က ပြောလိုက်လေ၏ ။


“ ချွေတာ စုဆောင်း ၊ ဖင် ဟောင်းလောင်း ဆိုတာလေ ကွာ ” ဟု ပေါက်ဖော်ကြီး က ပြော လျှင် ကျွန်ုပ် လည်း ရယ်ရလေတော့၏ ။ 


“ ခင်ဗျား က တော့ လုပ်ပြီ ၊ ဘယ်က လာ ချွေတာ စုဆောင်း ဖင်ဟောင်းလောင်း ရမှာတုန်း ၊ ချွေတာစုဆောင်း သူဌေးလောင်း ပါ ဗျ ”  ဟု ကျွန်ုပ် က ပြန် ၍ ပြောရလေ၏ ။


“ သူဌေးလောင်း ဟာ မှန်သလား ၊ ဖင်ဟောင်းလောင်း ဟာ မှန်သလား ဆိုတာ နောက်တော့ မင်း သိရမှာပေါ့ကွာ ” ဟု ပေါက်ဖော်ကြီး က ပြော၍ ရယ်နေလေ၏ ။


အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်နှစ် နီးပါး ကြာ သော အခါ၌ ကျွန်ုပ် နှင့် ယူ ရန် ကျွန်ုပ် အား ငွေစု ခိုင်းသော မိန်းကလေး သည် စက်ရုံ မကြာခဏ ဆီ လာ၍ သယ်လေ့ ရှိသော မော်တော်ကား မှ စပယ်ယာ နှင့် လိုက်၍ ပြေး လေတော့၏ ။ ကျွန်ုပ် စု ထားသော ငွေ ရှစ်ရာ ကျော် လည်း ပါ၍ သွားလေတော့၏ ။


ကျွန်ုပ် သည် လုံချည်ကလေး တစ်ထည် ကို ပင် မဝယ်ရက် ဘဲ ငွေ ကို စု လာခဲ့ သဖြင့် ထို မိန်းကလေး လင် နောက် လိုက်သွားသော အချိန် တွင် ကျွန်ုပ် ၏ လုံချည် မှာ အစိတ်စိတ် အမွှာမွှာ ဖြစ် ၍ နေ၏ ။ ကျွန်ုပ် သည် ထို လုံချည်စုတ် ကို ပင် အပ် ဖြင့် ချုပ် နေရ၏ ။ ကျွန်ုပ် ၏ အဖြစ် ကို ကြည့် လာသော ပေါက်ဖော်ကြီး အီးနောင် သည် ...


“ ဟေ့ ကောင်လေး ၊ ချွေတာစုဆောင်း သူဌေးလောင်း ဆိုကွ ၊ ခုတော့ ဖင်ဟောင်းလောင်း ဖြစ်သွားပြီ မဟုတ်လား ၊ မင်း ကို ငါ ပြော သားပဲ ၊ ပိုက်ဆံ မစုနဲ့ ဆိုတာလေ ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။ 


“ စု ရမယ် ပေါက်ဖော်ကြီး စုရမယ် ၊ ငွေ ဆိုတာ စုရမယ် ဗျ ၊ ဒီ တစ်ခါ ပါသွားတာနဲ့ ငွေ စုတာဟာ မှားတယ်လို့ ကျုပ် အနေနဲ့ မယူဆ နိုင်သေးဘူး ၊ ကိုယ့် ဟာ ကိုယ် တော့ စုထားရမှာ ” ဟု ကျွန်ုပ် က အကြောက်အကန် ငြင်းလေ၏ ။


“ ဒီလို မဟုတ်ဘူးကွ ၊ ငွေ ဆိုတာ တစ်ဦး လက် က တစ်ဦး ဖြတ်သန်း စီးဆင်း နေလေ ကောင်းလေပဲကွ ၊ အဲဒီလို ဖြတ်သန်း စီးဆင်း နေဖို့ က လဲ သုံးစွဲ နေမှ ဖြစ်တာ ၊ မင်း အနေ နဲ့ တစ်ခု စဉ်းစား ကြည့် လေ ၊ မင်း လိုပဲ လူတိုင်း ဟာ ရသမျှ ငွေ အားလုံး ကို မသုံးဘဲ စုထား ကြမယ် ဆိုပါတော့ကွာ ၊ ဘယ်လို ဖြစ် ကုန်မလဲ စဉ်းစားကြည့်လေ ၊ ဟာမိုနီ ပျက် ကုန်မယ်ကွ ၊ အားလုံး ကိုးရိုးကားယား ဖြစ် ကုန်မယ် ၊ လူအများ နဲ့ သက်ဆိုင်တဲ့ ကိစ္စ မှာ ဟာမိုနီ ပျက်ရင် အတော် ဒုက္ခကြီး တာကွ ၊ အဲဒါကြောင့် ငွေ ဆိုတာ ဟာမိုနီ အပျက် မခံရဘူး ၊ သုံးစရာ ရှိတာ သုံး ၊ ကုန်စရာ ရှိတာ ကုန် ၊ အဲဒီလို ဖြစ်နေရမယ် ” ဟု ပေါက်ဖော်ကြီး က ပြော လေ၏ ။


၎င်း ပြော သော စကား သည် မှန်သည် မှားသည် ကို မူ ကျွန်ုပ် အနေ ဖြင့် မဝေခွဲတတ်ပါ ။ သို့ရာတွင် ကျွန်ုပ် အနေ နှင့် ငွေ ကို မစုဆောင်း ဖြစ်ခဲ့ပါ ၊ ထိုသို့ မစုဆောင်း ဖြစ်ခဲ့သည် ကို ပင် ကျွန်ုပ် ၏ မိတ်ဆွေ အီးနောင်ကြီး က ...


“ အဲဒီလို မစုဘဲ သုံးစရာ ရှိတာ တွေ ကို သုံးပစ် နေတာ ကို က ငွေကြေးလှည့်ပတ်မှု ယန္တရား ကို  မင်း အနေနဲ့ တစ်နည်းတစ်ဖုံ ကူညီ နေတာပဲ ကွ ၊ နောက် တစ်ခု မင်း ကို ပြောလိုက်ဦးမယ် ၊ ငွေ စုလို့ ချမ်းသာတဲ့ သူရယ် လို့ မရှိဘူးကွ ၊ ချမ်းသာ တဲ့ လူတိုင်း ဟာ အလုပ် လုပ်တယ် ၊ ငွေ ကို သူ့ နေရာ နဲ့ သူ သုံးတတ်ကြလို့ ချမ်းသာတာ ၊ စုတယ် ဆိုတာ ငွေ ကို အိပ်ခိုင်းတာပဲ ကွ ၊ အိတ်တယ် ဆိုတာ သေတစ်မျိုး ပဲ မဟုတ်လား ၊ ဘယ်လို လုပ် ချမ်းသာ မလဲကွာ ၊ နောက် တစ်ခု က လဲ ချမ်းသာတယ် ဆိုတာ လူ တော်တော်များများ က ဉာဏ်ကြောင့် လို့ ပြောကြတယ် ၊ တချို့ကလဲ ဝီရိယ ကြောင့်လို့ ပြောကြတယ် ၊ ငါ က  တော့ ဒီလို မယုံကြည်ဘူးကွ ၊ ငါ့ မျက်စိ အောက် တွင် ပဲ အလုပ် လုပ် ရင်း ၊ ကြိုးစား ရင်း ၊ ဝီရိယာ တွေ ထုတ် ရင်း နဲ့ ပဲ တက်တက် ပြောင် အောင် မွဲ သွားတဲ့ လူတွေ အများကြီး တွေ့ ဖူးတယ် ၊ အမှန်ကတော့ ဘာကြောင့် မှ မဟုတ်ပါဘူး ကွာ ၊ ချမ်းသာ မှာ မို့ ချမ်းသာ တာ ပါ ၊ မွဲ မဲ့ ကောင် က တော့ ဘယ်လောက်ပဲ ဉာဏ် ရှိရှိ ၊ ဘယ်လောက်ပဲ ဝီရိယ ရှိရှိ ကုန်တာပါပဲကွာ ” ဟု ပြော လိုက်လေ၏ ။


ကျွန်ုပ်တို့ နှစ်ဦး စကား ပြောနေစဉ် ၌ ပင် ...


“ မီး ... မီး ...” ဟု အော်သံ ကြားသောကြောင့် ထ ၍ ကြည့် ကြ ရာ ကျွန်ုပ်တို့ နှင့် မလှမ်းမကမ်း အိမ် တစ်အိမ် တွင် မီး စွဲလောင် နေ သည်ကို တွေ့ရလေ၏ ။ လူအများ က ဝိုင်း ၍ ငြိမ်းသတ် နေ၏ ။ သို့ရာတွင် မီး သည် တစ်စ ထက် တစ်စ အရှိန် ပြင်း၍ လာလေ၏ ။ တစ်ရပ်ကွက် လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏ ။ ပစ္စည်းများ သယ်ကုန် ကြ၏ ။ ကျွန်ုပ် သည် လည်း ဆိုင်တွင်း သို့ ပြေးဝင် သွားပြီး လျှင် ပစ္စည်းများ ကို သိမ်းဆည်း လေ၏ ။


အီးနောင် က မူ လက်ဖက်ရည် နှစ်ခွက် ကို ဖျော် နေလေ၏ ။ နို့စိမ်းများ ပျစ် နေအောင် ထည့်၏ ။


ထို့နောက် ကျွန်ုပ် အား ...


“ ဟေ့ကောင် သယ် မနေနဲ့ ၊ ရော့ မင်း နဲ့ ငါ နဲ့ လက်ဖက်ရည် တစ်ခွက် စီ သောက်ကြရအောင် ” ဟု ဆိုကာ ကျွန်ုပ် အား လက်ဖက်ရည် တစ်ခွက် တိုက်၏ ။ ၎င်း ကိုယ်တိုင် လည်း သောက်၏ ။ 


“ ဒီ လက်ဖက်ရည် သောက်ပွဲ ဟာ မင်း နဲ့ ငါ နှုတ်ဆက်တဲ့ပွဲ ပဲ ၊ ဒီ မီး ဟာ မလွတ်နိုင် တော့ဘူး ၊ ဘာ မှ မသယ်နဲ့ ၊ ပိုက်ဆံတွေ ငါ့ အိတ် ထဲ မှာ ရှိတယ် ၊ ကျန်တဲ့ ပစ္စည်းတွေ က အကြီးကြီးတွေ က မင်း နဲ့ ငါ နှစ်ယောက်တည်း ဘယ်လို လုပ် သယ်မှာတုန်း ၊ အဲဒီတော့ လက်ဖက်ရည် ကောင်းကောင်းလေး တစ်ခွက် စီ သောက် ၊ စီးကရက် တစ်လိပ် စီ သောက်ပြီး မီး လောင် တာ ကို အရသာ ခံပြီး ကြည့် နေတာ ပေါ့ကွာ ” ဟု အီးနောင် က ပြောလေ၏ ။


ကျွန်ုပ် လည်း ပေါက်ဖော်ကြီး အား ပြန်လည် ငြင်းဆိုခြင်း မပြုတော့ ဘဲ လက်ဖက်ရည် ကို သောက် လိုက်လေ၏ ။ လွန်စွာ မှ ကောင်းလှပေသည် ။ နို့စိမ်းများ မတရား သဖြင့် ထည့် ထား သောကြောင့် လွန်စွာမှ လည်း ဆိမ့် လှပေသည် ။ ပေါက်ဖော်ကြီး က ကျွန်ုပ် အား စီးကရက် တစ်လိပ် ကို ပေး၏ ။ ကျွန်ုပ် လည်း လက်ဖက်ရည် သောက် ပြီးသော အခါ စီးကရက် ကို သောက် လေ၏ ။


“ ခင်ဗျား ဟာ အတော် သွေးအေးတဲ့ သူပဲ ” ဟု ကျွန်ုပ် က ပြော လိုက်လေ၏ ။


“ သွေး အေးတာ မဟုတ်ဘူးကွ ၊ နှလုံး အေးတာ ၊ ပူပန်မှု မရှိ အောင် နေ တတ်တာ ၊ ကဲ .. ဟေ့ကောင် လာ ၊ အပြင် ထွက်မှ ဖြစ်မယ် ” ဟု ပေါက်ဖော်ကြီး က ဆို သဖြင့် ကျွန်ုပ်တို့ လည်း ဆိုင် အပြင် သို့ ထွက်ခဲ့ကြလေ၏ ။


များမကြာမီ ၌ မီးသတ်ကားများ ရောက် ရှိလာ၏ ။ ထို့ကြောင့် ကျွန်ုပ် က ဝမ်းသာအားရ ဖြင့် ...


“ ပေါက်ဖော်ကြီး ... ပေါက်ဖော်ကြီး ၊ မီးသတ်ကား တွေ လာပြီ ၊ ကျုပ်တို့ ဆိုင် လွတ်ချင် လွတ်မှာ ” ဟု ပြော လိုက်ရာ ပေါက်ဖော်ကြီး သည် စီးကရက် သောက် လျက် ပြုံးပြ လေ၏ ။ ထိုသို့ ပြုံးပြ ပြီး နောက် ... 


“ မပူပါနဲ့ ငါ့ လူရာ ၊ အဲဒီ အတွင်း မှာ ပဲ တို့ ဆိုင်ကလေး မီး ထဲ ပါသွားမှာပါ ” ဟု ပြော လေ၏ ။


“ ခင်ဗျား ဟာ အတော် ကတ်သီးကတ်သတ် ပြောတယ် ၊ ရေ ပက် ဖို့ လာတာပဲ ” ဟု ကျွန်ုပ် က ပြန် ၍ ပြောလိုက်လေ၏ ။ ထိုသို့ ပြော နေစဉ်က မီး သည် ကျွန်ုပ်တို့ နှင့် နီး ၍ လာ သောကြောင့် နောက် သို့ ဆုတ် လိုက်ရလေ၏ ။ ထို အချိန်၌ မှာ ပင် ကျွန်ုပ်တို့ ဆိုင်လေး အား မီးတောက်မီးလျှံ က ဝါးမျို လိုက်လေတော့၏ ။


“ ကဲ ... ဟေ့ကောင် ၊ တို့ ဆိုင်လေးတော့ ပါ သွားပြီကွ ၊ သွားကြ စို့ ၊ မင်း နဲ့ ငါ လဲ ရေစက် ကုန်ပြီ ၊ ငါ က တော့ ပုသိမ်ခရိုင် ငပုတော ဘက် ကို သွားမယ် ၊ မင်း လဲ ကြိုက်ရာ ကို ကြွပေတော့ ၊ ရော့ ... မင်း ပိုက်ဆံ ”  ဟု ဆိုကာ ကျွန်ုပ် အား ငွေစက္ကူတစ်ထပ် ကို ထုတ် ပေးလေ၏ ။ ကျွန်ုပ် သည် ငွေစက္ကူ ထပ် အား လှမ်း ယူ ရင်း ၎င်း ၏ မျက်နှာ ကို ကြည့် လိုက်လေ၏ ။


“ ဘာလဲဗျ ၊ ခင်ဗျား က ကျုပ် ကို အမွေ ပေးတာလား ” ဟု ကျွန်ုပ် က မေးလိုက်ရာ ပေါက်ဖော်ကြီး အီးနောင် က ...


“ ဘာဖြစ်လို့ မင်း ကို အမွေ ပေးရမှာလဲကွ ၊ အဲဒါ မင်း ပိုက်ဆံပဲ ၊ မင်း အရက်ပုန်း ရောင်းတဲ့ ကောင်မလေး ဆီ မှာ စု ထားတဲ့ ပိုက်ဆံ လေ ကွာ ၊ အဲဒီ ကောင်မလေး ဆီကား က ကောင်နဲ့ လိုက် ပြေးမယ် အလုပ် မှာ ငါ က ဖမ်း ထားပြီး အဲဒီ ငွေ ကို အကျပ် ကိုင် ပြီး ပြန် တောင်းထား လိုက်တာ ” ဟု ပေါက်ဖော်ကြီး က ပြော လေတော့၏ ။


“ အဲဒီ ကောင်မလေး အဲဒီလို လိုက် ပြေးမယ် ဆိုတာ ခင်ဗျား က သိရက် နဲ့ ဘာဖြစ်လို့ ကျုပ် ကို မပြောတာလဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ပေါက်ဖော်ကြီး က ...


“ ကောင်မလေး ရယ် ၊ လိုက် ပြေးမဲ့ ကောင်ရယ် ၊ ကျန်ရစ်ဖြစ်မဲ့ ကောင်ရယ် သူ့ ဟာ နဲ့ သူ အားလုံး ပြည့်စုံ နေတာကို ငါ က ဘာဖြစ် လို့ ဝင် ရှုတ်ရမှာလဲ ” ဟု ပြော လိုက်လေ၏ ။


ထို့နောက် ကျွန်ုပ် နှင့် ကျွန်ုပ် မိတ်ဆွေကြီး တို့ သည် လမ်း ခွဲ၍ သွားကြလေ တော့၏ ။ ကျွန်ုပ် သည် မိတ်ဆွေကြီး ပေး ခဲ့သော ငွေစက္ကူများ ကို ရေတွက် ကြည့်၏ ။ ရှစ်ရာလေးဆယ် နှင့် ခြောက်ကျပ် ရှိသည်ကို တွေ့ရ၏ ။ ထို့အပြင် လစဉ် ကျွန်ုပ် အနေဖြင့် အရက်ပုန်း ဆိုင် မှ မိန်းကလေး အား ပေးသွင်းခဲ့သော စာရင်းကလေး တစ်စောင် ရေး ထားသည့် စာရွက်ပိုင်းကလေး တစ်ခု ကို လည်း တွေ့ရလေ၏ ။ ထို စာရွက်ပိုင်းကလေး ၏ အောက် တွင် စုစုပေါင်း ရှစ်ရာလေးဆယ့် ခြောက်ကျပ် ဟု ရေးထားသည် ကို လည်း တွေ့ရလေ၏ ။


မီး သည် သဲသဲမဲမဲကြီး လောင် နေ၏ ။ မီးသတ်များ သည် ကြိုးစားပမ်းစား ငြိမ်းသတ် နေကြ၏ ။ ကျွန်ုပ် သည် ထို မီးလောင်ရာ အရပ် ကို ကျောခိုင်း ၍ ထွက်လာခဲ့ လေတော့၏ ။ ဤသို့ ထွက် လာခဲ့ရာ ကမာရွတ် အဝိုင်းကြီး အနီး သို့ ရောက်ရှိ လာ လေတော့၏ ။ ထို နေရာ သို့ အရောက် ဤ လောက ၌ ကျွန်ုပ် မတွေ့ချင်ဆုံးသော  လူ တစ်ယောက် ကို တွေ့ရ လေတော့၏ ။


ထို သူ မှာ ကျွန်ုပ် အား ယူပါမည် ဟု ပြောပြီး အခြားသူ နှင့် လိုက်ပြေး သွားသော အရက်ပုန်းဆိုင် မှ အမျိုးသမီး ဖြစ်၏ ။ ကျွန်ုပ် သည် ရှော င်၍ မရသည့် အဆုံး၌ မဲ့ပြုံးကလေး ပြုံး ပြ လိုက်လေ၏ ။ ထို့နောက် ထို မိန်းကလေး အား ...


“ မင်း ကို ငါ သိပ်ပြီး ကျေးဇူး တင်တယ် ၊ ငါ့ ကို မယူနိုင်တဲ့ တိုင်အောင် ငါ စုထားတဲ့ ငွေကလေး ကို ငါ့ ဆရာ ပေါက်ဖော်ကြီး ဆီ ကို ပြန် ပေးခဲ့တဲ့ ကျေးဇူး ကိုတော့ အသိအမှတ် ပြုရမှာပဲ ” ဟု ကျွန်ုပ် က ပြော လိုက်ရာ ထို မိန်းကလေး က ...


“ ရှင် သိပ်ပြီး သနားဖို့ ကောင်းတဲ့ လူပဲ ၊ အဲဒီ ငွေ ကို ကျွန်မ က ဘယ်သူမှ ပြန် မပေးဘူး ၊ အဲဒီ ငွေ နဲ့ ကျွန်မ ယောက်ျား နောက် လိုက် ပြေးသွားတာ ” ဟု ဆိုကာ ထို မိန်းကလေး သည် ထွက်သွား လေတော့၏ ။ 


ကျွန်ုပ် သည် ငူငူကြီး ရပ် ၍ ကျန်ရစ်ခဲ့လေ၏ ။ ထို့နောက် ကျွန်ုပ် ၏ မိတ်ဆွေ ပေါက်ဖော်ကြီး အီးနုံ ( သို့မဟုတ် ) အီးနောင် ( သို့မဟုတ် ) အီးနု ဟု ခေါ်သော တရုတ်ကြီး ၏ အကြောင်း ကို စဉ်းစား နေမိလေ၏ ။


ဤ လူကြီး ကား ဗာဒံပင် နှင့် တူ၏ ။ အခေါ်ရ ခက်၏ ။ အသိရ ခက်၏ ။ သို့သော် ရင်းနှီး၏ ။ ထို လူကြီး သည် ထမင်းဆိုင်ရှင် တစ်ဦး ဖြစ်သောကြောင့် “ ဗာဒံပင် နှင့် တူသော ထမင်းဆိုင်ရှင် ” ဟု ကျွန်ုပ် ၏ စိတ် ၌ မှတ်သား ထား၏ ။ ထို လူကြီး ကား ဆိုင် မီးလောင် ခံရသော ကြောင့် ရန်ကုန် ၌ မနေနိုင်တော့ ဘဲ ငပုတော သို့ အပြီးအပိုင် ပြောင်းရွှေ့ သွားပြီ ဖြစ်၏ ။ ကျွန်ုပ် နှင့် ဝေး သွားပြီ ဖြစ်၏ ။ သို့ရာတွင် ထို လူကြီး သည် ကျွန်ုပ် ၏ ရင် ၌ အစဉ် ရှိနေသော ကြောင့် နီးကပ်နေသည် ဟု လည်း ဆိုနိုင်ပေသည် တကား ။


◾ မင်းသိင်္ခ


📖 တူသော ... ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment