“ ကျွိ ”
တံခါး ကို အသာ ဟ ၍ အတွင်း သို့ ချောင်း ကြည့် လိုက်သည် ။
“ အဟင့် ... အဟင့် ... အဟင့် ”
ဆေးရုံ ခုတင်ပေါ် မှောက်ပြီး ငို နေသော မိန်းမ တစ်ယောက် ။ သူ လည်း ခေါင်း မှာပတ်တီး ၊ ခြေ မှာ ပတ်တီး နှင့် ၊ အောက်တွင် လည်း မျက်ရည်အိုင် လား နှပ်အိုင် လား မသိသော အိုင်ကြီး တစ်အိုင် ။
“ ဪ ... သူ လည်း ဒုက္ခိတ မို့ ငို နေတာပဲလေ ”
ဟု သနား ပြီး စိတ် ထဲ အောက်မေ့ မိ၏ ။ အသေအချာ ပြန် ကြည့် မိသည် ။
ပတ်တီး ပေါ်မှ ဆံပင်တွေ က ဖွာလန်ကျဲ နေသည် ။ အင်္ကျီ များ က လည်း တွန့်ကြေ ပေပွ နေ၏ ။
“ တောက် ... အတော် ညစ်ပတ်တဲ့ မိန်းမ ပဲ ဖြစ်မယ် ၊ ကြည့်ရတာ ကို က ဖရိုဖရဲ နဲ့ ”
စိတ် ထဲ က တေးမှတ်ရင်း တံခါး ကို အသာအယာ ပြန် ပိတ်ရန် လုပ်သည် ။ သို့သော် နောက် အတွေး တစ်ခု က ...
“ အေး ... ဒီလောက် အငို ထူပြီး ဒီလောက် ညစ်ပတ်တဲ့ မိန်းမ ဘယ်လို မျက်နှာမျိုး နဲ့ လူ့ လောက မှာ နေထိုင်နေသလဲ ”
သိချင်စိတ် နှင့် တံခါး ကို အသာ ပြန် ဟ မိသည် ။ ထိုစဉ်မှာ ပင် ငို နေသော မိန်းမ ၏ မျက်နှာ မော့ လာ၏ ။ ဟင် မြင်ဖူး နေသော မျက်နှာ ၊ ဘယ်မှာ မြင်ဖူးပါလိမ့် ။ အသေအချာ ကြည့် မှ ...
“ မြင့် ... မြင့်စန်းရီ ”
ဟုတ်ပါသည် ။ တစ်သက် မမေ့နိုင်သော မျက်နှာ ။ ခုန ညစ်ညစ် ပတ်ပတ် စုတ်စုတ်ပြတ်ပြတ် ထင်နေ သော်ငြား ချက်ချင်း နတ်သမီး တစ်ပါး ဖြစ် သွား၏ ။ ခုနက မျက်ရည်အိုင် လား ၊ နှပ်အိုင် လား မသိသည့် အရာ က လည်း ချက်ချင်း စမ်းရေကြည် ဖြစ်ပြီး ပြောင်လက် သွားသည် ။ ပါးပြင် ပေါ် မှာ လည်း ပုလဲလေးတွေ ပန်း သဖွယ် စီရီ တန်း ပြီး လိမ့်ဆင်း နေ၏ ။ အို ... လှလိုက်သည့် အဆင်း ၊ တဏှာရာဂ တို့ ပင် ချက်ချင်း လင်းလက် ။
“ အဟင့် ... အဟင့် ... အဟင့် ”
ကိန္နရီ အော်သံ ၊ သာယာဘိတောင်း ။ ငှက် အပေါင်းတို့ ခညောင်း ရ တာ ဒီ အသံပါ ။
“ မြင့်စန်းရီ ”
နာမတော် ကို နှုတ်ကမ္ပက် မှ အလိုလို ထွက်သွား၏ ။ လည်တိုင် ကျော့ က မကျိုးရုံလေး လှည့် လာ၏ ။
”ဘယ်သူလဲ ဟင် ”
မျက်နှာ တစ်ခုလုံး ၊ ခန္ဓာကိုယ် တစ်ခုလုံး ပတ်တီး နှင့် မို့ ချစ်သူ က ရုတ်တရက် မှတ်မိပုံ မပေါ် ။
ကျွန်တော် က လည်း အနံ့ ရရုံ နှင့် မှတ်မိရ မှာ ကို မျက်နှာ မြင် မှ မှတ်မိသည် မို့ ကိုယ့် ကိုယ် ကို မချင့်မရဲ ဖြစ်သွား မိသည် ။
“ စောကြည်ဖြူ ”
“ ဟင် ”
ရွှေရုပ်ကလေး က ကျွန်တော့် ရင်ခွင် ပြေးဝင် လာမည် ထင် သော်ငြား ထိုသို့ မဟုတ် ။ အလန့်တကြား နှင့် မျက်လုံး ကို မှိတ် ၊ လက်အုပ် ကို ချီ ပြီး ...
“ အောင်မလေး ... စောကြည်ဖြူ ရဲ့ အမျှ ... အမျှ... အမျှ ကျွန်မ ကို လာ မခြောက်ပါ နဲ့ ၊ ရှင့် ကို တော့ ချစ်ပါတယ် ၊ ဒါပေမဲ့ ကျွန်မ သရဲကို ပို ကြောက်လို့ပါ ၊ အမျှ နော် ”
“ မြင့်စန်းရီ ရေ .. သာဓု ... သာဓု ... သာဓု အဲလေ ယောင် ကုန်ပြီ ”
“ နာနာဘာဝ ရေ သွား ပါ တော့ ၊ ရှင် မကြိုက် ရင် ကျွန်မ မငို တော့ပါဘူး ၊ နောင် ဘဝ ကျ မှ ပြန် ဆုံပါရစေတော့ ”
“ ဟုတ်ကဲ့ ... တာ့တာ ၊ ဟာ မြင့်စန်းရီ က လည်း ကျွန်တော် စောကြည်ဖြူ လူ ပါဗျ ”
ထိုတော့ မှ မြင့်စန်းရီ က မျက်လုံး ကလယ် ကလယ် နှင့် ...
“ ဟင် ... လူ လူဆို ရှင် မသေသေးဘူးပေါ့ နော် ”
“ အာ ... ဘယ့်နှယ် သေရမှာလဲ ၊ ဒီမှာ အရှင်ကြီး မမြင်ဘူးလား ”
ထိုတော့မှ ချစ်သူ ဝုန်းခနဲ ထ ပြေးသည် ။ ပြီးတော့ ကျွန်တော့် မျက်နှာ ကို ကိုင် ကြည့်ရင်း ...
“ ဟင် ... ဖေဖေ တို့ ပြောတော့ စောကြည်ဖြူ က နေရာ မှာ တင် ပွဲချင်းပြီး သေပြီ ဆို ”
“ အာ ... ဘယ့်နှယ် ပွဲချင်းပြီး ရ မှာလဲ ၊ သတိ လစ်ပြီး ဆေးရုံ ရောက် နေတာပါ ”
“ ဟင် ... ဒါဆို ဖေဖေ တို့ က ဘာလို့ အဲဒီ စကား ပြောရတာလဲ ဟင် ”
ချစ်သူ ရင်ခွင် ထဲ တိုး ဝင် လာ၏ ။ ကျွန်တော် လည်း အား နေ သော လက် တစ်ဖက် နှင့် ချစ်သူ ကို သိုင်းဖက် ပြီး ...
“ မပေါင်းစေချင်လို့ ပေါ့ မြင့်စန်းရီ ရယ် ၊ မပေါင်းစေချင်လို့ ပေါ့ ”
“ ဟင် ”
“ ကျွန်တော့် လို ဒုက္ခ အမြဲ တွေ့ နေတတ်သူ တစ်ယောက် ကို ဘယ်သူက များ အကောင်း မြင်ကြမှာလဲ ”
မြင့်စန်းရီ သက်ပြင်း ချ ပါသည် ။
“ အခု ကိစ္စ မှာ စောကြည်ဖြူ က အားလုံးရဲ့ အသက် ကို ကယ်ခဲ့ မှန်း အားလုံး သိကြပါတယ် ”
ကျွန်တော် သက်ပြင်း သာ ချမိသည် ။
“ ဒါပေမဲ့ မြင့်စန်းရီ ရယ် ”
ချစ်သူ မော့ ကြည့်ပါသည် ။
“ မြင့်စန်းရီ ရဲ့ အဖေ က ကျွန်တော် တို့ ကို မနီးစပ် စေချင်ဘူးလေ ”
ချစ်သူ လက်ကလေး ခန္ဓာ ကိုယ် ပေါ် တင်းကြပ် လာ၏ ။
“ မြင့်စန်းရီ ... စောကြည်ဖြူ ကို မခွဲနိုင်မှန်း သိလိုက်ရပါ ပြီ ”
“ ဪ ”
ချစ်သူ ၏ စကားသံ ကြောင့် အရာရာ လင်းလက်ပြီး ခွန်အားများ ပြည့်ဖြိုး လာ သယောင် ဖြစ် သွားရ၏ ။
“ တကယ် ... တကယ် ပြောတာလား ဟင် ”
ချစ်သူ က ပြုံး ပါသည် ။
“ တကယ် ပြောတာပေါ့ ၊ စောကြည်ဖြူ သာ အဖေ ပြောတဲ့ အတိုင်း တကယ်သာ ဆုံးပါး သွားရင် မြင့်စန်းရီ ဘယ်လောက် ငိုနေရ မယ် ဆိုတာ သိနိုင်မှာ မဟုတ်တော့ဘူး ။ အဲဒါက သရဲ ကြောက် တာ လည်း ပါတယ်လေ ”
မည်သို့ပင် ဆိုစေကာ မူ ထို သရဲ ကြောက်တာ ကို က ဝမ်းသာ စရာ ။ ကျွန်တော် လည်း ရရှိသော အခွင့်အရေး ကို လက်လွတ် မခံဘဲ
“ ဒါ ... ဒါဆို မြင့်စန်းရီ နဲ့ ကျွန်တော် မခွဲရ အောင် ထွက်ပြေး ကြရအောင်လား ဟင် ”
“ ဘယ်တော့လဲ ”
“ အခုလေ ”
“ ဟင် ”
ချစ်သူ ကြောင်ငေး ၍ ကျွန်တော့် ကို ပြန် ကြည့်သည် ။ အတန် ကြာ ငေးနေ၏ ။ နောက်မှ သတိရ ပြီး ...
“ ဟင် ... ဒီလို ပုံကြီးနဲ့ ”
ကျွန်တော် ချစ်သူ ကို တင်းကြပ်စွာ ပြန်လည် ပွေ့ပိုက်ရင်း
“ ကျွန်တော် တို့ မှာ ပုံသဏ္ဌာန် ရွေးနေဖို့ အချိန် သိပ် မရှိ လောက်ဘူး မြင့်စန်းရီ ၊ တော်ကြာ မြင့်စန်းရီ တို့ အဖေ တွေ ပြန် ရောက် လာ ရင် ကျွန်တော် တို့ ရာသက်ပန် ဝေးရမှာ ၊ ကျွန်တော် မလွမ်းချင် ဘူး မြင့်စန်းရီ ၊ မြင့်စန်းရီ နဲ့ ခွဲရရင် ကျွန်တော် လွမ်းလို့ သေမှာ ”
ချစ်သူ ကျောလေး တွန့် သွား၏ ။
”ဟယ် ... သေတော့ မသေနဲ့ လေ ၊ မြင့်စန်းရီ က သရဲ ကြောက်တာ ”
“ အဲဒါဆို ကျွန်တော် နဲ့ လိုက်ခဲ့ပါလား မြင့်စန်းရီ ၊ နောက် မဟုတ်ရင် ကျွန်တော် သေ မှာ ၊ သေ ရင် သရဲ ဖြစ်ပြီး မြင့်စန်းရီ ကို လာ ခြောက်မှာ ”
ချစ်သူ ခန္ဓာကိုယ်လေး တုန်တက် သွား၏ ။ ကိုယ် မစွမ်းတော့ သရဲ နဲ့ သာ ဖြဲ ခြောက် လိုက်ရသည် ။ ချစ်သူ က ကျွန်တော့် မျက်နှာ ပြန် ကြည့်သည် ။ ကျွန်တော် ကလည်း တကယ် လုပ်မည့် ရုပ် ဖမ်းထားရ၏ ။
“ လိုက်ခဲ့ပါနော် ”
ချစ်သူ ထံ မှ သက်ပြင်း ချသံ တိုးတိုး ကြား ရသည် ။ ထို့နောက် တွင် တော့ ...
သရဲ ကြောက်၍ ပဲ ဖြစ်ဖြစ် ၊ ကျွန်တော့် ကို ချစ်၍ ပဲ ဖြစ်ဖြစ် မြင့်စန်းရီ မှာ ကျွန်တော့် နောက် ကောက်ကောက် ပါ လာ၏ ။ ကောက်ကောက် ပါ ကာ မှ တကယ့် ကောက်ကောက်ကြီး ။ ခြေသလုံး က အရိုး အက် နေသည်မို့ ဖြောင့်ဖြောင့် နေလို့ မရဘဲ ကောက်ကောက်ကြီး ပါလာ၏ ။
“ ဟာ ”
ချစ်သူ ၏ အော်ငြီးသံ ။
“ ဘာ... ဘာဖြစ်လို့လဲ မြင့်စန်းရီ ”
“ ခြေထောက် ... ခြေထောက် ... အား ”
ချစ်သူ ၏ မျက်နှာ မှာ ရှုံ့မဲ့ နေ၏ ။
မှန်ပေသည် ။ ဆေးရုံ မှ ဈေးနား ရောက် အောင်နှင့် လူ မမြင် အောင် အမြန် သုတ်လာရသည် မို့ နဂို ရှိရင်းစွဲ ခြေနာ က ပို နာ လာမှာ သေချာ၏ ။
ဆေးရုံ နှင့် ခပ်လှမ်းလှမ်း ဈေး အနီး မှာ မို့ ဖြတ်သွား ဖြတ်လာ များ က ကျွန်တော်တို့ ကို အထူးအဆန်း သဖွယ် ကြည့် ကြသည် ။
“ ဆက် လျှောက် နိုင်သေးလား မြင့်စန်းရီ ”
“ အား ... နာတယ် ... နာတယ် ၊ နား မှ ဖြစ်မယ် ထင်တယ် ”
နှစ်ယောက်လုံး ပေါင်းမှ နှစ်ချောင်း ထဲ ကောင်းတာမို့ မနားလို့ မဖြစ် ။
“ ဒါဆို ဒီ အရိပ်နား ခဏ ထိုင်ရအောင် ”
“ ဟုတ်ကဲ့ ... အား ... ကျွတ် ကျွတ် ”
ချစ်သူ က ကောက်ကောက်ကြီး ရွေ့ လာ၏ ။ ဈေး ၏ အရိပ်ကလေး ကျရာ နေရာ ၌ နှစ်ယောက်သား ဆောင့်ကြောင့် ထိုင် လိုက်ကြ သည် ။ ချစ်သူ ကို ကြည့်တော့ လွန်စွာ နာကျင်ဟန်နှ င့် ရှုံ့မဲ့ နေသည် ။ နဖူး မှ ချွေးစီးလေး တွေ သီး လို့ ။
အခုမှ ပဲ ပြန် စဉ်းစား မိသည် ။ ကိုယ့် မှာ တော့ ကိလေသာဇော တိုက် ၍ သာ ခိုးလာရတာ အမှန်တော့ သူ လည်း ခြေ မမြောက် နိုင် ။ ကိုယ် လည်း ခြေ မမြောက်နိုင် မို့ ဘာမှ အလုပ် ဖြစ်မည် မဟုတ် ။
ဪ ... တလွဲ တွေးပြန်ပြီ ။ ကျွန်တော် ဆိုလိုတာက သူ လည်း ခြေထောက် မကောင်း ၊ ကိုယ် က လည်း ကျိုး ထား သည် မို့ ထမင်းဟင်း ထ ချက်ဖို့ က လည်း မလွယ် ။ ဆိုက်ကား နင်းဖို့ က လည်း မဖြစ် ။ ကဲ ဘယ်လို လုပ်ကြ မတုန်း ။ အခု ခေတ် က ခြေမြှောက် နိုင်မှ အလုပ် ဖြစ်တဲ့ ခေတ် ။ ဟုတ်တယ်လေ လေဖြတ် နေတဲ့ သူတွေ ဘယ်သူတွေ များ အလုပ်ဖြစ် လို့ လဲ ။ ဒါကို ပြောတာ ။
“ နေသာရဲ့လား မြင့်စန်းရီ ”
“ ရ ... ရပါတယ် ”
ရပါတယ် သာ ဆိုတယ် မျက်နှာ က သိပ် ရပုံ မပေါ် ။ အတော် များ နာနေလေ သလား မသိ ။ ဖြတ်သွား ဖြတ်လာများ က ကျွန်တော် တို့ ကို ကွက်ကြည့် ကွက်ကြည့် လုပ် သွားကြသည် ။ သူတို့ ကို လိုက်လံ ကြည့် ၎င်း ခရီး ဆက် ဖို့က ဘယ်လို ဆက်လုပ်ရမည် မသိ ။ ဖြတ်သွားသော ကားများတော့ တွေ့ပါရဲ့ ။
“ ကားတွေတော့ တွေ့ ပါရဲ့ မြင့်စန်းရီ ၊ ဒါပေမဲ့ ဆေးရုံ က ဆင်းလာတာ ဆိုတော့ ”
“ မြင့်စန်းရီ မှာ တော့ နားကပ်ကလေး ပါတယ် ”
ချစ်သူ က ပြောရင်း ဆိုရင်း ဝတ် ထားသော နားကပ်ကလေး ဖြုတ်ရ န် ပြင်သည် ။ ကျွန်တော် လှမ်း တား ရင်း ...
“ နေ ... နေပါဦး မြင့်စန်းရီ ၊ နားနားနေနေ နေပါဦး ၊ သူ့ အလိုလို အဆင် ပြေ သွားမှာပါ ”
ကျွန်တော် သူ့ ကို နှစ်သိမ့်နေ မိ တုန်း သလိုလို အဆင်ပြေစရာ တစ်ခု အရှေ့ ကျ လာ၏ ။ ကြည့် လိုက်တော့ နှစ်ဆယ်တန် တစ်ရွက် ။
သားသားနားနား လူ တစ်ယောက် က ပစ်ချ သွားခြင်း ပင် ။ ထို နှစ်ဆယ်တန် ကို မြင် တော့ အလိုလို နေရင်း ဒေါသ ထောင်းခနဲ ထွက် သွားပြီး ချက်ချင်း မတ်တပ် ရပ်ကာ ...
“ ဟေ့လူ ... ခင်ဗျား ဘာလုပ်တာလဲ ဗျ ”
နှစ်ဆယ်တန် ပစ်ချသော သူ ခြေလှမ်း ရပ် ပြီး မျက်မှောင် ကျုံ့ ပြန် ကြည့်သည် ။ ပြီးမှ ...
“ ဘာဖြစ်လို့လဲကွ ”
ဇဝေဇဝါ နှင့် သူ့ မျက်နှာ ကို ကြည့် ကာ ကျွန်တော် လည်း စိတ်အချဉ် ပေါက် ကာ ...
“ ခင်ဗျား ဘာလို့ နှစ်ဆယ်တန် ပစ်ချရတာလဲ ၊ အဲဒါကို ပြောစမ်းပါ ”
ဟို လူ ထီမထင် ဟန် နှင့် ဟက်ခနဲ တစ်ချက် ရယ်ပြီး ...
“ မွေပွေး သူတောင်းစား ... တောင်း လည်း စားသေး နှစ်ဆယ်တန် ပေးတာ ကို နာ နေသေး ဟုတ်လား ၊ ဘာလဲ တစ်ထောင်တန် လိုချင်လို့ လား ၊ ကိုယ့်ရုပ် ကိုယ့်ရည်နဲ့ နှစ်ဆယ်တန် ရတာ တောင် ကံကောင်း ”
သူ့ စကား ကြောင့် ကျွန်တော် လည်း ပို၍ ဒေါသ ထွက် သွားပြီး
“ ဘာဗျ ... ခင်ဗျား ကျုပ်တို့ ကို ဘယ်လို အစားမျိုးများ မှတ်နေလဲ ”
“ ဪ ... လမ်းဘေး မှာ ပတ်တီး နဲ့ ထိုင်နေတာကို ဘာလဲ ၊ ငါ က သူဌေးကြီး လို့ခေါ်ပြီး တစ်ထောင်တန် ပေးရမှာလား ၊ တော်ရုံ တန်ရုံ မှန်းစမ်းပါ သူတောင်းစား ရဲ့ ”
“ အာ .. ခင်ဗျား တော့ ”
ဒေါသ ထွက် လွန်း၍ ရှေ့ တိုးမည် ကြံတုန်း မှာ ပင် ချစ်သူ က လက် ကို လှမ်း ဆွဲပြီး ...
“ တော်ပါတော့ စောကြည်ဖြူ ရယ် ၊ ရှင့် မှာ လည်း ပတ်တီး တွေ နဲ့ ကျွန်မ မှာ လည်း ”
ချစ်သူ စကား ကြောင့် ကိုယ့် ကိုယ် ကို ပြန် သုံးသပ် မိသည် ။
“ ရန် မဖြစ်ချင်ပါနဲ့ ကွယ် ”
ထို စကား က ပင် ကျွန်တော့် ကို အရည် ပျော်စေသည် ။
“ တောက် ”
ဘာမှ ပြန်မပြောဘဲ ချစ်သူ နား ဆောင့်ကြောင့် ပြန် ထိုင်လိုက် သည် ။ ဒါကို ဟိုလူကြီး က ...
“ အောင်မာ .. တောက်လေး ဘာလေး နဲ့ သူတောင်းစား ချင်း ပြန် ရွံရတဲ့ရုပ် နဲ့ ကောင်က များ အဆင်မြင့် သူကောင်းစား လုပ်ချင်သေး ၊ အဲဒါဆို လည်း ပန်ကာလေး စားပွဲလေး ပါ ဆင် ထားပါ လား ၊ တစ်ထောင်တန်လေး ပန်းခြင်းလေး ရ အောင် ”
ကျွန်တော် ဒေါသ ထွက် လွန်း၍ မတ်တပ် ပြန် ရပ်ရန် ပြင်သည် ။
“ တော်ပါတော့ ”
ချစ်သူ ၏ စကား တစ်ခွန်း က ကျွန်တော် စိတ် သာ မက ခန္ဓာကိုယ် ကို ပါ အရည်ပျော် ကျ စေ၏ ။ သိပ် မကြာလိုက်ပါ ။ တစ်ယောက် စ ၊ နှစ်ယောက် စ နှင့် ကျွန်တော် တို့ ရှေ့ ငွေစက္ကူများ တဖွေးဖွေး ကျ ရောက်လာသည် ။ ချစ်သူ ကြောင့် လား ။ ကျွန်တော့် ကြောင့် လား ။ ဒါမှမဟုတ် နှစ်ယောက်လုံး ကြောင့် လား မသိ ။ ပြည်သူ လူထု ၏ မေတ္တာ ကို ပထမဆုံး ခံယူဖူးသည် ။
ကျွန်တော် လည်း အနီးအနား က အကြွေများ ကို လိုက် ကောက် လိုက်သည် ။
“ စောကြည်ဖြူ ဘာ လုပ်တာလဲ ”
ချစ်သူ ၏ ဟန့်တားသံ ၊ ကျွန်တော် က
“ တက္ကစီဖိုးလေး စုနေတာပါ ”
“ ရှင်တော့ နော် ”
သူတောင်းစား တက္ကစီ ငှား စီးတာ လူ ကြားလို့ မသင့်တော် လို့ မည်သူက ပြောမည်နည်း ။ ထိုစဉ်မှာ ပင် ...
“ ဟာ ... ကြည့်စမ်း ကြည့်စမ်း ရှာ လိုက်ရတာ ၊ မင်းတို့ က ဒီမှာ အလုပ်ဖြစ် နေတာပေါ့ လေ ”
အသံ လာရာ ကြည့် လိုက်တော့ ...
“ ဦးအောင်မော် ”
ထိပ်ပြောင်ကြီး ဦးအောင်မော် ၊ ဦးအောင်မော် က သူ့ နဖူး ပြောင်ပြောင် ကို တဖြတ်ဖြတ် ရိုက်ကာ ...
“ မြင့်စန်းရီ တစ်ယောက် ဆေးရုံ က ပျောက် သွားလို့ လူ့ဘုံ ကို စိတ် ကုန်ပြီး တရားစခန်းများ ရောက် နေသလား လို့ အခုတော့ ကြည့် စမ်း ”
ဦးအောင်မော် က လက်ညှိုး ငေါက်ငေါက် ထိုးပြီး မညှာမတာ ပြော သည် ။ ချစ်သူမျက်နှာ က အပျက်ပျက် အယွင်းယွင်း ။ ကျွန်တော် လည်း မနေနိုင်တော့ ဘဲ ...
“ ဒီမှာ ဦးအောင်မော် ခင်ဗျား အဲသည်လို တော့ မပြောပါ နဲ့ဗျာ ”
ဦးအောင်မော် ၏ မျက်နှာ ခပ်တည်တည် နှင့် ပြန် လှည့်လာပြီး
“ ဟေ့ကောင် ... မင်း နဲ့ မဆိုင်တဲ့ ကိစ္စ မင်း ဝင် မပါနဲ့ ”
ဟု ဆိုကာ မြင့်စန်းရီ ဖက် ပြန် လှည့်ပြီး ...
“ လာပါ ... မြင့်စန်းရီ ၊ ဦးလေး လည်း စိတ်ပူ နေရှာတယ် ၊ ဦးမော် နဲ့ အတူ ပြန် လိုက်ခဲ့ပါ ”
သူ့ စကား ကို ချစ်သူ က ...
“ ဟင့်အင်း ... ဟင့်အင်း ... မလိုက်ဘူး ၊ မလိုက်ဘူး ၊ ကျွန်မ စောကြည်ဖြူ နဲ့ ပဲ နေခဲ့မယ် ”
“ အဲဒီလို နေခဲ့လို့ ဘယ် ရမှာလဲ မြင့်စန်းရီ ၊ တော်ကြာ ဦးလေး စိတ်ဆိုး နေမှ ဖြင့် ”
“ ဟင့်အင်း .. ဟင့်အင်း အဖေ့ ကို လည်း ပြန် မပြောပါနဲ့ ၊ မြင့်စန်းရီ သူ နဲ့ ပဲ နေခဲ့ပါ့မယ် ၊ တောင်းပန်ပါတယ် သရဲ ကြောက်လို့ ပါ ”
“ အာ ... ဘာ ကြောက်စရာ ရှိလဲ ၊ ဦးမော် တစ်ယောက်လုံး ရှိတဲ့ ဟာ ကို ”
“ မလိုက်ချင်ပါဘူး ဆို ”
ခေါ်သူ က လည်း အတင်း ခေါ်နေသည် ။ ငြင်းသူ က လည်း အတင်း ငြင်း၏ ။ ကြား က ကျွန်တော် မနေနိုင်တော့ ဘဲ ...
“ ဒီမှာ မြင့်စန်းရီ မှ မလိုက်ချင်ဘဲ ဘာလို့ အတင်းကြီး လုပ်နေတာလဲ ”
“ မင်း အေးဆေး နေပါကွာ ၊ မင်း ဘာသာ မင်း တောင်းစရာ ရှိ တာ ဆက် တောင်း ၊ လာပါ မြင့်စန်းရီ ၊ အိမ် ပြန်ရအောင် ပါ ”
သူ့ စကား ကြောင့် ကျွန်တော် လည်း နဂို အခံ ရှိသူမို့ တင်း သွားပြီး ...
“ ဟေ့လူ ... ကျုပ် က သူတောင်းစား မဟုတ်ဘူးဗျ ၊ ခင်ဗျား သိတယ် ၊ အဲသည်လို တော့ မနှိပ်ပါ နဲ့ ”
ကျွန်တော့် အဖြေ ကို ဦးအောင်မော် က ဂရု မစိုက်ဟန်နှင့် လက်ကာ ပြ ကာ ...
“ အေးပါ .. မင်း ဘာသာ မင်း ဘာဖြစ်ဖြစ် ၊ ဒါ မင်း စီးပွားရေး ပဲ ၊ ခေါင်းစဉ် ဘယ်လို တပ်တပ် ရတယ် ၊ ဒီမှာ ငါတို့ အလုပ် ငါတို့ လုပ်မယ် ”
“ ဟေ့လူ ... ကျုပ် တောင်းစား နေတာ မဟုတ်ဘူးဗျ ”
ကျွန်တော့် ရဲ့ အာခေါင်ခြစ် အော်သံ ၊ ဦးအောင်မော် မျက်မှောင် ကျုံ့ ၍ ငြိမ် သွားသည် ။ နောက် ကျွန်တော့် ဖက် ဒေါသတကြီး လှည့်၍
“ မင်း က တောင်းစား နေတာ မဟုတ်ဘူး ဟုတ်လား ”
“ ဟုတ်တယ်ဗျ ”
“ ဒါဆို ဟောဒီ ... ဟောဒီ ပိုက်ဆံတွေ က မင်း ရှေ့ ဘာလို့ ရောက် နေတာလဲ ၊ ဟောဒီ ... ဟောဒီ ပိုက်ဆံတွေ က မင်း ဘာလို့ ကိုင် ထားတာလဲ ”
ဆိုကာ ပိုက်ဆံများ ကို လိုက် ကောက်ပြီး ကျွန်တော့် ကို ပြသည် ။
“ ကဲ ... ပြောလေ ၊ ဒီ ပိုက်ဆံတွေ က ဘာ လုပ်တာလဲ ”
ဦးအောင်မော် က ပိုက်ဆံများ ကို ကိုင် ပြီး ပြသည် ။ ထိုတော့ မှ ကျွန်တော် လည်း ...
“ လာကြပါဦး ခင်ဗျာ ဒီမှာ ကျွန်တော် တို့ ပိုက်ဆံ လု နေလို့ ”
“ ဟင် ”
ကျွန်တော့် အော်သံ ကြောင့် ဦးအောင်မော် မျက်လုံး ပြူး သွား သည် ။ အတွေ့အကြုံ က ဤ နေရာ တွင် တော့ စကား ပြောပြီ ။
“ ဟောဒီမှာ လုပ်ကြပါဦး ဗျ ၊ ဒီ လူကြီး ကျွန်တော်တို့ ပိုက်ဆံ လာ လု နေလို့ပါဗျ ”
“ ဟင် ... ဟင် မအော်နဲ့ လေ ၊ မအော်နဲ့ ”
ဦးအောင်မော် ပိုက်ဆံများ ကိုင်ပြီး ဘာ လုပ်ရမှန်း မသိတော့ ။ ချစ်သူ က ပင် ကျွန်တော့် ကို ကြောင်ငေး ကြည့်နေသည် ။
“ ဟောဒီမှာ ပါ ဗျ ၊ ကျွန်တော်တို့ ပိုက်ဆံတွေ လာ လုနေလို့ပါဗျ ”
“ ဟေ့ ... ဟေ့ကောင် မအော်နဲ့ လေ ၊ မအော်နဲ့လေ ကွာ ”
“ ဟောဒီမှာပါ ဗျာ ၊ ဟောဒီ လူကြီး ပါ ”
ကျွန်တော့် အော်သံ ကြောင့် လူများ ချက်ချင်း ဝိုင်းအုံ လာ၏ ။
“ ဘာဖြစ်တာလဲကွ ... ဘာဖြစ်ကြတာလဲ ”
“ ဟောဒီ လူ ၊ ဟောဒီ လူ သားတို့ ပိုက်ဆံ လု နေလို့ ”
ကျောက်ပတ်တီး စည်း ထားသည့် လက် က အသုံးဝင် ပြီ ၊ ထို လက်ဖုဖုကြီး နဲ့ လက်ညှိုး ထိုး ရတာက လူတွေ ၏ ကရုဏာ ကို ရစေ၏ ။
“ ဟင် ... တောင်းစားတဲ့ လူ ဆီ က ပိုက်ဆံ ပြန် လုလို့ ”
“ ဪ ... ရုပ် ကြည့်တော့ လူကြီးလူကောင်း လို နဲ့ ထိပ်ပြောင်ကြီး ၊ ဒီမှာ မိုက်ကြေး လာ ခွဲနေတာ ပေါ့လေ ဟုတ်လား ”
“ ဒီလောက် အရှက် မရှိတဲ့ လူကြီး ချကွာ ”
“ ဟုတ်တယ် ၊ ဖဲ့ပစ်ကွ ”
လူတွေ ရဲ့ အာရုံ က ဦးအောင်မော် ဆီ ပြုံ ကျ နေ၏ ။ ဦးအောင်မော် ပိုက်ဆံကလေးများ ကျစ်ကျစ် ပါ အောင် ဆုပ် ထားပြီး ဘာ လုပ်ရမှန်း မသိ ။
“ မဟုတ် ... မဟုတ် ... ကျွန်တော် ရှင်းပြ ”
ရှင်းပြချိန် မရလိုက်တော့ ။ လူ အများ ၏ ဒေါသ သူ့ ဆီ စုပြုံ ကျ သွားလေပြီ ။
“ တောက် ... ပတ်တီး မပါ ၊ ဘာ မပါ နဲ့ လူနာ လုပ်ချင်တဲ့ ကောင် နွှာစမ်း ”
အားလုံးက ဦးအောင်မော် ကို အရေခွံ ဝိုင်း စုတ် နေကြသည် ။ ထိုတော့မှ ကျွန်တော် လည်း မြင့်စန်းရီ လက် ကို ဆွဲ ကာ ..
“ လာ ... လာ မြင့်စန်းရီ အခွင့်အခါ သင့်တုန်း ပြေးရအောင် ”
ဟု ဆို၍ လူအုပ် ကြား မှ တိုး အထွက် အရှေ့တည့်တည့် ကား တစ်စီး ထိုး ရပ် ကာ ..
“ သမီး မြင့်စန်းရီ ”
“ ဖေဖေ ”
မြင့်စန်းရီ ၏ ဖခင် အရင်းကြီး ပင် ။
“ မိုက်လိုက်တာ သမီး ရယ် ”
သူ့ ဖခင် ထံ မှ တုန်ယင် ဆို့နင့် သော စကားသံ ၊ ချစ်သူ မျက်ဝန်း မှာ ပါ မျက်ရည်စများ လျှံတက် လာသည် ။
“ ဟုတ်တယ် ... ဦး ၊ ဦးသမီး ဘယ်လောက် မိုက်လဲဆို ကျွန်တော့် မျက်နှာ ကို သာ ကြည့် ပါတော့ ... ဟီး ”
ဦးအောင်မော် လူအုပ် ကြား က ဘယ်လို တိုး ထွက်လာသည် မသိ ။ သူ့ ထိပ်ပြောင်ပြောင် ပေါ် ဒဿဂီရိ လို ခေါင်း ဆယ်လုံးခန့် အပိုဆု နှင့် စုတ်ပြတ်သတ် ပြီး ကား ပေါ်မှောက် ကျသွား၏ ။
“ ပြန် လိုက်ခဲ့ပါ သမီး ရယ် ”
စကားလေး က တစ်ခွန်း ထဲ ပါ ။ သို့သော် ဖခင် ၏ မေတ္တာ စွမ်းအား ကား မည်မျှ ကြီးမားသည် မသိ ။ မြင့်စန်းရီ မျက်နှာ ကို လက် နှင့် အုပ်ပြီး အားရပါးရ ငိုသည် ။ မည်သူမှ ချော့မြှူသူ မရှိ ။ အားရ ပါးရ ငိုစေခြင်း တစ်မျိုး ပင် ။ စကား က နား ထဲ က ဖြတ်သွားရုံ မျှ နှင့် လူ က ယိုင်လဲလု မတတ် ဖြစ် သွားသည် ။ ဒီအတိုင်း ပဲ စွန့်လွှတ် လိုက်ရ တော့ မှာ လား ၊ ကျွန်တော် တို့ တွေ ရဲ့ စွန့်စားခြင်း က ဘာတဲ့ လဲ ။ မေးကြည့်လိုက် ချင် သည် ။
ခဏချင်း အတွင်း ခန္ဓာကိုယ် နှစ်ခု ဝေးကွာ နေပေပြီ ။ ကျွန်တော် လည်း ခံနိုင်စွမ်း မရှိတော့ ။
“ မြင့်စန်းရီ ”
ကား ဆီ လှမ်း နေသော သူမ ခြေလှမ်း ရပ်တန့်သွားသည် ။ ရင် ထဲ က ဖြစ်ပေါ် နေသော ပြောစရာ စကားတွေ တစ်ပုံ တပင် ။ သို့သော် ...
“ သွားတော့နော် ”
စကားလေး တစ်ခွန်း သာ ပြောထွက် ခဲ့ပါသည် ။ ထို စကား သည် ကျွန်တော် ၏ ချစ်ခြင်း သင်္ကေတ ပင် ဖြစ်လိမ့်မည် ။ မည်သူမှ ခေါင်း မညိတ် ခေါင်းမခါ ။ ငြိမ်သက်ခြင်း သာ အဓိက ။ သို့သော် ... ချစ်သူ ကို တင်ဆောင် သွား သော ကားကလေး က ဝူးခနဲ မောင်းထွက် သွားလေပြီ ။
ဟင်းလင်းပွင့် နေပြီ ဖြစ်သော ရင်ဘတ် နှင့် လမ်းဘေး ၌ သာ ဆောင့်ကြောင့် ပြန် ထိုင် နေ လိုက်မိသည် ။မျက်ရည်များ က အတားအဆီးမဲ့ အတားအဆီးမဲ့ စွာ ထိန်းမရ ။
“ အဟင့် ... အဟင့် ... ဟီး ”
သက်သာလို သက်သာငြား အသံထွက် ငိုချ လိုက်သည် ။ ဖြတ်သွားဖြတ်လာများ ကွက်ကြည့် ကွက်ကြည့် ။ မတတ်နိုင် တော့ ။ အလွမ်း တွေ ရင် ထဲ သိမ်း မထား နိုင်တော့ ။
“ ဟီး ”
အချစ် ကြောင့် ဖြစ်ပေါ် လာသော လွမ်းဆွတ်မှုများ ကို ဘယ်မှာ သိမ်းဆည်း လို့ ရနိုင်မှာလဲ မြင့်စန်းရီ ။ ထာဝရ ခွဲခွာခြင်းနှင့် အသား မကျသေး သူ တစ်ယောက် ဟာ ခံစားချက် ကို ဘယ်လို မျိုသိပ် နိုင်မှာလဲ ။
“ အား ... ဟား .. ဟား ... ဟီး ”
ကရုဏာတွေ ကြွေကျတတ်ပါလား ။ အရှေ့ မှာ တော့ ပိုက်ဆံများ ပြန့်ကျဲ နေလေပြီ ။
“ အဟစ် ... အဟစ် ... ဟီး ”
မျက်ရည် ဖြင့် လူတို့ ရဲ့ မေတ္တာ ကို ခြွေယူလို့ ရသလား မြင့်စန်း ရီ ။ ဒါဆို ကျွန်တော် မြင့်စန်းရီ ကို အလွယ်တကူ ခြွေ ယူချင်ရဲ့ ။
“ ဟီး ... ရီး ... အုအု ... အား ... ဟီး ”
မျက်ရည်လက်နက် သည် လူ အတော်များများ ၏ စိတ်နှလုံး ကို နူးညံ့ပါစေ သလား ။ အရင် က သေချာ မသိခဲ့ ။ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ တွင်တော့ မျက်ရည် က လက်နက် ။ မျက်ရည် က အစားအစာ ။
အခုတော့ အရှေ့ မှာ ပိုက်ဆံ က အပုံလိုက် ။ ချစ်သူ ကို လွမ်း သည့် စိတ် နှင့် ငိုနေသော် ငြား ပိုက်ဆံ က ရနေတော့ စိတ် ထဲ က ပျော် လာ သလို ။ ပို၍ ရလို ရငြား အသံကုန် ခြစ်၍ ငို လိုက်မိသည် ။
“ အောင်မယ်လေး ဗျ ... ကယ်ပါ ။ ကယ်ပါ ”
ပိုက်ဆံများ က ကျဲနေသည့် အလား ပလူပျံ ကျ လာ၏ ။ ရုပ်ခံ က ပဲ ကောင်း၍ လား ။ သရုပ်ဆောင် ကပဲ ကောင်း၍ လား မသိ ၊ ပိုက်ဆံ က အတော် ရ နေပြီ ။ အတော် ထော နေပြီ ။ သို့သော် မကျေနပ်နိုင်သေး ။
“ အား ... ဟား ... ဟား လုပ်ကြပါ ၊ ကယ်ပါ ... ကယ်ပါ ”
ကြာ လာတော့ ချစ်သူ ကို လည်း မေ့ ။ လွမ်းတာ လည်း မေ့ပြီး ငိုတာ ကို ပိုက်ဆံ ရနေတော့ ငိုရတာ ကို ပဲ ပျော်လာ သလို ။ ပိုက်ဆံ ပုံ ကြည့် လိုက် ၊ လို သေးရင် ထပ်ငိုလိုက် နှင့် ကိုယ့် ဘဝ ကိုယ် ပျော်လာသည် ။
“ လုပ်ကြပါဦး ဗျ ... အဖေတို့ အမေတို့ ရဲ့ ၊ သား သား ဘဝမှာ လေ ”
လုပ်ရင်း လုပ်ရင်း နှင့် ပရော်ဖက်ရှင်နယ်သံ ထွက် လာပြီ ။
“ အင်မတန် ကံ ဆိုးလွန်း လို့ လက်တစ်ဖက် ခြေတစ်ဖက် ”
အမှန်တော့ လွမ်း ရတာ အင်မတန် ပျော်စရာ ကောင်းပါ သည် ။ ပိုက်ဆံ ရ၍ ပျော်နေတာ ကိုး ။
လူတိုင်း ကိုယ့် ဘဝ ရှိ သလောက် သာ ။
“ အောင်မလေး အမေ ရဲ့ ”
ဤ အစီအစဉ် ကို လမ်းစရိတ် လိုတို င်း လုပ်မိ နေမလား မသိ ။
ပျော်လိုက်တာ မှ လက်ကုန် ။
🚩 လေးစားစွာ ကြိုးစားလျက်
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment