Monday, May 13, 2024

ဘဲတော


 

❝ ဘဲတော ❞

သူ့ အမည် က ဘဲတော ။ သူ က လူရွှင်တော် ။ ဖျော်ဖြေ ကပြ ရင် တစ်ည ကို ညကြေး ကျပ်တစ်သိန်း ရတယ် ၊ အသုံးငွေ ကြိုပေးတာ သိန်းတစ်ရာ ရတယ် ။ သဘင်လောက မှာ ထိပ်တန်း ဝင်ငွေ ရသူပါ ။ ဘာကြောင့် ဘဲတော ခေါ်တာလဲ မေး တော့ သူ က လူရွှင်တော် ပီပီ ဇာတ်သံ နှော ပြီး ပြန် ပြောတယ် ။

“ ဘာကြောင့် ဘဲတော ခေါ်တာလဲ ဆိုတော့ အစ်ကို က ကြက်တော မို့ ကျွန်တော် က ဘဲတော ၊ အဖေ က ဦးဆင် ၊ အမေ က ဒေါ်ဆိတ် ၊ အဘိုး က ဦးနွား ၊ အဘွား က ဒေါ်ခွေး ၊ နှမလေး ရှိတာ တောင် ခုတော့ ကြက်မ ဖြစ်နေပြီ ”

သူ က ရယ်တယ် ။ ပြီးတော့ ဒါက ပြက်လုံး ပေါ့ လို့ ပြောပါတယ် ။ ဘဲတော ဆိုတဲ့ နာမည် နဲ့ ပတ်သက်ပြီး မြင်းခြံ ၊ နွားထိုးကြီး ၊ ဝက်လက် ၊ ကျွဲဆည်ကန် ၊ လင်းမြွေချောင်း ၊ ဥဒေါင်း ၊ စွန်ရဲ ၊ ဆင်ပေါင်ဝဲ စတဲ့ တိရစ္ဆာန် အမည် ပါတဲ့ မြို့ရွာတွေ နဲ့ ဆက်စပ်တဲ့ ပြက်လုံး တစ်ခု လည်း ပြောပြလို့ ရယ်ရသေးတယ် ။

မကြာခင် ရက်ပိုင်း က ရန်ကုန် အမျိုးသား ကဇာတ်ရုံ မှာ ကပြတဲ့ သီးလေးသီး မွေးနေ့ မှာ သပြေဂျာအေး ၊ ဂွတ်ရှယ် တို့ နဲ့ အတူ ကတဲ့ အကြောင်း ပြန် ပြောတယ် ။

“ ကိုဇာဂနာ က ပြက်လုံးလေး ဆန်းချင်တယ် တဲ့ ၊ ကျွန်တော် နေတာ က ( မန္တလေး ) ၊ မြရည်နန္ဒာမြို့သစ် ၊ ကျွန်တော် လူရွှင်တော် လုပ်အားခလေး နဲ့ ဝယ် ထားတဲ့ မြေလေး စည်ပင် က ဘူဒိုဇာ နဲ့ ထိုးတာ ကို ခံ ရတော့ ရင် ထဲ မကောင်းဘူး ၊ ဒါနဲ့ ရွှေမန်းတင်မောင် ရဲ့ ရွဲကုန်သည် ကို ယူပြီး ဆေးကုန်သည် လို့ လုပ်တယ် ။ ကျွန်တော် က အနောက်တိုင်း ဆေးဆရာဝန် ပေါ့ ”

ကိုဘဲတော က ဇာတ်ရုံ ပေါ် မှာ ကပြ သလို ထိုင်နေလျက် က ဟန်နဲ့ ပန်နဲ့ အသံနေ အသံထား နဲ့ ပြောပြတယ် ။

“ ဆရာဝန် လာပြီ ခင်ဗျ ။ ခင်နှမတို့ ကုသဖို့ရာ ၊ ဟိုနား က အစ်မကြီး တွေ ရယ် ဆရာဝန် ကို ခေါ်သလား ၊ ခေါ်ရင် လာမယ် လာမယ် ၊ ထိုးမယ် ထိုးမယ် ”

သူ က ဆေးထိုး သလို ဟန် လုပ်ပြတယ် ။

“ မိုးရေ ထိုးလို့ ... ငွေ ကို ယူမယ် ၊ ဈေးတော့ မဆစ်နဲ့ ကွယ် ၊ ကျုပ် က တော့ လေ ... လက် မှာ အပ် ၊ နား မှာ နားကြပ် ၊ ငွေများများ ရဖို့လေ ကျေနပ်တယ် ၊ ဒါမှသာ .. ဒါမှသာ .. ဒါမှသာ .. တိုက်ဝယ်ရေး ... ကားဝယ်ရေး ... အလစ် မပေး မှ ဒေါ်လာသူဌေးကြီး ဖြစ်မှာ အမှန် ၊ ဆရာဝန် ၊ ဆရာဝန် ”

ရွှေမန်းဦးတင်မောင် ရဲ့ ဆိုပုံ အသံနေ အသံထား ကို စာသား ပြောင်းပြီး သူ က ဆိုပြတယ် ။ ရွဲကုန်သည် ဇာတ်လမ်း အတိုင်းပါပဲ ။ အမျိုးသမီး တစ်ယောက် က ဆရာဝန် ကို ခေါ်တယ် ။ ပိုက်ဆံ မရှိတော့ ဘိုးဘွား အစဉ်အဆက် က ထားခဲ့တဲ့ မြေကွက် ဂရန် စာရွက်လေး ထုတ်ပေးတယ် ။

ကိုဘဲတော က ပြော ရင်း ပြုံးပြုံးကြီး ဖြစ်လာတယ် ။

ဂရန်စာရွက် ကို ကြည့်ပြီး ၊ “ ဓာတ်ဆီဆိုင် ဖွင့် ပစ်လိုက်မယ် ။ ကေတီဗွီ ဖွင့် ပစ်မယ် ။ စားသောက်ဆိုင် ဖွင့် ပစ်မယ် ။ ဒီမြေကြီး ကို အလကား ရအောင် ကြံစမ်း ၊ ကြံစမ်း ” ဆိုပြီး တော့ “ ဟဲ့ ကောင်မလေး ၊ ဒါက ဂရုအတန် ” “ ကျွန်မကို ကရုဏာ နဲ့ ပြောတာလား မောင်ကြီး ရယ် ... ” ဂရုအတန် ဆိုတာ ဂရန်အတု ကို ပြောတာ ၊ စာရွက်ကြီး နဲ့ မျက်နှာကို ပေါက်ပြီး ထွက် သွားတယ် ”

သူ က စာရွက် နဲ့ မျက်နှာ ကို ပေါက်တဲ့ ဟန် လုပ်ပြတယ် ။

“ ကျွန်တော် က အဝတ်အစား တစ်မျိုး လဲ ၊ ခုနက ဘောင်းဘီရှည် နဲ့ ၊ ခုတော့ ပုဆိုး နဲ့ တိုက်ပုံ နဲ့ ၊ တိုင်းရင်းဆေးသမားတော် ပေါ့ ။ တိုင်းရင်းဆေး ဟာ အစွမ်းထက် တာ ။ တစ်ခါတည်း နဲ့ ပျောက် သွားမှာ ။ ကုကြဖို့ အများ ... ကုကြဖို့ အများ .. ကုသပေးမှာ ... ၊ ကျွန်တော် က သီချင်းလေး ဆိုပြီး ထွက်လာတော့ လူရွှင်တော် ဂွတ်ရှယ် က ကျွန်တော့် လက်ညှိုး ထိုးပြီး ဩော် ... ခုနက လည်း မင်း ၊ အခုလည်း မင်း ပဲ ၊ မင်း တစ်ယောက် တည်း ကို အမျိုးမျိုး ပြောင်း လုပ် နေတာပါလား လို့ ပြော လိုက်တော့ အမျိုးသား ကဇာတ်ရုံကြီး တစ်ခုလုံး လက်ခုပ်တွေ တီးလိုက် ကြတာ ... ”

ပြောရင်း ပြုံး နေတဲ့ ကိုဘဲတော ရဲ့ မျက်နှာ ပေါ် မှာ ကျေနပ် အားရတဲ့ ပုံ က သိသိသာသာ ။

“ မင်း နဲ့ ငါ နဲ့ နှစ်ယောက် တည်း ရှိတာ ၊ မင်း မလုပ် ငါ လုပ် ၊ ငါ မလုပ် မင်း လုပ် ဆိုတော့ သဘော ပေါက်ပြီး လက်ခုပ်တွေ တီးကြပြန်ရော ”

ပြီးတော့ ကိုဘဲတော က သူတို့ ကပြခဲ့ပုံ ကို ဆက် ပြောတယ် ။

“ တိုင်းရင်းဆေး ဆိုတာ တကယ် အစွမ်းထက်တာမို့ မအိပ်သော ကင်းတဲ က ငွေ တစ်ကျပ် ၊ ခရာမမှုတ်သော မော်တော်ပီကယ် ဆီ က ငွေ တစ်ကျပ် ၊ မော်တော်ပီကယ် ဆိုတာ ခရာမှုတ် မှ ဟိုဟာ ရမှာပေါ့ ၊ ဒစ်စဝိုင်း ဒစ်စဝိုင်း ၊ မီး မပျက်သော မြို့ က ငွေ တစ်ကျပ် ၊ ရေ အမြဲ မှန်မှန် လာတဲ့ ရပ်ကွက် က ငွေ တစ်ကျပ် ပေးရမယ် ဆိုတော့ မြေဂရန်လေး ထုတ် ပေးတယ် ”

ဇာတ်လမ်း အရ မြေဂရန် ကို မယူဘဲ မြေ ကို တန်ဖိုး ထားဖို့ ၊ ဆန်ရေစပါး ၊ ပေါများအောင် စိုက်ပျိုးဖို့ ပြောပေမယ့် မြေဂရန်ကို ပဲ ယူသွားဖို့ ပြောပြီး ပေးတာကို သူ ဆက် ပြောတယ် ။

ကျွန်တော် အဝတ်အစား တစ်ခါ ပြန် လဲ ပြီး လည်း ထွက်သွား ရော .. လက်ခုပ်တွေ တီး လိုက်ကြတာ ၊ ကျွန်တော် ကြည်နူးတာပေါ့ ”

မြေဂရန် တိုင်းရင်းဆေး သမားတော် ကို ပေးလိုက်ပြီ ဆိုတာ သိတော့ လောဘကြီး တဲ့ ဆေးကုန်သည် စိတ် ဖောက်ပြန် ရူးသွားပြီး မြေကွက် ကို ... မြေကွက် ကို ယူလို့သွား ဆိုတဲ့ သီချင်း စာသား ၊ ပေးပေး ပေးပေး ... ငါ့ မြေကွက် ပေး ဆိုတဲ့ စာသား ၊ ကံခေလို့ ဆိုးချင်တော့ မြေကွက် ကို ညာပြီး ယူသွားပြီ ဆိုတဲ့ စာသားတွေ ကို ရွှေမန်းဦးတင်မောင် ရဲ့ ရွဲကုန်သည် အသံမျိုး နဲ့ ဆိုတဲ့ အခါ မြေ နဲ့ ပတ်သက်တဲ့ ရင်တွင်း ခံစားချက်တွေ ကိုယ်စီ ရှိ နေကြတော့ အားရပါးရ လက်ခုပ် သြဘာ ပေးကြပုံတွေ ကို သူ က ဆက် ပြောပြတယ် ။

ကျွန်တော် က သူ့ သဘင်မျိုးရိုး အကြောင်း မေးခွန်း ထုတ်ပါတယ် ။

“ အဘိုး က မြို့တော်သိန်းအောင် ဇာတ် မှာ လူရွှင်တော်ကြီး ဦးစိန်မောင်း ၊ အဖေကြီး က မွေးတဲ့ သမီး ၊ ကျွန်တော့် အမေ က မင်းသမီး ဒေါ်သောင်းကြည် ၊ ကျွန်တော့် ဦးလေး က ကိုကြက်တော ၊ လူရွှင်တော်ကြက်တော ရဲ့ တူ ၊ လူရွှင်တော် မျိုးရိုး ပဲ ၊ ဘဲတော လို့ နာမည်ပေး လိုက်ကြတာ ”

သူ့ ဖခင် က ဇာတ် ထဲ မှာ မီးစက်မောင်းတာ ၊ အမေ က မင်းသမီး ၊ ဇာတ် ထဲ မှာ ကြီးပြင်း ခဲ့ရတဲ့ သူ့ ဘဝ ကို မေးတယ် ။

“ ကျွန်တော် ငယ်စဉ် က အငြိမ့်တွေ ၊ ဇာတ်တွေ လည်း လိုက်ကြည့်တယ် ။ ဇာတ် ထဲ မှာ နေတာ ဆိုတော့ အိပ်ရင်း လည်း လူရွှင်တော်တွေ ရဲ့ ပြက်လုံးတွေ က နား ထဲ အမြဲ ဝင်နေတာ ၊ ဇာတ် နဲ့ လိုက်ရင်း အဖေ က ကျွန်တော့် ကို မိုးပျံ ပူစီဖောင်း ရောင်း ခိုင်းတယ် ။ ပွဲ တစ်ပွဲ မှာ ပူဖောင်း လည် ရောင်းရင်း ပူဖောင်း ဝယ်တဲ့ ကလေး က သူ ဝယ်တဲ့ အနီရောင်လေး ကို ကြိုး ရှည်အောင် ဆက် ပေးပါတဲ့ ။ ကျွန်တော် က လက် ထဲ ကိုင် ထားတဲ့ မိုးပျံပူဖောင်း တစ်ပြုံလုံးကြီး ကို လက် က လွှတ် လိုက်ပြီး ကလေး ဝယ် ထားတဲ့ အနီရောင်လေး ကို လွယ်အိတ် ထဲ က အပ်ချည်လုံး ထုတ်ပြီး ကြိုး ဆက် ပေးတာ ။ မကျွမ်းကျင်တာပေါ့ နော် ၊ မော့ ကြည့် လိုက်တော့ ကျွန်တော့် ပူဖောင်းတွေ က တစ်ပြုံလုံး ပျံတက် သွားတာ ။ ခုတော့ ရယ်စရာ ၊ ငယ်တုန်း က တော့ အဖေ ရိုက် လို့ ငိုရတာပေါ့ ”

“ ခု ရယ် နိုင်တာ လည်း ကောင်းပါတယ် ”

“ အဖေ က မင်း စာကလေးခွေ ရောင်းတဲ့ ၊ အထက်တန်းကျောင်း သွား ရောင်းတာ ။ ကျွန်တော် က ပန်းတွေ ဘာတွေ သဘောကျ လို့ စာကလေးခွေ တောင်း ကို ခဏ ချပြီး သစ်ပင်ပေါ် တက် ခရေပန်းခူးတာ ။ သစ်ပင် ပေါ် က လိမ့်ကျ တာ ။ ကိုယ့် တောင်း ပေါ် တည့်တည့် ကျတယ် ။ ကြေ ကုန်ရော ၊ ကျွန်တော် က ကမောက်ကမ တော်တော် ဖြစ်တာ ။ လူရွှင်တော် ဖြစ်ဖို့ ဇာတာ ပါတယ် ထင်ပါရဲ့ ”

သူ က ပြောရင်း ရယ်တယ် ။

“ ပွဲ က ပြီးလို့ နေ့ခင်းပိုင်း ဆို ဇာတ်ရုံ ထဲ မှာ ကျွန်တော် ပလတ်စတစ် လှည့် ကောက်တယ် ။ အချို့က လည်း ပိုက်ဆံ ငါးမူးတစ်မတ် ကျခဲ့တာ တွေ့ ရင် လည်း ကောက်ပြီး အမေ့ ကို အပ်တယ် ။ ငယ်ငယ် က ဇာတ် ထဲ မှာ နေဖန် များတော့ လူရွှင်တော်ကြီးတွေ ပြက် တဲ့ ပြက်လုံးတွေ ကို နားရည်ဝ တယ် ။ အသက် ဆယ်နှစ် လောက် မှာ ဦးလေး နဲ့ အတူ ကြက်တော - ဘဲတော ဆိုပြီး မြဝင်းအောင် ဇာတ် ထဲ မှာ လူရွှင်တော် စ ကတယ် ”

ဆယ်နှစ် မှာ ဇာတ်စင် ပေါ် သူ တက်တယ် ဆိုတော့ သူ့ ကျောင်း ပညာရေး ကို ကျွန်တော် မေးတယ် ။

“ ကျောင်းစာ လည်း မကျက်အား တော့ သုံးတန်း နဲ့ ကျောင်းထွက် လိုက် တော့တယ် ။ လူရွှင်တော် လုပ်မယ် ဆိုရင် စာပေ မတတ် လို့တော့ မဖြစ်ဘူး ဆိုပြီး ကျွန်တော့် အသက် ၁၅ နှစ် လောက် မှာ စစ်ကိုင်း က ဇောတိကာရုံ ဘုန်းတော် ကြီးကျောင်း ကို လူကြီးတွေ က ပို့ပြီး နှစ်နှစ် လောက် စာပေ ပြန်သင်တယ် ၊ စာပေ တတ် လာမှ ကျွန်တော့် ကို ဆိုင်းလောက ထဲ ခေါ်တာ ”

“ ဘာကြောင့် ဇာတ် ထဲ မလိုက်ဘဲ ဆိုင်းလောက ကို ဝင်တာလဲ ”

“ ဇာတ် မှာ လူ များတယ် ၊ ဆိုင်း မှာ က နှစ်ယောက် တည်း ၊ စာပေ ကျမ်းဂန် တတ်ရင် ဆိုင်းလောက က သုံးတယ် ဆိုပြီး စိန်သောင်းဆိုင်း ထဲ ထည့် ပေး တယ် ၊ ကိုစိန်သောင်း ရဲ့ ထုံးစံ က မကြိုက် ရင် ငွေ မနှမြောဘူး ။ ငါးပွဲ မြောက် မှာ ငွေသုံး လည်း ပြန် မပေးနဲ့ ၊ နောက်ပွဲ တွေ လည်း မလိုက် နဲ့ တော့ ဆိုပြီး နှင်ထုတ် ခံရပါတယ် ”

ကျွန်တော်တို့ ရယ်မိကြတယ် ။

“ နှင်ထုတ် ခံရပြီး မျက်စိသငယ် နဲ့ ဆိုင်း မဟုတ် ဇာတ် မဟုတ် ဖြစ်နေတဲ့ အချိန် မှာ လက်သံထူးခြား စိန်ဒူးဝါး က သူ့ လူရွှင်တော်တွေ ၈၈ အရေးအခင်း မှာ ပြက်လုံး ပြက်တဲ့ အတွက် ထောင်တွေ ကျ ကုန်တယ် ။ သာဂိ နဲ့ ပိတောက် က ထောင်ကျ သွားတယ် ။ ဒါနဲ့ ကျွန်တော့် ကို လာ ခေါ်တာ ”

“ ဆိုင်းပေါင်းစုံ လှည့်ပြီး အလုပ် လုပ်ခဲ့တာ ပြောပါဦး ”

“ စိန်ဒူးဝါး ၊ ရွှေတံဆိပ်ဆုရ ကိုအောင်သူ ၊ ကိုမြခိုင် ၊ ကိုပြည့်စုံ ၊ စိန်ဓူဝံ ၊ အဲဒီမှာ ကျွန်တော် နာမည် လည်း ရ လာပြီ ၊ ဆိုင်းဆရာတွေ  ရဲ့ ဝင်ငွေ ကို လည်း သိတော့ ရွှေမြန်မာ ဆိုပြီး ကိုယ်ပိုင်ဆိုင်း ကို မြေဂရန်လေးပေါင်ပြီး ရှယ်ယာ ထောင် တာပေါ့ ”

သူ က စကား ဆက် မပြောဘဲ ရယ်ကျဲ ရယ်ကျဲ လုပ် နေတယ် ။ ပြီးမှ ဆက် ပြောပါတယ် ။

“ ဆိုင်းလောက မှာ ကိုယ်တိုင် တီးနိုင် မှ ၊ သုံးနှစ်သား မှာ ပဲ ရွှေမြန်မာဆိုင်း ကို ပြန် ရောင်းလိုက်ရတယ် ။ ကျွန်တော့် မှာ ပတ်လုံးလေး တစ်လုံး တောင် မကျန်ရစ်ပါဘူး ”

သူ က ရယ်တယ် ။

“ မထူးပါဘူး ဆိုပြီး စိန်ဒူးဝါး ဆီ ကျွန်တော် ပြန် ဝင်တယ် ။ အဲဒီမှာ လူရွှင်တော်ကြီး ဦးကြောင်နီ နဲ့ တွဲရတယ် ။ ဆရာကြီး ဦးကြောင်နီ က ကျွန်တော့် ကို ဘိသိက်ပညာ ၊ လူရွှင်တော်ပညာတွေ သင်ပေးတယ် ။ ရွှေမန်းဆရာကြူ ၊ ကံပိုင် ဦးနီလာ ၊ တက်ခေတ် ဦးမင်းလွင် ၊ ဦးစွန်ညို တို့ ဆီ မှာ ဘိသိက်ပညာ သင်ယူပြီး စိန်ဒူးဝါးဆိုင်း မှာ အလုပ် လုပ် နေပါတယ် ။ ဘိသိက် လည်း လုပ်တယ် ”

ကျွန်တော် က သူ့ အောင်မြင်မှုတွေ အကြောင်း မေးတယ် ။

“ လူရွှင်တော်စတား ပြိုင်တာ ပထမဆုချည်း ၁၀ ဆု ရဖူးတယ် ၊ ပြောရမယ် ဆိုရင် ဆိုကရေးတီး ပြိုင်ပွဲ မှာ ဆုတံဆိပ် ၁၂ ဆု ရဖူးတယ် ”

ဦးစိန်သောင်းဆိုင်း မှာ နှင်ထုတ် ခံရတဲ့ ကျရှုံးမှု ကို လည်း မေးပါတယ် ။

“ မှော် ထဲ က အပြန် မှာ လူရွှင်တော် က ဆေးစွဲ လာလို့ အစားထိုး ဖို့ ကျွန်တော့် ကို လာခေါ်တာ ။ ကျွန်တော် က ဆိုင်းလူရွှင်တော် မတတ်ပါဘူး လို့ ပြောထားတာ ။ ဆိုင်းလူရွှင်တော် ထုံးစံ က အလကား မနေရဘူး ။ ဆိုင်းပစ္စည်း မ ရတယ် ။ ကိုစိန်သောင်း က လာ ခေါ် တော့ သူ့ ထုံးစံ က ညကြေး လေးရာ ( ကျပ် ၄၀၀ ) ပေး နေတာ ။ ကျွန်တော် က ငါးရာ ( ကျပ် ၅၀ဝ ) တောင်းတာ ။ ကိုစိန်သောင်း က လူနောက် ၊ အရွဲ့ တိုက်ပြီး ခင်ဗျား က ပညာသင် ဆိုတော့ ငါးရာ ပေးရမှာပေါ့ ။ ကျွန်တော် က ဆိုင်းသေတ္တာ တွေ မ မနိုင်ဘူး ပြောတော့ မောင်စိန်သောင်း မ ပါ့မယ် တဲ့ ။ ကျွန်တော် က တကယ် ပြောတာ မှတ် နေတာ ။ ပွဲ ထွက် တော့ ဒါ ဘဲတော အတွက် ဆိုပြီး ရွာစား က ကိုယ်တိုင် မ , တာ ။ ရေရှည် အရွဲ့ မတိုက် နိုင်တော့ဘူး ထင်ပါရဲ့ ။ ငါးပွဲ လည်း မြောက်ရော ကိုဘဲတော ထွက်ပါတော့ ဖြစ်သွားရော ”

သူ ရယ်ပါတယ် ။ သူ့ ရုပ် က ချောပါတယ် ။ ဘာကြောင့် မင်းသား မလုပ်ဘဲ လူရွှင်တော် ဖြစ်လာတာလဲ လို့ မေးတယ် ။

“ နှစ်ရက် တစ်ပိုင်း တော့ မင်းသား ဖြစ်ပါတယ် ။ မန္တလေး ကိုသိန်းဇော် က မန္တလေး မစိုးရိမ်ရုံ မှာ ဂုဏ်တုဂုဏ်ပြိုင် ပြဇာတ် ကတယ် ။ သက်ဇော် ၊ စိုးမိုးအောင် ၊ မြင့်အောင် ရယ် ၊ ကျွန်တော် ရယ် လေးယောက် မင်းသား ဝင် ကတယ် ။ ကျွန်တော် က ဘဲတော ဆိုပြီး နာမည် တော်တော် ရ နေပြီ ။ မင်းသား က တော့ မင်းသားလေး ကျော်နိုင် ဆိုတဲ့ နာမည် နဲ့ က တာ ”

ကိုဘဲတော က ပြောရင်း တစ်ယောက် တည်း ပြုံး နေတယ် ။ ရယ်စရာ ရှိပြီ ထင်တယ် ။

“ ကျွန်တော် နဲ့ သိတဲ့ သူတွေ ကို ဖိတ်ခေါ်တာပေါ့ ။ ညကျ ပွဲ လာ ကြည့် လှည့် ။ မင်းသားလေးကျော်နိုင် ဆိုပြီး ပန်း လာ ပေးလှည့်ပေါ့ ။ ပထမဆုံး က ရ တာ က ချစ်ရိပ်သာ ဆိုတဲ့ ဇာတ်လမ်း ၊ က ချင် တာက မင်းသား ။ ကျွန်တော် လုပ်ရတာ က နွားရုပ်ကြီး ထဲ ဝင်ပြီး နွား လုပ်ရတာ ။ ပရိသတ် က တော့ ဘဲတောလေး ဘယ်တော့ ထွက် လာမှာ လဲ ကြည့် နေတာ ။ ကျွန်တော် က အပေါက်လေး ထဲ က ချောင်း ကြည့်တော့ ကောင်မလေးတွေ ကို မြင် ရတယ် ။ သူတို့ က ကျွန်တော် မှန်း မသိဘူး ၊ ကိုယ့် မြင်အောင် ဆိုပြီး လက်ကလေး ထုတ် ထုတ် ပြတာ ၊ သူတို့ က ဘယ် သိမှာတုံး ”

ကိုဘဲတော နဲ့ ကျွန်တော် ရယ်ကြတယ် ။

“ ပြဇာတ် က တော့ ကိုသိန်းဇော် နဲ့ အေးအေးမြင့် က ရွှေတိဂုံဘုရား လာတဲ့ အခါ ကျွန်တော် က သူတောင်းစားကြီး လုပ်ရတာ ။ အဲဒီ ပုံ ရိုက်ပြီး ကြော်ငြာ လုပ်တာ ။ ကျွန်တော် က ဝမ်းသာတာ ။ ကြော်ငြာစာရွက် ယူပြီး စစ်ကိုင်း မှာ နေတဲ့ အမေ့ ကို ပြေးပြတယ် ။ ကျွန်တော့် ပုံ ပါလာပြီ ပေါ့ ၊ အမေ က ကြည့်တော့ သူတောင်းစားပုံကြီး ”

သူ က အားရပါးရ ပြောတယ် ။ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြောပါတယ် ။

“ ညကျ နှစ်ပါးသွား ကကြရော ၊ ကိုသိန်းဇော် က ရှေ့ မှာ ၊ ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည် က ကျော် လို့ ဆိုရင်း ထွက် လာတော့ ပရိသတ် က လက်ခုပ်တွေ တီး တာပေါ့ ။ ကျွန်တော် တို့ မင်းသားငယ်တွေ က သူ့ နောက် မှာ ၊ လူရွှင်တော် ဘဲတော က မင်းသား လို က တာ ကို ပရိသတ် လည်း သတိ ထား မိရော ဝေါခနဲ ဝေါခနဲ ရယ် ကြတာ ။ ပွဲကျ ကုန်တာ ၊ ကိုသိန်းဇော် က ဘာလဲ မေးတော့ ကျွန်တော့် ကြောင့် မှန်း လည်း သိသွား ရော မင်းသား အလုပ် က ပြုတ်ရော ။ ကျွန်တော့် မင်းသားသက် က မှိုသက် လောက် တောင် မရှည် လိုက်ပါဘူး ”

သက်တမ်း တိုတာ ကို မှို ရဲ့ သက်တမ်း နဲ့ သူ က နှိုင်းပြီး ပြော လိုက်တာ ကျွန်တော် သဘော ကျတယ် ။ ကျွန်တော် က သူ့ အနုပညာသည် ဘဝ မှာ ငိုချင် ရက် နဲ့ ရယ် လိုက်ရတဲ့ အတွေ့အကြုံ ကို မေးတယ် ။

“ ဖားကန့် တာမခန် မှာ သွား က တာ ။ အဲဒီက ဆယ်ည ငှား ထားတာ ။ အမေ က ဆုံး ရော ၊ အဖေ က အငြိမ့်ထောင် ကို ဖုန်း ဆက်တယ် ။ ဒါကို သူ က မပြောဘဲ ထားတယ် ။ ဆယ်ည ပြီး မှ သိတယ် ။ အိမ် ကို ပြန် တော့ ညီအစ်ကို မောင်နှမတွေ က မကြည်ဘူး ။ ကိုယ့် အမေ တစ်ယောက် လုံး သေတာ တောင် မှ ပြန်မလာရ ကောင်းလားပေါ့ ။ ကျွန်တော် တော်တော် ခံစားရပါတယ် ”

သူ သဘင်သည် ဘဝ ကို ပျော်ပါရဲ့လား ။

“ ရန်ကုန် မှာ ကျွန်တော် တက္ကစီငှားပြီး တည်းခိုခန်း ကို သွားတာ ။ ပိုက်ဆံအိတ် က ကား ပေါ် ကျရစ်တယ် ။ ကားဆရာ က အိမ် ပြန် ရောက် တော့ သူ့ သမီးတွေ က ပိုက်ဆံအိတ် ကို တွေ့တယ် ။ ပိုက်ဆံအိတ် ဖွင့် ကြည့် တော့ ကျွန်တော့် ဓာတ်ပုံ ပါတယ် ။ ဟယ် ဘဲတော ဆိုပြီး ပြန် လာ ပေးတယ် ။ ပရိသတ် ရဲ့ မေတ္တာ ကို ခံစားရ လို့ ဝမ်းသာ တယ် ၊ ပရိသတ် က ချစ်တဲ့သူ ဖြစ်ရတဲ့ အကျိုးပေါ့ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment