Saturday, May 18, 2024

မလှ လျှင် သွား လှ လျှင် ခါး


 

❝ မလှ လျှင် သွား လှ လျှင် ခါး ❞

[ ၁ ]

မပြန် ပြန် လျှင် လည်း မငြိမ်းသာ က ကျွန်တော့် ကို စိတ်နာဦးမည် ။ “ ကျမ က အညတြ မို့ ထင်ရဲ့ ” ဟု လည်း စကားနာ ဆိုဖွဲ့ လာဦးမည် ။

ပြန် ပြန် လျှင် လည်း မငြိမ်းသာ က မငြိမ်းသာ ကို ကျွန်တော် က ကြိုက် ၍ မငြိမ်းသာ ၏ စာပြန် စေလိုသော ဆန္ဒ ကို ဤသို့ ကျွန်တော် လိုက်လျော ဖြည့်စွမ်းလာသည် ဟု အသားတယူ ပြောလာဦးမည် ။

မည်သည့် ဘက် မှ ကြည့်ကြည့် မလှည့်သာချေ ။

သို့တစေ လည်း ကျွန်တော် စာ ပြန်မည် ။ ဒုက္ခလှိုင်း အရိုင်း သံသရာ ဝယ် မငြိမ်းသာ တယောက် တွယ်ရာမဲ့ ခိုရာမဲ့ အဖြစ် ဖြင့် နစ်မွန်း ကွယ်ပျောက် သွားမည့် အရေး ကို တွေး၍ ပူပန်သော ကရုဏာစိတ် ဖြင့် တည်း ။

မငြိမ်းသာ ... ။ ဤသို့ စာ ပြန်ခဲ့ သဖြင့် မငြိမ်းသာ ၏ ဆန္ဒ ကို လိုက်လျော ဖြည့်စွမ်း သည် မှန်သည် ။ ကြိုက် ၍ ဟု ကား မယူမှတ်စေလိုချေ ။ မငြိမ်းသာ ၌ လိုရာ သို့ ဆွဲ၍ တွေးတတ် သော ညာဉ် စင်တန်ရာပြီ ဟု ပင် ကျွန်တော် ထင်သည် ။

ပြော ၍ သာ ပြောရသည် ။ စင်စစ် မငြိမ်းသာ ကို ကျွန်တော် မမှုချေ ။ ကျွန်တော့် ကွယ်ရာ တွင် မငြိမ်းသာ က “ မငြိမ်းသာ အား ကျွန်တော် ဆိုသူ က အသဲစွဲ ကြိုက် နေလေသတတ် ” ဟူ၍ မလျော်တရား ပြောကြားသည် အမှန် ဖြစ်ဦး ။ စင်စစ် ကျွန်တော့် အသား ပဲ့ ပါ သွားသည် မဟုတ်ချေ ။ ကြားရသူ အပေါင်း က လည်း အကျိုးသင့် အကြောင်းသင့် ချင့်၍ ဆင်ခြင် ပေး လိမ့်မည် ။ ယုံသင့် မှ ယုံပေလိမ့်မည် ။

မည်သို့ပင် ဖြစ်စေ ၊ သည် စာ ကို အဆုံး သို့ တိုင် မငြိမ်းသာ ဖတ်ကြည့် စေလိုသည် ။ သည် စာ သည် မငြိမ်းသာ အတွက် ချမ်းသာရာ ချမ်းသာကြောင်း အကြောင်း ပြန်စာ ဟု ထင်လို က လည်း ထင် နိုင်သည် ။ မငြိမ်းသာ့ဒဏ်ရာ သက်သာရာ သက်သာကြောင်း အတွက် သောက်ဆေး သုံးဆေး တခွက် ဟု ယူဆ လို က လည်း ယူဆ နိုင်သည် ။ သည် စာ သည် မငြိမ်းသာ အား မုချ အကူအညီ ပြုလိမ့်မည် ဟု လည်း ကျွန်တော် မြှော်လင့်သည် ။

စင်စစ် မငြိမ်းသာ သည် လူနာ ၊ ကျွန်တော် သည် ဆရာဝန် တည်း ။

မငြိမ်းသာ က မငြိမ်းသာ့ ဒဏ်ရာ အကြောင်း ကို ကျွန်တော့် အား ဖွင့်ပြော တိုင်ပင် သည် ။ ကုသပါ ဟု လည်း တောင်းပန်သည် ။

ကောင်းပြီ ။ ကျွန်တော် ကုမည် ။ မငြိမ်းသာ အတွက် ဆေး တခွက် ကျွန်တော် ပေးမည် ။ သည် ဆေး ဖြင့် မငြိမ်းသာ့ ဒဏ်ရာ တဖြည်းဖြည်း သက်သာ လာလိမ့်မည် ဟု ပင် ကျွန်တော် ယုံချင်သည် ။ မမြင်ရသော ကျွန်တော့် ဆေး သည် မမြင်ရသော မငြိမ်းသာ့ ဒဏ်ရာ နှင့် တည့်လိမ့်မည် ပင် ထင်သည် ။

သို့သော် ကြို၍ တော့ ကတိ မပြုလိုချေ ။ သည် ဆေး ဖြင့် မငြိမ်းသာ့ ဒဏ်ရာ သည် မုချ သက်သာရာ ရလိမ့်မည် ဟု ကျွန်တော် မဆိုထား လိုချေ ။ ကျွန်တော့် ဆေး ကို ကျွန်တော် ကိုယ်တိုင် ပြန် ၍ သံသယ ဖြစ် သောကြောင့် ၊ မယုံကြည် သောကြောင့် ၊ စိတ်မချ သောကြောင့် ကား မဟုတ်ချေ ။ ဆယ်ရေး တရေး ၊ ကိုးရေး တရာ မငြိမ်းသာ ရေ့ ။

မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် ကုမည် ။ အနာဂတ် တို့ မည်သည် ကြို ၍ ပုံစုံ ချနိုင် ကောင်းသောအရာ မဟုတ် သော်လည်း မငြိမ်းသာ ၏ အနာဂတ် ကို မူ ကျွန်တော် ကြို၍ ရေး ဆွဲမည် ။ မငြိမ်းသာ ချမ်းသာစေရမည် ။

မငြိမ်းသာ အနေနှင့် တခုတည်း သာ နာယူ ရမည် ။ လူနာ သည် ဆရာဝန် ၏ စကား ကို နာယူရမည် ပင် မဟုတ်လော ။

အာဏာ ပြသည် ဟူ၍ ကား မယူဆ စေလိုချေ ။ စင်စစ် ကျွန်တော့် ဆေး သည် ကရု ဏာ အမြိုက် ရေအေး သာ တည်း ။

သောက် လို မှ သောက် ၊ နာယူ လိုမှ နာယူ လော့ မငြိမ်းသာ ။ ခင်ဗျာ့ သဘော ၊ ကျွန်တော် မပြောလိုချေ ။

ကျွန်တော့် အနေ နှင့် မူ မငြိမ်းသာ ချမ်းသာ လာ လျှင် တော်ပြီ ။ ဝမ်းမြောက်ပြီ ။

[ ၂ ]

မကြာမီ က ( ရက်စွဲ မပါ ) ပေးပို့ လိုက်သော မငြိမ်းသာ့ ထံ မှ စာ ကို ကျွန်တော် ကောင်းစွာ ရသည် ။ သည် စာ ကို နှစ်ခေါက် ပင် ပြန် ဖတ်ရသည် ။ နှစ်ခေါက် ပြန်ဖတ် မှ နားလည်သည် ။

စာ ၌ “ စိတ် မကောင်းသူကလေး တယောက် ထံ မှ စာ ကို ဆုံးသည် အထိ ဖတ်ရန် တောင်းပန်ပါသည် ” ဖြင့် စ သည် ။

ထို့နောက် “ ကျမ အကြောင်း ကို ပြောပြပါရစေ ။ ကျမ နာမည် မှာ ငြိမ်းသာ ဟု ခေါ်ပါသည် ။ မော်လမြိုင် ဥပစာတန်း ကို တက်ရောက် သင်ကြား နေပါသည် ။ ကျမ အဖို့ ဝတ္ထု ဖတ်ရန် ၊ စိတ်ကူး ယဉ်ရန် အခါအခွင့် မရခဲ့ပါ ။ သို့သော် ရှင့် စာ နှစ်ပုဒ် ကို မူ ဖတ်မိပါ သည် ။ ယခု သော် အထပ်ထပ် အခါခါ ဖတ်မိ နေရပါပြီ ။

ဖတ်ရခြင်း အကြောင်း ကို ပြောလိုပါသည် ။ ကျမ ၌ အမ တယောက် ရှိပါသည် ။ မငြိမ်းအေး ဟု ခေါ်ပါသည် ။ အမ သည် ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ တဘွဲ့ ရရှိသူ ဖြစ်ပါသည် ။ စိတ် ခက်ထန်တတ်ပါသည် ။

အမ တွင် စေ့စပ်ထားသူ တယောက် ရှိပါသည် ။ နာမည် မှာ ကိုထွန်းခိုင် ဟု ခေါ် ပါသည် ။ ကျမ တို့ နှင့် မောင်နှမ တဝမ်းကွဲ တော်ပါသည် ။

စင်စစ် အမ သည် အကိုကြီး ကိုထွန်းခိုင် ကို မချစ်ပါ ။ သို့သော် အမ အတွက် အသင့်လျော်ဆုံး အိမ်ထောင်ဘက် သည် အကိုကြီး သာ ဖြစ်ရမည် ဟု ယုံကြည်၍ စေ့စပ် ကြောင်းလမ်းခြင်း ကို ကျေကျေနပ်နပ် လက်ခံ ခဲ့ပါသည် ။ အမ တွင် ချစ်သူ မရှိခဲ့ပါ ။ ကျမ သေသေချာချာ သိပါသည် ။ အကိုကြီး က ရိုးသည် ။ အေးသည် ။ ဂုဏ်ရှိသည် ။ အမ ကို လည်း သိပ် ချစ်သည် ။

အကိုကြီး တွင် ညီအရင်း တယောက် ရှိပါသည် ။ သူ့ ကို ကျမ က အကိုလေး ဟု ခေါ် ပါသည် ။ သူ့ နာမည် ကို ကျမ မပြောလိုပါ ။ သူ သည် ယခုအခါ ရန်ကုန်တက္ကသိုလ် တွင် ရှိနေပါသည် ။ ငယ်ငယ် ကျောင်း နေစဉ် က အကိုလေး သည် ကျမ တို့ နှင့် အတူတူ နေခဲ့ပါသည် ။

အကိုကြီး က အမ ကို လက်ထပ်ပါရစေ ဟု လူကြီး စုံရာ နှင့် ပြောသောအခါ အကိုလေး က အမ ကို သူ လည်း ချစ်သည် ၊ သူ သာ လျှင် အမ နှင့် လက်ထပ် သင့်သည် ဟု ပြောပါသည် ။

အမ က အကိုလေး ကို နည်းနည်းမျှ မချစ်ပါ ။ အမ က အကိုလေး ကို လူသော့ လူသွမ်းကလေး ဟု သာ ယူဆ ထားပါသည် ။

အကိုကြီး က မူ တယောက် တည်း သော ညီ ကို အလွန်တရာ ချစ်သည် ။ အလွန်တရာ အလို လိုက်သည် ။ သူ့ ကို ပင် မိဘ သဖွယ် တွယ်တာ နေရသော ညီ မို့ ထင်၏ ။

သို့နှင့် အမ တို့ ၏ လက်ထပ်ရေး ကိစ္စ ပျက်ပြား ခဲ့ရပါသည် ။ အမ က မူ ရှက်သည် ဟု ဆိုပါသည် ။

နောက်ဆုံး ကျမ သိရသည် မှာ တနေ့ တွင် အကိုကြီး က အမ ကို ခေါ်၍ ရှင် ရေးသည့် “ တမ်းတသသူ တရူမော ” ကို ဖတ်ခိုင်း ပါသည် ။ “ ဝတ္ထု သဘော က တော့ လူ နှစ်ယောက် ရှိရာ အရပ် ကို သုံးယောက် ဖြစ်စေခြင်း အလို့ငှာ မသွားသင့်ဘူးလို့ ဆိုလိုတာပါဘဲ ” ဟု အမ က ဖြေပါသည် ။

သည့် နောက်တော့ အကိုကြီး သည် အခြား ဘွဲ့များ ဆက်လက် ရယူရန် ဟု အကြောင်း ပြ ကာ နိုင်ငံရပ်ခြား တိုင်းတပါး သို့ ထွက်ခွာ သွားပါသည် ။ ယခု ဆိုလျှင် အမ သည် နောက် ဆုံး အခြေအနေ သို့ ရောက် နေပါပြီ ။ ဤသည် ကို အကိုကြီး လည်း သိကြားနိုင်မည် မဟုတ်ပါ ။ အကိုကြီး တယောက် မည်သည့် အရပ် သို့ ရောက်ရှိ နေသည် ကို ကျမ တို့ လည်း မသိပါ ။

တနေ့ က အမ အမော ဖောက် လာပါသည် ။ အမ အနား မှာ ကျမ ရှိစဉ် အကိုကြီး ၏ အကြောင်း ကို မေးပါသည် ။ ကျမ ဖြေလိုလှပါသည် ။ သို့သော် မဖြေတတ်နိုင်ခဲ့ပါ ။

လွန်ခဲ့သော အရက် ၂ဝ ခန့် က အကိုလေး ထံ မှ လည်း စာ တစောင် အမ လက်ခံ ရရှိ ပါသည် ။ ရှင့် “ မေတ္တာ ဟူသည် လည်ငင်ကြိုး ” ကို ဖတ်ပါ ဟု ရေးထားပါသည် ။ အကိုလေး သည် အမ ၏ အဖြစ်သနစ် အကုန်အစင် ကိုသိ၍ ရေးလိုက်ခြင်း ဟုတ်ဟန် မတူပါ ။ အကိုလေး ၏ သဘော မှာ သူ သည် သူ့ အား မချစ်မနှစ်သက်သော အမ ထံ သို့ ( မည်သည့် တနင်္ဂနွေ မှာ မှ ပြန်လာတော့မည် မဟုတ်ကြောင်း သိကြားစေခြင်း ဖြစ်ပါလိမ့်မည် )

မည်သို့ပင် ဖြစ်စေ ၊ သူတို့ ကြားတွင် ဗျာများရ သူ မှာ ကျမ သာ ဖြစ်ပါသည် ။ ဤသည် ကိုတော့ သူတို့ သိကြမည် မဟုတ်ပါ ။ ကျမ အနေနှင့် မူ အားလုံး ကို ချစ်ပါသည် ။ အမ နှင့် လည်း သေကွဲ မခွဲလိုပါ ။ အကိုကြီး နှင့် လည်း ရှင်ကွဲ မခွဲလိုပါ ။ ကျမ ကို မချစ်သော သူ နှင့် လည်း ဘဝ ခရီး အတွက် အဖော် မပြုလိုတော့ပါ ။ မိမိ အား မချစ် မနှစ်သက်သော သူ သည် ရန်သူ ပင် မဟုတ်ပါ လော ။ ထို ရန်သူ နှင့် ပေါင်းသင်းရခြင်း ဒုက္ခ ကို ကြောက်ပါသည် ။ အကိုလေး လည်း ကြောက်ဟန် တူပါသည် ။

ကျမတို့ အဘ က ပြောပါသည် ။ ကျမ နှင့် အကိုလေး တို့ ယူလိုက်ကြ လျှင် အကိုကြီး လည်း ပြန်လာမည် ။ အမ လည်း နေကောင်းလာမည် ဟု ။ ထို့ကြောင့် အကိုလေး သည် အမ အတွက် နှလုံးသား နှင့် ရင်း၍ ကုမည့် ဆရာဝန် လော ။ ကျမ သည် အမ အတွက် အသက်ရှင်ဆေး ပင်လော ။

ကျမ ထင်ပါသည် ။ ရှင့် စာ နှစ်ပုဒ် သည် ကျမ အတွက် သေဆေး ပင် လော ၊ သို့မဟုတ် အကိုလေး အတွက် သေဆေး ပင် လော ၊ သို့မဟုတ် အကိုကြီး အတွက် သေဆေး ပင် လော ၊ သို့မဟုတ် အမ အတွက် သေဆေး ပင် လော ။ တယောက် ယောက် အတွက် တော့ ဖြစ်ပေမည် ။

မည်သို့ပင် ဖြစ်စေ ၊ ကျမ တို့ အတွက် ဖြေဆေး စာ တပိုဒ် ရေးပါဦး ဟု တောင်းပန် လိုပါသည် ။ ထို့နောက် ရှင့် ထံ မှ လည်း အကူအညီ ရပါရစေ ။

“ စာပြန်ပါ ” စသည် ဖြင့် ဆက်လက် ရေးသား ထား သည် ကို တွေ့ရသည် ။

[ ၃ ]

မငြိမ်းသာ ၏ စာ ကို ထောက်ခြင်း အားဖြင့် မငြိမ်းသာ သည် အကိုလေး ဆိုသူ အား တဖက် သက် ကြိုက် နေသည် ။ အကိုလေး ဆိုသူ က လည်း မငြိမ်းသာ အား စိတ်ကူး ပင် မထည့်မူ၍ ၊ မငြိမ်းအေး ကို သာ ကြိုက်သည် ။ မငြိမ်းအေး က လည်း အကိုလေး ဆိုသူ အား စိတ်ကူး ပင် မထည့်မူ၍ ၊ ကိုထွန်းခိုင် ကို သာ လက်ခံ လိုသည် ။ အကိုကြီး က လည်း ညီ အတွက် ရှောင် ပေး သည် ။ သည်တွင် စိတ္တဇ ဖြစ်ကာ မငြိမ်းအေး လဲသည် ။ အကိုလေး ဆိုသူ က လည်း နောက်ဆုံး တွင် မငြိမ်းအေး ကို စွန့်လွှတ် လိုက်သည် ။ မငြိမ်းသာ့ စာ အရ မငြိမ်းသာ က လည်း အကိုလေး ဆိုသူ အား စွန့်လွှတ် လိုက်ပြီ ဟု ပင် ယူဆသည် ။ ဤသည်တို့ ကား သာမန် စက္ခု အစုံ ဖြင့် ပင် ကြည့်၍ မြင်နိုင်သော မငြိမ်းသာ တို့ တသိုက် ၏ ဇာတ်လမ်း တည်း ။

မသိသော ကျွန်တော့် ထံ သို့ စာတတန် ပေတတန် ဖြင့် ပန်ကြား တိုင်လှာသောကြောင့် တကြောင်း ၊ ကြားရချက် နှင့် ပင် မငြိမ်းသာကို ကရုဏာ သက်မိသောကြောင့် တကြောင်း ၊ အကြောင်း ကြောင်း ကြောင့် မငြိမ်းသာ့ အတွက် ဖြေဆေး တခွက် တော့ လက်ကမ်း ၍ ကျွေးဦး မည် ဟု ကျွန်တော် ဆုံးဖြတ် မိသည် ။

ထို့ကြောင့် မငြိမ်းသာ တို့ အထဲ သို့ ကျွန်တော် ဝင် ကြည့် မိသည် ။ ဝင် ကြည့်ရန် လိုအပ်လိမ့်မည် ဟု ထင်၍ ဝင် ကြည့်ခဲ့ခြင်း ကို ရှေးဦးစွာ ခွင့်လွှတ်စေ လိုသည် ။

ဝင် ကြည့် သဖြင့် သိခဲ့ရ သည်များ ကို မပြောပြ မီ မငြိမ်းသာ ကို စစ်ဆေး ဘို့ လိုပေ လိမ့်ဦးမည် ။ ဆရာဝန် သည် ဆေး မပေးမီ လူနာ အား စစ်ဆေး မေးမြန်းရပေမည် မဟုတ်လော ။

မေးလိုသည် မှာ တခြား မဟုတ်ချေ ။ ကျွန်တော့် ထံ သို့ ရောက်ရှိလာ သော မငြိမ်းသာ ၏ စာ သည် ဖြစ်ရပ်မှန်များ ဖြစ်ပါ၏ လော ။ အကယ်တန္တု ၊ ထို စာ ၌ အမှားအယွင်းများ ပါ သော် ကျွန်တော် ၏ ဆေး သည် လည်းကောင်း ၊ ကျွန်တော် ပြောပြမည့် အကြောင်း တို့ သည် လည်းကောင်း ၊ မှားပေလိမ့်မည် ။ ဤသည် ကို မူ မငြိမ်းသာ အသိဆုံး ဖြစ်ပေလိမ့်မည် ။ သိ လျက် နှင့် မိမိ လိမ်လည်၍ ပြော လိုက်သော ရောဂါ အတွက် ဖော်စပ်လာသည့် ဆေး တခွက် ကို မိမိ ကိုယ်တိုင် သောက်ပါမူ ကား မငြိမ်းသာ ကဲ့သို့ မိုက်သော သူ သည် လောက ၌ ရှိမည် မဟုတ်တော့ချေ ။

ဆင်ခြင်လော့ မငြိမ်းသာ ။

[ ၄ ]

ကျွန်တော် ပြောပြမည် ။

လောက၌ လူတို့ သည် ဟန်ဆောင် လေ့ ရှိတတ်ကြသည် ။ မငြိမ်းအေး သည် ကိုထွန်းခိုင်ကို စွဲလမ်းခြင်း ပြင်းပြလှ၍ လဲသည် မဟုတ်ချေ ။ မငြိမ်းအေး သည် ဂုဏ် ဆိုသည် ကို ငဲ့တတ်သည် ။ သူ့ ဂုဏ် ကို သူ ပြန်ငဲ့၍ အဆင်မပြေ ဖြစ်ရသည် တွင် အရှက်ကြီး ရှက်ခဲ့ သည် ။ ပတ်ဝန်းကျင် ကို ကြောက် လွန်းသည် ။ တိုက်ပွဲ ကို ရင်မဆိုင် လိုသူ ဖြစ်သည် ။ အစွမ်း အစ နည်းသူ ဖြစ်သည် ။ အားနည်းသူ ဖြစ်သည် ။ ဤ အထွေထွေ အခြေအနေ တို့ ကြောင့် သာ အိပ်ရာ ထဲ လဲခဲ့ရခြင်းတည်း ။

ယခုတိုင် လည်း မငြိမ်းအေး ၌ အရှက်ဖျား တက် နေဆဲပင် ရှိပေလိမ့်မည် ။ ထို့ကြောင့် မငြိမ်းအေး အတွက် လက်ထပ် ထိမ်းမြားရေး ပြဿနာ တို့ ကို ယခု မတင်ပြပါလေနှင့်ဦး ။ အဖျား ကျသော အခါ မှ သူ တန်ဘိုး ထားသော ဂုဏ် ရှိ မှ တစုံတယောက် နှင့် ( ပြီးခဲ့သည့် အဆင် မပြေမှု ကို အသရေ ဆယ်သည့် သဘော သက်ရောက်စေကာ ) လက်ဆက် ပေးသင့် သည် ။ ထိုအခါ မငြိမ်းအေး သည် မုချ လက်ခံ ပေလိမ့်မည် ။ မငြိမ်းအေး သည် သူ့ အစွမ်းအစ ကို မည်သို့သော အခါမျှ သူ ကိုယ်တိုင် ပြန်လည် အားကိုး တတ်တော့မည် မဟုတ်၍ ၊ သူ ချစ်သော သူ ကို သူ ကိုယ်တိုင် ရှာတတ်မည် ၊ ရှာနိုင်မည် ၊ ရှာလိမ့်မည် မဟုတ်တော့ချေ ။

ကိုထွန်းခိုင် လည်း ညီ ကို ချစ်သည် မှာ မှန်ပေလိမ့်မည် ။ သည့် အတွက် မူ ကျွန်တော် သံသယ မရှိချေ ။ သို့သော် မငြိမ်းအေး ကို ချစ်သည် ဟု ဆိုရာ၌ ကျွန်တော် မယုံချေ ။ စင်စစ် မငြိမ်းအေး ကို ယူလိုခြင်း မှာ လောကကိစ္စ ပြီးစတမ်း အနေ နှင့် သာ ရည်ရွယ်ခြင်း ဖြစ်သည် ။ ကိုထွန်းခိုင် အနေ နှင့် မငြိမ်းအေးအပြင် ရနိုင်သော မိန်းမ မြောက်မြားစွာ ရှိပေလိမ့်မည် ။ သို့သော် ထို မိန်းမ တို့ နှင့် ကိုထွန်းခိုင် သည် မတွေ့ကြုံ မဆုံစည်းရန် လည်း ပို့ပေးမည့်သူ ရှိဟန် မတူချေ ။ ရှိသည် ထားဦး ။ ထို ပို့ပေးမည့် သူ က မရဲတရဲ စကား စလာသည့် အခါတွင် မောဟ လွှမ်းသော စိတ် ဖြင့် ငြင်းပယ် ခေါင်းခါ ခဲ့ပေလိမ့်မည် ။ အတွေ့အကြုံ နည်းသူ တို့ ၏ ဓမ္မတာ တည်း ။

သည်အခါ၌ မငြိမ်းအေး နှင့် ပင် အကြောင်း ပါဘို့ ဖန် လာသည် ။ စက်ဝန်း ထဲ သို့ ပင် ပြန်လှည့် လည်သည် ။ နှစ်နှစ်ကာကာ မေတ္တာ နှင့် ချစ်၍ ကား မဟုတ်ချေ ။ နှစ်နှစ်ကာကာ မေတ္တာ နှင့် ချစ်ခဲ့ လျှင် ဤသို့ သူရဲကောင်း ဆံနိုင်မည် လည်း မဟုတ်ချေ ။

တခါက ကျွန်တော် ရေး ဘူးသည် ။ လူ သည် အစွန်း နှစ်ဖက် သို့ ကူးလျက် နေတတ် သော သတ္တဝါ ဟု ။ ကိုထွန်းခိုင် သည်လည်း ဤနည်း နှင်နှင်ပင် ။ ရိုးခဲ့ရာ မှ ဆန်းခဲ့ချေပြီ ။

မငြိမ်းသာ့  စာ အရ ဆိုလျှင် မငြိမ်းသာ တို့ လေးယောက် အနက် ကျွန်တော် သဘော အကျဆုံး မှာ အကိုလေး ဆိုသူ ပင် ဖြစ်သည် ။ မငြိမ်းသာ က မူ မပြောလို လျက် နှင့် မငြိမ်းအေး ၏ သံယောင် လိုက်ကာ အကိုလေး ဆိုသူ အား လူသော့လူသွမ်းကလေး အဖြစ် ဖြင့် တင်ပြခဲ့ သည် ။ ကျွန်တော် က မူ ထိုသို့ မမြင်ချေ ။ သူ့ သွေးရင်း သားရင်း ပတ်ဝန်းကျင် ၌ နွဲ့ဆိုး ဆိုး တတ်မည် ဖြစ်သော်လည်း ရင်ဆိုင် ကြုံလာရသော ပြဿနာ အရပ်ရပ် ၌ ရဲရင့်သည် ။ ပြတ် သားသည် ။ တည့်မတ်သည် ။ ဟန်ဆောင် နည်းသည် ။ သူ ကား အတွေ့အကြုံ ရင့် သူတည်း ။

မငြိမ်းအေး ကို သူ့ အကို ထက် ပို၍ ချစ်သည် ဟု လည်း ကျွန်တော် မြင်သည် ။ သူ့ အနေနှင့် မငြိမ်းအေး ကို သူ သာ လျှင် ရသင့်သည် ဟု ယုံကြည် သကဲ့သို့ ကျွန်တော် လည်း ယုံကြည်သည် ။ သို့သော် အခြေအနေ က မပေး၍ သူ လက်လျှော့ လိုက်ရသည် ။ အကြောင်း အမျိုးမျိုး ကြောင့် သူ့ အဆို သည် အရေး နိမ့်ခဲ့ရသည် ။ မည်သို့ပင် ဖြစ်စေ ၊ သူ မမြတ် သော် လည်း သူ မရှုံးချေ ။ ထို့ကြောင့် သူ လက်လျှော့ ခဲ့သည်မှာ အပြည့်အဝ မှန်သည် ။

နောက်ဆုံး သူ က မငြိမ်းအေး အား မေတ္တာ ဟူသည် လည်ငင်ကြိုး ကို ဖတ်ခိုင်း သည် ဆိုရာ မှာလည်း အဓိပ္ပာယ် ကြွယ်လှသည် ။ လေးနက်လှသည် ။ ကိုထွန်းခိုင် က ဖတ်ခိုင်း သည့် ဝတ္ထု ထက် ပို၍ ထိသည် ။ ကိုယ့် ကို စိမ်း မှ တော့ ပြန်၍ စိမ်းမည် ဟု ထိုဝတ္ထုထဲ က ကဲ့သို့ ကြေညာ လိုက်ခြင်း လည်း မည်ပေသည် ။

မှန်သည် ။ လောက ၌ လူတို့ မည်သည် ကိုယ် လိုရာ ကို သာ တမ်းတ ပူဆာ တတ် ကြသည် ။ သူတပါး လိုရာ ကို မူ ငဲ့ညှာ ဖြည့်စွမ်းတတ်ခြင်း မရှိကြချေ ။ မငြိမ်းသာ အနေ နှင့် လည်း သည်တရား ကို သတိချပ် စေလိုသည် ။ မငြိမ်းသာ သည် မငြိမ်းသာ လိုရာ ကို သာ ကြည့် သည် ။ တမ်းတသည် ။ ပူဆာသည် ။

တမ်းတ ပူဆာ၍ မရသော အခါ မငြိမ်းသာ့ ရင်၌ ဝေဒနာ ဖြစ်လာသည် ။ သည် ဝေဒနာ ကို ကျွန်တော့် အား အကုစား ခိုင်းလာသည် ။

မငြိမ်းသာ ... ။ လောက ၌ ချမ်းသာသော သူများ သည် ကိုယ် လိုရာ ကို တမ်းတ ပူဆာတတ်သူများ မဟုတ် ။ သူ တပါး လိုရာ ကို ငဲ့ညှာ ဖြည့်စွမ်း၍ ၊ ထို ငဲ့ညှာ ဖြည့်စွမ်းခြင်း အလုပ် သည် ပင် လျှင် ကိုယ့် လိုရာ ဖြစ်အောင် စွမ်းဆောင် နိုင်ကြသော သူများ သာ တည်း ။

[ ၅ ]

ကျွန်တော် မြင်သမျှ ကို ပြောပြပြီ ။ သည် မြင်သမျှ အပေါ် တွင် အခြေခံ ၍ မငြိမ်းသာ အတွက် ဆေး တခွက် လည်း အဆင်သင့် ဖြစ်ပြီ ။ မငြိမ်းသာ သောက် လို က သောက် နိုင်ပြီ ။ သည် ဆေး ဖြင့် မငြိမ်းသာ ဒဏ်ရာ တဖြေးဖြေး သက်သာ လာလိမ့်မည် ဟု ပင် ကျွန်တော် ယုံချင်သည် ။ မမြင်ရသော ကျွန်တော့်ဆေး သည် မမြင်ရသော မငြိမ်းသာ့ ဒဏ်ရာ နှင့် တည့်လိမ့်မည် ထင်သည် ။ သို့သော် ကတိ မပြုလိုချေ ။ သည် ဆေး ဖြင့် မငြိမ်းသာ့ ဒဏ်ရာ သည် မုချ သက်သာရာ ရလာလိမ့်မည် ဟု လည်း မဆိုထားလိုချေ ။ ဆယ်ရေး တရေး ၊ ကိုးရေး တရာ မို့ တည်း ။

ပုံစံ ပြမည် မငြိမ်းသာ ။

တခါက ကျွန်တော့် ထံ သို့ စာ တစောင် ရောက်လာဘူးသည် ။ စာ မှာ ကျောင်းသား ကလေး တယောက် ထံမှ ဖြစ်သည် ။ သူ ကြိုက်သော စာရေးမကလေး က သူ့ ကို လက်ထပ် ယူပါတော့ ဟု ပြောသည် ။ သူ က လည်း တက္ကသိုလ်ဝင် စာမေးပွဲ မအောင် သေး ၍ ရုတ်တရက် မယူနိုင် ။ လက်တလော တွင် အလုပ်အကိုင် က လည်း မရှိ ။ မိဘ အရိပ်အာဝါသ မှာ ခို နေရ သည် ။ အသက် က လည်း ၂၀ မပြည့်သေး ။ သို့သော် တဖက် ကလည်း အခြေအနေ ယိုင်လှ သည် ။ စာရေးမကလေး မှာ အမေအို နှင့် မောင် ကို ကျွေး နေရသည် ။ မောင် ကို ကျောင်း ထား ရသည် ။ အဖေ မရှိတော့သည့် နောက် အဖေ့ မယားကြီး မှ မွေးသော သား ၏ အိမ် တွင် ခို နေရ သည် ။ အကို ဟု ဆိုနိုင်သော်လည်း အဖေ တူ မအေကွဲ မျှ သာ ဖြစ်၍ မကြည်ဖြူချေ ။ အနေ ကျုံ့သည် ။ သည် အထဲ တွင် ထို အကို ၏ စာရိတ္တ မှာ ဖောက်ပြန်သည် ။ သူတို့ နေ ရသည့် အိမ် မှာ ပင် မယား နှစ်ယောက် ရှိသည် ။ နေကုန် နေခန်း လူပေါင်းစုံ နှင့် အရက် သောက်သည် ။ ဆူသည် ။ ဆဲသည် ။ စောင်းသည် ။ ရိသည် ။ သည် အန္တရာယ် ကြောင့် အမေအို က လည်း သမီးကလေး ကို မသေမီ နေရာ ချထားခဲ့ ချင်သည် ။ သည်တော့ မိန်းကလေး က လည်း ပူဆာ လာသည် ။ ယောက်ျား ကလေး က လည်း မတတ်နိုင်ဘဲ ရှိသည် ။ မယူ ပြန် လျှင် လည်း မိန်းကလေး မှာ သူ့ အမေအို စီမံရာ ကို နာခံရ တော့မည် ။ အခြားသူ တဦး နှင့် အကြောင်း ဆက် ရတော့မည် ။ ထိုအခါ အကူ အညီပေးပါ ဟု မငြိမ်းသာ ကဲ့သို့ပင် ထို သူငယ် က စာ တတန် ပေ တတန် နှင့် ရေးလှာသည် ။ ကျွန်တော် အပြန်ပြန် အလှန်လှန် စဉ်းစားသည် ။ ထို့နောက် သေချာသော အခါ “ တတ်နိုင် လျှင် မယူနှင့်ဦး ” ဟု စာ ပြန် လိုက်သည် ။

သည် ဇာတ်လမ်း သည် တခါတည်း အစ ပျောက် သွားသည် ။ အကျိုးအကြောင်း မည်သို့မျှ မသိရတော့ချေ ။ တွေးမိသော အခါ၌သာ စိတ်ပူမိသည် ။

တခါတရံ တော့ လည်း ဪ ... သူတို့ ငယ်ငယ်ရွယ်ရွယ် တွေ ဘဲ ၊ ခံနိုင်ရည် ရှိအုံး မှာ မဟုတ်တော့ အခုလောက် ရှိ ညားတောင် နေကြရော့ပေါ့ ... ဟု တွက်မိသည် ။ တခါတရံ တော့ လည်း ငါ ပြောတဲ့ အတိုင်း လုပ်လို့ ကောင်မလေး တော့ သူ့ အမေ စီမံတဲ့ လူ လက် ရောက် သွားရ ရှာရော့မယ် ဟု တွက်မိသည် ။

သည်အတိုင်း ပင် မြှော်လင့် မိသည် ။ တနေ့နေ့ တွင် ထို ကျောင်းသား သူငယ်ကလေး ထံ မှ

       အကို

       အကို့ စကား ကို နားထောင်ချင်ပေမယ့် မတတ်သာတော့ လို့ ကျွန်တော့် တို့ ယူလိုက်ကြရပြီ ... ဟူသော စာ ကို လည်းကောင်း ၊

       အကို

       အကို ပြောတဲ့ အတိုင်း ကျွန်တော် ထိန်းသိမ်းခဲ့ပါတယ် ။ အခု သူရယ် လေ ၊ သူ့ အမေ စီမံရာ ကို နာခံ သွားရပြီ အကို ရဲ့ ... ဟူသော စာ ကို လည်းကောင်း စောင့်မြှော် မိသည် ။

သို့သော် မည်သည့် ပြန်စာ မျှ ကျွန်တော့် ထံ သို့ မရောက်လာချေ ။ နောက်ဆုံး တလ ခန့် ကြာသော အခါ မှ စာ တစောင် ရောက်လာသည် ။

ကျွန်တော့် ကိုယ် ကျွန်တော် လည်း ဆဲ မိသည် မငြိမ်းသာ ။ ကျွန်တော် ညွှန်သည့် အတိုင်း ထို သူငယ်လေး က ထိန်းခဲ့ သဖြင့် သူ့ မိန်းကလေး သည် အိပ်ဆေး သောက်၍ သူ့ ကိုယ် သူ သ,တ်သေခဲ့သည် ဆို၏ ။

ကျွန်တော် ပင် ဆေးပေး မှားခဲ့သလော ၊ ကျွန်တော် ကု ရသည့်အချိန် ၌ ဝေဒနာ က ကျွမ်းနှင့် နေ၍ လော ၊ သို့မဟုတ် သူ့ ဝေဒနာ က ပင် ဆေး မရှိသော ဝေဒနာမို့ လော ၊ မပြော တတ်ချေ ။

မည်သို့ပင် ဖြစ်စေ ၊ လူနာ ကား ဆုံးပါးခဲ့ရချေသည် ။ ထို့ကြောင့် မငြိမ်းသာ လည်း ကျွန်တော့် ဆေး ကို သောက် လို မှ သောက်ပါ ဟု မှာ လိုသည် ။ မငြိမ်းသာ့  သဘော ၊ ကျွန်တော် မပြောလိုချေ ။ ကျွန်တော့် ဆေး ကို သောက်၍ သက်သာလာသည် ဟုဆိုလျှင် တော်ပြီ ။ ဝမ်း မြောက်ပြီ ။

[ ၆ ]

မငြိမ်းသာ လည်း အလှသား မဟုတ်လော ။ မငြိမ်းသာ ကိုယ်တိုင် သိမည် မဟုတ် သော် လည်း စင်စစ် မငြိမ်းသာ ၌ ချစ်မည့် သူ ယူမည့် သူ မြောက်မြားစွာ ရှိနေလိမ့်မည် ဟု ပင် ကျွန်တော် ထင်သည် ။ သည် အထဲ မှ မငြိမ်းသာ က ပြန်၍ ချစ်နိုင်မည့် သူ ၊ ယူနိုင်မည့် သူ ကို အသက် ပေး၍ ရွေးလော့ ။

ရသော် မငြိမ်းသာ့ စိတ် သည် မုချ ချမ်းသာ လတ္တံ့ ။ မငြိမ်းသာ့ အနာဂတ် သည် လည်း မုချ စိုပြေလာ လတ္တံ့ ။ ထိုအခါ ကျွန်တော့် ဆေး သည်လည်း မုချ စွမ်း လတ္တံ့ ။

ကျွန်တော့် ဆေး ကား အလျင် မလို နှင့် ဟူ သတည်း ။

◾မောင်သာရ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၇ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment