Wednesday, May 22, 2024

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ၄ )


 

◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ နှလုံးသားတိုက်ပွဲ ❞

ဤ “ နှလုံးသားတိုက်ပွဲ ” ဝတ္ထုတို ကို ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို အဖြစ် ရွေးချယ် လိုက်ပြီ ဆိုလျှင် ရသစာပေ တစ်ပုဒ် အဖြစ် ရွေးချယ် လိုက်ကြောင်း အထူး ပြောစရာ မလို တော့ပါ ။ ဝတ္ထု ပါ အကြောင်းအရာ ကို လေးစားအပ်သည် မှာ မှန်ပါသည် ။ သို့သော် “ အသက် တစ်ထောင်ရှည်နည်း ” အကြောင်းကြီး ကို ရေးထား စေဦးတော့ ။ ရသ မမြောက် လျှင် အကြိုက်ဆုံး ဝတ္ထုတို အဖြစ် ရွေးမည် မဟုတ်ပါ ။ ကျွန်တော် ရွေးနေသည် မှာ ဝတ္ထုတို အဖြစ် ရွေးနေခြင်း သာ ဖြစ်ပါသည် ။ ထို့ကြောင့် “ နှလုံးသားတိုက်ပွဲ ” သည် ရသ မြောက်သည် ။ လေးစားအပ်သော အနုပညာစစ် တစ်ခု ဖြစ်သည် ဟူသော အဓိပ္ပာယ် ကို ဆောင် နေပါသည် ။ တစ်နည်း အားဖြင့် ရသစာပေ စာရင်း တွင် ရဲရဲကြီး ထည့်သွင်း တင်ပြ လိုက်ခြင်း ဖြစ်ပါသည် ။

သို့သော် ဤ ဝတ္ထုတိုကလေး ကို သုတစာပေ အဖြစ် ဆေးပညာစာရင်း တွင် လည်း သွင်းထိုက်သည် ဟု ယူဆ မိ ပါသည် ။

ဆေးပညာ ၊ စိတ်ပညာ စသော ပညာရပ် ဆိုင်ရာ ၊ ပညာပေး ဝတ္ထုများ ၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် စသော ဒေသန္တရ ဗဟုသုတ ပေး ဝတ္ထုများ ၊ ရေလုပ်ငန်း ၊ မုဆိုးလုပ်ငန်း ၊ သစ်ဖောင်ဝါးဖောင်လုပ်ငန်း စသော လုပ်ငန်းခွင် ဆိုင်ရာ ဗဟုသုတ ပေး ဝတ္ထုများ ကို ဝတ္ထုဆရာ တို့ ကြိုးစားပမ်းစား ရေးဖွဲ့လေ့ ရှိကြပါသည် ။

ဤသို့ ရေးဖွဲ့ကြ ရာ တွင် ကိုယ်တိုင် ကိုယ်တွေ့ ဘဝ အဖြစ် တွေ့ကြုံ ခံစားပြီး ရေးဖွဲ့ သူ ၊ တမင် သွားရောက် လေ့လာပြီး ရေးဖွဲ့ သူ ဟူ၍ နှစ်မျိုး ကွဲ ပါသည် ။ ဤ နှစ်မျိုး တွင် လည်း အရေးအဖွဲ့ အနုပညာ ၌ လိမ္မာသူ ၊ စာရေးအဖွဲ့  ညံ့သူ ဟူ၍ ထပ်မံ ကွဲပြား ပြန်ပါသည် ။

ကိုယ်တိုင် ကိုယ်တွေ့ ဘဝ အဖြစ် တွေ့ကြုံ ခံစားရ ပြီး အရေးအဖွဲ့ အနုပညာ ၌ လိမ္မာ လျှင် အလွန် လှပသော ရသစာပေ ဖြစ်လာတတ် ပါသည် ။

အရေးအဖွဲ့ ကျွမ်းကျင်ပါ သော်လည်း ကိုယ်တိုင် မကြုံရဘဲ တကူးတက ကွင်းဆင်း စူးစမ်းပြီး ရေးဖွဲ့ လျှင် ရသ အင်အား အနည်းငယ် ပျော့ သွား တတ်ပါသည် ။

ကိုယ်တိုင် ကြုံရ သော်လည်း အရေးအဖွဲ့ မကျွမ်းကျင် လျှင် မူကား သုတစာပေ အဖြစ် သို့ ရောက်သွား တတ် ပါသည် ။ ဤသို့ ဖြစ်ရသည် မှာ သက်ဆိုင်ရာ သုတ ကို ဇာတ်အိမ် ဇာတ်ကွက် နှင့် သမ သွားအောင် ရောပြီး မမွှေတတ်ခြင်း ကြောင့် သုတ က တစ်လွှာ ၊ ဝတ္ထု က တစ်လွှာ ကပ်ပြီး ကွာ နေတတ် သောကြောင့် ဖြစ်ပါသည် ။

ညိုမင်းဝေ သည် နှလုံးသားတိုက်ပွဲ တွင် သက်ဆိုင်ရာ သုတ ကို ဇာတ်အိမ် ဇာတ်ကွက် နှင့် ရောပြီး တစ်သားတည်း ဖြစ်သွားအောင် ရေးဖွဲ့နိုင် စွမ်း ရှိပါသည် ။ ထို အချက် ကို ကျွန်တော် ချီးကျူး မိပါသည် ။

ဤ ဝတ္ထု တို နိဂုံးသတ် ပြီး နောက် “ ၅ - ၆ - ၈၂ နေ့ က ကွယ်လွန်ခဲ့ ရှာသော မမကြီး သို့ အမှတ်တရ ” ဟူသော ညွှန်းချက် ကို ထည့် ထား ပါသည် ။ ထို့ကြောင့် ကိုယ်တွေ့  ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း ထင်ရှားပါသည် ။ သို့သော် ထို ညွှန်းချက် မပါစေဦးတော့ ဝတ္ထု အစပိုင်း လောက် ကို ဖတ် လိုက်ရုံ နှင့် ပင် တကယ့် ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း ( သို့မဟုတ် တကယ့် ဖြစ်ရပ် တစ်ခု ကို အခြေခံ ၍ ရေးဖွဲ့ထား ကြောင်း ) သိသာလှပါသည် ။

ညိုမင်းဝေ ဝတ္ထု ဖွင့်ပုံ ကို ကြည့်ပါ ။ မည်မျှ လက်တွေ့ ဆန်ပါသနည်း ။ မည်မျှ မြန်မာ ဆန်ပါသနည်း ။ မည်မျှ ကြေကွဲဖွယ် ကောင်းပါသနည်း ။

••••• ••••• •••••

        နံနက်ချိန်ခါ တေးသံသာ ကို နားထောင် လေ့ မရှိသည် မှာ ကြာခဲ့ပေပြီ ။ ရေဒီယိုသံ ၊ ကက်ဆက်သံ ဆိတ်သုဉ်းခဲ့ သည် မှာ တစ်နှစ် နီးပါး ရှိပေတော့မည် ။

“ ဒူဝေ ... ဒူဝေ ”

        ကြေးစည်လက်ခတ် နှင့် ကြေးစည် ၏ အဖျားစွန်း ရိုက်ခတ် မိသော အသံ သည် သာယာ နာပျော်ဖွယ် ထွက်ရှိ လာသည် ။ ကြေးစည်သံ သည် သာယာနာပျော်ဖွယ် အပြင် သတိရဖွယ် လည်း ကောင်းနေ ပေသည် ။

“ တပည့်တော်မတို့ ကြာသ ပတေး ၊ သောကြာ ၊ စနေ မိသားစု သုံးဦး ပြုသမျှ ကုသိုလ်ကောင်းမှု အစုစု ကို အထက် ကို ဘဝဂ် အောက် ကို အဝီစိ ရှိရှိသမျှ ဝေနေယျ သတ္တဝါအပေါင်း တို့ အား ...”

        အမေ သည် ယခင် ခါတိုင်း ရွတ်ဆို နေကျ တပည့်တော်မ တို့ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ မိသားစု လေးဦး ပြုသမျှ ဟု ထည့်ဆို ရေရွတ်ခြင်း ပြု နေရာ မှ ပြောင်းလဲ ရွတ်ဆို နေရသည် မှာ တစ်နှစ် ရှိပေတော့မည် ။

••••• ••••• •••••

အထက်ပါ စာပိုဒ် နှစ်ပိုဒ် တွင် မိသားစု လေးဦး မှ မိသားစု သုံးဦး သို့ ပြောင်း သွားကြောင်း ပြ လိုက်သည် ။

လျော့သွားသည် မှာ တနင်္လာ ၊ မိသားစု ထဲ က တစ်ယောက် လျော့ သွားခြင်း ကို မမေ့နိုင်အောင် ရှိနေပုံ ၊ နေ့စဉ် နှင့် အမျှ သတိရဖွယ် ချည်း ဖြစ်နေပုံ ပါ ပေါ်လွင် စေလှသည် ။

ဤသို့ မရေး ဘဲ “ ကျွန်မတို့ မှာ မိသားစု လေးဦး ရှိ ခဲ့ရာမှ တစ်ယောက် ကွယ်လွန် သွားသော ကြောင့် သုံးဦး သာ ကျန်ပါတော့သည် ။ ” ဟု ဆိုခဲ့ လျှင် ဤမျှ လှမည် မဟုတ်ပါ ။ ထို့ကြောင့် ဤမျှ ရင် ထဲ တွင် ငြိလိမ့်မည် လည်း မဟုတ်ပါ ။ ဆက်ပြီး ဖတ် ကြည့် လိုက်တော့ ...

••••• ••••• •••••

“ တပည့်တော်မ တို့ မိသားစု သုံးဦး ပြုသမျှ ကုသိုလ်ကောင်းမှု အစုစု ကို လွန်ခဲ့သော နယုန်လဆန်း ဆယ့်လေးရက် နေ့ က ကွယ်လွန်ခဲ့ ရှာသော သမီးကြီး မကျော့ကျော့စိုး အား ” ဟု အမျှဝေ လိုက်သော အမေ ၏ အသံ သည် ယနေ့ တိုင် ဆို့နစ် ဆဲပင် ရှိပေသည် ။

••••• ••••• •••••

သမီးကြီး ကျော့ကျော့စိုး ကွယ်လွန် ခဲ့သော ရက်စွဲ အတိ အကျ ကို ထည့်သွင်း ပေးလိုက်ခြင်း ၊ ထည့်သွင်း ရွတ်ဆို လိုက်ခြင်း သည် မလိုအပ်သည့် အသေးစိတ် မဟုတ်ဘဲ ဝတ္ထု ဖွဲ့ရာ တွင် ခရီးရောက် လှသော အသေးစိတ်ကလေး ဖြစ်ကြောင်း အထူး ပြောစရာ မလိုတော့ပါ ။ မနေ့တစ်နေ့ က မှ ဖြစ်ခဲ့သော ကိစ္စ ကဲ့သို့ တတမ်းတတ သတိရ နေကြောင်း ၊ အသည်းနှလုံး တွင် ကျောက်ထက် အက္ခရာ တင်လိုက်သကဲ့ သို့ ထင်းထင်းကြီး စွဲနေကြောင်း ၊ မိသားစု အတွက် အရေး အကြီးဆုံး သော ရက်စွဲကြီး ဖြစ်နေကြောင်း ပေါ်လွင် လာစေ ပါသည် ။

ဤသို့ မကျော့ကျော့စိုး ကွယ်လွန် ခဲ့သည် မှာ တစ်နှစ် ကြာသည့်တိုင် မမေ့နိုင် ကြောင်း နိဒါန်း ပျိုးလိုက်ပြီး နောက် မကျော့ကျော့စိုး ကွယ်လွန်ခဲ့ပုံ ကို “ ဗြုန်းခနဲ ” ကူးပြောင်း တင်ပြ လိုက်သည် ။ ကူးပြောင်းပုံ မြန်လွန်း၍ သာ ဗြုန်းခနဲ ဟူသော ဝေါဟာရ ကို သုံး လိုက်ရပါသည် ။ စင်စစ် ကူးပြောင်းပုံ ညင်သာလွန်း လှ သဖြင့် ဗြုန်းခနဲ ဟူသော ဝေါဟာရ ကို မသုံးစွဲထိုက် ဟု ထင်မိပါသည် ။

••••• ••••• •••••

        စိတ် ကို ထိန်းချုပ် လျက် တုန်ယင်သော လက်များနှင့် ဆေးပုလင်းဖွင့်သံများ ၊ သေးသွယ်သော လက်မောင်းသားလေး ၏ အကြော ထဲ သို့ အမိုင်နို အကြောဆေးများ သွင်းခဲ့ရပုံများ ၊ ဆေးသွင်းပြီး ခဏအကြာ “ ငါ သက်သာ သွားပြီ ၊ မမောတော့ဘူး ” ဟု ပြောသံကလေး နှင့် ရွှင်ကြည်သော မျက်နှာ ကလေး ၊ တောင်ငူဆေးရုံ ဓာတ်မှန်ခန်း တွင် ထရော်လီ ပေါ် မှ လူ တွဲ၍ ကြိုးစား ဆင်းရင်း ဓာတ်မှန် အရိုက်ခံပုံများ ၊ “ နှလုံး ကြီး နေပေမယ့် ကျွန်တော် မသေနိုင်ပါဘူး အမေ ရဲ့ ၊ ဆရာဝန်ကြီး က ကိစ္စ မရှိဘူး လို့ ပြောတယ် ” ဟု အမေ့ ကို ပင် သူ က ပြန်၍ အားပေး နေပုံများ ။

        ပုံရိပ်များ သည် ကျန်ရစ်သူတို့ ၏ နှလုံးသားဝယ် သက်ဝင် လှုပ်ရှား ဆဲ ရှိလေ သည် ။ ဆရာဝန် တစ်ယောက် ဖြစ်သော တိုးတိုး သည် သေးသွယ်သော ခန္ဓာကိုယ် နှင့် မမျှ အတတ်နိုင်ဆုံး ဆယ်နှစ် တိတိ နှလုံးသား စစ်မျက်နှာ တိုက်ပွဲများ မှ အလူး အလဲ ပြန် ထ နိုင်အောင် ကြိုးစား ခဲ့သော သူ့ ကို သူရဲကောင်း အဖြစ် ချီးကျူးမိလေသည် ။

••••• ••••• •••••

အထက်ပါ အတိုင်း အနည်းငယ် မျှ သော ရေးချက်ကလေး များ နှင့် ပိန်သေး ကြုံလှီလှသော နှလုံးရောဂါ ဝေဒနာရှင် မကျော့ကျော့စိုး ၏ ဒုက္ခ ၊ ဇွဲ ၊ သတ္တိ နှင့် မိခင် ကို ပြန်လည် သနား နေ တတ်သော မေတ္တာတရား ကို ဖော်ပြ ခဲ့ပေသည် ။ အိမ် တွင် မွေး ထားသော ခွေးလိမ္မာ ဂုတ်ကျား သေသွား သောအခါ ...

••••• ••••• •••••

“ အဲဒါ မမကြီး နေကောင်းတော့မယ့် သဘော ပေါ့ ၊ ဂုတ်ကျား က လဲ တနင်္လာနံ ၊ မမကြီး က လဲ တနင်္လာသမီး ၊ ကျိန်းကြေ သွားပြီ ” ဟု ညီမလတ် က ပြောလေသည် ။ 

“ ငါ့ ကြောင့် ဘယ်သူမှ မသေစေ ချင်ပါဘူး ” ဟု စိတ် မကောင်းစွာ ပြောလေ သည် ။

••••• ••••• •••••

ဤသို့သော တို့ကွက်ကလေးများ နှင့် မမကြီး ၏ စိတ်နေ သဘောထား ကို ပေါ် လာအောင် ရေးဖွဲ့နိုင်သည် ။

ဤ ဝတ္ထု ၏ ဇာတ်လမ်း အကျဉ်းကို ရေးပြပါ ဟု ဆို လျှင် ရေးဖို့ မလွယ်ကူ လှအောင် ပါးလွှာ လွန်း လှပါသည် ။ မိခင် နှင့် သမီး သုံးယောက် ပါဝင်သော မိသားစု လေးယောက် ရှိသည် ။ အငယ်ဆုံး သမီးလေး တိုးတိုး ဆေးကျောင်း တက် နေစဉ် အစ်မကြီး မှာ လေးဖက်နာ အဆစ်အမြစ်ကိုက် နှလုံးရောဂါ စွဲကပ်ခဲ့သည် ။ နှလုံးရောဂါ အဖြစ် ကုစားရမှန်း မသိခဲ့ သောကြောင့် ရောဂါ ရင့် လာခဲ့ရသည် ။ မိသားစု အားလုံး က ချစ်ကြင်နာစွာ ဝိုင်းဝန်း ကုသရင်း ပင် ကွယ်လွန် သွားရ ရှာသည် ။ ဤသည် မှာ ဇာတ်လမ်း ဖြစ်သည် ။ ဤမျှ သော ဇာတ်လမ်းကလေး တွင် စူးစူးရှရှ ရသ ပါဝင် နေအောင် ဖွဲ့ရခြင်း သည် ဝတ္ထုတို အတတ်ပညာ ၏ ခက်ခဲမှု ပင် ဖြစ် သည် ။ ညိုမင်းဝေ သည် ထို စွမ်းရည် ကို ပြ နိုင်သည် ။

ဤ ဝတ္ထုတို တွင် လွှမ်းမိုး နေသော အချက် နှစ်ခု ရှိ သည် ။ ပထမ အချက် မှာ လူထုဆက်သွယ်ရေး ဆေးပညာ အားနည်းမှု ကြောင့် လူတိုင်း မသိကြဘဲ ဖြစ် နေသော နှလုံး ရောဂါ ၏ လက္ခဏာ နှင့် ဖြစ်ပွားပုံများ ဖြစ်သည် ။ ဒုတိယ အချက် မှာ လေးဦး သော မိသားစု တို့ ၏ ချမ်းမြေ့ ကြည်နူးဖွယ် ကောင်းလှသော မေတ္တာဖွဲ့ ဖြစ်သည် ။ ပထမ အချက် မှာ သုတ ဖြစ်၍ ဒုတိယ အချက် မှာ ရသ ဖြစ်သည် ။

ဤသို့ ခွဲခြား ပြလိုက်ရ သော်လည်း ဝတ္ထု ထဲ တွင် မူ မကွဲမပြား တစ်သားတည်း ဖြစ် နေသည် ။ သုတ ကို မှတ်ယူ လိုက်မိ သကဲ့သို့ ရသ ကို လည်း တစ်ပြိုင်တည်း ခံစား နေ ရသည် ။

ထိုကဲ့သို့ တစ်သားတည်း ဖြစ် နေအောင် ညိုမင်းဝေ မည်ကဲ့သို့ ဖွဲ့သနည်း ။ ကျွန်တော် တတ်စွမ်းသမျှ လေ့လာ တင်ပြ လိုပါသည် ။

စာရေးသူ ညိုမင်းဝေ က ညီမလေး ဆရာဝန် တိုးတိုး ၏ ရှုထောင့် မှ ဇာတ်ကြောင်း ကို ပြောသည် ။ တိုးတိုး ၏ အတွေးစဉ် ကို သိခွင့် ယူ၍ ရေးဖွဲ့သည် ။ တိုးတိုး က ဆရာဝန် ဖြစ်နေသော ကြောင့် နှလုံးရောဂါ ၏ လက္ခဏာများ အကြောင်း ကို သိနေသည် ။ သူ သိနေသည် ကို စာဖတ်သူ အား တိုက်ရိုက် မပြော ။ သုတ အဖြစ် မပြော ။ သူ့ ဘာသာ သူ ကျိတ်ပြီး ခံစား နေရသော စိတ် ဒုက္ခ အဖြစ် တင်ပြသည် ။ ထို့ကြောင့် သုတ သည် ရသ အဖြစ် သို့ လုံးဝ ပြောင်း သွား ရသည် ။

တိုးတိုး က မမကြီး နှလုံးရောဂါ ဖြစ် နေကြောင်း သိသော အခါ အားပေး စကား ပြောသည် ။ ပြော နေရင်း တွေး နေ မိ ပြန်သည် ။ ရေးသွားပုံ ကို ကြည့်ပါ ။

••••• ••••• •••••

“ မမကြီး ဘာမှ မကြောက်နဲ့ နော် ၊ အငြိမ်းစား နေဖို့ ကံ ပါလို့ နှလုံးရောဂါ ရ လာတာ သိလား ၊ ဒီတစ်ခါ ညီမတွေ က လုပ်ကျွေးရမယ့် အလှည့်ပဲ ၊ ဇိမ် နဲ့ သာ ထိုင်နေပေတော့ ၊ အမောတော့ ခံလို့ မဖြစ်ဘူးနော် ၊ သိလား ” ဟု ပေါ့ဆဟန် နှင့် သူ မရိပ်မိ အောင် ပြောရလေသည် ။ တစ်ဖက်တွင် မူ “ ဪ .. သူ ဟိုတုန်း က အဆစ်အမြစ် ကိုက်တယ် လို့ ပြော တော့ အမေ တို့ က လင်နမင် လိမ်း ၊ မိတ်သလင် လိမ်း ၊ ထင်းရူးဆီလိမ်း နဲ့ ပေါ့ပေါ့တန်တန် တွေးခဲ့ကြတာ ကို ၊ သူ လည်ချောင်း နာတယ် လို့ လဲ ပြောဖူး မှာ ပဲ ထင်တယ် ၊ ဖုန် ဝင်လို့ ဆိုပြီး အမှတ် မထင် တွေးခဲ့ကြမှာပဲ ၊ ပင်နင်စလင် စားဆေး နဲ့ ကာကွယ်ရတယ် ဆိုတာလဲ သိခဲ့ကြ မှာ မဟုတ်ပါဘူး ” ဟု တွေးမိ လေသည် ။

••••• ••••• •••••

သုတ နှင့် ရသ တစ်သား တည်းပေါင်းစပ် ၍ ရသ အဖြစ် ပြောင်းသွား အောင် ညိုမင်းဝေ လုပ်လိုက်ပုံကလေး ကို စာဖတ်သူ သတိပြု မိ ပါလိမ့်မည် ။ တွေးသော လေသံလေး တွင် ကရုဏာ အပြည့် ၊ ကြေကွဲမှု အပြည့် ပါနေခြင်းသည် ရသ အတွက် အလွန် အရေးပါ အရာရောက် သည် ဟု ထင်မိပါသည် ။

နောက်ဆုံး မမကြီး ၏ နိဂုံးခန်း တွင် ရေးဖွဲ့ပုံ မှာ လည်း နှစ်လိုဖွယ် ၊ ကြေကွဲဖွယ် ရှိပါပေသည် ။ တိုးတိုး မှာ အစ်မကြီး အရင်း ဖြစ်နေ၍ စိတ် ချောက်ချား နေသောကြောင့် မိတ်ဆွေ ဆရာဝန်များ က ဝိုင်းဝန်းကုသ ပြုစု ကြရသည် ။

••••• ••••• •••••

        ဦးနှောက် တွင် အောက်ဆီဂျင် မရ သဖြင့် ခြေလက်များ သည် တုန်ယင်၍ အကြော ဆွဲ နေ ပေသည် ။ သည် တစ်ခါ သူ့ အသက် ကို ကယ်ဖို့ အတွက် အလိုအပ်ဆုံး အောက်ဆီဂျင်ဘူး မှာ သည် မြို့နယ်ဆေးရုံ တွင် လုံးဝ မရှိ ။ အပြေးအလွှား ရောက် လာသော သူငယ်ချင်း ဆရာဝန်များ က မိမိ ကိုယ်စား သူ့ အား အတတ်နိုင်ဆုံး ပြုစု ကြလေသည် ။

        နှလုံးသား စစ်မြေပြင် တိုက်ပွဲ အတွက် သူရဲကောင်းများ ရောက်ရှိခဲ့ ပေပြီ ။ သို့သော် လည်း သည် တစ်ခါ နှလုံးသားတိုက်ပွဲ တွင် စစ်ဦးစီးမှူး ဖြစ်ခဲ့သူ ကိုယ်တိုင် မှာ အရှုံး ပေး ရတော့မည် နောက်ဆုံး တိုက်ပွဲ ဖြစ်တော့မည် ကို တိုးတိုး နားလည် လိုက် ပါသည် ။ ငြိမ်းခါနီး ဆီမီးတိုင် လို ယခင် နေ့များ က လူကောင်း ပမာ နေပြခဲ့ဟန် တူ ပါသည် ။

        နှလုံးခုန်သံ သည် မြင်းခွာသံများ တပ် နှင့် ချီလာ သကဲ့သို့ ဆူညံကာ မူ မမှန် တော့ပေ ။ မရဏစစ်သည် တို့ သည် အောင်စည် အောင်မောင်း တီးကာ အောင်လံ လွှင့်၍ လာခဲ့ချေပြီ ။

••••• ••••• •••••

နှလုံးခုန်သံ ကို မရဏ စစ်သည် တို့ ၏ မြင်းခွာသံ နှင့် ထပ်တူ ပြု ရေးဖွဲ့ လိုက်ပုံ မှာ ဖတ်ရသူ အဖို့ ရင်မောစရာ ဖြစ်လာ ပါပေသည် ။ ထို့ပြင် ဝတ္ထုခေါင်းစဉ် ဖြစ်သော “ နှလုံးသား တိုက်ပွဲ ” ဟူသော စကား ကို လည်း ပြက်ပြက်ထင်ထင် ပေါ်လွင် စေလှပါသည် ။

ယင်းသို့ ယင်းသို့သော အကြောင်းအရာ အထွေထွေ ကို ရေးသား ပြီးသည့် နောက် ကျွန်တော့် ရင်နှလုံး ကို ထိခိုက်စေဆုံးသော ဇာတ်ကွက်ကလေး တစ်ခု ကို ပြောချင် ပါ သေးသည် ။ အချစ်ဆုံး အကွက်ကလေး မို့ ရှေ့ပိုင်း တွင် မပြောရက် သဖြင့် နောက်ဆုံး အတွက် တမင် ချန်ထားခဲ့ပါ သည် ။ ယခု မှ ပြောရပါတော့မည် ။

••••• ••••• •••••

        တစ်နေ့ တွင် တိုးတိုး က သူ့ ကို အမှတ်မထင် လှည့် ကြည့် လိုက်ရာ သူ သည် တိုးတိုး ကို ကန်တော့ နေသည် ကို တွေ့ရ လေသည် ။ သူ သည် တိုးတိုး ကို မြင်၍ ရှက် သွားသည် ။

“ ငါ က နင် မသိအောင် ကန်တော့ တာ ၊ တိုးတိုး က ငါ့ ရဲ့ အသက်သခင် ကျေးဇူးရှင် မဟုတ်လား ၊ မိသွားတော့ ငါ ရှက်တာပေါ့ ”

••••• ••••• •••••

ဝတ္ထုတွေ ကို စူးစမ်းရင်း ဖတ် နေလေ့ ရှိသော ကျွန်တော် အောင်သင်း သည် ပင်လျှင် ထို နေရာ သို့ ရောက်လာသော အခါ ဆက် ပြီး မဖတ်နိုင် လောက် အောင် ရင် ထဲ မှာ ဆို့နင့် သွားပါသည် ။

••••• ••••• •••••

“ မလိုပါဘူး မမကြီး ရယ် ၊ မကန်တော့ပါ နဲ့ ၊ တိုးတိုး က အငယ် ပဲ ၊ လုပ်ရမှာ ပေါ့ တိုးတိုး  ကျောင်း နေတုန်း က မမကြီး က ကျောင်း သွား ကာနီး အဝတ်တွေ မီးပူတိုက် ပေးတာ တွေ ၊ ဟင်းချက် ပေးတာ တွေ ကို တိုးတိုး က ကျေးဇူး ပြန် ဆပ်တာပေါ့ ”

••••• ••••• •••••

ထိုကဲ့သို့ တိုးတိုး က ပြန် ပြော လိုက်သည့် စကားများ ကို ဆက်ပြီး ဖတ် နေ သော်လည်း စိတ်အာရုံ တွင် မကြားနိုင် တော့ဘဲ “ နင် မသိအောင် ကန်တော့တာ ၊ မိသွားတော့ ငါ ရှက်တာပေါ့ ” ဟူသော ကျော့ကျော့စိုး ၏ အသံသာ လျှင် နား ထဲ တွင် တရစ်ဝဲဝဲ မြည် နေပါတော့သည် ။

ထို အကွက်ကလေး သည် စိတ်ကူး ဖြင့် ဖန်တီးသော အကွက် မဟုတ်နိုင်ပါ ။ တကယ့် ဖြစ်ရပ် မှန်ကြောင်း သိသာ လှပါသည် ။ ထို အကွက်ကလေး တစ်ခု ကြောင့် ပင် ကျော့ကျော့စိုး ၏ သိမ်မွေ့ နူးညံ့မှု ၊ မေတ္တာတရား ကြီးမားမှု ၊ ကျေးဇူးတင်တတ်မှု စသည် စသည် တို့ ကို ပေါ်လွင် စေသည့် ပြင် ညိုမင်းဝေ က ထည့် မပြောပါ ဘဲ လျက် ချစ်စဖွယ် ၊ သနားစဖွယ် ၊ စင်ကြယ် ကြည်ညိုဖွယ်ရာ ရှက်ပြုံးကလေး ကို အလိုလို မြင်ယောင် လာ စေပါသည် ။

ထို ဝတ္ထု ကို ဖတ် နေရင်း ကျွန်တော် သည် မကျော့ကျော့စိုး အား ချီးကျူး နေမိသည် ။ ချစ်ခင် နေမိသည် ။ သနား နေမိသည် ။ သူတို့ ၏ မေတ္တာဝန်းကျင် ကို လည်း အနုမောဒနာ ပြု နေမိသည် ။ မုဒိတာစိတ် ပွား နေမိသည် ။ ဤသို့ ခံစား နေရသည် ။

ဤသို့ ခံစားနေရခြင်းမျိုး ကို မှ ရသ ဟု မခေါ် လျှင် ... ။

◾အောင်သင်း

📖 သဘင် မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၈၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment