Tuesday, May 21, 2024

စာပေဟောပြောပွဲ မှာ ကြော်ငြာ ဝင်သွားခြင်း


 

❝ စာပေဟောပြောပွဲ မှာ ကြော်ငြာ ဝင်သွားခြင်း ❞

ကြံကြံဖန်ဖန် စာပေ ဟောပြောပွဲ မှာ ကြော်ငြာ ဝင်တယ်ရယ် လို့ ဟု ပြောကြမည် ထင်သည် ။ ရုပ်မြင်သံကြား မှာ သာ ရုပ်ရှင် ပြ နေစဉ် ကြော်ငြာ ဝင်တယ် လို့ ကြားဖူးပါတယ် ဟု ပြောကြမည် ထင်သည် ။ စာပေ ဟောပြောပွဲ မှာ ကြော်ငြာဝင် လို့ မရလို့ ထင် နေကြ၍ ဖြစ်သည် ။ စာပေ ဟောပြောပွဲ မှာ ကြော်ငြာ ဝင်လို့ ရပါသည် ခင်ဗျား ။ တကယ့် ကို ရပါသည် ။

၉ - ၁၂ - ၂၀၀၂ နေ့ က ဂွမြို့ ၊ အထက ကျောင်းဝင်း ထဲ မှာ ပြုလုပ်သည့် စာပေ ဟောပြောပွဲ မှာ စာရေးဆရာ ၊ ဆရာမတွေ ရဲ့ ဟောပြောမှု တွေ ကို ပရိသတ် က စောင့်စား နေကြစဉ် ကြားဖြတ် အစီအစဉ် တစ်ခု ရုတ်တရက် ဝင် လာပြီး ကြော်ငြာ ဝင် သွားခြင်း ဖြစ်ပါသည် ။ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုယ်တိုင် စာပေ ဟောပြောပွဲ စင်ပေါ် တက် လာပြီး ကြော်ငြာ သွားခြင်း ဖြစ်ပါသည် ။ သူများ ပြော လျှင် ယုံမည် မဟုတ်ပါ ။ ကိုယ်တိုင် ကြုံ လိုက်ရ လို့ ယုံပါတော့သည် ။

ထိုနေ့ က ဆရာကြီး လင်းယုန်မောင်မောင် အမှတ်တရ ကျောက်စာ ဖွင့်ပွဲ သို့ တက်ရောက် ခဲ့ကြသည့် ဆရာ မောင်ပေါ်ထွန်း ၊ ဆရာ အီကြာကွေး ၊ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ ဆရာ ကောက်နွယ် ( ကနောင် ) ၊ ဆရာ သန်းဆွေသစ် ( ဓနုဖြူ ) ၊ ဆရာ သီဟသစ် ( ဓနုဖြူ ) ၊ ဆရာ မောင်ညိုအေး ( ပန်းတော ) ၊ ဆရာမ သန်းမြင့်အောင် ၊ ဆရာမ ခင်ပန်းနှင်း နှင့် ကိုအဏ္ဏဝါ တို့ သည် ဆရာကြီး လင်းယုန်မောင်မောင် ၏ သားကြီး ကိုဇေယျာ ၊ ဂျာမဏီနိုင်ငံသား မစ္စတာဂျေကို တို့ နှင့် အတူ စာပေ ဟောပြောပွဲ စင်မြင့် ရှေ့က ရှေ့ဆုံး ခုံတန်း မှာ ထိုင် နေကြသည် ။ စာရေးဆရာ တွေ ထဲ မှာ ဆရာဟိန်းလတ် နှင့် ဆရာဆွေမင်း ( ဓနုဖြူ ) တို့ သည် သူတို့ အလုပ်တွေ အရေးကြီး လို့ ဆိုပြီး ဂွမြို့ ကို လိုက် မလာကြတော့ဘဲ ရန်ကုန် ကို ပြန်သွား ကြ သဖြင့် စာပေ ဟောပြောပွဲ မှာ ကြော်ငြာ ဝင်သွားတဲ့ ထူးဆန်းသည့် ဖြစ်ရပ် ကို မြင် မသွားရ ဖြစ်သွားသည် ။

စာပေဟောပြောပွဲ အစီအစဉ် အရ မြို့နယ်မှူး ဦးဝတင် မှ အဖွင့် အမှာစကား ပြောကြားမည် ။ ဆရာကြီး လင်းယုန်မောင်မောင် အထိမ်းအမှတ် ကျောက်စာ အလှူရှင် မောင်ကျော်စိုးလင်း ( စိုးလင်းထွဋ် ) က ကိုယ်တိုင် ရေးစပ်သည့် ( နောက်ဆုံး ပျံသန်းခြင်းပုံရိပ် ) ကဗျာ ကို ကိုယ်တိုင် ရွတ်ဖတ်မည် ။ ကိုအဏ္ဏဝါ က လည်း စာရေးဆရာ ၊ ဆရာမတွေ နဲ့ ပရိသတ် ကို မိတ်ဆက် ပေးပြီး ကိုယ်တိုင် ရေးစပ်သည့် ( မော်ကွန်းသက်သေ တည်ပါစေ ) ကဗျာ ကို ကိုယ်တိုင် ရွတ်ဖတ်မည် ဖြစ်သည် ။ ပြီးလျှင် အစဉ်အတိုင်း ဟောပြော ကြမည့် ဆရာမ ခင်ပန်နှင်း ၊ ဆရာမ သန်းမြင့်အောင် ၊ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ နောက်ဆုံးမှာ ဆရာ အီကြာကွေး တို့ ဟောပြော ကြမည် ဖြစ်သည် ။

အစီအစဉ်အရ ဦးဝတင် အဖွင့်စကား ပြောကြားရန် အတွက် အခမ်းအနားမှူး က မိုက်ကရိုဖုန်း ကိုင် လိုက်စဉ် မှာ ပင် တာဝန်ရှိ သူ ဟု ယူဆရသည့် ပုဂ္ဂိုလ် တစ်ယောက် ခပ်သုတ်သုတ် လှမ်း သွားပြီး အခမ်းအနားမှူး ကို တစ်စုံတစ်ခု သွား ပြောသည် ။ အခမ်းအနားမှူး အမျိုးသမီး သည် ခေတ္တ ကြောင် သွားပြီး နောက် တော့ မှ နားလည်ကြောင်း ခေါင်းညိတ် ပြတာ တွေ့ လိုက်ရသည် ။ ချက်ချင်းပင် အခမ်းအနားမှူး က ကြားဖြတ် အစီအစဉ် တစ်ခု ကို ကြော်ငြာသည် ။

“ ဂွမြို့ က စာပေချစ်သူ ၊ စာချစ်သူ ပရိသတ်ကြီး ရှင် ၊ ရန်ကုန်မြို့ က ခေတ္တ ရောက်ရှိ လာတဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီရန်အောင် က မိတ်ဆက် စကား ပြောပါလိမ့်မယ် ရှင် ”

စာပေ ဟောပြောတာ ကို နားထောင်ဖို့ ထိုင် နေကြတဲ့ နောက်ပိုင်း က ပရိသတ်တချို့ နှင့် ပွဲဈေးတန်း က ပရိသတ်တွေ ဟာ ပျားအုံ ကို ခဲ မှန် သွား သလို ပြိုကျ ပဲ့ထွက် သွားပြီး ဟောပြောပွဲ စင်မြင့် နှင့် အနီးဆုံး နေရာ ကို ရောက်အောင် ပြေးသွား ကြသည် ။ မကြာမီ အင်္ကျီလက်ရှည် အနီ ၊ ဘောင်းဘီရှည် အနက် ကို ဝတ် ထားသည့် ရုပ်ရှင်မင်းသား ရန်အောင် သည် အခြွေအရံ တွေ ဝန်းရံပြီး ဟောပြောပွဲ စင်မြင့် ကို လျှောက် လာသည် ။ စင်မြင့် ပေါ် ကို မင်းသား ရန်အောင် တစ်ယောက် တည်း တက် သွားပြီး စကားပြော ခုံလေး ပေါ် က မိုက်ကရိုဖုန်း ရှေ့ မှာ ရှက်သယောင် အမူအရာ ဖြင့် ရပ် နေပါသည် ။ စက္ကန့် အတန်ငယ် ကြာတော့ မှ စကား ပြောသည် ။ ပြော သွားသည့် စကားတွေ ကို အားလုံး မမှတ်မိတော့ သော်လည်း မှတ်မိ သလောက် က တော့ ( ဂွမြို့က လူတွေ နဲ့ အခုလို တွေ့ရတာ ဝမ်းသာကြောင်း ၊ အခုလို စင်ပေါ်  တက်ပြီး စကား မပြောဖူး လို့ စကား မပြောတတ် တာ ကို ခွင့်လွတ်ကြစေလိုကြောင်း ၊ ဂွမြို့ လူထု အတွက် မင်းထက်သာ သောက်ရေသန့် ရနိုင်ပြီ ဖြစ်ကြောင်း ၊ ဂွမြို့ အတွက် တစ်ဦးတည်း ကိုယ်စားလှယ် ဦး ...... ကို ပေးထားပြီး ဖြစ်ကြောင်း ၊ မင်းထက်သာ သောက်ရေသန့် ကို ဝယ်ယူ သောက်သုံးကြပါ လို့ မေတ္တာရပ်ခံကြောင်း ) ပြောပြီး ဟောပြောပွဲ စင်မြင့် ပေါ် က ပြန် ဆင်းသွား ပါသည် ။

ရုပ်ရှင်မင်းသား ဆိုတာ စာရေးဆရာ ရေး တဲ့ ဝတ္ထုဇာတ်လမ်း ထဲ က ဇာတ်ကောင်စရိုက် နဲ့ တူအောင် ဒါရိုက်တာ သင်ပြ ပေးတဲ့ အတိုင်း သရုပ်ဆောင် ရ သူ ဖြစ်လို့ စာရေးဆရာတွေ ကို တလေးတစား နဲ့ အလေးထား ပြီး နှုတ်ဆက် လိမ့်မည် ဟု ထင်ခဲ့ မိသည် ။ စာပေ ဟောပြောပွဲ စင်ရှေ့ က ရှေ့ဆုံးတန်း မှာ တန်းစီပြီး ထိုင်ကြသည့် စာရေးဆရာ တွေ ထဲ က ပုဂ္ဂိုလ်ရေး အရ မူလ က ပင် ခင်မင် ရင်းနှီးပြီး ဖြစ်ဟန် တူသည့် ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) တစ်ယောက် ကို ပဲ နှုတ်ဆက်သည် ။ ကျန်တဲ့ စာရေးဆရာ ၊ ဆရာမတွေ ကို လှည့် ကြည့်ဖော် မရဘဲ သူ့ ကား ရှိရာ ကို ထွက်ခွာ သွားလေ တော့သည် ။ ဒီတော့ မှ ပဲ ပဲ့ကျ ပြိုပျက် နေသည့် ပရိသတ် သည် လည်း နဂို အတိုင်း ပြန် ဆက်ပြီး ပုံမှန် ပြန် ဖြစ်သွား လေတော့သည် ။

စာပေ ဟောပြောပွဲ ကို အစီအစဉ် အတိုင်း ဆက်လက် ကျင်းပသည် ။ အဖွင့်စကား ပြောကြားသည့် မြို့နယ်မှူး ဦးဝတင် သည် ပရိသတ် မကြောက်သော စကားပြော ကောင်းသူ ဖြစ်ပါလျက် နဲ့ ဒီနေ့ တော့ ဘာကြောင့်မှန်း မသိ စိတ် လှုပ်ရှား ပြီး အိုးနင်းခွက်နင်း ဖြစ်နေသည် ။ လမိုင်း မကပ် ၊ မုဒ် မဝင် ဖြစ်သည် ။ နားထောင် နေကြသည့် စာရေးဆရာတွေ နှင့် ပရိသတ် က သတိထား မိ နေသည် ။

အစီအစဉ် ( ၂ ) အရ စင် ပေါ် တက် ရမည့် မောင်ကျော်စိုးလင်း က လည်း သူ ကိုယ်တိုင် ရေးစပ်သည့် ကဗျာ ကို ဖတ်ကြားရာ တွင် ကျိန္တလီရွာ က ရမာကျွန်း မှာ ဖတ်တုန်း က လောက် စိတ်ပါ လက်ပါ မရှိလှဘဲ အသက် မပါ ဖြစ်နေသည် ။

ကိုအဏ္ဏဝါ သည် လည်း သူ ၏ ကဗျာ ကို ဖတ်ကြား ရာ တွင် ရမာကျွန်း မှာ တုန်း က လို ဖိလင် မဝင် ၊ ရသ မမြောက် ဖြစ်နေသည် ။ စာပေ ဟောပြောပွဲ မှာ အခွင့် သာ ခိုက် ဘာ ကြော်ငြာ လိုက်ရလျှင် ကောင်းမလဲ ဟု စဉ်းစား နေ၍ ဖြစ်မည် ။ စာရေးဆရာ ၊ ဆရာမတွေ နဲ့ ပရိသတ် ကို မိတ်ဆက် ပေးတဲ့ အခါ ကုသိုလ် လည်း ရ ဝမ်း လည်း ဝ ဖြစ်အောင် ဆရာမ သန်းမြင့်အောင် ကို အထူးရှယ် ကြော်ငြာ ပေး လိုက်သည် ။

“ အခု မတ်တတ် ရပ် ပြ နေတာ ဆရာမ သန်းမြင့်အောင် ပါခင်ဗျာ ။ ဟောလီဝုဒ် ရုပ်ရှင် သရုပ်ဆောင် မင်းသမီး ဂူဘီဂိုလ်းဘတ် နဲ့ ရုပ်ချင်း ဆင် ပါတယ် ။ ခင်ဗျားတို့ ဂွမြို့ က လူတွေ သေ လို့ အသုဘ စရိတ် မတတ်နိုင် ရင် ဒီဆရာမ ကို အားကိုးကြပါ ။ ဗြဟ္မစိုရ် နာရေး ကူညီမှုအသင်း ရဲ့ အမှုဆောင် ပါ ။ ရုပ်ရှင်မင်းသား ကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် ကို မောင်း ပို့ ပါတယ် ။ ဆရာမ က နိဗ္ဗာန်ယာဉ် က စပယ်ယာမ ပါ ။ စပယ်ယာ လေသံ နဲ့ လည်း အော်တတ်ပါတယ် ။ ဟိုးထား ... ကိုကျော်သူ ရေ ၊ နောက် တစ်လောင်း လိုက်ဦးမယ် ။ အတော် ဆင်းရဲတယ် နဲ့ တူတယ် ... လိုက် ပို့မယ့် သူ တောင် မရှိလို့ ကိုယ့် အလောင်း ကိုယ် ထမ်း လာတယ် ။ ကဲ ... မြန်မြန်လေး တက် ။ ဆွဲဆရာ ရေ့ ။ ကဲ ... အစ်ကို တို့ ၊ အစ်မ တို့ နိဗ္ဗာန်ယာဉ် ပေါ် ရောက် ရင် ကူးတို့ခလေး တွေ ကို ပါးစပ် ထဲ က ထုတ်ထားကြ ။ ပါးစပ် ထဲ က နှိုက်ပြီး မယူပါရစေ နဲ့ ။ အသုဘ စရိတ် မတတ်နိုင်ဘူး ဆိုပြီး ဖဲဝိုင်း က ရတဲ့ အကောက် ကျ တော့ မိန်းမ နောက်လင် နဲ့ စားဖို့ ထား ပစ်ခဲ့တယ် ။ နာရေးကူညီမှုအသင်း ကို မလှူဘူး ။ နောက်ထပ် လိုက်မယ့် အလောင်း မရှိရင် ရေဝေး ကို ရောက်အောင် နင်းထား ။ အဲဒါ ဆရာမ ရဲ့ နေ့စဉ် အော်နေကျ အသံပါ ခင်ဗျာ ”

ပရိသတ် က ဆရာမ ကို ချစ်ခင် လေးစား လို့ တသောသော ရယ်မော ကြသည် ။ ဇာတ်ပွဲ သာ ဆို လျှင် ပတ်တုတ် ယူရမည် ဖြစ်သည် ။ ကိုအဏ္ဏဝါ ၏ အလှည့် ပြီး တော့ ဆရာ ဆရာမ တွေ တစ်ယောက် ပြီး တစ်ယောက် ဟော ကြသည် ။ နောက်ဆုံး ပွဲသိမ်း ဟောရန် စင်ပေါ်  တက် လာသည့် ဆရာ အီကြာကွေး သည် ဘာ ကို ဖီးလ် ဝင်လာသည် မသိ ၊ ခပ်တည်တည် ပြော တော့သည် ။

“ ကျွန်တော့် စာပေ သက်တမ်း တစ်လျှောက် နှစ်ပေါင်း ငါးဆယ် ကျော် လောက် မှာ စာပေ ဟောပြောပွဲပေါင်း သောင်း နဲ့ ချီပြီး ဟောခဲ့ဖူးပါပြီ ။ စာပေ ဟောပြောပွဲ မှာ ကြော်ငြာ ဝင် တာ တော့ ဒီ တစ်ခါပဲ ကြုံဖူးပါ သေးတယ် ။ အဲဒီတော့ ကျွန်တော် လည်း အခွင့် သာတုန်း အားကျ မခံ ကြော်ငြာပါရစေ ။ ဂွမြို့သူမြို့သားတွေ ဒီနေ့ က စပြီး အီကြာကွေး ကို နေ့စဉ် စားကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား ”

၉ - ၁၂ -၂၀၀၂ နေ့ က ဂွမြို့ အထက ကျောင်းဝင်း ထဲ မှာ ပြုလုပ် ခဲ့သည့် ဆရာကြီး လင်းယုန်မောင်မောင် အမှတ်တရ စာပေ ဟောပြောပွဲ သည် လက်ခုပ်သံ တဖြောင်းဖြောင်း ဖြင့် အောင်မြင်စွာ ပြီးစီး သွားခဲ့ပါသည် ။ ဆရာကြီး ကွယ်လွန် သွားတာ ၂၅ - ၅ -၂၀၀၃ နေ့ ဆို လျှင် တစ်နှစ် ပြည့်ပါပြီ ။ ဆရာကြီး ကောင်းရာ သုဂတိ ရောက်ပါစေ ဟု ဆုတောင်း လိုက်ပါသည် ။

◾အဏ္ဏဝါစိုးမိုး

📖 သောကြာ မဂ္ဂဇင်း
       စက်တင်ဘာလ ၊ ၂ဝဝ၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment