Monday, May 6, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၃ )


 ဖျတ်ခနဲ လန့် နိုးလာသည် နှင့် မျက်လုံး ကို ဖွင့် ကြည့်မိသည် ။ အခန်းကလေး က မှောင် နေဆဲ ။


“ အား ... ကျွတ် ... ကျွတ် ”


ခေါင်း က အုံခဲ နေသည် မို့ မျက်လုံး ပြန် မှိတ်လိုက်ရသည် ။ နောက်မှ သတိရ ပြီး နာရီ လှမ်း ကြည့်လိုက်တော့ ...


“ ဟာ ”


နာရီလက်တံ က ဆယ်နာရီ စွန်းစွန်း ကို ညွှန်ပြ နေလေပြီ ။ 


“ ဟာ ... သွားပြီ ... သွားပြီ ”


ကား ထွက်ရမှာ က နံနက် လေးနာရီ ၊ ပဲခူး မှာ မှ နံနက်စာ စားမည့် အစီအစဉ် ၊ ကိုက် နေသော ခေါင်းကိုက်ကိုက်ကြီး နှင့် ခေါင်းနားပန်း ကြီး တက် လာသည် ။ အခန်း ထဲ ဝေ့ ကြည့် လိုက်တော့ ... 


“ အလွမ်းမမပ န်းမမရယ် ... မမပန်း မကြိုက်မှန်း ... 

ဟမ်း ... ဟမ်း ”


ဒဒွေးသုံးလုံးကျော်ကို က အိပ် နေရာ မှ ပင် ယောင်ပြီး သီချင်း ငြီး နေသေး၏ ။ ကျွန်တော် က သာ မနေနိုင်တော့ဘဲ ကမန်းကတန်း ထ ပြီး ...


 ”ဆရာ ... ဆရာ ” 


“ တစ်ခွက် ထပ် ငှဲ့စမ်းကွ ”


“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ၊ အား .. ထ ... ထ မြန်မြန် ထ ဆရာ ”


“ ဘာလဲ ... ကောင်မလေးတွေ ဝင် လာပြီလား ” 


“ ဟုတ် ... အာ ... ဘယ့်နှယ် ကောင်မလေးတွေ ဝင်လာ မှာ လဲ ၊ ဒုက္ခ တော့ ရောက်ပြီဗျ ”


ကျော်ကို ခေါင်း အနည်းငယ် ထောင် လာ၏ ။


“ ဘာဖြစ်လို့လဲ ... ပိုက်ဆံ မလောက်လို့လား ၊ နောက် တစ်ခေါက် လာ မှ ရှင်းမယ်လို့ ပြောလိုက် ၊ မင်းသားပြုတ် ပါ ကွ ၊ ပြော မရ ရင် တော်လှန်ပစ် မှာ နော် ”


“ တော်လှန် တာ က နောက် မှ တော်လှန် ၊ အခုက ကား ထွက်ဖို့ နောက်ကျ ကုန်ပြီ ”


“ ဟေ ”


ကျော်ကို စိုင်း နေသော ခေါင်း အနည်းငယ် မတ်သယောင် ပြုသည် ။


“ အခု ဘယ်နှနာရီလဲ ”


“ ဆယ်နာရီ ဆရာ ၊ ဆယ်နာရီ ” 


မျက်မှောင် ကျုံ့သွားသည် ။ 


“ ထွက်ရမှာ က ဘယ်နှနာရီ လဲ ”


“ မနက် လေးနာရီ ဆရာ ၊ မနက် လေးနာရီ ”


ကျော်ကို တစ်ချက် သမ်း လိုက်သည် ။ သွေးအေး နေတုန်း ။ 


“ ခြောက်နာရီ ပဲ စွန်းသေးတာပဲ ၊ ရပါတယ် ”


သူ က သာ ရတယ် ပြော နေတာ ကျွန်တော် က မြင့်စန်းရီ တို့ အရှေ့ ဘယ်လို မျက်နှာမျိုး နှင့် ရင်ဆိုင်ရမည် မသိတော့ ။ တစ်ခါ ပါ တစ်ခါ မှား ပြန်ပြီ ။ ဆောင့်ကြောင့် ထိုင် ရင်း ခေါင်း သာ ဖိ ကုတ် နေမိ တော့သည် ။


ကျွန်တော့် ကို ကြည့် ၍ ကျော်ကို က ... 


“ မင်း ဘာဖြစ်နေတာလဲကွ ”


ကျွန်တော် ဘာမှ ပြန် မဖြေမိ ။ ငို သာ ငို ချင် နေသည် ။ ကျော်ကို က ကျွန်တော် ကုတ် နေသော ခေါင်း ကို လာ ပွတ်ပြီး ... 


“ စိတ် မပူပါနဲ့ကွ ၊ ငါ ဖြေရှင်းမှာပါ ”


“ တကယ် ... တကယ်နော် ဆရာ ”


ကျွန်တော် အားတက် သွားသည် ။ ကျော်ကို က ပြုံးပြီး ... 


“ ခေါင်းဆောင်ကောင်း ဆိုတာ ကိုယ် လုပ်တဲ့ အလုပ် ကို ကိုယ် တာဝန် ယူရဲရတယ်ကွ ၊ ဘာမှ စိတ်မပူနဲ့ ၊ မင်း ရဲ့ အရှေ့ မှာ ဟောဒီ က မင်း ဆရာ မားမားမတ်မတ် တာဝန်ယူ ဖြေရှင်း ပေးမယ် ၊ ဖြစ်လာ သမျှ အကောင်းအဆိုး အကြောင်းအကျိုး တွေ ကို ဟောဒီ က မင်း ဆ ရာက ရှေ့ က နေ ပိတ် ကာပြီး တာဝန် ယူ သွားမှာပါ ”


ကျော်ကို က သူ့ ရင်ဘတ် မဲမဲပြားပြားကြီး ကို တဖောင်းဖောင်း ရိုက် ရင်း ပြောသည် ။


သူ့ ကို ကြည့်၍ ကျွန်တော် လွန်စွာ အားတက် သွားသည် ။ သူ့ ပုံစံ က မြန်မာဗီဒီယို တော်လှန်ရေး ကား ထဲ က နောက်ဆုံးခန်း က မင်းသား လို အားလုံး ကို အပြုတ် နှံ တော်လှန် တော့မည့် ပုံ ။ ရုပ် ကို က ပြောင်းတို တစ်လက် ၊ ပြောင်းရှည် တစ်ဖက် နှင့် ရန်သူ့ ကျည်ဆံ ကြား ဇွတ် ပြေးသွားမည့် ပုံစံ မျိုး ၊ ရင် ကို တစ်ဖက် စောင်း ကော့၍ မျက်နှာ ကို မဲ့ ထား၏ ။ ဒီပုံ မျိုး မြင်တော့ မြင် ဘူးတယ် ။ ဒီမှာ မဟုတ်တာ တော့ သေချာသည် ။


“ ဒါ ... ဒါဆို သွားကြရအောင် ဆရာ ”


“ အေး ... မင်း ငါ့ နောက် က သာ လိုက်ခဲ့ပါ ”


အပြင် တံခါး တွန်း ဖွင့် လိုက်သည် နှင့် နေရောင် က မျက်လုံး ကို ကျိန်းစပ် စေသည့် အပြင် ကိုက် နေသော ခေါင်း ကို အထွတ်အထိပ် ပို့ဆောင် ပေးသည် ။


ဒဒွေးသုံးလုံး ကျော်ကို ၏ ခြေလှမ်း က ရဲ၏ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment