❝ ကိုသတိ ❞
“ ဟေး ဟေး ဟေး .... ဟေး .... ဟေး .... ”
ကျွန်တော် သည် တစ်နံနက်ခင်း တွင် ဗဟန်းကြားတောရလမ်း အတိုင်း အရှေ့ သို့ လမ်းလျှောက် သွားစဉ် ၊ အထက်ပါ အတိုင်း နောက် က နေ၍ တဟေးဟေး နှင့် အော်သံ ကို ကြားရပါသည် ။ မည်သူ အော်သည် ၊ မည်သူ ခေါ်သည် မသိ သဖြင့် ကျွန်တော် လှည့် မကြည့်ပါ ။ နောက်ထပ် ဟေး ဟေး .. ဟု အနီးကပ်ဆုံး အသံ ကြားရပြီး နောက် တစ်စုံတစ်ဦး သည် ကျွန်တော့် အား တင်းကြပ်စွာ ခါး ကို ဖက် ပါတော့သည် ။ လည်ပြန် ကြည့်သော အခါ အလွန် ချစ်သော သူငယ်ချင်း ဘအောင် ဖြစ် နေပါသည် ။ သူ သည် ကျွန်တော့် အား ဖက် ထား ရင်း ပြုံး လည်း ပြုံး ၊ မျက်ရည် လည်း ကျ ဖြစ် နေပါသည် ။
“ ဪ .. ဘအောင် ပါ လား ၊ မမျှော်လင့်ပဲ တွေ့ ရတာ ဝမ်းသာလိုက်တာကွာ ၊ ဘာလို့ ဟေး ဟေး လုပ် နေတာလဲ ၊ နာမည် ခေါ်လိုက် ပြီးရော ”
“ အေး ... ခေါ်မလို့ ဟာ ၊ မင့် နာမည် ငါ မေ့နေလို့ သူငယ်ချင်း ရ ”
အလွန် ချစ်သော သူငယ်ချင်း ဖြစ်လျက် နာမည် မေ့ နေလို့ ဆို သဖြင့် အချို့ အံ့ဩ ကြမည် ဖြစ် သော်လည်း ကျွန်တော့် အဖို့ မှာ မဆန်းပါ ။ သူ နှင့် ကျွန်တော် သည် ... သုံးတန်း မှ ကောလိပ် ရောက်သည် အထိ တစ်မြို့ တည်း တစ်ရပ် တည်း နေ လာ သော သူငယ်ချင်း ဖြစ်ပါသည် ။ သို့ဖြစ်လျှင် သာ၍ ပင် ကျွန်တော့် နာမည် ကို မမေ့ထိုက် ဟု ပြောစရာ ရှိသော်လည်း မေ့တတ်သူ အဖို့ ဤ ဆင်ခြေမျိုး နှင့် မရပါ ။ သူ က ပင် ....
“ မင်း နဲ့ ငါ နဲ့ ကွဲ လာ လိုက်ကြတာ ဘယ်လောက် ကြာပြီလဲ ၊ မေ့ တာပေါ့ ”
“ လေးနှစ် ကျော်ပြီ ၊ မင်း အခု အသက် ဘယ်လောက် ရှိပြီလဲ ”
“ မင်း နဲ့ ငါ နဲ့ အသက် အတူတူပဲ ။ မင့် အသက် လောက် ရှိရောပေါ့ ”
“ ငါ နှစ်ဆယ့်ငါးနှစ် ရှိပြီ ”
“ အေးလေ .. မင်း လောက် ပေါ့ ”
“ အခု ငါ့ နာမည် မင်း မှတ်မိပြီလား ”
“ ဟင့်အင်း .. မင်း မှ မပြောသေးဘဲ ၊ ဘယ် မှတ်မိမလဲ ”
“ ခင်ဖေ လေ ”
“ အေး .. အေး .. ခင်ဖေ ၊ ခင်ဖေ ၊ ခင်ဖေ ၊ ငါ မှတ်မိပြီ .... ”
သူ ဆယ်နှစ်သား လောက် တုန်း က နံနက်ခင်း ဈေး သို့ အရေး ကိစ္စ နှင့် ခိုင်း လိုက်ရာ လမ်း တွင် ဂုံညင်းဝိုင်း တွေ့၍ ဝင် ကြည့်ပြီး သတိ မေ့နေရာ ညနေ ဂုံညင်းဝိုင်း ပြီး မှ သတိရ ပြီး ဈေး သို့ သွားသော အခါ ဈေးပိတ် နေ သဖြင့် သူ့ မိခင် အရိုက် ခံ ရပါသည် ။ စာအုပ် ၊ ကျောက်သင်ပုန်း မေ့ ထားခဲ့ ၊ ဖိနပ် မေ့ထားခဲ့ ၊ ထီး မေ့ထားခဲ့ စသော ကိစ္စမျိုး ကား မရေမတွက် နိုင်ပါ ။ သူ လူပျိုပေါက်စ ဘဝ က လူငယ် ဘာဝ သူငယ်ချင်း သုံးလေးယောက် နှင့် ကိုယ်တုံးလုံး မြစ်ဆိပ် တွင် ရေချိုး နေရာ က မုန့်ဟင်းခါးသည် လာ သဖြင့် ရေ ထဲ မှ တာလမ်း ဘက် သို့ ပြေးတက် လာကြပြီး မုန့်ဟင်းခါး ဝယ်စား ကြပါသည် ။ မုန့်ဟင်းခါးသည် မိန်းမပျို က မျက်နှာ ပျက် ၊ ဘေး က သူငယ်ချင်းတွေ က ပြုံးစိစိ ၊ ဒါပေမယ့် သူ ဘာမျှ မသိ ။ မုန့်ဟင်းခါး ဟင်းချိုရည် ပူပူ တစ်စက် လောက် ပေါင် ပေါ် ကျ မှ ငုံ့ ကြည့် ပြီး ကာ အဝတ် မပါ ၊ ကမ်းနား တွင် မေ့ထားကြောင်း သတိ ရ ကာ အတင်း ပြေး ဆင်းခဲ့ရ ဖူးပါသည် ။ သူ မေ့တတ်ပုံ ကို ရေးသား နေ က ဆုံးနိုင်မည် မထင်ပါ ။ ကျွန်တော် က သူ့ အား ...
“ မင်း ရန်ကုန် ရောက်တာ ဘယ်လောက် ကြာပြီလဲ ”
“ ဘယ်လောက် ကြာတယ်လို့ မသိဘူး ။ ကြာတော့ ကြာပြီကွာ ”
“ အခု ဘယ်လမ်း ဘယ်အိမ် မှာ တည်းသလဲ ”
“ ဘယ်လမ်း ၊ ဘယ်အိမ် လို့ တော့ မပြောတတ်ဘူး ၊ ဒါပေမယ့် ငါ ရောက် အောင် တော့ သွား တတ်တယ် ။ နှုတ်ခမ်းမွေးထူထူ လူကြီး ရယ် ၊ အသားဖြူဖြူဝဝ မြည်တွန် တောက်တီးတတ်တဲ့ မိန်းမကြီး အိမ် မှာ တည်း တာပဲ ၊ သူတို့ ဟာ ငါ နဲ့ အတော် ရင်းနှီးတဲ့ ဆွေမျိုးတွေ ပဲ ”
“ အေး .. မင်း ပြောမှ ရေရေလည်လည် ရှိတော့တာပဲ ”
ကျွန်တော် တို့ စကား ပြော နေသော နေရာ မှာ လမ်း တောင်ဘက် အုတ်တံတိုင်းကြီး ဘေးနား တွင် ဖြစ်ပါသည် ။ ဈေးဆိုင်များ နှင့် မနီးပါ ။ သူ က ခပ်ဝဝ ၊ ကျွန်တော် က အရပ် ခပ်ရှည်ရှည် ၊ ပြောတဲ့ စကားတွေ က လည်း ခပ်ဆန်းဆန်း ၊ အတော် ရယ်ချင်ကြမည် ဖြစ်ပါသည် ။
သူ က ပင် ....
“ ဟေ့ ... ( အတန်ကြာ စဉ်းစားပြီး မှ ) အဲ ... ခင်ဖေ ၊ မင်း ဘယ်မှာ နေသလဲ ”
“ ငါ ငါးထပ်ကြီး ဇရပ် တစ်ဆောင် မှာ နေတယ် ”
“ မင်း တစ်ယောက်တည်း လား .. ”
“ မဟုတ်ဘူးကွ ၊ မယား ရယ် ၊ သုံးခါလည် သားကလေး ရယ် ၊ ဒီပြင့် မိတ်ဆွေ နှစ်စုံ လောက် လည်း ရှိတယ် ”
“ ငါ မင်း နဲ့ နှစ်ယောက် တည်း စကား ပြောချင်တယ် ၊ ဆိုက်ကား တစ်စီး ခေါ်ကွာ ”
“ ဒီ က ဆိုက်ကား စီး ရင် အထက် သွား ရမှာ ၊ သိပ် မဝေးပါဘူး ၊ ခြေလျင် လျှောက်တာပေါ့ကွာ ” ဟု နှစ်ယောက် သား ထွက် လာ ကြရာ နေမင်း သည် တိမ် ထဲ တပြူထွက် အလင်းရောင် ဟပ် လိုက်ပါသည် ။
“ ဟေ့ ခင်ဖေ ၊ ငါ့ ဖဲထီး မေ့ထားခဲ့ ပြန်ပြီ ၊ ဒီ လမ်း ထဲ က လက်ဖက်ရည်ဆိုင် ပဲ ။ ဘယ် ဆိုင် ရယ် လို့တော့ ကောင်းကောင်း မမှတ်မိဘူး ၊ လာကွာ ... သွားပြီး ရှာရအောင် ”
သူ့ ဟာ က ဆိုင် လည်း မမှတ်မိ ၊ ယခု ခေတ် မှာ ဖဲထီး ကလ ည်း အလွန် ရှား သဖြင့် တမင် တောင် ခိုး နေကြ သေးတာ ။ မေ့ ထားခဲ့တဲ့ ပစ္စည်း တစ်ယောက် ယောက် ဘုန်း သွားမှာပဲ ဟု မလိုက်လို သော်လည်း သူ့ ဆန္ဒ အတိုင်း အနောက် သို့ ပြန် လှည့် လျှောက်လာကြ ရ ပြန်သည် ။ လက်ဖက်ရည်ဆိုင် တွေ့သော အခါ တစ်ဆိုင် ဝင် ၊ တစ်ဆိုင် ထွက် နှင့် သုံးဆိုင် အထိ မသိ မရှိ သာ ကြားနေရပါသည် ။ နောက်ဆုံး ဆိုင် တစ်ဆိုင် သို့ ဝင်သော အခါ “ ရှိတယ် ဗျို့ ၊ လူဝကြီး မို့ ခင်ဗျား မှန်း မှတ်မိတယ် ။ ကျွန်တော် တို့ သိမ်း ထားပါတယ် ” ဟု ပြုံးချိုစွာ ပြန် ထုတ် ပေး ပါသည် ။ ကျွန်တော် က ပင် သူ့ အစား ကျေးဇူး တင်ကြောင်း ပြော ဆိုပြီး ထီးဖွင့် ဆောင်း လာကြရာ ထီး မှာ ဇာမဏီ ငှက်တံဆိပ် လက်ဟောင်း အသစ် စက်စက် ဖြစ် နေသည် ကို တွေ့ရ သဖြင့် ရိုးဖြောင့်သော ဆိုင်ရှင် အား ပိုမို ကျေးဇူး လည်း တင် ၊ စိတ်နေ စိတ်ထား ကို လည်း ချီးမွမ်း မိ ပါတော့သည် ။
သူ နှင့် ကျွန်တော် ဆက်လက် လမ်းလျှောက် လာကြရာ နာရီဝက် အတွင်း ကျွန်တော် ခေတ္တ နေသော ဇရပ် သို့ ရောက်ရှိ လာကြပါသည် ။ ကျွန်တော့် ဇနီး အား “ ငါ ခဏခဏ ပြောတဲ့ ဘအောင် ဆိုတာ သူပဲကွ ” ဟု မိတ်ဆက် ပေးရာ သားကလေး အတာ က လည်း “ ဖေဖေ ဒါ ဖေဖေ့ တငယ်ဂျင်း လား ၊ အတိ လား ” နှင့် မေးမြန်းလာသည် ကို ကျေနပ်အောင် ပြော လွှတ် လိုက်ရပါသည် ။ နောက်ဆုံး ဇရပ် တစ်နေရာ တွင် သူ နှင့် ကျွန်တော် နှစ်ယောက်တည်း စကား ပြော နေကြပါသည် ။
“ မင်း ဘာလို့ အိမ်ထောင် မပြုတာလဲ ဘအောင် ”
“ အေး ဒီ အကြောင်းတွေ ငါ့ ဝမ်း ထဲ မြုံ ထားရတာ ကြာလှပြီ ၊ အလွန် ချစ်တဲ့ သူငယ်ချင်း ကျ မှ အိတ်သွန် ဖာမှောက် ပြောရတော့မှာ ပဲ ”
သူ ၏ မျက်နှာ မှာ ကွယ်ရာ မှ ကြိတ်ခံ လာပြီး ၊ အားကိုးရာ မိဘ ရှေ့ ရောက် မှ အစွမ်းကုန် ငိုကြွေး မည့် ကလေး ကဲ့သို့ မျက်ရည် ဝိုင်း လာပါသည် ။ တစ်ဖန် သူ့ ကိုယ် သူ အားတင်း သော အမူအရာ သို့ ပြောင်း လဲပြီး ...
“ ငါ ဆုံးခဲ့ပြီ .. ဆုံးခဲ့ပြီ ခင်ဖေ ၊ ငါ့ အသည်း ကျွဲခတ် တာ ထက် နာ သေးတယ် ”
“ အေးလေ ၊ မင်း လို မေ့ တတ်တဲ့ လူ တစ်ယောက် ဟာ ဆုံးခဲ့တာ မဆန်းပါဘူး ”
“ မဟုတ်ဘူးကွ ၊ ငါ့ အချစ် ဆုံးခဲ့တာ ကို ပြောတာ ”
“ ဘာလို့ နာရေးကြော်ငြာ ထဲ မထည့်သလဲ ၊ မင်း ဘယ် နေ နေ ငါ ပြေး လာမှာပေါ့ ”
“ ဒီလို သေတာ ပြောတာ မဟုတ်ဘူး ၊ ငါ နဲ့ လမ်းလွဲ ကွဲခဲ့တာ ပြောတာ ”
“ ဪ ... မင်း နဲ့ အတူတူ လမ်း လာရာ က မင်း က သတိ မေ့ပြီး လူချင်း ကွဲလာတာလား ”
“ ကဲကွာ ... ငါ အဆုံး ပြော ပါ့မယ် ။ တစ်နေ့ ရွှေတိဂုံဘုရားကြီး ခြေတော်ရင်း မှာ ရှိတဲ့ လမ်း တစ်လမ်း ဆိုပါတော့ ၊ လမ်း ငါ မမှတ်မိဘူး ၊ အဲဒီ လမ်း ထဲ ရှိတဲ့ ဆံပင်ညှပ်ဆိုင် တစ်ဆိုင် မှာ ဆံပင် ဝင် ညှပ်တာကိုး ၊ ဆိုင် နာမည် က .. ”
“ မေ့နေပြီ ဆိုပါတော့ကွာ ”
“ အေး သတိ လည်း မရပါဘူး ၊ လူ ထိုင်တဲ့ လက်လှည့် ကု,လားထိုင် က မြေကြီး ခပ်စောင်းစောင်းကလေး ပေါ် မှာ တည် ထားတာကို ကွ ၊ ငါ့ ကိုယ် ခပ်ဝဝ နဲ့ တက် ထိုင် လိုက်တော့ နည်းနည်း ယိုင် သွားတယ် ။ ခင်ဗျား ကု,လားထိုင် စိတ်ချရပါ့မလား ... မေးတော့ ၊ လူပေါင်း အသင်္ချေ ညှပ် နေတာ.. ဘာမှ မဖြစ်ခဲ့ပါဘူးတဲ့ ၊ ဒါနဲ့ သူ လည်း ဆံပင်စ ညှပ်နေတာ ကိုး ၊ ဒီ အတွင်း သာယာတဲ့ မိန်းမ အသံ နဲ့ “ အားပလား ” ဆိုတာ ရယ် ၊ “ ခဏလေး စောင့်ပါ ” ဆိုတာရယ် ကြား ရလို့ အမှတ်မဲ့ ခေါင်း စောင်း ကြည့်တဲ့ အခါ အသက် နှစ်ဆယ် အရွယ် လောက် အတော် ချောတဲ့ မိန်းမ တစ်ယောက် မြင်ရတယ် ၊ ဒါပေမဲ့ ဆံပင်ညှပ်သမား က ခေါင်းဆွဲ လှည့် လိုက်လို့ ၊ သေသေချာချာ မကြည့်ရဘူး ။ စက်ကပ်ကျေး နဲ့ ဟိုလှည့် ထိုး ၊ ဒီလှည့် ထိုး လုပ် နေတာပေါ့ ၊ နောက် တစ်ချီ လှည့် အကြည့် ဆံပင်ညှပ်သမား က လည်း ကု,လားထိုင် ကို ခပ်ဆောင့်ဆောင့် အဆွဲ ၊ ကု,လားထိုင် ရော ငါ ပါ ဂျွမ်းပျံ ကျတာပေါ့ ။ ငါ့ မှာ ခေါင်း မယ် ဘူးသီးကြွက်ကိုက် တစ်ပိုင်း တစ်စ ၊ လူခပ် ဝဝ ၊ လက်ကိုင် နဲ့ နံဘေး ဆောင့် မိလို့ မျက်နှာ က ခပ်ရှုံ့ရှုံ့ ၊ ရုပ်ပုံ သာ ဖမ်းကြည့်ပေတော့ ၊ သူကလေး လည်း ပါးစပ် လက်ကိုင်ပုဝါ ဆို့ပြီး ၊ ကျိတ်ရယ် နေတယ် ၊ ဘယ်သူ မရယ်ပဲ နေနိုင်မလဲ ၊ နောက် မြေညီ တဲ့ ကု,လားထိုင် မှာ ထိုင်ပြီး ဆံပင် ညှပ်တော့ ပြီး သွားရော .. ဆိုပါတော့ ၊ သူ လည်း အသက် ဆယ့်နှစ်နှစ် ခန့် ညီမ လား ၊ တူမ လား မသိဘူး ။ ဆံလေးတို တော့ အညှပ် ခိုင်း နေတာပဲ ။ ငါ ပိုက်ဆံ ပေး နေတုန်း ဆံပင်ညှပ်ဆိုင်ရှင် နဲ့ တူ တဲ့ သူ တစ်ခြား နေရာ က ပေါ်ပေါက် လာပြီး ခုလို ဖြစ်ရတာ ဝမ်းနည်းကြောင်း ၊ နောင် မဖြစ်အောင် မြေကြီး ကို ညှိတော့မည် ဖြစ်ကြောင်းနှင့် တောင်းပန်ရှာတယ် ၊ ငါ လည်း သူကလေး ကို အတော် စွဲလမ်း သွားတယ် ။ ငါ ဒီပြင် နေရာ မေ့ တတ်ပေမယ့် သူ့ မျက်နှာပေါက် ကို တော့ မမေ့ဘူးကွ ၊ ဒါပေမဲ့ အကြာကြီး အခြောက်တိုက် ကြည့် နေရင် ရိုင်းရာ ကျမှာ စိုးတာနဲ့ ငါ ထွက်ခဲ့တယ် ”
“ အနို့ သူ ဘယ်မှာ နေတယ် ၊ ဘယ်သူ့ သမီး လဲ ဆိုတာ မစုံစမ်းဘူးလား ”
“ မစုံစမ်းဘူးကွာ ... နောက် မှ တစ်နေရာ က နေပြီး နောက်ယောင်ခံ လိုက်ရင် ဟန်ကျမှာပဲ လို့ တွေးမိတယ် ။ သူ့ ကို ဆယ့်လေးငါးရက် မတွေ့ရဘူး ။ တစ်နေ့ တော့ မောင့်ဂိုမာရီလမ်း နဲ့ စတော့ဂိတ်လမ်း ထောင့် က နေပြီး ဗဟန်းကို ခြေလျင် လျှောက် လာကိုးကွ ”
“ အိုး ... ဆိုက်ကား လန်ခြား တစ်ခု ခု စီးရောပေါ့ ။ မင့် ကိုယ်ဝကြီး နဲ့ ပေါင် ပွန်းပြီး ဘယ်မှာ ရေရှည် လျှောက် နိုင်ပါ့မလဲ ”
“ ဘာမှ စီးဖို့ မလိုဘူး ။ ငါ့ မှာ စက်ဘီး ပါတယ် ။ လက်ဘက်ရည်ဆိုင် က အထွက် သတိမေ့ ထောင် ထားခဲ့ပြီး ခြေလျင် လျှောက် လာတာ ၊ ကုန်းအလွန် အဆင်း ရောက် တော့ လန်ခြားကု,လား က ဘေးဖယ်ပါ ပြောတာနဲ့ လက်ဝဲဘက် ဘေး လည်း ဖယ် လိုက်ရော ၊ ငါ့ ပေါင် ဂွကြား ထဲ လုံးလုံးဝိုင်းဝိုင်း တစ်ခု လိမ့်ဝင် လာပြီး ၊ ငါ လည်း ကော့လန်ကော့လန် သုံးလေး လှမ်း ပါ သွားတာပေါ့ ။ နောက် က ဘရိတ် အုပ် ရပ် လိုက် မှ ငါ လည်း မတ်တတ် ဖြစ်သွားပြီး ဒီကောင် တော့ နော့ကောက် နှံ လိုက်မယ်လို့ လှည့် ကြည့် တဲ့ အခါ မချော ဖြစ်နေတာ ကိုး ၊ သူ လည်း စက်ဘီး ပေါ် က ဆင်းပြီး ဘဲလ် မပေးမိ တာ သူ့ အပြစ်ပါပဲ တဲ့ တောင်းပန် ရှာတယ် ။ အဆုံးမတော့ ဒီလို စက်ဘီး အတိုက် ခံရတာ သူ နဲ့ ငါ ချစ်ဖို့ ပထမ လမ်းကြောင်းပဲ ။ သူ့ စက်ဘီး မြင် မှ ငါ့ စက်ဘီး သတိရ ပြီး သူ့ ကို စကား ကောင်းကောင်း မပြောနိုင်ဘူး ။ လက်ဖက်ရည်ဆိုင် သုတ်ခြေတင် လာရတယ် ။ သူ့ ကို လည်း စက်ဘီး မေ့ ထား ခဲ့ပြီး ခြေလျင် လျှောက် လာ မိကြောင်း ပြောတဲ့ အခါ ပါးခွက်ကလေးများ ပေါ်အောင် ရယ်ရှာတယ် ။ ငါ ဟာ သတိမေ့ တတ်တယ် ဆိုပေမယ့် လုပ်နေကျ အလုပ် ကျ ရင် အလိုလို လုပ်ကိုင်မိ သွားတာပဲ ဆိုတာ မင်း အသိပေါ့ ၊ စက်ဘီး မှာ ဧရာမ သော့ကြီး ခတ်ထားခဲ့တော့ ပြန်ပြီး ရတာပါပဲ ။ ငါ လည်း စက်ဘီး တွန်း စီးပြီး စတော့ဂိတ်လမ်း အတိုင်း လာတဲ့ အခါ မော်တော်အလုပ် မျက်စောင်းထိုး အရှေ့ဘက် က စက်ဘီးဆိုင် မှာ မချော ဘီးပေါက် လို့ ဖာ နေတာ မြင်တာကိုး ။ ဒါနဲ့ သူ့ နား ရောက် အောင် သွားပြီး “ ဘယ့်နဲ့ စက်ဘီး ပေါက်နေလား ” မေး တော့ တစ်လမ်းလုံး အကောင်းကြီး ၊ ဒီနား ကျ မှ ပေါက်တာတဲ့ ။ “ ဒါဖြင့် ကျုပ် ဖင်နဲ့ ဆောင့် မိလို့ ပေါက်သွားတာလားဗျာ ” ဆိုတော့ ၊ သူ ရယ် နေတယ် ။ သူ က ရယ်စရာ ပြောတယ် မှတ်မှာပဲ ။ အမှန်ကတော့ ငါ နဲ့ ဆောင့်မိလို့ ပေါက်သွား ရှာတာလား လို့ မေးမိတာပါပဲ ။ သူ့ စက်ဘီး လည်း တာရာ ထဲ ကျွတ်သွင်း နေတာမို့ ငါ ရှေ့ က ဖြေးဖြေး စီး သွားရင် သူ မှီ လာမှာပဲလေ လို့ ပြောဆို အရင် ထွက် ခဲ့တာ ။ ငါ လည်း ခြေနှစ်ဘက် နိမ့်ချည် မြင့်ချည် နဲ့ ဖြည်းဖြည်း စီး သွား လိုက်တာ စတော့ဂိတ် ဂေါ်ရင်ဂျီစု ရောက်တော့ သူ မှီ လာတာပဲ ။ စက်ဘီး နှစ်စင်း ယှဉ် စီး လာကြပြီး သူ့ အလုပ်အကိုင် နေရပ် နာမည် မေးပေါ့လေ ၊ အဲဒီက မိတ်ဆွေ ဖြစ်သွားရော ဆိုပါတော့ ၊ နောက် စကား တစ်လုံး သွင်း နှစ်လုံး သွင်း နဲ့ တစ်ယောက် တစ်ယောက် မေတ္တာ မျှကြရော ၊ ငါ ဘယ်လောက်များ သူ့ ကို ချစ်သလဲ ဆိုရင် သူ နဲ့ တစ်နေ့ မတွေ့ရရင် မနေနိုင်ဘူး ။ သူကလေး နေတော့ မြို့ ထဲ မှာ ၊ အလုပ် လုပ်တော့ ကန်တော်ကြီး မြောက်ဘက် က ဘာလမ်း လဲ ”
“ ပတ်လမ်း ။ အခု အောင်သပြေလမ်း လို့ ခေါ်တယ် ”
“ အဲဒီ လမ်း ထဲ က နိပွန် အလုပ်တိုက် တစ်ခုမှာ ချောက်ချက် ချောက်ချက် မြည်တဲ့ .... ”
“ လက်နှိပ်စက် စာရေးမ လား ”
“ အေးအေး .. ဟုတ်တယ် ၊ သူ လာချိန် သွားချိန် ကြို လို့ ၊ သူ ပြန်ချိန် လိုက် ပို့ လို့ပေါ့ကွာ ၊ တစ်နေ့တော့ ကန်တော်ကြီးစောင်း တစ်နေရာ မှာ စက်ဘီး နှစ်စီး တော်ရာ ထောင်ထားပြီး ချစ်တင်းနှော လိုက်ကြတာ ၊ နောက် တစ်နေ့ အိမ်ပြန် အရောက် နောက်ကျတယ် လို့ ၊ သူ့ အိမ် က အကြိမ်း ခံရကြောင်း ပြောသေးတယ် ။ ငါ မေ့တတ်တယ် ဆိုပေမယ့် အဲဒီ ချစ်တင်းနှောခဲ့တဲ့ နေ့ ကို မမေ့ဘူး ”
“ ဘယ်နေ့ ဘယ်လ ဘယ်ရက် တုန်းကလဲ ”
“ ဒီလို မှတ်မိတာ မဟုတ်ဘူး ။ အော် တစ်ခါတုန်း က ... ကန်တော်ကြီးစောင်း မှာ ၊ ငါ က ခပ်ဝဝ သူ့ ကိုယ်ကလေး က ငါးရံ့ကိုယ် ၊ ကြည်လင်တဲ့ မျက်လုံး ၊ နှုတ်ခမ်းနီ ၊ နှာတံပေါ်လေး နဲ့ ၊ ငါ့ ရင်ခွင် ထဲ ရောက်ဖူးပါလား လို့ အဲဒီလို မမေ့တာ ပြောတာကွ ၊ ငါ လည်း သူ နဲ့ မခွဲချင် လို့ လက်ထပ်ဖို့ ပြောတော့ သူ က ခဏ ဆိုင်းပါဦး တဲ့ ၊ သူ့ မှာ အိမ်တွင်းရေး ကိစ္စတွေ ရှိနေသေးလို့ပါ တဲ့ ၊ ခုနေခါ မှာ နေ့စဉ် တွေ့ ရတာနဲ့ပဲ ကျေနပ်ပါဦးတဲ့ ”
“ အံမာ ဒါတွေတော့ မင်း မှတ်မိသကိုး ”
"ငါ့ အမေ့ မျိုး က တစ်မျိုး ပဲ ၊ စာတွေ သာ မေ့ ၊ ဂဏန်းတွေ သာ မေ့ရင် ငါ စာမေးပွဲ အောင်ပါ့မလား ၊ မင်း ငါ့ အကြောင်း သိသားပဲ ၊ ငါ့ အမျိုး က ငါ့ ကို ဒုက္ခ ပေးတဲ့ အမေ့မျိုး ပဲ ၊ တစ်နေ့တော့ သူ့ ကို ခါတိုင်းလို ပဲ ဂျူအီဒါစကယ် လမ်းထိပ် က စောင့်တယ် ၊ ပေါ် မလာဘူး ၊ ညနေ စောင့် နေတယ် ၊ မတွေ့ရဘူး ။ လူ့ ကို ရူးချင် သလိုလို ဖြစ်သွားတာပဲ ”
“ အနို့ သူ့ အလုပ်တိုက် လိုက် မမေးဘူးလား ”
“ သူ က အလုပ်တိုက် နာမည် ကို ပြောတော့ ပြောသားပဲ ၊ ငါ မေ့နေတယ် ၊ ဒါပေမယ့် အလုပ်တိုက်တွေ ရှိသမျှ လိုက် မေးတယ် ။ သူ့ နာမည် မေ့ နေတာ နဲ့ အခက် ကြုံရ ပြန်ရော ၊ ခင် ဆိုတာ တော့ ငါ တတွတ်တွတ် ခေါ်နေကျမို့ မှတ်မိပါရဲ့ ။ ခင့် ဟိုဘက် က နှစ်လုံး လား သုံးလုံး လား ။ ရှိသေးတယ် ကွ ၊ ကျုပ် ညီမလေး ပါပဲ ၊ ခင် ဆိုတာတော့ .. ပါတယ် ၊ ဟိုဘက် နှစ်လုံး လုံး မေ့ နေလို့ ပြောတဲ့ အခါများ အမေး ခံရတဲ့ အလုပ်တိုက် စာရေး တွေ .. ငါ့ ကို ဝိုင်းရယ်ကြတယ် ၊ မတတ်နိုင်ဘူးကွာ ၊ မရတာ ရူး ဖြစ်နေတော့ မရှက်မကြောက် စုံစမ်းတာပဲ ”
“ ကျပ်ပါဘိ ဘအောင်လေး ၊ သူ နေတဲ့ လမ်း ကော မေ့နေတယ် ဆိုပါတော့ ”
“ အေးလေ မမေ့ရင် သူ နေတဲ့ လမ်း ကို လိုက်သွားမှာပေါ့ ”
“ ဒီလို ဆိုရင် မင်း က သူ့ ကို လိုက် ရှာလို့ မဖြစ်တော့ဘူး ။ သူ က မင်း ကို လိုက်ရှာဖို့သာ လိုတယ် ၊ မင်း နာမည် နဲ့ မင်း နေတဲ့ နေရာ ပြော မထားဘူးလား ”
“ နာမည် တော့ ပြောထားတယ် ၊ နေရပ် တော့ ငါ မေ့နေလို့ မပြောဖြစ်ဘူး ”
လောက၌ ဤမျှ သတိ ကောင်းသူ ကို တွေ့ဖူးကြပါစေ ။ ကျွန်တော် ကား အလွန် ချစ်သော သူငယ်ချင်း ဖြစ်သဖြင့် သူ ၏ ရည်းစားပျောက် အပူ ကို ကူညီချင်ပါ၏ ။ မည်သို့ ကူညီရ မည်နည်း ။ ကိုယ့် နေရပ် မမှတ်မိ ၊ ချစ်သူ ရဲ့ နာမည် ၊ နေရပ် လည်း မေ့လို့ နေတော့သည် ။ သို့နှင့် ကျွန်တော် က ...
“ ဒါဖြင့် သတင်းစာ ထဲ ကြော်ငြာပါလား သူငယ်ချင်း ”
“ ငါ ဒီလောက် အပူ တွေ့ တဲ့ အထဲ စိတ်ညစ်အောင် မလှောင်စမ်းပါနဲ့ သူငယ်ချင်း ရာ ၊ သူ့ နာမည် နဲ့ နေရပ် မှ မသိဘဲ ”
“ ကဲ ... ဒါဖြင့်ရင် ကြော်ငြာနည်း ။ ငါ ရေးပြမယ် ၊ မင်း သဘောကျရင် လုပ်ပေါ့ ဟုတ်လား ” ဟု ခဲတံ နှင့် စက္ကူ တစ်ရွက် ယူကာ အောက်ပါ ကြောက်ငြာ ကို သူ့ အား ရေးပြ မိပါသည် ။
ခင်
ယခု ဘယ်ရောက် နေပါသလဲ .. ။ ခင် နဲ့ ကွဲကွာလာ ကတည်း က မောင့် မှာ အရူး တစ်ပိုင်း ဖြစ်နေပါတယ် ။ ခင် အလုပ် ဆင်းလာတဲ့ အခါ စတော့ဂိတ်လမ်းထောင့် က စောင့် ၊ အလုပ် ပြန်တဲ့အခါ တိရိစ္ဆာန်ရုံ အနား က စောင့် ၊ အတူ သွားကြဖူးတဲ့ လ တုတ်တုတ် မျက်လုံးပြူးပြူး နဲ့ ခင့်ချစ်သူ ကို မေ့ပြီးလား ခင် ရဲ့ ၊ အမြန်အကြောင်းပြန် ။
ဘအောင်
သူ လည်း ကျွန်တော် ရေး ပြသော ကြော်ငြာနမူနာ ကို ဖတ်ရှု ပြီး ...
“ ဟာကွာ .. ဒီလို ဆိုတော့ သူ့ ဂုဏ် ကို ထိခိုက် မှာ ပေါ့ကွာ ၊ မကောင်းဘူး ထင်ပါတယ် ။ ပြီးတော့ သတင်းစာ မရောက်တဲ့ နေရာ သူ နေလို့ ရှိရင် လည်း ကြော်ငြာခ ပို ကုန်ရုံပဲ ”
“ ငါ ဉာဏ်မီ သမျှတော့ ဒါဟာ အကောင်းဆုံး နည်းလမ်းပဲကွ ”
“ မင့် ကြော်ငြာ က ငါ့ အတွက် ကြောင်ရာ မကျဘူးလား ”
“ ဒါတော့ ကြည့် ပြင် သေးတာပေါ့ကွာ ၊ ကွဲတာ ဘယ်လ ထဲ ကလဲ ”
“ ကွဲတဲ့လ မမှတ်မိဘူးကွ ”
“ မင့် စိတ်ထင် ဘယ်လောက် ကြာမယ်လို့ သဘောရလဲ ”
“ အဲဒါကို မပြောတတ်ဘူး ။ နေဦး သင်္ကြန် ကျတာ ဘယ် လ လဲ ”
“ ဧပြီလ (၁၃) ရက် နေ့ ပေါ့ ကွ ”
"ဒီလို ဆိုရင် သင်္ကြန် တက်ပြီး သုံးလေးရက် အကြာ မှာ မတွေ့တော့ဘူး ”
“ အခု စက်တင်ဘာလ ဆိုတော့ ငါးလ တောင် ကြာ သွားပါပကော ”
ထို့နောက် နှစ်ယောက်သား တိုင်ပင် ပြီး အောက်ပါ အတိုင်း ရေး ကြပါသည် ။
ခင် ...
ဧပြီလ ထဲ က ကွဲကွာ သွားတာ ယနေ့တိုင် မတွေ့ရပါ ။ ခင် ဘယ်မှာ နေတယ်ဆိုတာ လူ လွှတ်၍ ဖြစ်စေ ၊ စာ နှင့် ဖြစ်စေ အကြောင်းကြားပါ ။ ခင့် အတွက် တစ်နေ့ မှ စိတ် မကောင်းပါ ။
ဖက်တီးဘအောင်
( .... ) လမ်း ၊ နေပြည်တော် ။
ဘအောင် သည် ကျွန်တော် နှင့် အချိန် အတော်ကြာ စကား ပြောဆို ပြီး နောက် ၊ သူ နေသော ရပ်ကွက် သို့ နှုတ်ဆက် ပြန် သွားပါသည် ။ သူ ၏ ကြောက်ငြာ မှာ သတင်းစာ တွင် နေရာ ကျပ်၍ တစ်ပတ်ခန့် ကြာ မှ ပါ နိုင်ကြောင်း ကျွန်တော် သွား အပ်စဉ် ကြော်ငြာစာရေး က ပြောပြ လိုက်ပါသည် ။
နောက် သုံးရက် ခန့် ကြာသော အခါ ဘအောင် သည် ညနေ လေးနာရီ ခန့် တွင် ကျွန်တော် ရှိရာသို့ အူးယားဖားယား ပေါ်ပေါက် လာပါသည် ။ သူ့ ရည်းစား ပြန် တွေ့ကြောင်း ၊ အလွန် အရေးကြီးသည့် အတွက် သူ့ ရည်းစား ကို ည တွင် ခိုးယူ၍ ၊ ကျွန်တော် ၏ ဇရပ် တွင် ခေတ္တ နေထိုင်မည့် အကြောင်းများ ပါ ပြောဆို ထွက်ခွာ သွားပါသည် ။ ထိုနေ့ ကား ကျွန်တော် အလုပ် များ၍ သတင်း နှင့် ခေါင်းကြီးပိုင်း မှ အပ ကြော်ငြာပိုင်း ကို မဖတ်မိပါ ။
ဘအောင် မှာ သူ ပြောသည့် အတိုင်း သူ ၏ ချစ်သူ ကို ညဘက် တွင် မဟုတ်ဘဲ ညနေ ငါးနာရီ သာသာ တွင် ကျွန်တော် တို့ ဇရပ် သို့ ခေါ် ယူ လာပါသည် ။ ဇရပ် ရှိရာ ကုန်းမြင့်ကလေး သို့ လူဝ တစ်ယောက် ၊ ငါးရံ့ကိုယ် မိန်းမချောကလေး တစ်ယောက် ၊ စက်ဘီး ကိုယ်စီ လက် က တွန်းလျက် တက်လာကြသည် ကို ဇရပ် နီးချင်းများ မှ လှမ်း၍ ကြည့် နေကြပါသည် ။
“ ခင် ရေ ၊ ဒါပဲ ကိုယ် ခဏခဏ ပြောတဲ့ သူငယ်ချင်း ခင်ဖေ ဆို တာ ”
သူတို့ သည် စက်ဘီးများ ကို ဇရပ် ဘေး တွင် ထောင် ထား ခဲ့ကြပြီး ဇရပ် ပေါ်သို့ တက်လာ ကြကာ ၊ ဘအောင် မှ စတင် ပြောဆိုခြင်း ဖြစ်ပါသည် ။ ကျွန်တော် လည်း နေရာထိုင်ခင်း ပေး ပြီး နောက် ၊ သုံးပွင့်ဆိုင် ထိုင်ကြ၍ အဖြစ်အပျက် ပြန်ပြော နေကြပါသည် ။
“ ပြောစမ်းပါဦး ခင် ရယ် ၊ ဒါလောက် ရက်စက်ရသလား ”
“ ရက်စက်တာ မဟုတ်ဘူး ၊ အမေကြီး မမာဘူး ၊ လိုက်လာကြလို့ လူလွှတ် ခေါ်တော့ ၊ ဟင်္သာတ ကို ကတိုက်ကရိုက် သွား ရတာ ၊ အလုပ် ထွက်စာ တောင် လူ လွှတ်ပြီး တင်ခဲ့ရတယ် ။ ကိုကို့ ဆီ လာ ပြောဖို့က ဘယ် နေရာ မှန်း လည်း မသိ ၊ ကိုယ့် အရပ် ကိုယ် မပြောတတ် တဲ့ လူ ၊ ပြီးတော့ ခဏ နဲ့ ပြန်လာရမယ် မှတ်တာ ၊ အမယ်ကြီး က လေးလေကျော် ခံနေတယ် ။ နောက်တော့ ဆုံးတာနဲ့ ပဲ ဖေဖေ လည်း အမွေ အတွက် လယ်မြေ ၊ တိုက်တာ ၊ အိမ်ရာ အကုန် ပြောင်းလွှဲလုပ်သားချ ၊ တိုက်ငှားတင် နဲ့ ( ၁၅ ) ရက် လောက် ကြာ ပြန်တယ် ။ တွေ့ချင် လိုက်တာ လွန်ရော ၊ ဘယ် နေမှန်း မသိဘူး ”
“ စေ့စပ်တာ ကော ခင့် ကို အသိ ပေးသလား ”
“ ပေးပါတယ် ။ စေ့စပ်တယ် သာ ဆိုပေမယ့် လူချင်း တွေ့ရတာ မဟုတ် ၊ သတင်းစာ ထဲ ကြော်ငြာ ထားရင် ပြီးတာပဲ တဲ့ ၊ ပြီးတော့ ခင်မောင်ရီ နဲ့ မိဘများ ရန်ကုန် လိုက် လာပြီး လက်ထပ် ပေးကြမယ်တဲ့ ”
“ ဟေ့ ခင်ဖေ ၊ ကနေ့ ထုတ် သတင်းစာ မင်း ဆီ မှာ ရှိသလား ၊ ငါ ရှင်းပြမယ် ၊ ဒါမှ မင်း နားလည်မယ် ” ဟု ပြော သဖြင့် ကျွန်တော် သတင်းစာ ထုတ် ပေး လိုက်ရာ ကြော်ငြာ တစ်နေရာ ကို ထောက်ပြ ပါသည် ။
“ ဟင်္သာတမြို့ ၊ စစ်ကဲတန်းလမ်း ၊ ပွဲစားကြီး ဦးလှ ၊ ပွဲကတော် ဒေါ်သုန် တို့ ၏ သား ခင်မောင်ရီ နှင့် ရန်ကုန်မြို့ ရေကျော်ရပ် ယုဇနလမ်း ၊ မြေပိုင်ရှင် ဦးနု ၊ ဇနီး ဒေါ်စိန် တို့ ၏ သမီး ခင်သန်းတင် နှင့် စေ့စပ်ကြောင်း ” ဟူ၍ တွေ့ရပါသည် ။
ဘအောင် က ...
“ ဒီ ကြော်ငြာ တွေ့တော့ မှ ၊ ခင် ဆိုတာ ခင်သန်းတင် ၊ ရေကျော် လို့ သူ ပြောဖူးတဲ့ လမ်း ပါ သတိရ လာပြီး ချက်ချင်း လိုက် ၊ သူ နဲ့ တွေ့ ၊ ကိုယ့် ချစ်သူချင်း သာ ပေါင်းမယ် ၊ လူကြီး စကား နား မထောင်နိုင်ဘူး ။ နက်ဖြန် ရုံး မှာ လက်ထပ်မယ် လို့ နှစ်ယောက်သား တိုင်ပင် လ စ်လာ ကြတာပဲ သူငယ်ချင်း ရဲ့ ”
ကျွန်တော် သည် ဟက်ဟက်ပက်ပက် ရယ်မော မိ ပါသည် ။ ထိုမျှ ဣန္ဒြေမဲ့ အောင် တစ်ခါမျှ မရယ်ဖူးပါ ။ သူတို့ နှစ်ယောက် လည်း အံ့အားသင့် သွားကြပါသည် ။
“ ဟေ့ ခင်ဖေ ရ ၊ မင်း က ငါ့ အစား ဝမ်းသာလွန်းလို့လား ”
“ ဘအောင် မင်း ဟာ ဒါတော့ တရားလွန်ပြီ ကွာ ၊ ဦးလှ နဲ့ ဒေါ်သုန် ဆိုတာ မင်း ကို မွေးတဲ့ အဖေ ရင်း နဲ့ အမေ ရင်း ၊ ခင်မောင်ရီ ဆိုတာ က မင်း ကို ၊ ဘအောင် အမည် က ၊ မင်း ဆယ်နှစ် လောက် က ခင်မောင်ရီ လို့ ပြောင်းထားတဲ့ မင့် နာမည် ကွ ”
“ ငါ့ အဖေ အမေ နဲ့ ကွဲတာ ၊ မင်း နဲ့ ကွဲတာ လောက် ကြာပြီ ၊ မင့် နာမည် တောင် မေ့ နေသေးတာပဲ ၊ ခင်မောင်ရီ ဆိုတာ လည်း ငါ့ ကို ခေါ်တဲ့ လူ နည်းတယ် ၊ ဘအောင် လို့ အခေါ် များတာကိုးကွ ”
သူ ထိုသို့ ပြော သော်လည်း ၊ ခင်သန်းတင် မမြင်အောင် အသာ လက် ကုတ် လိုက်ကာ ၊ ဘယ့်နှယ့်လဲ ဟု ကျွန်တော့် အား မည်သို့ စီမံမည် ကို အကြံဉာဏ် တောင်းကြောင်း ၊ ကျွန်တော် ရိပ်မိပါသည် ။ သူ့ စကား အလိုက် ကျွန်တော် က ..
“ အေး ရှိပါစေတော့ကွာ ၊ ဒါဖြင့် အကြောင်းမှန် သိပြီ ၊ ခင်သန်းတင် ကို သူ့ အိမ် ပြန် ပို့မလား ”
“ ဟာ ခေါ်လာမိ မှ တော့ မပို့သေးဘူး ။ ဒီ တစ်ည တော့ ... ”
ခင်သန်းတင် သည် ဘအောင် ပြောမည့် စကား ကို တင်ကူး ရိပ်မိဟန် နှင့် ဘအောင် ၏ ပါးစပ် ကို လှမ်း ၍ ပိတ် လိုက်ပါသည် ။
◾မဟာဆွေ
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၆ ခု ၊ ဇွန်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment