Sunday, May 5, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၁ )


 

“ ကားလေး ကျော်မယ် ဆရာရေ ”

“ မြင်တယ် ... ငါ မြင်တယ် ၊ ဟီ ဟီ ”

ကား ကို မြင်ခြင်း မဟုတ် ။ နောက် ကား ကြည့် ရန် ထောင် ထား သော မှန် မှ သူ့ မျက်ခွက် သူ ပြန် မြင်နေရခြင်း ပင် ဖြစ်၏ ။

“ ဘယ်ဖက် မှာ ကားလေး ကျော်မယ် ”

“ မြင်တယ် ... မြင်တယ် ၊ ရှင်းရှင်းကြီး မြင်တယ် ၊ ကားလေး က ကု,လားဆင်လေး ဟီဟိ ”

သူ့ ရုပ် သူ ပြန် ကြည့်ရင်း သဘောတွေ ကျနေ၏ ။ ဘုရားဖူး သွား နေပါ လျက် ဘုရား တ နေရတဲ့ အဖြစ် ။ မစီးအပ်သည့် အထဲ တွင် မင်းသား မောင်း သော ကား နှင့် အောက်စီဂျင် မပြည့်သော ရေငုပ် သင်္ဘော ပါ သည် ။

•••••   •••••   •••••

“ ငါ လည်း ရူးကြောင်မူးကြောင် နဲ့ မင်းသား ဖြစ်လာရော ငါ့ အမေ ပါ ဇာတ်ညွှန်းရေးဆရာ ဖြစ်လာတာ ၊ ဟီဟိ ”

ရောက်ဖူးနေကျ ရွှေတိဂုံဘုရား ရိပ် ကား အေး၏ ။ မြင့်စန်းရီ တို့ ရွာသူအုပ်စု က တော့ ဘုရားဖူး နေကြ လေပြီ ။ ကျော်ကို နှင့် ကျွန်တော် သာ ခပ်ဝေးဝေး က နေ ငေး ကြည့်ရင်း ကျော်ကို ၏ စကား အတိုင်း ...

“ အမေရိကား မှာ က ဟောလီးဝုဒ် ၊ အိန္ဒိယ တွေ ကျ ဘောလီးဝုဒ် ၊ ဟော ကိုရီးယား ကျတော့ ကောလီးဝုဒ် ပေါ့ ကွာ ၊ တို့ မြန်မာ ကျ တော့ မျောလီးဝုဒ် တဲ့ နာမည် နဲ့ လိုက်အောင် မျော လိုက်တဲ့ အမျော ငါတို့ မရှိ တော့ မှ နည်းနည်း အဖတ် ပြန်ဆယ်လို့ ရတော့တယ် ”

မြင့်စန်းရီ တရားထိုင် နေတာ တွေ့ ရ၏ ။ ဖြစ်နိုင် လျှင် တရား ပင် မထိုင်စေချင်သေး ၊ တော်ကြာ တကယ် အာသဝေါ ခန်း၍ ကျွန်တော့် ဖက် မလှည့်တော့ မှာ စိုးရိမ် ၍ ဖြစ်သည် ။

“ ဟို မင်းသားကြီး ဆို အတော် ဆိုးတယ် ကွ ”

ဘယ် မင်းသားကြီး မှန်း မသိ ။ သူ့ ကား စီး မှ တော့ သူ့ စကား နားထောင် ရ ပေတော့မည် ။

“ သူ ဆို သူ ပါတဲ့ အခန်း သူ့ ဘာသာ သူ ရိုက်တာ ၊ ဒါရိုက်တာ တွေ က လည်း သူ့ ထက် ဝါ နုတော့ မပြောရဲကြဘူး ၊ ဒါကြောင့် သူ့ ကား တွေ ဆို ဘယ်သူ နဲ့ တွဲတွဲ သူ အသာကြီး ပဲ ”

မြင့်စန်းရီ နှင့်ကျွန်တော် တွဲ ၍ စိတ်ကူး ထဲ ရုပ်ရှင် ရိုက် ကြည့်သည် ။ မြင့်စန်းရီ က မင်းသမီး ၊ ကျွန်တော် က မင်းသား ။ ရိုက်ကွင်း တည်နေရာ က အတွင်းခန်း ။ ဇာတ်ဝင်ခန်း က ...

“ ထွီ .. စိတ်ကူး ထဲ ရိုက်သည့် ရုပ်ရှင်ကား ကို က ညစ်ညမ်း လိုက်တာ ”

ထို အတွေးမျိုး ရှိသော ကိုယ့် ကိုယ် ကို ပင် ခါ ၏ ။

“ ပြီးတော့ အဲဒီ လူကြီး က ရှူတင်ထမင်း မစားဘူးကွ ၊ သား သမီးတွေ ခေါ် ပြီး ထမင်းဆိုင် ပတ်စားတာ ၊ စား ပြီးရင် လည်း ပိုက်ဆံ မပါလာလို့ဗျာ ဆိုပြီး မျက်နှာပြောင် နဲ့ ပြန်လာတာ ၊ ဆိုင်တွေ က လည်း နာမည်ကြီးမင်းသား ဆိုတော့ ခွင့်လွှတ်တာပေါ့ ၊ အဲဒါကို ခွင့်ကောင်း ယူ ထားတာ ”

စားစရာ အစုံအလင် နှင့် မြင့်စန်းရီ နှင့် ကျွန်တော် ထမင်းစား ခန်း ရိုက် ကြည့်သည် ။ ကျွန်တော့် ပန်းကန် ထဲ မြင့်စန်းရီ ထည့် ပေး သော ဟင်း က လျှံကျ နေ၏ ။ ကျွန်တော် အသာကြီး ပင် ။

“ ဟေ့ကောင် ... ဒီည ကာရာအိုကေ မင်း လိုက် ပို့မှာ နော် ”

ဘုရား ပေါ် တွင် တရား အကြောင်း ဆွေးနွေး နေခြင်းပင် ။

“ ဟာဗျာ ... ခင်ဗျား က လည်း ဘုရားဖူး သွား နေတာ ကာရာအိုကေ နဲ့ မသင့်တော်ပါဘူး ”

ကျွန်တော့် စကား ကြောင့် ကျော်ကို မျက်နှာ တည် သွားသည် ။

“ အေး ... ဒါဆိုလည်း မနက်ဖြန် က စပြီး မင်း ကို ငါ စပယ်ယာ အလုပ် က ဖြုတ် လိုက်ပြီ ”

“ ဟာ ... အဲ .. အဲလိုတော့ မလုပ်ပါနဲ့ဗျာ ၊ ကျွန်တော် ဒီ ကား နဲ့ မှ မလိုက်ရ ရင် သေဖွယ်ရာသာ ရှိလို့ပါဗျာ ၊ နော် နော် ”

ကျွန်တော့် စကား ကို ကျော်ကို က တစ်ဘက် လှည့် မူပြီး

“ မရဘူး ၊ ငါ က စိတ် ကောက်ရင် တစ်ခါ ပဲ ”

“ အဲလိုတော့ စိတ် မကောက်လိုက်ပါနဲ့ ဗျ ပို့ဆို ပို့ပါ့မယ်ဗျ ”

ကျော်ကို လက်ညှိုးမဲမဲလေး ထောင် တက် လာ၏ ။

“ ကတိ နော် ”

“ ကတိ ”

“ အေး ... ဒါဆို ငါ စိတ်ချ လက်ချ တရား သွား ထိုင်လိုက်ဦးမယ် ”

ဟု ဆိုကာ ဖုတ်ဖက်ခါ ထ ထွက် သွားတော့၏ ။

ဤသို့သာပေါ့ မြင့်စန်းရီ ။

အထိုင်အထ ၊ အသွား မှာ တင် ကမ္ဘာ ပြား နေသူပါ ။

အသွား မတော်လို့ တင် မဟုတ်ပါဘူး ။ ရပ် နေရင်း ကို မြေ ကျွံကျ ခံရသူ ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment