Sunday, May 5, 2024

တိမ်တောက်သည့် ဆည်းဆာ


 

❝ တိမ်တောက်သည့် ဆည်းဆာ ❞

လက် ထဲ ရောက် လာသည့် နှစ်ရာတန်လေး ကို ကြည့်ပြီး ဘွားဆုံ ရုတ်တရက် နားမလည်နိုင် ။ အခြေအနေ ကို အံ့အားသင့် ပြီး တွေဝေ ငေးငိုင် နေမိ၏ ။ သူမ ပုံစံ က ဘာကို ကိုယ်စားပြု နေပြီနည်း ။ “ အမေကြီး ၊ နေ အရမ်း ပူတယ် ။ လမ်းလျှောက် မနေနဲ့ဦး နော် ။ ကား စီးသွား ”

ပေးတဲ့ သူ က တော့ စေတနာ အပြည့် နှင့် အဘွားအို အတွက် ရာသီဥတုဒဏ် က ကင်းလွတ်ပြီး လိုရာ ခရီး အမြန် ရောက်စေဖို့ ကူညီ လိုက်တာ ဖြစ်သည် ။ ဘွားဆုံ က တော့ သူများ အထင် လွဲ လောက်အောင် သူမ ပုံစံ က ညစ်ထေးနွမ်းဖတ် နေပြီလား ဟု သုံးသပ် နေမိဆဲ ။ လမ်းသွားလမ်းလာ တချို့ က နွမ်းယဲ့ယဲ့ အဘွားအို နှင့် လက် ထဲ မှ ပေးကမ်း ထားသော နှစ်ရာတန် ငွေစက္ကူ တစ်ရွက် ။ ထို ပုံရိပ်တို့ မှ တစ်ဆင့် စီးကျ လာသော လျှပ်တစ်ပြက် သဒ္ဓါတရား တို့ ဖြင့် ဘွားဆုံ လက်ထဲ သို့ ငွေစက္ကူလေးများ တစ်ရွက် ပြီး တစ်ရွက် ထပ် ရောက် လာရ၏ ။ ငါးဆယ်တန်များ ၊ တစ်ရာတန် အချို့ ၊ နှစ်ရာတန် လည်း ပါ ။ ယောင်နန နှင့် ငွေစက္ကူ လက်တစ်ဆုပ် ကိုင် ပြီး အချိန် အတန်ကြာ ရပ် နေမိတော့ နောက်ထပ် တဖွဲဖွဲ ရောက်လာသည့် ငွေများ က လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင် လို့ ပင် မဆံ့တော့ ။ ခေါင်း ပေါ် က တဘက်ဟောင်းလေး ချွတ်ပြီး ထည့် လိုက် ရင်း သက်ပြင်း ရှိုက် မိသည် ။

“ လာ လာ မြို့သစ် ကို တစ်ရာတည်း ရယ် လိုက်မလား ”

ထိုးရပ် လာ သော လိုင်းကားလေး ပေါ် တုန်ချည့် ချည့် နှင့် ပိုက်ဆံ တစ်ရာ ပေးရင်း တုတ်ကောက် လေး အားပြု တက် လိုက်တော့ စပယ်ယာ က ဖေးမ ပြီး ဆွဲတင် ပေး၏ ။ ခုန က စပယ်ယာ လို “ ပိုက်ဆံ မပါရင် လမ်းလျှောက် တော့ အမေကြီး ” လို့ ရက်ရက်စက်စက် မစိမ်းကားပါ ။

သည်လို မစိမ်းကား အောင် ကူညီ ပေးသွားသည့် စေတနာရှင် ကို သတိရ သွားတော့ လက် ထဲ မှ တဘက်ဟောင်းလေး ကို ခပ်တင်းတင်း ဆုပ်ကိုင် မိသည် ။ တဘက် ထဲ မှာ စုထုပ် ထားသည့် ငွေစက္ကူတွေ က ဘယ်လောက်များ ရှိမည် မသိ ။ နည်းတော့ မနည်း လှ ။ တစ်ခါမှ စိတ် မကူးဘူး သည့် အခြေအနေ တစ်ခု ကို မမျှော်လင့် ဘဲ ရောက်ခဲ့ရသည် မို့ ဘွားဆုံ ရင် က တော့ ကတုန်ကယင် ဖြစ်နေတုန်း ။

အိမ်ပေါက်ဝ မှာ ဆီးကြို နေသည့် မြေးမလေး က ထွေးလုံး နေသည့် တဘက်ဟောင်း ထဲ က ငွေစက္ကူ တွေ ကို မြင်တော့ အံ့သြ သွားပုံ ရ၏ ။

“ အဘွား ၊ ပိုက်ဆံတွေ လည်း ပွစာကျဲ လို့ ။ ချော် လဲ လာတာလား ”

“ ဟုတ်ပါဘူး မြေးရယ် ။ မြေးဖေဖေ ပို့ တဲ့ ပိုက်ဆံ က ဒီ မြို့က ဘဏ် ကို မရောက်သေးလို့ တဲ့ ။ ထုတ် မရခဲ့ သေးဘူး ။ ဒါတွေ က ”

ဘွားဆုံ စကား ကို ဖြတ်ပြီး ရေ တစ်ခွက် အရင် သောက် လိုက်သည် ။ မြေးမလေး ကို ပြောသင့် ၊ မပြောသင့် မဝေခွဲ နိုင်သေး ။ ကိုယ့် ကိုယ် ကိုယ် ပင် ဘာ ဖြစ်ခဲ့မှန်း ရေရေရာရာ ပြန် မတွေးဝံ့သေး ။ ငွေ စက္ကူတွေ ကို ထိုင် စီ နေသော မြေးမလေး မျက်နှာ ကတော့ ဝင်းလက် နေပြီ ။ မနက်ဖြန် ဗလာစာအုပ် ဝယ်ပြီး ကျောင်း တက်နိုင်ပြီ လို့ ပျော်နေလေသည် လား မပြောတတ် ။ သူ့ ခမျာ ရေးစရာ ဗလာစာအုပ် ကုန် နေ တာ ကို ဝယ် ပေးဖို့ ပိုက်ဆံ မရှိသေးသည် နှင့် ကျောင်း မသွားဝံ့ တာ သုံးလေးရက်တောင် ရှိရှာပြီ ။

“ ဖိုးကဲ ကော ”

“ မောင်လေး က အဖျား ပြန် တက်လာလို့ အိပ် နေ တယ် အဘွား ”

ရေ တစ်ခွက် သောက် လိုက် ရလို့ အေး သလို ရှိ သွားသည့် ဘွားဆုံ ရင် ထဲ အပူလုံးကြီး ချက်ချင်း ပြန် ဆို့ လာပြန်သည် ။ နုံးချည့် နေပေမယ့် ရုန်း ထပြီး မြေးငယ်လေးရှိရာ အတွင်းခန်း ကို ပြေး သွား လိုက်၏ ။ စိတ် က သာ ပြေးသည် ဆိုသော်လည်း ချည့်နဲ့နဲ့ အဘွားအို မို့ တစ်လှမ်း ချင်း သာ ရွေ့ နိုင်၏ ။ ကြမ်းခင်း ကလည်း ခနော်နီခနော်ခနဲ့ ဆိုတော့ လိုရာ ကို တော်တော် နှင့် မရောက်နိုင် ။

အသက် ကြီး လာတော့ ဘာမှ မကောင်းတော့ပါ ဘူး ။ ဒူး လည်း မကောင်း ၊ ခါး လည်း မကောင်း ၊ မျက်စိ လည်း မကောင်း ၊ နား တောင်မှ လေတွေ ထွက်ပြီး အူ နေလို့ သိပ် ကောင်းကောင်း မကြားချင်တော့ဘူး ။ ငယ်ငယ်တုန်း က လို စိတ် သွားတိုင်း သာ ကိုယ် ပါလို့ ကတော့ ဈေးတောင်း ခေါင်းရွက်ပြီး မြေးတွေ ကို ဒေါင်းတင် မောင်းတင် ရှာ ကျွေး လိုက်ချင်သေးသည် ။ ခုတော့ သမက် ဖြစ်သူ ၏ လုပ်စာ ကို မျှော်ကိုး ပြီး စောင့် နေရတာ ။ မြေးအဘွား တစ်တွေ ငတ် တာလည်း အကြိမ်ကြိမ် ၊ ပြတ် တာလည်း အခါခါ ၊ ချေး ရတာ လည်း အတိုး နဲ့ ဆိုပေမယ့် ကြာ တော့ ထပ် ချေးချင်တဲ့ သူ တောင် မရှိတော့ ။ အိမ်လခက  လည်း သုံးလေးလ မပေးနိုင် လို့ အိမ်ရှင် က နှင်ချ နေပြီ ။

ရေနံမှော် လိုက် သွားသည့် သမက် က ငွေ့ ပို့ မမှန် တော့ သူ ပို့ လိုက်သည့် ငွေ က ရောက် တာ နဲ့ အတိုး တွေ ၊ အကြွေး တွေ ၊ အိမ်လခ တွေ ထိုး ဆပ် လိုက်တာ နှင့် ပင် ဘာမှ မကျန်တော့ ။ ဒီတော့ လိုအပ်သမျှ ထပ် ချေးရင်း နဲ့ ပဲ လုံးလည် လိုက် နေရသည် ။

ဘွားဆုံ သက်ပြင်းမော ကို ရှိုက်ရင်း မြေးငယ် နဖူး ကို စမ်း လိုက်တော့ လက်ဖဝါး မှအပူ က နှလုံး အိမ် အထိ မြိုက်ခနဲ ကူးစက် ပူလောင် သွား၏ ။

“ ဘုရား ဘုရား ပူချစ် နေတာပါလား ။ သားရေ ဖိုးကဲ ဖိုးကဲ ”

ကလေး က တော်တော် နှင့် ပြန် မထူးတော့ ဘွားအေ ရင်ထဲ မီးခဲ မျိုမိ သလို ဖြစ်လေပြီ ။

“ မိစု ၊ မိစု ၊ အမြန် လာ ကြည့်စမ်း ။ ညည်း မောင် လေး သတိများ လစ် နေသလားဟယ် ။ ငါ လည်း ဘာမှ ကောင်းကောင်း မမြင်ရဘူး ”

အစ်မ လုပ်သူ က လှုပ် လှုပ်နှိုး မှ ကလေးငယ် က ‘ အင်း ’ ခနဲ သံရှည်ဆွဲ ညည်း ရှာ၏ ။ သတိပဲ လစ် နေ သည်လား ။ အိပ် ပဲ ပျော်နေသည်လား တော့ မသိ ။ ဘာပဲဖြစ်ဖြစ် ဆေးခန်း သွား ပြမှ ဖြစ်တော့မည် ။

ဖျား နေတာ နှစ်ရက် ရှိပေမယ့် ပိုက်ဆံ လည်း မရှိ သည် မို့ ကွမ်းယာဆိုင်မှ  အုပ်ဆေးလေး ဝယ် လူး လိုက် ၊ အဖျား ကျဆေးလေး ဝယ် တိုက်လိုက် နှင့် နေ ခဲ့ရသည် ။ ခုတော့ မိမိ ရ လာသည့် ပိုက်ဆံလေး နှင့် ဆေးခန်း သွား ပြလိုက်မည် ။ လောက်ပါ့မလား တော့ မသိ ။

“ သမီး ခုနက ပိုက်ဆံ ရေ တာ ဘယ်လောက် ရလဲ ”

“ နှစ်ထောင့်သုံးရာ နဲ့ ငါးဆယ် ”

“ ဟယ် ” ခနဲ ဘွားဆုံ ရင်ထဲ လှိုက်ခုန် သွားရ၏ ။ ရ လာတာ မနည်းပါလား ။ ဈေးထွက် ရောင်း ရင် တောင် အမြတ် နှစ်ထောင်ကျော် ရဖို့ ဆိုတာ တစ်နေ ကုန်တာ
တောင် မသေချာ ။ ဒီ ကြားထဲ ရှုံးချင် ရှုံးနိုင်သေးသည် မဟုတ်လား ။

ဒါကြောင့်လည်း မြို့ ထဲ က လူ စည်ကားရာ တစ်ဝိုက် မှာ တောင်းရမ်း စားသောက်နေသူတွေ ပို ပိုများ လာတာ ဖြစ်မည်ပေါ့ ။

သက်ကြီးရွယ်အို ဒုက္ခိတတွေ က တော့ ထား ပါ တော့ ။ တချို့ဆို ခြေလက် အပြည့်အစုံ နှင့် အရွယ် ကောင်း တွေ က လည်း တောင်းရမ်း နေတာ မြင်ဖူး၏ ။ တစ်ခါတလေ အကောင်း က ဒုက္ခိတ ယောင် ပင် ဆောင် လိုက်သေး၏ ။ လုပ်ကိုင် စားရတာ ထက် တောင်းစားရသည် က ပို တွက်ခြေ ကိုက် နေသည်လား မှ မသိတာ ။ ဒီလို ရေသာခို အချောင်လိုက် ချင် စိတ် က လူ ကို အညွန့်ကျိုး စေသည် ဟု ဘွားဆုံ ကတော့ နှမြောမိသည် ။

“ အဘွား ဘာတွေ တွေး နေတာလဲ ။ ဆေးခန်း သွား မယ် ဆို ”

သူ့ မောင်လေး ကို မနိုင်မနင်း ချီ ထားသော မြေးမလေး က သတိပေး မှ ဘွားဆုံ စိတ် နှင့် လူ ပြန် ကပ် တော့၏ ။ သုံးနှစ်သားလေး ကို ရှစ်နှစ်သမီး က ချီ ထားသည့် မောင်နှမ နှစ်ယောက် မြင်ကွင်း က ဘွားဆုံ ရင် ကို ဆို့နင့် စေသည် ။ အဘွားအို က ယိုင်နဲ့နဲ့ မို့ မြေး ကို ချီပိုး ဖို့ နေနေသာသာ ကိုယ့် အရိုး ကို ပင် အနိုင်နိုင် သယ် နေရသည့် အခြေအနေ ။

အသေ စော ရှာသည့် သမီး ကို သတိရ မိတော့ ရေနံမှော် မှာ ပင်ပန်း နေရှာမည့် သမက် က လည်း အတွေး အာရုံ မှာ နောက်ဆက်တွဲ တွယ်ငြိ လာပြန် သည် ။ အရင်ကတော့ သမက် က ဆိုက်ကား နင်း ၊ သမီး က ဈေးရောင်း ၊ အမေ က ချက်ပြုတ် ကလေး ထိန်း နှင့် မိသားစုလေး ဟန်ချက်ညီ နေခဲ့ သေးသည် ။ လင်မယား နှစ်ယောက် က ဒိုင်ခံ ရှာဖွေ၍ တစ်သက် လုံး ဈေးတောင်း ခေါင်းရွက် ကျွေးလာခဲ့သည့် အမေ ကို သမီး ရော ၊ သမက် က ရော အိမ်မှုကိစ္စ လောက် နှင့် သာ အနား ပေး ထားခဲ့၏ ။

“ အမေ ဈေးရောင်း နိုင်သေးတယ် ။ ငွေ ရှာ ချင်သေး တယ် ။ သုံးယောက် လုံး တက်ညီလက်ညီ ကြိုးစားပြီး စု လိုက်ရင် တို့ ဘိုးဘွားပိုင်အိမ်လေး သပ်သပ်ရပ်ရပ် ပြင် ဆောက်နိုင်တာပေါ့ ” လို့ ပြော လည်း သမီး နှင့် သမက် က လက် မခံခဲ့ပါ ။

ခုတော့ သမီးလေး ဆုံးတာ ပင် သုံးနှစ် ပြည့်တော့ မည် ။ မြေး အငယ်ကောင် မွေးပြီး ကတည်းက နှလုံး အားနည်း သော သမီး ခမျာ အိပ်ရာ ထက် မှ မထနိုင် ခဲ့ ။ သမီး အသက် ကို ကယ်တင်နိုင် ဖို့ ဘိုးဘွားပိုင် အိမ်လေး ကို လက်လွှတ်ခံ လိုက်သော်လည်း ကံကြမ္မာ က သမီး ကို လွတ်ငြိမ်းခွင့် မပေးခဲ့ပါ ။ သားကလေး မှ လူမှန်း မသိတတ် သေး ခင် ဘွားအေ လက် ထဲ မှာ စိတ်ချ လက်ချ ထား သွားခဲ့လေသည် ။

မိသားစုလေး တစ်ခု ခိုင်ခိုင်မတ်မတ် ရပ်တည် နိုင်ဖို့ ဟန်ချက်ညီ ထမ်းပိုး ထားသည့် ဒေါက် တစ်ချောင်း ပြုတ်ထွက် သွားပြီးသည့် နောက် မှာတော့ ဘွားဆုံ တို့ တစ်တွေ အယိုင်ယိုင် အလဲလဲ ဖြစ် ခဲ့ရ သည် ။ ဘွားဆုံ လည်း စိတ် ထောင်း ၍ ကိုယ် ကြေ ဆို သလို အသက် ထက် ပို အိုစာ နေပြီ ။

အသောက်အစား ကင်းသည့် သမက်ကလေး က နှစ်ဆ တိုးပြီး ကြိုးစား ရှာ ပေမယ့် ယိမ်း သထက် ယိမ်း လာသည့် အသိုက်အမြုံလေး အတွက် ကျားကန် နိုင် ဖို့ အဖော် ကောင်း သဖြင့် ရေနံမှော် ကို လိုက် သွားခဲ့ သည် ။ “ ပိုက်ဆံ ရပေမယ့် ပင်ပန်းဆင်းရဲ ရှာတယ် ” လို့ ပတ်ဝန်းကျင် က ရော လူကြုံများ ဆီ ကပါ သတင်း ကြား ရတော့ ဘွားဆုံ စိတ် မကောင်း ။

လူကြုံ နှင့် သမက်ကလေး ပို့ ပေးသည့် ငွေစလေး များ ကို ကျစ်ကျစ်လျစ်လျစ် ခြိုးခြံ သုံးစွဲ၏ ။ ကျောင်းနေရွယ် ရောက်လာသည့် မြေးအကြီးမ ကို ကျောင်း ထား၏ ။ ပိုလျှံငွေလေးများ ကို ချွေတာ စုဆောင်း ပြီး ဈေးရင်း လေး  ရရင် ဘွားဆုံ လည်း တစ်ဖက် တစ်လမ်း က ဝင်ငွေ ရအောင် တစ်ခု ခု လုပ်ရကောင်းမလား ဟု အမြဲ ကြံဆ နေတတ်၏ ။ ဈေး ကို လျှောက် မရောင်း နိုင် တော့ လည်း ထိုင် ရောင်းရမည့် တစ်ခု ခုပေါ့ ။ လမ်း ဆုံ မှာ မုန့်ပျားသလက်ဆိုင်လေး ပဲ ဖြစ်ဖြစ် ဖွင့်ချင် သည်လေ ။

တဖြည်းဖြည်း နှင့် သမက်လေး ဆီ က လူကြုံ အလာ က လည်း ကျဲ လာသည် ။ အမေအို စုငွေ က လည်း လျှော သွား ရုံ မက ချေးငွေ တွေ ပင် ပတ်လည် ဝိုင်း နေရပြီ ။ သုံးလေးလ မှ တစ်ခါ လူကြုံ လာ တတ် သလို နောက်ဆုံး တစ်ခေါက် က တော့ လူကြုံ မရှိ၍ ဆို ကာ ဘဏ် မှ ငွေ လွှဲ လိုက်၏ ။

လူကြုံ တချို့ က တော့ အမေအို သမက်ကလေး နောက် အိမ်ထောင် ပဲ ကျနေ သလိုလို ။ သောက်တတ် စားတတ် လာပြီး ပျက်စီး နေ သလိုလို ။ မရေမရာ သတင်း ပေး ကြ၏ ။ အရွယ်ကောင်း ရှာသေးသည့် သမက် ကို အပြစ် မပြောချင်ပေမယ့် မြေးကလေး နှစ်ယောက် လူလားမြောက် ဖို့ အတွက် တော့ ဘွားဆုံ ရင်လေး လှသည် ။ လမ်းဘေး လက်ဖက်ရည်ဆိုင်များ မှ စားပွဲထိုးလေး တွေ နေရာမှာ မြေးကလေး ကို မြင် ယောင်ကြည့်မိ တိုင်း ရင် ထဲ မှာ နာကျင်ဝမ်းနည်း မိ၏ ။

သို့ပေမယ့် မယ်ဆုံ ငယ်ငယ်တုန်း က မုဆိုးမဘွဲ့ ကို ခါးစည်း အံကြိတ်ရင်း တစ်ကိုယ်တည်း ရုန်းကန် ပြီး သမီး ကို ပညာ သင်ပေးခဲ့သေးသည် မဟုတ်လား ။ မပြည့်စုံသည့် ကြား က အလယ်တန်း အထိ တော့ သမီး က ပညာ သင်ခဲ့ရသည် ။

သက်ဆိုး မရှည်ရှာသည့် သမီးလေး ။ ခုလို သူ့ ရင်သွေးလေးတွေ ဘွားအေကြီး တစ်ယောက် လုံး ရှိ ပါသေးရက် နှင့် ပညာ မသင်နိုင် ။ ငယ်ငယ်ရွယ်ရွယ် နှင့် ခိုင်းစား နေတာများ သိရင် ရောက်ရာ ဘဝ မှာ ရ တက် အေးရှာမည် မဟုတ် ။

ဘွားဆုံ မလုပ်ရက်ပါ ။ မြေးလေးတွေ ကို ဘယ်တော့မှ ခိုင်းမစားပါ ။ ဘွားဆုံ အသက် ရှင် နေ သရွေ့ သည် မြေးလေး နှစ်ယောက် ငတ် မသေစေရ ။ အလင်း မကွယ် စေရ ။ ရသည့် နည်းဖြင့် ရှာ ကျွေးမည် ။ ဖြစ်အောင် ကျောင်း ထားမည် ။

အမေအို့ ရင် ထဲ မှာ တီးတိုးကျူးရင့် နေပြီး အရိုး ထဲမှ  ခွန်အားတွေ ညှစ်ထုတ် စုစည်း မိလေပြီ ။ အဘွားအို အတွက် မြေးလေးတွေ က နှလုံးသား ရဲ့ အနှစ်တွေ ပဲ မဟုတ်လား ။

“ ဒေါ်မယ်ဆုံ နာမည် နဲ့ ငွေလွှဲ ဒီနေ့ လည်း ရောက် မလာသေးဘူး အမေကြီး ။ ဘဏ်များ လွဲ နေလား ။ သတင်းများ မှား နေလား ”

လေအေးပေးစက် ကြောင့် အေးစိမ့် နေသော ဘဏ် ထဲ မှာ ဘွားဆုံ တစ်ယောက် ဇောချွေး ပြန် နေရ၏ ။ သမက်ကလေး က ငွေ လွှဲမယ် လို့ ဖုန်းဆက် ကြောင်း
လမ်းထိပ်လက်ဖက်ရည်ဆိုင် က လာ ပြောသွားတာ သည် ဘဏ် ပါပဲ ။ ဘွားဆုံ တို့ မြို့လေး မှာ ဘဏ် က လေးငါးခု ရှိတာမို့ သေချာအောင် စာရွက် ထဲ ရေးမှတ်
ထားခဲ့သည် ပဲ ။

ပို့မယ် အကြောင်း ကြား ပြီး ခါမှ ကိစ္စ တစ်ခု ခု ပဲ ပေါ်လေ သလား ။ သတင်း ပဲ မှားပို့ မိတာလား ။ ဘွားဆုံ မနေ့ က လာ တော့လည်း ငွေလွှဲ မရောက်သေး ဆို၍ ဒုက္ခများ ခဲ့ရသေးသည် ။ လမ်းထိပ် မှ ဆိုက်ကား ငှား စီးလာခဲ့ရာ ဘဏ်ရှေ့ ရောက်တော့ ဆိုက်ကားခ က ငါးရာ တဲ့ ။ ဘွားဆုံ မှာ က ကွမ်းယာဆိုင် မှ ချေး လာခဲ့သော ငွေနှစ်ရာ သာ လက် ထဲ ပါခဲ့၏ ။ ဆိုက်ကားသမား ကို “ ဘဏ် က ငွေ ထုတ် ပြီးရင် လိုတဲ့ငွေ လည်း ပေးပါ့မယ် ။ အပြန် လည်း ဆိုက်ကား ထပ် ငှားစီးမယ် ” ဆိုပြီး တောင်းတောင်းပန်ပန် နှင့် ဘဏ် ရှေ့ မှာ စောင့်ခိုင်း ခဲ့သည် ။

သို့ပေမယ့် ငွေလွှဲ က မရောက်သေး ဆိုတော့ ဘွားဆုံ အကျပ်ရိုက် ရပြီ ။ ဆိုက်ကားသမား ကို “ နောက် နေ့ ငွေ လာ ထုတ် မှ ပေါင်း ပေးပါ့မယ် ။ အိမ်ပြန် ပို့ပေး ပါ ။ မနက်ဖြန် လည်း အကြိုအပို့ လုပ်ပေးပါ ” လို့ ရလိုရငြား ထပ် ပြော ကြည့်ပေမယ့် ဆိုက်ကားဆရာ က ယုံကြည်ပုံ မပေါ်တော့ ။ မရေရာသည့် ငွေ အတွက် ခရီး လှမ်း သော အိမ် ကို လည်း လိုက် ပို့ချင်ပုံ မရ ။

“ မြို့သစ် ဘက် သွားတဲ့ လိုင်းကား သာ စီးသွား တော့ အမေကြီး ရေ ။ လိုင်းကားခ ကတော့ သက်သာလိမ့်မယ် ” တဲ့ ။

အသက် ကြီးလာသည့် နောက်ပိုင်း မြို့ ထဲ ကို အသွားအလာ နည်းပြီး မြို့စွန်ရပ်ကွက်လေး အတွင်း သာ အနေ များတော့ ဆိုက်ကားခတွေ ဒီလောက် ဈေး ကြီးတာ လည်း မသိ ။ လိုင်းကားတွေ လမ်းကြောင်း လည်း နားမလည် ၊ မြို့ ထဲ မှာ မျက်စိ ပင် လည်ချင်ချင် ။

သို့နှင့် ချွေးခံအိတ် ထဲ စမ်းသပ် ရှာဖွေ ပြန်တော့ ပိုက်ဆံ က အကြွေလေး ပင် တစ်ရွက် မှ မကျန်တော့ ။ ကားသမား က လည်း ဟိုစမ်းဒီစမ်း နှင့် ယောင်လည် လည် ဖြစ်နေသော အဘွားအို ကို စိတ် မရှည် ။ မြို့လယ်ကောင် နေပူပူ ထဲ မှာ အသည်းမာမာ နှင့် ထားခဲ့ ပြန်သည် ။

ဒီအချိန် မှာ ပဲ တုတ်ကောက် တစ်ချောင်း ကို အား ပြုကာ ခါးက ကိုင်းကိုင်း ၊ ခေါင်းဆောင်း တဘက် က ညစ်နွမ်းနွမ်း ၊ အင်္ကျီလုံချည် က မွဲကြေကြေ နှင့် အရောင်အဆင်း မှုန်မှိုင်း နေသော အမေအို ကို နေပူ ထဲ တရွေ့ရွေ့ လှမ်းနေရတာ မကြည့်ရက်သည့် သူတော်ကောင်းလေး တစ်ယောက်က ‘ ကားစီးသွားပါ ’ ဆိုပြီး ငွေနှစ်ရာ လှူလေသည် ။ သူငယ် က အမေအို အဖြစ် အပျက် ကို အစအဆုံး မြင်သွားပုံလည်း ရ၏ ။

သူငယ် လှူသည့် ငွေ ကို ကြောင်အမ်းအမ်း ကိုင် ရင်း တွေဝေ နေမိသော အဘွားအို ကို လမ်းသွားလမ်းလာများ က လည်း တစ်မျိုး မြင် သွားပြီး ငွေတွေ ဆက် တိုက် ထည့်ဝင် လှူဒါန်းကြ ပြန်တော့ မနေ့ က အိမ် အပြန် မှာ ဘွားဆုံ ငွေထုပ်ကလေး ပိုက်ပြီး ပြန် သွား ခဲ့ရသည် လေ ။

စိတ် ထဲ မသိုးမသန့် ဖြစ်မိသော် လည်း ကြာကြာ အတွေး မပွားနိုင် ။ မြေး အငယ်ကောင် တက်မတတ် ချက်မတတ် အဖျား ကြီး နေတာကို ဆေးခန်း သွားပြ ရသေး၏ ။ အမေ တို့ ကို ပေးကမ်းကြသည့် ငွေလေး တွေ  ကပဲ မြေးကလေး အတွက် ဆေးတစ်ပေါက် ဖြစ် ခဲ့ရပြီ ။

သာဓု ၊ သာဓု ၊ သာဓု ။ ကိုယ့် ကို တောင်းရမ်းသူ လို့ အထင် ခံရခြင်း ကို တစိမ့်စိမ့် ဝမ်းနည်း ဖို့ ထက် မြေးလေး အသက် ကို ကယ်ဖို့ က အရေးကြီးသည် မဟုတ်လား ။

ဒီနေ့ လည်း ဘဏ် ကို မျှော်လင့်ခြင်းကြီးစွာ နှင့် ရောက် လာပေမယ့် ငွေလွှဲ က မရောက် ဆိုတော့ ဘွားဆုံ နေပူကျဲကျဲ လမ်းမ ပေါ် မှာ ယောင်လည်လည် ဖြစ် ရ ပြန်၏ ။ သို့ပေမယ့် ဒီနေ့ တော့ ဘွားဆုံ ပါးသွားပြီ ။ ဆိုက်ကားစီး မလာဘဲ လိုင်းကား စီးလာခဲ့သည် ။ အပြန် စရိတ် လည်း ချန်ထားခဲ့လို့ ပူစရာ မလို ။

ခက်သည် က မြေးငယ်လေး အတွက် ဆေးခန်း ပြစရာ ငွေ မရှိတော့ ။ မနေ့ က ရသည့် ပိုက်ဆံ က လည်း ဆေးတစ်ပေါက် ထိုးပြီး သောက်ဆေးလေး ဝယ် ၊ မြေးအဘွား တစ်တွေ ညစာလေး စီမံချက်ပြုတ် လိုက်တာ ကုန် လေပြီ ။ မြေးငယ် က အဖျား ချို သွား ပေမယ့် ရှင်းရှင်းတော့ မကျသေး ။ ဆရာဝန်က ဆေး ကို သုံးရက် လောက် တော့ ဆက် ထိုးရမည် တဲ့ ။ အကြီးမလေး က လည်း စာအုပ် ဝယ်စရာ ငွေ မကျန်တော့၍ မျက်နှာလေး ညှိုး နေသော်လည်း ဘာမှတော့ မပြော ရှာပါ ။

ဒီနေ့ မနက်တော့ ည က ကျန်သည့် ထမင်းခဲလေး ကို မြေးအဘွား သုံးယောက် ဝေမျှ စားခဲ့ပြီးပြီ ။ ဝေမျှ တယ် သာ ဆိုတာပါ ။ မြေးတွေ ကို ငဲ့ပြီး ဘွားဆုံ က တစ်လုတ်တစ်ဆုပ် သာ မြို့ ထဲ ထွက်မည်မို့ အား ရှိ အောင် လည်ချောင်း နင်နင် နှင့် ရေ ဖြင့် မျှောချ ခဲ့ရသည် ။ ဒီလိုသာ ဆိုရင် ဖြင့် ညစာ  ကတော့ ထုံးစံ အတိုင်း ကုန်စုံဆိုင် က ဘုမ ကို အသနား ခံပြီး ဆန် ထပ် ချေးဖို့ အောက်ကျို့ရ ဦးမည့်ပုံ ။

အတွေး ဖြင့် စိတ် မောစွာ သက်ပြင်း အချ လူ က နိမ့်ခနဲ ချော်ကျ သွားကာ နဂိုက ကိုင်းညွတ် နေသည့် ခါး က ဘယ်လိုမှ ပြန် မတ်၍ မရတော့ ။ တောင်ဝှေး တခြား လူ တခြား လဲကျ သွားသော အမေအို ကို လမ်းသွား လမ်းလာ တစ်ယောက် က ထူမ ပေး ဖို့ လက် ကမ်း စဉ် မှာ မနေ့က သူတော်ကောင်းလေးများ လား လို့ သတိရ မိ၏ ။ အမေအို ကို ကူညီဖို့ ရောက် လာ ပြန်လေပြီ ။

မနေ့ က အဖြစ်အပျက် ကို သတိရ မိတော့ ဘွားဆုံ မျက်ရည်တွေ လည်ပြီး ရင်တွေ ခုန် လာပြန်၏ ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ၊ ဘယ်လောက်ပဲ ရှားပါးတယ်ပြောပြော ၊ တို့ မြန်မာတွေ ရဲ့ ချစ်စရာ ကူညီလိုစိတ် နဲ့ သဒ္ဓါတရား ကတော့ ကျန်နေသေး ပါလား လို့ ဝမ်းသာပြီး မျက်ရည် လည် မိတာပါ ။

သို့ပေမယ့် လွယ်လွယ်ကူကူ ရလာမည့် ငွေစ တွေ ကို ဒီလိုသာ ခဏခဏ လက်ခံ နေရင် ဒီ ဘဝကို သာ ယာမိ လာမှာ မဟုတ်လား ။ ဒီလို အလွယ်လမ်း ကို ရေစုန် မျောပြီး မိန်းမော နေခဲ့လို့ လူညွန့်တုံး သွားရသည့် သူတွေ ဘယ်နှယောက် ရှိနေပြီလဲ ။

မျက်ရည်စများ နှင့် ဝေသီ နေသော အမေအို မျက်လုံး ထဲ တွင် ငွေစ အချို့ လှမ်းပေး နေသည့် လက် များ ၊ ထူမ ရန် ကမ်းပေး နေသည့် လက် တစ်စုံ ၊ အဖျား တက်နေမည့် မြေးငယ်လေး မျက်နှာ ၊ ကျောင်း သွားဖို့ ညှိုးငယ် နေရှာသည့် မြေးမလေး ၊ အားလုံး ကို မှုန်ဝါးဝါး မြင်နေရလေသည် ။ ထို့ပြင် မျိုးရိုး မညံ့ခဲ့သည့် မိဘ ၊ ဘိုးဘွားများ မျက်နှာ က လည်း တရေးရေး ပေါ် လာပြန်သေး၏ ။

ထို့နောက် မှိုင်းရီ မွဲဖျော့ နေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင် လာသည့် အမေအို က လက်ကျန် ခွန်အား များ ကို စုစည်း ကာ ဘေး မှ ကျ နေသော တောင်ဝှေးလေး ကို ကောက်ယူ အားပြု ပြီး မိမိ ကိုယ်တိုင် ကြိုးစား ၍ ထ ရပ်လိုက်၏ ။

တရွေ့ရွေ့ လှမ်း သွားသော အမေအို ကို လက်ကမ်းပေးသူ က နားလည်နိုင်ပါ့မလား မသိပေမယ့် အမေအို ကတော့ အရင် က ထက် သွက်လက်သော ခြေလှမ်းများ ဖြင့် အဝေး သို့ ရောက် သွားလေပြီ ။ ကိုင်း နေသော ခါး ပင် အနည်းငယ် ပိုမတ် လာ သယောင် ။

ကမ်း ထားသော လက် ကို ငြင်းပယ် ရသည့် အတွက် အားတော့ နာပါသည် ။ သို့ပေမယ့် အမေအို မှာ က သူ့ မျိုးဆက်တွေ ကို လက်ဆင့်ကမ်း စရာ အမွေ ဆိုလို့ စိတ်ဓာတ်ခွန်အား တစ်ခု သာ ရှိတော့သည့် မဟုတ်လား ။

◾ ဝေ ( စီးပွါးရေးတက္ကသိုလ် )

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇန်နဝါရီ လ  ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment