Wednesday, May 1, 2024

အက်ကွဲ သံစဉ်


 

❝ အက်ကွဲ သံစဉ် ❞ 
         
ဈေးတည့် သွားသည် နှင့် ကား နောက်ခန်းတံခါး ဖွင့်ပြီး ဝင် အထိုင် ၊ ကားကလေး က လည်း ‘ လျှော ’ ခနဲ ထွက် ။ မိမိ လိုရာ ရောက်ဖို့ နောက်ထပ် နာရီဝက် လောက်တော့ အသာလေး ။
ဂျပန်ကားလေး ချင်း တူဦး တော့ စီး ရသည့် အရသာ က တော့ လုံးလုံး မတူ ။ အရင်တုန်း က ကိုယ့် အပိုင် ကား ။ ဒီဟာ က အငှား ကား ကို ။ ရှိပါစေတော့လေ ။ ဒီ အစီအစဉ် က ပို အဆင်ပြေ ၍ သာ ဒီ လမ်းကြောင်း ကို ခင်ပွန်းသည် နှင့် မိမိ တိုင်ပင် ရွေးချယ်ခဲ့သည် ပဲ ။

အိမ် က ဆင်ခြေဖုံး ၊ ဆိုင် က ဗိုလ်ချုပ်ဈေး ၊ အလုပ် က တစ်ပတ် ကို ခြောက်ရက် ၊ အသက် က ငါးဆယ် ၊ နေ့စဉ် သွားဖို့ ပြန်ဖို့ မောင်းသူ မရှိတော့သည့် အိမ် က ကား က ဘာမှ အသုံး မဝင် ။ အိမ် က လူကြီး က လည်း တိမ် ခွဲထုတ် ထားရသည့် မျက်လုံး နှင့် မို့ ကား မမောင်း စေချင် ။ မိမိ ကိုယ် ၌ ကလည်း မမောင်း တတ် ။ ကားသမားတွေ က လည်း ကိုယ် ပေး သည့် လခ နှင့် မစားလောက် ၍ ခေါင်းချည်း ခါခါ သွား ကြသည် ။

အဲဒီတော့ ... ကား ကို ရောင်း ။ ဆိုင် အသွားအပြန် ကား ငှား စီး ။ ကား ရောင်းရသည့် ငွေ ကို အစုစပ် လုပ်ငန်း တစ်ခု ထဲ ထည့် ထားပြီး ရ လာသည့် အမြတ်အစွန်း ထဲ မှ ကားခ အဖြစ် ထုတ် သုံးဖို့ စီမံရ တော့သည် ။

အရင် က တော့ သည်လို မဟုတ်ပါ ၊ သို့သော်လည်း အခြေအနေ က ဖန် လာခဲ့ပြီ ။ နှစ်ဖက်စလုံး က မလျှော့ကြ မှ တော့ တင်းပြီး ပြတ်ကုန် ကြ ရုံသာ ရှိသည် ။ နွေးထွေး ကြည်နူးစရာ ဘဝကလေး အတိတ် မှာ မှုန်ရေးရေး သာ ကျန်ခဲ့ပြီ ထင့် ။ လောက မှာ ဆန္ဒ နှင့် ဘဝ တစ်ထပ်တည်း မကျတာ လောက် ကို များ ယိုးမယ်ဖွဲ့ မနေနိုင် လောက် အောင်ပင် မိမိတို့ စိတ်တွေ မာကျော ခဲ့လေပြီလား မသိ ။

   •••••   •••••   •••••

“  အန်တီကြီး မှတ်မိလား ၊ ကျွန်တော့် ကား ကို ဟို တစ်ပတ် က စီးဖူးသေးတယ် လေ ”

ကားသမားလေး က လှည့်ပြီး ပြောတော့ မိမိ မှာ ဇဝေဇဝါ ။ ဟုတ်လား ၊ အေးကွယ် ၊ အန်တီ က နေ့တိုင်း ကားငှား စီးရတာ ဆိုတော့ သား နဲ့ ကြုံချင် ကြုံဖူးမှာပေါ့ ”

“ အဲဒီတုန်းက ကျွန်တော့် ကား ဘီးပေါက် လို့ လဲရတော့ အန်တီကြီး က ကားပြောင်း မစီးဘဲ စောင့် ပေးတာလေ ၊ ဒါကြောင့် ကျွန်တော် က မှတ်မိ နေတာ ”

“ ဪ .. အေး .. အေး .. မှတ်မိပြီ ၊ မှတ်မိပြီ ”

ဒီလိုနဲ့ သိဟောင်း ကျွမ်းဟောင်းတွေ ပမာ တစ်လမ်းလုံး စကားပြော သွားကြသည် ။ မိမိ လည်း ဈေးသည် ပီပီ ထွေရာလေးပါး ပြောသွားရသည် ကို သဘော ကျ၏ ။ ခရီး လည်း ကြုံ ၊ ဗဟုသုတ လည်း ရ ။ အထူးသဖြင့် သူတို့ ဘဝလေးတွေ က လည်း တစ်ယောက် တစ်မျိုး စိတ်ဝင်စားစရာ ကောင်းသည် ။

တချို့ကျတော့ လည်း စိမ်းပြတ်သော ဆက်ဆံရေး ဖြင့် လိုသည် ထက် ပို မပြောဘဲ ကား ကိုချည်း “ ဖိ ” မောင်း နေတတ် သူများ လည်း ရှိသေး၏ ။ စပ်စုတာ မကြိုက်သော ၊ ကိုယ့်အတွေး နှင့် ကိုယ် ငေးချင်သော ခရီးသည် လည်း ရှိတတ်သည် ကိုး ။ အမျိုးမျိုး ပေါ့ လေ ။

“ သား က ဘယ်မှာ ဂိတ်ထိုး တာလဲ ။ နောက်နေ့ တွေ စီး ရအောင် ”

“ အဲဒီလို တော့ ဂိတ် သတ်သတ်မှတ်မှတ် မရှိပါဘူး ၊ အဆင်ပြေ သလို ဆွဲတာပဲ ၊ ဆွဲတဲ့ အချိန်လဲ နည်းတယ် အန်တီ ရဲ့ ၊ အိမ် က ကားမို့ တော်သေးတာ ၊ မဟုတ်ရင် အုံနာကြေး တောင် တစ်ခါတလေ မပြည့်ဘူး ”

နောက်ကြည့် မှန် ထဲ မှာ မြင် နေ ရသော မျက်လုံး တစ်စုံ ကို လှမ်း ကြည့် လိုက်တော့ ရှေ့တူရူ ကို သာ စူးစူးရဲရဲ စိုက် ကြည့်ရင်း အားမာန်တွေ ပြည့် နေသည့် အသွင် ။

မိမိ ရင် ထဲ မှာ ဆို့နင့် သော ခံစားချက်များ ပြည့်လျှံ လာ သဖြင့် နှုတ်ဖျား မှာ အာစေး ထည့် ထား သလို လေးလံ ငြိမ်သက် သွား သည် ကို သူ က တော့ မသိ ရှာ ။

   •••••   •••••   •••••

“ အစ်မ က စီးနေကျ မို့ ကားခ သိနေလို့ ၊ တချို့ ခရီးသည် တွေ ဒီလမ်း နဲ့ ဒီလမ်း ကို တစ်ရာ ၊ နှစ်ရာ ကပ် ဆစ် နေသေးတာ ၊ အားကြီး လက်ပေါက်ကတ်တာပဲ ”

အင်း - သူ့ ကြည့်တော့ ဖြင့် တစ်ခေါင်းလုံး ဖြူဖွေးပြီး မိမိ ထက်ပင် အိုစာ နေပါလျက် လူကို များ “ အစ်မ ” တဲ့ ။ ခရီးသည် ဆို တော့လည်း နည်းနည်း အရိုအသေ ပေးသည့် သဘော ထင်ပါရဲ့ ။

“ ဪ - တချို့လည်း အရေးကြီး လို့ သာ စီး ရတာ ၊ မပြေလည်တာတွေ ရှိမှာပေါ့လေ ”

“ ဒါတော့ ဒါပေါ့ ဗျာ ၊ ကျွန်တော်တို့ ဘက် က လည်း ရှာ စားရ တာ မလွယ်ဘူး ဗျ ၊ ကားဆွဲ စား ရတာ ‘ ဆီ ’ တစ်မျိုးတည်း ကုန် တာ မှ မဟုတ်တာ ၊ ကျန်တဲ့ စက်ပစ္စည်း တွေ ၊ ကားပစ္စည်း တွေ က ဈေး ခေါင်ခိုက် နေတာ ၊ ပျက်လို့ ပြင်ရလည်း မနည်းဘူး ကုန်တာ ၊ တစ်နေ ကုန် လည်း ပင်ပန်းရ သေးတယ် ၊ အခု ကျွန်တော် ဆို အေးအေး ချမ်းချမ်း နေရမယ့် အရွယ် ၊ ဒီလို မှ မရှာရင် မဖြစ်လို့ သာ လှုပ်ရှား နေရတာ ၊ မျက်စေ့မှုန် ၊ နားထိုင်း နေလဲ ပါးစပ် က ပိတ် နေလို့ မှ မရပဲ ”

ဟုတ်မှာ .. ဟုတ်မှာ .. ခုတောင် ဘယ်တုန်း ကတည်း က ပြောချင် နေတာတွေ ရင်ဖွင့် နေတာလဲ မသိ ။ ကား စ ထွက် ကတည်း က ဆက်တိုက် ပြော လာလိုက်တာ ။ မိမိ စိတ် ထဲ “ သူ တစ်ယောက် တည်း ရှာ စား နေရတာ ကျနေတာပဲ ” ဟု အငေါ်တူး လိုက်မိသော် လည်း နှုတ် က တော့ ..

“ သားသမီးတွေ မရှိဘူးလား ၊ ဦးလေး အသက်အရွယ် နဲ့ ကားမောင်း နေ ရတာ ”

“ ရှိပါ့ဗျာ ၊ သမီး တစ်ယောက် တော့ ဘွဲ့ကလေး ရ ၊ အလုပ်ကလေး လဲ ဝင်ရော ဗြုန်းဆို ယောက်ျား ကောက် ယူ သွားလိုက်တာ မိဘ ကို ဘယ် ပြန်ကြည့် နိုင်တော့လို့လဲ ၊ သူ့ ယောက်ျား က လည်း မဖြစ်ညစ်ကျယ် ရာထူးလေး နဲ့ ကားမောင်း တာ ကို အဆင့်တန်း ရှိတဲ့ အလုပ် ထင်တာ မဟုတ်ဘူး ၊ သူတို့ ဆီ က ဘာ အထောက်အပံ့ မှ မရတဲ့ အပြင်ဟွန်း .. သူတို့ ကလေး တောင် အဆစ် ထိန်းပေး လိုက်ရသေး တယ် ဗျာ ”

ပြောပြောဆိုဆို ရင်တွင်း ခံစား ချက် အခံ ဖြင့် အရှိန် နှင့် ကွေ့ချ ပစ်လိုက် သော ကြောင့် ယိမ်းယိုင် သွားသော မိမိ ကိုယ် ကို မနည်း ပြန် တည့်မတ် ထိန်း ကိုင် လိုက်ရ၏ ။

“ ဒီလိုပါပဲရှင် ၊ သားသမီး ဆိုတာ ကိုယ် က သာ စုန်ရ တာ ”

သူ့ ကို သာ အားပေး နှစ်သိမ့် လိုက်ရသည် ။ မိမိ အသံတွေ တိုးတိမ် အားပျော့ စွာ ။

   •••••   •••••   •••••

အရှိန် လျှော့ပြီး နောက် က လိုက်လိမ့်မည် ဟူသော မိမိ အထင် ကို ဆန့်ကျင်စွာ ကားမောင်း က လီဗာ ကို ပို ဖိနင်း လိုက် သဖြင့် ရင် ထဲ ထိတ် ၍ သွားသည် ။ ဟိုးရှေ့ မှာ က အပြင်း မောင်း လာသော ကုန်ကားကြီး ။ ရှေ့ မှ ကား ကလည်း ဘေး ချ မပေး ။ ရှောင်ဖို့ တိမ်းဖို့ နေရာ သိပ် မကျန်တော့ ။ ဘုရား .. ဘုရား ။

မိမိ မျက်စေ့တွေ ကို ယောင်၍ မှိတ်ပစ် လိုက်မိသည် ။ တစ်ချက် ယိမ်းခနဲ ဖြစ်သွားပြီး နံဘေးမှ ကုန်ကားကြီး ‘ ဝေါ ’ ခနဲ ဖြတ် သွားသံ ကြား မှ တုန် နေသော ရင် ကို လက် နှင့် ဖိရင်း ယာဉ်မောင်း ကို လှမ်း ကြည့် လိုက်မိသည် ။

“ အမယ်လေး .. ဖြည်းဖြည်း မောင်းပါ မောင်ရင် ရယ် ၊ တိုက်မိ ကုန်မှဖြင့် ”

“ ဟား - ဟား - ဒေါ်ကြီး တော်တော် လန့်သွားလား ၊ မလန့်ပါ နဲ့ ၊ ကျွန်တော့် ကား အကြောင်း ကျွန်တော် သိလို့ မောင်းရဲတာ ပေါ့ ၊ ကားမောင်း လာတာ နှစ်အစိတ် ရှိပြီ ဒေါ်ကြီး ရဲ့ ၊ တစ်ခါမှ မတိုက်ဖူးသေးဘူး ”

“ မတိုက်ဖူးပေမယ့် စောစော က လို မျိုးတော့ မလုပ်ပါနဲ့ ကွယ် ၊ ဒီနေရာ က ကား လဲ ရှုပ် ၊ လူ လဲ ရှုပ် ၊ ဆိုက္ကား စက်ဘီးတွေ လဲ ရှုပ် မို့ပါ ၊ တစ်ခု ခု ဖြစ်လို့ ဆင်း ရှင်း နေရ ရင် အချိန် လည်း ကြာတာ ပေါ့ ”

“ မဖြစ်ပါဘူးဗျာ ၊ ဒီလို ဆွဲ မှ လည်း ကျွန်တော် တို့ က ‘ ကိုက် ’ မှာ ၊ မပူနဲ့ ဒေါ်ကြီးရေ ၊ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ”

သူ့ ခံယူချက် နှင့် သူ နည်းနည်း မှ မလျှော့ဘဲ ဒလကြမ်း မောင်းမြဲ မောင်း နေသည့် မို့ ဘုရား တ , ရင်း ပဲ ဖြစ်ချင်တာ ဖြစ်စေ တော့ သဘောထား လိုက်ရ တော့သည် ။ သူ က တော့ “ ဝေါ ” ခနဲ ဆောင့် ထွက် ၊ “ ဝူး ” ခနဲ ချိုး ကွေ့ ၊ “ ကျွီ ”  ခနဲ ဘရိတ် ဖမ်း ၊ ဟွန်း ကို လည်း အသက် မရှုစတမ်း တီးပြီး ကျော်တက် ၊ ဈေး ကို ရောက်မှပဲ စိတ်ချ လက်ချ အသက် ဝဝ ရှုရဲ တော့သည် ။ ကားနံပါတ် မှတ်ထား လိုက် ဦးမည် ။ နောင်ခါ ဆို ဝေါင်ဝေါင် ရှေး ဖို့ ။ ဆိုင် က ကောင်တာ မှာ ဝင် ထိုင် ပြီးချိန် အထိ ဒူးတွေ ဆတ်ဆတ် ၊ ရင်တွေ ဒိတ်ဒိတ် ။

   •••••   •••••   •••••

× × ရာသီပြောင်းချိန်မှာ × × ဖော်ကွာလို့ × × အပြင်ရော × × အတွင်းရော × ×  ဥပါဒ်ဝင် × ×

ကပ်လျက် ဆိုင် မှ လွင့်ပျံ လာသော သီချင်းသံ ကြောင့် တွက် လက်စ ဂဏန်းပေါင်းစက် ကို ခဏ ပိတ် ၊ မျက်မှန် ကို ချွတ်ပြီး မျက်လုံး တွေ ကို ခဏ မှိတ်၍ ငြိမ်သက် နေ မိသည် ။ စိုင်းထီးဆိုင် ၏ ‘ ရာသီ ပြောင်းချိန် ’ သီချင်း ။

မိမိ အသက်အရွယ် နှင့် ဒီ သီချင်း ကို ရှာရှာဖွေဖွေ သိနေ ခြင်း တော့ မဟုတ်ပါ ။ စာသားတွေ လည်း လုံးစေ့ပါဒ်စေ့ မရပါ ။ ဟို တစ်ချိန် က အိမ် မှာ ထပ်ပြန် တလဲလဲ ကြော့ပြီး ဖွင့်ခဲ့ဖူးသော သီချင်း မို့ အလွတ်ရ သလို နားယဉ် နေခဲ့ခြင်းသာ ။

ဒီ သီချင်း ကို ကြား လေတိုင်း မကြားချင် လောက်အောင် ကြေကွဲလျက် ကပင် သီချင်း ပြီးဆုံးသည် အထိ နားထောင် နေမိ ကြောင်း ဘယ်သူ့ ထံ မှာ ဝန်ခံရပါ့မလဲ ။ နာကြင်ခြင်း နှင့် လွမ်းတ, ခြင်း များ ပြွမ်းတီးလျက် တစ်စုံတစ်ယောက် ကို သာ စူးစူးနစ်နစ် သတိရ နေခဲ့ရသည် မှာ အကြိမ်ကြိမ် ။

တစ်ခွေလုံး ဒီ သီချင်း တစ်ပုဒ် တည်း ကို ပဲ အေဆိုက် ၊ ဘီ ဆိုက် သွင်း ထားပြီး သံပြိုင် လိုက် ဆို ၊ ဂီတာတီး ရင်း ဆို ၊ ရေချိုးခန်း ဝင် ရင် လည်း အော်ဆို ရ လောက်အောင် ကြိုက်ရှာ သူ ။ ဪ - ခုချိန် ဆို ဒီ သီချင်း ကို ဆိုမှ ဆိုနိုင်ပါ စလေ ။

အိမ် မှာ အကြော့သား နေရ စားရ သည့် ဘဝ မှ ဖယ်ခွာ လျက် ဘယ်လမ်း ကို များ လျှောက်နေလေပြီ မသိ ။

မိမိ မို့ ဆက်တီခုံရှည် မှာ ထိုင်ပြီ ဆို ပေါင်ပေါ် အတင်း ခေါင်းအုံး အိပ်ပြီး သူ့ အရပ် ဂလန်ဂလားကြီး ကို ခေါက်ကွေး ကာ မဆန့် ဆန့် အောင် တိုး အိပ်ရင်း မိမိ ရင်ခွင် ခေါင်းတိုး ဝင်၍ ချွဲနွဲ့ လိုက်လျှင် သူ့ မိကျောင်းသားရေ စစ်အိတ်ကလေး ထဲ လေး - ငါး - ခြောက်ထောင် မပြတ် ပြည့် နေ တတ်ခဲ့ သူ က ခုများ ကျတော့ ဘာ အလုပ်တွေများ လုပ်ကိုင် စားသောက် နေရှာပါ လိမ့် မလဲ ။

“ မင်း - ငါတို့ စကား ကို နား မထောင်ရင် ၊ ငါတို့ သဘော မတူတဲ့ မိန်းမ ကို ယူရင် အိမ် က ဆင်း ပေတော့ ၊ အမွေပြတ် တော့ အရှက်ကွဲ ခံပြီး သတင်းစာ ထဲမ ထည့်ဘူး ဟေ့ကောင် ၊ ငါတို့ စိတ် က ပြတ်ပြီ ဆိုရင် အပြီး ပြတ်တယ် ၊ ဘယ်နှယ့်ဗျာ - မိန်းမများ ယူစရာ ရှားလို့ ကလေး နှစ်ယောက် အမေ တစ်ခုလပ် ကို မှ ယူချင်ရတယ် လို့ ... တောက် ! ”

ဘယ်လိုမှ ဖျန်ဖြေ စေ့စပ်၍ မရနိုင်လောက်အောင် ဒေါသ ကြီး နေသော ခင်ပွန်းသည် ကို တောင်းပန် မရသည့် အဆုံး မိမိ က ပဲ မျက်ရည်လည်ရွဲ နှင့် လေပြေ သွေး ကြည့်ခဲ့သည် ။

“ သားလေး ရယ် ၊ မင်း အဖေ စိတ် ကို လဲ သိရက်သားနဲ့ ၊ သူ တို့ သားအမိတွေ ကို ရင်းနှီး လုပ်ကိုင်စား ဖို့ မေမေတို့ ကူညီမယ်လေ ၊ သူတို့ ဘဝ ထဲ ကို တော့ သားလေး မဝင်လိုက်ပါနဲ့လား ကွယ် ၊ သားလေး ကျောင်း လဲ ပြီး သေးတာ မဟုတ်ဘူး ၊ ပညာ တစ်ပိုင်း တစ်စ နဲ့ ဘာ လုပ် စားမှာလဲ ၊ သားလေး ပင်ပန်းမှာ မေမေ မကြည့်ရက်ပါဘူး ” 

သူ့ စပို့ရှပ်အင်္ကျီ ရင်ဘတ် တစ်ခု လုံး တွန့်ကြေ ရွဲ့စောင်း နေ အောင် ဆုပ်ကိုင် ငိုယို နေမိစဉ် မိမိ လက်ချောင်းများ ကို ကုပ်ကျစ် ဖြည်ဖြန့် ပြီး စကား တစ်ခွန်း မျှ မဆိုဘဲ အဝတ် တစ်ထည် ကိုယ် တစ်ခု နှင့် ဆင်း သွားသော မြင်ကွင်း က မှုန်ဝါး မသွားဘဲ ခုချိန် အထိ မျက်လုံး ထဲ မှာ ပြက်ပြက် ထင်ထင် ။

   •••••   •••••   •••••

ကားလမ်းတွေ ပိတ် နေသည် ။ ကြည့် ရတာ ဟိုးရှေ့မှာ ကား တစ်စီး စီးပဲ ပျက် သလား ၊ ကားချင်း ချိတ်မိ၍ ပြဿနာ ရှင်းနေကြ သည်လား ၊ ‘ ဟွန်း ’ သံမျိုးစုံ က ဆူညံ ၍ နေသည် ။ ကားဆရာ က စက် ကို ပါ သော့ပိတ် ပစ်လိုက်ပြီး စောစောက မီးပွိုင့် မှာ သူ ဝယ် လာခဲ့သော ဂျာနယ်တစ်စောင် ကို ဟိုလှန်ဒီလှော ဖတ် နေ တော့ သည် ။ အဲဒီလို မလုပ် ၍ လည်း တခြား ဘာမှ မတတ်နိုင်သည့် အနေ အထား ကိုး ။

လမ်း က ကျဉ်းကျဉ်း ၊ ယာဉ်ကြော က နှစ်ထပ် ၊ ရှေ့ လည်း မ တိုးသာ ၊ ပြန်လည်း မကွေ့သာ ။ မိမိ မှာ သာ ဆင်းလျှောက် ၍ လည်း မဖြစ်နိုင် သဖြင့် စိတ် လျှော့ ထားရသည် ။

နေပူကြီးထဲမှာ × × ဒီဘဝ × ×  လမ်းခရီးကို × × လျှောက်လှမ်းဖို့ ခံနိုင်ရည် × ×  စွမ်းအားနဲ့ ပြည့် × × 

လက်ဝဲ ဘက် ကပ်လျှက် ကား ထံ မှ ‘ ထ ' ဖွင့် လိုက်သော သီချင်းသံကြောင့် ဘာရယ် မဟုတ် လှမ်း ကြည့် လိုက်မိသည် ။ အဝါ နှင့် အပြာစပ်ကြား အငှားကား တစ်စီး ။ ကား နောက်ခန်း မှာ ခရီးသည် နှစ်ယောက် ပါသည် ။ ဩော် - ဒီ ကားသမား လည်း ဒီ သီချင်း ကြိုက် သည် ထင့် ။ တစ်ဆက်တည်း တွေးရင်း ယာဉ်မောင်း ကို ကြည့်မိ တော့ ...

“  ဟင် ”

ရုတ်တရက် တဒိုင်းဒိုင်း လှုပ်ခုန် သွားသော မိမိ နှလုံးခုန် သံ ကို ပြန် ကြားလိုက်ရသည် ။ “ ဘုရား .. ဘုရား .. ငါ မျက်စေ့များ မှား လို့လား ” ။ မျက်တောင် ကို သုံး - လေး - ငါးချက် တဖျတ်ဖျတ် ခတ် ၊ လူ က ကား ပြတင်းပေါက် နား ရောက် အောင် တိုးကပ် ရွေ့ ထိုင် ၊ သေသေချာချာ စူးစိုက်ကြည့် ။

ဟုတ်ပါသည် ၊ နေလောင် ၍ အသားအရေ ညိုမှိုင်းပြီး မျက်နှာပိန်သွယ် ချောင်ကျလျက် ဆံပင်များ မွဲခြောက်ဖွာလန် နေသော် လည်း ရင် မှ ဖြစ်သည့် ရင်နှစ်သည်းချာ ကို မိမိ ဘယ်လိုလုပ် မှား နိုင်ပါ့မလဲ လေ ။

အရင်က တော့ အိမ် က မာခ့်တူး မောင်း ကာ အမေ ကို  ကြို ပို့စဉ် ကော့ပြောင် နေသော ဆံပင် ၊ သပ်သပ်ရပ်ရပ် အထက်တန်း ကျသော အဝတ်အစား ၊ ရွှေလက်ပတ်ကြိုးပျော့ နှင့် အကောင်းစား နာရီ နှင့် လူတကာ က ငေးမော အားကျခဲ့ရသော သူ ။

ခု ကြည့်ပါဦး ။ လောကဓံ ရဲ့ အထုအထောင်း ကို ခံနိုင်ရဲ့ လား သားလေး ရယ် ။

ကြည့် နေရင်း သား ရုပ်သွင် က မှုန်ရီဝေဝါး ၍ သွားလေပြီ ။ လက်ကိုင်အိတ် ထဲ မှ ပဝါ ကို အမြန် ထုတ် ၊ မျက်မှန် ကို ချွတ် ၊ မျက်လုံး အိမ် မှာ စို့သီးရစ်ဝိုင်း လာသည့် မျက်ရည်တွေ ကို တို့ထိ သုတ်ဖယ် ပြီး မြင်ရ သမျှ မြင်ကွင်း ကို သာ ရင်နင့်စွာ စိုက်ငေး နေ မိပြန်သည် ။

ထိုအခိုက် မှာ ပင် သား က ပါးစပ် ထဲ မှာ ကွမ်း ဝါးလက်စ ဖြင့် ဒီဘက် ကို လှည့် ကြည့် လာသည် ။

မျက်နှာ လွဲ လိုက်ဖို့ ( သို့မဟုတ် ) သား မမြင်အောင် ပုန်း ကွယ်လိုက် ဖို့ ဦးနှောက် က စေခိုင်းချက် ကို အာခံဆန့်ကျင် ကာ ဒဏ်ရာ နှင့် နှလုံးသား က မိမိ မျက်ဝန်းများ မှ တစ်ဆင့်သား ထံ အရောက် ပြေး တော့သည် ။

သားအမိ နှစ်ယောက် ၏ မျက်လုံးများ တန်းတန်းတည့်တည့် ဆုံစိုက် သွားကြစဉ် တွေ့ လိုက်ရသော သား ၏ မျက်နှာ ပေါ် မှ လျှပ်တစ်ပြက် အတွင်း ဖြတ်ပြေး သွားသည့် အဓိပ္ပါယ်အရောင်မျိုးစုံ ကို မိမိ မျက်တောင် မခတ်ဘဲ ငေးကြည့် နေ မိသည် ။ ပထမ အံ့ ဩ ၊ ဒုတိယ ဝမ်းသာ ၊ တတိယ ရှက်ရွံ့သိမ်ငယ် ၊ နောက်တော့ စိတ် ကို ပြန် ထိန်း လိုက်ဟန် ။

မိမိ ရင်ထဲ ဆို့နင့်စွာ မလှုပ်မယှက် ငြိမ်သက်ယောင်မှား နေတုန်း မှာ ပင် သား က ကားတံခါးဖွင့် ဆင်းပြီး အနား ကို ချက်ချင်း ရောက် လာသည် ။

“ ဟီး - ဟီး - ဖြစ်မှ ဖြစ်ရလေ သားလေး ရယ် ၊ မင်း ဘယ်လို ပုံစံ ဖြစ် နေတာလဲ ”

“ ဟာ - မေမေ ၊ မေမေ ၊ မေမေ ဆိုင် ... ဆိုင် သွား မလို့ လား ”

ခလုတ်တိုက် ပြိုလဲ နေသော စကားလုံးများ နှင့် အတူ စက်ဆီချေး ပေ နေသော မွဲခြောက်ခြောက် ပုဆိုး ၊ သဲကြိုး ဖွာလန် နေသော ကတ္တီပါ သားရေဖိနပ် တို့ က မိမိ ၏ ငိုချင်နေသော စိတ် ကို လက် တို့ ၍ သတိပေး လိုက်ပြီ ။

“ ဟာ မေမေ ၊ မငိုနဲ့ လေ ၊ လမ်းမကြီး မှာ ၊ ဟာ - ဟာ - ဒါ ငိုစရာလား ”

သူ ပိုပြီး ပျာယာခတ် လျက် မိမိ ပါးစပ် ကို ပဲ လက် နှင့် ပိတ် တော့မလို ။

“ မငိုလို့ ရမလား ၊ ဒီလို ပြာပုံ တိုး လာတဲ့ ရုပ် ကို ဘယ် အမေ က ကြည့်ရက်မှာ လဲ ၊ မိဘစကား ကို နား မထောင်တဲ့ ကောင် ”

“ ဟုတ်ပါတယ် မေမေ ၊ သား မှားတာပါ ၊ အရင် က မေမေ တို့ ကို သား အထင် လွဲခဲ့တယ် ၊ အခု သား ကိုယ်တိုင် သားကလေး ရ တော့ မှ မိဘ ဆိုတာ သားသမီး ကို ဘယ်လောက် အထိ မျှော်မှန်းပြီး ဘယ်လို ကောင်းစား စေချင်တယ် ဆိုတဲ့ မေတ္တာစေတနာ ကို သဘော ပေါက်ပါပြီ ၊ ဒါကြောင့် ကိုယ့် ကိုယ် ကို ဒဏ်ခတ်တဲ့ အနေနဲ့ မိဘတွေ ကို ဒုက္ခ မပေးတော့ဘဲ ဇွဲခတ်ပြီး အလုပ် လုပ် နေတာပါ ၊ ဖေဖေ မေမေ တို့ ကို အမြဲ သတိရပါတယ် ၊ ဖေဖေ ရော နေကောင်း ရဲ့လား ”

သား ပြောသည့် စကား ထဲ မှ “ သား ကိုယ်တိုင် သား ကလေး ရပြီ ” ဆိုသည့် စကားစုလေး ကို ရုတ်တရက် ကြားလိုက်ရ ချိန် မှာ မိမိ နှုတ်တွေ ဆွံ့အ, ကြောင်အမ်း ကုန်ကြသည် ။

ဒီ အချိန် မှာ ပဲ လမ်းပွင့် သွား သဖြင့် ရှေ့ မှ ကားတွေ လည်း ထွက် ၊ နောက် မှ ကားတွေ လည်း ဆူညံပွက် ကုန်ကြပြီ ။ တစ်သက်လုံး မှာ မုန်းတီး နာကျည်းစရာ အကောင်းဆုံး အသံများ ။ မိမိ ကား ယာဉ်မောင်း က ကားစက် နှိုး ထားပြီး နားလည်ဟန် ခေါင်းညိတ် ၍ ပြသည် ။ သူ့ မျက်လုံး မှာ ကရုဏာ တငွေ့ငွေ့ နှင့် ။

“ သား .. သွားတော့မယ် နော် မေမေ ”

သား က ကမန်းကတန်း သူ့ ကား ဆီ ပြန်ပြေး ၊ မိမိ ကားလေး လည်း နေရာမှ ‘ ဝေါ ’ ခနဲထွက် ၊ သား က ဘေးက ယှဉ်လာပြီး အမေ ကို လှည့်ကြည့် လှည့်ကြည့် ။

လမ်းဆုံ သို့ အရောက် မိမိ ကားလေး က ညာဘက် သို့ အချက် ပြ ၍ သား ၏ ကားလေး က ဘယ်ဘက် ကို အချက်ပြ ကာ ကွေ့ကြသော အခါ ကား နှစ်စီး မှာ ဆန့်ကျင်ရာ အရပ် နှစ်ခု သို့ ဦးတည် ရွေ့လျား ၊ သားအမိ နှစ်ဦး မှာ လည်း ကျောချင်း ကပ်လျက် တရွေ့ရွေ့ ဝေးကွာ ။

အစ က တော့ မိမိ နှလုံးသား ကို မာကြောသည် ဟု ထင်မှတ် မှား ခဲ့သည် ။

ယခု မူ သား လိပ်စာကလေး မှ မမေးလိုက်ရ ကောင်းလား ဟု မိမိ ကို မိမိ အပြစ် တင် နေမိ တော့သည် ။

အင်း - မြေးကလေး နဲ့ ဘယ်တော့များ မှ တွေ့ ရပါ့လေ ... ။

◾မဦး

📖 ငါမသေဘူးဆိုတဲ့ လူ နှင့် အခြား ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment