Thursday, May 30, 2024

တစ်ခန်းမရပ် အလွမ်းဇာတ်လည်း


 

❝ တစ်ခန်းမရပ် အလွမ်းဇာတ်လည်း ❞

“ ကျွန်မ ကို ‘ ထွန်း ’ လို့ တစ်လုံးတည်း မခေါ်ပါနဲ့ ”

အဲသည်တုန်း က လည်း မိုးမှုန်ဖွဲဖွဲတွေ က ယခု လို ပင် ဦးချစ်ဆိုင် ရှေ့ မှ ငှက်ပျောတောအုပ်အုပ်ကလေး ပေါ်သို့ ကျထင် နေခဲ့ ပေသည် ။ မိုးသက်လေ အဝှေ့ တွင် စိန်ပန်းပွင့်ကြွေ တွေ က လွင့်မျော နေခဲ့ ဆဲ ။ ရာမညဆောင် ရှေ့ က ဖြတ် လာစဉ်ကတည်း က တောင်ငူဆောင် ဘက် ကို သူမ လှည့် ကြည့်ဖြစ်ခဲ့ သေးသည် ။ ဒီနေ့ ဟာ ၁ဝ နှစ် တင်းတင်း ပြည့်တဲ့ နေ့ ပါ ကိုလတ် ရယ် ။

ဦးချစ်ဆိုင် ထဲ သို့ သူမ လှမ်း ဝင် လိုက်သည့် အချိန် တွင် ကောင်ဆိုးလေး တို့ အုပ်စု ကို သူတို့ ထိုင်နေ ကျ ညာ ဘက် စားပွဲ တွင် တွေ့ လိုက်ရ ပေသည် ။ သူမ စိတ် ထဲ မှာ လေးလံ သွား သလို ဖိစီးမှု တစ်မျိုးကို ခံစား လိုက်ရသည် ။

သူမ စားပွဲလွတ် တစ်လုံး တွင် ဝင် ထိုင် လိုက်ပါသည် ။

အကယ်၍ သာ သူမ သာ အမှတ်သညာ ကြီးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုလျှင် လွန်ခဲ့သော ၁၀ နှစ် တိတိ က ယခု သူမ ထိုင် နေသော ဦးချစ်ဆိုင် ထဲ မှ နေ့ တစ်နေ့ သည် သောကြာနေ့ ဖြစ်ကြောင်း မှတ်မိ နေမည် မဟုတ်ပါချေ ။ ထို နေ့ သည် သောကြာနေ့ ဖြစ်ခဲ့ပါ သည် ။

မိုးစက်မှုန်တွေ က ဖွဲဖွဲဝေ နေဆဲ ။ ငှက်ပျောရွက် တောင်ပံစိမ်းစိမ်းများ က လေ ထဲ တွင် ဝဲပျံသန်း နေကြ ပါ၏ ။ သူမ တိတ်ဆိတ်စွာ ထိုင် နေပါသည် ။ ယနေ့ အဖို့ သူမ ၏ အဓိပ္ပာယ် သည် တိတ်ဆိတ် ငြိမ်သက်ခြင်း နှင့် လွမ်းဆွတ် ကြေကွဲခြင်း ဟု သာ ဖွင့်ဆိုရမည် လည်း ဖြစ်ပါ၏ ။

တိတ်ဆိတ်စွာ လွမ်းဆွတ်ရတာတွေ ... ။

ငြိမ်သက်စွာ ကြေကွဲရတာတွေ ... ။

သူမ သည် သူမ ၏ စိတ် ထဲ မှ နေ၍ လွန်ခဲ့သော ၁၀ နှစ် တိတိ က သောကြာနေ့ သို့ ပြန်လည် ရောက်ရှိ သွား နေပါ၏ ။ အတိတ် သည် များစွာ မဝေးလံ လွန်းသေးပါ ။ အတိတ် ၏ အသံ များစွာတို့ သည် လည်း ပျောက်ပြယ် မသွားနိုင်ကြသေး ဟု သူမ ၏ စိတ် က ထင်မြင် ယူဆ နေဆဲ မှာ ပင် လူ အရိပ် တစ်ခု သူမရှေ့ တွင် လာ ထင်၏ ။

သူမ မော့ မကြည့်ဘဲ နှင့် သိပါသည် ။

“ ကောင်ဆိုးလေး ”

သူမ မော့ မကြည့်ဘဲ နေဖို့ စိတ် ထဲ က ဆုံးဖြတ်လိုက် သည် ။ သူမ မော့ မကြည့်ပါ ။ အသံတွေ ကို တော့ သူမ ကြားနေရ ပါသည် ။

“ လင်းဝဏ္ဏ ... လင်းဝဏ္ဏ သွားမယ်ဟေ့ အချိန် မရှိဘူး ၊ မြန်မြန်လာကွာ ”

အဝေး မှ အသံ တစ်ခု အဆုံး တွင် အနီး မှ အသံ ကို သူမ ကြား လိုက်ရပါ၏ ။

“ ရော့ .. ဆရာမ ကျွန်တော် ငှားထားတဲ့ စာအုပ် ”

စားပွဲ ပေါ် သို့ ကောင်ဆိုးလေး ချ ပေးသော စာအုပ် ကို သူမ စိုက် ကြည့် နေ မိသည် မှာ အကြာကြီး ဖြစ်သည် ။

ကောင်ဆိုးလေး က စာအုပ် ကို ချ ပေးပြီး သူမ ရှေ့မှ ထွက် သွားပြီ လည်း ဖြစ်ပါ၏ ။ သူမ ဦးခေါင်း ကို ပြန် မော့ လိုက်ဖို့ မကြိုးစားမိသေးပါ ။

စာအုပ် အဖုံး ပေါ် က စာလုံးများ ကို သာ သူမ အသံ တိတ် ဖတ် နေခဲ့ပါ၏ ။

အောင်ပြည့် ... နေရစ်တော့ မြသီလာ ။

သူမ ပင့်သက်ရှည်ကြီး တစ်ခု ကို တဖြည်းဖြည်း မြှင်းပြီး ချလိုက် မိ ပြန်သည် ။ သူမ ၏ မျက်လုံးအိမ်များ စိုမြ လာ ပါသည် ။ စားပွဲ ပေါ် က စာအုပ် ကို သူမ ကောက် ယူပြီး ပထမဆုံး စာမျက်နှာ ကို လှန် ကြည့်လိုက်မိ သည် ။ အလွမ်း ၏ အမှတ် လက္ခဏာတွေ လတ်ဆတ် သစ်လွင် နေဆဲပင် ဖြစ်သည် ။

တစ်ချိန် မှာ ပြန်ဆုံဖို့
“ ထွန်း ” သို့ ….

                      အမှတ်တရ
                            ကိုလတ်

“ ကျွန်မ ကို ‘ ထွန်း ’ လို့ တစ်လုံးတည်း မခေါ်ပါနဲ့ ”

“ ဒါဖြင့် ဘယ်လို ခေါ်ရမှာလဲ ”

“ ကျွန်မ နာမည် အပြည့်အစုံ က ခင်သန်းထွန်း ... ခင်သန်းထွန်း လို့ ပဲ ခေါ်ပါ ”

“ ဟုတ်ကဲ့ ... အမိန့်တော်မြတ် အတိုင်းပါ ခင်သန်းထွန်း ၊ အဲ ... မခင်သန်းထွန်း ”

“ ကျွန်မ ကို အဲဒီလို မခနဲ့ပါနဲ့ ဦးရန်နိုင်လတ် ”

“ ကျွန်တော့် ကို ဦးရန်နိုင်လတ် လို့ မခေါ်ပါ နဲ့ ” 

“ ဒါဖြင့် ဘယ်လို ခေါ်ရမှာလဲ ”

“ တခြား လူတွေ ခေါ်သလို ကိုလတ် လို့ ပဲ ခေါ်ပါ ”

“ ဟုတ်ကဲ့ ... အမိန့်တော်မြတ် အတိုင်းပါ ကိုလတ် ၊ အဲ ... ဦးလတ် ”

“ ကျွန်တော့် ကို ဒီလို မခနဲ့ပါနဲ့ ထွန်း ”

“ ကျွန်မ ကို ထွန်း လို့ တစ်လုံး တည်း မခေါ်ပါနဲ့ ”

••••• ••••• •••••

ဦးချစ်ဆိုင် ထဲ မှာ သူမ ထိုင် နေခဲ့သည် မှာ အဘယ် မျှ ကြာသွားသည် ဆိုတာကို ပင် သူမ မေ့လျော့ နေခဲ့ပါသည် ။ သူမ ရှေ့ က လက်ဖက်ရည်ခွက် သည် ပင် အေးစက် နေ လောက်ပြီ ဖြစ်သည် ။ လက်ဖက်ရည်ခွက် ကို သူမ တစ်ငုံ ယူ သောက် ပြီး ပြန် အချ တွင် ရုတ်တရက် ကောက်ကာငင်ကာ မိုးကြီး တစ်မ ရွာ ချ လိုက် လေ တော့သည် ။

ဦးချစ်ဆိုင် ရှေ့ က မြေပြင် သည် စိုအိုင်၍ မသွားပါ ။
သူမ ၏ နှလုံးသား ၌ သာ မျက်ရည်များ အိုင်ထွန်း သွား ခဲ့ပြီ ဖြစ်ပါ၏ ။

သူမ သည်းထန်စွာ ငိုပါသည် ။ သို့သော် ရင် ထဲ ၌ သာ ဖြစ်ပါသည် ။ သူမ ၏ ရင် ထဲ က မိုး သည် လွန်ခဲ့သော ၁၀ နှစ် တိတိ က သောကြာနေ့ တွင် ရွာ ခဲ့သော မိုး ၏ အဆက် လည်း ဖြစ်သည် မဟုတ်ပါသလော ။

ထို သောကြာနေ့ က မိုး တွေ ရွာ နေခဲ့ပါ၏ ။ မိုးရေ ထဲ တွင် တစ်လှမ်းချင်း ထွက်ခွာ သွားသော ချစ်သူ ကို ငေး ကြည့်ရင်း သူမ သည် ဦးချစ်ဆိုင် ထဲ ၌ ကျန်နေရစ် ခဲ့ပါ၏ ။

ထိုနေ့ သည် ချစ်သူ ကို သူမ တွေ့ ခဲ့ရသည့် နောက်ဆုံး နေ့ လည်း ဖြစ်ပါ၏ ။

“ ကိုလတ် သွားမယ် ထွန်း ၊ ထွန်း အတွက် ကိုလတ် အမှတ်တရ ပေးနိုင်ခဲ့တာ ဆိုလို့ ဒီ စာအုပ်ကလေး ပဲ ရှိတာ ကို တော့ ကိုလတ် စိတ် မကောင်းပါဘူး ။ တစ်ချိန် ချိန် မှာ ပြန် ဆုံဖို့ အမှတ်တရ လက်ဆောင် လို့ ပဲ ထွန်း ယူဆလိုက် နော် ”

အတိတ် သည် များစွာ မဝေးလှသေးပါချေ ။

အတိတ် ၏ ရုပ်ပုံကားချပ်များ သည် သူမ ၏ နှလုံးသား တွင် စွဲထင် နေဆဲ ။

သူမ ဦးချစ်ဆိုင် ထဲ က ထွက် လာခဲ့သည် ။ သူမ ခြေထောက်တွေ က သူမ ကို တောင်ငူဆောင် ရှေ့ သို့ ခေါ် ဆောင် သွား နေခဲ့ပါ၏ ။ မိုးမှုန် ဖွဲဖွဲ တွေ ကျ နေတာ ကို သူမ မသိတော့ပါ ။

••••• ••••• •••••

“ ကိုလတ် ”

“ ဟင် …. ဘာလဲ ထွန်း ”

“ ထွန်း ဒီနေ့ ပါမောက္ခ နဲ့ တွေ့ ရမယ် ”

“ ဘာကိစ္စလဲ ”

“ ထွန်း တင်ထားတဲ့ စာတမ်းခေါင်းစဉ် အတွက် ပါမောက္ခ က ခေါ် တွေ့တာပါ ”

“ ထွန်း ရဲ့ စာတမ်းခေါင်းစဉ် ကို ပါမောက္ခ လက်ခံ လိမ့်မယ် လို့ ကိုလတ် ထင်ပါတယ် ”

“ ထွန်း လည်း အဲဒါကို ပဲ စဉ်းစား နေတာပါ ။ ထွန်း စိတ် ထဲ မှာ အဲဒီ ခေါင်းစဉ် ကို ပဲ စွဲနေတယ် ကိုလတ် ”

“ ထွန်း သေသေချာချာ လေ့လာထားပြီး သား ဖြစ်နေ တော့ အဲဒီ ခေါင်းစဉ် ကို စွဲ နေတာ ဖြစ်မှာ ပေါ့ ။ ကိုလတ် သဘော က တော့ ထွန်း ကို အဲဒီလောက် ကြီးကျယ် ခိုင်ခံ့တဲ့ ခေါင်းစဉ်မျိုး တောင် ရွေးစေချင်တာ မဟုတ်ဘူး ”

“ ဘာဖြစ်လို့လဲ ကိုလတ် ရဲ့ ”

“ ထွန်း ပင်ပန်းမှာ စိုးလို့ပါ ”

“ ဪ ... ကိုလတ် ရယ် ။ ဒါကတော့ ထွန်း အားသန် တဲ့ ကိစ္စပဲ မဟုတ်လား ။ ဘယ်သူမှ အဲဒီ ခေါင်းစဉ်မျိုး မတင်ကြဘူး ကိုလတ် ရဲ့ ”

“ ကိုလတ် စိတ်မကောင်း တာ တစ်ချက်ပဲ ရှိတယ် ထွန်း ။ အဲဒါက ဘာလဲ ဆိုတော့ ထွန်း အဲဒီ “ ဒဂုန်တာရာ အရင် က မြန်မာကဗျာ ” စာတမ်း ရေး နေတဲ့ အချိန် မှာ ကိုလတ် ထွန်း ရဲ့အနား မှာ ရှိနိုင် မရှိနိုင် ဆိုတဲ့ အချက်ပဲ ”

“ ဟင် .. ကိုလတ် က ဘယ် သွားမှာ မို့လဲ ”

••••• ••••• •••••

တောင်ငူဆောင် ပေါ် သို့ တက် လာ နေသော သူမ ၏ ခြေထောက်များ က သူမ ကို လှေကားထစ်များ တစ်ဝက် မှာ ရပ်တန့် စေလိုက်ကြပေသည် ။ သူမ ကိုယ် ကို ရို့ကာ လှေကားထစ် လက်ရန်းဘေး သို့ ကပ် လိုက်ပါ၏ ။

အပေါ်ဆုံး ထပ် မှ ဆင်း လာ သော ကောင်ဆိုးလေး သည် သူမ ရပ် နေသည့် လှေကားထစ် မှာ ပင် ရပ် လိုက်ပြန် ပါပကော ။ သူမ ခေါင်း ငုံ့ လိုက်ဖို့ ကြိုးစား နေဆဲ မှာပင် ကောင်ဆိုးလေး ၏ စကားသံ က သူမ မျက်လုံးများ ကို ဆွဲခေါ် သွားပြီလည်း ဖြစ်ပါ၏ ။

“ ဆရာမ ဒီနေ့ ညနေ ဒေါ်နုနုဆွေ အတန်း မရှိဘူး တဲ့ ”

သူ က ‘ ဩော် ’ ဟု ဆိုကာ ကောင်ဆိုးလေး ကို မျက်လုံးများ ဖြင့် ပင် သတင်းပေး လာရသည့် အတွက် ကျေးဇူး တင်ကြောင်း ပြော လိုက်ရပါ၏ ။

“ အတန်း မရှိတာ နဲ့ ကျွန်တော် လည်း မဂ္ဂဇင်းတိုက် စောစော လစ်မလားလို့ ပြန် ဆင်း လာတာ ၊ သွားမယ် ဆရာမ ”

ကောင်ဆိုးလေး က တော့ လှေကားထစ်တွေ အတိုင်း ဆင်း သွား ပေပြီ ။ သူမ သည် အပေါ်စီး မှ နေ၍ ကောင်ဆိုး လေး ကို ငုံ့ ကြည့်လိုက်မိ ပါသည် ။ သူမ မှား သွား မှန်း ချက်ချင်း သိ လိုက်ပါ၏ ။ ကောင်ဆိုးလေး က သူမ ကို မော့ပြီး ကြည့် နေတာ နှင့် အကြည့်ချင်း ဆုံ လိုက်မိခြင်း ပင် ။

သူမ ချက်ချင်းပင် လှေကားထစ်များ ကို နင်း ပြီး အပေါ်ဆုံးထပ် သို့ တက်သွား လိုက်ပါသည် ။ ယနေ့ ညနေ အတန်း မရှိဘူး ဆိုလျှင် သူမ လည်း သူမ တက္ကသိုလ် သို့ ပြန် ရ လျှင် ကောင်းမလား လို့ စဉ်းစား မိ လိုက်သေး၏ ။ ယနေ့ တွင် သူမ ၏ တက္ကသိုလ် မှာ လည်း သူမ အတွက် အတန်း ရှိ မနေပါချေ ။

ယနေ့ ညနေခင်း တွင် သူမ သည် တောင်ငူဆောင် အပေါ်ဆုံးထပ် က ဌာန စာကြည့်တိုက်ကလေး ထဲ မှာ ပဲ ဖြစ်ဖြစ် ၊ ဆရာ ဆရာမ တစ်ယောက် ယောက် ၏ အခန်း မှာ ပဲ ဖြစ်ဖြစ် နေ လိုက်တော့မည် ဟု ဆုံးဖြတ် လိုက်သည် ။ ထို ဆုံးဖြတ်ချက် သည် လွန်ခဲ့သော ၁၀ နှစ် တိတိ က သောကြာနေ့ ကို သူမ ပြန်လည် လွမ်းဆွတ်ဖို့ အကောင်းဆုံး ပြင်ဆင်မှု လည်း ဖြစ်သည် ဟု သူမ ဘာသာ သူမ ယူဆ လိုက်မိ ပါ သေး၏ ။

ထို ဆုံးဖြတ်ချက် အတိုင်းပင် တောင်ငူဆောင် အပေါ် ဆုံးထပ် စင်္ကြံ ကို သူမ ဖြတ်သန်း လိုက်ပါ၏ ။ ထိုအချိန် တွင် ပါမောက္ခရုံးခန်း ထဲ မှ ထွက် လာသော သူမ ၏ အတန်းဖော် တစ်ဦး နှင့် တွေ့ လိုက်ရကာ ထို အတန်းဖော် ကမ်း ပေး လာသော စာအိတ်ကလေး ကို သူမ လှမ်း ယူ လိုက်ပါသည် ။

“ ကျွန်တော် မြစ်ကြီးနား ခဏ ပြန်တုန်း က ကျွန်တော့် သူငယ်ချင်း တစ်ယောက် နဲ့ တွေ့ လို့ သူ က ရန်ကုန် ပြန် ရင် ဒီ စာလေး ယူသွား ပေးပါ ဆို လို့ ယူလာ ခဲ့တာပါ ။ စာအိတ် ပေါ် မှာ “ ဒေါ်ခင်သန်းထွန်း ၊ နည်းပြ ၊ မြန်မာစာဌာန ၊ ပညာရေးတက္ကသိုလ် ” လို့ ရေး ထားတော့ ကျွန်တော် လည်း ဆရာမ စာ ပဲ ဖြစ်မယ်လို့ ယူ လာခဲ့တာ ။ ဆရာမ စာ ပဲ မဟုတ်လား ”

သူမ သည် စာအိတ် ပေါ် က လက်ရေး ကို ကြည့် ပြီး အတန်ငယ် စဉ်းစား နေလိုက်ပြီး မှ ..

“ ဟုတ်မှာပါ ကိုဘရန်တာဝေး ၊ ကျွန်မ စာ ပဲ ဖြစ်မှာ ပါ ။ မြစ်ကြီးနား ပြန် တာ အဆင် ပြေရဲ့လား ။ အမျိုးသမီး ကော နေကောင်းရဲ့လား ”

“ ကောင်းပါတယ် ဆရာမ ၊ မိန်းမ ကို ထားပစ်ခဲ့ပြီး ကျွန်တော် က ဒီမှာ မဟာတန်း လာ တက် နေရတာ ဆိုတော့ လည်း တစ်ခါတစ်ခါ မိန်းမ ရပ်ထံ ပြန်ရန် ဆိုပြီး ပါမောက္ခ ဆီ ခွင့် တိုင် တိုင် နေရတာပေါ့ ဆရာမ ရယ် ”

သူမ ၏ အတန်းဖော် သည် သူမ ကို နှုတ်ဆက်ပြီး ထွက်သွားသည့် အချိန် တွင် သူမ သည် လက် ထဲ က စာအိတ်ကလေး ကို စိုက်ကြည့် နေခဲ့မိပါ၏ ။ စာအိတ်ကလေး သည် စာအိတ် တစ်ခု စာ နှင့် မက အောင် ပင် အလွမ်းများ နှင့် ပြည့်သိပ် လေးလံ နေတော့သည် ကို တော့ သူမ ခံစား နေရပါ၏ ။ မြစ်ကြီးနား က တစ်ဆင့် သူမ ထံ ပေးပို့ လိုက်သော အလွမ်းတွေ သည် တောင်စဉ် ဘယ်နှတန် ၊ လျှိုမြောင် ဘယ်နှထပ် ကို ဖြတ်သန်း ကျော်လွှား ခဲ့ရပေမည်လဲ ။ ယခု စာ သည် သူမ အတွက် မြစ်ကြီးနား မှ ဒုတိယအကြိမ် မြောက် ရောက် လာခဲ့ သော စာ လည်း ဖြစ် ပါသည် ။ နှစ်ကြိမ် စလုံး ပင် စာအိတ် ပေါ် က လက်ရေး တွေ က တော့ တူ မနေခဲ့ပါချေ ။

သူမ သည် စာကြည့်တိုက်ကလေး ထဲ သို့ မဝင် တော့ဘဲ လာလမ်း အတိုင်း ပြန် လျှောက် ကာ တောင်ငူ ဆောင် ပေါ် မှ ဆင်း လာခဲ့ပါ၏ ။ သူမ ၏ စိတ် က သူမ ၏ တက္ကသိုလ် သို့ သာ ပြန် ရောက် ချင် နေမိ ပြန် တော့သည် ။

မန္တလေးဆောင် ကို ဖြတ်ကာ အဓိပတိလမ်း ပေါ် သို့ တက် လိုက်သော အချိန်၌ ကား မိုးမှုန်ဖွဲဖွဲ အောက် တွင် သူမ ဘာ့ကြောင့် ထီး ကို ဖွင့် မဆောင်းခဲ့တာပါလဲ ဆိုသည့် မေးခွန်း ကို မေးဖို့ သူမ သတိရ လိုက်ပေတော့သည် ။

••••• ••••• •••••

“ ထွန်း ”

“ ပြောလေ ... ကိုလတ် ”

“ ဒီနေ့ ကိုလတ် တို့ လှည်းတန်း က ‘ လောကအမွန် ’ စာအုပ်ဆိုင်လေး ပိတ် လိုက်ကြပြီ ”

“ ဟင် ... ဘာဖြစ်လို့ ပိတ်လိုက်တာ လည်း ကိုလတ် ရယ် ”

“ ဒီ အကြောင်းတွေ ခုမှ ဖွင့် ပြောလို့ ထွန်း ကိုလတ် ကို စိတ်မဆိုးပါနဲ့ နော် ”

“ ပြောမှာသာ ပြောပါ ကိုလတ် ရဲ့ ၊ ကဲ .. ဆိုစမ်း ပါဦး ။ ဘာဖြစ်လို့ လောကအမွန် ကို ပိတ်လိုက်ရတာလဲ ”

“ အခြေအနေ အရ ပေါ့ ကွာ ။ ကိုလတ် ‘ လောကအမွန် ’ နဲ့ ဝေးရရုံ တင်မကဘူး ။ ထွန်း နဲ့ပါ ဝေးရဖို့ အကြောင်း က ပေါ်လာပြီ ထွန်း ”

“ ကိုလတ် ရယ် ဒီ အကြောင်းတွေ ကို ကိုလတ် မပြော ဘဲ လည်း ထွန်း စိတ် ထဲ မှာ ရိပ်မိ နေတာ ကြာ ပါပြီ ။ ပြီးခဲ့တဲ့ ဇွန်လ ထဲ တုန်း က ကိုလတ် အသက် ၂၉ နှစ်ပြည့် တဲ့ နေ့ ဆိုပြီး ကိုရဲထွဋ် တို့ လုပ်ပေးတဲ့ ကိုလတ် မွေးနေ့ မှာ ကတည်း က ထွန်း ရိပ်မိပါတယ် ”

“ ဟုတ်တယ် ... ထွန်း ရယ် ၊ တကယ်တမ်းကျတော့ ”

“ ရပါတယ် ... ကိုလတ် ရယ် ၊ ထွန်း နားလည်နိုင်ပါ တယ် ။ အဲဒီ မွေးနေ့ တုန်း က ကိုရဲထွဋ် ပြောခဲ့တဲ့ စကား ထွန်း မှတ်မိ နေပါသေးတယ် ။ ဒီ မွေးနေ့ ဟာ ရန်နိုင်လတ် ရဲ့ ရန်ကုန် မှာ နောက်ဆုံး လုပ်တဲ့ မွေးနေ့ပွဲ ပါ ပဲ ဆိုတာလေ ”

“ ထွန်း ကိုလတ် ကို နားလည်ပါနော် ၊ ထွန်း ကို ကိုလတ် ဘယ်လောက် အထိ ချစ်တယ် ဆိုတာ ထွန်း ယုံ ပါ ”

“ ယုံပါတယ် ကိုလတ် ။ အရင်တုန်း က တော့ ထွန်း ကိုလတ် အကြောင်း ကို ကိုလတ် ပြောပြ သလောက် က လွဲပြီး ဘာမှ သိခဲ့တာ မဟုတ်ပါဘူး ။ နောက်တော့ မှ ထွန်း တို့ ဌာန က ကိုလတ် သူငယ်ချင်း ဆရာ တစ်ယောက် က ပြောပြမှ သိရတာပါ ”

“ ဌေးလွန်း ပြောတာ မဟုတ်လား ထွန်း ။ သူ က ဘာတွေ ပြောပြလို့တုံး ”

“ ကိုလတ် နဲ့ သူ နဲ့ တစ်နေရာ မှာ အကြာကြီး အတူ နေခဲ့ဖူးကြောင်း ၊ အဲဒီက ပြန် လာ စ တော့ သူ က ကျောင်း ပြန် တက်ပြီး ဌာန မှာ ဆရာ ပြန် ဝင် လုပ်ပေမယ့် ကိုလတ် က တော့ ကျောင်းပြန် မတက်တော့ဘဲ ပထမ ကျူရှင် ပြ ၊ နောက်တော့ ကိုရဲထွဋ် တို့ နဲ့ ‘ လောကအမွန် ’ စာအုပ်ဆိုင် ဖွင့်ကြတဲ့ အကြောင်းတွေ ပါ ”

“ ဟုတ်တယ် ... ထွန်း ၊ ဌေးလွန်း နဲ့ ကိုလတ် က ၁၉၆၁ ကိုလတ် ကျောင်း ရောက်ပြီး လို့ တစ်နှစ် လောက် နေတော့ မှ သိခဲ့ ၊ ခင်ခဲ့ကြတာပါ ။ နောက်တော့ သိပ် မကြာလိုက်ဘူး ။ သူ ရော ကိုလတ် ရော တစ်နေရာ ကို ရောက်သွားခဲ့ကြတယ် လို့ပဲ ဆိုပါတော့ ။ အဲဒီက ပြန်လာ တော့ ဒီ အကြောင်းတွေ ထား လိုက်ပါတော့ ထွန်း ရယ် ။ ထွန်း မသိတဲ့ ကိုလတ် အကြောင်း တွေ ရှိပါသေးတယ် ။ ဒါပေမဲ့ ထွန်း သိဖို့ မလိုဘူး ထင် လို့ ကိုလတ် ကိုလတ် အကြောင်း က ပြည့်စုံ နေပါပြီ ”

“ ထွန်း ရင် ထဲ မှာ တော့ လောကအမွန် ကို လွမ်း ဆွတ် နေမှာပဲ ကိုလတ် ရယ် ။ လောကအမွန် မှာ ကိုလတ် နဲ့ ထွန်း စပြီး တွေ့ ခဲ့ကြတာ မဟုတ်လား ”

“ အဲဒီတုန်း က ထွန်း မဟုတ်ပါဘူး နော် ။ ခင်သန်းထွန်း ပဲ ရှိပါသေးတယ် ”

“ အဲဒီ ခင်သန်းထွန်း နဲ့ အခု ထွန်း နဲ့ က မတူတော့ ပါဘူး ကိုလတ် ရယ် ။ အဲဒီတုန်း က အသက် ၁၆ နှစ် ပဲ ရှိသေးတဲ့ ခင်သန်းထွန်း က ခင်သန်းထွန်း ရဲ့ ခင်သန်းထွန်း ပဲ ။ အခု အသက် နှစ်ဆယ် ပြည့် တော့မယ့် ထွန်း က ကိုလတ် ရဲ့ ထွန်း ပါ နော် ။ ထွန်း စိတ် ထဲ မှာ တော့ ကိုလတ် ရယ် တစ်ချိန် ချိန် မှာ ထွန်း တစ်ယောက် တည်း ကျန်ရစ် ခဲ့လိမ့်မယ် လို့ ဘယ်တုန်းက မှ မတွေးခဲ့ မိတာတော့ အမှန်ပါ ကိုလတ် ”

“ ဘာပဲဖြစ်ဖြစ် ပေါ့ ထွန်း ရယ် ၊ ဗားတော့ဗရက် ကဗျာ တစ်ပုဒ် ထဲ က လိုပဲပေါ့ ။ ချစ်သူ ကို ချစ်တာ တောင် မှ ဥပေက္ခာစိတ် နဲ့ တစ်ဝက် ပဲ ချစ်နိုင်ခဲ့တယ်လေ တဲ့ ။ ကိုလတ် ထွန်း ကို အားနာတယ် ”

“ ထွန်း ခံနိုင်ရည်ရှိအောင် ကြိုးစားပါ့မယ် ကိုလတ် ရယ် ”

••••• ••••• •••••

သူမ သည် သူမ ၏ တက္ကသိုလ် သို့ ပြန် ရောက်ပြီး သူမ တို့ ဌာန က သူမ စားပွဲ တွင် ဝင် ထိုင် လိုက်ကာ ဆွဲခြင်း ထဲ မှ စာအိတ်ကလေး ကို ထုတ်ယူ လိုက်ပါ၏ ။ သူမ သည် စာအိတ် ကို ကိုင် ထားရင်း ကပင် ရုတ်တရက် စိတ် ထဲ ၌ လေးလံ သွားမိသလို ခံစား လိုက်ရကာ စာအိတ် ကို မဖောက်ဝံ့သေးဘဲ ဖြစ်နေရ ပါ၏ ။ သူမ စိတ် ထဲ တွင် ကောင်ဆိုးလေး ကို မြင်ယောင် လာမိ ပြန်သည် ။

ကောင်ဆိုးလေး ကို လည်း သူမ ၏ အတန်းဖော် တစ်ဦး လို့ ပင် ဆိုရနိုင်ပါသည် ။

မကွေးကောလိပ် မှ နေ၍ ပညာရေးတက္ကသိုလ် မြန်မာစာဌာန သို့  သူမ ပြောင်းရွှေ့ ရောက်ရှိ ခဲ့ပြီးသည့် နောက် တွင် မှ ရန်ကုန်တက္ကသိုလ် ၌ မဟာတန်း ကို ဆက်လက် တက်ရောက်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည် ။ သူမ သည် အသက် ၃ဝ ပြည့် ပြီး ကာ မှ မဟာတန်း ကို တက် ဖြစ်ခြင်း လည်း ဖြစ်ပါ၏ ။ သူမ သည် ပညာရေးတက္ကသိုလ် မြန်မာစာဌာန တွင် နည်းပြဆရာမ အဖြစ် တာဝန် ထမ်းဆောင် ရင်း တစ်ဖက် က မဟာတန်း လာ တက် နေသူ ဖြစ် လေရာ သူမ ကို ဆရာမ တစ်ပိုင်း ကျောင်းသူ တစ်ပိုင်း ဟူ၍ အတန်းဖော် တွေ က ပြောဆို ကြခြင်း ဖြစ်လေသည် ။

ထို့ကြောင့်ပင် ကောင်ဆိုးလေး သည် သူမ အား “ ဆရာမ .. ဆရာမ ” ဟု ခေါ်နေခြင်း ဖြစ်ပါသည် ။

သို့သော် ကောင်ဆိုးလေး တို့ နှင့် သူမ တို့ ဘရန်တာဝေး တို့ သည် စာသင်ခန်း တစ်ခု တည်း တွင် အတူ တက် နေရ သော်လည်း တကယ်တမ်း က မတူပါ ။ သူမ အပါ အဝင် ဘရန်တာဝေး နှင့် အခြား နှစ်ယောက် က စနစ် ဟောင်းသမား တွေ ဖြစ်သည် ။ သူမ တို့ ကို မဟာဝိဇ္ဇာ နောက်ဆုံးနှစ် အပိုင်း ( ၁ ) ဟု ခေါ်ပါသည် ။

ကောင်ဆိုးလေး တို့ ကို ကျ တော့ စနစ်သစ် ဟု သတ်မှတ်ပြီး ဂုဏ်ထူးတန်း ပထမနှစ် ဟု ဆိုပါသည် ။

ကောင်ဆိုးလေး သည် နယ် မှ ရောက် လာပြီး မဂ္ဂဇင်း တိုက် တစ်ခု တွင် အချိန်ပိုင်း အယ်ဒီတာ ဝင် လုပ်ရင်း သူ့ ကျောင်းစရိတ် သူ ရှာကာ ဂုဏ်ထူးတန်း တက် နေခြင်း ဖြစ်ကြောင်း ကို တော့ ပြောသံကြား နှင့် သူမ သိပါသည် ။

ကောင်ဆိုးလေး တို့ သူငယ်ချင်း တစ်သိုက် သည် ကျောင်းသား ကဗျာဆရာ ပေါက်စ ၊ စာရေးဆရာ ပေါက်စ များ အဖြစ် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် တောင်ပိန္နဲပင် အောက် တွင် အထင်ကရ ရှိကြသူများ လည်း ဖြစ် ကြပါသည် ။ သူတို့ အထဲ တွင် ကောင်ဆိုးလေး က ‘ လင်း ဝဏ္ဏ ’ ဆိုသော နာမည် ဖြင့် ကဗျာ ရေးသည် ။ လင်းဝဏ္ဏ ၏ ကဗျာများ ကို မဂ္ဂဇင်း စာမျက်နှာများ ပေါ် တွင် သူမ အခါခါ ဖတ်ခဲ့ရ ဖူးပါသည် ။

သို့သော် မဂ္ဂဇင်း စာမျက်နှာ ပေါ် မှာ မဟုတ်ဘဲ သူမ ၏ မှတ်စုစာအုပ် ထဲ တွင် ရေးပေး လိုက်သည့် လင်းဝဏ္ဏ ၏ ကဗျာ တစ်ပုဒ် ကို သူမ ဖတ်လိုက်ရသော အခါ သူမ ရင်ခုန် သွားကာ စိတ်များ လည်း ရှုပ်ထွေး နောက်ကျိ သွားခဲ့ ရ ဖူးလေသည် ။

ကဗျာဆရာလေး လင်းဝဏ္ဏ သည် နည်းပြဆရာမ လေး ဒေါ်ခင်သန်းထွန်း ၏ ည များစွာ ကို ထို ကဗျာ တစ်ပုဒ် မှ တစ်ဆင့် ထိုးဖောက် ဝင်ရောက် လာခဲ့ခြင်းပဲ မဟုတ် ပါလား ။

သူမ သည် လက် ထဲ မှ စာအိတ်ကလေး ကို အကြာ ကြီး ကိုင် ထားရင်း စဉ်းစား နေမိလေသည် ။ စာအိတ် ကို ဖောက်ပြီး အထဲ မှ စာ ကို ဖတ်ရှု လိုက်ဖို့ သူမ ၏ သိစိတ် များ က တိုက်တွန်း နေကြသော အချိန်တွင်း တစ် ပြိုင်နက် တည်း လိုလို မှာ ပင် သူမ ၏ မသိစိတ် တွေ က ကောင်ဆိုးလေး ကို အားနာ နေမိ ပြန်လေသည် ။

“ ကိုလတ် ထွန်း ကို အားနာတယ် ”

အတိတ် သည် သူမ ၏ ရင် ထဲ သို့ ဝင်ရောက် လာ ပြန်၏ ။ ယခု လည်း သူမ သည် လင်းဝဏ္ဏ ဆို သော ကဗျာဆရာ ကောင်ဆိုးလေး ကို အားနာ နေမိပြန်ပြီကော ရယ် ။

ကောင်ဆိုးလေး လင်းဝဏ္ဏ သည် အဘယ့်ကြောင့် သူမ အား ချစ်ခဲ့ရတာပါလိမ့် ဆိုသော မေးခွန်း ကို သူမ ကိုယ် သူမ အခါခါ မေးခဲ့ ဖူးပါသည် ။ လင်းဝဏ္ဏ ကို တော့ သူမ မမေးပါ ။ တစ်ခု တော့ ရှိပါသည် ၊ လင်းဝဏ္ဏ သည် သူမ အား မြန်မာစာ နည်းပြ ဆရာမ ဒေါ်ခင်သန်းထွန်း အနေ နှင့် မဟုတ်ဘဲ မြန်မာကဗျာများ ကို ချစ်မြတ်နိုးသူ ၊ ကဗျာ လေ့လာသူ ၊ ဝေဖန်သူ တစ်ယောက် အနေ နှင့် ချစ်ခဲ့တာပဲ လား ။ ဒါကိုလည်း သူမ ကိုယ် သူမ အကြိမ်ကြိမ် မေး ကြည့်ခဲ့ဖူးပါသည် ။

လင်းဝဏ္ဏ ဆိုသော ကဗျာဆရာကလေး တစ်ယောက် သည် သူ ၏ အသက် ၂၂ နှစ် ပြည့် သော နေ့ က အမှတ်တရ အဖြစ် သူ ၏ သူငယ်ချင်းများ နှင့် သူမ ကို ပါ ဦးချစ်ဆိုင် ၌ မွေးနေ့ လက်ဖက်ရည် ဖြင့် တည်ခင်းခဲ့ စဉ် က ထို ကောင်ဆိုးလေး သည် အထူးပင် တက်ကြွ နေပြီး သူမ တစ်ကိုယ်စာ ကြားသာရုံ လေသံကလေး ဖြင့် ‘ ဆရာမ အတွက် ကဗျာ တစ်ပုဒ် ကျွန်တော် ရေး ပေးမယ်နော် ’ ဟု ဆိုကာ သူမ ၏ မှတ်စုစာအုပ် ထဲ တွင် ကဗျာ တစ်ပုဒ် ရေး ပေးခဲ့ခြင်း ဖြစ်ပါ၏ ။

လင်းဝဏ္ဏ ၏ ကဗျာ သည် အချစ်ကဗျာ ပဲ ဖြစ်ပါ၏ ။
သူမ အား ချစ်နေမိပါပြီ ဟု ကဗျာ ဖြင့် ဝန်ခံခြင်း လည်း မည်ပါ၏ ။

မိုးမှုန်စက်စက်တွေ က မှန်ပြတင်း ကို လာ ရိုက်နေ ကြလေသည် ။ သူမ သည် စာအိတ် ကို မဖောက်သေး ဘဲ နှင့် စိတ် ထဲ က ပြော နေမိလေသည် ။

“ ကိုလတ် ရယ် ၊ ကိုလတ် တောင်တွေ ပေါ် တက်ရတဲ့ … အခါ ထွန်း ကို လွမ်းတဲ့ စိတ်တွေ သယ် မသွားပါနဲ့ နော် ။ ကိုလတ် ပခုံး ပေါ် က တာဝန်တွေ က လေးလံရတဲ့ အထဲ ထွန်း ကို လွမ်းတဲ့ အလွမ်းတွေ ကို ပါ ကိုလတ် ထမ်း သွားရရင် ပိုပြီး ပင်ပန်း လေးလံ နေတော့မှာ ပေါ့ ကိုလတ် ရယ် ”

••••• ••••• •••••

“ ခင်ဗျား ဝတ္ထု က မဆုံးသေးပါလား ကိုလွမ်းအောင်လှ ရဲ့ ”

ကျွန်တော် က စာမူဖိုင်တွဲ တစ်ထပ် နှင့် အလုပ် ရှုပ် နေသော အယ်ဒီတာ ဖြစ်သူ ကို လှမ်း ပြော လိုက်ရင်း ဝတ္ထု အစ စာကြောင်းများ ကို ပြန် ဖတ် လိုက်မိပါသည် ။

အယ်ဒီတာ ဖြစ်သူ သည် ကျွန်တော့် အား ဘာ စကား မျှ ပြန်မပြောအားသေးဘဲ သူ့ အလုပ် နှင့် သူ ရှုပ်ကာ စာမူဖိုင်များ ကို လှန်လှော မွှေနှောက် လျက် ပင် ရှိလေ သည် ။

“ ဒီမှာ ကိုလွမ်းအောင်လှ ၊ ခင်ဗျား ဇာတ်ကောင် ဆရာမ ဒေါ်ခင်သန်းထွန်း က စာ ကို မဖတ်သေးဘဲ နဲ့ ကိုလတ် ကို လွမ်းဆွတ် သတိရ နေခဲ့တာ နော် ။ ဆိုပါတော့ ဗျာ ၊ စာအိတ် ကို ဖောက် ပြီး ဖတ် လိုက်မယ် ဆိုရင် ဇာတ် က ဘယ်လို ဖြစ်လာမလဲ ”

အယ်ဒီတာ ဖြစ်သူ က ကျွန်တော် ၏ စကား ကို ပြုံး ၍ နားထောင် နေရင်း စာအိတ်ရှည်ကြီး တစ်အိတ် ကို စားပွဲ ပေါ် သို့ ချ လိုက်ကာ ဆေးပေါ့လိပ်တို ကို မီးညှိ ဖွာရှိုက် နေ လေသည် ။

“ ကိုမင်းမို ခင်ဗျား အဲဒီ စာအိတ် ထဲ က စာတွေ ကို နံပါတ်စဉ် အတိုင်း ဖတ်ကြည့် သွား ရင် ကျွန်တော့် ဝတ္ထု ကို ဘယ်လို ဆက် ရေးရမလဲ ၊ ဘယ်လို အဆုံးသတ်ရ မလဲ ဆိုတာ ခင်ဗျား သဘော ပေါက် သွားမှာပါဗျာ ”

အယ်ဒီတာ ဖြစ်သူ က စာအိတ်ရှည်ကြီး ထဲ မှ စာရွက်များ နှင့် ဓာတ်ပုံ တစ်ပုံ ကို ထုတ် ယူပြီး ကျွန်တော့် အား ကမ်းပေး လာပါ၏ ။ ကျွန်တော် လှမ်း ယူ လိုက် ပါသည် ။ ယူ ပြီးတော့ စာရွက်များ ကို နံပါတ်စဉ် အတိုင်း ကျွန်တော် ဖတ် ကြည့် လိုက်ပါသည် ။

••••• ••••• •••••

ထွန်း ...

       ဒီနေ့ ထွန်း ကို ကိုလတ် ထားရစ်ခဲ့ရတာ ၉ နှစ် တင်းတင်းပြည့်ပြီ ။

       ထွန်း မကွေးကောလိပ် က နေ ရန်ကုန် ပညာရေး တက္ကသိုလ် ကို ပြောင်း လာတယ် လို့ ပြီးခဲ့တဲ့ မေလ ထဲ မှာ ဒီကို နောက်ဆုံး ရောက်လာတဲ့ ဆရာ တစ်ယောက် ပြောလို့ ကိုလတ် သိခဲ့ရတယ် ။

       ထွန်း မဟာတန်း မတက်ရသေးဘူး ဆိုတာ ကို လည်း ကိုလတ် ကို အဲဒီ ဆရာ က ပြောပြပါတယ် ။ ထွန်း မဟာတန်း ဆက် တက် နိုင်အောင် ကြိုးစား ပါ ။

       ကိုလတ် တို့ ဘဝတွေ က တော့ ဒီမှာ ကြမ်းတမ်း ရွေ့လျား နေရတုန်းပါပဲ ။ ရဲထွဋ် က တော့ ဌာန ကို ပြောင်းဖို့ ကိုလတ် ကို ပါ တိုင်ပင် အဖော်ညှိ နေပါ တယ် ။

       အခြေအနေ ပေးလို့ ကိုလတ် ဒီ စာ ကို ရေးပေး လိုက်တာပါ ။ မြစ်ကြီးနား အထိ တော့ တစ်ခါ တစ်ခါ လူကြုံ ရှိတတ်ပါတယ် ။

       တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ပြန် ဆုံဖို့ အမှတ်တရ တွေ ထဲက အမှတ်တရ တစ်ခု အဖြစ် ကိုလတ် ဒီ စာ ကို ရေးလိုက်တာပါလို့ ဆိုရင် ထွန်း နားလည် နိုင်ပါလိမ့်မယ် ။

   ချစ်လျက် ၊ သစ္စာရှိလျက်
                           ကိုလတ်

“ ဒါ ကိုလတ် က ထွန်းဆီ ကိုရေး လိုက်တဲ့ ပထမ စာ ပဲပေါ့ ဟုတ်လား ကိုလွမ်းအောင်လှ ”

ကျွန်တော် က နောက် စာ တစ်စောင် ကို မဖတ်ခင် မေးလိုက်မိသည် ။

အယ်ဒီတာ ဖြစ်သူ က ခေါင်း ညိတ်ရုံ ခေါင်းညိတ် ပြ ပြီး သူ့ရှေ့က စာမူ တစ်ထပ်ကြီး ကို ဆွဲယူ ဖတ်ရှု နေပြန်သည် ။

ကျွန်တော် က နံပါတ်စဉ် အတိုင်း ဒုတိယစာ ကို ယူပြီး ဖတ်လိုက်ပါသည် ။

ဟင် ...

ပြီးတော့ ကျွန်တော် စောစော က ဖတ်ခဲ့သော ဝတ္ထု အဆုံးပိုဒ် ကို ကမန်းကတန်း ပြန်ကြည့် လိုက်မိလေသည် ။

“ မိုးမှုန်စက်တွေ က မှန်ပြတင်း ကို လာရိုက် နေကြ ပေသည် ။ သူမ သည် စာအိတ် ကို မဖောက်သေးဘဲ နှင့် ”

“ ဟေ့ လူ ကိုလွမ်းအောင်လှ ၊ ဒါ မြစ်ကြီးနား က နေ ဆရာမ ဒေါ်ခင်သန်းထွန်း ဆီ ကို ရောက် လာတဲ့ ဒုတိယ စာ နော် ၊ ဒါဆိုရင် ... ”

“ ဟုတ်တယ် ၊ ကျွန်တော့် ဝတ္ထု အဆုံး မှာ ဆရာမ ဒေါ်ခင်သန်းထွန်း က ဒီ စာအိတ် ကို မဖောက်ရ သေးဘူး ။ စာအိတ် ကို သာ သူ ဖောက်ပြီး ဖတ် လိုက်မယ် ဆိုရင် သူ ဘယ်လောက် စိတ် ထိခိုက် ခံစား သွားရမလဲ ဆိုတာ ခင်ဗျား စဉ်းစား ကြည့် ။ ကျွန်တော့် ဝတ္ထု ကို ကိုမင်းမို က မဆုံးသေးဘူး လို့ ပြောတယ် မဟုတ်လား ။ အမှန်တကယ် က တော့ ဒီ စာအိတ်ကလေး ဆရာမ ဒေါ်ခင်သန်းထွန်း လက် ထဲ ရောက်လာ ကတည်း က ဝတ္ထု က ဆုံး နေပြီပဲ မဟုတ်လား ဗျာ ။ အဲဒီ စာ နဲ့ ပူးတွဲ ပါ လာတဲ့ နောက် စာ တစ်စောင် ကို လည်း ခင်ဗျား ဖတ် ကြည့် လိုက်ပါဦး လေ ”

ကျွန်တော် သည် ဒုတိယ စာ ကို အစ မှ နေ၍ ပြန် ဖတ် လိုက်ပါသည် ။

••••• ••••• •••••

                     ၂၃ - ၅ - ၈၂

ခင်သန်းထွန်း ...

       ၂၈ - ၃ - ၈၂ နေ့ က ရန်နိုင်လတ် ကွယ်လွန် ခဲ့ရပြီ ။

       ခင်သန်းထွန်း နဲ့ ထပ်တူထပ်မျှ ကျွန်တော် လည်း ဝမ်းနည်း ယူကျုံးမရ ဖြစ်ရပါတယ် ။

       ဒီ စာ နဲ့ အတူ ရန်နိုင်လတ် နဲ့ ကျွန်တော် ပြောင်း လာခါစ က သူ ရေးထားပြီး လူကြုံ ရှိ ရင် ခင်သန်းထွန်း ဆီ ပို့ပေးပါ လို့ ကျွန်တော့် ကို မှာထားခဲ့ဖူး တဲ့ စာ တစ်စောင် လည်း ပူးတွဲထည့် ပေး လိုက်ပါတယ် ။

       ဒီ စာ ကို ခင်သန်းထွန်း ဆီ မပို့တော့ပါဘူး လို့ ကျွန်တော် အခါခါ စဉ်းစား ခဲ့ပါ သေးတယ် ။

       နောက်ဆုံး မှာ တော့ မပို့လိုက် ရင် ရန်နိုင်လတ် အပေါ် ကျွန်တော် ကတိ ပျက် ရာ လည်း ရောက် မယ် ။ ရန်နိုင်လတ် ကိုယ်တိုင် ကျွန်တော့် ကို ခင်သန်းထွန်း ကို ဒီ ကိစ္စ ဖွင့် မပြောရ ရင် သူ အနေ လည်း ဖြောင့် မှာ မဟုတ်ဘူး ၊ အသေ လည်း ဖြောင့် မှာ မဟုတ်ဘူး လို့ ပြောခဲ့ဖူးတာ ကို လည်း ကျွန်တော် ပြန် အမှတ်ရ လို့ပါ ။

       ဒါကြောင့် ကျွန်တော် ဒီ စာ ကို ပူးတွဲ ထည့်ပေး လိုက် ပါတယ် ။

       ရန်နိုင်လတ် ဆုံးသွား ပေမယ့် ခင်သန်းထွန်း အပေါ် မှာ သူ ချစ်ခဲ့တဲ့ အချစ်တွေ က တော့ ဘယ်တော့ မှ ပျောက် မသွားနိုင်ဘူးလို့ ကျွန်တော် ထင်ပါ တယ် ။

                         ရဲထွဋ်

••••• ••••• •••••

ထွန်း ရေ ...

                       ၄ - ၁ - ၈၂

       ဒီ စာ ကို ရိုးသားစွာ ဝန်ခံခြင်း တစ်ရပ် အနေနဲ့ ကိုလတ် ရေးခဲ့တယ် ဆိုတာ ထွန်း ယုံပါနော် ။

       ထွန်း အပေါ် မှာ ကိုလတ် လိမ်ညာခဲ့တာ မဟုတ် ပေမယ့် ထွန်း ကို ကိုလတ် ထုတ်ဖော် မပြောခဲ့ရ သေးတဲ့ ကိုလတ် ရဲ့ ဘဝ တစ်ကွက် ကို ထွန်း သိအောင် ကိုလတ် ဖွင့် မပြောဖြစ်ခဲ့ရင် ကိုလတ် စိတ် ထဲ မှာ အနေ ဖြောင့် မှာ လည်း မဟုတ်တော့ဘူး ။ သေ ရင် တောင် အသေ ဖြောင့်ပါ့မလား လို့ ကိုလတ် စဉ်းစားမိပါတယ် ။

       ဒါကြောင့် ဒီ ဝန်ခံချက် ကို ကိုလတ် ပေးပါ တယ် ။

       ထွန်း တို့ ပြဇာတ် က ခဲ့ကြတဲ့ တက္ကသိုလ်ရွှေရတု သဘင် ရဲ့ ည တစ်ည မှာ ကိုလတ် ထွန်း ကို ချစ်ရေး ဆိုခဲ့တယ် နော် ။ ထွန်း ရဲ့ အချစ် ကို ကိုလတ် လိမ်ညာ ယူခဲ့ သလို ဖြစ်မှာ စိုးလို့ အဲဒီ ည မှာ ကတည်း က ကိုလတ် ဒီ အကြောင်းတွေ ကို တစ်ခါ တည်း ဖွင့် ပြောခဲ့ဖို့ပါ ။ ဒါပေမဲ့ ကိုလတ် ဖွင့် မပြော ဖြစ်ခဲ့ဘူး ။ ထွန်း နဲ့ ဝေးရမှာ ကို ကိုလတ် စိုးရိမ် နေခဲ့ တာ လည်း ပါ ပါတယ် ။ ပြီးတော့ ကိုလတ် အဲဒီ အကြောင်း ကို မေ့ထားပစ်ချင်တာ လည်း ပါပါ တယ် ။

       ခုတော့ ကိုလတ် ဝန်ခံရပါပြီ  ထွန်း ။

       အဲဒီ အချိန်တုန်း က ကိုလတ် မှာ သား တစ်ယောက် ရှိခဲ့ပါတယ် ။ ( သား တစ်ယောက် ရှိခဲ့တာ လို့ ပဲ ကိုလတ် ပြောတာနော် ။ မိန်းမ တစ်ယောက် ရှိခဲ့တယ် လို့ တော့ ကိုလတ် မပြောချင်ပါဘူး ။ )

       ကိုလတ် ပေါင်းတည် က နေ ရန်ကုန်တက္ကသိုလ် ရောက် လာတော့ သား က အခါလည် သာသာ ရှိ နေ ပါပြီ ။ သား ကို မှတ်မှတ်ရရ ( ၆၀ ) ပြည့် နှစ် ၊ ၆ ရက် ၊ ၆ လ မှာ မွေးတာပါ ။

       ကိုလတ် ကိုဌေးလွန်း တို့ နဲ့ အတူ တစ်နေရာ ကို ရောက် သွားပြီး အဲဒီ ကနေ ပေါင်းတည် ကို ပြန် လာ တော့ သား က သူငယ်တန်း တောင် တက် နေပြီလေ ။ အဲဒီ အချိန် မှာ ကိုလတ် တို့ အိမ်ထောင်ရေး ပြိုကွဲ ခဲ့တာ လို့ ဆိုရမယ် ။ သား ရဲ့ အဘိုးအဘွားတွေ က ကိုလတ် ကို လက်မခံ ကြတော့ဘူး ။ ပြီးတော့ သူတို့ သမီး ကို လည်း သူတို့ လို အရာရှိ နွယ်ဝင် တစ်ယောက် နဲ့ ပေးစား ဖို့ နားချ ပြီး နေကြပြီ ။

       တိုတို ပြောရရင် အဲဒီ လွန်ဆွဲပွဲ မှာ ကိုလတ် အရှုံး ပေးပြီး ထွက်လာခဲ့တယ် ဆိုပါတော့ ထွန်း ။ ကိုလတ် ပေါင်းတည် က အပြီးအပိုင် ခွာမယ်လို့ ဆုံးဖြတ် လိုက်တဲ့ နေ့ မှာ ကိုလတ် တို့ မိသားစု ရိုက် ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ကို ပဲ ကိုလတ် ယူ လာ ခဲ့တယ် ။ ( အဲဒီ ဓာတ်ပုံ က လည်း ကိုလတ် တို့ အိမ် ထောင်ရေး မပြိုကွဲခင်လေး မှာ သူငယ်ချင်း ဓာတ်ပုံဆရာ တစ်ယောက် က အမှတ်မထင် ရိုက် ခဲ့တဲ့ ဓာတ်ပုံ ပါ ။ )

       အခု ဒီ စာ နဲ့ အတူ အဲဒီ ဓာတ်ပုံ ကို ပါ ကိုလတ် ထည့်ပေး လိုက်ပါတယ် ။

       နောက်ပိုင်း ပေါင်းတည် က နေ ရန်ကုန် ပြန် ရောက် လာပြီး ရဲထွဋ် တို့ နဲ့ တွဲ နေတဲ့ ကာလ တစ်လျှောက်လုံး သား ကို ကိုလတ် မတွေ့ ရတော့ ပါဘူး ။ သား က အရာရှိ ရဲ့ သား တစ်ယောက် အဖြစ် နဲ့ ဟို နယ် ပြောင်း ဒီ နယ် ပြောင်း ရောက်နေခဲ့ လိမ့်မယ် ထင်ပါရဲ့ ။

       အခု အချိန် ဆိုရင် သား ၂၁ နှစ် ကျော်ပြီပေါ့ ။ တက္ကသိုလ် တွေ ဘာတွေ ရောက်မယ် ဆိုလည်း ရောက် လောက်ပြီ ပေါ့ ။

       ဪ ... ထွန်း ကို ကိုလတ် ပြော ဖို့ မေ့သွား တယ် ။ သား နာမည် က လင်းဝဏ္ဏ တဲ့ ။

       ထွန်း ရေ .. ကိုလတ် ဒီ စာ ကို ရေး လိုက်ရလို့ စိတ် ထဲ မှာ ပေါ့သွားပါတယ် ။ ကိုလတ် မှာ ‘ လင်းဝဏ္ဏ ’  ဆိုတဲ့ သား တစ်ယောက် ရှိခဲ့တယ် ဆိုတာ ကို ကိုလတ် ဝန်ခံပါတယ် ။

        ထွန်း ကို ကိုလတ် ဒီ အကြောင်းတွေ ဖွင့် မပြောဘဲ နေခဲ့တာ ဟာ ထွန်း အပေါ် မှာ လိမ်ညာ ရက်စက်ရာ ကျတယ် လို့ ထွန်း ယူဆမယ် ဆိုရင် လည်း အဲဒီ အတွက် ကိုလတ် အနူးအညွတ် တောင်းပန်ပါတယ် ။ ထွန်း ကို ကိုလတ် ရိုးသားစွာ ချစ်ခဲ့တယ် ဆိုတာ ကို တော့ ထွန်း နားလည်ပါ ။

       အခြေအနေ အပြောင်းအလဲ တွေ ကြား မှာ ကိုလတ် တို့ ဒီက လူ တွေ ရဲ့ ဘဝ တွေ က လည်း ကြမ်းတမ်း ရွေ့လျားဆဲ ပါပဲ ထွန်း ရေ ။

       တစ်နေ့ နေ့ တစ်ချိန် ချိန် မှာ ပြန် ဆုံဖို့ အတွက် တို့ ခွဲနေကြဦးစို့နော် ။

     ချစ်လျက် သစ္စာရှိလျက်
                        ကိုလတ်

••••• ••••• •••••

ကျွန်တော် စာ ကို ဖတ်ပြီး ငိုင်တွေ သွားမိပါသည် ။ အယ်ဒီတာ ဖြစ်သူ ကို ကျွန်တော် ငေး ကြည့် နေမိပါသည် ။ သူ့ လက် ထဲ မှာ ဓာတ်ပုံ တစ်ပုံ ကိုင် ထား ပါသည် ။ ဓာတ်ပုံ မှာ အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ပဲ ဖြစ်သည် ။ ကျွန်တော် စကား မပြောချင် တော့ လောက် အောင် ပင် စိတ်နှလုံး ပင်ပန်း နွမ်းနယ် သွားရပြီ ဖြစ်သည် ။

“ ခင်ဗျား ဒီ စာ ကို ဖတ်ပြီးပြီ မဟုတ်လား ကိုမင်းမို ။ စာ ထဲ မှာ အတူ ထည့်ပေး လိုက်တဲ့ ဓာတ်ပုံ က ဒီ ဓာတ်ပုံ ပဲ ။ ရော့ ... ခင်ဗျား သေသေချာချာ ကြည့် ”

ကျွန်တော် ဓာတ်ပုံ ကို ယူ ကြည့် လိုက်ပါသည် ။ ပြီးတော့ ကျွန်တော် အယ်ဒီတာ ဖြစ်သူ ၏ မျက်နှာ ကို အကြာကြီး စိုက် ကြည့် နေမိပါသည် ။

“ ကိုမင်းမို အံ့သြ နေတယ် မဟုတ်လား ။ ဒီ ဓာတ်ပုံ ထဲ က ဦးရန်နိုင်လတ် နဲ့ ကျွန်တော် နဲ့ တူ နေတယ် လို့ ခင်ဗျား ပြောတော့ မလို့ မဟုတ်လား ”

“ အေးဗျာ ... ကိုလွမ်းအောင်လှ ။ ခင်ဗျား နဲ့ တော်တော် တူတယ် ဗျာ ။ ဒါနဲ့ နေစမ်းပါဦး ၊ ကိုလတ် ရဲ့ သား နာမည် က လင်းဝဏ္ဏ နော် ”

“ ဒါ ဟုတ်တယ်လေဗျာ ၊ သူ့ အထဲ မှာ ဒီတိုင်း ရေး ထားတာပဲ ”

“ ကိုလွမ်းအောင်လှ ခင်ဗျား ဝတ္ထု ထဲ က ဇာတ်ကောင် ကောင်ဆိုးလေး ရဲ့ နာမည် က လည်း လင်းဝဏ္ဏ ပဲ မဟုတ် လား ”

“ ဒါလည်း ဟုတ်တယ်လေ ဗျာ ”

“ ဟေ့ လူ .. ကိုလွမ်းအောင်လှ ၊ ခင်ဗျား ကျွန်တော့် ကို ဒီပေးစာ မူရင်းတွေ လည်း ထုတ် ပြတယ် ဆိုတော့ ဒီ စာ တွေ ကို ခင်ဗျား ဘယ်က ရတာလဲ ”

“ ဝတ္ထု ထဲ က ဒေါ်ခင်သန်းထွန်း ဆီ က ပေါ့ ”

“ ဒါဆိုရင် ခင်ဗျား ဝတ္ထု က True Story ပဲ ပေါ့ ။ ဟုတ်တယ် မဟုတ်လား ”

“ ဒါကတော့ ဗျာ ခင်ဗျား လည်း စာရေးဆရာ တစ် ယောက် ပဲ ။ ဝတ္ထု ဆိုတာ က တော့ အဖြစ်မှန် နဲ့ စိတ်ကူး ပေါင်းစပ် ရေးကြတာပဲ မဟုတ်လား ”

“ ကျုပ် စဉ်းစား နေတာက ကိုလတ် ရဲ့ ဝန်ခံချက် ထဲ မှာ ပါတဲ့ သူ့ သား လင်းဝဏ္ဏ နဲ့ ခင်ဗျား ဝတ္ထု ထဲ က ကဗျာဆရာလေး လင်းဝဏ္ဏ တစ်ယောက် တည်းများ ဖြစ် နေမလား လို့ ပါ ”

“ ခင်ဗျား သိပ် သိချင် နေပြီပေါ့ ဟုတ်လား ကိုမင်းမို ။  ကဲ .. ဒါဆိုရင် လာ လက်ဖက်ရည်ဆိုင် ကျ မှ ကျွန်တော့် ဝတ္ထု ၊ ဒုတိယပိုင်း ကို ခင်ဗျား ဆက် ဖတ်ကြည့်  ၊ စောစောက ခင်ဗျား ဖတ်ပြီး သွား တာ က ပထမပိုင်း ယူဆ လိုက် ။ ခင်ဗျား ဒါ့ထက် အံ့သြစရာတွေ အများကြီး တွေ့ရဦးမယ် ”

ကျွန်တော် နှင့် အယ်ဒီတာ ဖြစ်သူ တို့ မဂ္ဂဇင်းတိုက် မှ ထွက် ခဲ့ပြီး ၃၃ လမ်း ထဲ သို့ ဝင်ခဲ့ကြသည် ။ နွေဦး သည် ကတ္တရာငွေ့ အရှိန် ဖြင့် သွေ့ သွေ့ ရော် နေသည် ။

••••• ••••• •••••

“ ရော့ ... မင်း ဒီ ဓာတ်ပုံ ကို ကြည့်စမ်း ”

“ ဟင် .. ဆရာမ ဆရာမ ဒီ ဓာတ်ပုံ ကို ဘယ်က ရတာလဲ ”

“ နောက်တော့ မင်း သိမှာပေါ့ ကွာ ။ ခုတော့ မမ မေးတာတွေ ကို မင်း အရင် ဖြေဦးနော် ”

“ ဟုတ်ကဲ့ ... ပြောပါ့မယ် ဆရာမ ။ ဆရာမ လည်း ကျွန်တော့် ဆီ က ဓာတ်ပုံ ကို ကြည့်ပါဦး ”

“ အို .. ဓာတ်ပုံ နှစ်ပုံ က အတူတူ ပါ လား လင်းဝဏ္ဏ ”

“ ခင်ဗျာ ”

“ မင်း မမ ကို အရင် ကတည်း က သိလား ”

“ မသိပါဘူး ဆရာမ ။ ကျွန်တော် က ပုသိမ် ကောလိပ် က အောင်ပြီး မှ မြန်မာစာ အဓိက နဲ့ တက်ခဲ့ တာလေ "

“ မင်း နာမည် အရင်း က ကော လင်းဝဏ္ဏ ”

“ လင်းဝဏ္ဏ ဆိုတာ ကျွန်တော့် နာမည် အရင်း ပါ ပဲ ဆရာမ ။ ကဗျာ ရေးတော့ လည်း ဒီ နာမည် နဲ့ ပဲ ရေးတာ ပါ ”

“ မင်း မွေးသက္ကရာဇ် က ကော ”

“ ကျွန်တော် ၆ ရက် ၊ ၆ လ ၊ ၆ဝ ပြည့်နှစ် မွေးပါ ”

“ ဟင် ... ဒါဆိုရင် မင်း အဖေ နာမည် က ဦးရန်နိုင်လတ် ပေါ့ ဟုတ်လား ”

“ ဟာ .. ဆရာမ က ဖေဖေ့ နာမည် ကို သိနေပါလား ။ ဆရာမ ကျွန်တော့် အဖေ နဲ့ သိ လို့လား ။ မေမေ့ ကို ကော သိ သလား ဆရာမ ”

“ မင်း မေမေ ကို တော့ မမ မသိပါဘူးကွယ် ”

“ မေမေ့ နာမည် က ဒေါ်ထားထားလင်း ပါ ဆရာမ ”

“ လင်းဝဏ္ဏ ”

“ ခင်ဗျာ .. ဆရာမ ”

“ မင်း ဒီနေ့ က စပြီး မမ ကို မချစ်ပါနဲ့တော့ နော် ”

“ ဗျာ ”

“ ရော့ ... အဲဒီ စာအိတ် နှစ်အိတ် နဲ့ ဓာတ်ပုံ ကို မင်း အပိုင် ယူ လိုက်ပါ ။ မင်း ဖတ် ကြည့် ပြီး တဲ့ အခါ ကျ ရင် မင်း သဘောပေါက် သွားမှာပါ ။ မမ မင်း အတွက် စိတ် မကောင်းပါဘူး ”

••••• ••••• •••••

ထိုနေ့ က ဦးချစ် ဆိုင် ထဲ တွင် ‘ သူ ’ ငိုင်ပြီး ကျန်ရစ်ခဲ့ ပါသည် ။

ဆိုင်ရှေ့ ငှက်ပျောတော အုပ်အုပ်ကလေး ပေါ် မှာ ညနေခင်း ၏ နှင်းမြူများ က ကျဝေ နေလေသည် ။

သူ သည် စာ သုံးစောင် ကို စာအိတ် နှစ်အိတ် ထဲ သို့ ပြန် ထည့် လိုက်ပြီး ဆိုင် ထဲ က ထွက် လာခဲ့သည် ။ စစ်ကိုင်း ဆောင် အခန်း ကို ပြန် ရောက် တော့ သူ ရှိုက်ကြီးတငင် ငို ပါသည် ။ သူ သည် အတောမသတ် ငိုရင်း မှ ပင် နံရံကပ် စက္ကူဖြူဖြူ ပေါ် တွင် စာကြောင်း တစ်ကြောင်း ရေးလိုက် လေသည် ။

       “ ၂၈ - ၃ - ၈၂ အဖေ ကွယ်လွန်သည် ”

သူ ငိုနေဆဲပါ ။ အဖေ ကျွန်တော့် ကို ခွင့်လွှတ်ပါ ။ သူ သည် ငိုကြွေး နေရင်း မှ ရေရွတ် မြည်တမ်း နေ လေ သည် ။

ထို့နောက် သူ သည် ရုတ်တရက် တစ်ခု ခု ကို သတိရ သွား သလို ခံစား လိုက်ကာ စာရွက် နှင့် ဘောပင် ကို ထုတ်ပြီး ...

“ ညိုဝင်း .. ငါ ပေါင်းတည် ကို ခဏ ပြန် သွားတယ် ။ မကြာပါ ။ ဌာန မှာ ခွင့် တိုင်ပေးပါ လင်းဝဏ္ဏ ” ဆိုသော စာကြောင်းတွေ ကို ရေးချလိုက် လေတော့သည် ။

••••• ••••• •••••

“ ဒါပဲလားဗျ ကိုလွမ်းအောင်လှ ၊ ခင်ဗျား ဝတ္ထု ဖတ် ရတာ ဆတ်တငံ့ငံ့ နဲ့ ဗျာ ။ လင်းဝဏ္ဏ က ပေါင်းတည် ဘာ သွား လုပ်မှာလဲ ”

ကျွန်တော် သည် ကိုင်ထား လက်စ လက်ဖက်ရည်ခွက် ကို စားပွဲ ပေါ် သို့ ပြန် မချသေးဘဲ အယ်ဒီတာ ဖြစ်သူ ကို မေး လိုက်မိသည် ။ သူ က တော့ ကျွန်တော့် ကို ဘာမျှ မပြောဘဲ လက်ဖက်ရည်ဆိုင် အပြင်ဘက် မှ လမ်းမ ပေါ် သို့ သာ တွေတွေငေးငေး  ကြည့် နေလေသည် ။

“ ဟေ့ လူ …. ကျွန်တော် မေး နေတာ ကြားရဲ့လား ”

“ ဟင်...ခင်ဗျား ဘာ မေး လိုက်တာလဲ ကိုမင်းမို ”

“ အခု ကျွန်တော် ဖတ် လိုက်တဲ့ ခင်ဗျား ဝတ္ထု ဒုတိယပိုင်း မှာ လင်းဝဏ္ဏ က ပေါင်းတည် ပြန် သွားတယ် လို့ ခင်ဗျား ရေးထားတယ် မဟုတ်လား ။ ဘာဖြစ်လို့ ပေါင်းတည် ပြန် သွားတာလဲ ”

“ ပေါင်းတည် မှာ ကျွန်တော့် အမေ ရှိတယ်လေ ဗျာ ”

“ ဘာဗျ ၊ ပေါင်းတည် မှာ ခင်ဗျား အမေ ရှိတာ နဲ့ ခင်ဗျား ဝတ္ထု ထဲ က လင်းဝဏ္ဏ ပေါင်းတည် ပြန်တာ ဘာ ဆိုင် လို့လဲ ကိုလွမ်းအောင်လှ ရ ”

“ ဆိုင်တယ် ကိုမင်းမို ရေ ၊ သိပ် ကို ဆိုင်ပါတယ် ။ ကျွန်တော့် ဝတ္ထု ကို True Story လား လို့ ခင်ဗျား မေးခဲ့ တယ် မဟုတ်လား ။ ဒါ အမှန်ပဲ ပေါ့ဗျာ ။ ဒါ ကျွန်တော့် အဖေ နဲ့ ကျွန်တော့် အဖေ ရဲ့ ချစ်သူ အကြောင်း ကို ကျွန် တော် ရေး လိုက်တာ ပါ ”

ကျွန်တော် တွေဝေ မှင်တက် သွားပါတော့သည် ။ သူ ဆက် ပြောမည့် စကားတွေ ကို ကျွန်တော် စိတ်ဝင်စား နေမိ လေသည် ။

“ ကျွန်တော့် ဝတ္ထု က ခင်ဗျား ပြော သလို မဆုံးသေး ဘူး ဆိုရင် လည်း ကျွန်တော် ဆက် ရေးရဦး မှာ ပေါ့လေ ။ တတိယပိုင်း လို့ ပဲ ဆိုပါတော့ ။ အဲဒီ တတိယပိုင်း မှာ ကျွန်တော် ပေါင်းတည် ပြန် သွားပြီး ကျွန်တော့် အမေ ကို ကျွန်တော့် အဖေ ကွယ်လွန် ခဲ့ပြီ ဆိုတဲ့ အကြောင်း ပြောပြ တာ ရေးရမယ် ။ အဲဒီ အခါ မှာ အမေ က မငိုဘဲ နဲ့ စကား တစ်ခွန်း ပြောတာ ကျွန်တော် ထည့် ရေးရမယ် ”

“ ဒီမှာ ကိုလွမ်းအောင်လှ ၊ ဝတ္ထု ထဲ က လင်းဝဏ္ဏ ဆိုတာ ခင်ဗျား ကိုယ်တိုင် လား ”

“ ကိုမင်းမို ရယ် လင်းဝဏ္ဏ ဆိုတာ ကျွန်တော် က လွဲလို့ တခြား ဘယ်သူ ကော ဖြစ်နိုင်ဦးမှာလဲ ဗျာ ”

သူ သည် ကျွန်တော့် ကို တွေတွေရီ ငေးရင်း ကြည့် နေ လေသည် ။ ကျွန်တော် သည် သူ့ ကို လင်းဝဏ္ဏ အဖြစ် နှင့် သနားကရုဏာ သက် နေရပြီ ။ ကျွန်တော့် အဖေ နဲ့ ကျွန်တော့် အဖေ ရဲ့ ချစ်သူ တဲ့ ။

“ အဖေ ကွယ်လွန်ခဲ့ပြီ လို့ ကျွန်တော် ပြော လိုက်တော့ အမေ က မငိုပါဘူး ။ ကျွန်တော့် ကို ဖက်ပြီး သား ရယ် တဲ့ မင်း အဖေ မာနရှင်ကြီး က မေမေ့ ကို အရာရှိကတော် တစ်ယောက် ဖြစ် နေလောက်ပြီ လို့ သူ သေတဲ့ အထိ ယူဆ သွား မှာ ပဲပေါ့နော် တဲ့ ။ အမေ  မငိုပေမယ့် ရင် ထဲ မှာ ငိုနေမယ် ဆိုတာ ကျွန်တော် သိပါတယ်ဗျာ ။ ကျွန်တော် အမေ့ အကြောင်း ကို ကျွန်တော် အသိဆုံးပါ ကိုမင်းမို ။ အခု တော့ အမေ မရှိတော့ပါဘူး ။ မေမေ ဆုံးတာ ၈၉ နှစ်ဦး ပိုင်း က ဆိုတော့ အခု ဆိုရင် ၆ နှစ် ကျော်ခဲ့ပါပြီ ”

“ ကျွန်တော် စိတ် မကောင်းပါဘူး ကိုလွမ်းအောင် လှ ။ ခင်ဗျား ရဲ့ အဖြစ် က စိတ်ကူးယဉ် ဝတ္ထုတွေ ထက် တောင် ဆန်းကြယ် နေပါသေးတယ် ဗျာ ”

ကျွန်တော် သည် လည်း သူ့ လိုပဲ ကြေကွဲ သွားမိကာ ကျွန်တော် သိချင် နေသော တချို့ အကြောင်း အချက်များ ကို မေးရန် ပင် အားနာ နေမိပါသည် ။

“ မေမေ က သေတဲ့ အထိ နောက် အိမ်ထောင် မပြုခဲ့ ပါဘူးဗျာ ။ ဖေဖေ က သာ သူ့ ယုံကြည်ချက် ကို ရှေ့တန်း တင် လွန်း ပြီး မေမေ့ အပေါ် နားမလည် နိုင်ခဲ့တာပဲ လို့ ကျွန်တော် ထင်တယ် ။ ဖေဖေ က မေမေ့ ကို ကျွန်တော့် အဘိုး ၊ အဘွားတွေ ရဲ့ စေတနာ အမှား အောက် က ဆွဲ မထုတ်နိုင်ခဲ့လို့ပဲ နေမှာပေါ့ နော် ကိုမင်းမို ”

ကျွန်တော် သည် သူ့ ကို ခေါင်းညိတ် ပြလိုက်မိပါ သည် ။ သူ့ ကို ကြည့်ရင်း ကျွန်တော် ပါ ဝမ်းနည်း သလို ခံစား နေခဲ့ရပါသည် ။ ဝတ္ထု ထဲ က လင်းဝဏ္ဏ သည် အခု ကျွန်တော့် ရှေ့ မှာ ကိုလွမ်းအောင်လှ ဖြစ်၍ နေချေပြီကော ။

“ ဖေဖေ ဟာ သူ့ ယုံကြည်ချက် ကို ပဲ ရှေ့တန်း တင် လွန်းပြီး မေမေ့ ကို လည်း ထားရစ် ခဲ့တယ် ။ သူ့ ရဲ့ ထွန်း ကို လည်း ထားရစ်ခဲ့တယ် ”

“ ဒါနဲ့ ကိုလွမ်းအောင်လှ ၊ ခင်ဗျား အဖေ ထားရစ် ခဲ့တဲ့  ထွန်း ၊ အဲ … ဒေါ်ခင်သန်းထွန်း တစ်ယောက် ကော အခု ဘယ်မှာလဲ ”

သူ သည် ကျွန်တော့် ကို တွေတွေ စိုက် ကြည့်ပြီး ခေါင်း ကို လေးလေးဆဆ ခါပါသည် ။

“ ကျွန်တော် လည်း အဲဒါကို သိချင် နေတာပါ ကိုမင်းမို ။ လင်းဝဏ္ဏ ပေါင်းတည် က ပြန်လာ ကတည်း က သူ့ ဆရာမ ကို မတွေ့ ရတော့တာ အခု အထိ ပါပဲ ဗျာ ”

ကျွန်တော်တို့ နှစ်ယောက် စကား မပြောဘဲ အတန်ကြာ တိတ်ဆိတ် နေခဲ့ပါ၏ ။ မြို့ပြ သည် နွေဦး ၏ အဝါ ရောင် ဖြင့် ပူလောင်ခြောက်သွေ့ လျက် ရှိပေသည် ။ လက်ဖက်ရည်ဆိုင် ရှေ့ လမ်းမ ပေါ် ၌ သွားလာ နေကြသော လူများ ကို ငေးကြည့်ရင်း ကျွန်တော် သက်ပြင်းရှည်ကြီး တစ်ခု ကို ချလိုက်မိ ပါသည် ။

ထို့နောက် ကျွန်တော် တို့ လက်ဖက်ရည်ဆိုင် ထဲ မှ ထွက်လာ ခဲ့ကြပြီး အနော်ရထာလမ်း ကို ဖြတ် ကူးလိုက် ကြသော အချိန် တွင် ကိုလွမ်းအောင်လှ သည် ကျွန်တော့် အား မေးခွန်း တစ်ခု ကို ရုတ်တရက် မေးချလိုက် လေ သည် ။

သူ မေး လိုက်သည့် မေးခွန်း ကို ကျွန်တော် ကြား လိုက်ပါသည် ။ သူ့ ကို လှည့် ကြည့် လိုက်တော့ သူ က လမ်း ဟိုဘက်ခြမ်း ကို ရောက်သွားနှင့်ပြီ ဖြစ်သည် ။ ကျွန်တော် က လမ်းမလယ်ကောင် ၌ ရပ်ကာ ဖြတ်သန်း သွား နေသည့် ကားတန်းရှည်ကြီး ကို စောင့်ဆိုင်း နေ ပေ သည် ။ သူ့ မေးခွန်း ကို ဖြေဖို့ ကျွန်တော် ကြိုးစား ကြည့် ပါသည် ။ သို့သော် ကျွန်တော် စဉ်းစား၍ မရပါ ။

ကား အရှင်း တွင် ကျွန်တော် လမ်း ကို ဖြတ်ကူး လိုက် ပါသည် ။ သူ့ ကို တော့ မတွေ့ ရတော့ပါ ။ မဂ္ဂဇင်းတိုက် ပြန် ရောက် လျှင် တော့ သူ့ မေးခွန်း ကို သူ့ ကို ပဲ ပြန် မေးရ ပါတော့မည် ။

“ ဒီမှာ ကိုလွမ်းအောင်လှ ၊ ခင်ဗျား က ကော ဒေါ် ခင်သန်းထွန်း ဘယ်ကို ထွက် သွားမယ်လို့ ထင်သလဲ ”

••••• ••••• •••••

“ ကျွန်မ ကို ထွန်း လို့ တစ်လုံးတည်း မခေါ်ပါနဲ့ ”

◾အောင်ဝေး

📖မဟေသီ မဂ္ဂဇင်း
      ၁၉၉၇ ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment