Saturday, May 25, 2024

လိပ်ပြာတောင်


 

❝ လိပ်ပြာတောင် ❞

ညနေ စောင်းလေပြီ ။

ရေ လည်း မချိုးရသေး ။ ထမင်းအိုး ၊ ဟင်းအိုး ကိစ္စ ပြီးတော့ မောတာ နှင့် နား ရသည် ။ မနက် ကို ကိုမြင့် ရုံး အမီ စား သွားဖို့ ငါးဖယ်ခြစ် ၍ ချင်း ၊ စပါးလင် လှိုင်လှိုင် နှင့် နာနာ ထောင်း ကာ အပြားကြီးကြီး ကြော် ထားသည် ။ ခြစ်ပြီးသား ဝယ် လျှင် ဈေးလည်း ကြီးသည် ။ လတ်တာ နှင့် မလတ်တာ လည်း ရောလျက်သား ရှိသည် ။

ပထမ သုပ် ကျွေးမယ်လို့ သံပရာသီး နှင့် နံနံပင် တောင် ဝယ်ခဲ့၏ ။ နောက်မှ စိတ်ကူး ပေါက်ပြီး အဆီ တစ်ထပ် အသား တစ်ထပ် နှင့် အိနေ သော နာဂဘာရီ အုန်းသီး တစ်လုံး ဝယ်ခဲ့သည် ။

အုန်းသီး ခြစ်ရ ပြန်သည် ။ အုန်းနို့ ညှစ်ရ ပြန်၏ ။ ပြီးတော့ အဆီ ပေါက် အောင် ချက်ရသည် ။ မနက် ကျ မှ ငါးဖယ်ကြော် ကို အမြှောင်း ထူထူ လှီး ၍ အုန်းနို့ချက် နှင့် ရောကာ ထပ် ချက် ရမည် ။ သံပရာသီး နှင့် နံနံပင် ကို တော့ မုန်လာဥသုပ် ရာ မှာ သုံးရမည် ။

ငါးဖယ် နှင့် အုန်းသီး ကြောင့် အတော် မော သွားကာ အိပ်ရာ ပေါ် လှဲ မိသည် ။ ပေပေရေရေ မို့ ဖျာ အရင် ထပ် ခင်းပြီး လှဲ ရ၏ ။ အိပ်ရာခင်း ပေ လျှင် ကိုယ် ပင် လျှော် ရမည် ။ ယနေ့ တောင် ကလေး နှစ်ယောက် အင်္ကျီ ချည်း ပဲ ထိုင် ဖွပ်တာ နှင့် တစ်နေ့ ကုန်သည် ။

အဲလေ ... ကိုမြင့် ရဲ့ အင်္ကျီ သုံးထည် နှင့် ဘောင်းဘီရှည် နှစ်ထည် ပါ မီးပူတိုက် လိုက်ရ သေးသည် ။ သမီးကလေးများ ၏ ခြင်ထောင်များ တော့ မနက်ဖြန် မှ ဆိုဒါ နှင့် ပြုတ် ရပေမည် ။ သည် အတိုင်း လျှော်လို့ တော့ မဖြူပေဘူး ။

ဪ ... ကောင်မလေးတွေ အသံ တိတ်လှချေကလား ။ အိမ်ရှေ့ မှ ကိုယ့် ကလေးများ ကူ ထိန်း ပေး၍ ကံကောင်းသည် ဆိုရမည် ။ ဗြုန်းခနဲ အိပ်ရာ က ထ၏ ။ အမောပြေ နား နေသည် ဆိုတာ ကို သတိ မရတော့ချေ ။ အိမ်ရှေ့ ထွက် လာပြီး မျှော် ကြည့် သော် ကလေးများ ကို အရိပ်အယောင် မျှ မတွေ့ ။

“ မစု နဲ့ မိနု လာကြဟေ့ ၊ ညှော် ပျောက်ပြီ ” ဟု အော် လိုက် ရသည် ။ သမီးကလေး နှစ်ယောက် က အိမ်ရှေ့အိမ်ဝ သို့ ရောက် လာ ကြပြီး လမ်း ကို ဖြတ် ၍ ပြေးလာ ကြသည် ။

“ ဟဲ့ .. နေဦး ၊ အရမ်း ပြေးရသလား ၊ ကား ကို မကြည့်သေးဘူး ” ပူပန် ၍ ဒေါသ ထသည် ။ ဆီး ပြီး သာ ရိုက် လိုက် ချင်သည် ။ သို့သော် အပြစ် ကင်းစင်၍ ဘာမှန်း သိပုံ မရသော မျက်နှာထားကလေးများ ကို တွေ့ တော့

“ ငါ က သွား ကြိုဖို့ ကောင်းတာ ၊ သူတို့ ဘာ နားလည်မှာလဲ ” ဟု နောင်တ ရသည် ။

“ ကဲ ... သမီးတို့ ထမင်း စားကြမလား ”

“ စားမယ် မေမေ ၊ စု လည်း စားမယ် ၊ နု လည်း စားမယ် ” 

စသည် ဖြင့် ပြိုင်တူအော် ကြလေသည် ။

ထမင်း ထည့် ၍ ကျွေး ပြန် တော့ အကြီးမ က သူ့ လက် နှင့် သူ့ ဘာသာ သူ နှိုက် ၍ စား ချင်သည် ။ သူ့ ကို စားတတ်ပြီ ဟု ခွင့် ပေးတော့ မစားတတ်သေး သည့် အငယ်မ က ကိုယ့် ဘာသာ စားချင် နေသည် ။

ထို့ကြောင့် နှစ်ယောက်စလုံး ကို ခွံ့ ကျွေးမည် ပြုသည် ။ နှစ်ယောက် စလုံး စိတ်ကောက် ကာ တအီအီ နေကြ ပြန်၏ ။ ထမင်း ကျွေးလျက် မဝါး ဘဲ ငုံ ထားသည် ။ ထမင်း တစ်လုတ် ကို တစ်နာရီ ကြာအောင် များ စားကြ မလား မသိ ။

“ ထမင်း စား ပြီးရင် လိမ္မော်သီး စားရမယ်ဟေ့ ” ဟု မြန်မြန် စား အောင် ဆို ပြန်တော့

“ ဝပြီ ” ဟု ကြွေးကြော် ကာ လိမ္မော်သီး တောင်းသည် ။

နောက်ဆုံး တော့ ကလေး နှစ်ယောက် ကို အိပ်ရာ ထဲ ထည့် ရသည် ။ သူတို့ သည် မျက်လုံးများ ကြောင် နေ ကြသည် ။ နေ့လယ် က အိပ်ငိုက် နေ ကြ သော်လည်း အိပ်ခွင့် မပေးခဲ့ချေ ။ ည မအိပ် မှာ စိုးသည် ။

သည် ည ကို တော့ နွဲ့ အင်မတန် တန်ဖိုး ထားသည် ။ ကိုယ့် မွေးနေ့ ရယ် လို့ ကြီးကျယ်ချင်တာ အချည်းနှီး စိတ် ဝင်တာ မဟုတ်လှ ။ ကိုယ့် မွေးနေ့ ဆို လျှင် ကိုမြင့် နှင့် သမီးရည်းစား ဘဝ က လို တစ်ညလုံး ညဉ့် နက် အထိ လျှောက်လည် ရ သည် ကို စုံမက် သော ကြောင့် ဖြစ် လေသည် ။

ကလေးများ အိပ်ပျော် သွားသော် အိမ် ကို သပ်ရပ်အောင် အနည်းငယ် ရှင်းလင်းသည် ။ တံမြက်စည်း ဖြင့် ကြမ်းပြင် ကို ဖုန် တစ်မှုန့် မကျန် အောင် လှည်း ပြန်၏ ။ အဝတ်အစား ခေါက်စရာ ရှိသည် ကို ခေါက်ရ သည် ။ အဝတ်ဟောင်းများ ကို ခြင်း ထဲ ထည့် ရသည် ။ အိပ်ရာခင်း ပြင် ၍ ခင်း ရသည် ။

စောစော က ခင်း ထားသော ဖျာ ကို လိပ်ပြီး ထောင့် တွင် ထောင် သည် ။ ရေ ချိုးပြီး ထွက် လာလျှင် ရှုပ်ရှုပ်ယှက်ယှက် မကြည့်ချင်ပေ ။ အဝတ်အစား ချွတ်ပြီး ထဘီရင်ရှား နှင့် မီးဖိုချောင် ထဲ ဝင် လာသည် ။

မီးဖိုချောင် တွင် သိမ်းဆည်းပြီး သား ၊ လှည်းကျင်းပြီး သား မြင် နေ ရတော့ စိတ်သက်သာ သွား၏ ။

ရေမိုး ချိုးတော့ ရေတိုင်ကီ မှ ဘော ပျက်နေသည် ကို သတိရ ပြန်၏ ။ ညနေ ရေ လာ လျှင် လျှံ ၍ ကျ လေ့ ရှိသည် ။ ကိုမြင့် ရေသံ ကြား၍ အိပ်ပျက် မှာ စိုး ရကာ ညတိုင်း ထ ၍ ပိုက် နှင့် သွယ်ကာ ရေ ဖွင့်ချ ထား ရသည် ။

ရေ သည် ပိုက် မှ လျှော၍ အသံ မမြည်ဘဲ သွားသည် ။ တစ်နေ့ က မှ ကိုမြင့် တစ်ရေး နိုး မှာ သိ ကာ သူ ကိုယ်တိုင် တက် ပြင်ထားသည် မှာ လေးငါး ရက် တော့ ရေ မလျှံ ဘဲ နေဦးမည် ဟု မျှော်လင့်ရ လေသည် ။ ကိုယ့် အိပ်ခန်း ပြန် ရောက်၍ အလှပြင် သော် ငါးနာရီ ထိုးလေပြီ ။ ကိုမြင့် ပြန် လာတော့ မှာ ပါလား ။ မြန်မြန် လုပ်မှ ။

လ ကုန်ခါနီး ဖြစ်၍ ပေါင်ဒါ ၊ အလှရည် အစ ရှိသည် တို့ သည် ကုန်လု ကုန်ချင် ဖြစ် နေလေ၏ ။ လက် ထဲ မှာ ငွေ ၁၀ တော့ ရှိသည် ။ ကလေး နှစ်ယောက် ကို မုန့်ဝယ် ကျွေးဖို့ ယူ၍ လလယ် လောက် က အိပ်ရာ အောက်ဆုံး ဖျာ ကြား ညှပ် ထားခဲ့လေသည် ။

ဟို တစ်နေ့ က ကိုမြင့် ဘိုင်စကုတ် ကြည့်ချင်သည် ဆို၍ ထုတ် ပေးသည် ။ နွဲ့ နှင့် ကိုမြင့် အသက်ချင်း သိပ် မကွာလေရာ ထုံးစံ အတိုင်း ယောက်ျားကလေး က ပို၍ ငယ်ရွယ်နုပျို လေသည် ။ နွဲ့ က တော့ အစ်မကြီး လို ဖြစ်နေသည် ။

အပျိုတုန်း က စိတ်ကူးယဉ်ကလေးများ ပျောက် ကုန်၏ ။ ကိုမြင့် က တော့ ဘယ်လို ဘိုင်စကုတ်မျိုး မဆို ကြည့် လည်း ကြည့်နိုင် ၊ ကြည့် လည်း ကြည့်ချင်သေး စိတ် ရှိကာ ဇာတ်လိုက် မင်းသမီး သေသည့် ဇာတ်လမ်း မျိုး ဆိုလျှင် တော့ နှစ်ပြန် သုံးပြန် ကြည့် တတ်သေး၏ ။

သူ့ ကို တော့ ပျော်စေ ချင်သည် ။ ပူစရာ ရှိလျှင် ကိုယ့် ဘာသာ ကျိတ် ပြီး ပူသည် ။ အကြွေး တင် သမျှ တောင် သူ မသိစေရ ။ သူ က လည်း ချစ်စဖွယ် ကောင်းလှသည် ။ သိတတ်ရှာပါ ပေသည် ။

ပိုက်ဆံ ကျပ်သည့် ဝေဒနာ သာ မရှိ လျှင် သည်လောက် မောမည် မဟုတ် ။ လူ ပင်ပန်း သော်လည်း ကြွေး မတင် လျှင် တော်ပါပြီ ။

ယခု တော့ လဆန်း ၍ အထက်တန်းစာရေး လခလေး ကို ကိုမြင့် က လက် ထဲ လာ ထည့် လျှင် နေစရာ ဘုံ ပျောက် မှာ စိုး၍ အိမ်လခ အရင် ပေး ရမည် ။ ပြီးတော့ တစ်လစာ မီးဖိုချောင် အတွက် အပြီး ဝယ်လိုက်ရသည် ။ ထို့နောက် အကြွေး ဆပ်လိုက် နှင့် ကုန် လေတော့သည် ။

ပိုက်ဆံများ သုံးရတယ် ဟု မရှိပါကလား ။ ချေး ၍ သုံးရသည် မှာ လည်း နောက် ပြန်၍ ဆပ် ရသည် ဖြစ် သော်လည်း လက် ထဲ ရောက်လာ စဉ် က ကိုယ့် ပိုက်ဆံ မဟုတ်လေရာ လွတ်ကျွတ် ပျော်ရွှင်ခြင်း မရှိချေ ။

ကိုမြင့် သည် နွဲ့ ၏ မွေးနေ့ ကို တော့ အင်မတန် လေးစား မျှော်မှန်း လေ့ ရှိသည် ။ စင်စစ် နွဲ့ ၏ မွေးနေ့ တွင် နွဲ့ အပေါ်  နွဲ့ဆိုး ဆိုးတော့သည် ဟုပင် ထင်သည် ။ အားလုံး ကို မေ့ပျောက်ရမည် ဟု သူ က ဆို၏ ။

နွဲ့ ၏မွေးနေ့ တွင် သူ သည် ငွေ ကို အဆမတန် ဖြုန်းလေ့ ရှိလေ၏ ။ ထမင်း ပင် အိမ် မှာ မစားရပြီ တဲ့ ။ အပြစ် မခေါ်ရ တဲ့ ။

နွဲ့ သည် နှုတ်ခမ်း ကို ခပ်ရင့်ရင့် ဆိုး နေကာ ပြုံးမိလျက်သား ချည်း ရှိသည် ။ စိတ် ထဲ က တော့ အိမ်ကိစ္စ အတွက် ပူတာ မပျောက်သေး ။ ဝယ် စရာများ ကို စာရင်း ချသည် ။ အရေးအကြီးဆုံး ကို ပထမဆုံး ဝယ်မည် ။

လောလောဆယ် လိုနေသည် မှာ မီးသွေး တစ်အိတ် ၊ အိမ်ရှေ့ စားပွဲခင်း တစ်ထည် နှင့် ဘုရားညောင်ရေအိုး ဆင်တူ နှစ်လုံး ပေတည်း ။

မနက် က ကိုမြင့် အင်္ကျီအိတ် ထဲ မှာ ၁ဝ တန်စက္ကူ အထပ်လိုက် ကို တွေ့ရသည် ။ အကုန် တောင်း ယူပြီး အကြွေး လည်း ဆပ် ၊ ဝယ်စရာ ရှိ တာ လည်း ဝယ် လိုက်ရလျှင် စိတ် အေး သွားမှာပဲ ။ ပါးစပ် က ပင် ထွက်တော့ မည် ။

“ ကိုမြင့် ရယ် နွဲ့ ဘာမှ မလိုချင်ပါဘူး ၊ နွဲ့ မွေးနေ့ ကို နွဲ့ လည်း ဂရုစိုက်တာ မဟုတ် ။ ကိုမြင့် ကျေနပ်အောင် ဘိုင်စကုတ် နှစ်ပွဲ ဆက် ကြည့် မယ်လေ ၊ ဒါပေမဲ့ အဖိုးတန် လက်ဆောင် ဝယ်မယ့် အစား ... ” ပြော လိုက် လျှင် ကိုမြင့် စိတ် ထိခိုက် သွားမှာကို သိ ၍ သာ နေလိုက်ရသည် ။

သူ က တိတ်တဆိတ် ကျိတ်၍ စု ထားသည့် ငွေ မဟုတ်လား ။ ပြီးတော့ ပေါင် ထားသည့် ကိုယ့် လက်ကောက်ကလေးများ တောင် ရွေးနိုင် လောက်သည့် ငွေ ဟုတ်ပုံ မရ ။ သူ့ စိတ် အလို အတိုင်းသာ လုပ်ပါစေလေ ။ ကိုမြင့် ၏ အပြုံးကလေး ကို မြင်ယောင်၏ ။

နွဲ့ သည် ကံ ပစ်ချ ရ သလို မွေးဖွား လာရသည့် စင်စစ် ကိုယ် မပိုင်ဆိုင် သော နေ့ တစ်နေ့ အတွက် လင်သည် ကို ပြုံးစေနိုင်တယ် ဆိုလျှင် အဓိပ္ပာယ် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကျေနပ်သည် ။

ခါတိုင်း နေ့များ ဆိုလျှင် မနက်ပိုင်း ကို အိပ်ရေး ဝဝ အိပ်ပါရစေ ရယ် လို့ မနှိုးရက် ဘဲ ကိုယ့် ဘာသာ ဈေးဝယ် သွား လျှင် သွား ၊ မသွား လျှင် မီးဖိုချောင် မှ စားစရာ သောက်စရာ များ ကို ပြင်လျက် နေသည် ။ သူ နိုးလာ ပြန် တော့ ရေချိုး အဝတ်အစား လဲ စေရသည် ။ ကိုယ် က နိုး လာသော သမီးကလေးများ ကို အနွေးထည် ဝတ်ပေး ၊ မျက်နှာ သစ်ပေး ၊ အဝတ် ရေစို နှင့် သွား တိုက်ပေး ၊ မုန့်ကျွေး ၊ ကော်ဖီတိုက် လုပ်ရသည် ။

ကိုမြင့် ကို ထမင်း ပြင်၍ ကျွေး တော့လည်း လင်မယား နှစ်ယောက် အေးအေး ထိုင်ပြီး စကား မပြောအားသည် က များသည် ။ ကိုယ် က သမီးကလေးများ ကို ပဲ ထိန်း နေရသည် ။ သို့မဟုတ် လျှင် သူတို့ အဖေ ထမင်း ဖြောင့်ဖြောင့် မစားရ ။

တစ်ခါတစ်ရံ တော့ လည်း ကိုမြင့် ကိုယ်တိုင် က ထမင်း ကို ကမန်းကတန်း နှင့် စားပြီး ကျောင်း မီအောင် ပြေး ရသည် ။ သူ က အိုင်အေ တောင် မအောင်သေး ။ အလုပ် လုပ်ရာ မှာ ဒီဂရီ လိုသည် တဲ့ ။ ဒါနှင့် မနက်ပိုင်း ကျောင်း တက်ပြီး တစ်ဆက် တည်း ရုံး သွားရသည် ။

နွဲ့ က တော့ သူ့ သဘော အတိုင်း သာ လုပ် စေသည် ။ အလုပ် က ပြန် လာပြီး မနားအား ၊ ည ည မှာ စာ ထိုင် ကျက်တာ မြင်တော့ လည်ချောင်း ထဲ က တက် လာသော အလုံး ကို မမြင်သာ အောင် မျိုချ ရလေသည် ။ သူ သည် စိတ် က သာ ဆောင်၍ ကိုယ် က တော့ ပန်းလှပြီ ။

အို .. လောကကြီး မှာ အပြေးအလွှား လုပ်နေမှပဲ အသက်ရှင် တော့မည် လား မသိ ။

မနက် မိုး လင်း လာ လျှင် သွက်သွက် လျှောက် နေသော ခြေထောက် များ သာ ထိုင် ကြည့် ရလျှင် ခေါင်းမူး လို့ လဲ လောက်သည် ။ တဖြည်းဖြည်း နှင့် ညနေပိုင်း မှာ ပင် နွမ်းနယ်လေးလံ သော ခြေထောက်များ သည် အနိုင် ကြိုးစား၍ ပြေးကြမည် ကြံ သေးသည် ။

ည သန်းခေါင် မှာ မှိတ်တုတ် မြင် ရသော မီးရောင် ကို မြင်ရ ပြန် လည်း သုံး ၍ မဆုံးနိုင် သော လူ့ ခွန်အား အံ့သြသည် ။ တေပေပြီး မလှုပ်မယှက် နဲ့ များ ထိုင် နေ ကြည့်ချင်သည် ။ သို့သော် မဖြစ်နိုင်ဘူး ဆိုတာ ကို ကိုယ် က ပင် စ၍ ပြောရမှာ အမှန်ပဲ ။

ဟော ... ကိုမြင့် ခြေသံ ကြားသည် ။ နွဲ့ ၏ စိတ်ရှုပ်ထွေးခြင်းများ ဖျတ်ခနဲ ပျောက် သွား၏ ။ ထွက်၍ ကြို လိုက်ချင်သည် ။ သို့သော် တမင် ပင် မရွှေ့ဘဲ နေကာ လက် ထဲ က နှစ်ကျပ်ခွဲ ပေး ရသော နှစ်ဖက်လှ မှန်ဝိုင်းကလေး ကို သာ စိုက် ကြည့် ကာ အလှပြင် ၍မဆုံး ဟန်ဆောင် နေလေသည် ။ သို့သော် မှန် ထဲ မှာ ပေါ် လာမည့် ကိုမြင့် ၏ အရိပ် ကို စောင့်စား နေခြင်းသာ ဖြစ်လေ၏ ။

သူတို့ သည် မှန် ထဲ မှ နေ၍ တစ်ယောက် ကို တစ်ယောက် မြင်ကြ ပေသည် ။ အရိပ်နှစ်ခု ပြုံး ပြ ကြပေသည် ။ မှန် ကို ဘေး ဖယ် လိုက်ပြီး မျက်နှာချင်း ဆိုင် သော် ကြည်လင်စွာ ရယ်မောကြ ပြန်သည် ။ တစ်ခါ တစ်ခါ သည်လို စိတ် ရွှင်လန်း ရတာ တယ် ကောင်းပါကလား ။

ကိုမြင့် ကို ကြည့် တော့ ဘန်ကောက်လုံချည် ခဲရောင် နှင့် ဘာ နှင့် ။

မျက်မှောင် ကုတ်မိ၏ ။ ဩ ... သိပြီ ၊ ပြန် ရွေးပြီး တစ်ခါ တည်း ဝတ် လာတာပဲ ။ လက်ကောက် ကို သွား သတိ ရ၏ ။ စိတ် ထဲ က အနည်းငယ် မျက်သက်သက် ဖြစ်၏ ။ ကိုယ့် လင် ကို ကိုယ့် မွေးနေ့ မှာ ကြည့်တာ တောင် စက်ဆုပ်စရာ ကိစ္စတွေ ကို သတိရတဲ့ အဖြစ်နှယ် ။

နွဲ့ သည်

“ အဝတ် လဲ ဦးမယ် ကိုမြင့် ၊ ခဏ စောင့်ဦးနော် ၊ ဩော် ကလေး တွေ ကို သွား ကြည့်ပါဦး အိပ်နေ လိုက်ကြတာ ” ဟု ပြော လိုက်၏ ။

နွဲ့ ၏ အသံ က နဂိုသံ မဟုတ် ။ စကားအလှ သုံးတာ မဟုတ် သော် လည်း ဟုတ်သလို ဖြစ်နေ၏ ။ စိတ် လှုပ်ရှား နေလို့ ထင်ပါရဲ့ ။

ကိုမြင့် က

“ ကောင်းပါပြီခင်ဗျာ ” ဟု နောက်တောက်တောက် သာ ပြောသည် ။ အခန်း ထဲ မှ မထွက်ဘဲ နေသည် ။ ဒါနှင့် နွဲ့ လည်း ဇင်းမယ်လုံချည် အပြာချိတ် ကို ဝတ်ရသည် ။ နိုင်လွန်အင်္ကျီလက်ရှည် ကို ကောက် ပြီး စွပ်ရသည် ။

“ ပန်း မပန်တော့ဘူးလား နွဲ့ ”

နွဲ့ သည် သဇင်တု ဖယောင်းပန်းများ ကို ပန်ရ ပြန်၏ ။ စင်စစ်တော့ သည် အချိန် မှာ သိမ်ကြီးဈေး ကို သွား နိုင်လျှင် သဇင်ပန်းတွေ ဝယ် လို့ ရနိုင်သည် ။ တစ်ရာ မှ လေးငါးကျပ် ပဲ ပေးရမည် ။ နွဲ့ သည် သဇင်ပန်း ကို အင်မတန် ကြိုက်တတ်၏ ။ ရနံ့ ကို ရော ၊ အဆင်း ကို ရော ၊ ဈေး ကြီးတာ ကို ရော အကုန် ကြိုက်၏ ။ သို့သော် သဇင်ပန်း ပေါ် မှန်း ပင် မသိလိုက် တာ ဘယ်နှကြိမ် ရှိပြီလဲ မသိ ။

ထို့နောက် သူတို့ နှစ်ယောက် သည် ကလေး နှစ်ယောက် သိပ် ထား ရာ အိမ်ရှေ့ သို့ ထွက် လာလေသည် ။ ပါးစပ်ကလေးများ ဟ ကာ ချွေး တစို့စို့ နှင့် အိပ် နေသော မျက်နှာ ဆင်တူကလေး နှစ်ခု ကို ချစ်စနိုး ကြည့် ကြသည် ။ ဆတ်ဆတ်တုန် မတတ် ချစ် ချင်သည် ။ သို့သော် တစ်နှစ် မှာ တစ်ခါ တော့ မေမေ တို့ တစ်ကိုယ်ကောင်း ကြံပါရစေနော် ။

ငုံ့ ၍ နမ်း လိုက်ချင် သော်လည်း နိုး သွားမည် စိုး၍ မနမ်းရ ။ ပြီးတော့ သူတို့ သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြ ပြန်သည် ။ သူတို့ အပြင် သွားကြမည် မဟုတ်လား ။

ညနေ သည် သာယာ လာသည် ။ သည်အတိုင်း သာ မလှုပ်ဘဲ နေလိုက်ချင်တော့သည် ။ လှုပ် လိုက်လျှင် ယခု စ ၍ တည် စားသော သူတို့ ၏ သမီးရည်းစား တုန်း က အပြုံးအကြည့်လေးများ ပျက် သွားမှာ စိုးသည် ။ မီးခိုးဝိုင်းကလေး ဝန်းစက် ဖို့ ရာ လေငြိမ်ရမည် မဟုတ်လား ။ သို့သော် သူတို့ သည် အိမ်ရှေ့ အိမ် သို့ ကူး လာသော် ရွဲ့စောင်းစောင်း ဖြစ် လာလေ သည် ။

အိမ်ရှေ့ အိမ်ရှင် မငွေခင် က တကယ် လိုလို ၊ နောက် သလိုလို နှင့်

“ လူ ကို များ ကလေးထိန်းများ မှတ် နေသလား ၊ ဘယ်နှနာရီ ပြန် လာကြမှာလဲ ၊ ထ ငို နေရင် ချော့ လို့ ရရင်တော့ ကောင်းပါတယ် လေ ၊ ဒါက ဘယ် သွားကြမှာတုံး ၊ ကြော့လို့ပါကလား ” ဟု ပြောသည် ။

“ အို သူတို့ နိုး မှာ မဟုတ်ပါဘူးလေ ၊ လိုလိုမည်မည် ပါ ၊ ပြီးတော့ မမခင် ဖတ်ဖို့ မဂ္ဂဇင်းအသစ် တွေ လည်း စားပွဲ ပေါ် မှာ ရှိတယ် ” 

“ ဟုတ်လား ”

သူတို့ သည် မလိုသောစ ကား အနည်းငယ် ပြောပြီး ထွက် လာကြ ၏ ။ လမ်းထိပ် ရောက် ၍ လှည့် ကြည့် သော် မငွေခင် သည် သူတို့ အိမ် ဘက် သို့ ကူး သွားသည် ကို မြင် ရရာ စိတ်အေး သွားသည် ။

“ မမခင် က စု တို့ ၊ နု တို့ ကို တော့ သိပ် ချစ်ရှာတာပါ ကိုမြင့် ရာ ၊ နေ့လယ် ဆို မုန့်သည်တကာ ခေါ်ပြီး ဝယ် ကျွေး နေတာပဲ ၊ နွဲ့ တို့ ဆွေမျိုး ထဲ တောင် သည်လောက် ကောင်းတာ မရှိဘူး မဟုတ်လား ၊ ဟော ခုလို အပြင် ထွက်စရာ ရှိတောင် မမခင် ကို အားကိုး ရတာ ”

“ နွဲ့ က နွဲ့ မွေးနေ့ မို့ လည်မယ် လို့ ပြောရင် ပို ကောင်းသားပဲ နော် ” 

“ မပြောချင်ဘူး ကိုမြင့် ရယ် ”

နွဲ့ သည် ဘာပဲ ဖြစ် သွားသွား သည်နေ့ တော့ လင်မယား နှစ်ယောက် ထွက်ဖြစ် အောင် ထွက်မည် ကြံသည် ။ ကြည့် ပေးမယ့် သူ မရှိ လည်း ကလေးတွေ ကို  အိမ်မှာ ထားပြီး သော့ ခတ်ပြီး ထွက် သွားတုန်း မီးလောင် မည် ဆိုလျှင် ကော ။

ဟင့်အင်း ... ဟင့်အင်း ... ဟင့်အင်း ။ နွဲ့ သည် အိပ်မက် ထဲ မှာ လို အသံ မထွက်ဘဲ ညှစ်၍ အော်သည် ။ မေ့မယ် ... ဘာဖြစ်လို့ သည်လို ညစ်ညမ်းတဲ့ အတွေးတွေ တွေးမိသလဲ ။ ကိုမြင့် ရယ် ၊ နွဲ့ ရယ် ဒါပဲ ဒါပဲ ။

တုန်လှုပ်သော လက်များ နှင့် ကိုမြင့် ၏ လက်မောင်း ကို ဆုပ်ကိုင် သည် ။ အားရှိ သွားသည် ။ ကိုမြင့် ၏ ကြီးထွားခြင်း ကို သတိရ လာသည် ။ ဘေးအန္တရာယ် မှ လုံခြုံ သွားပြီ ဟု ထင်၏ ။

ဆည်းဆာ သည် မြို့လယ် မှာ ပင် လှသည် ။ တိုက်တာ အိမ်ခြေ များ ပေါ် မှ လင်းချင်းသော အရောင် သည် ပြယ် လေပြီ ။ မီးရောင်များ က ကြောင်စီစီ လင်းသည် ။ သို့သော် ဆည်းဆာ ၏ ပြာနှမ်းနှမ်း နီကြန်ကြန် ခရမ်းရောင် က အတင်းပင် ကြိုကြား တိုးဝင် ကာ လဲ့သော အရောင် ကို ဖြစ် စေသည် ။ နွဲ့ သည် စိတ် ပေါ့ပါး လာ ပြန်သည် ။

ကိုမြင့် က နွဲ့ ၏ ပါးလွှာသော အင်္ကျီ မှာ ဖောက် မြင်ရသော ၁ဝ တန် စက္ကူ ကို ကြည့် ကာ
“ အမယ် နွဲ့ က သူဌေး ပါလား ဗျ ၊ ၁ဝ တန် နဲ့ ဘာနဲ့  ” ဟု ဆိုသည် ။

“ အင်္ကျီအိတ် ထဲ မှာ ပိုက်ဆံ ထည့်တာ မလှဘူး ၊ လက်ကိုင်ပဝါကလေး ထည့် ရတယ် ”

နွဲ့ က ရယ်သည် ။ သဘော လည်း ကျသည် ။ စိတ်ကူးကလေး ကွန့်မြူး လာသည် ။ နွယ်ညှောက်ကလေး လို လူးလွန့်ကာ မိုး သို့ တက်မည် ထင် ရဲ့ ။

“ နွဲ့ ကို ပဝါလေး ခြုံ ပေး လိုက်ရရင် သိပ် လှမှာပဲ ၊ ခန့် သွားမှာ ” 

“ မဟုတ်တာ ၊ နွဲ့ က အဒေါ်ကြီး မှ မဟုတ်သေးဘဲနဲ့ ” 

“ တကယ် နွဲ့ ရဲ့ ၊ ကောလိပ် က ဆရာမလေးတွေ ဆို သိပ် ချစ်စရာ ကောင်းတာပဲ ၊ ပေါင်ဒါ လိမ်းတာ ၊ နှုတ်ခမ်းနီ ဆိုးတာ ၊ အဝတ်အစား လှလှ ဝတ်တာ က မဆန်းဘူး ၊ မိန်းမ တိုင်း လုပ်တတ်တယ် ၊ ထူးဆန်းတာလေး တစ်ခု ရှိတယ် ၊ ဥပမာ - တစ်ကိုယ်လုံး ဖြူဖြူဖျော့ဖျော့လေး ဝတ် ပြီး စိန်ကတ္တီပါ ကုတ်အင်္ကျီနီနီ ထပ် ဝတ်တာမျိုးပေါ့ ” 

သူတို့ ၏ ရယ်သံ သည် လွင် သည် ထက် လွင် လာသည် ။ ဒါက တော့ သူတို့ နှစ်ဦးပိုင် ‘ ရယ်ရွှင်ဖွယ် ’ တစ်ခု ဖြစ်၏ ။ တစ်ခါက သူတို့ မိတ်ဆွေ တစ်ယောက် မင်္ဂလာဆောင် ကို သွား ရာ ကိုမြင့် က နွဲ့ ကို သူ့ စိတ်ကြိုက်သည့် အတိုင်း ဆင်သည် ။ နွဲ့ က အနီရောင် ကို ရဲတင်းလှသည် ဟု ထင် ရာ မျက်နှာပါ နီရဲပြီး ခြေလှမ်း မှား ချင်လေ၏ ။ သို့သော် အဲသည် နေ့ က လောက် လှသည် ဟု အပြော ခံရသည့် နေ့ မရှိပြီ ။

“ နွဲ့ အင်္ကျီအိတ် ထဲ က ငွေ စက္ကူ ကို ထုတ် ပစ် လိုက်စမ်းပါကွာ ၊ အရုပ် ဆိုး လိုက်တာ ”

နွဲ့ လည်း အလို လိုက်၍ ထုတ်ကာ လက် က ကိုင်သည် ။

“ ကဲ ပေး ပေး ၊ လက် က ကိုင်ထား လို့ တော့ ဘယ် ဖြစ်မလဲ ” 

“ ဘယ်ဖြစ်မလဲ ၊ မောင့် အိတ် ထဲ ထည့်ထားမှာပေါ့ တော် ” 

သို့လျှင် ရယ်ရပြန်သည် ။

သူတို့ သည် ဘေးမှ ရှုပ်ယှက်ခတ်သော လူများ ကို မမြင်မိ ။ ကြယ် စုံ၍ လခြမ်းကလေး နူးနူးညံ့ညံ့ သာ နေသည် ကို သာ မြင် ကြသည် ။ ဆူးလေစေတီ ၏ မီးလုံးများ ကို ကြည့် ကာ စေတီသဏ္ဌာန် ကို မှန်းဆ ၍ ရကြ၏ ။ မီးရောင်စုံများ ပြိုးပြက်သည် ။ မှောင်ရီအေးဆေး ၍ နှစ်ယောက် ပူးကပ် ပြီး သွားမှ သွား သာ သော ချစ်သူတို့ လမ်းမြှောင်ကလေး ဆို လျှင် တော့ ယခု ရှိသော ပျော်ရွှင်စိတ် နှင့် ပိုပြီး သဘော ကျချင် ကျမည် ။ သို့သော် မတတ်နိုင်တာတွေ လောက မှာ အများကြီးပဲ ။

သူတို့ သည် ဆာ လာသည် ။ ရုပ်ခန္ဓာ ကို ဝလင်အောင် ကျွေး ရဦး မည် ။ ကော်ဖီ နှင့် မုန့်ဆိုင် ထဲ ဝင်ကြသည် ။ သို့သော် နွဲ့ က ကဗျာဆရာ စိတ် ပေါက် ကာ ကိတ်မုန့် ပေါ် က မလိုင်အလိမ်ပန်း ကို တိမ်စခန်း နှင့် နှိုင်း ချင်၏ ။ ကိုမြင့် မျက်နှာ ကို ကြည့်ရင်း သူ့ အပြုံး ကို စား နေရသည် ထင်၏ ။

“ ကဲ ဘယ်ကား ကြည့်မလဲ ” 

“ အဆို နဲ့ အက ပါတဲ့ဟာ ပေါ့ ”

“ က တာ မကြည့်ချင်ပါဘူး နွဲ့ ရာ ၊ ဆို တာပဲ ကောင်းတယ် ၊ ဖြည်းဖြည်းအေးအေးဆိုတဲ့ သီချင်းမျိုး ၊ ဟို ‘ နှင်းဆီပွဲတော် ’ အကြောင်း ဖွဲ့တဲ့ သီချင်းမျိုး ပေါ့ ၊ လွမ်းစရာ ကောင်းတာ ၊ ပြီးတော့ ရောင်စုံ ဆို မကောင်း ပါဘူး ၊ ခပ်မှောင်မှောင်လေး ပေါ့ ”

ကိုမြင့် က ဇာတ်ဟန် ပါစွာ ပြော လေ၏ ။ မနက် က သာ ဆိုလျှင် နွဲ့ သည် ခစ်ခနဲ နေအောင် တော့ ရယ်မိမည် ဖြစ်လေ၏ ။ ယခုတော့ သူ ပါ ပန်းလျလျကလေး နေသည် ။ ရင် ထဲ မှာ အေးသည် ။

“ ဟုတ်တယ် ကိုမြင့် ... နော် ၊ ကိုမြင့် ပဲ ရွေးပါ ”

ရုပ်ရှင်ရုံ ရှေ့ ရောက်သော် ကိုမြင့် ၏ မျက်လုံးများ သည် မည်းမှောင် ကာ အရောင်လက် လာလေ၏ ။ မျက်လုံးများ မှာ အင်မတန် ရယ်မော ကြည်ရွှင် နေဟန် ရှိလေ၏ ။ နွဲ့ ကို မကြည့်ချေ ။ ဝေးလံသော အရပ် မှ ဘာ ကို ကြည့် နေပါလိမ့် ။ အဲသည် အရပ် မှာ ပန်းခိုင် ကို ကိုက်ချီ ကာ ငှက်ကလေးများ ပျံသန်း ဝဲရစ် နေသည် ထင်သည် ။

နွဲ့ က ရပ်ပြီး စောင့်၏ ။ ကိုမြင့် က မျက်လုံးချင်း မဆုံစေဘဲ

“ နွဲ့ ရေ ပိုက်ဆံ ထုတ်လေ ၊ ဩော် နွဲ့ ရဲ့ ပိုက်ဆံအိတ် က ကိုမြင့် ဆီ ရောက်နေတာ ကိုး ရော့ ”

သူ့ လက်များ က နွဲ့ လက် ကို လာ ထိ၏ ။ သူ့ လက်များ ပြန် ၍ ရုပ် သွားသော် နွဲ့ ၏ လက် ထဲ မှာ ဖုထစ်လေးလံသော အတွေ့ ကျန်ခဲ့၏ ။ ဖန်ပုတီးလုံးကလေး ကို ကိုင် ထားရ သလိုပင် ။ သို့သော် တော်တော် လေး သည် ။ နွဲ့ သည် အံ့ဩ တစ်ဝက် ဖြင့် ငုံ့ ကြည့် လိုက်သော် ကိုမြင့် ၏ လက်ဆောင် ကို တွေ့သည် ။

ပုလဲ လက်ပွေ့အိတ်ကလေး ပေတည်း ။

ပုလဲလုံးကလေးများ မှာ ကြည်၍ အပြာ နှင့် ပန်းရောင် ထူးဆန်းစွာ ရောစပ်သော အရောင် ပြေးနေလေ၏ ။

နနွင်းမကင်းကွက်ကလေးများ သည် အလယ် မှ နေ တစ်ထပ် ပြီး တစ်ထပ် ကျဲလာကာ နောက်ဆုံး နနွင်းမကင်းကွက် ပုံသဏ္ဌာန် အတိုင်း ပင် လက်ပွေ့အိတ် ဖြစ်သွားသည် ။

ပုလဲလုံးများ ကို ငွေနန်းခက် ဖြင့် တည်းသည် ။ အံ့သြစရာ လင်္ကာဒီပကျွန်း ထဲ မှ ကောက်ရသည့် ကုဝဏ္ဏာ ဖန်ဆင်းသော ပစ္စည်း နှင့် သာ တူသည် ။

မခိုင်မြဲသော လက် ဖြင့် တစ်ဖက် က ကြိုးကလေး ကို ဆွဲရင်း တစ်ဖက် က ဖွင့်၏ ။ ဖွင့်လို့ ရပါ့မလား ရပါ့မလား တထိတ်ထိတ် နှင့် နေ လေ၏ ။

နောက်ဆုံးတော့ ဖွင့် ၍ ရ လေ၏ ။ အထဲ မှာ ရှိ နှင့်သော ၁၀ တန် စက္ကူချပ်များ မှ တစ်ချပ် ကို ထုတ်ကာ မသိလိုက် မသိဘာသာ ပေး လေ၏ ။

ရုံ ထဲ သို့ ရောက် သော် စော လှ သေး၏ ။ ဘယ်သူ မှ မရှိ ။ စကား မပြောဘဲ နေကြ သေးသည် ။

ပန်ကာလေ ကြောင့် ထင်ရဲ့ ၊ ချမ်းစိမ့်အေးမြသည် ။ ထို့ကြောင့် ပခုံး ချင်း တိုးဝှေ့ကြ လေသည် ။ ခဏကြာ မှ ကိုမြင့် က

“ ဒီနေ့ နွဲ့ အစိတ် ပြည့်ပြီ နော် ၊ ဒီလို ဆိုရင် နောက် နှစ် ကျတော့ ၂၄ နှစ် ရှိမှာပေါ့ ” 

ရယ်ရပြန် သော်လည်း သိပ် မရယ်နိုင်ကြ ။

“ ကျေးဇူးတင်တယ် ကိုမြင့် ရာ ” ဟု တီးတိုး ကာ ရှိုက်ငင် နိုင် လေ၏ ။

သူတို့ တိတ်ဆိတ် နေကြသည် ။

သီချင်းသံ ပေါ်လာ၏ ။ သီချင်းသံ နှင့် လိုက်သွား လျှင် မိုး ပေါ် ရောက် ကာ တိမ်တိုက်မှာ ခိုလို့ နား နိုင်၏ ။ နွဲ့ က တော့ မြေကြီး ကို ခြေ မထိဘူး ထင်သည် ။

လက်ပွေ့အိတ်ကလေး ကို မကြည့်ဘဲ စမ်းသပ် ပြီး သာ နေသည် ။ ချောမွတ်သော အလုံးကလေးများ ကို စမ်းမိသည် ။ နုနယ်လှသည် ။ အားစိုက်၍ ဖိလိုက်လျှင် ပင် ကြွေမွ ကွဲပျက် ကုန်မည် ။ ယုယ ၍ သာ ထားရ မည် ဖြစ်လေ၏ ။

ဒါနှင့်တောင် သူ့ ဘာသာ ပန်းဖတ်များ ကို ကြွေပျက် သွားချင် လည်း သွားမည် ။ မြေပြင် ပေါ်ရှိ ဆုပ်ကိုင် နိုင်သော အားလုံးသော အရာများ ကို ဝယ်၍ ရသည့် ပိုက်ဆံ ဆိုသည့် ဟာ ကို သည် အိတ်ကလေး ထဲ ထည့်ချင် မှ ထည့်နိုင်မည် ။

ကိစ္စ မရှိ ။ လက်ပွေ့အိတ်ကလေး ၏ ပြင်သစ်ပန်းခက်များ ၊ ကွပ်သည့် ငွေနှုတ်ခမ်း ကို ဖွင့် လိုက်သော် အထဲ က မွတ် နေအောင် နုသည့် အတွင်းခံ ဖဲသား အဖြူ ပေါ် မှာ တွေ့ထိ၍ မရ ။ ကြည့် ၍ မမြင် ။ နားထောင် ၍ မကြား ။ မြည်းကြည့် ၍ လည်း အရသာ မပေါ် ။ မွှေးရှူ ရှူ သော်လည်း အနံ့ မလှိုင်သော အရာများ အပြည့် ရှိသည့် အတွက် ဘဝ မှာ နေပျော်သည် ထင်လေ၏ ။

နွဲ့ သည် လက်ကိုင်ပဝါကလေး ကို ကြာပန်းသဏ္ဌာန် ပေါ် အောင် ခေါက်ကာ အင်္ကျီ ရင်ဘတ် မှာ ညှပ်သည် ။ ဒါသာ အလှ ဖြစ်သည် ဟု မောင် က ဆိုသည် ။

◾ကြည်အေး

📖 သွေးသောက် မဂ္ဂဇင်း
      အမှတ် ( ၈၆ )
      မတ် ၊ ၁၉၅၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment