Wednesday, May 22, 2024

နှလုံးသားတိုက်ပွဲ


 ❝ နှလုံးသားတိုက်ပွဲ ❞


နံနက်ချိန်ခါ တေးသံသာ ကို နားထောင်လေ့ မရှိသည် မှာ ကြာခဲ့ပေပြီ ။ ရေဒီယိုသံ ၊ ကက်ဆက်သံ ဆိတ်သုဉ်း ခဲ့သည် မှာ တစ်နှစ် နီးပါး ရှိပေတော့မည် ။


“ ဒူဝေ ... ဒူဝေ ... ”


ကြေးစည် လက်ခတ် နှင့် ကြေးစည် ၏ အဖျားစွန်း ရိုက်ခတ်မိသော အသံ သည် သာယာနာပျော်ဖွယ် ထွက်ရှိ လာသည် ။ ကြေးစည် သံ သည် သာယာနာပျော်ဖွယ် အပြင် သတိရဖွယ် လည်း ကောင်းနေပေသည် ။


“ တပည့်တော်မ တို့ ကြာသပတေး ၊ သောကြာ ၊ စနေ မိသားစု သုံးဦး ပြု သမျှ ကုသိုလ်ကောင်းမှု အစုစု ကို အထက် ကို ဘဝဂ် အောက် ကို အဝီစိ ရှိရှိသမျှ ဝေနေယျ သတ္တဝါ အပေါင်းတို့အား ...  ” 


အမေ သည် ယခင် ခါတိုင်း ရွတ်ဆို နေကျ တပည့်တော်မ တို့ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ မိသားစု လေးဦး ပြုသမျှ ဟု ထည့်ဆို ရေရွတ်ခြင်း ပြုနေရာ မှ ပြောင်းလဲ ရွတ်ဆို နေရသည် မှာ တစ်နှစ် ရှိပေတော့မည် ။ အမေ ၏ ပြောင်းလဲသော အမျှဝေသံသည် ပင် အသားကျ နေပေပြီ ။ သို့သော် ...


“ တပည့်တော်မ တို့ မိသားစု သုံးဦး ပြုသမျှ ကုသိုလ် ကောင်းမှု အစုစု ကို လွန်ခဲ့သော နယုန်လဆန်း ဆယ့်လေးရက် နေ့ က ကွယ်လွန်ခဲ့ ရှာသော သမီးကြီး မကျော့ကျော့စိုး အား ” ဟု အမျှဝေ လိုက်သော အမေ ၏ အသံ သည် ယနေ့ တိုင် ဆို့နင့် ဆဲ ပင် ရှိပေသည် ။ တစ်နှစ် တင်းတင်း ပြည့် ခဲ့သည့် တိုင်အောင် ကျန်ရစ်သူ တို့ ၏ နှလုံးသား သည် နာကျင် ကြေကွဲ ဆဲ ရှိလေသည် ။


စိတ် ကို ထိန်းချုပ်လျက် တုန်ယင်သော လက်များ နှင့် ဆေးပုလင်းဖွင့်သံများ ၊ သေးသွယ်သော လက်မောင်းသားလေး ၏ အကြော ထဲ သို့ အမိုင်နို အကြောဆေးများ သွင်းခဲ့ရပုံများ ၊ ဆေး သွင်းပြီး ခဏအကြာ “ ငါ သက်သာ သွားပြီ ၊ မမောတော့ဘူး ” ဟု ပြောသံကလေး နှင့် ရွှင်ကြည်သော မျက်နှာကလေး ၊ တောင်ငူဆေးရုံ ဓာတ်မှန်ခန်း တွင် ထရော်လီ ပေါ် မှ လူ တွဲ၍ ကြိုးစား ဆင်းရင်း ဓာတ်မှန် အရိုက်ခံပုံများ ၊ “ နှလုံးကြီး နေပေမယ့် ကျွန်တော် မသေနိုင် ပါဘူး အမေ ရဲ့ ၊ ဆရာဝန်ကြီး က ကိစ္စ မရှိဘူးလို့ ပြောတယ် ” ဟု အမေ့ ကို ပင် သူ က ပြန်၍ အားပေး နေပုံများ ။


ပုံရိပ်များ သည် ကျန်ရစ်သူတို့ ၏ နှလုံးသား ဝယ် သက်ဝင် လှုပ်ရှားဆဲ ရှိလေသည် ။ ဆရာဝန် တစ်ယောက် ဖြစ်သော တိုးတိုး သည် သေးသွယ်သော ခန္ဓာကိုယ် နှင့် မမျှ အတတ်နိုင်ဆုံး ဆယ်နှစ် တိတိ နှလုံးသား စစ်မျက်နှာ တိုက်ပွဲများ မှ အလူးအလဲ ပြန် ထ နိုင်အောင် ကြိုးစားခဲ့သော သူ့ကို သူရဲကောင်း အဖြစ် ချီးကျူးမိ လေသည် ။ တစ်ဖက် တွင် မူ မိသားစု ၏ နှလုံးသည်းပွတ် ကို ကြေကွဲ စေခဲ့သော ၊ တစ်နည်းအားဖြင့် ချစ်လှစွာသော အစ်မကြီး အား အနိုင် ယူ ခဲ့သည့် နှလုံးသားတိုက်ပွဲ ၏ သေနင်္ဂဗျူဟာမှူး ဖြစ်သည့် နာတာရှည် လေးဖက်နာ အဆစ်အမြစ်ကိုက် နှလုံး ရောဂါ ကို နာကျည်းမိ လေသည် ။


စိတ် သည် လွန်ခဲ့သော ဆယ်နှစ်ခန့် ဆီ သို့ ပျံ့လွင့် ခဲ့လေသည် ။


••••• ••••• •••••


“ ဝူးဝူးရူးဝူး ၊ ဒရပ်ရပ်ဝူးဝူး ဒရပ်ရပ် ”


တိုးတိုး သည် သူ ၏ ရင်ဘတ် ဆီ မှ နားကျပ်ခွက် ကို ခွာ လိုက်သည် ။ နှလုံး သည် လူကောင်း တစ်ယောက် တွင် ကြား ရမည့် လဗ်ဒဗ် ဟု မဟုတ်တော့ပေ ။ ဝူးရူး အသံသည် နှလုံးဦးစွန်း ရှိရာ ဝဲဘက် နံရိုး အောက်ဘက် ဆီ မှ ချိုင်း အောက် ဆီ ထိ တစ်ဆက်တည်း ကြား ရလေသည် ။ ဒရပ်ဒရပ် မြည်သံ သည် မိုးခြိမ်းသံ လိုလို ၊ ပီပါများ အား လှိမ့် ချလိုက် သလို မြည် နေလေသည် ။ ၎င်း အသံ သည် ကျဉ်းမြောင်း သော နှလုံး ၏ အဆို့ရှင် အား အရှိန် ပြင်းပြင်း ဖြင့် တိုးဝှေ့ ၍ ဖြတ်သန်းမှုကြောင့် ကြား ရသော အသံ ။ နှလုံး ၏ ဝဲဘက် အပေါ်ခန်း နှင့် အောက်ဘက်ခန်းမ ကူးရာ အဆို့ရှင် သည် ကျဉ်းရာ မှ ကျယ်သွား၍ နှစ်ခု ပူးတွဲ ရှိခြင်း ဒဏ် ကို ခံစားရ ပေသည် ။


တိုးတိုး နောက်ဆုံးနှစ် “ ခ ” စာမေးပွဲ ဖြေဆိုရမည် ဖြစ် သဖြင့် အိမ် သို့ မပြန်ဘဲ စာဖတ် နေစဉ် လူကြုံများ က “ အစ်မကြီး သိပ်ပိန်တာပဲ ” ဟု ပြောသည် ကိုလည်းကောင်း ၊ အမေ ဖြစ်သူ က “ ချောင်းဆိုး တော့ သွေးပါတယ် ” ဟု စာ ရေးခဲ့သည် ကိုလည်းကောင်း သတိရ လိုက်သည် ။ သူ သည် စာမေးပွဲ နီးကပ်နေပြီ ဖြစ်၍ နီးစပ်ရာ ဆရာဝန် ပြပါ ။ သလိပ် စစ်ပါ ။ ညွှန်ကြားတဲ့ အတိုင်း လိုက်နာပါ ဟု ရေးခဲ့ လေသည် ။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော နာတာရှည် လေးဖက်နာ ၊ အဆစ်အမြစ်ကိုက် ၊ နှလုံး ရောဂါ ဟု မထင်မှတ်ခဲ့မိပေ ။ အမေ့ ကို သူ ၏ ရောဂါ အခြေအနေ ကို ပြောပြရသော နောက်ဆုံးနှစ် ( ခ ) အောင်ပြီးခါစ ဆရာဝန် ပေါက်စ တိုးတိုး ၏ ဟန်ပန် သည် ရုပ်ရှင် ထဲ က လူနာ တစ်ယောက် ၏ အခြေအနေ ကို ပခုံး ပေါ် မှာ နားကျပ် တင် ၍ ရှင်းပြ ရသော သရုပ်ဆောင် ဆရာဝန် တစ်ယောက် လို အမူအရာ မကောင်းနိုင်ပေ ။


“ အမေ အစ်မကြီး မှာ နှလုံးရောဂါ ဖြစ်နေပြီ ၊ သူ့ နှလုံးပေါက် ဟာ ကျဉ်းပြီး ကျယ်သွားပြီ ၊ သာမန် လူကောင်း တွေ လို သူ မလုပ်နိုင်တော့ဘူး ၊ သူ့ ကို အတတ်နိုင်ဆုံး စိတ် ချမ်းသာအောင် ထား ရမယ် ၊ သူ ဟာ ဆေးတွေ အပေါ်  မှီပြီး မှ အသက် ရှင်ရမှာပဲ ”


“ မမကြီး ဘာမှ မကြောက်နဲ့ နော် ၊ အငြိမ်းစား နေ ဖို့ ကံ ပါလို့ နှလုံးရောဂါ ရ လာတာ သိလား ၊ ဒီတစ်ခါ ညီမတွေ က လုပ်ကျွေးရမယ့် အလှည့်ပဲ ၊ ဇိမ် နဲ့ သာ ထိုင်နေ ပေတော့ ၊ အမော တော့ ခံလို့ မဖြစ်ဘူးနော် သိလား ” ဟု ပေါ့ဆဟန် နှင့် သူ မရိပ်မိ အောင် ပြောရလေသည် ။ တစ်ဖက် တွင်မူ “ ဪ ... သူ ဟိုတုန်းက အဆစ်အမြစ် ကိုက်တယ် လို့ပြောတော့ အမေတို့ က လင်နမင်လိမ်း ၊ မိတ်သလင်လိမ်း ၊ ထင်းရှူးဆီလိမ်း နှင့် ပေါ့ပေါ့တန်တန် တွေး ခဲ့ကြတာကိုး ၊ သူ လည်ချောင်း နာတယ် လို့ ပြောဖူး မှာပဲ ထင်တယ် ၊ ဖုန်ဝင်လို့ ဆိုပြီး အမှတ်မထင် တွေးခဲ့ ကြမှာပါပဲ ၊ ပင်နင်စလင် စားဆေး နဲ့ ကာကွယ်ရတယ် ဆို တာလဲ သိခဲ့ကြမှာ မဟုတ်ပါဘူး ” ဟု တွေးမိလေသည် ။


သူတို့ ငယ်စဉ် က နေမကောင်း သော အခါ ကွမ်းရွက် ပြုတ်ရည် ၊ လျှာပွတ်ဆေး ဖြင့် ပြီးခဲ့ကြသည် ။ မသက်သာ သော အခါ ဆေး တစ်ရက် ၊ နှစ်ရက် ထိုး ကြလေသည် ။ ဆရာဝန်များ က လည်း အများအားဖြင့် နိုင်ငံခြား ဆရာဝန် များ သာ ။ ရှင်းလင်း မပြောကြားကြချေ ။ ဆေး ထိုး ပြီးသော အခါ ဘောင်းဘီဖြူ ထဲ ငွေစက္ကူများ ကို ခေါက် ထည့်လိုက် ကြသည် ။ လူထု ဆက်သွယ်ရေး ဆေးပညာ နည်းပါးမှု ကို ဆရာဝန်ပေါက်စ ဖြစ်သော သူ့ မိသားစု ထဲ မှ ခံစားလိုက်ရပါ ပြီကော ဟု တိုးတိုး တွေး မိသည် ။


လည်ချောင်း နာ လျှင် လျက်ဆား လျက်မည် ။ အဆစ်အမြစ် ကိုက် လျှင် လူးဆေး လူးမည် လောက်သာ နားလည်ခဲ့သော သူ့ မိသားစု သည် လည်ချောင်း နာခြင်း ၊ အာသီးရောင်ခြင်း သည် သြတာဟီပိုလစ်တစ် စထရက် ပတိုကော့ကိုင် ပိုးများ ၏ မူလ မြစ်ဖျားခံရာ ရောဂါ အစ ဆို သည် ကို သိနားလည်မည် မဟုတ်ခဲ့ပေ ။ ၎င်းကို ပင်နင်စလင် စားဆေး ၊ ထိုးဆေး တို့ဖြင့် ထိရောက်စွာ ကုသခြင်း ဖြင့် ၎င်း ရောဂါပိုး ၏ နောက်ဆုံး အနှစ်ခြိုက်ဆုံး နေရာဗဟို ပစ်မှတ် ဖြစ်သော နှလုံး ၏ အတွင်းခန်းများ မိုက်တရယ် အဆို့ရှင်များ နှင့် အဆစ်အမြစ် ရှိ တွယ်ဘက် တစ်ရှူးများ သို့ သွားရောက် တိုက်ခိုက်ခြင်း ကို ကာကွယ်နိုင် ၊ တားဆီးနိုင် သည်ကို လည်း မသိခဲ့ကြပါချေ ။ ထိုအချိန် ကာလများ အတွင်း ယင်း စထရက်ပတိုကော့ကိုင်ပိုးများသည် နှလုံး ၏ အတွင်းခန်းများ တွင် နေရာ ယူ တိုက်ပွဲ ဖြစ်ပြီး နောက်ဆုံး တွင် နှလုံး ၏ ဝဲဘက် အပေါ်ခန်း နှင့် အောက်ခန်းမကြီး အကူး ရှိ တံခါးရွက်ကလေးများတွင် ပူးကပ် သွားခြင်းဖြင့် အနာရွတ် တက် ထူထပ် ကာ အပေါ် က ကျဉ်းသွားလိမ့် မည် ။ နှလုံးပေါက် ကျဉ်းသွား၍ အဆုတ် ဆီ သို့ သွေးများ ပြန်၍ သွေးကြောကလေးများ ပေါက်ကာ ချောင်းဆိုး သည့် ထဲ တွင် သွေး ပါပေလိမ့်မည် ။


ပခုက္ကူ ဆေးရုံ ပေါ်သို့ ညတွင်းချင်း ကသောကမျော ထမ်းစင် ဖြင့် တင်ခဲ့ရသော ကာလများ ကို တိုးတိုး သည် သတိရ မိနေသည် ။ သူ ၏ လည်ပင်း သွေးပြန်ကြောများ ဖောင်းပွ လှုပ်ရှားနေသည် ကိုလည်း မြင်ယောင် မိသည် ။ နှလုံး ၏ ဘယ်ဘက် ခန်းမ မှ အလုပ် မလုပ်နိုင်မှု သည် သူ ၏ ညာဘက်ခန်းမ သို့ ကူးစက် နေရာ ယူခဲ့ပေပြီ ။ နှလုံး ဆီ မှ ပြန်သော သွေးတို့ သည် အဆုတ် ၏ အောက်ခြေ ဆီ သို့ လည်းကောင်း ၊ အသည်း ဆီသို့ လည်းကောင်း သွားရောက် စုအိုင် နေခြင်း သဘော ကို ပြ နေပေပြီ ။


နှလုံးခုန်နှုန်း မှန်ဆေး ၊ ဆီးဆေး ၊ စိတ်ငြိမ်ဆေး တို့ဖြင့် လည်းကောင်း ၊ ပို၍ ထက်မြက်သော စိတ်ဓာတ်ခွန်အား ဖြင့် လည်းကောင်း သူသည် နှလုံးသားစစ်မြေပြင် မှ လဲ က ထူ လဲ က ထ အနိုင်ရ ခဲ့ပြန်သည် ။ မည်သို့ဆိုစေ အနောက်တိုင်း ဆေး တို့၏ သံပတ်ရုပ် ဖြစ်သော သူ သည် တဖြည်းဖြည်း ပိန် လာသည် ကို ဆရာဝန် တစ်ယောက် ဖြစ်သော တိုးတိုး သည် သတိထား မိလေသည် ။ သူ ၏ နှလုံးထုတ် သွေးပမာဏ သည် လူ သာမန် တစ်ယောက် ၏ စံချိန် အောက် များစွာ ကျ နေပြီပဲ ။


သူ ၏ တတ်နိုင် သမျှ ရောဂါ ကို မေ့ထားနိုင်ခြင်း ၊ ပုတီးစိပ်ခြင်း ၊ ဝတ္ထုဖတ်ခြင်း ၊ ကြောင်ကလေးများ ကို အစာ ကျွေးခြင်း စသော သဏ္ဌာန်များ ကို တိုးတိုး မြင်ယောင် မိ လေသည် ။ ယင်းအချက်များ သည် လည်း အရေးကြီး သော စိတ် ၏ စွမ်းအင် ဆေး တစ်မျိုး ဖြစ်ခဲ့ပေမည် ။


“ တိုးတိုး ထ ... ထ ၊ မမကြီး နှိုးလို့ မရ ဖြစ်နေတယ် ”


တစ်ည အိပ်ပျော် နေတုန်း အစ်မလတ် က လာ ရောက် နှိုးလေသည် ။ သူ သည် မီးရောင် အောက် ဝယ် သတိ မရ တစ်ချက် ၊ ရ တစ်ချက် ဖြစ်နေပေသည် ။ ခြေလက် တို့ သည် အကြောဆွဲ သလို ဆန့်ငင် ဆန့်ငင် ဖြစ် နေလေ သည် ။ သွေးပေါင်ချိန် က မှန် သော်လည်း နှလုံးခုန်နှုန်း မှာ မူမမှန်ပေ ။ နှလုံးအခန်း ထဲ မှ သွေးခဲဖတ် သည် သွေး လှည့် ပတ် အတိုင်း လိုက်ပါ ခဲ့ပြီး ဦးနှောက်သွေးကြော တစ်နေ ရာ သို့ သွားရောက် ပိတ်ဆို့မှု ဖြစ်ခဲ့လေပြီ ။ ညာဘက် ဦးနှောက် ခြမ်း သို့ သွားရောက် ပိတ်ဆို့မှုကြောင့် ခန္ဓာကိုယ် ဘယ် ဘက် အခြမ်း မသန်မှု ဘဝ သို့ သူ့ ခမျာ ရောက်ခဲ့ရ ပြန်သည် ။ သတိ ရပြီး နောက် တစ်နေ့ တွင် သူ သည် မှန် တစ်ချပ် ကို ထောင် ကာ အနည်းငယ် ရွဲ့ သွားသော ပါးတစ်ဖက် ကို ကြည့်၍ ဝမ်းနည်းစွာ ငို လေသည် ။


“ အစ်မကြီး ၊ ဝမ်း မနည်းနဲ့နော် ၊ ပြန် ကောင်းအောင် တိုးတိုး နေ့တိုင်း သံပရာသီး လှိမ့် ပေးမှာပေါ့ ”


တိုးတိုး က ရယ်မော အားပေးရ လေသည် ။ နောက် တစ်နေ့ တိုးတိုး ဆေးရုံ မှ ပြန် လာ လျှင် သံပရာသီးလုံးလေး ပါး ပေါ်  လှိမ့် နေသော သူ့ ကို တွေ့ရလေသည် ။


“ တိုးတိုး ၊ ငါ့ မျက်နှာ တည့် သွားပြီ သိရဲ့လား ၊ မရွဲ့တော့ဘူး ၊ ဒီမယ် ကြည့်ပါဦး ၊ ညီ သွားပြီနော် ”


နေကောင်းစဉ် အခါ က အလွန် လှချင်ခဲ့သော သူ သည် မျက်နှာ ရွှင်ကြည်စွာ ပြော ခဲ့လေသည် ။ ထို့နောက် တွင် မူ သူ သည် မသန်သော ခြေထောက် တစ်ဖက် က နောက်သို့ အနည်းငယ် ဆွဲနေ သော်လည်း ကြိုးစား လမ်း လျှောက် လေသည် ။ ဝတ္ထု ငှားဖတ်မြဲ ၊ ကက်ဆက် နား ထောင်မြဲ ၊ ကြောင်ကလေး ငယ်ငယ် နှင့် သားကလေး နှစ်ကောင် ကို ထမင်း ကျွေးမြဲ ၊ ပုတီး စိပ်မြဲ ၊ တိုးတိုး ၏ ညနေ ဆေးခန်း တွင် လူနာ များ လျှင် “ အဲဒါ ငါ ဆုတောင်း လို့ ၏ရ တာ ၊ ပေး ... ငါ့ ကို မုန့်ဖိုး ငါးကျပ် ” ဟု လက်ဖြန့် တောင်း တတ်မြဲ ။ 


တစ်နှစ် သော သင်္ကြန် တန်ခူးလ တွင် ဆေးရုံ မှ အနား ရသော ရက်တွင် ပုပ္ပား သို့ မိသားစု ပျော်ပျော်ပါးပါး ခရီး ထွက်ခဲ့ဖြစ်လေသည် ။ သည် ခရီး သည် သူ ၏ နောက်ဆုံး အပျော်ခရီး ဖြစ်သည် ကို မူ ဘယ်သူမှ မတွက်ဆ နိုင်ခဲ့ပေ ။ သူ သည် သူများတကာ တွေ လို ပစ္စည်း မသယ်နိုင် သော် လည်း ကြောင်ကလေး ထည့် သော ခြင်းကို ဆွဲလျက် တဲကျောင်း ဆီ သို့ ဖြည်းညင်းစွာ လျှောက် လာ လေသည် ။ 


“ ငါ ရင်ကျပ်တယ် ၊ တိုးတိုး ရဲ့ ၊ အမိုင်နို နဲ့ တက်ထရာ တိုက်စမ်းပါဦး ”


သူ သည် သူ့ ကိုယ် သူ ဒေါက်တာ တစ်ယောက် ကဲ့သို့ ယုံကြည်စိတ်ချခဲ့ ဟန်များ ကို မြင်ယောင် မိသည် ။ ရောဂါ နှင့် ကုသမှု ကို ပါ ပူးတွဲလျက် ဖော်ညွှန်း တတ်ပေသည် ။ 


“ တက်ထရာ က မပျောက်ပါဘူး ၊ အမ်ပီစီလင် ပြောင်း တိုက်ပါ ”


ဟု သူ ကပင် သမားတော် ဖြစ်နေတတ် ပြန်သည် ။ 


“ တိုးတိုး ၊ ငါ့ ရင်ဘတ် အောင့်တယ် ၊ အသက်ရှူ မဝဘူး ” ဟု တစ်နေ့ နံနက် အစောကြီး တွင် အိပ်ရာ မှ အထ ပြော လေသည် ။ တိုးတိုး သည် “ ဘယ်နေရာ ကလဲ ၊ ပြပါဦး ” ဟု မေးသော အခါ “ နှလုံး နေရာ က မဟုတ်ဘူး ၊ အဆုတ် နေရာ က ” ဟု ဖြေ လေသည် ။


နားကျပ် နှင့် နားထောင် ကြည့်သော အခါ အဆုတ် ထဲ ရှိ လေပြွန်ကလေးများ ထဲ တွင် အရည် တို့ ဖြင့် ပြည့်သော အသံ ကို နေရာအနှံ့အပြား ကြား ရလေသည် ။ သွေးချိန် ကောင်းသည် ။ ခြေလက်များ ပြာခြင်း ၊ အေးစက်ခြင်း မရှိပေ ။ လုပ်နေကျ စိတ်ငြိမ်ဆေး နှင့် နှလုံးခုန် မှန်သော ဆေးများ အဆုတ် ထဲ ရှိ အရည်များ လျော့နည်း စေသော ဆီးဆေး ကို ပေးထား ဆဲ မှ သွေးခဲဖတ်များ ပါ လာလေ သည် ။ အဆုတ် သွေးကြောများ ဖောင်းပွ၍ သွေးလျှံခြင်း သို့မဟုတ် နှလုံးသွေးခန်း ထဲ မှ သွေးခဲဖတ် သည် အဆုတ် သွေးလှည့်ပတ် သို့ သွားရောက် ပိတ်ဆို့ခြင်း တစ်ခု ခု ဖြစ်နိုင် သည်ဟု တိုးတိုး ခန့်မှန်း မိသည် ။ ထွေးခံ ထဲ တွင် သွေးခဲများ တွေ့သော အခါ လန့်သွားသည် ။


တိုးတိုး သည် သူ့ လက်များ ကို ဆုပ်ကိုင်လျက် အားပေး ရသည် ။ သို့သော်လည်း အားပေးသော သူ ၏ ရင် ထဲ မှာ မချိပါပေ ။ နောက် တစ်ချီ သွေး ပါ ပြီး၍ သူ မောသွားချိန် တွင် သူငယ်ချင်း ဆရာဝန် က ...


“ တိုးတိုး ၊ ခင်ဗျား လူနာ ကို မကြည့်နဲ့ တော့ ၊ သိပ် စိတ် လှုပ်ရှားနေပြီ ၊ ကျွန်တော် ပွေ့ပြီး ဆေးရုံ ကို ခေါ်သွားမယ် ”


သူ သည် စတုတ္ထ အကြိမ်မြောက် ဆေးရုံ ရောက်ရ ပြန်သည် ။


••••• ••••• •••••


“ ဇာတ်ဆရာ နိုးပြီလား ”


သူ ၏ မျက်နှာ လန်းဆန်းနေပုံ ကို မနေ့ က လိုပဲ သတိရ နေမိသည် ။ သူ သည် အမြဲတစေ ကလေး တစ်ယောက် လို ဂရုစိုက်သော တိုးတိုး ကို ဇာတ်ဆရာ ဟု ချက်ချင်း အမည် တပ် လိုက်သည် ။


“ မေမေ ၊ သမီး မသေတော့ပါဘူး ၊ ည တုန်းက အိပ်မက် ထဲ မှာ မြတ်စွာဘုရား ကို ဖူးလိုက်ရတယ် လို့ မက်တယ် ”


ဒီတုန်းက အားလုံး သည် လငပုပ် ဖမ်း သလို ညှိုးငယ် နေရာ မှ သူ့ မျက်နှာ ရွှင်ကြည် သကဲ့သို့ ဝမ်းမြောက် ရ ပြန်ပေသည် ။ ဤ တစ်ချီ သေမင်း နှင့် စစ်ခင်းကစား ရာ တွင် သူ နိုင်လိုက်ပေပြီ ဟု တွေးရ ပြန်သည် ။ တိုးတိုး ၏ သိစိတ် ထက်ဝက် က သူ နှင့် အတူ ပျော်ရွှင်နေမိ သော်လည်း မသိ စိတ် က မူ သူ ၏ နှလုံးရောဂါ အရှိန် သည် တဖြည်းဖြည်း လွှမ်းမိုး လာပြီ ကို သတိထား မိလေသည် ။


တိုးတိုး သည် ဆရာဝန် တစ်ယောက် နှင့် မတူစွာ ပင် ။


“ တိုးတိုးတော့ သူ ပြန် ကောင်းတော့မယ် မထင် တော့ဘူး ကိုမောင်မောင် ရယ် ”


“ ဟာဗျာ မဟုတ်တာ ၊ ခင်ဗျား ကလဲ အရင် က လို ပဲ ပြန် ကောင်းလာမှာပေါ့ ၊ ဘာမှ တွေး မပူပါနဲ့ ”


သူငယ်ချင်း ဆရာဝန်များ က နှစ်သိမ့်ကြ လေသည် ။ သို့ရာတွင် တိုးတိုး မျှော်လင့်ခဲ့သည့် အတိုင်းပင် ဆေးရုံ မှဆင်း ၍ တစ်ပတ် အကြာ သူ့ ခြေထောက်ကလေးများ ရောင်အမ်း လာသည် ကို တွေ့ရ လေသည် ။ ဤအချက် သည် နာတာရှည် နှလုံးရောဂါ ကျွမ်းမှု ၏ လက္ခဏာများ ဖြစ် သည့် လည်ပင်းသွေးကြော ပွရောင်း ဖိအားတက်မှု ၊ အဆုတ် အောက်ခြေများ အရည်ဖြင့်ပြည့် ၍ ဖောင်းပွမှု ၊ အသည်းတွင် သွေးပြန်ကြောများ အိုင် ၍ ကြီးမားမှု နှင့် ခြေချင်းဝတ်များ ရောင်ရမ်းမှုများ ထဲ မှ တစ်ခု ဖြစ်လေသည် ။ နောက်ပိုင်း တွင် အစာ မစားနိုင်ဘဲ ဗိုက် ထဲ တွင် တင်းကျပ် နေသည် ဟု ပြောလာပြန်သည် ။ လောက ငရဲ ဆိုသည် မှာ ဒါပဲ ထင်ပါရဲ့ ဟု တိုးတိုး သည် တွေးတော မိလေသည် ။ အထူးကု ဆရာဝန်ကြီး ရှိရာ တောင်ငူ သို့ ပြေးခဲ့ရ ပြန်သည် ။


မြတ်စွာဘုရား ထံပါး သို့ သား သေ ကို အသက် ပြန် သွင်း ပါရန် အသနားခံ လျှောက် ထားသော ကိသာဂေါတမီ ၏ ပရိဒေဝ ကို တိုးတိုး ကိုယ်ချင်းစာ မိလေသည် ။ တို့များ ဘဝ လည်း ကိသာဂေါတမီ နှင့် ဘာ ထူးသေးလို့ လဲ ဟု တွေး မိ ပြန်လေသည် ။ သူ့ ခမျာ ခံစား နေရသော ကာယိက ဒုက္ခ လို ပင် ကျန် မိသားစုများ ၏ ရင်ထဲ ဝယ် နှလုံးကျွမ်း မျှ ခံစား နေရသော နေ့များ ကား ကြေကွဲ လွမ်းဆွတ်ဖွယ်ရာ ပင် ။ တောင်ငူဆေးရုံ တွင် ဓာတ်မှန် ရိုက်ရန် သွားစဉ် က သူ့ ခမျာ လမ်း ပင် ကောင်းကောင်း မလျှောက်နိုင်ရှာ ။ တိုးတိုး နှင့် အစ်မလတ် က သူ့ ထရော်လီ ဘေး မှ လိုက်ရသည် ။


အနောက်တိုင်း ဆေးပညာ စွမ်းဖြင့် သူ သည် နာလန်ထူ ခဲ့ပြန်သည် ။


“ သမီး နေကောင်းပါပြီ ၊ မနေ့ည က အိပ်မက် ထဲ မယ် လူရှည်ရှည်ကြီး နှစ်ယောက် က သစ်တော်သီးတွေ ငွေလင်ပန်း နဲ့ ထည့်ပြီး သမီး ကို လာ ပေးတယ် ၊ သခင်မလေး လာ ပါတော့ ၊ နန်းတော် ထဲ မှာ အုပ်ချုပ် ဖို့ သခင်မလေး အချိန် ကျပါပြီ လို့ ပြောပြီး လာခေါ်တယ် ၊ သမီး က ငါ အခု မလာသေးဘူး ၊ အသက် လေးဆယ် ရှိ မှ လာခဲ့မယ် လို့ ပြော လိုက်တယ် ”


သူ သည် သူ နေကောင်းသော ရက်များ တွင် တစ်ပါး သူများ ကိုလည်း စိတ်ချမ်းသာ စေသည် ။ သူ့ ကိုယ် သူ လည်း စိတ် ချမ်းသာ အောင် နေ လေသည် ။ “ တောင်ငူ တုန်း က ငါ က အသက် အောင့် ထားတာ ၊ ပျဉ်းမနား ရောက် မှ ငါ သေ ချင် သေပါစေ ၊ သူများ မြို့ မှာ ငါ မသေချင်ဘူး ဆိုပြီး ငါ က ကြိုးစားပြီး အတင်း နာလန်ထူ အောင် နေတာ ” ဟု ပြော လေသည် ။ အာဂ အံ့ဩဖွယ် စိတ် စွမ်းအင်ပါပေ ။ မနက်မိုး လင်း လျှင် “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမရူပံ အနိစ္စံ ၊ ဒုက္ခံ ၊ အနတ္တ ” အစရှိသည့် ရှင်အရဟံ ပုတီး ကို သက်စေ့ စိ ပ်နေ လေသည် ။ တစ်နေ့ တိုးတိုး က သူ့ ကို အမှတ်မထင် လှည့် ကြည့် ရာ သူသည် တိုးတိုး ကို ကန်တော့ နေသည် ကို တွေ့ရ လေသည် ။ သူ သည် တိုးတိုး ကို မြင် ၍ ရှက်သွားသည် ။


“ ငါ က နင် မသိအောင် ကန်တော့ တာ ၊ တိုးတိုး က ငါ့ ရဲ့ အသက်သခင် ကျေးဇူးရှင် မို့ လား ၊ မိသွားတာ ငါ ရှက် တာပေါ့ ”


“ မလိုပါဘူး မမကြီး ရယ် ၊ မကန်တော့ပါ နဲ့ ၊ တိုးတိုး က အငယ် ပဲ ၊ လုပ်ရမှာပေါ့ ၊ အစ်မကြီး နေကောင်းတာ မြင်ရရင် ပဲ တိုးတိုး တို့ ဝမ်းသာပါတယ် ၊ တိုးတိုး ကျောင်း နေတုန်း က ရော ၊ မမကြီး က ကျောင်း ပြန်ခါနီး အဝတ်တွေ မီးပူတိုက် ပေးတာတွေ ၊ ဟင်းချက် ပေးတာ တွေ ကို တိုးတိုး က ကျေးဇူး ပြန်ဆပ်တာပေါ့ ” 


ရင် ထဲ ဝယ် များစွာ စိတ် မကောင်း ဖြစ်မိလေသည် ။ ငယ်စဉ် ဘဝ တုန်း က မာလကာသီး လုရင်း ရန်ဖြစ်ကြ ၊ ရိုက် ကြရာ တွင် အကြီး ပီပီ အနစ်နာ ခံခဲ့သော အစ်မကြီး ၏ ဘဝ ကို ပြန်လည် သတိရ မိလေသည် ။ တစ်နေ့ အိမ် တွင် မွေး သော ခွေးလိမ္မာ ဂုတ်ကျား နေမကောင်း၍ သေဆုံး သော အခါ ...


“ အဲဒါ မမကြီး နေကောင်း တော့မယ့် သဘောပေါ့ ၊ ဂုတ်ကျား ကလဲ တနင်္လာနံ ၊ မမကြီး က လဲ တနင်္လာနံ သမီး ကျိန်းကျေ သွားပြီ ” ဟု ညီမလတ် က ပြောလေ သည် ။


“ ငါ့ ကြောင့် ဘယ်သူ မှ မသေစေချင်ပါဘူး ” ဟု စိတ် မကောင်းစွာ ပြောလေသည် ။ တစ်ခါတစ်ရံ မေမေ့ ကို “ သမီး မရှိတဲ့ အခါ ငယ်ငယ် ကို ကျွေးချိန်တိုင် ကျွေးလိုက် ပါ အမေ ရယ် ” ဟု ပြောတတ် လေသည် ။


“ မဟုတ်တာပဲ ၊ သမီးကြီး က လဲ ၊ ညည်း မှာ ညီမ ဆရာဝန် ရော ၊ သူငယ်ချင်း ဆရာဝန် တွေ ရော ၊ အထူးကု ဆရာဝန်ကြီး ဆီ တောင် သွားပြီး ကုထားတာ ၊ ငါ့ သမီး အသက် ရှည်ရမှာပေါ့ ”


အမေ က နှစ်သိမ့် လေသည် ။


“ ငါ တော့ ခုနေ အိုဗာတင်း တို့ ၊ ဟောလစ် တို့ ၊ ကြက်သား တို့ မစားချင်တော့ဘူး ၊ ငါးပိချက် နဲ့ ဘူးရွက်ပြုတ် သာ စားလိုက် ရရင် ဘယ်လောက် ထမင်းမြိန် လိုက်မလဲ ” အငန် ကို ရှောင် ရသော ဘဝ ကို ငြီးငွေ့ဟန် နှင့် ပြောခဲ့ လေသည် ။


“ အဲဒါဆိုရင် အစ်မကြီး ကား စီးနေရလိမ့်မယ် ’’ 


တိုးတိုး က နိမိတ်မရှိစွာ နောက်ပြောင် ခဲ့သော်လည်း သူ သည် ပြုံးရွှင်စွာ “ ဒါဆို တိုးတိုး က ပေါက်တူး ကိုင်ပြီး လိုက်ခဲ့ပေါ့ ” ဟု ပြောဆိုခဲ့ သေးသည် ။


••••• ••••• •••••


ကံ့ကော်ပန်းခြောက် ၊ နှင်းဆီပန်းခြောက် နှင့် ဒေါနပန်းခြောက်တို့သည် ဘူမိအရပ် ၌ တောင်ပုံရာပုံ ဖြစ်နေ လေသည် ။ ဆေးပညာရှင် တစ်ယောက် ဖြစ်၍ လူနာ တစ်ယောက် ၏ အခြေအနေ ကို သိ သော်လည်း ရေနစ်သူ နှင့် တူသော ဘဝ မှာ ဗေဒင်ယတြာ ကို ကောက်ရိုး တစ်မျှင် ပမာ ဖက်တွယ် သလို ယုံကြည်မှု နှင့် မပြုဘဲ စွန့်ပစ်ခဲ့ သော ဘုရားတင် ပန်းခြောက် တို့မှာ ကား တစ်စီး တိုက်စာ မျှ ရှိပေမည် ။


အရုဏ်ဦး ၏ နံနက်ချိန်ခါ တေးသံသာ ကက်ဆက် ဇာတ်လမ်း တိတ်ခွေသံများ သည် နေ့ခင်း ဝယ် လွှမ်းမိုး မြဲ ။ လည်ပင်း သွေးကြောကလေးများ တဆတ်ဆတ် တုန်၍ ဖိုကျင် ထိုးထား သကဲ့သို့ ရင်ဘတ် ဖိုလှိုက်ဖိုလှိုက် နှင့် အမော ညများ ၊ လက်မောင်း သွေးကြော ထဲ သို့ အမိုင်နိုဆေးများ တစ်စက်ချင်း သွင်းရသော ညများ ။ ရင်မောညများ နှင့် သာယာသော နေ့များ ကို အသူရာဘုံ သဖွယ် ဖက်တွယ် ထားခဲ့ သော ကာလများ ကား ပြန်လည် အောက်မေ့ လွမ်းဆွတ် ဖွယ်ရာ ပင် ။ ဘယ်လောက် ည မောပါစေ ။ ဥရောပဆေးများ အစွမ်း ဖြင့် တစ်ည တာ နှလုံးသား စစ်မြေပြင် ကို ကျော်ဖြတ် ပြီးသော နံနက် တိုင်း “ အိုကေ ရဲ့လား မမကြီး ရေ ” ဟု မေးသော အခါ သူ သည် “ အိုကေပါတယ် ” ဟု တစ်ဖက်သား စိတ် ချမ်းသာအောင် ဖြေကြားသံ ကို တိုးတိုး ကြား ယောင် မိလေသည် ။


စွန့်ခွာခါနီး နံနက် က ပင် သူ သည် “ အိုကေပါ တယ် ” ဟု ပြောခဲ့သေးသည် ။ နာတာရှည် အဆစ်အမြစ်နာ နှလုံးရောဂါ ၏ အတိုင်းအတာ သည် နှလုံး ၏ မိုက်ထရာယ် အဆို့ ကို ကျဉ်းမြောင်း စေရာ မှ ကျယ်လာခဲ့ပေသည် ။ မိုက်ထရာယ် အဆို့ဝ ကျယ်လာမှု ကြောင့် နှလုံး သည် သွေးလွှတ်ကြောမကြီး ဆီ သို့ သွေး ပို့တိုင်း နှလုံးခန်းမကြီး ဆီသို့ လည်းကောင်း ၊ ထိုမှ တစ်ဆင့် အဆုတ် ဆီသို့ လည်းကောင်း သွေး ပြန် ဝင် လေသည် ။ ဝင်လေ သော သွေးထုထည် ပမာဏ ကို ခုခံ နိုင်အောင် နှလုံး သည် ကြိုးစား လုပ်ရင်း လုံးပါးပါး ခဲ့လေပြီ ။ နှလုံး ၏ နံရံ သည် ပါး၍ နှလုံး သည် ကြီးလာ လေပြီ ။


သို့သော် သူ ၏ မျက်နှာ ကား ပြုံးယောင် သန်း မြဲ ။ မိသားစု သံယောဇဉ် စိတ် ၏ စွမ်းအင် တို့ဖြင့် သူ သည် နှလုံးရောဂါ ကို အံတုနိုင်သူ ပါပေ ။


ဆေးရုံ မှ အပြေး ပြန်လာသော တိုးတိုး ၏ ခြေလှမ်း သည် အိမ် ထဲ သို့ မည်သို့ ပြေး ဝင်ခဲ့သည် ကို သတိ မရမိ တော့ ။ “ ဒေါက်တာ အစ်မကြီး သတိ မရဖြစ်နေလို့ လာ ခေါ်တာ ” ဟု ဆေးရုံ ကို ကလေး တစ်ယောက်လာ ပြော၍ ဆရာမ တစ်ယောက် နှင့် အပြေး လိုက်ခဲ့ရသည် ။ “ ဒေါက်တာ စိတ် သိပ် မလှုပ်ရှားပါနဲ့ သတိထားပါ နော် ” ဟု ဆရာမက အားပေးသည် ။ “ သတိထား နိုင်ပါ တယ် ” ဟု ဖြေကြားရင်း သွေးကြော ရှာ သော လက် သည် တုန်ယင် နေလေသည် ။ နောက်ဖေး သွားသော ကု,လားထိုင် ပေါ် မေ့မြော နေသော သူ့ ကို ပွေ့ယူ ကြသည် ။ နောက်ဖေး အသွား ညှစ်အားပေး ရာ တွင် နှလုံး မှ အလုပ်ပို လုပ်မှုဒဏ် ကို မခံနိုင် သောကြောင့် အမောဆို့ သွားခြင်း ဖြစ်လေသည် ။ ဦးနှောက် တွင် အောက်ဆီဂျင် မရ သဖြင့် ခြေလက်များ သည် တုန်ယင် ၍ အကြောဆွဲ နေပေသည် ။ သည် တစ်ခါ သူ့ အသက်ကို ကယ်ဖို့ အတွက် အလိုအပ်ဆုံး အောက်ဆီဂျင်ဘူး မှာ သည် မြို့နယ်ဆေးရုံ တွင် လုံးဝ မရှိ ။ အပြေးအလွှား ရောက် လာသော သူငယ်ချင်း ဆရာဝန်များ က မိမိ ကိုယ်စား အတတ်နိုင်ဆုံး ပြုစုကြ လေသည် ။


နှလုံးသား စစ်မြေပြင် တိုက်ပွဲ အတွက် သူရဲကောင်း များ ရောက်ရှိခဲ့ ပေပြီ ။ သို့သော်လည်း သည် တစ်ခါ နှလုံး သားတိုက်ပွဲ တွင် စစ်ဦးစီးမှူး ဖြစ်ခဲ့သူ ကိုယ်တိုင် မှာ အရှုံး ပေး ရတော့မည့် နောက်ဆုံးတိုက်ပွဲ ဖြစ်တော့မည် ကို တိုးတိုး နားလည် လိုက်ပါသည် ။ ငြိမ်းခါနီး ဆီမီးတိုင် လို ယခင် နေ့ များ က လူကောင်း ပမာ နေပြခဲ့ဟန် တူပါသည် ။


နှလုံးခုန်သံ သည် မြင်းခွာသံများ တပ် နှင့် ချီလာ သကဲ့သို့ ဆူညံ ကာ မူ မမှန်တော့ပေ ။ မရဏ ၏ စစ်သည် တို့သည် အောင်စည် အောင်မောင်း တီးကာ အောင်လံ လွှင့် ၍ လာခဲ့ချေပြီ ။


သတိရ လာခဲ့သော သူသည် စကား မပြောနိုင်တော့ပေ ။


သူ သည် မျက်ရည် ဝိုင်းဝေသော မျက်လုံးများ ဖြင့် အမေ့ ကို ကြိုးစား လက်အုပ်ချီ ကန်တော့ သည် ။ သံယောဇဉ် ကြီးမားသော ညီမများ ကို လှည့် ကြည့်သည် ။ မသဲကွဲ သော လေသံ ဖြင့် စကားပြော ဟန် ရှိလေသည် ။ သည် တစ်ချီ တွင် တော့ နှလုံးသားတိုက်ပွဲ ကို သူ အရှုံးပေး လိုက် ရပြီ ဖြစ်ကြောင်း ပြောဟန် တူပါသည် ။


“ ဒူဝေ ... ဒူဝေ ... ဒူဝေ ... မမကြီး ရေ ၊အမျှ ... အမျှ ... အမျှ ” 


နောက်ဆုံး ထွက်သက် တွင် တိုးတိုး သည် ကပျာကယာ ကြေးစည် ရိုက်ခတ် ၍ အမျှ ဝေလိုက်သည် ။ ဆယ်နှစ် ကျော် မျှ အံတု တိုက်ခိုက် ခဲ့သော လေးဖက်နာ နှလုံး ရောဂါသည်တစ်ယောက် ၏ အသက် ကို စွန့်လွှတ် ခဲ့ရသော နှလုံးသားတိုက်ပွဲ သည် နိဂုံးသတ် ခဲ့ပေပြီ ။ ကျန်ရစ်သူ မိသားစု ၏ နှလုံးသားများ ကို တစ်စစီ ဖဲ့ယူလိုက် သလို ခံစား ရ လေသည် ။


တိုးတိုး သည် တမလွန် ၏ ဟိုမှာ ဘက် တွင် သူ့ ခမျာ နှလုံးသားတိုက်ပွဲများ ဆက်လက် မရှိပါစေနှင့် ။ သူ့ ဘဝ ငြိမ်းအေးပါစေတော့ ဟု ဆုတောင်း မိသည် ။ ဆရာဝန် တစ်ယောက် အနေ နှင့် မူ လေးဖက်နာ နှလုံးရောဂါ တိုက်ပွဲများ မဖြစ်ပွား အောင် လူထု ကြား တွင် ပညာ ပေးရန် သူ့ မှာ တာဝန် ရှိလေသည် ။


( ၅ - ၆ - ၈၂ နေ့ က ကွယ်လွန်ခဲ့ရှာသော မမကြီး သို့ အမှတ်တရ )


◾ညိုမင်းဝေ ( မန်း - ဆေး )


📖 မိုးဝေ မဂ္ဂဇင်း 

      ဇန်နဝါရီ ၊ ၁၉၈၄


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment