Sunday, May 19, 2024

ကိုယ်ကျင့်သိက္ခာ နဲ့ ချမ်းသာမှု ရယူသူ


 

❝ ကိုယ်ကျင့်သိက္ခာ နဲ့ ချမ်းသာမှု ရယူသူ ❞

[ ဖောင်းကားစား မောင်မောင် ဆိုတာ မြန်မာရာဇဝင် မှာ သက်တမ်း အတိုဆုံး ဘုရင် တစ်ပါး အဖြစ် ထင်ရှား ခဲ့ပါတယ် ။

တံတားဦးမြို့နယ် မှာ ရွာ လေးရွာ ရှိတယ် ။ ညောင်တုန်း ၊ ထောက်ရှာကုန်း ၊ ကျောင်းကုန်း ၊ လိန်ကုန်း ၊ သည် လေးရွာ ကို ပေါင်းပြီး ဖောင်းကား လို့ ခေါ်တယ် ။

ရတနာသည် ဦးမျိုးဝင်း ၄၆ နှစ် ကို ဖောင်းကားသား အဖြစ် ကျွန်တော် သိနေ ခဲ့ တာ ကြာပါပြီ ။ ကျောက်သမား နဲ့ ပတ်သက် ရင် လည်း ကျောက်သမား ပါးစပ် နဲ့ စက်ပျက် နာရီ ဝေးဝေး က ရှောင် ဆိုတဲ့ စကား တစ်ခု လည်း ကြားဖူးပါသေးတယ် ။ ကျောက်သမား ပါးစပ် နဲ့ စက်ပျက် နာရီ ဟာ စိတ် မချရ တဲ့ အပြင် ပတ်သက်သူ ကို ဒုက္ခ ပေးသေးတယ် လို့ ဆိုတာပါ ။ ဦးမျိုးဝင်း ကို ကျောက် လောက မှာ လေးစား ခင်မင်သူ များတယ် ။ သူ့ ရဲ့ ရိုးဖြောင့်မှု ကို အသိအမှတ် ပြု ခံရပါတယ် ။ သည် ဂုဏ်သိက္ခာ တွေ ကို သူ ဘယ်လို တည်ဆောက် ရယူခဲ့ သလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စား ပါတယ် ။

တစ်ခုသော ညချမ်း မှာ မန္တလေးမြို့ ကျုံး မြောက်ဘက် ၊ ကျုံး နံဘေး မှာ ဖွင့်ထားတဲ့ အအေးဆိုင် တစ်ဆိုင် မှာ အေးအေးလူလူ ထိုင် ရင်း သူ့ ဘဝ သူ့ အကြောင်း ကို ကျွန်တော် က မေး လို့ ဦးမျိုးဝင်း က ပြောပါတယ် ။ ]

•••••   •••••   •••••

ကျွန်တော် က ဖောင်းကား လေးရွာ ထဲ က ညောင်ကုန်းရွာသား ။ ညောင်ကုန်း က တံတားဦး နဲ့ ရှစ်မိုင် ဝေးတယ် ။

အရွယ် ရောက် လာ တော့ မန္တလေး ကို ကျောက်သွေး ပညာ သွား သင်တယ် ။ သင် နေ တုန်း မတ်တတ် မှာ မိတ်ဆွေ တွေ က ( ကချင်ပြည်နယ် ) မိုးကောင်း သွားရအောင် လို့ အဖော် စပ်တယ် ။ ၁၉၇၅ ခုနှစ် က ပေါ့ ။

မိုးကောင်း သွားမယ် ဆို တော့ အစ်မ က ငွေ ၁၅ဝဝ ထုတ် ပေးတယ် ။ အဲသည် တုန်း က ငွေတန်ဖိုး က လည်း မဆိုးဘူး ။ ကျောက်စိမ်း က လည်း တန်ဖိုး သိပ် မကြီးဘူး ။ မိုးကောင်း က နေ ကျောက်စိမ်း ၁၅ဝဝ ဖိုး လောက် ဝယ် လာပြီး မန္တလေး မှာ ဘာမှ မပြုမပြင် ဘဲ ပြန် ရောင်းတာ ၇ဝဝဝ ၊ ၈ဝဝဝ ရတယ် ။

အဲသည် အကျိုးအမြတ် ကို သဘောကျ သွားတာ နဲ့ ကျောက် မသွေးတော့ဘူး ။ သည် လုပ်ငန်း က မဆိုးဘူး ဆိုပြီး နောက် တစ်ခေါက် ထပ် လိုက် သွား ပြန်တယ် ။ အဲသည် အပတ် က ငွေ အနေ နဲ့  ၅၀၀၀ လောက် ပါ သွားတယ် ။ ကျွန်တော့် အတွက် ဝယ်အား ပို ကောင်း လာတာပေါ့ ။ ဝယ် လာပြီး မန္တလေး မှာ ပြန် ရောင်း တော့ ကျပ် ၂ဝဝဝဝ လောက် ရတယ် ။ ကျွန်တော် က ကျောက်သွေး ပညာ အခြေခံ တတ် ထား တော့ ကျောက် အရည်အသွေး ကြည့် ရာ မှာ မျက်စိ ရှိတော့ သူများ ထက် တစ်ပန်း သာ တာပေါ့လေ ။

အဲသည်တော့ အချို့ က ကျွန်တော့် ကို ရှယ်ယာ လုပ် ဖို့ ပြောတယ် ။ ကျွန်တော် ရှယ်ယာ မလုပ်ဘူး ။ အမြဲတွဲ နေတဲ့ အောလ်ရှယ် တော့ အခု အထိ မလုပ်ပါဘူး ။

မိုးကောင်း ကို သွားချည် ပြန်ချည် နဲ့ ၁၉၇၇ ခုနှစ် မှာ မိုးကောင်းသူ နဲ့ အိမ်ထောင် ကျ ပြီး ကျွန်တော် မိုးကောင်းသား ဖြစ် သွားတယ် ။ ကိုယ် က မိုးကောင်း မှာ အမြဲ ရှိနေတာ ဆိုတော့ ကျောက် ကို စိတ်ကြိုက် ရွေး ဝယ်ဖို့ အခွင့် သာ လာတယ် ။ ကျောက်ကောင်း ရှိ ရင် ကိုယ် က လက် မလွတ် တော့ဘူး ။ အဲသည်အခါ ကျ ကျွန်တော် က မန္တလေး မဆင်းတော့ဘူး ။ ရ တဲ့ ပစ္စည်းလေး တွေ ကို မန္တလေး က မိတ်ဆွေတွေ ဆီ လှမ်း ပို့တယ် ။ သူတို့ က ငွေ ပြန် ပို့တယ် ၊ အဲသည်လို နဲ့ အဆင်ပြေ လာတယ် ။

၁၉၉၂ ခုနှစ် မှာ မိုးကောင်း က ဌာနေသား မိတ်ဆွေတွေ က ဖားကန့် သွားရအောင် လို့ အဖော် စပ်ကြတယ် ။ ကျွန်တော်တို့ အရောင်းအဝယ် လုပ်နေကြတာ က ထမင်းစားကျောက် ၊ ထမင်းစားကျောက် ဆိုတာ က ရှုံး ရင် လည်း လိမ့်လိမ့်လဲလဲ မရှုံးဘူး ၊ အမြတ်အစွန်း လည်း မကြီးဘူး ။ ဖားကန့် ကျ တော့ သူဌေးကျောက် ။

ဖားကန့် သွား ရင် ပို ကြီးပွားနိုင်တယ် ဆိုပြီး သွားဖို့ စိတ်ကူးကြ တာပါ ။ သူတို့ က အရောင်းအဝယ် သာ လုပ်ဖူးတာ ကျွန်တော် က အသွေးအဖြတ် က လာ တာ ဆိုတော့ ကျောက် ကို အတွင်း ထဲ ဖောက်ပြီး စဉ်းစား ကြည့် တတ်တယ် ။ ကျောက် အရည်အသွေး ကြည့် ရာ မှာ ကျွန်တော် က သူတို့ ထက် သာတယ် ။ ဒါကြောင့် ကျွန်တော့် ကို အဖော် စပ်တာပါ ။

ဖားကန့် မှာ မရှိတာ ဘာမှ မရှိဘူး ဆိုတဲ့ အချိန် ။ တရားဓမ္မ က လွဲပြီး အပျော်အပါး အမျိုးစုံ ရတယ် ။ လူတွေ ရဲ့ ပါးစပ်ဖျား မှာ ဖားကန့် ဖားကန့် ဆိုပြီး သွားချင် နေကြတာ ။ အဲသည် အချိန် က လမ်း က လည်း ကားလမ်းရယ် လို့ တောင် မရှိသေးဘူး ။ လမ်းကြောင်း သာ ရှိသေးတာ ။ ခြေကျင် သွား ရတာ ။ မနက် ငါးနာရီ ထ ၊ ညနေ လေးနာရီ စခန်း တစ်ခု ရောက် ရင် နား ၊ အဲသည်လို ခက်ခက်ခဲခဲ သွား ရတာ ။ ဖားကန့် ရောက်တာ နဲ့ အမောတွေ အကုန် ပြေ တာပဲ ။ အဲသည် မှာ ပျော်ရွှင်စရာ အကုန်လုံး ရတယ် ဆိုတော့ အပျော်အပါး ဝါသနာ ပါရင် ဖားကန့်မြို့ က ပျော်ရွှင်စရာ အတိ ပေါ့ ။

ကျွန်တော် က မိုးကောင်း မှာ အနေအထိုင် အေးဆေးတော့ လူတွေ က ဘုန်းကြီးလေး လို့ နာမည် ပေး ထားတယ် ။ အတူ သွား တဲ့ အဖော်တွေ က တော့ ဖားကန့် ရောက် ရင် ဈာန်လျှော မှာ ပဲ လို့ ထင် တာပေါ့ ။ ဖားကန့်မြို့ ကို ဥရုချောင်း က ပတ် ထားတယ် ။ ငါးခြောက် တောင် ဥရုချောင်းရေ စိမ် မိ ရင် အသက် ပြန် ဝင်ပြီး ထ ခုန်တယ် ၊ လူ လည်း ဥရူချောင်းရေ ချိုး မိ ရင် ဈာန် လျှော တော့တာပဲ ။ အဲသည် လောက် စွမ်းအား ကောင်းတယ် လို့ အဆို ရှိတယ် ။

အတူ သွားကြတဲ့ သူငယ်ချင်း ၁၄ ၊ ၅ ယောက် ရှိတာ ။ အားလုံး က ဖားကန့် မှာ ပျော်တဲ့ ဘက် အကုန် ရောက်တယ် ။ နောက် တော့ ကိုယ်ကျင့်တရား တွေ ပျက်ပြီး သေ တဲ့ လူ လည်း သေ ၊ စီးပွား ပျက် တဲ့ လူ လည်း ပျက် နဲ့ ဖြစ်ကုန်တယ် ။ ကျွန်တော် တစ်ယောက် သာ သည် နေ့ သည် အချိန် အထိ ရပ်တည်ပြီး ကျန်ရစ်ခဲ့တာ ကိုယ်ကျင့်တရား ကို ထိန်းသိမ်း နိုင်လို့ပါပဲ ။

ရတနာ လုပ်ငန်း ဆို တာ အရင်း နည်းနည်း နဲ့ အကျိုးအမြတ် ကြီးကြီး လည်း ရသွား နိုင်တော့ လူတွေ က လောဘ တက်တယ် ။

သည်လိုပဲ လောပန် ဖဲ ရိုက် တဲ့ ဖဲဝိုင်း ဘေး သွား သွား ထိုင်ရင်း တစ်အိမ် လို လို့ ဝင်ပါဦး ခေါ်တာ ၊ ဝင်ကစား ရင်း ဖဲသမား ဖြစ်သွားတဲ့ လူတွေ ရှိတယ် ။

ဖားကန့် မှာ ငွေ အရ များတော့ ပျက်စီးရာ ပျက်စီးကြောင်း အရောက် များ တာပေါ့ ။ အမြတ် ပေါ် တဲ့ အခါ သူ တစ်လှည့် ကျွေး ၊ ကိုယ် တစ်လှည့် ကျွေး နဲ့ သောက်ဝိုင်း စားဝိုင်းတွေ နေ့စဉ် ဆက် နေတာပေါ့ ။ အသောက်အစား က နေ အပျော်အပါး ဘက် ကို လွယ်လွယ်ကလေး ကူး သွား ကြတာပဲ ။

ပျော်မယ် ၊ ပါးမယ် စိတ် က နွှယ် နေတော့ လုပ်ငန်း မှာ ပေါ့လျော့ လာတယ် ။ လုပ်ငန်း မှာ အာရုံ မစိုက်ချင်တော့ဘူး ။

သူတို့ နဲ့ ကျွန်တော် နဲ့ နေ့ခင်း မှာ ပစ္စည်း အတူ ကြည့်ကြ ၊ ဝယ်ကြ ။ ညနေ ကျ သူတို့ က အလျှို လျှို ပျောက် သွားတယ် ။ ကျွန်တော် က အိမ်စောင့် အဖြစ် ကျန်ရစ်တယ် ။ တဖြည်းဖြည်း နဲ့ ကျွန်တော် က ရိုးဖြောင့်တယ် ဆိုပြီး နာမည် ကောင်း ထွက် လာတယ် ။ ရောင်းမယ့် သူ က လည်း သူ့ ပစ္စည်း ကို ယုံယုံကြည်ကြည် နဲ့ ဦးစားပေး ပြီး ရောင်း လာတယ် ။

ကျွန်တော် ခံယူထား တာ က ကျွန်တော့် ဆီ တစ်ဆယ် ဝင် ရင် ငါးကျပ် ကို အကျိုး ရှိမယ့် နေရာ တွေ ကို လှူမယ် တန်းမယ် ပေါ့ ။ ဒါကြောင့် ဝယ်လာမယ့် ငွေ ဟာ ဖြူစင် တဲ့ ငွေ ပဲ ဖြစ်ရမယ် ပေါ့ ။ အဲသည်လို သဘောထား အခြေခံ နဲ့ လုပ်တာ ဆိုတော့ သူများ အပေါ် မှာ မတော်မတရား လုပ်ဖို့ မရှိတော့ဘူး ။ ကိုယ်ကျင့်တရား ထိန်းသိမ်း တော့ ကိုယ့် ကို ယုံကြည် ကိုးစား တဲ့ သူလည်း များတယ် ။ ဖြစ်လာ တဲ့ စီးပွားဥစ္စာ လည်း ခိုင်မြဲတယ် ။

၁၉၉၇ ခုနှစ် မှာ သားသမီးတွေ ပညာ သင်ကြားရေး အတွက် မိုးကောင်း က နေ မန္တလေး ကို မိသားစု လိုက် ပြောင်းရွှေ့ လာခဲ့ကြတယ် ။ ကျွန်တော် က တော့ ယနေ့ အထိ ရတနာ လောက မှာ ကျင်လည် နေတုန်းပါပဲ ။ သားသမီး တွေ အားလုံး ကို တော့ ပညာရေး ကို ပဲ ဦးစားပေး ပြီး သင်ခိုင်းတယ် ။ ပညာ တတ် တဲ့ လူ မှ သာ ဘာမဆို ဝင် လုပ်နိုင်တယ် ။ ပညာ တတ် တဲ့ သူ ဟာ ကောင်းမှု ၊ မကောင်းမှု ၊ တရားမှု ၊ မတရားမှု ခွဲခြားသိနိုင်တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment