❝ သီချင်း ဆို၍ ငိုရသည် ❞
ချစ်စွာသော အယ်ဒီတာ က စာပေ သက်သက် ဖြစ်သော ဆောင်းပါး တစ်ပုဒ် ကို ရေးပါ ဘိ ဟု ငါ့ ထံ ချဉ်းကပ် လာခဲ့သည် ။ “ စာပေ သက်သက် ” ဟူသော စကား ဖြင့် သူ ဘာ ဆိုလိုသည် ကို ငါ ရိပ်မိပါ၏ ။ နိုင်ငံရေး နှင့် ပတ်သက်သော ဆောင်းပါး ကို သူ က ငါ အား မရေးစေလို ။
ငါ သိသည် ။ ဤ လောဘဇော အတောမသတ် နိုင် သော ဓနရှင် နယ်ချဲ့ သမား တို့ ခေတ် ၌ ဤ အရှက် မရှိ ၊ အညှာအတာ မရှိ သော ကြီးနိုင်ငယ်ညှဉ်း ခေတ် ၌ စာပေ သက်သက် ကို သာ ရေး မနေတော့နိုင် ။ သာယာချိုမြ သည့် ချိုးကူသံကလေး ကို သာ ကြည်နူး၍ မနေတော့ နိုင် ။ နယ်ချဲ့သမား သရဲသဘက်များ ၏ ဗုံးသံ သေနတ်သံ သည် လက် ကာ ၍ ထားသော နားတွင်း သို့ ချင်းနင်း ဝင်ရောက် လာလေပြီ ။ ဤ အကြောင်း ကို ငါ သိပါ၏ ။ သို့သော် ကတိ ပေးပြီး ဖြစ် သဖြင့် သူ့ အလိုကျ စာပိုဒ်များ ကို ရေးနိုင်ရန် အတန်တန် စဉ်းစား၏ ။ အိမ် တွင် ထိုင် စဉ်းစား၍ မရသောကြောင့် လမ်းလျှောက် ရင်း အကြံ ယူရန် ထွက်ခဲ့လေသည် ။
ရန်ကုန်မြို့ မိုးဥတု ကောင်းကင် သည် ညို့မှိုင်း လျက် ရှိ၏ ။ စိမ်းစိုသော သစ်ပင် များ အပေါ် ၊ နီမြန်းသော တိုက်ခန်းကြီး အပေါ် တို့ မှ ထိုးထွက် ကာ ညို့မှိုင်း သည့် ကောင်းကင် ရှေ့ တွင် ဟိုက်ကုတ် နာရီစင်ကြီး သည် မားမားကြီး ရပ်နေ၏ ။ အညိုကျောခံ တွင် ဖြူစင်စွာ ပေါ်နေသော နာရီမျက်နှာကြီး မှာ ခြောက်နာရီခွဲ အချိန် ကို ပြ နေလေ၏ ။ ဘုရင်မပန်းခြံ တွင်း ရှိ လူအုပ် လည်း ကွဲစ ပြုလေပြီ ။ ငါ လည်း ပတ်ဝန်းကျင် ရှိ သာယာမှု ကို ရှုစားရင်း လေသန့် လေကောင်းကလေးများ ကို ရှူ စ ပြုလေပြီ ။ ရှေ့ မြက်ခင်းကြီး မှာ ကတ္တီပါ ကော်ဇောစိမ်းကြီး နှင့် တူသည် ဟု ယူဆစ ပြုလေပြီ ။ ဆူးလေဘုရား ၏ တောက်ပြောင် သော ရွှေရောင် ကို ကြည်ညိုစ ပြုလေပြီ ။ အတိုချုပ် အားဖြင့် ဆိုသော် စာပေ သက်သက် ဖြစ်သော စာတစ်ပုဒ် ကို ရေးနိုင် လောက်ပြီ ဟု ထင်စ ပြုလေပြီ ။
ထိုအခိုက် ပန်းခြံ အပြင်ဘက် မှ
“ ထောင်ရောင်နေ ၊ မှောင်မှောင်ချွေ ၊ နန်းအမရ ရွှေဘုံမြေ ၊ ရဝေ ရဝေ ၊ ရဝေနန်း မှာ ၊ ဘုန်းတော်ရောင် ထွန်းပါဘိလေး ” ဟု ခပ်ကျယ်ကျယ် ဆို လိုက်လေသော သီချင်းသံ ကို ငါ ကြား ရလေသည် ။ သီချင်း မှာ ကျယ်သလောက် ကောင်း၏ ။ လူကြီးသံ ကား မဟုတ် ၊ ကလေးသံ ပင်ဖြစ်၏ ။ နွားကျောင်းသားကလေးများ မန်ကျည်းပင် ပေါ် က တက် ဟစ် လိုက် သလို အချွဲအဟဲ နည်းနည်း ဖြင့် ပင် ကောင်း လေသည် ။ ငါ သည် အသံ လာရာ သို့ ကြည့် လိုက် ရာ ပန်းခြံ အပြင်ဘက် အုတ်တလင်း ပေါ် တွင် လူ တစ်အုပ် ကို မြင်ပေ၏ ။
ငါ တော့ သွား ကြည့်ပြီး သီချင်း တဆိုဆို နှင့် ပျော် နေတဲ့ ကလေး အကြောင်း စာ ရေး မယ် ။ ဒီ တစ်ခါ စာပေ သက်သက် ဖြစ်တော့မှာပဲ ။
ငါ သည် အပြင် ရောက် ၍ လူအုပ် ကြား သို့ တိုးဝင်၏ ။ သူတို့ ဝိုင်း ထားသော အလယ် ခေါင် တွင် ဆယ့်နှစ်နှစ်သား အရွယ် သူငယ်ကလေး သည် စက္ကူ ကို ထောင် နေအောင် ခေါင်းပေါင်း ထား၏ ။ ကျပ်တည်းစွာ ဝတ်ထားသော ထိုင်မသိမ်း အင်္ကျီ မှာ လက်ယာဘေး က ပြဲနေ၏ ။ ပန်းရောင်တွဲလုံချည် တစ်ပတ်ရစ် ကို တောင်ရှည် ဖြစ်သလို ဝတ် ထား၏ ။ မျက်နှာ ကို ဖြူ နေ အောင် ပေါင်ဒါ ရိုက်ထားရာ မျက်ခုံး ပေါ် တွင် ပင် ပေါင်ဒါ ဖုံးလျက် ရှိ၏ ။ ပုဆိုးစ ကို ဝဲခနဲ ဝဲခနဲ ကိုင်ပြီး ခြေ တစ်ဖက် ကို ကြွ ၊ ခြေ တစ်ဖက် ကို ဖနောင့် နှင့် နင်း ထားပြီး ပတ်ချာလည် ကာ က နေလေ၏ ။ သူ့ အနီး တွင် ဆယ်နှစ် မျှ ရှိသော မိန်းကလေး မှာ လည်း ခါးတောင်အင်္ကျီ ၊ အချိတ်ထဘီ တို့ ဖြင့် ဆင် ထားသည့် အပြင် ဆံရစ်ကလေး ကို ကောင်းစွာ ချ ထားပြီး တစ်တောင် မျှ သော ဆံပင် ကို ဘီးစပတ် ပတ် ထားလေ၏ ။ ပေါင်ဒါ ကို ဖွေး နေအောင် လူး ထား၏ ။ မျက်လုံး ကလေးများ မှာ နီ နေ လေ၏ ။ သူ သည် ခွက် ကလေး ဖြင့် ကြည့် နေသော သူများ အား ပိုက်ဆံ ခံ နေလေ၏ ။ သူ့ မျက်နှာ ကား ညှိုးနွမ်း လျက် ရှိ၏ ။ သူတို့ နှစ်ယောက် ၏ အရွယ် နှင့် ရုပ် ကို ကြည့် ပြီး သူတို့ သည် မောင်နှမ ဖြစ်သည် ဟု ငါ ဆုံးဖြတ်၏ ။
သူငယ်ကလေး ကား သီချင်း အမျိုးမျိုး ကို ရောက်တတ် ရာရာ ဆိုရင်း ချွေးဖြိုင်ဖြိုင် ကျ အောင် က နေ၏ ။ နားထင် နှင့် လည်ပင်း ရှိ အကြောများ ကား ဖောင်းကြွ ယှက်သန်း လျက် ရှိ၏ ။ သူ့ မျက်နှာ မှာ ပင်ပန်းသော လက္ခဏာ ၊ မရွှင်သော လက္ခဏာ တို့ သာ ထင် လေ၏ ။ အသက် မရှိသော ခေါင်းတိုင် မှ ဥဩသံ မြည် သလို စိတ် မပါသော ပါးစပ် မှ သီချင်းများ ထွက် လျက် ရှိပေ၏ ။ သူ့ နှမကလေး သည် ခွက် တွင် ပိုက်ဆံ ကို ခလောက် ခလောက် နှင့် အသံ ပေးပြီး ‘ ထည့် ကြပါ ၊ သနားကြပါ ၊ ကိုကို တို့ ၊ မမ တို့ ၊ ဘာဘူကြီး တို့ ရှင့် ’ နှင့် တောင်းခံ နေလေ၏ ။
ငါ သည် နား အရသာ လည်း မခံနိုင် ၊ မျက်စိ အရသာ လည်း မခံနိုင် ၊ နွေ အခါ ညနေ စောင်း တိုက်အိမ် တွင်း ဝင်မိ သူ နှင့် တူပေ၏ ။ စိတ် များစွာ အိုက် သွား၏ ။
ပရိသတ် ထဲ မှ လူ တစ်ယောက် က “ ပိုက်ဆံ ပေးမယ် ၊ နှစ်ပါးသွားပြကြဦး ” ဟု အမိန့် ပေး လိုက်လေရာ –
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဝမ်းစမိုး ”
“ အခြား ပိုက်ဆံဒေးကား ”
“ နှစ်ပါးသွားကလေး ဟေ့ ” ဟု အော်သံတွေ လိုက်လာကြ၏ ။ ငါ သည် ထွက်ပြေး ချင်၏ ။ ခက်ပါဘိသည် ။ စိတ်အား ထက်သန်သော ပွဲကြည့် လာသူများ သည် ထွက်ပေါက် မရ အောင် ညပ်လျက် ရှိ၏ ။ ငါ့ မှာ ကြက်တိုက်ပွဲ ထက် ရိုင်းသော တိုက်ပွဲ ကို မကြည့်ချင် ဘဲ ကြည့်ရတော့မည် ဟု စိတ်နှလုံး တုန်မိပါ၏ ။
မောင်နှမ နှစ်ယောက် မှာ မင်းသမီး မင်းသား လုပ်၍ က ရန် မှ တစ်ပါး အခြား မရှိတော့ပေ ။ မင်းသား က ခေါင်းကလေး ငဲ့ ၊ ခါးကလေး ထောက် တဲ့ ပြီး
“ ကဲ ကြိုးစားလိုက်ကြဦးစို့ နှမ ရဲ့ ” ဟု ခေါ်၏ ။
နှမကလေး မှာ ပိုက်ဆံခွက် ကို အဝတ်ပုံနား ချ ထားပြီး “ နှမကလေး ခိုင်သဇင် က အတိုင်ပင်ခံရန် အဆင်သင့်ပါပဲ မောင်မောင် .. ” ဟူ၍ လက်တစ်ဖက် ဖြင့် ခါးထောက် ၊ လက်တစ်ဖက် ဖြင့် ချည်ထုပ် စက္ကူ ယပ်တောင် ကို ခတ်လေ၏ ။
“ နံပတ်ဝမ်းတစ် ၊ ဂဏန်းတစ် ၊ မန်းချစ်သည့် အပျို ”
ငါ ကား ခေါင်း ငုံ့ ကာ မျက်စိ မှိတ်ပြီး အဆင် မတည့်သော လောကကြီး ကို သာ စိတ် နာ နေတော့၏ ။ ဤကလေးများ သည် ဆင်းရဲသား ဆင်းရဲသမီးများ ဖြစ်ကြ၏ ။ ဘာ အလုပ် မျှ လုပ်စရာ မရှိ ။ တောင်းရမ်း ကာ သာ စားရ၏ ။ သူတောင်းစား က လည်း ပေါ လာ သဖြင့် ရိုးရိုး နည်း ဖြင့် တောင်း မရ ။ သို့ကြောင့် ဆို က နှစ်ပါးသွား ၍ တောင်းရမ်း ရှာ၏ ။ “ ဒါဟာ အင်မတန် အဆင် မပြေဘူး ။ မွဲရင် ငတ်ရင် ငို ဖို့ သာ ရှိတယ် ။ ခုတော့ ငို မနေအား ရှာတော့ဘူး ။ သီချင်း ဆိုပြီး အငတ် ပြေရတယ် ။ နှစ်ပါးသွား ပြီး အမွဲ ဖျောက် ရတယ် ။ သေမယ့် ရောဂါဒဏ် မသေခင် ကလေး ခံ နိုင်အောင် ဘိန်းကျွေးပြီး သ,တ်တာ နဲ့ ဘာ ထူး သေးသလဲ ။ ဘာ ထူး သေးသလဲ ” ဟု စိတ် တွင် အခဲမကျေစွာ မေးနေဆဲ ...
“ အဲဒါမှ ကျွန်ုပ် မယားပါ ။ မောင်မောင် အသည်းစွဲ ချစ်ရတဲ့ မယား ။ ဒါကြောင့် အချောအလှ တွင် ညီသဟေ့ ၊ ဇောဘဝင် ကြည်မြေ့ မရွေ့နိုင်ဘူး ။ မမြညွန့် ကို သာ ဟာဟာ ၊ ဒဂုံပရမေ ရှေ့တော် မှာ ၊ မယုံသရွေ့ ကျိန်ပြမှာ ၊ မင်း အပေါ် မှာ မလော်မာပါဘူး ၊ တော်ရာ ပျော်ကာ ကြူးခဲ့ရင် ၊ စူးပါစိ စိန္တေယျာ ” ဟု ဆိုပြီး ပုဆိုးမြိတ် ကို ရုပ်သေးမင်းသား ဟန် ဆတ်ခနဲ ဆွဲ ဆွဲပြီး ကွေး နေအောင် က လေ၏ ။ မင်းသား ပြီး သွားသော အခါ မင်းသမီး က မောင်တော် အား ယပ်တောင်ကလေး ဖြင့် ခတ် ပေးရင်း -
“ နှစ်ဦး ကံ ဆုံသရွေ့ ၊ အထူး ဉာဏ် ဘုံဓလေ့ ၊ ကြုံတွေ့ပြန်ရတာ ၊ အို … စိတ်ထင် ရာ ပြောမှာ ။ အို …. နှစ်ဦး ကံ ဆုံသရွေ့ ၊ အထူး ဉာဏ် ဘုံဓလေ့ ၊ ကြုံတွေ့ပြန်ရတာ ၊ အို...စိတ် ထင်ရာပြောမှာ ။ မနောစေတနာ ၊ မနသီစွဲရယ်နဲ့ ၊ ကျွန်မ အတည်ပဲရယ်လို့ မြဲတော်မူသင့်ပါ ”
အေးမြကြည်လင်စွာ သီဆို ပြန်လေ၏ ။
ဪ .. ဒါမှ ငိုချင်း အစစ်ပဲ ။ ဇာတ် ထဲ ၊ ရုပ်သေး ထဲ မှာ ငိုချင်း က စိတ်ပါလက်ပါ မဟုတ်ဘူး ။ ဟောဒါ က မှ တကယ့် စိတ်ပါတဲ့ ငိုချင်း ဟု ငါ သဘောပေါက် လာပြီး ရှေ့ ဆက်၍ သည်းမခံနိုင် သဖြင့် ပြန်ရန် နောက် လှည့် လိုက် သောအခါ လူ တစ်ယောက် က -
“ ကောင်လေး ရော ကောင်မလေး ရော အသံ သိပ် ကောင်းတယ် ။ အဆို ကို ကျကျ သင် ပေး ရရင် ” ဟု ပြောဆဲ -
“ ဟန်ကျမှာပေါ့ ။ ခေါ်လာ ရင် မကောင်းဘူးလား ။ တို့ ကုမ္ပဏီ မှာ လည်း သပိတ် မှောက် နေကြလို့ အသံထွက် ရိုက် တုန်း ဆို ပေးမယ့် လူ လိုနေတယ် ” ဟု အခြား တစ်ယောက် က အကြံ ပေးသံ ကို ကြားရသည် ။
“ ဟုတ်တယ် ။ ကု,လားကြီး က လည်း တို့ က လူ ရှာပေးလို့ သိပ်ကျေးဇူး တင်မယ် ”
“ ပြီးတော့ ကလေးတွေ က တော့ တောင်းစားတာတွေ ဆိုတော့ ပိုက်ဆံများများ ပေးဖို့ မလိုဘူး ”
ငါ့ မှာ ကား တိုက်ဆွေးကြီး အောက် ရောက် နေခိုက် ငလျင်သံ ကို ကြား သကဲ့သို့ ရှိတော့သည် ။ အတင်း တိုး ထွက် သော အခါ -
“ နို့ပေမယ့် ကု,လားကြီး ကို တော့ ဈေးကောင်းကောင်း ချရမယ် ” ဟူသော နောက်ဆုံး စကား ကို ကြားရပါသေးသည် ။ ငါ သည် နောက် က လိုက် တောက် နေသော မီး မှ လွတ်အောင် ပြေးရ သကဲ့သို့ ထို ပွဲကလေး မှ အဝေး သို့ ပြေးခဲ့သည် ။ ရှေ့သို့ လည်း ဝေးဝေး မကြည့်တော့ ။ ဘေး မှ ရှိသမျှ အသံများ ကို လည်း ကောင်းကောင်း မကြားတော့ ဘဲ လျှောက် လာခဲ့ရာ -
“ လာ လာ ၊ လိုက်မလား ဆရာ ။ ဟိုး ဟိုး ။ တက် တက် ” ဟု ခေါ်သော ဘတ်စ်ကား ပေါ် သို့ ဘယ်လိုကြောင့် တက်မိသည် မသိ ၊ တက် လိုက်ပါသည် ။ ဘယ်သို့ သွား နေ သည် ကို မသိပါ ။ ငါ လည်း ဘယ်သော အခါ မှ စာပေ သက်သက် ဆောင်းပါး ကို ရေးနိုင်မည် မသိပါ ။
◾သိန်းဖေ
📖 ဒဂုန်မဂ္ဂဇင်း
အတွဲ - ၁၉ ၊ အမှတ် - ၁
စက်တင်ဘာ ၊ ၁၉၃၈ ။
* မှတ်ချက် ။ ။ ထိုစဉ် က ဘဂျပ်ဘားမားရုပ်ရှင် မှာ သပိတ်မှောက် နေကြလေသည် ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment