Monday, May 6, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၂ )


 မင်းသားပြုတ် လက် ၊ အော်တိုပတ် ( စ် ) ( ရေဘဝဲ ) ဖြစ်သည် ။ စပယ်ယာ လက် နှင့် မင်းသားပြုတ် လက် ယှဉ် လျှင် စပယ်ယာ လက် က ပင် သိက္ခာ ရှိဦးမည် ။


အမြည်းပန်းကန် မှာ လည်း သူ့ လက် ၊ အရက်ခွက် လည်း ကိုင် ထားသေးသည့် အပြင် နံဘေး မှာ မဒီ နှစ်ပါး ကို လည်း မလွတ် အောင် သိုင်းဖက် နိုင်သေးသည့် အပြင် မိုက်ခွက် ကို ဆွဲ သီချင်း ဟဲ နေ သည့် အပြင် လက် ကို လည်း ကွေး နေအောင် က နေနိုင်သေးသည့် အပြင် နှုတ်ခမ်း တစ်ခု ထဲ က လည်း အစား စား ၊ အရက် သောက် သည့် အပြင် သီချင်း ဆို နေသေးသည့် အပြင် တီးလုံး နေရာ ပါးစပ်ဆိုင်း တီး နေသေး သည့် အပြင် ကကျွပ် ၊ ကကျွပ် ဟူသော အသံများ က လည်း အခါမလပ် ပဲ့တင် ထပ် အောင် ကြား နေရသေးသည့် အပြင် သူ့ အောက်ကားများ ပြန် ရိုက်ဖြစ်ပါ က ကောင်မလေးများ ကို မင်းသမီး တင် ဖို့ စည်းရုံး ရ တာ က လည်း အမော ။


ဆိုင် က လည်း မင်းသားပြုတ် မှန်း သိ၍ လက်ဆောင် အဖြစ် တစ်ရှူး နှစ်ထုပ် နှင့် ချိ ( စ် ) တစ်ပြား အလကား ပေးသည် ။ ဒါကို က သူ့ အတွက် မင်္ဂလာ ရှိနေတာ ။


“ ပန်းနီနီ ပေးနဲ့ကွယ် မောင့် အလွမ်းမမ ပန်းမမရယ် ၊ ချစ်ပန်း ရနံ့လေး ကြူကြူမွှေး ၊ လှပါတယ် မေရယ် ၊ ပန်းလေး တစ်ပွင့် လို ပန်းကြိုက်တဲ့ ညီမလေး ရယ် ”


ဆိုသည့် သီချင်း ကို က ပန်းများ ဖြင့် သာ စီရံ ထား လေ၏ ။ ကြာ လာ တော့ ဇက်ကြီး ကျိုးပြီး မျက်လုံး က အခြေအနေ မကောင်း တော့ ။ သို့သော် လက် နှင့် ပါးစပ် က အလုပ်မပြတ် လုပ်နေ တုန်း ။ လူ က သာ အတောင့်လိုက်ကြီး မလှုပ်တာ ။ လက် နှင့် ပါးစပ် က သန်မြန် သွက်လက် နေတုန်း ။


ည က လည်း အတော် နက် နေပြီ ။


“ ဇက် ကျိုး လျှင် လက် ထိုး အန်မည် ” ဟူသော ရုပ်ရှင်သမား တို့ ၏ ထုံးစံအတိုင်း ဒဒွေးသုံးလုံး ကျော်ကို မှာ ဇက် ကျိုး၍ သုံးကြိမ် လက်ထိုး အန် ပြီး ရုံ မကဘဲ ခေါင်းကြီး ပင် ငိုက်စိုက် ကျ၍ ခန္ဓာကိုယ် တစ်ခုလုံး အသေဆိုး နှင့် သေနေ လင့် ကစား နောက်ဆုံး ထွက်သက် ဖြစ်သော လက် ခမျာ မရပ်မနား လှုပ်ရှားနေဆဲ ။


“ ဪ ... လူပျို လက် ဝက်မြီး ၊ ဒါရိုက်တာ လက် အော်တိုပါတ် ( စ် ) ”


အင်မတန် ခြေဆော့လက်ဆော့ ရှိသူ မှ ဒါရိုက်တာ ဖြစ်မှာ လား တောင် မသိ ။

အနုပညာသမား တော့ ပီသ ၏ ။ ဟောက်သံ က ပင် တီဗွီ မှ ထွက် သော သီချင်းသံ အတိုင်း လိုက် နေ၏ ။


“ ဆရာ ... ဆရာကျော်ကို ”


လူ က လှုပ် မလာဘဲ သူ့ လက် က သာ မျက်နှာ ပေါ် တက်လာ ၏ ။ ပြီးတော့ ဆင်းလာ၏ ။


“ အစ် ”


ချိုင်း ကလိ ထိုး သလို ဖြစ် သွား၍ တစ်ချက် ယား သွား သေး၏ ။ သူ့ လက် မှာ မျက်လုံး မပါသော်လည်း မြေပုံ ပါ ပုံ ရ၏ ။ ချက်ကောင်း ထိ ၏ ။ ရတနာသိုက် မှန်၏ ။ လက် က ဆက် ဆင်း၏ ။


“ ဆရာ ... ဆရာ ... ဒါရိုက်တာ ... ဒရိုင်ဘာ ”


မတတ်သာသည့် အဆုံး ဦးစွန်းဖုတ် ဆွဲ  ခါ၍ နှိုး လိုက်ရသည် ။ 


“ အင် ... အင် ... ဘာ ... ဘာကြီးလဲ ၊ ဒီနေရာ မှာ ဒါ မရှိ ရ အဲ ”


အိပ် ပျော် နေ လင့် ကစား မျက်လုံး ချက်ချင်း ပြူးလာ၏ ။ 


“ ဆရာ ... ကျွန် ... ကျွန်တော် ပါ ဆရာ ” 


“ အာ ... ထွီ ... ရွံစရာ ကောင်း လိုက်တာ ”


ဒါရိုက်တာ ၏ အော်တိုပါတ်( စ် ) ပြန် ရုပ်သွား၏ ။ ကျွန်တော် လည်း သူ့ နား ကပ်ပြီး ...


“ ဆရာ ... ည လည်း နက်ပြီ ၊ မနက် လည်း ကား မောင်းရမှာ ဆိုတော့ ပြန် မှ ထင်တယ် ဆရာ ”


“ အရက် ... အရက် ဘယ်မှာလဲ ”


မူးမူးရူး ရူးနှင့် သတိရ သေး၏ ။


“ ကုန်ပြီ ဆရာ ”


“ ကောင် ... ကောင်မလေးတွေ ရော ... ဂလု ” 


“ ပြန်ပြီ ဆရာ ”


“ ဟ ... ပြန်လို့ ဖြစ်မလားကွ ဟေ ”


“ မပြန်လို့ လည်း မဖြစ်ဘူး ဆရာ ”


ကျော်ကို မကျေမနပ်စွာ ကြည့်သည် ။ ပြီးမှ ... 


“ ဘာဖြစ်လို့လဲ ”


“ ဆရာ နှယ် ရိုးရိုး လူစင်စစ် က နေ မုန့်လုံးရေပေါ် ဖြစ်ကုန်ပြီ ဆရာ ၊ ခြေထောက်ကလေး ကျန်လို့ ပြန်လို့ ရကြတာပါ ဆရာ ”


“ အဟီး ”


ကျော်ကို သွားဖြူဖြူ ဖြဲသည် ။ ဂုဏ်ယူ သဘောကျပုံ ရ၏ ။ 


“ အဲဒီတော့ ပြန်မှ ဖြစ်တော့မယ် ဆရာ ” 


“ ပြန်ဘူးကွာ ”


ကျော်ကို က နို့ ဆာသော ကလေး လို နှုတ်ခမ်းမဲမဲ ကို ပလပ်ပလပ် လုပ်ရင်း ပြောသည် ။


“ မပြန်ရင် မနက် ကျရင် ”


“ နောင်ခါလာ နောင်ခါဈေး ပါ ကွာ ၊ ဒါလေး မပြောနဲ့ ရုပ်ရှင် ရိုက် ရင် တောင် ဇာတ်ညွှန်း မကိုင်ဘဲ ရိုက် လာတာ ၊ ဒါမျိုး ငါ ဖြေရှင်း တတ်ပါတယ် ၊ နောက်ပြီး ကား မှာ ဆို ခြင် က ကိုက်တယ်ကွ ၊ ဒီမှာဆို အဲယားကွန်း နဲ့ အေးဆေး ၊ ကဲ ကဲ ငါ့ တပည့် အိပ် ... အိပ် ၊ မနက်ကျ ဆရာ ဖြေရှင်း ပေးမယ် ၊ ခလူး ... ခလူး ”


“ ဆရာ ... ဆရာ ”


ပြောရင်း နှင့် ပင် အိပ်မောကျ ရှာပြီ ။ လှုပ် နှိုး လို့ လည်း မနိုး တော့ ။ မထ တော့ တာ ဖြစ်နိုင်သည် ။


“ ဟင်း ”


သက်ပြင်း သာ ချမိသည် ။ ဘယ်လိုမှ မတတ်သာသည့် အဆုံး ဆိုဖာ ပေါ် သာ လှဲချလိုက် မိသည် ။ အနောက် မှ သီချင်းသံ ဆူဆူညံညံ နှင့် မကိုးမကား ပုံရိပ်များ ထင်ကျန် နေဆဲ ။


နဖူး ပေါ် လက် တင်၍ မျက်လုံး ကို မှိတ် လိုက်သည် ။ 


အတွေး ထဲ မှာ တော့ မြင့်စန်းရီ ၏ ပုံရိပ် က ပြတ်သား လာ ပြန်သည် ။


ဤသို့သာပေါ့ မြင့်စန်းရီ ။


ချစ်ခြင်းမေတ္တာ စိတ် က လေ တိုက်တိုင်း ရွေ့ မသွားတာ ယုံပါ ။ ( ၂၀၁၂ ) ကမ္ဘာ ပျက် ရင် တောင် ကျွန်တော့် ရဲ့ ချစ်ခြင်းမေတ္တာ ပျံ့လွင့် ကျန်ရစ်ခဲ့ မှာ သေချာပါတယ် ။ ကမ္ဘာမြေ အနှံ့ ခြေဆန့် သွားခဲ့ ရင်တော့ အဲ့ဒီ အစိုင်အခဲ က ပြိုကွဲ သွားမှာ မဟုတ်ပါဘူး ။ 


ဒါကြောင့် ကမ္ဘာ တည်နေ သရွေ့ တောင် မက ပါ ဘူး မြင့်စန်းရီ ။ ကမ္ဘာကြီး မရှိတော့ ရင် တောင် သံယောဇဉ်စိတ် ရှင်သန် နေဦးမှာပါ ။


တကယ်တော့ မြင့်စန်းရီ ကျွန်တော် ဟာ မြင့်စန်းရီ အတွက် မွေးဖွား လာတဲ့ တစ်ဦးတည်း သော ငယ်ကျွန် တစ်ယောက် ပါ ။ 


ဤမျှလောက် ချစ်ရပါသည် မြင့်စန်းရီ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment