❝ မြဂုဏ်ရောင် ❞
မန္တလေးသူ ၊ မန္တလေးသား မှန် ရင် မြဂုဏ်ရောင် ကို မသိသူ မရှိဘူး ။ မြဂုဏ်ရောင် ဆိုတာ မန္တလေး ဈေးချိုတော် က အထည်ဆိုင်ကြီး ပါ ။ အထူးသဖြင့် တိုက်ပုံအင်္ကျီ နဲ့ ပတ်သက်ပြီး နာမည် ကြီးတယ် ။
မြဂုဏ်ရောင် အထည်ဆိုင်ကြီး တွေ ကို ဝက်လက် မြို့နယ် ၊ သစ်ဆိမ့်ကြီး ရွာသား ဦးမြမောင် က တည်ထောင် ခဲ့တာ ။
ယခုအခါ ဦးမြမောင် ရဲ့ သားသမီးတွေ က ဆက်ခံ လုပ်ကိုင် နေကြပြီး အောင်မြင်ဆဲ ဖြစ်ပါတယ် ။
ဦးမြမောင် ရဲ့ ဇာတိ သစ်ဆိမ့်ရွာ ဆိုတာ က ဧရာဝတီ မြစ်ကမ်းနဖူး ပေါ် မှာ တည်ရှိတယ် ။ ရှေးဟောင်း ဘုရားတွေ အဆူဆူ နဲ့ တစ်ခေတ် တစ်ခါ က စည်ပင် ထွန်းကား ခဲ့တဲ့ အရပ် ဖြစ်ခဲ့တယ် ။ နောက်တော့ တိမ်ကော သွားတယ် ။
“ သစ်ဆိမ့်ကြီးရွာ ကို အဓိက အားပြု သွားရတာ က မော်တော် ၊ ကျွန်တော် တို့ ငယ်ငယ် က နံနက် ၅း၃ဝ လောက် ဝေလီဝေလင်း အချိန် မန္တလေး က မော်တော် နဲ့ ဆန် တက်ရင် တစ်နေကုန် မော်တော် စီး ရပြီး ညနေစောင်း ၃းဝဝ နာရီ လောက် မှ ရွာ ကို ရောက်တာ ” လို့ ဦးမြမောင် ရဲ့ သားကြီး ဦးခင်မောင်သန်း က ပြော ပြတယ် ။
သစ်ဆိမ့်ကြီးရွာ က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ် ။ တိုင်းပြည် မငြိမ်းချမ်း တဲ့ ၁၉၅ဝ ပြည့် နှစ်လွန် ကာလများ မှာ ဓားပြ ထူတယ် ။ ဓားပြ က ညတိုင်း တိုက် နေ တော့ ပုန်း အိပ် ရတဲ့ ဒုက္ခ က မသေးဘူး ။ ဒါကြောင့် ဦးမြမောင် က ရွာ ကို စွန့်ပြီး မန္တလေး ပြောင်းခဲ့တာ ။
ဦးမြမောင် က မြဂုဏ်ရောင် ကို ထူထောင် လာခဲ့ပုံ ၊ မြဂုဏ်ရောင် ကို ဆက်ခံသူ တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်သန်း ရဲ့ ဘဝ တစ်စိတ် တစ်ဒေသ ကို မန္တလေးမြို့ ၊ မင်္ဂလာလမ်းမ ပေါ် က ဦးခင်မောင်သန်း ရဲ့တိုက် မှာ ပြောဖြစ် ခဲ့ကြပါတယ် ။
“ မန္တလေး ရောက် စ က အဖေ က သူများ ဆီ က အထည် ယူ ရောင်း ရတယ် ။ သူများ ပစ္စည်း ယူရောင်း ရာ မှာ ချုပ်ရိုး ချုပ်သား ဘယ်လောက် ကောင်းတယ် ဆိုတာ အာမခံ ပေးလို့ မရဘူး ။ ကိုယ်တိုင် ကိုယ်ပိုင် နာမည် နဲ့ လုပ်မယ် ဆိုရင် ပစ္စည်း ကောင်းကြောင်း လည်း အာမ ခံ နိုင်မယ် ဆိုပြီး ကိုယ်တိုင် ချုပ်ခဲ့တာ ”
ဦးခင်မောင်သန်း က မြဂုဏ်ရောင် ဖြစ်လာပုံ ကို ရှင်းပြတယ် ။
ဦးခင်မောင်သန်း ကို ၁၉၅၂ ခုနှစ် က မန္တလေး ၊ ဆိုင်းတန်းရပ် မှာ မွေးတာ ။ အဲဒီ အချိန် က သူ့ ဖခင် ဦးမြမောင် မန္တလေး ကို ပြောင်း လာခဲ့ပြီ ။ ကျွန်တော် က ဦးခင်မောင်သန်း ရဲ့ ငယ် ဘဝ ကို မေးမြန်းတယ် ။
“ ကျောင်း စ နေတော့ ဒိုင်အိုစီဇင် ဟိုက်စကူး ၊ သံတဲကျောင်း လို့ လည်း ခေါ်တယ် ။ အဲဒီ မှာ ကျောင်း စ နေတယ် ။ အဲဒီ က ဆယ်တန်း အောင် တော့ ဓာတုဗေဒ အဓိက နဲ့ မန္တလေး တက္ကသိုလ် က ဘွဲ့ ရပါတယ် ”
“ ဈေးချို နဲ့ အိမ် က သိပ် မဝေး တော့ ကျောင်းသား ဘဝ မှာ ဈေး လိုက်ရသလား ”
“ ကျွန်တော်တို့ ခုနစ်တန်း ၊ ရှစ်တန်း မှာ ကတည်း က ဆိုင် ကို ခေါ်တယ် ။ အမြင် ပညာ ပေါ့ ။ ကျွန်တော် တို့ အရွယ် နဲ့ ဆိုင် လုပ်ငန်း ဝင် မလုပ်နိုင်သေး ပေမယ့် ခေါ် ထားတာ ။ ဈေး မှာ ပဲ နေ့လယ်စာ ထမင်း စား ရတယ် ”
“ လုပ်ငန်း ထဲ စ ဝင် ရတာ က ... ”
“ တက္ကသိုလ် ပထမနှစ် တက် တော့ လုပ်ငန်း ထဲ ဝင် ရတာ ။ ငါတို့ က မင်း တို့ ကို ဘွဲ့ လည်း ရစေ ချင်တာ ။ ဘွဲ့ ရပြီး နောက် စီးပွားရေး လုပ်ငန်း ကို မင်း တို့ ဦးဆောင် စေ ချင်တာ ။ ဘွဲ့ ရပြီး မှ လုပ်ငန်းခွင် ဝင်တာ နဲ့ စာရင် ဘွဲ့ မရခင် လုပ်ငန်းခွင် ဝင်တာ က အထောက်အပံ့ ပြုတယ်လို့ အဖေ က ပြောတယ် ။ ငါတို့ လည်း ဘယ် အရွယ် အထိ နေရမယ် ဆိုတာ မသိနိုင် သလို မင်း တို့ လည်း လက်တွဲ နိုင်တဲ့ အချိန် မှာ ငါ့ ဆီ က ပညာ ယူသွားပါ တဲ့ ၊ ကျွန်တော် ဈေး ထဲ ကို စောစောပဲ ဝင် ခဲ့ရတယ် ”
ဦးခင်မောင်သန်း ရဲ့ ဇနီး ဒေါ်ထွေးထွေး ( ခေါ် ) ဒေါ်ရီရီထွေး က ကော်ဖီ ၊ ရေနွေးကြမ်း ၊ စပျစ်သီး ၊ ပန်းသီး ၊ လိမ္မော်သီး တွေ နဲ့ ဧည့်ခံတယ် ။ သူ လည်း ဦးခင်မောင်သန်း ဘေး မှာ ထိုင် နေတယ် ။
ကျွန်တော် က ခင်မင် ရင်းနှီး နေတဲ့ သူတို့ ကို စ ချင်တာ နဲ့ -
“ ဈေး ထဲ စောစော ဝင် လိုက် ရတော့ တက္ကသိုလ် ကျောင်းသား ဘဝ မှာ ရည်းစား နဲ့ လျှောက်လည် ချိန် မရတော့ဘူး ပေါ့ ”
ကျွန်တော့် မေးခွန်း ကို ဦးခင်မောင်သန်း က ဟက်ဟက်ပက်ပက် ရယ်မောတယ် ။
"ကျွန်တော် ဘွဲ့ ရပြီး အကြာကြီး နေ မှ အသက် ၃၅ နှစ်လောက် မှ အိမ်ထောင် ကျတာ ။ ကျွန်တော့် အဖေ က ကျွန်တော့် ကို စီးပွားရေး လုပ်ငန်း ထဲ ဇောက်ချ ထည့် ထား တော့ အိမ်ထောင် ကျ ဖို့လည်း သိပ် မစဉ်းစား မိတော့ဘူး ။ တက္ကသိုလ် မှာ လည်း ရည်းစား ထားဖို့ အချိန် မရခဲ့ပါဘူး ”
ဦးခင်မောင်သန်း က ပြောရင်း အားရပါးရ ရယ်တယ် ။ သူ့ မှာ ဟန်ဆောင်မှု ကင်းပြီး အားပါးတရ ရယ် တတ်တဲ့ သဘာဝ ရှိတယ် ။
“ ဖခင် ဆီ က သင်ယူခဲ့ ရတာတွေ ပြောပြပါဦး ”
“ အဖေ က ဝီရိယ သိပ် ကောင်းတယ် ။ သူ က နာရီ ကို တောင် ရှေ့ ရွှေ့တိုး ထားတာ ။ ကျွန်တော့် ကို သူ့ သားကြီး တစ်ယောက် အနေ နဲ့ လက်ဝဲရံ မှာ ထားတယ် ။ ဖောက်သည်တွေ နဲ့ မိတ်ဆက် ပေးတယ် ။ သူ့ ရဲ့ ဝယ်ပုံ ဝယ်နည်း လုပ်နည်း ကိုင်နည်း တွေ သင် ပေးတယ် ။ ရှေးတုန်းက လေး ၊ ငါးတန်း ပဲ အောင် ပေမယ့် အဖေ က သင်္ချာ သုံးချက် တွက် တာ ကျွမ်းကျင်တယ် ။ အမြတ်အစွန်း ဘယ်လောက်ပဲ တင်ရမယ် ၊ percentage ( ရာခိုင်နှုန်း ) ဘယ်လောက်ပဲ ထား ရမယ် ။ ဘယ် percentage ထက် ပိုတာ က မသမာတဲ့ လောဘ နဲ့ အမြတ်တင် တာ ဖြစ်နေပြီ ဆိုပြီး ရောင်းပုံ ပါ သင် ပေးတာ ”
မြဂုဏ်ရောင် က ချုပ် တဲ့ အထည်တွေ က ချုပ်ရိုး ချုပ်သား လည်း နာမည်ကြီး လို့ အဲဒီ အကြောင်း ကို မေးတယ် ။
“ အထည် ချုပ်ပုံ ချုပ်နည်း ၊ တိုက်ပုံ တိုက်နည်းတွေ ၊ လည်ပင်း ကွပ်ပုံ ၊ အိတ်ထောင် အကျ ၊ ရှေ့ ကို ဘယ်လို ၊ ခါး ကို ဘယ်ပုံ ယူရမယ် ဆိုတာ အမေ က သင် ပေးတယ် ”
ကျွန်တော် က စပျစ်သီး စားရင်း နားထောင် နေတယ် ။
“ တိုက်ပုံ အင်္ကျီ မှာ မမြင်နိုင် တဲ့ နေရာတွေ ရှိတယ် ။ မိုးကုတ် အိတ်ထောင် ကို လှန် ကြည့်လိုက် ၊ အမျိုး မတူတဲ့ အထည် အသား ထည့် ကြတယ် ။ အဲဒီလို နေရာ ခို လို့ ရတယ် ။ အိတ် ရဲ့ ဇောက် တို့ ၊ အနက် တို့ ခို ရင် ရသေးတယ် ။ အဖေ က မခို ရဘူး ။ ဝယ် သူ က ဝတ်ကြည့် ရင် သိသာတယ် ။ ကြွက်လျှောက်လေး က သေးတော့ မြောက် တက် နေတာ ။ လည်ပင်းပေါက် ကို တို ထားတော့ စေ့ လို့ မရဘူး ။ အမြင် က တော့ တိုက်ပုံ ပဲ ။ ဒါမျိုး မဖြစ်စေရ အောင် အဖေ က သင်ပေးတယ် ”
မြဂုဏ်ရောင် က တစ်ခွန်းဆိုင် အဖြစ် ဦးဦးဖျားဖျား ရောင်း တဲ့ ဆိုင် ထဲ မှာ ပါတယ် ။ တစ်ခွန်းဈေး သတ်မှတ်ပြီး ရောင်းခဲ့တာ နာမည် ကောင်း ခဲ့တယ် ။
တစ်ခွန်းဈေး ရောင်း တဲ့ အကြောင်း ကျွန်တော် မေးတယ် ။
“ အဖေ ကိုယ်တိုင် ဈေး ရောင်းတဲ့ အခါ ဈေးသည် အချို့ က ဈေး ကို မတန်တဆ ဆိုပြီး ရောင်း နေကြတာ တွေ့ နေရတယ် ။ ထိုက်သင့်တဲ့ အမြတ် တင် ပြီးသား တစ်ဆယ် ( ကျပ် ၁ဝ ) နဲ့ ရောင်းနိုင်တဲ့ ဟာ ၊ ဈေးဝယ် ကို အစ်ကို ၊ အစ်မ ခေါ်ပြီး ၁၈ ကျပ် ဆိုတယ် ။ သူများ ထက် ဈေး လျှော့ပြီး ရောင်းတာပါ ။ အနည်းဆုံး ဈေးပါ ပြောတယ် ။ ဈေးဝယ် က သုံးကျပ် လောက် တော့ ဆစ်မယ် ၊ ၁၅ ကျပ် ရရင် တန်တာပဲ တွေးပြီး ဆစ်တယ် ၊ ၁၅ ကျပ် ဆိုရင် ဈေးသည် ရောင်း နိုင်တဲ့ ဈေး ထက် ငါးကျပ် ပိုမြတ် နေပြီ ၊ ဒါကို မရောင်းသေးဘူး ၊ ရ သလောက် ပို လိုချင် သေးတယ် ။ တန်ကြေး ထက် မြတ် တာတောင် လောဘ က တပ်မက် နေတာ ။ အရင်းကျ တန်ဖိုး ဖြစ် နေလို့ပါ ။ နည်းနည်း တိုး ပေးပါဦး ၊ မိုးကြိုး ပစ်ရပါ စေရဲ့ အမျိုးမျိုး ကျိန်တွယ် တယ် ။ ဈေးဝယ် က တိုး မပေး တော့ ရင် ဘယ်လို ဒုက္ခပေး သလဲ ဆိုတော့ မရဘူး ဆိုပြီး ပြန် လွှတ် သေးတယ် ။ နောက် လက်ခုပ် တီး ခေါ်တယ် ။ ဆိုင်ရှေ့ ပြန် လာတော့ တစ်ကျပ် လောက် တော့ ပိုပါ ပြော ပြန်တယ် ။ ခေါင်း ပြန် အလှည့် မှာ လက်ခုပ်သံ ကြားရ ပြန်တယ် ။ ငါးမူး ( ပြား ၅ဝ ) ပဲ လျှော့ ပေးမယ် ပြော ပြန်တယ် ။ ပြန် လှည့် ပြန်ခေါ် အကြိမ်ကြိမ် စကားရည်လုပွဲ ကျင်းပ ပြီး မှ အရောင်းအဝယ် လုပ်တယ် ”
ဦးခင်မောင်သန်း ပြောပြ နေခိုက် မှာ ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ လက်ခုပ်သံတွေ ကို ပြန် ကြား မိတယ် ။ လက်ခုပ် တီးပြီး ပြန် ခေါ်တယ် ။ သူ ပြောတဲ့ ဈေး မဝယ်ရင် ရိုက်မယ် နှက်မယ် ရန်ရှာတဲ့ သူတွေ ကို လည်း ကြုံဖူးတယ် ။ ပစ္စည်းမှန် ဈေးမှန် ရဖို့ တော်တော် ခက်တယ် ။ ဈေး ဝယ် ရတာ စိတ်ပျက်စရာ ကောင်းတယ် ။ တိုက်ပွဲ တိုက်ရ သလို ပင်ပန်းတယ် ။ ဈေးနှုန်း မူသေ သတ်မှတ် ရောင်း တဲ့ ဆိုင်မျိုး ပဲ အားပေးချင်စရာ ကောင်းတယ် ။
“ ဒါမျိုးတွေ ကို အဖေ မြင်တော့ ငါ တို့ ပစ္စည်း ကို တစ်ခွန်းဈေး သတ်မှတ်မယ် လို့ ဆိုပြီး စာကပ် ရောင်းတာ ။ တစ်နှစ် တစ်နှစ်ခွဲ လောက် တစ်ခွန်းဆိုင် ဆိုပြီး စာကပ် ရောင်းတော့ လူတွေ အသိအမှတ် ပြုလာတယ် ”
“ မြဂုဏ်ရောင် ကို လူတွေ ကြိုက်တာ က ဝယ်ပြီး ပစ္စည်း ကို မကြိုက်လို့ ပြန် လာ ပေးရင် ငွေ ပြန် အမ်း တာပဲ ”
“ တစ်ခွန်းဆိုင် ဖွင့် ရောင်းတော့ ဘာထပ် ပို လာ သလဲ ဆိုရင် လူကြုံ မှာ လို့ ဝယ်သွား တဲ့ ပစ္စည်း ကို ဝတ်မယ့် သူ က မကြိုက်ဘူး ၊ မတော်ဘူး ဖြစ်နေတာမျိုး ရှိတယ် ။ လူကြုံ ဝယ်ပေး ရတဲ့ လူ လည်း မနစ်နာ ၊ မှာ လိုက်တဲ့ လူ လည်း ဈေး အပို တင် မခံရ အောင် အဖေ က ဘောက်ချာ ဖြတ် ပေး လိုက်တယ် ။ မကြိုက် ရင် ပြန် လာ ပေး ၊ ငွေ ပါ ပြန်အမ်းမယ် လုပ် လိုက်တယ် ”
“ ကာလ သတ်မှတ်ချက် ရှိသလား ”
“ ကာလ သတ်မှတ်ချက် မထားဘူး ၊ မပေ ၊ မစွန်း ၊ မပေါက်ပြဲ ရင် ပြန် လဲ ပေးတယ် ။ ငွေ ပြန် လိုချင် ရင် ငွေ ပြန် ပေးတယ် ။ မကြိုက်ဘူး ဆိုရင် တစ်ပတ် ၁ဝ ရက် ထက် မကြာဘူး ၊ ခရီး ဝေး လို့ တစ်လ ဖြစ်ချင် ဖြစ်မယ် ၊ ဒါထက်တော့ မကြာဘူး ၊ ပြန် လာ တာ လည်း သိပ် မရှိပါဘူး ”
“ အဖေ့ စနစ်ကောင်း တွေ ဆက်ခံရတာ ကုသိုလ် ထူးတာပေါ့ နော် ”
ဦးခင်မောင်သန်း က ပြုံးပြီး အသိအမှတ် ပြုပါတယ် ။
“ အဖေ က ဈေးဝယ် နဲ့ ဆက်ဆံပုံ ဆက်ဆံနည်း တွေ လည်း သင်ပေး သွားတယ် ။ ဈေးဝယ် သူ က သင် ၏ လက်အောက်ခံ မဟုတ်ဘူး ၊ သင် ၏ ကျေးဇူးရှင် ၊ ဈေးဝယ် ကို မောက်မာစွာ ပြောဆို ဆက်ဆံခြင်း ဟာ တကယ့် မဟာ အမှားကြီး ဖြစ်တယ် လို့ အဖေ က ဆိုင်ခါးပန်း မှာ ရေး ထားတာ ”
“ ခု ခေတ်စား နေတဲ့ Customer is King , Customer is God ဆိုတဲ့ အတွေးမျိုး တွေပေါ့ ”
“ တစ်ခါက ဈေးဝယ် တစ်ယောက် က အထည် တစ်ထည် ပြီး တစ်ထည် ပြ ခိုင်းတယ် ။ ဆိုင် ဝန်ထမ်း မိန်းကလေး က စိတ် မရှည်ဘူး ။ အဖေ က ဒါကို မြင် တော့ ကျွမ်းကျင်တဲ့ အရောင်း ဈေးသည် တစ်ယောက် ကို တာဝန်လွှဲ ယူ ခိုင်းတယ် ။ အဖေ ကိုယ်တိုင် က ဈေးဝယ် ကို ဘယ်လို မှ မအောက်မေ့ပါနဲ့ ၊ ဒီ ကလေးမလေး က လူသစ်လေး ဖြစ်နေလို့ပါ လို့ ဝင် ထိန်းတယ် ”
အမြော်အမြင် ကြီးတာပဲ ။
“ ထမင်း စား ကြတဲ့ အချိန် မှာ စိတ် မရှည်တဲ့ တပည့်မလေး ကို အဖေ က ခေါ်ပြီး မင်း ဈေးဝယ် နဲ့ ဆက်ဆံချိန် မှာ ပြုံး မနေဘူး ၊ မျက်နှာထား တင်းတယ် ။ မင်း ပြောတဲ့ စကား မှာ စိတ်ရှည်မှု မပါဘူး ။ မင်း စိတ် ထဲ မှာ ငါ့ ဆရာ ရောင်းရပါစေ ဆိုတဲ့ စေတနာ လည်း မပါဘူး ။ ငါ တို့ မှာ ဘာတွေ ဆုံးရှုံး နိုင်သလဲ ဆိုရင် တို့ ဆီ ကို လာ ဝယ်တဲ့ ဈေးဝယ် တစ်ယောက် ဆုံးရှုံးမယ် ။ သူ့ နောက် မှာ မိတ်ဆွေ အပေါင်းအသင်း အများကြီး ရှိတယ် ။ တော်ပြီ ၊ အဲဒီ ဆိုင် ငါ မဝယ်တော့ဘူး လို့ သူ ပြောမယ် ။ ဈေး ဝယ် လာ ရင် ပြုံးပြုံးလေး နဲ့ ကြိုပါ ၊ မဝယ် ဘဲ ပြန် ထွက်သွား လည်း အပြုံး မပျက်ဘဲ ကျန်ခဲ့ပါ ။ ခု မဝယ် လည်း နောက် တစ်ခါ လာ ဝယ်ချင် အောင် နေပါတဲ့ ”
◾ကျော်ရင်မြင့်
📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment