Thursday, May 9, 2024

မနာလိုသူ ဦးတတ်


 

❝ မနာလိုသူ ဦးတတ် ❞
      ( ကြပ်ကလေး )

တစ်ခါက ရွာ တစ်ရွာ တွင် ဖိနပ်ချုပ်သမား ဦးမြတ် နှင့် အပ်ချုပ်သမား ဦးတတ် ဆိုသော လူ နှစ်ယောက် ရှိကြ သည် ။ နာမည်များ မှာ ဦးမြတ် နှင့် ဦးတတ် ဖြစ်ကြသဖြင့် ... ဆင်တူ၏ ။ အလုပ်အကိုင် မှာ လည်း တစ်ယောက် က ဖိနပ်ချုပ်သမား ၊ တစ်ယောက် က အပ်ချုပ်သမား ဖြစ် သဖြင့် အသံ တူကြ၏ ။ သို့သော် သူတို့ နှစ်ယောက် သည် ညီအစ်ကို လည်း မတော်စပ်ကြ ၊ စိတ်သဘောထားချင်း လည်း အလွန် ကွာခြားကြ လေသည် ။

ဦမြတ် သည် စိတ်သဘော ကောင်း၏ ။ သူတစ်ပါး ကို ကူညီတတ်၏ ။ အသုံးအဖြုန်း မကြီး ။ ဦးတတ် ကား ဤသို့ မဟုတ်ချေ ။ မနာလို ဝန်တို တတ်၏ ။ သူတစ်ပါး ကို ဘယ်တော့မှ မကူညီ ၊ အသုံးအဖြုန်း လည်း အလွန် ကြီး ၏ ။ ထို့ကြောင့် ဦးမြတ် သည် လူချစ်လူခင် များပြီး ငွေကြေး စုဆောင်းမိ၍ ကောင်းကောင်း နေရသည် ။ ဦးတတ် သည်ကား လူမုန်း များ၍ ပိုက်ဆံ ရှာ၍ များများ မရ ၊ ရပြန် ပါ ကလည်း အသုံးအဖြုန်း ကြီး၍ ကြေးငွေ အဖတ် မတင် သဖြင့် ဆင်းဆင်းရဲရဲ နေရ၏ ။ ဦးတတ် သည် မနာလို တတ်သူ ပီပီ ကောင်းကောင်း မွန်မွန် နေရသော ဖိနပ်ချုပ်သမား ဦးမြတ် ကို မနာလို ဝန်တို စိတ်တွေ ဖြစ်ပေါ် နေလေသည် ။

သူတို့ နေသော ရွာကလေး ၏ အပြင်ဘက် ကွင်းကြီး ၏ အဆုံး ၊ တောစပ်ကလေး တွင် နတ်ရုပ်ကြီး တစ်ရုပ် ရှိ၏ ။ ထို နတ်ရုပ်ကြီး သည် အဘိုးများ ၊ အဘွားများ မမွေးဖွား မီ ရှေးသရော အခါ က ပင် တည်ရှိ နေရာ ထို နတ် ရုပ်ကြီး သည် မည်သို့မည်ပုံ ထို နေရာ ကို ရောက်နေသည် ကို မည်သူမျှ မသိကြပေ ။
ထို နတ်ရုပ်ကြီး က စေခိုင်းချက် ကို လိုက်နာ ပြုလုပ် လျှင် နတ်ရုပ်ကြီး က သဘောကျ ပါ မူ တစ်စုံတစ်ခု အကြီးကြီး ပေးမည် ။ သဘောမကျ ပါ လျှင် တစ်စုံတစ်ခု သေးသေးကလေး ပေးမည် ။ ဤကဲ့သို့ မိဘဘိုးဘွားများ လက်ထက် က စ၍ တစ်ဆင့် စကား ပြောကြားခဲ့၏ ။

မနာလို တတ်သူ အပ်ချုပ်သမား ဦးတတ် သည် တစ်နေ့သ၌ နတ်ရုပ်ကြီး နား သို့ လမ်းလျှောက် ရင်း ရောက် သွား လေသည် ။ ထိုအခါ နတ်ရုပ်ကြီး က စကား ပြော လိုက်၏ ။

“ အမောင် .. လုလင် .. ငါသည် တစ်ယောက် တည်း နေရ သဖြင့် ပျင်းရိလှသည် ၊ ငါ့ အား ရယ်စရာ ပုံပြင် တစ်ပုဒ် ကို ပြောပြပါ ”

နတ်ရုပ်ကြီး က တောင်းပန် သဖြင့် ဦးတတ် က ပုံပြင် တစ်ခု ကို ပြောပြလေသည် ။ 

“ ရှေးရှေးတုန်း က လူကြီးမိဘ စကား ကို နားထောင် လေ့ ရှိတဲ့ လူငယ် တစ်ယောက် ဟာ တောလမ်းခရီး တစ်ခု ကို ဖြတ် သွားတယ် ၊ သူ့ မှာ ခရီး သွားစဉ် စားဖို့ စားစရာ နဲ့ ရေဘူး ပါ သွားတယ် ။ တော ထဲ တစ်နေရာ ကိုရောက်တော့ လဲ နေတဲ့ လူမမာကြီး တစ်ယောက် ကို တွေ့တော့ လူမမာကြီး က ရေ တောင်းတာ နဲ့ သူ့ မှာ ပါလာတဲ့ ရေ ကို နည်းနည်း မျှ တိုက်တယ် .. ဒီတော့ လူမမာကြီး က ကျေးဇူး တင် တာ နဲ့ ပုလင်းကလေး တစ်ခု ပေးတယ် ။ ပုလင်း ထဲ မှာ ကြမ်းပိုး အကောင် ၅၀ လောက် ပါတယ်လေ ၊ ဒီတော့ လူငယ် က ဘိုးဘိုး ဒါကို ဘာ လုပ်ရမလဲ လို့ မေးတော့ ယူသာ သွားပါ ။ တစ်နေ့ အသုံး ဝင်ပါလိမ့်မယ် လို့ ပြော တော့ သူ လည်း ယူ လာ ခဲ့ရတယ် ။

“ နောက် တစ်နေရာ ရောက် ပြန်တော့ ဒုတိယ လူမမာကြီး တစ်ယောက် ကို တွေ့ရပြန်ရော .. ဒီလိုပဲ ရေ နည်းနည်း မျှ တိုက် လိုက်တော့ နှာပုလင်းကလေး တစ်ခု ပေး လိုက် ပြန်ရော ၊ တစ်ခါ ခရီး ဆက် ထွက်လာလိုက်တာ တတိယ လူမမာကြီး တစ်ယောက် တွေ့ ပြန်တယ် ။ အဲဒီ လူမမာကြီး ကို လည်း ပါလာတဲ့ ရေကလေး တိုက် လိုက် တာ ရေ လည်း ကုန်ပါရော ၊ လူမမာကြီး က သူ့ ကို ပဲကြီး လှော် တစ်ထုပ် ပေးလိုက်တယ် ။

“ လူငယ် ဟာ လည်း ရေ မသောက်ရ လို့ ရေငတ်ငတ် နဲ့ ဆက် ထွက် လာခဲ့တာ တိုင်းပြည်ကြီး တစ်ပြည် ရောက် လာပါ ရော ၊ အဲဒီ တိုင်းပြည် မှာ ရေ ဝင် သောက်ရင်း နဲ့ ရှင် ဘုရင်ကြီး မှာ စိတ်ညစ်စရာ တွေ တွေ့ကြုံ နေရတယ် လို့ ကြားရတယ် .. ဒီတော့ လူငယ် ဟာ လည်း ရှင်ဘုရင်ကြီး ကို ဝင် တွေ့ပြီး စိတ်ညစ်စရာတွေ သိပါရစေ ၊ ကူညီ နိုင်ရင် ကူညီပါ့မယ် လို့ တင်လျှောက် တယ် ”

“ ဒီတော့ ရှင်ဘုရင်ကြီး က ကျုပ် မှာ ရောဂါ တစ်ခု ရှိ တယ် .. အိပ်ပျော် မိရင် နှစ်ရက်ကြာ မှ နိုးတယ် ၊ နိုးပြီး အဲဒီ တစ်နေ့ နေ ည ကျ ပြန်အိပ်ရင် နောက် နှစ်ရက် ကြာ တယ် ၊ နိုး ရင်လည်း စိတ် ဆိုးတတ်တယ် ။ ဒီ ရောဂါ ကို ကု ပေးပါလို့ ပြောတော့ လူငယ် က မပူပါနဲ့ ဆိုပြီး စောင့် နေတယ် .... နောက်နေ့ မနက် ကျတော့ ရှင်ဘုရင်ကြီး အိပ်ရာ ထဲ ကို ကြမ်းပိုးတွေ ချ ပေးလိုက်တာပေါ့ ။ ဒီတော့ ရှင်ဘုရင်ကြီး ဟာ ဟိုက ယားလိုက် ၊ ဒီက ယားလိုက် နဲ့ ကုတ်ရ ၊ ခြစ်ရတာ နဲ့ နိုးလာရော ၊ ရှင်ဘုရင်ကြီး က ဝမ်းသာ တာ နဲ့ ကြမ်းပိုးလေးတွေ ကို ပြန် ဖမ်းယူပြီး မိဖုရားကြီး ကို အပ်ထားလိုက်တယ် ” 

“ နောက်  .... စိတ်ညစ်စရာ တစ်ခု က ဘာလဲ ဆိုတော့ ရှင်ဘုရင်ကြီး ဆီကို ဘီလူးကြီး တစ်ကောင် ဟာ လူယောင် ဖန်ဆင်း ပြီး လာတယ် ... လာရင် ကြွေအံ ကစားတယ် ... ဒါပေမဲ့ အပြန် မှာ ရှင်ဘုရင်ကြီး ဆီ က အဖိုးတန်ကျောက် မျက်ရတနာ တစ်ခု ခု ကို ယူ ယူ သွားတယ် ။ သူ့ ကိုယ် မှာ ရှာ လို့လည်း ပစ္စည်း ကို မတွေ့ ၊ လက်ပူးလက်ကြပ် မမိ
တော့ ခက် နေတယ် ၊ ရှင်ဘုရင်ကြီး ဟာ ဒီ ဘီလူးကြီး ကို မလာစေချင်တော့ဘူး ဒါကို စိတ်ညစ် နေတယ် ”

ဒီတော့ လူငယ် က ဒါလည်း မပူပါနဲ့ လို့ ပြောပြီး စောင့် နေတယ် ... ဘီလူးကြီး လာပြီး ကစားတယ် ၊ ကစား ပြီး လို့ ပြန်တော့မယ် လည်းလုပ်ရော လူငယ် က ဒါလေး ရှုကြည့်စမ်းပါ လို့ ဆိုပြီး နှာပုလင်းလေး ကို ပြတယ် ။
ဘီလူးကြီး က ဘာပါလိမ့် ဆိုပြီး ကြည့် လိုက်တော့ ဟပ်ချိုး ဆိုပြီး အားရပါးရ ချေ လိုက်တာ.. ပါးစပ် ထဲ က
ပတ္တမြား တစ်လုံး ထွက်ကျ လာတယ် ။ ဒီတော့ ဘီလူးကြီး ဟာ သူ ခိုးယူကြောင်း မငြင်းသာ ဘဲ ထွက်ပြေး သွားတယ် ၊ ထွက်ပြေး သွားရင်း လည်း တစ်လမ်းလုံး ဟပ်ချိုး ဟပ်ချိုး နဲ့ တစ်ချေ ထဲ
ချေသွား တယ်လေ ။

“ နောက်တော့ လူငယ် က နောက်ထပ် စိတ်ညစ်စရာ ဘာ ကျန်သေးသလဲ ဆိုတော့ ရှင်ဘုရင်ကြီး က မရှိတော့ပါဘူး ။ တစ်ခုပဲ ကျန်ပါတော့တယ် ။ အဲဒါကတော့ အမတ်ကြီး တစ်ပါး ဟာ လျှာရှည်လွန်း လို့ သူ နဲ့ စကား ပြော ရတာ စိတ်ညစ်တယ်လို့ ပြောတယ် ၊ ဒီတော့ လူငယ် က ပဲကြီးလှော် ထုပ် ပေးပြီး နောက်နေ့ ညီလာခံ စ,စချင်း အမတ်ကြီး ကို ဒါကို ကျွေး ထားပါလို့ ပြောတယ် ” 

“ နောက် တစ်နေ့ ညီလာခံ လည်း ကျရော .. ရှင်ဘုရင် ကြီး က အမတ်ကြီး ကို ပဲကြီးလှော်တွေ ကျွေး တာပေါ့  ၊ အမတ်ကြီး လည်း အားရပါးရ စားပြီး ကုန်မှ ရှင်ဘုရင် က တိုင်းရေးပြည်ရေး ဆွေးနွေး တာကိုး ၊ အမတ်ကြီး လျှာ ရှည်ရှည် နဲ့ စကားများများပြောမယ် လည်း ကြံ ရော လေ က တဖွတ်ဖွတ် နဲ့ လည် တာပေါ့ ၊ ပါးစပ် က တစ်ခွန်း ပြောရုံ ရှိသေး လေ က ဆယ်ချီ လောက် ဖွတ်ခနဲ ရှူးခနဲ လည် တော့ အမတ်ကြီး လည်း ရှက်တာ နဲ့ ထွက်ပြေး သွားတော့တယ် ၊ နောက်ကို သူ လည်း စကား မရှည်တော့ဘူး ။ ရှင်ဘုရင် ဟာ အားရဝမ်းသာ လွန်းလို့ သူငယ် ကို အိမ်ရှေ့ မင်းသား အရာ အပ်နှင်း လိုက်တယ်တဲ့ ”

ဦးတတ် ၏ ပုံပြင် ကို ကြားရသော အခါ နတ်ရုပ်ကြီး သည် မျက်ရည်များ ပင် ထွက်လာအောင် ရယ် လေတော့ သည် ။ ထို့နောက် သဘောကျ လွန်းသဖြင့် အရပ် ပေ နှစ်ဆယ် မြင့်သော လူ တစ်ယောက် ကို ဦးတတ် နှင့် တစ်ပတ် တိတိ လိုက်နေရန် ထည့် လိုက်လေ၏ ။

ရွာ သို့ ပြန် ရောက်သော အခါ .. ဦးတတ် သည် ရွာ မှ လူကြီး တစ်ဦး ကို ခေါ် ၍ ဦးမြတ် ထံ သို့ သွား လေသည် ။
ဦးမြတ် ကို “ ဖိနပ် တစ်ရံ ချုပ် လျှင် ဘယ်လောက် ပေး ရမလဲ ” ဟုမေးရာ ဦးမြတ် က ရိုးရိုး မှတ်သဖြင့် “ ငါးကျပ် ပေးရမည် ” ဟု ပြော၏ ။ ထိုအခါ ဦးတတ် သည် လူမြင့် ကြီး ကို ပြန် ခေါ်၍ ခြေထောက် ကို တိုင်း ခိုင်း၏ ။ ဦးမြတ် မှာ စကား လွန် ထားပြီ ဖြစ်၍ တစ်တောင် လောက် ရှိသော ဖိနပ်ကြီး တစ်ရံ ကို ငွေ ငါးကျပ် မျှ နှင့် ချုပ် ပေးရ လေတော့သည် ။

ဦးမြတ် ကို နှိပ်စက်ရသည် ဖြစ်သောကြောင့် ဦးတတ် သည် အလွန် ဝမ်းသာ နေ၏ ။ ဝမ်းသာလွန်း သဖြင့် တရွှီရွိ နှင့် လေချွန် လေရာ “ မလုပ်နဲ့ ဗျ ... မြွေတွေ လာလိမ့်မယ် ” ဟု ဆိုကာ မြွေ ကြောက် တတ်သော လူမြင့်ကြီး က နားရင်း ကို ပိတ်ချ လိုက် မှ ဦးတတ် မှာ ကုပ် သွား လေတော့သည် ။

တစ်နေ့ တွင် ဦးမြတ် သည် လည်း လမ်း လျှောက်ရင်း နှင့် နတ်ရုပ်ကြီး နား သို့ ရောက်သွား ပြန်လေ၏ ။ ထိုအခါ နတ်ရုပ်ကြီး က စကား ပြော လိုက် ပြန်လေသည် ။

“ အမောင် လုလင် .. ယခင်က လုလင် တစ်ယောက် က ပုံ ပြော သွား၍ ငါ ရယ်လိုက်ရသည် မှာ ငါ့ ပါးစပ်ကြီး သည် ယနေ့ တိုင် ပြဲ နေသည် ။ နဂို အနေ အတိုင်း ကို ပြန် ရောက် ချင်သည် ။ ဒါကြောင့် အမောင် လုလင် က ငါ့ ကို ဝမ်း နည်း အောင် လုပ်ပေးပါ ၊ ဝမ်း နည်း ၍ မဲ့ လိုက်မှ ရယ် ထားသော ငါ့ ပါးစပ် သည် နဂို အတိုင်း ပြန် ဖြစ်ပါလိမ့်မည် ၊ လွမ်းစရာ ကောင်းသော သီချင်း တစ်ပုဒ် ကို ဆိုပြ ပါ ... ”

နတ်ရုပ်ကြီး က ဤသို့ တိုက်တွန်းသော အခါ ဦးမြတ်  မှာ စိတ်ရှုပ် သွားတော့သည် ။ သူ သည် သီချင်း များများ မရ ၊ သို့သော် နတ်ရုပ်ကြီး စိတ်ဆိုး သွားမည် ကို ကြောက် သဖြင့် .. သီချင်း ဆိုရန် ကြိုးစားရ တော့၏ ။ ကံ ဆိုးချင် လာ သဖြင့် သီချင်း ကို စ၍ ဆိုလိုက် ပါ မှ ကြို့ထိုး လာလေ သည် ။ 

“ စိမ်းလဲ့ရယ်တဲ့မှ ညိုမှောင် ... အေ့ ၊ ပင်ဝါးရုံ - အေ့ .. လေယူလို့ တိမ်းတယ်ကွယ် .. အဲ့ - အေ့ ... ယိမ်း .. အေ့ ယိမ်း .. အေ့ - ယိမ်း နွဲ့ - အေ့ ... မြောက် အေ့ - တောင် အေ့ ၊ မြူခိုးရယ် မှောင်- အေ့.. ၊ ဟိုတောင်ကြော့ - အေ့ ... ခါးပန်း - အေ့ .. အေ့ - အေ့ ... ”

သူ သီချင်း ဆိုရာ တွင် ပင် ကြို့ ထိုး၍ အေ့ - အေ့ နှင့် ဖြစ်ရုံ မက သူ ၏ ကိုယ်ခန္ဓာ မှာလည်း ကြို့ ထိုးတိုင်း ဆတ် ခနဲ ဆတ်ခနဲ တွန့်တွန့် တက် လေရာ နတ်ရုပ်ကြီး သည် ဝမ်းမနည်း သည့် ပြင် .. အားရပါးရပင် ထပ်၍ ရယ်လေတော့၏ ။ ရယ်သောကြောင့် လည်း နဂို က ပြဲ နေသော သူ့ ပါးစပ်ကြီး သည် ပို၍ ,ပို၍ ပြဲ သွား လေတော့သည် ။

“ ဟေ့ - လုလင် .. တော်တော့ ၊ တော်တော့ .. ငါ သေ
တော့မယ် ”

နတ်ရုပ်ကြီး က အတင်း တောင်းပန်ပြီး သီချင်း ဆိုခြင်း ကို ရပ်ခိုင်း လိုက်လေ၏ ။ ထို့နောက် သဘော မကျ သဖြင့် လက်မ လောက် ရှိသည့် လူပုကလေး ကို တစ်ပတ် နေရန် ထည့် ပေး လိုက်လေသည် ။ 

ရွာ သို့ ရောက်သော အခါ ဦးမြတ် သည် ရွာ မှ လူကြီး ကို ခေါ် ကာ ဦးတတ် ဆီ သို့ သွား၏ ။ အင်္ကျီ တစ်ထည် ချုပ် လျှင် ဘယ်လောက် ယူမည်လဲ ကို မေးရာ ဦးတတ် က ပို ၍ ငွေငါးရာ ဟု ပြော လိုက်၏ ၊ မချုပ်နိုင် လျှင် ငွေ တစ်ထောင် လျော်မည် ဟု လည်း ဆို၏ ။

ဦးမြတ် သည် လူပုလေး ကို ပြန် ခေါ်လာခဲ့လေ ရာ ဦးတတ် မှာ ဒုက္ခ ရောက်လေတော့သည် ။ အပ် အသေးဆုံးကလေး နှင့် ချုပ်သည့် တိုင်အောင် ချုပ်ရိုး မှာ ကြီးနေ၏ ။ အင်္ကျီ ကို ဝတ်ရန် လက် သွင်းသော အခါ သွင်း၍ ပင် မရချေ ။

နောက်ဆုံးတွင် မည်သို့မျှ မချုပ်နိုင် သဖြင့် ရွာ လူကြီး ရှေ့ တွင် ကတိ ထားခဲ့သည့် အတိုင်း ငွေ တစ်ထောင် လျော် လိုက်ရတော့သည် ။

ဦးတတ် သည် ... ဦးမြတ် ကို မကောင်းကြံ ရာ တွင် ရှုံး သဖြင့် စိတ် တိုပြီး “ ကု,လား မနိုင် ရခိုင် မဲ ” ဟူ သကဲ့သို့ ဘာမဆိုင် ညာမဆိုင် အိပ်ပျော် နေသော လူမြင့်ကြီး ကို “ နင် လည်း ဆန်ကုန် မြေလေး ပဲ .. ဘာ အသုံးကျ သလဲ .. ” ဟု ဆိုကာ ဖနောင့် နှင့် အတင်း ပေါက် လေရာ လူမြင့်ကြီး သည် ဒေါသ ထွက်၍ နိုး လာ၏ ။ အိပ်ရာ မှ ထကာ ဦးတတ် ကို ဒူး နှင့် ဆင့်၍ ဆင့်၍ တိုက်ရာ ဦးတတ် မှာ သေရ လေသည် ။ လူမြင့်ကြီး လည်း နတ်ရုပ်ကြီး ဆီ သို့ ပြန် သွား လေတော့၏ ။

ဦးမြတ် ကား လူပုလေး ကို စေတနာ ကောင်းစွာ နှင့် မွေးကျွေး သုတ်သင်၍ လူပုလေး သည် များစွာ ပျော်ရွှင်၏ ။ တစ်ပတ် အချိန် ကာလ စေ့ရောက်သော အခါ .. လူပုကလေး လည်း နတ်ရုပ်ကြီး ဆီသို့ ပြန် လေ တော့သည် ။ နတ်ရုပ်ကြီး ကို အကျိုးအကြောင်း ပြန် ပြောပြသော အခါ နတ်ရုပ်ကြီး က -

“ ဪ .. ငါ ကား သူတော်ကောင်း ကို မကောင်း ထင်မိသည် တကား ” ဟု ဝမ်းနည်း သွားသဖြင့် မျက်နှာ ကြီး ရှုံ့မဲ့ လိုက်ရာ စောစောက ပါးစပ်ကြီးပြဲနေသော မျက်နှာ မှာ နဂိုအတိုင်း ပြန် ဖြစ်သွား လေတော့ သတည်း ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသ ပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment