Friday, May 17, 2024

အသူခံတမ်း


 

❝ အသူခံတမ်း ❞
   ( မင်းယုနိုင် )
  
တစ်ခါတုန်း က ရွာ တစ်ရွာ မှာ အင်မတန် လိမ်လည် ကောက်ကျစ် တဲ့ လူကလေး တစ်ယောက် ရှိတယ် ။ သူ ဟာ ငယ်စဉ် က စပြီး လိမ်ညာ နေလို့ သူ့ ကို ငလိမ် လို့ ပဲ ခေါ်ကြတာပေါ့ ။

တစ်နေ့ မှာ သူ့ အဖေ နဲ့ ကုန်သွယ် လိုက် သွားတယ် ။ ကုန်သွယ် ဖို့ သွားကြရမယ့် ခရီး ရဲ့ တစ်ဝက် လည်း ရောက် ကရော ငလိမ် ဟာ သူ့ အဖေ ကို ဘယ်လို လိမ်ရပါ့မလဲ လို့ စိတ်ကူး ပြီး “ အဖေ သွားနှင့်ပါ ။ ကျွန်တော် လိုက်ခဲ့ပါ့မယ် ” လို့ ဆိုတယ် ။ ပြီးတော့ သူ ဟာ သူ့ အဖေ နဲ့ မလိုက်ဘဲ အိမ် ကိုပြန်လာခဲ့ သတဲ့ ကွယ် ။

အိမ် ရောက်တယ် ဆိုရင်ပဲ သူ့ အမေ ကို ဝမ်းနည်းတဲ့ အမူအရာ နဲ့ “ အမေ .. အဖေ တော့ သေပြီ ။ ဒါကြောင့် ကျွန်တော် တို့ ဆွမ်းသွပ် ကြရအောင် အမေ ရယ် ” လို့ ပြောတော့ သူ့ အမေ က လည်း အဟုတ် မှတ်လို့ အိမ် မှာ ရှိတဲ့ ဝက် ကို သ,တ်ပြီး ဆွမ်းသွပ် လိုက်တော့တာပဲ တဲ့ ။

ဒါနဲ့ ငလိမ် ဟာ သူ့ အဖေ ရှိတဲ့ ဆီ ကို အမီ လိုက်သွားပြန် သတဲ့ ။ သူ့ အဖေ က လည်း ကုန်သွယ်ရာ က ပြန် လာတာမို့ သားအဖ နှစ်ယောက် လမ်းခုလပ် မှာ ပဲ တွေ့ဆုံ ကြတယ် ။ ငလိမ် ဟာ သူ့ အဖေ ကို တွေ့တယ် ဆိုရင်ပဲ လိမ်ဖို့ အကြံရပြီး ဝမ်းနည်းတဲ့ အမူအရာ နဲ့ “ အဖေ ကုန်သွယ် သွား နေတုန်း အမေ တော့ အိမ် မှာ သေနှင့်နေပြီ ။ ကျွန်တော် တို့ ဆွမ်း သွပ်ကြရအောင် အဖေ ရယ် ” လို့ ပြောပြန် တာပေါ့ ။ ဒီတော့ သူ့ အဖေ က လည်း အဟုတ် မှတ်ပြီး ကုန်သွယ် လို့ မြတ်စွန်းတဲ့ ငွေကလေး နဲ့ ပဲ ဆွမ်းသွပ် လိုက်ရှာ သတဲ့ ကွယ် ။

သူတို့ သားအဖ ပြန်လာကြ လို့ အိမ် မရောက်ခင် လမ်းခုလပ် မှာ ပဲ ငလိမ် က သူ့ အဖေ ကို လိမ်ဖို့ အကြံရ သတဲ့ ။

“ အဖေ ရယ် ... အမေ နဲ့ တူတဲ့ မိန်းမ တစ်ယောက် ကို ကျွန်တော် တွေ့ ထားတယ် ။ အဖေ ယူပါလား အဖေ ရယ် ” လို့ ဆိုတယ် ။ အဲဒီလို ဆိုတဲ့ အခါ မှာ သူ့ အဖေ က လည်း “ ငါ့ သား စိတ်ကျေနပ်ရင် ယူပါ့မယ် ကွယ် ” လို့ ပြော သတဲ့ ။ အဲဒီတော့ ငလိမ် က “ ဒါဖြင့် အဖေ ခရီး မဆက် နဲ့ဦး ။ ဒီ ရွာ မှာ နေခဲ့ပါ ။ ကျွန်တော် အဲဒီ မိန်းမ ကို သွား ရှာမယ် ” လို့ ဆိုပြီး သူ့ အမေ ဆီ ပြန် ခဲ့တယ် ။ သူ့ အမေ ဆီ ရောက်တော့ သူ့ အမေ ကို “ အမေ ရယ် အဖေ နဲ့ တူ တဲ့ လူ တစ်ယောက် တွေ့တယ် ။ အမေ ယူမလား ” လို့ မေး တော့ သူ့ အမေ က လည်း “ ငါ့ သားကလေး ကျေနပ်ရင် အမေ ယူပါ့မယ် ”  လို့ ဆိုပြန် တော့ ငလိမ် ဟာ မကြာခင် ည တစ်ည မှာ သူ့ အဖေ နဲ့ အမေ ကို ချိန်းပြီး တွေ့ပေး လိုက်တယ် တဲ့ ။

အဲဒီလို တွေ့ပြီး တဲ့ နောက်နေ့ မနက် ကျ တော့ သူ့ အဖေ နဲ့ အမေ က ငလိမ် ကို စိတ်ဆိုး လို့ ရိုက်ပုတ်ပြီး အိမ် က နှင်ချ လိုက်တယ် ။

ငလိမ် ဟာ အိမ် က နှင်ချလို့ ထွက် လာရင်း ဘယ်သူ့ ကို လိမ်ရပါ့မလဲ လို့ စဉ်းစား လိုက် တော့ အကြံ တစ်ခု ပေါ် လာရော ။ ဒါနဲ့ ကြက်ဖကြီး တစ်ကောင် ကို ပိုက်ပြီး လယ်တော ဘက် ကို ထွက်သွား လိုက်တာ လယ်ကွင်း ထဲ မှာ လယ်ထွန် နေတဲ့ အဘိုးကြီး တစ်ယောက် ကို တွေ့ရော တဲ့ ။ ငလိမ် ဟာ ကြက်ဖကြီး ပိုက်ရာ က လယ်သမားကြီး နား ကပ် သွားပြီး “ ဘကြီး ဆီ က ကြက်သွန် တို့ ၊ ဆီ တို့ ၊ ဆား တို့ ၊ ငရုတ်သီး တို့ ရနိုင်မလား ” လို့ မေးလိုက် သတဲ့ ။ ဒီတော့ လယ်သမားကြီး က လည်း ငါ တော့ ကြက်သားဟင်း စားရချေ ရဲ့လို့ တွေးမိတာ နဲ့ “ ရှိပါတယ်ကွယ် ။ မောင်ရင် အလို ရှိ ရင် ဟောဟို ခပ်လှမ်းလှမ်း က တဲ မှာ ကျုပ် ရှင်မ ရှိလေရဲ့ ... သွား တောင်းချေပါ ” လို့ ဝမ်းသာ အားရ ပဲ ပြန် ပြောတယ် ။

ဒါပေမယ့် ငလိမ် က တော့ “ ကောင်းပြီ ... ဘကြီး .. ဘကြီး ရဲ့ ရှင်မ က ပေးလိုက်ရမလား လို့ ပြန် မေးရင် လည်း အေး လို့ သာ အော်လိုက်ပေတော့ ” လို့ ပြောပြီး မှ လယ် တဲ ရှိရာ ကို လာခဲ့ တယ် ။ လယ်တဲ ပေါ် မှာ ထိုင် နေတဲ့အဘွားကြီး ကို တွေ့တဲ့ အခါ မှာ “ အဘွားကြီး အသပြာ တစ်ရာ ကျပ် ပေးပါ ခင်ဗျာ ” လို့ တောင်း လိုက်တယ် ။ဒီတော့ အဘွားကြီး က မယုံသင်္ကာ ဖြစ် နေတဲ့ အခိုက် ငလိမ် က သွက်လက်စွာ နဲ့ “ မယုံဘူး ဆိုရင် လည်း ခင်ဗျား ယောက်ျား ကို “ ပေးလိုက်ရ မလားလို့ မေးကြည့်ပေါ့ ဗျာ ” လို့ ဆို သတဲ့ ။ အဘွားကြီး ဟာ ငလိမ် ပြောတဲ့ အတိုင်း ယာထွန် နေတဲ့ အဘိုးကြီး ကို လှမ်းမျှော် ကြည့်ပြီး “ ပေးလိုက်ရမလား ” လို့ မေးတော့ လယ်သမားကြီး က ဒီ အဘွားကြီး နှယ် ... သိပ် အ တာပဲ ။ ကြက်သားဟင်း စားရမှာ တော့ မသိဘူး ။ ကိုယ့် ပစ္စည်းကျ တော့ တယ် စစ်စီတာပဲ လို့ စိတ် ထဲ က ဒေါပွပွ နဲ့ “ ပေးလိုက်ကွာ ” လို့ ခပ်တိုတို ပြန် ပြောပြီး သူ့ လယ် ကို သူ ငုံ့ ထွန် နေ သတဲ့ ။

ငလိမ် ဟာ အဘွားကြီး ဆီ က အသပြာ တစ်ရာ ယူပြီး ထွက်သွား လိုက်တာ ရွာ တစ်ရွာ ကို ရောက်ခဲ့ပြန်ရော ။ အဲဒီ အခါမှာ လည်း အကြံ တစ်ခု ရ လို့ ပေါက်ပြား တစ်ခု ကို ထမ်းပြီး လမ်း ၄ - ခွ သစ်ပင်ရိပ် ကို လာခဲ့တယ် ။ နောက်ပြီး သူ့ မှာ ရှိတဲ့ အသပြာ တစ်ရာ ကို ၄ - စိတ် စီ ခွဲပြီး လမ်း ၄ - ခွ မှာ မြှုပ် ။ သစ်ပင်ရိပ် က နေ လူသွားလူလာ ကို ထိုင် စောင့် နေ သတဲ့ ။

မကြာခင် မြင်းစီးကုန်သည် တစ်ယောက် ဟာ သူ့ နား က ဖြတ် လာတယ် ။ အဲဒီတော့ ငလိမ် ဟာ ထိုင်ရာ က ကပျာကယာ ထ ပြီးတော့ “ ဣစ္ဆာသယ လိုတရ တဲ့ ရွှေပေါက်တူး ။ ဒီနေရာ က ငွေအစိတ် ထွက် လိုက်စမ်း ” လို့ ဆိုပြီး ပေါက်တူးကြီး နဲ့ မြေ ကို ပေါက် သတဲ့ ။ သူ့ လုပ်ပုံ ကိုင်ပုံ ကို သတိထား မိတဲ့ မြင်းစီးကုန်သည် က လည်း အလွန် အံ့ဩတဲ့ မျက်နှာ နဲ့ ရပ် ကြည့် နေတယ် ။

“ အို ... တယ် ထူးဆန်းပါ ကလား ။ ဗျို့ ဆရာ ... အဲဒီ ပေါက်တူး ကိုကျုပ် မြင်း နဲ့ လဲပါလား ဗျာ ” လို့ ဆို သတဲ့ ။ ဒါပေမယ့် ပါးနပ်တဲ့ ငလိမ် က တော့ ဘာမှ ပြန် မပြောသေး ဘဲ သူ မြှုပ်ထားတဲ့ ငွေတွေစေ့ အောင် ပေါက် ယူ လိုက်တယ် ။

“ ကျုပ် မှာ ဒီလို ပေါက်တူးတွေ အများကြီး ရှိပါတယ် ။ ခင်ဗျား လိုချင်ရင် မြင်း နဲ့ လဲပါ မယ် ။ ဒါပေမယ့် ဒီ ပေါက်တူး ကို ခင်ဗျား ခုနှစ်ရက် ကြာ မှ အသုံးချလို့ ရမှာ ခင်ဗျာ့ ” လို့ မတင်မကျ ပြန် ဖြေ ပေမယ့် မြင်းစီးကုန်သည် က ကြည်ကြည်ဖြူဖြူ ပဲ ငလိမ့် လက် ထဲ က ပေါက်တူး ကို ယူပြီး သူ့ မြင်း ကို ပေးခဲ့တော့တယ် ။

ငလိမ် ဟာ လည်း အလိမ် ပေါ် မှာ စိုးတာ နဲ့ မြင်းစီးကုန်သည် ဆီ က ရတဲ့ မြင်း ကို စီးပြီး ထွက်ပြေး တော့ တာပေါ့ ။ ငလိမ် ဟာ မြင်း စီးပြီး ခရီးဆက် လာတာ ရွာ တစ်ရွာ ရောက် ခဲ့ပြန်တယ် ။ အဲဒီ ရွာ ရောက် တော့ လည်း သူ့ မြင်း ကို အသပြာတွေ အကုန် ခွံ့ လိုက်သတဲ့ ။

ပြီးတော့ ငလိမ် ဟာ သူ့ မြင်း စီးပြီး အဲဒီ ရွာ မှာ အချမ်းသာဆုံး ဖြစ်တဲ့ သူဌေးကြီး အိမ် ကို ဝင်ခဲ့တယ် ။

“ သူဌေးကြီး ကျုပ် ကို ဇကာကျဲ တစ်ခု ခဏ ပေးပါ ခင်ဗျာ ” လို့ တောင်းတယ် ။ ဒီတော့ သူဌေးကြီး က “ မောင်ရင် က ဇကာကျဲ ကို ဘာများ အသုံးချမှာမို့တုန်း ” လို့ မေးတယ် ။ ငလိမ် ဟာ ဘာမှ ပြန် မပြောဘဲ သူဌေးကြီး ဆီ က ဇကာကျဲ ကို ရတာ နဲ့ သူဌေးကြီးရှေ့ မှာ သူ့ မြင်း ကို ချီးပါ ခိုင်းတယ် ။ သူ့ မြင်း ချီးပါတဲ့ အခါမှာ ဇကာကျဲ ခံ လိုက်တော့ အသပြာတွေ အများကြီး ကျလာ ရောတဲ့ ကွယ် ။ ဒီတော့ သူဌေးကြီး က လည်း ဒီ မြင်း ကို လိုချင်စိတ် ပေါက်လာပြီး ... 

“ မောင်ရင့် မြင်း ကို ကျုပ် လိုချင်တယ် ။ မောင်ရင် ရောင်းလိုတဲ့ ဈေး ကို သာ ပြောပါ ” လို့ ဆိုတော့ ငလိမ် က အသပြာ နှစ်ထောင် နဲ့ ရောင်းပြီး ခရီး ဆက်သွား လိုက်တာ ရွာ တစ်ရွာ ရောက် တဲ့ အထိပဲ ။

တစ်နေ့ ကျ တော့ သူဌေးကြီး ဟာ သူ့ မြင်း က ချီး ပါ ပေမယ့် အသပြာ တစ်ပြား မှ မရတာ နဲ့ ငလိမ် ကို မိအောင် ဖမ်း ဖို့ လူတွေ လွှတ် လိုက်တယ် ။ ငလိမ် ဟာ အဲဒီ ရွာ မှာ နေတုန်းပဲ အဖမ်း ခံရ တော့တယ် ။ သူ့ ကို ဖမ်းထား ပြီးတော့ ခုနှစ်ရက် ကြာ ရင် သ,တ်ကြတော့မယ်တဲ့ ကွယ် ။

ငလိမ် ဟာ ကားစင် ပေါ် ကို ရောက် နေရပြီး အစာငတ် ရေငတ် နဲ့ ၃ - ၄ ရက် သာ ကြာခဲ့ ပေမယ့် ဒီ တစ်ခါ တော့ သူ့ အသက်ဘေး လွတ်အောင် လိမ်ဖို့ အကြံ ထုတ် တာ မရတော့ဘူး တဲ့ ကွယ် ။

တစ်နေ့ မှာ တော့ ဆင်ဦးစီး တစ်ယောက် ဟာ ဆင် စီးပြီး ငလိမ် ကို ကားစင် တင် ထားတဲ့ နား က ဖြတ် လာ တုန်း ငလိမ် ကိုတွေ့ တော့ သနား ရှာတယ် ။

“ ခင်ဗျား ဘာ အပြစ် ရှိလို့ ဒီ ကားစင် ပေါ် ရောက်ရတာလဲ ဗျာ ” လို့ မေးတယ် ။ ဒီတော့ ငလိမ် က လည်း ကျုပ် ကို ဗျာ ဒီ ရွာ က သူဌေးကြီး က သူ့ သမီး နဲ့ လက်ထပ်ဖို့ နားချတာ ကျုပ် က ငြင်းတာ နဲ့ ကျုပ် ကို နောက် နှစ်ရက် ကြာ ရင် သ,တ် တော့မယ် ။ အခုလည်း အစာ မစားရ တာ ငါးရက် တောင် ရှိနေပြီ ” လို့ ဆို သတဲ့ ။

ဆင်ဦးစီး က လည်း သူ့ ကို သိပ် သနား သွားတာပေါ့ ။ သူ့ မှာ ကြီးကျယ်တဲ့ အပြစ် မရှိဘဲ နဲ့ အသ,တ် ခံရမှာ ဆိုတော့ ဘယ်သူ ဖြစ်ဖြစ် သနားကြမှာပဲ မဟုတ်လား ။

“ အို ... အသက် တော့ အသေ မခံပါနဲ့ ဗျာ ။ ကျုပ် သာ ဆိုရင် ယူလိုက်မှာပဲ ။ သူဌေးသမီး အချောင် ရလိုက်တာပဲ ဗျာ ။ ခင်ဗျား နဲ့ ကျုပ် လူချင်း လဲ လိုက်ချင်တယ်ဗျာ ” လို့ ဆင်ဦးစီး က အားမလို အားမရ ပြော သတဲ့ ။ ငလိမ် က လည်း ဆင်ဦးစီး နဲ့ နေရာချင်း လဲပြီး ဆင် စီး လို့ ခရီးဝေး ကို ပြေးရောတဲ့ ကွယ် ။

ကဲ ... ငလိမ် ဟာ ဘယ်လောက် လိမ်လည် ကောက်ကျစ် သလဲ ဆိုရင် သူ သေရမယ့် အခါ တောင် မှ လူစား ထိုး ပြီး သေ သတဲ့ ။

◾မင်းယုနိုင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၇ ၊ ဇူလိုင်

#ကိုအောင်နိုင်‌ဦး

.

No comments:

Post a Comment