Wednesday, May 8, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၆ )


 

ဖျတ်ခနဲ မျက်လုံး ကို ဖွင့်မိသည် ။

အလင်းရောင် ။ ပြီးနောက် ပထမဆုံး သတိရ မိ တာ မြင့်စန်းရီ ။ နောက်မှ သတိရ မိ တာ က ...

“ ငါ ဘယ် ရောက်နေပါလိမ့် ”

မျက်နှာကြက် ဖြူဖြူ ၊ အုတ်နံရံ ဖြူဖြူ “ ဟာ ဒီ ဖြူဖြူကြီး က ဘာပါလိမ့် ” လှုပ် ကြည့်သည် ။

“ ဟင် ငါ လည်း ဖြူဖြူကြီး ပါ လား ”

ခြေ တစ်ချောင်း က ဖြူဖြူကြီး ပတ်ပြီး ထောင် ထားသည် ။ လက် တစ်ဖက်က ဖြူဖြူကြီး ပတ်ပြီး ကွေး ထား၏ ။ ဝမ်းဗိုက် နေရာ ဖြူဖြူကြီး ပတ် ၍ ဖု နေသည် ။ ဦးခေါင်း တစ်ခုလုံး က ဖြူဖြူကြီး ပတ်ထား သည့် အပြင် မေး မှာ ပါ ဖြူဖြူကြီး သိုင်း ထားသည် ။ လွတ် နေသော လက် တစ်ဖက် မှာ လည်း ပိုက်ဖြူဖြူ တန်းလန်း နှင့် ။

“ သား က လေ ... သား က ဘာမှ မသိဘူး ၊ သား ဘာသာ သား ကား ကို ဖြည်းဖြည်းလေး မောင်း နေတာ ၊ အဲဒီ အဲဒီ လူယုတ်မာ က လေ အရက်ကြောင် ကြောင်ပြီး ကား မှန် ရှေ့ က နေ ခုန် ချတာ ”

“ ဒါဆို ... ခင်ဗျား က ရော ကားမှန် ရှေ့ ကနေ ဘာလို့ ထွက်ကျ တာလဲ ”

“ သားကလေ ... သား က သူ ဘာလို့ ခုန်ချတယ် ဆိုတာ လိုက် ကြည့်တာ ”

“ ဒါဆိုလည်း စခန်း ရောက်မှ ရှင်း ”

“ ဟင့်အင်း ... ဟင့်အင်း ဒီမှာပဲ ရှင်းမယ် ဦးဦး တို့ ရယ် ၊ သား မှာ လေ တစ်ကောင်ကြွက် ၊ တစ်မျက်နှာ နဲ့ ဟီး ... ဘဝ ကံ က လည်း ဆိုးပြီး ဟောဟို လူယုတ် ”

တစ်ဖက်ခန်း မှ ကျော်ကို အကယ်ဒမီ ချိန် နေပြန်ပြီ ။

“ အား ... ကျွတ် ... ကျွတ် ”

ခေါင်း က ပဲ ကိုက် ပြီး နာ နေ တာလား ။ မျက်လုံး တစ်လုံး က ပဲ ယောင်ကိုင်း ၊ ပိတ်ပြီး နာ နေတာလား မသိ ။ ငရမန်ကန်း လို တစ်လုံး ထဲ မြင် နေရသည် ။

“ အား ... အား ... အား ”

ခေါင်းထောင် ကြည့်သည် ။ တော်ရုံ နှင့် လှုပ် မရ ။

“ ဪ ... ရှင် သတိရ လာပြီလား ”

အသံ နှင့် အတူ အမြင် အာရုံ ထဲ တိုးဝင် လာသော နာ့ ( စ် ) မလေး တစ်ယောက် ။

“ ကျွန် ... ကျွန်တော် ဘာဖြစ်သွားတာလဲ ဟင် ”

နာ့ ( စ် ) စမလေး က ကျွန်တော့် ရဲ့ သွေးပြန်ကြော ကို လာ စမ်းရင်း ...

“ ကံကောင်း သွားတာပေါ့ ရှင် ”

“ ဪ ”

ဪ ... ကိုယ့် ကို များ သေလူ အဖြစ် သတ်မှတ် ထားလေ သလား မသိ ။

“ ကားပေါ် ... ကားပေါ် က လူတွေ က ရော ”

“ ကံကောင်း သွားတာပေါ့ ရှင် ”

တော်ပါသေးရဲ့ပေါ့ ။ ဘုရားဒါယိကာမလေး မြင့်စန်းရီ ကံကောင်း နေဆဲလား ။

“ မြင့် ... မြင့်စန်းရီ ရော ”

“ ကံကောင်းပါတယ် စောကြည်ဖြူ ”

“ ဟင် ”

ဖြေလိုက်သည် က နာ့  (စ် ) မ မဟုတ် ။ အပေါက်ဝ ဆီ က ။ လှမ်း ကြည့်လိုက်တော့ မြင့်စန်းရီ ၏ မွေးသဖခင် ။

“ ဟင် ... ဦး ”

ညှိုးငယ်သော မျက်နှာ နှင့် တစ်ချိန် က ယောက္ခမလောင်းကြီး အခန်း ထဲ လှမ်း ဝင်လာ၏ ။ သူ့ နောက်တွင် တော့ ဦးအောင်မော် ။ မတွေ့တာ ကြာတော့ ထိပ် က ပို ပြောင် လာ သလို ။

အမှတ်မထင် မြင် လိုက်၍ သူတို့ နှစ်ယောက်လုံး ကို ကျွန်တော် ထိတ်လန့်စွာ ကြောင် ငေး ကြည့် နေ မိသည် ။

“ အားလုံး ကံ ကောင်းသွားပါတယ် စောကြည်ဖြူ ”

မြင့်စန်းရီ ၏ ဖခင် အသံ က ကြည်လင်စွာ ကြား နေရသည် ။ အနီးနား ခုံ ပေါ် လာ ထိုင်ရင်း ...

“ အမှန်တော့ ဒါဟာ ကံကောင်းခြင်း လို့ မဆိုသာပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ အစ ကတည်း က ဒီ ကိစ္စ မှာ မောင်ရင် မပါခဲ့ရင် ဘယ်သူမှ ကံ ဆိုး မှာ လည်း မဟုတ်ပါဘူး ”

ကျွန်တော် သူ့ ကိုပဲ ငေးကြည့် နေမိသည် ။

“ မောင်ရင် တစ်ယောက် ပါ ခဲ့ လို့ သာ ကံကောင်းခြင်း ခရီးစဉ် က နေ ကံဆိုးခြင်း တွေ ဖြစ် ၊ ကံဆိုးခြင်း က နေ ကံကောင်းခြင်း ပြ န်ဖြစ် လာရတာပါ ”

အားလုံး ကိုယ့် အပြစ် လို့ ဆို နေခြင်းသာ ။

“ အမှန်တော့ စောကြည်ဖြူ ၊ လူတိုင်း မှာ သူ့ ကံ နဲ့ သူ ပါလာကြ ပြီးသားပါ ၊ ကိုယ့် ဘဝ ကုသိုလ် ရှိ သလောက် သာ ကိုယ်တိုင် ခံစားကြ တာပါ ၊ ကိုယ့် ဘဝ နဲ့ မထိုက်တန်တာ မှန်သမျှ ကို လုပ် ယူလို့ မရပါဘူး ”

စကားများ ကို နားထောင်ရင်း အလိုလို နေရင်း မျက်ရည်များ ကျ လာ မိသည် ။

“ အဲဒီတော့ စောကြည်ဖြူ ”

စကားစ ပြတ် သွား ပြန်သည် ။ အားလုံး တိတ်ဆိတ် နေသည့် ကြား က မီးစက်သံ တဒုန်းဒုန်း က ရင်ခုန်သံ သဖွယ် ကြား နေရသည် ။ ကြေကွဲဖွယ် စကား ကို သာ နားသောတ ပန်ဆင်ရမည် မှန်း သိသည် ။

“ မြင့်စန်းရီ ကို လည်း မောင်ရင် ကား ပေါ် က ပြုတ် ကျလို့ သေပြီ လို့ ပြောထားခဲ့ ပြီးပါပြီ ”

ခန္ဓာကိုယ် ကို သာ ဖျော့ချ မိသည် ။ စကားသံ ကား ထွက် မလာ ။

“ သူ လည်း ယုံကြည် သွားခဲ့ ပြီးပါပြီ ”

မြင့်စန်းရီ ကျွန်တော့် အပေါ် ယုံကြည်မှု က ဒီက စတင်တာလား ဟု ပင် မေးလိုက်ချင် တော့သည် ။

“ အားလုံး ကို စိတ်ချမ်းသာ စေချင်တယ် ဆို ဒီအတိုင်း သာ နေလိုက်ပါတော့ ”

အငို ထူသူ မို့ မျက်ရည်စ က အလိုလို လိမ့် ကျ လာသည် ။

“ ဦး မှာ လည်း ဒီ သမီးလေး တစ်ယောက် တည်း ရှိတာပါ ၊ မောင်ရင့် ကြောင့် ဒီသမီးလေး ရဲ့ ဘဝ နောက်ဆုံး ပြောရရင် အသက် ”

အရာရာ အားလုံး မှုန်ဝါး နေသည် ။ ဖခင် တစ်ယောက် ၏ မေတ္တာတရား ကို နာကြား နေမိဆဲ ပင် ။

“ ဦး မဆုံးရှုံးပါရစေ နဲ့ ၊ သဘောပေါက် လွယ်သူ ဖြစ်ပါစေကွယ် ”

သူ့ အသံ က တုန်ရင် နေသည် ။ ကျွန်တော့် မှာ လည်း ကျ လာ သော မျက်ရည် ကို ဘယ်လက် နှင့် မှ ပင့် သုတ် ၍ မရ ၊ လျှာ နှင့် ပင် ပင့်သပ် လိုက်ရသည် ။

“ စကားကောင်း ပြောနေတာပါ ကွယ် ... အဲလိုတော့ မပြောင်ပါ နဲ့ ”

ဒါကို မြင်ဖြစ် အောင် မြင် သွားသော ယောက္ခမလောင်းကြီး က မကြည်မလင် နှင့် ပြောသည် ။ နံဘေးနား က ဦးအောင်မော် က လည်း ...

“ တောက် ... လူ က သေတော့မယ် ၊ မျက်နှာပိုး က မသေ သေးဘူး ၊ တောက် လက် က တပ်ထားတဲ့ ပိုက် ဆွဲဖြုတ် လိုက်ရလို့ ”

သူတို့ စကား ကို ကျွန်တော် က လည်း ...

“ ပြောင်တာ မဟုတ်ပါဘူး ဗျာ ... အဟင့် ဝမ်းနည်းလို့ ကျတဲ့ ရက်ရည် ကို လျှာ နဲ့ ပင့် သုတ်တာပါ ၊ ထွီး ... ငံ လိုက်တာ ”

ဖြစ်ချင်တော့ ကျွန်တော် ထွေး လိုက်သော တံတွေး က ရန် တွေ့ ရန် ငုံ့ကိုင်း နေသော ဦးအောင်မော် ၏ နဖူးပြောင် ပေါ် မှ ရေတံခွန် သဖွယ် ပြန်လည် စီးဆင်းလာသည် ။

“ ဟင် ... မင်း ... မင်း က ငါ့ ကို တံတွေး နဲ့ ထွေးတာပေါ့ လေ ၊ ဟုတ်လား ၊ တယ်လေ ငါ လုပ်လိုက် အာ ပြောနေ ကြာပါတယ် ၊ ဒီ ဒုက္ခိတ က တော့ ”

ဟု ဆိုကာ လက်ကြီး မြောက်တက် လာသည် ။ သူ့ ကို ကြည့်၍ ကျွန်တော် လည်း လန့် ပြီး ...

“ ဟ ... ဟ ... လုပ် လုပ်ကြပါဦး ၊ ဒုက္ခိတ ပါ ဆိုမှ ပျား က လာ တုပ်ချင်နေ သေးတယ် ”

“ နေ ... နေပါ မောင်အောင်မော် ရယ် ”

ကျွန်တော် တို့ အဖြစ် ကို ကြည့် မြင့်စန်းရီ ၏ ဖခင် မှ ဝင် တားသည် ။ ထိုတော့ မှ ဦးအောင်မော်ကြီး လည်း သူ့ ရိုးပြတ်တလင်း ကို လက်ဖနောင့် နှင့် ပင့်သုတ် ပြီး ...

“ တောက် ... ဒုက္ခိတ မို့လို့ ပေါ့ ကွာ ၊ နို့မဟုတ် ရင် ဟင်း ”

မြင့်စန်းရီ အဖေ က သက်ပြင်း ချသည် ။ ပြီးမှ ...

“ ခုန ပြောခဲ့တဲ့ စကားတွေ မောင်ရင် သဘော ပေါက်မှာပါ ”

မျက်ရည် လွယ်သူ မို့ အလိုလို ပြန် ဝဲ လာ၏ ။

“ အဲဒီတော့ ကွယ် သမီး ကို သနား ရင် ကိုယ့် ကိုယ် ကို သေစာရင်း သွင်းလိုက်ပါ ၊ ဒါမှ မဟုတ်ရင် ”

စကားစ ကို ဖြတ်၍ အသက် ကို ခပ်ပြင်းပြင်း ရှူသံ ကြား ရ သည် ။ အတန်ကြာ မှ ...

“ မြင့်စန်းရီ ကို သေစာရင်း သွင်းပေးပါ ”

ခန္ဓာကိုယ် တစ်ခုလုံး မြောက်တက် သွားသည် ဟု ထင်ရ သည် ။ ကိုယ့် စိတ်ကူး ကို လည်း ခန္ဓာကိုယ် က မပိုင်တော့ လေထဲ လွင့်ချင် ရာ လွင့် နေကုန်၏ ။ မျက်နှာကြက် အမိုး ပေါ် ထိ ကပ် သွား သလား ၊ အပြင်ဖက် လမ်းမ ဖက် လွင့်စင်ကျ သွားသလား မသိနိုင်တော့ ။ သေချာ တာ ကတော့ ခန္ဓာကိုယ် နှင့် ဝိဉာဉ် မှာ တကွဲတပြား စီ ဖြစ်နေ ပေပြီ ။

မျက်လုံး ထဲ အရာရာ အားလုံး မြင် နေရ သော်လည်း ဘာမှ မသဲကွဲ ။

မြင်နေရ ကြားနေရ တာ က ရော သေချာရဲ့ လား ၊ သေချာတာ က မသေချာတော့ ။

“ ကဲ ... ဦးတို့ ကို သွားခွင့် ပြုပါဦး ”

ဖြည်းညှင်းစွာ ထ ရပ်သည် ။ ပြီးနောက် ခြေဦး က အဝင်ဝ ဖက် လှည့် သွားသည် ။

ကြည့် ကောင်း၍ ကြည့် နေခြင်း မဟုတ်ငြား ဒီအတိုင်း သာ ကြည့် နေမိသည် ။ သူ ပျောက်သွား မှ ဦးအောင်မော် က ဟိုကြည့် ဒီကြည့် လုပ်ပြီး ကျွန်တော့် လက် မှာတပ် ထားသော ပိုက် ကို ဆွဲ ဖြုတ်ပြီး ...

“ မှတ်ထား ”

ဆိုကာ ပြေး လိုက်သွား၏ ။ ဘာမှ မပြောမိတော့ ။ လောက ၌ ချစ်ခြင်းမေတ္တာ ထုတ်နှုတ်ခြင်း ခံရပြီး နောက် လူ သည် လည်း ရှင်လျက် သေဆုံး သွားပြီ ဖြစ်ပါသည် ။ ဦးအောင်မော် ဆွဲဖြုတ် သွားသော ပိုက် မှ ဆေးရည်များ ဘေး သို့ လိမ့်ဆင်း နေ လေပြီ ။

ကြည်နူးခြင်း ၊ သာယာခြင်း ၊ ပိုင်ဆိုင်လိုစိတ် ပြင်းပြခြင်း တို့ သည် မှားယွင်းမှု များ နှင့် နှဖူး တွေ့ ဒူး တွေ့ တွေ့ ဆုံ ခိုက် ၌ ကိုယ်လွတ် ရုန်း ပြေးဝင် ပျောက်ကွယ် ကြ လေပြီ ။

ဘယ်သူ က များ ကိုယ့် စိတ် ကို အစိုးရ ကြ ပါသလဲ ။ ဘယ်သူ က များ ကွေကွင်းခြင်း ကို မကြောက်ရွံ့ဘဲ နေရဲပါ သလဲ ။ လောကကြီး နှင့် ချီ၍ အမှန်တရား တိုင်း အပေါ်သာ သက်ရောက် နေ သူ ဘယ်သူများ ရှိခဲ့ သလဲ ။

ကျွန်တော့် လို နေရင်း ထိုင်ရင်း မှားယွင်း နေသူတွေ ရော ကမ္ဘာကြီး မှာ ဘယ်လောက် များပြား နေပြီလဲ ။

အမှားတွေ က အမှားတွေ ကြား ရောထွေး ပြီး ခန္ဓာကိုယ် တစ်ခြမ်း ကို ခပ်စောင်းစောင်း နင်းချ ရှာပြီ ။ ပြီးတော့ ပြောသေး ...

ကမ္ဘာမီး လောင် မှ မဟုတ်ပါဘူး ကွယ် ။

  •••••   •••••   •••••

ဤသို့သာပေါ့ မြင့်စန်းရီ ။

အမြဲတစေ အလွမ်း တွေ နဲ့ အဆုံးသတ် ချင်သူ ဘယ်သူ ရှိမှာ လဲ ။ ည ပြီးရင် နေ့ ကို ကြုံချင်ကြသူ ချည်းပါပဲ ။ သာယာတဲ့ နံနက်ခင်း ကို ကျောပိုး ပြီး လမ်းလျှောက် ထွက်ချင် သူ ရယ် ပါ ။ ဒါပေမဲ့ သယ် ရတာ တနင့်တပိုး နဲ့ အိုမင်းရင့်ရော် နေရရှာပြီ ၊ ( မကြာခင် အချိန်ကလေး မှ ပေါ့ကွယ် ။ )

မြင့်စန်းရီ ။

ကျွန်တော့် ဘဝ တစ်ခုလုံး ကို မီးခဲ နဲ့ ထုတ်ပြီး ပြာ ဖြစ်ချင်နေ မိတယ် ။ ပြီးရင် ဘယ်နေရာ မဆို လွင့်ပါး သွားချင်ပါပြီ ။ ရင့်ကျက်ပါ ပြီ ဆိုတဲ့ စကား ကို မပြော မိခင်အချိန် မှာ ပေါ့ ။

အရာရာဟာ ...

“ အဟင့် ... အဟင့် ... အဟင့် ”

အဲသည်လို ငိုငြီးသံများ နှင့် သာ ပြည့်စုံ နေပြီပဲ ။

“ အဟင့် ... အဟင့်  ... အဟင့် ”

လောက မှာ မှားယွင်းမှု တွေ ကြုံတိုင်း ဒီလိုသာ ငိုငြီး တတ်မယ် ဆိုရင် လေထု ထဲ မှာ ငိုသံ တချို့ ကို လက် နဲ့ တောင် ဆုပ်ပြီး ဖမ်းမိနိုင် လေရဲ့ ။

“ အဟင့် ... အဟင့် .. အဟင့် ”

နာကျင်မှု က ငိုငြီးသံများ ကို ဖန်ဆင်းရှာ သတဲ့ ။ ဒါပေမဲ့ အသား နာရုံ နဲ့ မှ ပဲ မဟုတ်တာ ။ နှလုံးသား က နာ ရင် လည်း ငိုငြီးသံ အဖြစ် ပြောင်းလဲ နိုင်တာပဲ လေ ။ အခုလို ...

“ အဟင့် ... အဟင့် ... အဟင့် ”

ငိုငြီးသံတွေ က ...

“ အဟင့် ... အဟင့် .. အဟင့် ”

“ အာ ... ငိုလှချည်လားကွာ ”

ကိုယ့် ဘာသာ ကိုယ် ကိုယ့် ဘဝ နဲ့ ကိုယ် လွမ်း နေတာ နံဘေးခန်း က လည်း ဘာလွမ်း နေသည် မသိ ။ ငို နေတာ ကို နှစ်ရက် ခန့် ရှိပြီ ။

“ အဟင့် ... အဟင့် ... အဟင့် ”

တစ်နေကုန် တစ်နေခန်း မရပ်တမ်း ငို နေနိုင်သော အခန်း ပင် ။

မွေးသဖခင် ကျေးဇူးရှင် ပဲ ဆုံး လို့လား ။ မွေးသမိခင် များ ကံကုန် သွားလားတော့ မသိ ငို နေတာ နှစ်ရက် တိတိ တစ်ချက် မှ မရပ်သေး ။

“ အဟင့် ... အဟင့်  ... အဟင့် ”

လောက မှာ ဤမျှ လောက် အငိုထူ သူ ရှိပါသေးရဲ့ ဆိုပြီး တအံ့တဩ ဆိုရ လောက်အောင် ငိုနိုင်သူ တစ်ယောက် ပင် ။

“ တောက် ဒီလောက် အငို ထူတာ ဘယ်လို မိန်းမမျိုး ပါလိမ့် ”

လွမ်း နေသည့် ကြားက စပ်စုလို စိတ် ၊ သိလိုစိတ် ပြင်းပြလာသည် ။

ထသွားထလာ လုပ်ဖို့ က လည်း ကိုယ့် မှာ မသန် ။ သိတာ က လည်း ကိုယ့် မှာ အရမ်း သိချင် ။ စိတ် ထဲ နှစ်ခွ ဖြစ် နေမိသည် ။ နောက် မှ

“ အဟင့် ... အဟင့် ... အဟင့် ”

“ ဘာပဲ ဖြစ်ဖြစ် ကမ္ဘာ မှာ အငိုနိုင်ဆုံး လူ တွေ့ဖူးတယ် ရှိအောင် သွား ကြည့်ဦးမှ ”

ဟု စိတ်ပိုင်း ဖြတ် ပြီး ဆေးပိုက် တန်း ကို ဖြုတ် ၊ မှီစရာ လုပ်ပြီး ထော့နင်း ထော့နင်းနှင့် နံဘေးအခန်း ကို ခြေဦးတည် လိုက်သည် ၊ စိတ် ထဲ တွင် လည်း ...

“ တွေ့ကြပြီပေါ့ အငိုထူမ ”

ခြေလက်ဦးခေါင်း ပတ်တီးများ နှင့် မို့ ရွေ့ တစ်ချက် မရွေ့ တစ်ချက် ။

“ တွေ့လို့ က တော့ နင် ဘာလို့ ဒီလောက် အငို ထူ နေတာလဲ ၊
နင့် ယောက်ျား ဆုံး သွား လို့လား ”

ဟု အခွင့် သာ ပါ က ရန်တွေ့ ပစ်လိုက်ဦးမည် ဟု ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment