Sunday, May 5, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂၀ )


 

မြင့်စန်းရီ က ထမင်း ကို တို့ကနန်းဆိတ်ကနန်း သာ စား သည် ။ အနား က အဒေါ်ကြီး များ တစ်ခု ခု ခပ် ထည့် ပေးတိုင်း တော်ပြီ တော်ပြီ ဟု သာ ငြင်း နေလေ၏ ။

“ စားလိုက်ပါ မြင့်စန်းရီ ၊ တော်ရုံ အဆာလွန် နေမှဖြင့် ” 

ခပ်ဝေးဝေး မှာ ရှိနေသည် မို့ ကြိတ် ၍ သာ အားပေး နေရသည် ။

“ ဟာ ... ဟင်းတွေ က မှည့်ထ နေပါလား ”

ဒဒွေးသုံးလုံး ဆရာကျော်ကို က ကျွန်တော် တို့ အတွက် ပြင် ထားသော ထမင်းဝိုင်း ဝင် ထိုင်ရင်း ပြောသည် ။ ပြီးနောက် ဟင်းချို ကို ရှူးခနဲ တစ်ဇွန်း မြည်း ပြီး ...

“ အား ... ဟင်းရည် က တော့ ကွာ မာမီတွေ စကား နဲ့ ပြောရရင် ကိုမောင်သောင်း ကောင်းချက် က မျက်တောင်တု တောင် ကျွတ်တယ် ဆိုတာမျိုးပဲဟေ့ ”

ပန်းကန် တစ်ခု ကို ဆွဲ ယူရင်း က 

“ ဟေ့ကောင် ... စောကြည်ဖြူ လာ စားလေ ” 

“ ဟုတ် ... ဟုတ်ကဲ့ပါ ”

ကျွန်တော် လည်း ပန်းကန်လေး တစ်ချပ် ဆွဲပြီး သူ့ နား ဝင် ထိုင်သည် ။

“ အေးကွ ... ဒါမျိုး မြင်တော့ ရှူတင် ထမင်း တောင် သတိရသေး ၊ အဟေးဟေး ”

ကျွန်တော် လည်း အရှေ့ ၌ စုံလင်စွာ ချ ထားသော ဟင်းခွက်များ ကို ဝေ့ ကြည့်ရင်း ...

“ ဘာလဲ ... ရှူတင်ထမင်း က လည်း ဒီလို စုံစုံလင်လင် ပဲလား ”

ကျော်ကို မျက်နှာ ရှုံ့မဲ့ လိုက်ပြီး ...

“ ဘယ့်နှယ် စုံရမှာလဲ ၊ အပေါ် ကားတွေ တော့ မသိပါဘူးကွာ ငါတို့ အောက်ကားတွေ က တော့ ကြုံရာ နဲ့ ကျွေး ထည့် လိုက်တာပဲ ၊ အဟီး ဒီ ကြား ထဲ ဇာတ်ပို့ဇာတ်ရံ တွေ ပါ လာတာ ကို တောင် မင်းသား ကွ ဆိုပြီး နှိုက် မြည်းသေး ၊ အဟေးဟေး ”

“ ဒါနဲ့ အောက်ကား ၊ အောက်ကား ပြော ပြော နေတော့ ဗီဒီယို မှာ က ဘယ်နှစ်ဆင့် ရှိလို့လဲ ”

ကျော်ကို က ထမင်း အလုပ်ကြီး တစ်လုပ် ပစ် သွင်းပြီး ...

“ အပေါ်ကား ၊ အောက်ကား နဲ့ အန်ဒါဂရောင်း ဆိုပြီး သုံးမျိုး ရှိတယ် ကွ ၊ အပေါ်ကား က နာမည်ကြီး မင်းသား မင်းသမီး နဲ့ ဒါရိုက်တာ တို့ က ကုန်ချင် သလောက် ကုန် ဆိုပြီး ဖွင့် ရိုက်တာ ”

“ အောက်ကား က ”

“ အောက်ကား က ငါတို့ လို ပေါ့ကွာ ၊ ကိုယ့် ရှိတဲ့ ကင်မရာ နဲ့ ကိုယ့် ရှိတဲ့ လူ စုပြီး ဖြစ်သလို ရိုက်တာ ၊ တစ်ခါတလေ လည်း တခြား ပရိုဂျူဆာတွေ က ကန်ထရိုက် ပေးပြီး ရိုက် ခိုင်းတာ ၊ ဥပမာ ငါးသိန်း အတွင်း အဝင် ရိုက် ပိုတာ ကိုယ်ယူ ဆိုတာမျိုး ပေါ့ ”

“ ဟင် ... ဒီလိုလား ၊ ဒါဆို နောက် တစ်ဆင့် က ”

“ အန်ဒါဂရောင်း လေ ... အဲဒီ အဆင့် က ရုပ်ရှင်မင်းသား အချင်းချင်း တောင် ရွံတယ် ”

“ ဘာလို့ ”

“ သူတို့ က မင်းသား လုပ်ချင်တဲ့ လူ ပိုက်ဆံ စိုက် ၊ မင်းသမီး လည်း ပိုက်ဆံ စိုက် ၊ ပြီးတော့ ဈေး ပေါတဲ့ တောတွေ မှာ သွား ရိုက်တာ ၊ မင်းသား က ပိုက်ဆံ စိုက် ပေမယ့် မြင်း မစီးရဘူး ၊ သေနတ် မပစ်ရဘူး ”

“ ဟင် ... ဘာဖြစ်လို့ ”

“ မြင်း စီးရင် မြင်းငှားခ မတတ်နိုင်လို့ ၊ သေနတ် ပစ်ရင် ယမ်းဖိုး မပေးနိုင်လို့ ၊ ငါတို့က တောင် ဝတ္ထုစာအုပ်လေး ၊ နိုင်ငံခြား ကားလေး မှီငြမ်းပြီး ရိုက်သေး ၊ သူတို့ ဇာတ်ညွှန်းတွေ ဆို ဖိုက်တင်အပျိုး Big ဖိုက် ၊ အကြီးအကျယ် ဖိုက် ၊ အစွမ်းကုန် ဖိုက် ဒါမျိုးချည်း ရေးထား တာ ”

“ ဪ ”

ကျော်ကို က ထမင်း ကို မြိန်ရည်ယှက်ရည် စား သလို စကား ကို လည်း အလုပ်ကြီးကြီး ပြော၏ ။

“ ဟင် ... အဲ ... အဲဒါမျိုးတွေ ရော ရှိသေးတာလား ”

“ ရှိတာပေါ့ကွ ၊ မင်းသား မှာ တင် မင်းသားကြီး ၊ မင်းသားပေါက် နဲ့ မင်းသားပြုတ် ဆိုပြီး သုံးမျိုး ရှိတာပဲ ”

“ ရှင်းပါဦးဗျ ”

ထမင်း ထက် ကို သူ့ စကား က စိတ်ဝင်စားစရာ ကောင်း၏ ။

“ မင်းသားကြီး ဆိုတာ ဈေးကွက် ခိုင် နေတဲ့ ငယ်ငယ်ကြီးကြီး အဲဒါကို မင်းသားကြီး လို့ ခေါ်တယ် ၊ မင်းသားပေါက် ဆိုတာ ဈေးကွက် ရှိတယ် ၊ ပရိသတ် ရှိတယ် ၊ ဒါပေမဲ့ ရုပ်ရှင်ကားကြီး ဘယ်သူမှ မရိုက်ရဲဘူး ၊ အဲဒီတော့ မင်းသားကြီးတန်း မရောက်လာသူ တွေ ပေါ့ ။ မင်းသားပြုတ် ဆိုတာ က အရှေ့ မှာ ဘယ်လောက်ပဲ နာမည် ကြီးခဲ့ ကြီးခဲ့ လူမုန်း များပြီ ဆိုရင် ဘယ်သူမှ မကြည့်ချင်တော့ဘူး ။ အဲဒီလို လူမျိုး က အလကား ရိုက်ပေးမယ် ဆိုတာ တောင် ဘယ်သူမှ ခေါ် မရိုက်တော့ဘူး ။ အဲဒါမျိုး ကို မင်းသားပြုတ် လို့ခေါ်တာပေါ့ ကွာ ၊ ငါတို့ လို လူမျိုးတွေ ပေါ့ ကွာ ၊ အလကား ရိုက်ပေးမယ် ဆိုရင်တောင် မင်းသားပေါက်တွေ က ငါတို့ နဲ့ လည်း မယှဉ်ချင် ၊ နောက်ပြီး ငါ့ နာမည် ပါတာနဲ့ အောက်ကားကြီး ပဲ ဆိုပြီး လူ က အထင်သေး နဲ့ အင်မတန် နေရခက်တဲ့ အတန်း ပေါ့ ကွာ ၊ မင်း ပဲ စဉ်းစားကြည့် လေ အရင် နာမည် ရ တုန်း က လိုလည်း အထက်တန်း ကျကျ မနေနိုင် ။ အသုံးအဖြုန်း ကြီး တော့ မွဲ ၊ မွဲ လို့ လိုင်းကား တိုး စီး ပြန်ရင်လည်း မင်းသားပြုတ် မှန်း လူတိုင်း က သိ ၊ ကိုယ်ပိုင်ကား ဝေး လို့ အငှားကား တောင် မစီးနိုင် ။ ဒီတော့ သူများ ကား မှာ ခပ်တည်တည် ဒရိုင်ဘာ တက် လုပ် နေရတာ သာ ကြည့် ပေတော့ ။ ဟီဟိ ငါ့ လို ကောင်တွေ လာဦးမယ် ၊ အများကြီး ၊ ဟေး ဟေး ”

စကား က လွန်စွာ ရှည်လျားသည် ။ သို့သော် အူ ရွှင်၏ ။ မင်းသားပြုတ် သို့မဟုတ် မင်းသား အထည်ကြီးပျက် မို့ စကား က သွက်၏ ။

“ ဒါနဲ့ နေပါဦး ၊ ခင်ဗျား က အခု ထိ မင်းသား လုပ်ချင် နေတုန်းလား ”

ကျော်ကို က လက်ဆေးရင်း

“ မင်း သတိ မထားမိလို့ပါ ”

“ ဘာလဲ ဟင် ”

“ ကားဘက် ( ခ် ) မှန် အားလုံး ငါ့ မျက်ခွက် ကို ငါ ပြန် ချိန် ထားတာ ”

“ ဟင် ”

“ ဘုရားဖူးကား ထွက်မယ်ဟေ့ ” 

“ ဘုရား .. ဘုရား ”

ထိုတော့ မှ ဘုရား တ မိတော့၏ ။ ကျော က လည်း စိမ့်ခနဲ အေး လာ သလို ဘက် ( ခ် ) မှန် အားလုံး သူ့ မျက်ခွက်မဲမဲ သူ ပြန် ချိန် ထားလေတော့ နောက် ကားတွေ ကျော်တက် သည့် ကားတွေ ဘယ်လို ကြည့်နိုင် တော့ မည်နည်း ။

သို့သော် ... ဤသည် လည်း အရသာ မှန်း နောက် မှ သိလိုက်ရသည် ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment