Tuesday, May 21, 2024

ယာနဒါန

❝ ယာနဒါန ❞

အညိုအဝါ အရောင်စပ်ကျား ဘတ်စ်ကားကြီး တွေ က မန္တလေးမြို့ ရဲ့ မနက်ခင်း တိုင်း မှာ ပြေးဆွဲ နေတယ် ။ ဘတ်စ်ကား ပေါ် မှာ ပါလာတာ က သပိတ် ကိုယ်စီ နဲ့ ဆွမ်းခံ သံဃာတော် တွေ ။ ကားကြီး တွေ မှာ ယာနဒါန လို့ စာတန်း ထိုး ထားတယ် ။ ဒီ ကားကြီး တွေ က ဆွမ်းခံ သံဃာ တွေ ကို လိုရာ ရောက် အောင် အခမဲ့ ပို့ဆောင် ပေးတာပါ ။

ယာနဒါန ကားကြီး တွေ မရှိခင် လွန်ခဲ့တဲ့ လေးနှစ် ကျော် တုန်း က တော့ ဆွမ်းခံ သံဃာ တွေ က ကြုံရာ ဘတ်စ်ကား ကို စီး ကြရတယ် ။ စာသင်တိုက်ကြီး တွေ မှာ ရဟန်းတော် တွေ က ရာ ၊ ထောင် ချီ နေတာ ဖြစ်လို့ စာသင်တိုက် နဲ့ အနီးတစ်ဝိုက် မှာ စုပြုံပြီး ဆွမ်းခံ ဖို့ အဆင် မပြေဘူး ။ မြို့ အနှံ့ ဖြန့်ကြက် ပြီး ဆွမ်းခံ ထွက် ရတယ် ။ ဒီ အထဲ ဆွမ်းလောင်း လှူ နေကျ မြန်မာ ဒကာ ၊ ဒကာမ တွေ က ဟို ဝေးဝေး မြို့သစ် ကို ပြောင်းရွှေ့ ကုန် ကြတော့ ဆွမ်း လိုက် ခံရတာ ပို ဝေးတယ် ။

မန္တလေး ဘတ်စ်ကား တွေ က ဆွမ်းခံ ကိုယ်တော် တွေ ကို အခမဲ့ စီးခွင့် ပေးပြီး ကုသိုလ် ယူတယ် ။ ဆွမ်းခံ ကိုယ်တော် တွေ က အခမဲ့ စီးရတာ ဆိုတော့ ပိုက်ဆံ ပေး စီးတဲ့ ခရီးသည် တွေ ကို ဦးစားပေး ကြတယ် ။ ခရီးသည် တွေ က လည်း သံဃာတော် တွေ ကို နေရာ ဦးစားပေး ပါတယ် ။ သံဃာတွေ ခမျာ အဝေးကြီး ဆွမ်းခံ ပြီး ရင် စာသင်စာလိုက် ဖို့ က ရှိ သေးတော့ မီရာ ကား ကို ဖြစ်သလို လိုက်ရတယ် ။

မန္တလေး ဘတ်စ်ကား က လည်း ထန်းလျက်ခဲ ပုရွက်ဆိတ် အုံ သလို တင်တာ ။ သံဃာတော် တွေ က တိုးဝှေ့ ပြီး ဖြစ်သလို တွယ် လိုက်ရတယ် ။ တစ်ဖက် က သပိတ် ကို ပွေ့ ၊ တစ်ဖက် က သံတန်း ကို ဆွဲပြီး သွားလာ နေတဲ့ သံဃာ တွေ ဟာ မန္တလေး မနက် ခင်း မှာ မြင်နေကျ မြင်ကွင်း တစ်ခု ဖြစ်ခဲ့ပါတယ် ။ တကယ် တော့ အကျည်းတန် တဲ့ မြင်ကွင်း ပါ ။

ယခုအခါ မိုးထိအောင်စည် ဆရာတော် ဦးဥတ္တိယ ( ယခု သက်တော် ၅၉ နှစ် ) က ဆွမ်းခံသံဃာ နဲ့ ဆွမ်းဆန်ခံ သီလရှင် တွေ အတွက် ယာနဒါန ယာဉ်အလှူ စီစဉ် ပေး ထားတယ် ။ ဆရာတော် က မိုးထိအောင်စည်ရိပ်သာ ကို တည်ထောင်ပြီး ဝိပဿနာတရား ပြသ နေတယ် ။ လူမှုရေး အကျိုးပြု ရေအလှူ ဒါနတွေ လည်း လုပ်ဆောင် ပါတယ် ။ ဆရာတော် ရဲ့ ဘဝ ခရီး ကို စိတ်ဝင်စား ဖို့ ကောင်းလို့ ကျွန်တော် က ရေး ချင်တယ် ။ ရေးသားခွင့် လျှောက်ထား တိုင်း ဆရာတော် က ငြင်းတယ် ။

ယာနဒါန နဲ့ ပတ်သက်ပြီး ရေးခွင့် လျှောက်ထားတော့ ဆရာတော် က ပထမ ငြင်း ပါတယ် ။ အတန်တန် လျှောက် မှ “ အလှူခံခြင်း မဖြစ်ချင်ဘူး ။ လာဘ် မျှော်တာ မပါဘူး ။ ဂုဏ် ဖော်တာ လည်း မပါချင်ဘူး ” လို့ ပြောပြီး ခွင့်ပြုတယ် ။

ဆရာတော် သီတင်းသုံး တဲ့ မိုးထိအောင်စည် ရိပ်သာ အဝင် ဝ မှာ ယာနဒါန ဆွမ်းခံ ကြိုပို့ယာဉ် တွေ တန်းစီ ပြီး ရပ် ထားတယ် ။ တန်ဖိုး နည်းနည်း နဲ့ ဝယ် လို့ ရတဲ့ ကားအိုကားမင်း တွေ ကို ပြုပြင်ပြီး အသုံးပြု ရတာ ။ ကား တချို့ က ဘီးဖြုတ် ချိုက်ထောက် ။

ဆရာတော် ရဲ့ စံကျောင်း က အေးချမ်းတယ် ။ ကျောင်း ပတ်လည် က နှင်းသီးပင်တွေ က အသီးခိုင် တွေ ပြွတ် လို့ ။

“ သံဃာတော် တွေ နေ့စဉ် ဆွမ်းခံကြွဖို့ ဘတ်စ်ကား စီး ရတာ အဆင် မပြေတဲ့ မြင်ကွင်း ကို မနက်တိုင်း တပည့်တော် တို့ မြင်တွေ့ နေရတာ စိတ် မချမ်းသာဘူး ။ ၁၉၉၈ ခုနှစ် က ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း စ ဖွဲ့တော့ စာရေးဆရာမကြီး အမေလူထု ဒေါ်အမာ က ဆွမ်းခံ သံဃာတွေ အဆင်ပြေ အောင် တစ်ခု ခု လုပ်ပေးဖို့ စီစဉ်တယ် ။ တပည့်တော် ကို ခိုင်း လို့ ကားဂိတ်မှူး တွေ ခေါ် လာပြီး အမေ နဲ့ တွေ့ပေး သေးတယ် ။ ကြိုးပမ်း ပေမယ့် တပည့်တော် တို့ မအောင်မြင်ခဲ့ဘူး ”

ဆရာတော် ကို ကျွန်တော် လျှောက် ပါတယ် ။

“ ဘုန်းကြီး တို့ လည်း ဒီ ဆန္ဒ ဖြစ် နေတာ ကြာပြီ ။ ကား တွေ ပေါ် မှာ သံဃာ တွေ ကသီလင်တ ဖြစ် နေကြတာ နေ့စဉ် တွေ့ နေရတော့ စိတ် မချမ်းသာဘူး ။ အစ တည်ခဲ့ တဲ့ စိတ် က တော့ ဘုန်းကြီး မန္တလေး မှာ စာသင်သား ဘဝ ကတည်း က ပါ ။ ဘုန်းကြီး တို့ တုန်းက တာ့ ဒါလောက် အထိ မခက်ဘူးပေါ့ ။ ယခုအခါ ကျပ်ကျပ်တည်းတည်း ၊ ခက်ခက်ခဲခဲ ဖြစ်လာတော့ မှ ဒီ ဆန္ဒ ပိုပြီး ဖြစ်လာတာ ”

“ ယာနဒါန စ ခဲ့တာ ဘယ်လောက် ကြာပြီလဲ ဘုရား ”

“ လေးနှစ် ပြည့် တော့မယ် ။ စစ ချင်း နစ်ဆန်းကယ်ရီယာ လေး ရယ် ၊ ဗင်နတီ လေး ရယ် ။ ကား နှစ်စီး နဲ့ စ တာ ။ ပ - လ - က က လေလံ ပစ်တဲ့ နစ်ဆန်းကယ်ရီယာလေး ဝယ် ပြီး ပြင်တယ် ။ ဦးသောင်းထွန်း က ဗင်နတီလေး တစ်စီး လှူတယ် ။ ကား နှစ်စီး နဲ့ စတာ ။ မနက်တိုင်း တစ်ခေါက် ထွက် ပြီး ပြန် လာလိုက် ပြင်လိုက် ။ တစ်ခေါက် ပြန် လာပြီး တစ်ခေါက် ပြင် ရတယ် ။ ကား က ကျိုးတာ ပြုတာ နဲ့ တစ်လ တောင် မပြည့်ဘူး ဒကာကြီး ရာ ၊ ဒီ ကားတွေ ပြင်လို့ မနိုင်တော့ဘူး ။ နောက် နေ့ ဆက် ထွက်ဖို့ရာ ပြင်ဖို့ ကိစ္စ မပြီးတာ နဲ့ မထွက်နိုင်တော့ဘူး ”

“ အဲဒီတော့ ဘယ်လို စီစဉ်ရလဲ ဘုရား

“ ဘုန်းကြီး က စ ထားတော့ တစ်ရက် မှ အပျက် မခံနိုင်ဘူး ။ သံဃာ တွေ ရဲ့ အားကိုးမှု ၊ ယုံကြည်မှု ရှိတဲ့ အချိန် ၊ ကိုယ့်လုပ်ငန်း ရပ်တန့်သွားမှု မဖြစ်ချင်တော့ အငှားကား ကို ငှားရတယ် ”

ယာနဒါန ဆွမ်းခံ ကြိုပို့ယာဉ် စတင် လှူဒါန်းသူ ဦးသောင်းထွန်း လည်း ကျွန်တော် တို့ နဲ့ အတူ ရှိ နေတာ မို့ သူ က ဒိုင်နာကား တစ်စီး ကို ခေါက်ကြေး ပေးပြီး တစ်လ ကျော် ဒိုင်နာကား ငှားပြီး ကြိုးစား ပြေးခဲ့ရပုံ ကို ပြောပြတယ် ။

“ စ ထွက်တော့ ဘယ် ခရီးစဉ် နဲ့ စတာလဲဘုရား ”

“ ပ - လ - က ယန္တရားတပ်ခွဲ ပေါက် က နေ စပြီး စက်မှု နဲ့ မြို့သစ် ကို သွားတာ ”

“ မြို့သစ် ကို ဘာကြောင့် သွားရတာလဲ ဘုရား ”

“ ဆွမ်း လောင်းမယ့် ဒကာ ဒကာမတွေ များတာ ကြောင့် ဆွမ်းခံအိမ် တွေ က အဲဒီ မြို့သစ် ကို ခွဲ တဲ့ အထဲ အများဆုံး ပါ သွားကြတာ ”

“ ကားတွေ ထပ် ဖြည့် တဲ့ အကြောင်း ရှင်းပြပါဦး ဘုရား ”

“ နှစ်လ ကျော်ကျော် လောက် မှာ ချက်ပလက်ကား တစ်စီး ကြိုးစားပြီး ထပ် တိုး လိုက်တယ် ။ ခုတော့ ချက်ပလက်ကား ဆယ်စီး ၊ မှန်လုံ သုံးစီး ၊ ပေါင်း ၁၃ စီး ရှိတယ် ။ ချက်ပလက် ဆယ်စီး က ဆယ်စီး လုံး သုံး မရဘူး ။ ခုနစ်စီး ပဲ သုံးနိုင်တယ် ။ တချို့ အစီး တွေ က ကား တစ်စီး လုံး သုံး မရ လည်း ဝက်အူ တစ်လုံး ဖြုတ် သုံးသုံး သုံးပါ လို့ လာ လှူထားတာ ၊ ဖြည့်စွက် ပစ္စည်း အနေ နဲ့ သုံးရတာ ”

ဆရာတော် က ပေရွက် ယပ်တောင် တစ်ချောင်း ကို လက် မှာ ကိုင် ပြီး တည်ငြိမ် အေးဆေး တဲ့ လေသံ နဲ့ ရှင်းပြ နေပါတယ် ။

“ ယာနဒါန ဆိုတာ ရဲ့ အဓိပ္ပာယ် က ဘာလဲ ရှင်းပြပါဦး ”

“ အလှူ ထဲ မှာ ယာနဒါန ဆိုတာ ယာဉ်အလှူ ၊ ယာဉ်အလှူ ကို ဘုန်းကြီး နှစ်သက်တယ် ၊ ယာနဒါန မတိုင်ခင် က ရေအလှူ ဥဒကဒါန လုပ်ခဲ့တယ် ”

“ ကားတွေ ထပ် ဖြည့်ပြီးတော့ ဘယ် လမ်းကြောင်း တွေ ကို ဆွဲပေးသလဲ ဘုရား ”

“ ကား ထပ်ဖြည့်တော့ မြို့ ထဲ သွားပြီ ။ အဓိက က တော့ သံဃာ အများဆုံး ရှိတဲ့ မစိုးရိမ် တို့ တိုက်ကြီး တွေ ဘက် ဦးစားပေးတယ် ၊ ဆောင်ရွက် လို့ အောင်မြင် တဲ့ အခါ ကျတော့ အားလုံး ပီတိ ဖြစ်ကြရတယ် ။ သံဃာတော် တွေ က လည်း အဆင်ပြေတယ် ။ အရင် က တော့ စာ လုပ်ရမှာ မို့ ဆွမ်း ကို ရသလောက်ပဲ ခံ ၊ ပြန် ပြေး ရတာ ။ ဘယ်အချိန် ကျောင်း ပြန် ရောက်မယ် မသိ ၊ စာဝါ လိုက်တာ လည်း နောက်ကျ မဖြစ်တော့ ဆွမ်း ကို အေးအေးဆေးဆေး မခံနိုင်ဘူး ။ ပြီးတော့ တွေ့ရာ ကား ၊ မီရာ ကား နဲ့ စာဝါ မီ အောင် ကျောင်း ပြန် ပြေးရတာ ။ ယခုတော့ မရေရာတာ တွေ အဆင်ပြေ သွားတယ် ။ အရင် က လို ကပျာကယာ ပြေး စရာ မလိုတော့ဘူး ။ သူ့ အချိန် နဲ့ သူ သွားတဲ့ ကား နဲ့ ပြန် လာ ၊ အေးအေးဆေးဆေး ဆွမ်း ဘုဉ်းပေး ၊ ရေမိုး ချိုးပြီး စာ လိုက်နိုင်တယ် ”

“ အရှင်ဘုရား တို့ ယာနဒါန က ယာဉ်အလှူ ဆိုပေမယ့် အစာအာဟာရ အလှူ လည်း ဖြစ်ပါတယ် ”

ကျွန်တော် နဲ့ အတူ ပါ လာတဲ့ ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) က လည်း သံဃာတော် တွေ ဆွမ်းခံ ကြွရတဲ့ အခါ ဖြစ် သလို ကြွရတော့ အမြင် မသင့်တော် တဲ့ မြင်ကွင်း တွေ တွေ့ ရတယ် ။ ယခုလို သီးခြား ကားကြီး နဲ့ ခံ့ခံ့ထည်ထည် ကြွရတော့ သိက္ခာ ရှိပြီး ပိုပြီး တင့်တယ်တယ် ။ တွေ့မြင်ရတဲ့ သူ တွေ သဒ္ဓါတရား ဖြစ် စေတယ် လို့ ပြောပြ တယ် ။

ယာနဒါန အဖွဲ့ မှာ ပါဝင် တဲ့ ဦးသောင်းထွန်း က သူတို့ အနေ နဲ့ အဖိတ်နေ့ မှာ စစ်ကိုင်းတောင်ရိုး က မန္တလေးမြို့ ကို လာရောက်ပြီး ဆွမ်းဆန် ခံ တဲ့ သီလရှင် တွေ ကို အပြန် ခရီး အတွက် ယာဉ်အလှူ စီစဉ် ပေးတဲ့ အကြောင်း ပြောတယ် ။

“ ကျွန်တော် တို့ ဒီလို ကြိုပို့ လုပ် ပေးတော့ စစ်ကိုင်း သွား တဲ့ လိုက်ထရပ်ကား တွေ က လည်း သီလရှင် တွေ ကို တင် ခေါ်တာ တွေ့ရတယ် ။ ဒီလို ကုသိုလ် ယူ လို့ ရတယ် ဆိုပြီး တတ်နိုင် သလောက် သီလရှင် ၁ဝ ပါး ၊ ၁၅ ပါး တင် သွား ကြတာ ။ ကျွန်တော်တို့ က ကား ရှစ်စီး လောက် ပို့ ပေးတာ ကို မလုံလောက် လို့ သီလရှင် တွေ လိုင်းကား စီး နေရ တုန်းပဲ ” လို့ ဦးသောင်းထွန်း က ဆက် ပြောတယ် ။

“ အရှင်ဘုရား ဇာတိ က ဘယ်ကလဲ ဘုရား ”

“ ဇာတိ က မုံရွာခရိုင် ၊ ယင်းမာပင်နယ် ၊ ကျေးစာချရွာ ။ ရုံး အခေါ် တော့ အောင်ချမ်းသာ ပေါ့ ။ ယခု ကြေးနီတောင် မိုင်းတူး နေတဲ့ နေရာ နဲ့ နီး ပါတယ် ”

“ ခမည်းတော် ၊ မယ်တော် တွေ က ”

“ ခမည်းတော် က ဦးကံပို ၊ မယ်တော် က ဒေါ်သောင်းဟန် ”

“ ဘာ အလုပ်တွေ လုပ်ကြသလဲ ဘုရား ”

“ တောင်သူ တွေ ပါ ”

“ ရဟန်း ပြု ဖြစ်တဲ့ အကြောင်း က ကော ”

“ ဘုန်းကြီး က ငယ်ငယ် ဘာမှ မသိခင် ကတည်း က သာသနာ့ ဘောင် ကို မြတ်နိုးတာ ။ ခုနစ်နှစ်သား မှာ အမေကြီး က အလှူ လုပ် တော့ ကိုရင် ဝတ် တယ် ။ ဆယ်နှစ်သား မှာ အိမ် က တစ်ခါ အလှူ လုပ်တယ် ။ ကိုရင် ဝတ် ပြီးတော့ ပြန် မထွက် တော့ဘူး ”

ဆရာတော် က သူ့ ဘဝ အကြောင်း ပြောနေရင်း က ..

“ ဘုန်းကြီး နဲ့ ပတ်သက်ပြီး နည်းနိုင် သမျှ နည်းနည်း ပဲ ထည့်ပါ ။ ဘုန်းကြီး က အလုပ် သာ ကုပ် လုပ်ချင်တာ ။ လူ ရှေ့ ထွက် ရ မှာ ဝန်လေးတယ် ” လို့ မိန့်ဆိုတယ် ။

ကျွန်တော် က “ မှန်ပါဘုရား ” လို့ ပြန် လျှောက်ပြီး ပညာ သင်ခဲ့တဲ့ အကြောင်း တွေ ဆက် ပြီး မေးလျှောက်ပါတယ် ။

“ ပညာပဒေသာ အမှတ် - ၂ ဆိုတဲ့ ပရိုက်ဗိတ်ကျောင်း တက် ခဲ့တယ် ။ စုန်းကျင်းရွာ မှာ ၊ အလုံ ရဲ့ အနောက်ဘက် ကျ မှာပေါ့ ။ ရွာ နဲ့ တော့ တော အခေါ်  တစ်တိုင် ပျော့ပျော့ ဝေး တယ် ။ ရွာကျောင်း က လေးတန်း အောင် ပြီးတော့ စုန်းကျင်း မှာ ကျောင်း သွား တက်ခဲ့ရတာ ”

“ လောကုတ္တရာ စာပေ ဆည်းပူးတာတွေ ကော ဘုရား ”

“ ကိုရင်ဝတ် နဲ့ မုံရွာ အရှေ့ဘက် ညောင်ခြေထောက် မှာ နေခဲ့တယ် ။ ညောင်ခြေထောက် ဆရာတော်ကြီး က သူ ငယ်ငယ်တုန်း က နေခဲ့ဖူး တဲ့ မန္တလေး မြတောင်တိုက်  ကို လိုက် ပို့တယ် ။ ရွှေဝါဝင်း ဆရာတော်ကြီး ဆီ လိုက် အပ်တာ ။ အဲဒီတုန်း က ဘုန်းကြီး က အသက် ၁၆ နှစ် ၊ ၁၇ နှစ် ”

“ ကိုယ့် အရပ်ဒေသ မဟုတ်တဲ့ နေရာ တွေ မှာ နေ ရတာ မပျင်းဘူးလား ဘုရား ”

“ ဘုန်းကြီး က ဒီ အဝတ် ( သင်္ကန်း ) နဲ့ ဆိုရင် ရောက်တဲ့ နေရာ ကို ကိုယ့် အရပ် ကိုယ့် နေရာ လို့ ထင်တာ ၊ မပျင်းပါဘူး ”

“ အရှင်ဘုရား ရဟန်း ပြု တော့ကော ”

“ ရဟန်း ပြုတာ က ခရမ်းသုံးခွ ၊ ဒေါက်ကြီးရွာ မှာ ”

ဆရာတော် လှည့်လည် သီတင်း သုံးပြီး ပညာ ဆည်းပူး ခဲ့ တဲ့ မြို့ရွာတွေ ကို မေးလျှောက် တော့ ပြန် ပြောပြတယ် ။ ဒါပေမဲ့ အဲဒါတွေ ထည့် ရေး မနေပါနဲ့ လို့ လည်း မိန့်ဆိုတယ် ။

“ ဘုန်းကြီး က လောကုတ္တရာ စာပေတွေ တော်တော်များများ  သင်ချင်တယ် ။ ပြည့်ပြည့်စုံစုံ ရည်ရွယ် သလောက် သင်မယ် ။ ပြီးရင် လောကီဘက် က အင်္ဂလိပ်စာ နဲ့ သင်္ချာ သင်မယ် ၊ ပြီးရင် စာဖတ် စာရေး နေမယ် ဆိုပြီး ဒီ နေရာ ကို အေးအေးဆေးဆေး ရွေး လိုက်တာ ”

“ တရားရိပ်သာ ထူထောင် ဖြစ်တာ က ကော ဘုရား ”

“ စာ သင် တဲ့ ကိစ္စ တော်လောက်ပြီ ဆိုပြီး ချမ်းမြအောင်စည်ရိပ်သာ မှာ တရားစခန်း ဝင် တယ် ။ ၁၃၅၁ ခု ၊ သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက် ၊ ၁၉၈၈ ခု အရေးအခင်း ပြီးခါစ မှာ ဘိုးတော်ပဒုံမင်း တည်ခဲ့တဲ့ မိုးထိတိုက် မှာ ဘုန်းကြီး က တရားရိပ်သာ ထူထောင်တယ် ။ ချမ်းမြအောင်စည် က ဆရာသမား တွေ ရဲ့ တိုက် အမည် လည်း ပါချင် လို့ မိုးထိအောင်စည် ဖြစ်သွားတာ ”

ဆရာတော် က သူ့ အကြောင်း သူများ ကို ပြောခဲ တယ် ။ ဝန်လေးလို့ ပါ ဆိုပြီး ဆက် ပြောပါတယ် ။

ကျွန်တော် တို့ လည်း ဆရာတော် ကို ဝတ်ချပြီး ပြန် ပါတယ် ။ သီလရှင် တွေ က ကျောင်း က ထွက် တဲ့ နှင်းသီးခိုင် တွေ လက်ဆောင် ပေးတယ် ။ ပိုးသတ်ဆေး မပါပါဘူး လို့ လည်း ပြောကြတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment