❝ ဆရာခေါင်းကြီး ❞
( ကြပ်ကလေး )
ရှေးသရော အခါ ဆေး ကုသခြင်း အတတ်ပညာ ကို အလွန် တတ်မြောက်သော ဆရာကြီး တစ်ပါး ရှိလေသည် ။ ထို ဆရာကြီး ၏ အထံ တွင် အတိုင်းတိုင်း အပြည်ပြည် မှ မင်းညီမင်းသား ၊ မှူးမတ် တို့ ၏ သားများ ပညာ လာ သင်နေကြ၏ ။ ထိုနည်း တူစွာ ပင် ဆင်းရဲသူ ဆင်းရဲသားများ ၏ သားများ လည်း လာရောက် ၍ ပညာ သင် ကြ၏ ။
ဆရာကြီး သည် မျက်နှာ လိုက်သူ မဟုတ် ။ သူဌေးသား ကို ရော ဆင်းရဲသား ကို ပါ ညီတူညီမျှ သဘော ထား ၍ ချစ်ခင်ကြင်နာစွာ ပညာ ကို သင်ကြား ပေး၏ ။
သူ ၏ တပည့်များ တွင် ဦးခေါင်း အလွန် ကြီးသော တပည့် တစ်ယောက် ရှိ၏ ။ ထို တပည့် ၏ ဦးခေါင်း ကား ဘယ်လောက် ကြီး သနည်း ဆိုသော် ထမင်းစား ပန်းကန် လောက် ကြီး၏ ။ ထို့ကြောင့် .. သူ့ ကို ခေါင်းကြီး ဟု နာမည် ပေးထားသည် ။
ခေါင်းကြီး သည် ဉာဏ် ထိုင်း၏ ။ သင်ကြား သမျှ ကို နား မလည်သည် က များ၏ ။ သို့ရာတွင် သူ သည် ကြိုးစားမှု ဝီရိယ ရှိ၏ ။ ဆရာ့ စကား ကို ကောင်းစွာ နားထောင် ၏ ။ ဆရာ ကို အလွန် ရိုသေသူ ဖြစ်၏ ။ ထို့ကြောင့် ဆရာကြီး သည် သူ့ ကို အခြား တပည့် များ ထက် ပို ချစ်သည် ။
တစ်နေ့သ၌ ဆရာကြီး သည် ခေါင်းကြီး ကို အနား သို့ ခေါ်၍ အောက်ပါ အတိုင်း ပြော လေသည် ။
“ တပည့်ခေါင်းကြီး မင်း ကို ငါ လွန်စွာမှ ချစ်တယ် ၊ ဒါပေမဲ့ မင်း ဟာ ဒီလိုပဲ နေ၍ ကြီးပွား မှာ မဟုတ်ဘူး ၊ ငါ့ ဆီ က ခွာ သွားပြီး မင်း တတ်တဲ့ ပညာ နဲ့ ဆေး ကုစားပေ
ရော့ ”
ခေါင်းကြီး သည် ဆရာ ၏ စကား ကို ကြားရသော အခါ စိတ် မကောင်း ဖြစ်မိတော့၏ ။
“ ဆရာကြီး .. ကျွန်တော် ဘာပညာ မှ မတတ်သေး ပါ ၊ ဘယ်လို ဆေး ကုသရပါမည်လဲ .. ”
“ မှန်တယ် တပည့် ၊ ဒါပေမဲ့ မင်း ကို ဘယ်လိုမှ သင် လို့လဲ ရတော့ မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါ့ တပည့် ဟာ ကြိုးစားမှု လည်း ရှိတယ် ၊ ဆရာ့ စကား ကို လည်း နား ထောင်တယ် ၊ ဆရာ့ ကို လည်း ရိုသေတယ် ။ ဒီတော့ ထမင်း မငတ်ပါဘူး ၊ မင်း တစ်နေ့ မှာ ကံကောင်း လာမှာပါ ”
ဆရာကြီး သည် တပည့် ကို ပြောကြားပြီး လျှင် ဆေးဘူး တစ်ခု ကို ထုတ်ပေး၏ ။
“ တပည့်ခေါင်းကြီး ဒီ ဆေးဟာ အလွန် အစွမ်း ထက် တယ် ၊ ရောဂါမျိုးစုံ ကို ပျောက်ကင်းစေနိုင်တယ် ၊ ရှူလို့ လိမ်းလို့ လည်းရတယ် ၊ သောက်လို့ လည်း ရတယ် ၊ ဒါပေ မဲ့ အနံ့ ကတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါး နံတယ် ၊ ဤ ဆေး ကို မင်း ယူသွားလော့ ... ”
“ ဆေး နာမည် က ဘယ်လို ခေါ်ပါသလဲ ... ”
“ ဤဆေး ... ”
“ မှန်ပါတယ် .. ဤ ဆေး ကိုပဲ မေးပါတယ် ဆရာ ... ”
“ ဟ ဆေးနာမည် ကို က ဤဆေး - ဤဆေး ... ”
“ ဪ သိပါပြီ ဆရာ ၊ နံလွန်း လို့ ဒီဆေး ကို အီးဆေး လို့ခေါ်တယ် မဟုတ်လား ... ”
“ မဟုတ်ဘူး ဟ ၊ ဤသာန နတ်မင်းကြီး က ပေးတဲ့ ဆေး မို့ ဤဆေး လို့ ခေါ်တာ ၊
ဘယ်က အီးဆေး ရမှာလဲ ၊ ဤသာန နတ်မင်းကြီး ကြား လျှင် နံရော့မယ် ... အဲလေ စိတ်ဆိုးရော့မယ် ... ”
ဆရာကြီး လည်း ခေါင်းကြီး ကို ဤဆေး ပေးလိုက် ၏ ။ ခေါင်းကြီး လည်း ဆရာ ကို ကန်တော့ ၍ ထွက် လာခဲ့ လေတော့သည် ။
“ ရွှင်လန်း နေပြည် ” ဟု အမည် တွင် သော မြို့တော်ကြီး တစ်ခု တွင် မောင်ကောင်း နှင့် မောင်ဗလောင်း ဟူ၍ ညီအစ်ကို နှစ်ယောက် ရှိကြ၏ ။ သူတို့ သည် အိမ်ထောင် ကျသော အခါ တစ်ယောက် တစ်အိမ် စီ နေ ကြလေသည် ။
တစ်နေ့သော အခါ တွင် မောင်ကောင်း သည် တောလမ်း ခရီး ဖြတ် သွားရင်း သစ်ပင် တစ်ပင် အောက် တွင် အားပြတ်၍ လဲ နေသော အဘိုးကြီး တစ်ယောက် ကို တွေ့ ရလေ၏ ။
ထိုအခါ မောင်ကောင်း သည် ပါ လာသော ထမင်းထုပ် ကို ဖြေ ၍ မိမိ မစားတော့ဘဲ အဘိုးကြီး ကို ပွေ့ထူ ပြီး ခွံ့ပေး ပြုစု၏ ။
စင်စစ်တွင် အဘိုးကြီး မှာ အနီး က ဂူကြီး ကို စောင့် သော ဂူစောင့်နတ်ကြီး ဖြစ်လေသည် ။ မောင်ကောင်း ၏ စိတ်သဘောထား ကို သိလို သဖြင့် လူယောင် ဆောင်နေ ခြင်း ဖြစ်၏ ။
မောင်ကောင်း က ကိုယ်ကျိုး ကို စွန့်၍ ထမင်း ကို ကုန်အောင် ကျွေးမွေးသည် ကို မြင်သောအခါ လွန်စွာ မှ ကျေနပ်သွားလေ၏ ။
“ မောင်ရင် ဟောဟို ဂူကြီး ထဲ ကို ဝင်ပါ ၊ အထဲမှာ တံခါး တစ်ချပ် တွေ့ လိမ့်မယ် ။ ငယ်လာဒါ ငယ်လာဒါ လို့ နှစ်ခွန်း အော် လိုက်ရင် တံခါး ပွင့်သွားလိမ့်မယ် ။ အထဲ မှာ ရွှေ ၊ ငွေ ၊ ကျောက်သံ ၊ ပတ္တမြားတွေ အပုံကြီး တွေ့လိမ့် မယ် ။ အဲဒါ မင်း နိုင်သလောက် ယူသွား ”
မောင်ကောင်း လည်း အဘိုးကြီး ပြောသည့် အတိုင်း ဂူ ဆီ သို့ သွား၏ ။ ဂူ နား အရောက်တွင် အဘိုးကြီး က နောက် က အော် ၍ မှာ လိုက်သေးသည် ။
“ မောင်ရင် ကျောက်သံပတ္တမြား ပုံကြီး အနောက်ဘက် က တံခါး ဟာ စေ့ ထားတယ် ။ ဒါပေမဲ့ ယောင် လို့ တောင် မှ ဖွင့် မကြည့်နဲ့ နော် အန္တရာယ် ရှိတယ် ”
မောင်ကောင်း သည် အဘိုးကြီး မှာကြားသမျှ ကို မှတ်သား ကာ ဂူ ထဲ သို့ ဝင်လိုက်၏ ။ ထို့နောက် ပိတ် ထားသော ကျောက်တံခါးကြီး ရှေ့တွင် ရပ်လိုက်ကာ “ ငယ်လာဒါ ငယ်လာဒါ .... ” ဟု အော်လိုက်၏ ။
ကျောက်တံခါးကြီး သည် အလိုလို ပင် ဖြည်းညင်းစွာ ပွင့်သွား လေတော့သည် ။
မောင်ကောင်း သည် ပါ လာသော လွယ်အိတ်ကလေး ထဲ သို့ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြားများ ကို အပြည့် သယ်ယူ လေ၏ ။ ထိုနောက် အနောက်ဘက် က စေ့ထားသော တံခါး ကို မြင်သည် ။ သို့သော် အဘိုးကြီး ၏ စကား ကို သတိရ သဖြင့် ဖွင့်ကြည့်ရန် မကြိုးစားတော့ ဘဲ ပြန် ကွေ့ ထွက် လာခဲ့လေ၏ ။
သူ အပြင် ရောက်သော အခါ အဘိုးကြီး မှာ မရှိတော့ပေ ။
မောင်ကောင်း သည် အိမ် သို့ ပြန်လာခဲ့ပြီး ရ လာသော ရွှေ ၊ ငွေ ပစ္စည်းများ ကို ဖြုန်းတီး မပစ်ဘဲ စည်းကမ်းတကျ သုံးစွဲ ၍ ချမ်းသာ လာ၏ ။
သူ ချမ်းသာလာသည် ကို မြင်သော အခါ သူ့ ညီမောင် ဗလောင်း က အကြောင်းရင်း ကို လာ ၍ မေး၏ ။ မောင်ကောင်း သည် ညီငယ် ကို ချစ်သဖြင့် အဘိုးကြီး နှင့် တွေ့ပုံ ၊ အဘိုးကြီး ၏ ညွှန်ပြချက် ကြောင့် ရခဲ့ပုံ တို့ ကို ပြောပြလိုက်၏ ။
နောက် တစ်နေ့ တွင် မောင်ဗလောင်း သည် ထမင်းထုပ် နှစ်ထုပ် နှင့် တော ထဲ သို့ သွား လေတော့သည် ။ အဘိုးကြီး ဆီ မရောက်ခင် တစ်ထုပ် ကို ဖြေ ၍ စားလိုက်၏ ။
ထိုနောက် ဆက်လက် ထွက်ခဲ့ရာ တစ်နေရာ တွင် သစ်ပင်ရင်း ၌ လဲ နေသော အဘိုးကြီး ကို တွေ့လေတော့ သည် ။
မောင်ဗလောင်း သည် ထမင်းထုပ်ကလေး ကို ဖြေ၍ ဘေး တွင် ချ ထားကာ အဘိုးကြီး ကို ဆွဲ ထူလိုက်လေ၏ ။
“ အမယ်မယ် .. ဖြည်းဖြည်း လုပ်ပါ မောင်ရင် ရာ ၊ ဒီလို ဆောင့်ဆွဲ မှ အားပြတ် နေတဲ့ အဘိုးကြီး သေရောပေါ့ ဟ ...”
“ ဒီမှာ မသေအောင် .. ထမင်း ကျွေးမလို့ဘဲဟာ ကဲ - ကဲ ပါးစပ် ဟ ”
ပြောရင်း ဆိုရင်း က မောင်ဗလောင်း သည် အဘိုးကြီး ကို ထမင်း ကျွေးလေ၏ ။ ထိုသို့ ထမင်း ကျွေးသော အလုပ် မြန်မြန် ပြီး စေရန် အတင်း နင်းကန် သွတ် လေတော့သည် ။
“ ဟယ် .. အည်း ... အည်း ... ဖူး ဖူး - နင် ငါ့ ကို ထမင်း ကျွေးတာမှ မဟုတ်ဘဲ လာသ,တ်နေတာ ထမင်း တွေ နင် ကုန်ပြီပေါ့ ဟ ... ”
အဘိုးကြီး က ပြော လိုက် မှ မောင်ဗလောင်း သည် အတင်း သွတ်ခြင်း ကို ရပ်လိုက်၏ ။ သို့သော် မြန်မြန် ပြီး လိုသော ဇော နှင့် ခပ်သုတ်သုတ် တော့ ကျွေးသည် ။ ထို့ကြောင့် အဘိုးကြီး မှာ တစ်လုပ် ပြီး တစ်လုပ် ကမန်း ကတန်း မျိုချ နေရ သဖြင့် မျက်စိကြီးများ ပြူးပြူး နေလေ ၏ ။ မေးကြီး ကို လည်း ရှေ့သို့ ထိုး၍ ထိုး၍ မျိုမျို ချ နေရ လေ၏ ။ ထမင်း စားရသည် မှာ မမြိန်တော့ ဘဲ စိတ်ညစ် လာ ရသည် ။
နောက်ဆုံး တွင် မောင်ဗလောင်း သည် စိတ် မရှည် တော့ သဖြင့် အတင်း နင်းကန် သွတ် ပြန်လေတော့ရာ အဘိုးကြီး မှာ မောပန်း ၍ မြော့မြော့ကလေး ကျန် တော့ သည် ။
“ ဘကြီး .. ဂူ ထဲ ကို ဝင် ပြီးရင် ဘာ လုပ်ရသလဲ ... ”
“ တံခါး ရှေ့ မှာ ငယ်လာဒါ လို့ နှစ်ခွန်း အော် ... ”
အဘိုးသည် ဤမျှသာ ပြောနိုင်ပြီး “ ဂစ် ” ခနဲ တက် နေ လေတော့သည် ။ စားပိုး နင့် သွား၏ ။
မောင်ဗလောင်း သည် အဘိုးကြီး ကို ပစ်ထား ခဲ့ပြီး ဂူ ထဲ သို့ ဝင် လာခဲ့လေ၏ ။ ကျောက်တံခါးကြီး ၏ ရှေ့ သို့ ရောက်သော အခါ အော်ရန် ဟန်ပြင်လိုက်၏ ။
“ ဟော မေ့နေပြီ ... ဘာ အော်ရပါလိမ့် ၊ မေ့ နေပြီ ... ”
“ သေးလာဒါ .. သေးလာဒါ ”
တံခါး မပွင့်ချေ ။
“ သေးသေးကလေး လာဒါ ... သေးသေးကလေး လာဒါ .. ”
တံခါး မပွင့် .. ။
ဗလောင်းဗလဲ နိုင်သော မောင်ဗလောင်း သည် ခေါင်း ကို ကုတ်လိုက်၏ ။ အမှန် မှာ “ ငယ်လာဒါ ” ဆို သည်မှာ “ ငါလာတယ် ” ဟု ပြောခြင်း သာ ဖြစ်သည် ကို သူ မသိ ။ ငယ်ငယ်ကလေး လာဒါ ဟု မှတ်ထားမိခြင်း ပင် ဖြစ်သည် ။
“ ချာတိတ်လာဒါ .. ချာတိတ်လာဒါ ... ”
တံခါး မပွင့် .. ။
“ ပိစိညှပ်တောက်လေး လာဒါ - ပိစိညှပ်တောက်လေး လာဒါ ”
တံခါး မပွင့် .. ။
မောင်ဗလောင်း သည် ခေါင်း ကို ကုတ် လိုက်၏ ။
ဟော .. သတိရပြီ ။
“ ငယ်လာဒါ ... ငယ်လာဒါ ”
ကျောက်တံခါးကြီး သည် တရွေ့ရွေ့ နှင့် ပွင့်သွားလေတော့သည် ။
မောင်ဗလောင်း သည် ပါလာသော လွယ်အိတ်ကြီး နှင့် ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား တို့ ကို ပြည့်လျှံ နေအောင် ထည့်၏ ။ ထိုနောက် စေ့ ထားသော တံခါး ဆီ သို့ သွား ၍ အထဲ တွင် ဘာ ရှိမည်နည်း ဟု သိချင် သဖြင့် တံခါး ကို ဖွင့်ရန် လက်ကိုင် ကို ကိုင် လိုက်သည် ။
မောင်ကောင်း ပြန် ပြောသည့် စကားထဲ တွင် ထို တံခါး ကို ဖွင့်သည် ဟု မပါ သဖြင့် လက် ကို ပြန် ရုပ်၍ စဉ်းစား သည် ။
ထို့နောက် သိချင်သော စိတ် က ပြင်းထန် လာ သဖြင့် လက်ကိုင် ကို ပြန် ကိုင်လိုက်ပြန်၏ ။ တစ်ဖန် လက် ကို ပြန် ရုပ်၍ စဉ်းစား ပြန်သည် ။
“ ဟယ် ဖွင့်ကြည့်မယ်ကွာ .. ”
တစ်ယောက် တည်း ပြောလိုက် ပြီး လျှင် တံခါး လက်ကိုင် ကို ကိုင် လိုက်၍ တွန်း ဖွင့် လိုက်လေသည် ။
“ ဟာ ... ”
အထဲ တွင် သူ တွေ့ ရသည်ကား ကျောက်စားပွဲကြီး တစ်ခု ဖြစ်၏ ။ ထို ကျောက်စားပွဲကြီး ပေါ်တွ င်ကား ချိုလိမ် အကြီးကြီး ဖြစ်၏ ။ ကလေးများ အိပ်ခါနီး စုပ်သော ချိုလိမ် အကြီးကြီး ဖြစ်၏ ။ ဘယ်လောက် ကြီးသနည်း ဆိုသော် ချိုလိမ် ၏ လက်ကိုင်ကွင်းကြီး မှာ ထမင်းစား ပန်းကန် သာသာ ခန့် ရှိ၏ ။
ထို ချိုလိမ်ကြီး ကို မြင်သောအခါ သူ သည် မနေနိုင် အထိုင်နိုင် ဖြစ် လာ ပြီးလျှင် ဆတ်ခနဲ ကောက် ယူ၍ ပါးစပ် ထဲ သို့ သွင်း လိုက်မိလေသည် ။
ပါးစပ် သည် ပြဲ ၍ ပြည့်သွား၏ ။
ပြန် ၍ ဆွဲထုတ်သော အခါ ချိုလိမ်ကြီး သည် ပြန် ထွက် မလာတော့ချေ ။ ပါးစပ် ထဲ တွင် ပြည့်ကျပ် ၍ “ အာ ... ဝူး ... အာဝူး ” နှင့် ဖြစ်နေ တော့သည် ။
ထို့နောက် မောင်ဗလောင်း သည် အိမ် သို့ ပြန် ပြေး လာ ကာ ချိုလိမ် ကို အမျိုးမျိုး ချွတ်၏ ။ မရချေ ။
ဘာနှင့် လုပ်ထားသော ချိုလိမ် မှန်း မသိ ။ လွှ နှင့် တိုက် ၍လည်း မရ ။ ဘယ်လို ချွတ်ချွတ် မရချေ ။ နွားနို့များ , ရေများ ကို ချိုလိမ်ဘေး မှ ကပ်ပြီး အစက် ချ သောက် ရ သည် ။
သူ ရခဲ့သော ရွှေ ၊ ငွေ ပစ္စည်းများ မှာ လည်း မတရား ရ ထားသော ပစ္စည်းဥစ္စာများ ဖြစ်သောကြောင့် ကြာကြာ မခံချေ ။
မကြာမီ မောင်ဗလောင်း သည် ပြန်၍ မွဲတေ သွား ၏ ။ ပါးစပ် တွင် ချိုလိမ်ကြီး တန်းလန်း ဖြစ်နေသော ကြောင့် လူတော ထဲ မထွက်ဝံ့ ဘဲ အိမ်တွင်း တွင် သာ ပုန်း နေသဖြင့် စိတ်ဆင်းရဲခြင်း သာ အဖတ်တင် လေတော့ သည် ။
ရွှင်လန်းနေပြည် တွင် နေထိုင်ကြ ကုန်သော လူ အပေါင်းသည် ရောဂါ ကင်းဝေးပြီး ရွှင်လန်း နေကြသည် ။ သို့သော် အခြားသူများ ရွှင်လန်းပျော်ပါး နေကြသော် လည်း မောင်ဗလောင်း သည် မရွှင်လန်း နိုင်ချေ ။ မရွှင်လန်းနိုင် သူ ကား သူ တစ်ယောက်တည်း တော့ မဟုတ် ။ အခြား တစ်ယောက်လည်း ရှိပေသေးသည် ။ ထို တစ်ယောက်ကား အခြားသူ မဟုတ် ။ ရွှင်လန်းနေပြည် ကို အုပ်ချုပ်သော ဘုရင်ကြီး ၏ မိဖုရားကြီး ပင် ဖြစ်ပေ တော့သည် ။
မိဖုရားကြီး သည် စည်းစိမ်ချမ်းသာ နှင့် နေရ သော် လည်း မပျော်နိုင်ဘဲ ရှိနေသည် ။ မျက်နှာ မှာ အစဉ် ညှိုး နွမ်း နေ၏ ။ ထို့ကြောင့် ရှင်ဘုရင်ကြီး သည် မိဖုရားကြီး ပျော်ရွှင်မည့် နည်းလမ်းပေါင်းစုံ ကို ရှာဖွေ ပြုလုပ်သည် ။
တစ်ခါတွင် မိဖုရားကြီး ကို ပျော်အောင် ရယ်အောင် ပြုလုပ်နိုင်သူ ကို သမီးတော် နှင့် ပေးစားမည် ဆို၍ လူ အများ လာရောက် ၍ ပျော်အောင် လုပ်ပြကြ၏ ။
တစ်ယောက် က လက်ဝါးနှစ်ဖက် ဖြန့်၍ လက်မများ ကို နားရွက်ပေါက်များ ထဲ တွင် ထည့်ကာ လက်ချောင်း ကလေးများ လှုပ်၍ လျှာ ထုတ် ပြ၏ ။
မိဖုရားကြီး ကား မရယ် ။
တစ်ယောက် က ကင်းမြီးကောက် ထောင်ကာ .. ခြေနှစ်ချောင်း ကို မိုးပေါ် ၌ ယက်ကန် ယက်ကန် လုပ်ပြ၏ ။ ထို သူ သာ တစ်ပတ်လန်ကျပြီး ဇက်လိန် သွား၏ ။ မိဖုရားကြီး ကား မရယ် .. ။
နောက် တစ်ယောက် က ခြေတပေါင်ကျိုး လုပ်၍ ကပြ ၏ ။ ထို သူ လည်း ခြေချော်လဲ ရာ ဒူးကွဲ သွား၏ ။ မိဖုရားကြီး ကား မ ရယ် ။
မိဖုရားကြီး သာ မရယ်မော သော်လည်း အနား က ကြည့်နေသော ဘုရင်ကြီး မှာ ဂစ်ခနဲ တက် သွားသဖြင့် မိဖုရားကြီး ရယ်အောင် လာရောက် ယှဉ်ပြိုင်သူများ ကို မောင်းထုတ် လိုက်ရသည် ။
တစ်ခါတွင် လည်း နန်းတော် ထဲ တွင် ပျော်ပွဲကြီး ဆင်ယင် ကျင်းပ၏ ။ ရှင်ဘုရင်ကြီး က မိဖုရားကြီး ရယ်မော စေရန် နန်းရင်ပြင် ထဲ တွင် နှစ်ယောက်စီ တစ်တွဲ ကြက်ဖ ခွပ် ခိုင်း၏ ။
အမတ်ကြီး နှင့် စစ်သူကြီး တို့ အတွဲသည် မြင်ရသူ တို့ အဖို့ လွန်စွာ ရယ်မော ရသည် ။
အမတ်ကြီး မှာ နှစ်ချက် သုံးချက် ခွပ်လိုက် ၊ ခေါင်း တွင် ဆောင်း ထားသော ဦးဆောင်းကြီး မှာ ချော င်၍ လျှောကျ လာရာ မျက်လုံးများ အုပ် ကုန်သဖြင့် “ အား .. ဝူး ... ဝါး .. ဝါး ” နှင့် အော်ကာ ပြန် မ , တင် ရပြန်၏ ။ တစ်ချက် နှစ်ချက် ခွပ်လိုက် ဦးဆောင်းကြီး ကို ပြန် မ , တင်ရ နှင့် ဖြစ်နေသည် ။ အင်္ကျီရှည်ကြီး ၏ အနားစများ မှာ လည်း ဟိုရမ်း သည်ရမ်း နှင့် ဘေးနား က အပျိုတော်များ ၏ မျက်ခွက် ကို ချည်း ပိတ်ပိတ်ရိုက်မိတော့ ရာ အပျိုတော်များ ထ ပြေးကြရ၏ ။
ပြိုင် ၍ ကြက်ဖ ခွပ် ရသော စစ်သူကြီး ကို ကြည့်ပါဦး ။
ကြက်ဖ ခွပ်ရန် ဆောင့်ကြောင့် ထိုင် လိုက်ရာ ဘောင်းဘီ မှာ ကျပ်နေ သဖြင့် တင်း သွားပြီး ကုန်းကွကွကြီး ဖြစ်နေ သည် ။ ထိုသို့ ကုန်းကွကွကြီး ဖြစ်လျက် က ပင် ခွပ် ရလေ တော့ရာ ခြေထောက်များ မှာ ဟို ရမ်းလိုက် သည် ရမ်းလိုက် နှင့် ကြက်ဖ ခွပ်နေသည်နှင့်မတူ လေထဲ တွင် ဘယ် တစ်ဖက် ညာ တစ်ဖက် ဘောလုံး ကန် နေသည်နှင့် တူ နေ၏ ။
ကြက်ဖ ခွပ် ရသည်မှာ တစ်နေရာ ထဲ တွင် နေ၍ မရ သဖြင့် စစ်သူကြီး မှာ ဟိုကန်သည်ကန် နှင့် နေရာ ရွေ့ရွေ့ သွား လေရာ .. ထွေးခံကြီး ကန်မိသဖြင့် ထွေးခံကြီး မှာ “ ဂလုံ ” ခနဲ မြည် ၍ လိမ့် သွားသည် ။
ကွမ်းသွေးများ လည်း စီးဆင်း ၍ ပုဏ္ဏားတော်ကြီး ၏ သိုရင်းအင်္ကျီဖြူဖြူ ၏ အနားစများ ကို ပေကျံ ကုန်၏ ။
“ အလယ်လယ် .. ငါ့ အင်္ကျီပေနင့် ကီပြီ ... ပေနင့် ကီပြီလေ ဒုက္ခဖြစ်နင့်ကီပြီ ”
ပုဏ္ဏားတော်ကြီး ထ ပြေးရတော့သည် ။
စစ်သူကြီး မှာ လည်း ဟိုကန်သည်ကန် နှင့် ကြက်ဖ ခွပ် ရင်း နေရာ ရွေ့ သွားရာ တိုင် နား က ရပ်နေသော အစောင့်စစ်သား ၏ ညို့သကျည်း ကို တည့်တည့် ကန်မိ လေတော့၏ ။
“ သေပါပြီဗျာ ...သေပါပြီဗျာ ”
အစောင့်စစ်သား သည် ခြေ တစ်ဖက် မြှောက်၍ ခုန်ဆွ ခုန်ဆွ ဖြစ်သွား လေတော့သည် ။
မိဖုရားကြီး ကား မရယ်ချင် ဘဲ စိတ်တောင် ညစ်လာ၏ ။
ရှင်ဘုရင်ကြီး က သာ ဂစ်ခနဲ တက် သွားပြန်ရာ ပွဲတော်ကြီး ကို ရုပ်သိမ်း လိုက်ရ၏ ။
ဤသို့ဖြင့် မိဖုရားကြီး ကို ပျော်အောင် လုပ်ဖို့ အတွက် လက်လျှော့ ထားကြရလေသည် ။
တစ်နေ့သော် အမတ်ကြီး တစ်ယောက် က ရှင်ဘုရင်ကြီး အား ဤသို့ လျှောက်ထား၏ ။
“ အနီးက ကျေးရွာ တွင် ဆရာခေါင်းကြီး ရောက် နေ ကြောင်းပါ ဘုရား ”
ဤသို့ လျှောက်သံ ကြား သော် ရှင်ဘုရင်ကြီး သည် ဝမ်းသာသွား၏ ။ အမတ်ကြီး က “ ဆရာခေါင်းကြီး ” ဟု ပြောသည် ကို “ ကောင်းသော ဆရာ ” ဟု ထင် သွား၏ ။
“ ဟယ် ဆရာကောင်းကြီး ဆိုရင် အခု ချက်ချင်း ခေါ်ခဲ့ ၊ မိဖုရားကြီး ကို ရယ်အောင် ကုသ ခိုင်းရမယ် ”
ရှင်ဘုရင်ကြီး က အမိန့် ချမှတ် သဖြင့် ဆရာခေါင်းကြီး သည် ရှေ့တော်သို့ ရောက်ခဲ့ရတော့သည် ။
အဝေး က လာ ကတည်းက ခေါင်း ကြီးလွန်းသည် ကို မြင်ရ သဖြင့် ရှင်ဘုရင်ကြီးမှာ ‘ ခစ်ခနဲ ’ ‘ ခစ်ခနဲ ’ ရယ်ရယ်မိ တော့သည် ။ အနား သို့ ရောက်လျှင် ဒီ့ထက် ပိုပြီး ရယ် သဖြင့် တက်မည် စိုးပြီး အနား က လုလင်ပျို ကို ဤသို့ မိန့်ကြား၏ ။
“ ဟဲ့ လုလင် .... ငါ ရယ်မိ မလို ဖြစ်ရင် သံချွန် နဲ့ ငါ့ တင်ပါး ကို ထိုးပေး ”
လုလင်ပျို က လည်း သံချွန် နှင့် စောင့်ပြီး သတိပေး ပေး နေရ၏ ။
ဆရာခေါင်းကြီး လည်း ဘုရင့် ရှေ့တော် သို့ ရောက်ခဲ့ရ လေပြီ ။
“ ဟဲ့ ဆရာကောင်းကြီး ”
ဆရာခေါင်းကြီး က မော့ ကြည့်လိုက်၏ ။ တကယ် ကြီး သော ဦးခေါင်း ပင် ဖြစ်သည် ။
“ ဟဲ့ ဆရာကောင်းကြီး ခစ် မှူး အမလေး စူးလိုက်တာ ”
“ စူးတဲ့ ရောဂါ ကို ကုရမှာလား ဘုရာ့ ”
“ မဟုတ်သေးပါဘူး လေ ၊ ငါ့မိ ဖုရားကြီး က မရယ်နိုင် မပြုံးနိုင် ဘဲ ခစ် ... ရှူး ... အမလေး ”
“ သိပါပြီဘုရား ... မိဖုရားကြီး က မရယ်နိုင် မပြုံး နိုင်ဘဲ ခစ် ရှူး အမလေး နဲ့ အော် အော် နေတယ်ဆိုပါ တော့ ဘုရား ”
“ ဘယ်က ဟုတ်ရမှာလဲ ၊ မိဖုရားကြီး က မပျော်ရွှင်တဲ့ ရောဂါ ဖြစ်နေတယ် ၊ အဲဒါ မောင်မင်း က ပျောက်အောင် ကုသ ပေးရမယ် ခစ် ...”
“ ရှူး .. အမလေး ... ”
“ မင်း က ဘာဖြစ်လို့ အော်ရတာလဲ .. ”
“ မသိဘူးလေ ဘုရာ့ .. အရှင်ဘုရား က ခစ် ဆိုပြီး ရင် ရှူး ... အမလေး လို့ ဆက်ဆက် ဆိုလို့ ကျွန်တော်မျိုး က ဆက် ဆို ပေးတာပါ ”
ဆရာခေါင်းကြီး သည် မိဖုရားကြီး ကို ကြည့်ရှု၏ ။ ဘယ်လို ကုသ ရ မှန်း မသိချေ ။
ချွေးများ ပြန်လာ သဖြင့် ဆရာ ၏ ဂုဏ်ကျေးဇူးများ ကို စိတ် ထဲ က စိတ်ကူး ပြီး ကန်တော့ လိုက်၏ ။
ထို့နောက် ..
“ မိဖုရားကြီး ရောဂါ က နည်းနည်း အချိန်ယူ ရဦးမယ် ၊ ဒီ မြို့တော် မှာ တခြား ရောဂါသည်တွေ ဒီကို ခေါ်ခဲ့ပါ ၊ သူတို့ ကို အရင် ကုသရ လိမ့်မယ် ”
သို့သော် ရွှင်လန်းနေပြည် တွင် ရောဂါသည် မရှိသလောက် ရှား ပါး၏ ။ နောက်ဆုံး တွင် ချိုလိမ်ကြီး ပါးစပ် တွင် စွပ်လျက် ရှိသော မောင်ဗလောင်း တစ်ယောက် သာ ရောက်လာလေသည် ။ ရှင်ဘုရင်ကြီး နှင့် မိဖုရားကြီး ၊ သမီးတော် တို့ ပါ ရောဂါ ကုသည် ကို ဝိုင်း၍ ကြည့်ကြလေ၏ ။
ဆရာခေါင်းကြီး ကား ဘာမှ ဟုတ်တိပတ်တိ မလုပ်တတ် သဖြင့် ဆရာ ၏ ဂုဏ်ကျေးဇူးများ ကို သာ စိတ်ကူး ၍ ကန်တော့ နေလေသည် ။
ထိုအခိုက် တွင် တော ထဲ ရှိ ဂူကြီး တွင် နေသော နတ်ကြီး ၏ သမီး နှင့် မြေးကလေး တို့ သည် နတ်ပြည် သို့ သွား လည် နေရာမှ ပြန် လာ ကြလေ၏ ။ ထို မြေးကလေး သည် ချိုလိမ် ကို စုပ်၍ နေတတ် သဖြင့် နတ်ပြည် ရှိ ဆွေမျိုးများ ထံ တွင် ချိုလိမ် တစ်ခု ရှိ၏ ။ ဤ ဂူကြီး ထဲ တွင် ချိုလိမ် တစ်ခု ထား၏ ။
ပြန် ရောက်လာသော အခါ ... ချိုလိမ် ကို မတွေ့ သဖြင့် အဘိုး ကို မေး လေတော့သည် ။ အဘိုး က သူ သည် စားပိုး နင့် ၍ မေ့မျော သွားစဉ် .. မောင်ဗလောင်း ယူ သွားသည် ထင်ကြောင်း နှင့် ပြောပြလေရာ နတ်မြေးကလေး သည် မောင်ဗလောင်း ရှိရာသို့ နတ်မျက်စိ ဖြင့် ကြည့်၍ လိုက် လာလေ၏ ။
နတ်မြေးကလေး မှာ မတ်တတ်ပြေး စ အရွယ် ဖြစ်သော်လည်း လူကြီး နှစ်ဆ ခန့် ကြီး၏ ။
ထိုအချိန်တွင် နန်းရင်ပြင် ထဲ ရှိ ဆရာခေါင်းကြီး မှာ ဆရာ ၏ အမှာ အတိုင်း ဆေးဘူး ကို ဖွင့်၍ မောင်ဗလောင်း ၏ နှာခေါင်း ဝ သို့ ဘာမပြော ညာမပြော နှင့် ကပ်လိုက် လေသည် ။
ဆေးနံ့ မှာ တော်တော် ပြင်း သဖြင့် အဝေး မှ ရှင်ဘုရင်ကြီး က ပင် “ ဟယ် ... အရေးထဲ ဘယ်အကောင် လာပြီး အီးပေါက် နေမှန်းမသိပါဘူး ” ဟု ပြောမိသည် ။
မောင်ဗလောင်း သည် လွန်စွာ နံသော ဆေးနံ့ကြီး ကို ရှူလိုက်မိသ ည်တွင် “ အာ ... ဖွတ် ” ဟု အရှိန် ပြင်းစွာ လေတွေ ကန် ထွက်လာလေရာ ပါးစပ် ထဲ မှ ချိုလိမ်ကြီး သည် ‘ ဖုန်းခနဲ ’ ကျွတ်ထွက် သွားလေတော့၏ ။
သို့သော် ချိုလိမ်ဂွင်း မှာ ရှေ့တည့်တည့် တွင်ရှိသော ဆရာခေါင်းကြီး ၏ ထိပ် မှ စ၍ စွပ်မိလေတော့ရာ ဘယ် လို ဖြစ်သွားသည် မသိ ။ ဆရာခေါင်းကြီး သည် ရုန်းရင်း ကန်ရင်း နှင့် ပင် ချိုလိမ်ကြီး မှာ လည်တွင် စွပ် နေလေတော့ သည် ။ စို့ ရသည့် အဖုကား လည်တိုင် ရှေ့ တွင် ငေါက် တောက်တောက်ကြီး ထွက်နေလေသည် ။
ထိုခဏ ၌ နတ်မြေးကလေး လည်း ရောက် လာရာ သူ့ ချိုလိမ် ကို တွေ့ သဖြင့် ဝမ်းသာအားရ ပြေး၍ ပါးစပ် ဖြင့် ကုန်း စုပ်လေ၏ ။
ဆရာခေါင်းကြီး မှာ သူ့ မျက်နှာ နား တွင် လာ၍ ချိုလိမ်ကြီး ကို ‘ ဇုပ်ပွ ဇုပ်ပွ ’ နှင့် စို့နေခြင်း ကို မနှစ်မြို့ သဖြင့် ချာခနဲ ဟိုဘက် လှည့်လိုက် ဒီဘက် လှည့်လိုက် နှင့် လုပ် နေရာ နတ်မြေးကလေး မှာ လည်း ကားခနဲ ဟိုဘက် လွင့် ပါလိုက် ကားခနဲ ဒီဘက် လွင့် ပါလိုက် နှင့် ဖြစ်နေ တော့သည် ။
ချိုလိမ် ကို ကား သဲသဲမဲမဲ စို့ နေသည် ဖြစ်သောကြောင့် ပါးစပ် မှ တော့ ပြုတ် မထွက်ချေ ။
ခေါင်းကြီးကြီး နှင့် လူ ၊ သူ ၏ လည်ပင်းတွင် ချိုလိမ် ကြီး စွပ်လျက် ။ ထိုချိုလိမ်ကြီး ကို လူ့ အရပ်နှစ်ဆ လောက် ရှိသူ က တပြွတ်ပြွတ် နှင့် စုပ်နေ ။ စုပ်နေပြန် သော်လည်း ငြိမ်ငြိမ် စုပ် နေ၍မရ ။ ကားခနဲ ဟို လွင့်လိုက် ကားခနဲ ဒီ လွင့်လိုက် ဖြစ်နေသည် ။
ဤသည်ကို မြင်ရသောအခါ .. မိဖုရားကြီး သည် “ ဝါး ဟား .. ဟား .. ဟား ” နှင့် အားရပါးရ အော် ရယ် လိုက်လေတော့သည် ။
လူ ဖြစ် မှ တစ်ခါမှ မရယ်ဖူး သဖြင့် သူ့ အသံ ကို လူ တို့ မကြားဘူးကြချေ ။ ယခုမှ သူ့ရယ်သံ ကို ကြားကြ ရ၏ ။
သူ့ ရယ်သံ ကား မီးရထားဥသြသံ ထက် အဆ တစ်ရာ ခန့် စူးစူးရှရှ နှင့် ဖြစ်လေရာ ... ဆရာခေါင်းကြီး မှာ ဒိန်းခနဲ ဖြစ်ပြီး ခေါင်းကလေး သေး သွားရာ သူလို ငါလို ဖြစ်သွား တော့သည် ။ နတ်မြေးကလေး သည် လည်း ချိုလိမ် ပြန် ချွတ်၍ ရသဖြင့် ဂူ သို့ ပြန်သွား လေ၏ ။ နန်းတော် တစ်ခု လုံး ကား နား ကို ပိတ် ထားကြရလေသည် ။
မိဖုရားကြီး ရယ် မှာ ကို ပင် ကြောက် နေကြရ၏ ။
ရှင်ဘုရင်ကြီး လည်း ကတိ အတိုင်း ဆရာခေါင်းကြီး ( ယခု တော့ ဆရာခေါင်းကလေး ) ကို သမီးတော် နှင့် ထိမ်းမြားပေး၏ ။
ဆရာခေါင်းကြီး ကား မိဖုရားကြီး ရယ်ခါနီး တိုင်း ဆေးဘူး ကို ဖွင့်ဖွင့် ပေးရသည် ။ ဆေးနံ့ကြီး ကြောင့် မိဖုရားကြီး ရယ်ချင်စိတ် ပျောက် ပျောက် သွား၍ သာ ပတ်ဝန်းကျင် လူအပေါင်း နေသာ ထိုင်သာ ရှိကြရလေ သတည်း ။
◾ ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment