Friday, May 10, 2024

ဖိနပ် နှစ်ဖက်


 

❝ ဖိနပ် နှစ်ဖက် ❞

၁ ။

ဤ သတင်း ကို ကြား လျှင် ကြားချင်း အချို့က အကြံအဖန် သတင်း တစ်ခု ဟု ဆိုကြသည် ။ အချို့ က လုံးဝ မဖြစ်နိုင် ဟု အကြောက်အကန် ငြင်းဆန် ကြသည် ။ နောက်ဆုံး နိုင်ဦး နှင့် ယဉ်မွန် တို့ နှစ်ဦး ကို မြို့ က အအေးဆိုင် တစ်ဆိုင် မှာ မျက်စိ နှင့် တပ်အပ် မြင်လိုက်ကြ ကြောင်း ကြားသိကြရ တော့ မှ အားလုံး က ရင်ဘတ် ကို ဖိ ကာ ဘုရား တ , မိကြလေသည် ။

၂ ။

တကယ်ဆို ကျော်ဆင့် နှင့် သောင်းဌေး တို့ က တစ်အူတုံ့ဆင်း ညီအစ်ကို အရင်း ထက် ပင် ရင်းနှီး ချစ်ခင် ခဲ့ကြသော ငယ်သူငယ်ချင်း နှစ်ဦး ဖြစ်သည် ။ အိမ်ခြေ တစ်ထောင့်နှစ်ရာ ကျော် ရှိသော တင်သားကျေးရွာကြီး ထဲ နှစ်အိမ့် တစ်အိမ် စားအိမ်သောက်အိမ် တွေ လို ချစ်ခင် ခဲ့ကြသည် ။ ထူးခြားသည် မှာ သောင်းဌေး က အရှေ့ကုန်းသား စစ်စစ် ဖြစ်ပြီး ကျော်ဆင့် က အနောက်ချိုင်း ( ဂျိုင်း ) တွင် ချက်မြှုပ်သော အနောက်ချိုင်းသား စစ်စစ် ဖြစ်နေခြင်း ပင် ။ ဆယ့်ခြောက်ရွာ အုပ်စု တင်သားကျေးရွာ ကို နှစ်ပိုင်း ခွဲခြား ထားသည် ။

အရှေ့ အရပ် တွင် တည် ရှိပြီး ကုန်းပိုင်း ကျသော နေရာ ကို အရှေ့ကုန်း ဟု ခေါ်ဆို ကြ ပြီး အနိမ့်ပိုင်း တွင် ရှိပြီး နှစ်စဉ် လိုလို ရေကြီးရေလျှံ တတ် သော အပိုင်း ကို အနောက် ချိုင်း ဟူ၍ ခေါ်ဝေါ်ခဲ့ ကြသည် မှာ ရွာ တည်စ ကတည်း က ဖြစ်သည် ။ အရှေ့ကုန်း နှင့် အနောက်ချိုင်း ကြား အလယ် တည့်တည့် မှ ဖြတ် ၍ စီးဆင်း သွားသော ကျုံးချောင်း လေး က နယ်နိမိတ် ပိုင်းခြား သတ်မှတ် ပေးသည့် မျဉ်း တစ်ခု လို တည်ရှိ နေသည် ။

“ အရှေ့ကုန်းသားတွေ ကို ရန် လာ မစကြ နဲ့ ။ နံကြား သံပြား ဝင် သွားလို့ အမယ်လေး ၊ အဘလေး တောင် အော်ချိန် မရဘဲ နေမယ် ” 

“ အနောက်ချိုင်းသား က သတ္တိ မနည်းဘူးကွ  ။ သွေးတိုး စမ်းမယ်တော့ မကြံ နဲ့ ၊ ဓား နဲ့ တွက် လိုက် လို့ လက်ငင်းမ သာ ပေါ် သွားဦးမယ် ”

ကျော်ဆင့် နှင့် သောင်း ဌေး တို့ လူမှန်း သိတတ်စ အရွယ် က ပင် တင်သားကျေးရွာ မှာ နှစ်ခြမ်း ကွဲ သလို ဖြစ်နေသည် ။ နာမည် တစ်ခု သာ ရှိသော ကျေးရွာ ဖြစ်ပါလျက် အရှေ့ကုန်း နှင့် အနောက်ချိုင်း ရပ်ကွက် နှစ်ခု သည် စိတ်ဓာတ်ရေးရာ အရပါ သီးခြား စီ ဖြစ် နေကြသည် ။ နှစ်ခြမ်း ကွဲ နေရသည့် အဓိက အကြောင်းရင်း က ကာလသားတွေ အချင်းချင်း မတည့်ကြခြင်း ဖြစ်သည် ။

“ အရှေ့ကုန်းသားတွေ တို့ အနောက်ချိုင်း ဘက် အပျိုလည် မလာစေ နဲ့ ။ ဘယ် နေရာ တွေ့တွေ့ ကျောက်ခဲ နဲ့ ဝိုင်း ထု လွှတ်ကြ ”

“ အနောက်ချိုင်းသား တွေ ကို ကျုံးချောင်း က နေ ကျော် ပြီး တို့ ဘက် ကို နယ် မကျွံ စေနဲ့ ။ ခြေ တစ်ဖက် ချတာ နဲ့ ဝိုင်းသာ တွယ်လိုက် ကြ ”

အရှေ့ကုန်းသား က အနောက်ချိုင်းသူ ကို လူပျို လှည့် လျှင် အနောက် ချိုင်းသားတွေ က တူးတူးခါးခါး ကြည့် မရကြ သလို ၊ အရှေ့ကုန်းသူ ကို ကြိုက် မိသော အနောက် ချိုင်းသား ကို လည်း အရှေ့ကုန်းသားတွေ က ပစ်မှတ် ထားကာ ရန်စ , ရှာတတ်ကြသည် ။

“ တို့ ငယ်ငယ်တုန်းက များ အရှေ့ကုန်းသား လည်း အနောက်ချိုင်း ယာပြင် ထဲ ပဲတွေ ၊ နှမ်းတွေ လာ စိုက်တာ ပါပဲ ။ မင်း တို့ ခေတ် ကျမှ အရှေ့ကုန်းသား အနောက် ချိုင်း ဘက် လယ် မစိုက် ၊ ယာ မလုပ် ကြ ရတာ အံ့ တောင် အံ့မိပါရဲ့ ”

“ ဟုတ်ပါ့ဗျာ ။ ရှေးတုန်း က များ အနောက်ချိုင်းသားတွေ လည်ရင်း ပြုရင်း အချိန် လွန် ရင် အရှေ့ကုန်း မှာ ညဉ့်အိပ် ညဉ့်နေ နေကြတာပဲ ။ ခုများ တော့ မှောင်စ ပျိုးရင် တောင် အရှေ့ကုန်း ဘက် မတက်ဝံ့ကြ တော့ဘူး ။ မင်း တို့ ကာလသား တွေ နဲ့ တော့ ခက်ပါ့ မောင် ရာ ” 

“ ဟုတ်ပါရဲ့ဗျာ ။ ကျုပ် တို့ ငယ်ငယ် တုန်း က ဆို လုပ်စရာ ကိုင်စရာ ရှိလည်း အရှေ့ကုန်းသား ၊ အနောက်ချိုင်းသား ဆိုပြီး ခွဲခြား မနေကြ ပေါင်ဗျာ ။ အလှူပွဲ ၊ မင်္ဂလာပွဲ ဆိုလည်း အားလုံး ဝိုင်းလုပ် ဝိုင်းစား နဲ့ ပျော်ဖို့ တောင် ကောင်း သေးတယ် ။ အခု ကလေးတွေ ကျ မှ ဒီ အစဉ်အလာ ပျက် ရတာ တကယ် စိတ် မကောင်းစရာပဲဗျာ ”

အရှေ့ကုန်းရွာ ထိ ပ်ရှိ ရတနာ့မာန်အောင် ကျောင်း တွင် ဥပုသ်သီလ ဆောက် တည်ကြ တိုင်း လူကြီးသူမ များ က ရှေးခေတ် တင်သားရွာ အကြောင်း သတိတရ ပြောကြ ဆိုကြ သည် ။ လူကြီးဝိုင်း က တော့ သူ့နယ် ကိုယ့်သား ခွဲခြားမှု မရှိဘဲ အခင်အမင် မပျက် ရှိမြဲ ဖြစ်သည် ။ ကာလသားတွေ တစ်ဖက် နှင့် တစ်ဖက် ရန်စောင် နေကြခြင်း ကြောင့် ရပ်ကွက် နှစ်ခု မှာ တစ်နေ့ ထက် တစ်နေ့ ပို၍ အနေ စိမ်း လာ သလို ဖြစ်ခဲ့ရသည် ။

ထူးခြားသည် က ကျော်ဆင့် နှင့် သောင်းဌေး တို့ ဖြစ်သည် ။ ကာလသားချင်း တစ်ဖက် နှင့် တစ်ဖက် ရန်စောင် နေကြ သလောက် သူတို့ နှစ်ဦး က တပူးပူး တတွဲတွဲ ရှိနေကြခြင်း ဖြစ်သည် ။ ဤ သည် က လည်း အကြောင်းရှိ သည် ။ ရွာ နှစ်ခြမ်း ဘယ်လို ပင် ကွဲကွဲ ကျောင်းသား လူငယ်များ ကတော့ နှစ်ရပ်ကွက် ပေါင်း မှ တစ်ကျောင်း တည်း ရှိသော တင်သား အလယ်တန်းကျောင်း မှာ ပညာ ဆည်းပူး ကြရသည် ။ သို့ဖြစ်ရာ ကျောင်းသား အချင်းချင်း မခေါ်နိုင် မပြောနိုင် မဖြစ်ကြဘဲ ပေါင်းဖော် နိုင်ကြလေသည် ။

သူတို့ ငယ်သူငယ်ချင်း နှစ်ဦး က ကိုယ့် လက် ထဲ မုန့် တစ်ခု ရှိလျှင် တစ်ဝက် ခွဲ ကျွေး လိုက်ရမှ နေပျော်ကြသူ တွေ ဖြစ်သည် ။ ကျော်ဆင့် နေအိမ် တွင် ထမင်းဝိုင်း တွေ့ လျှင် သောင်းဌေး က လက် ဆေး ပြီး ဝင် စား တတ် သလို ၊ သောင်းဌေး အိမ် တွင် လည်း ကျော်ဆင့် တစ်ယောက် အချိန် မရွေး ဝင်ထွက် သွားလာကာ ဆော့ကစား နေ တတ်သည် ။ တစ်ဦး မျက်နှာ တစ်နေ့ မမြင် ရ လျှင်ပင် နေမထိ ထိုင်မသာ ဖြစ်ရ မလောက် နှစ်ကိုယ့် တစ်စိတ် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည် ။

၃ ။

ကံကြမ္မာ သည် ထူးခြား ဆန်းကြယ်သည် ။ လည်ပင်း ဖက် ပေါင်းဖက် လာခဲ့ကြ သော ငယ်သူငယ်ချင်း နှစ်ဦး မှာ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် ကမ္ဘာ့ ရန်တွေ လို အငြိုး ကြီး အမုန်းပွား ကြလိမ့်မည် - ဟု မည်သူ က မျှ မတွေးမိ ခဲ့ကြပေ ။

သူတို့ နှစ်ဦးလုံး လူပျို ဖြစ်စ အချိန် မှာ အရှေ့ကုန်းသူ မပြုံးမူ ကို ပြိုင်တူ စုံမက် မိကြ
သည် ။ မပြုံးမူ က တင်သား ကျေးရွာအုပ်စု ၏ ကွမ်းတောင်ကိုင် လှပျိုဖြူ လည်း ဖြစ် သည် ။ သောင်းဌေး မှာ အရှေ့ကုန်းသား စစ်စစ် ဖြစ်ရာ မပြုံးမူ က သောင်းဌေး ကို သာ ချစ် အဖြေ ပေးလိမ့်မည် ဟု အများ က တွက်ဆ ထားခဲ့ကြသည် ။ မပြုံးမူ ၏ မေတ္တာပန်း ကို ဆွတ်မြန်းလိုသူ ကာလသား များစွာ အနက် ကျော်ဆင့် တစ်ယောက် ဖိုးကံကောင်း ဖြစ်ခဲ့သည် ။

သောင်းဌေး တို့ အသိုင်းအဝိုင်း က ကျော်ဆင့် တို့ ထက် ပို၍ ကြွယ်ဝ ချမ်းသာသည် ။ သောင်းဌေး ကိုယ်တိုင် မပြုံးမူ နှင့် ပို၍ ခင်မင်ရင်းစွဲ ရှိသူမို့ မပြုံးမူ ၏ အချစ် ကို ပိုင်ဆိုင် ခွင့် ရမည် ဟူ၍ လည်း အပိုင် တွက်ထား မိ ခဲ့သည် ။ မျှော်လင့် မထားချိန် တွင် ချစ်ရသူ ၏ ချစ်မေတ္တာ ကို ရယူ ပိုင်ဆိုင် သွားနိုင်သူ က မိမိ နှင့် ကျောချင်းကပ် ရင်းနှီး ခဲ့ရသူ သူငယ်ချင်း အရင်း ဖြစ်နေလေ သောကြောင့် အူနု ကျွဲခတ် ခံရ သလို ခံစား ရသည် ။ ထို အဖြစ် ကြောင့် ပင် ငယ်သူငယ်ချင်း နှစ်ဦး ကြား တွင် အငြိုး အတေး တစ်ခု မွေးဖွား လာပြီး ပေါင်းသင်း ဆက်ဆံရာ တွင် လည်း ခပ်တန်းတန်း ဖြစ် လာခဲ့သည် ။ အရှေ့ကုန်းသား သူငယ်ချင်းများ ၏ သွေးထိုး ပြောဆိုမှု များ ကြောင့် နောက်ဆုံးတွင် သောင်းဌေး မှာ ကျော်ဆင့် ကို အခေါ်အပြော လုံးဝ မလုပ်တော့ ဘဲ သူငယ်ချင်း အဖြစ် မှ ပြတ်စဲ ပစ်လိုက်သည် ။

ချစ်သူ သက်တမ်း တစ်နှစ် မပြည့်မီ ကျော်ဆင့် ၏ မိဘများ က မပြုံးမူ ၏ မိဘ များ ထံ လာရောက် တောင်းရမ်း ကြသည် ။ မပြုံးမူ ၏ မိဘများ မှာ သဘောတူ ကြည်ဖြူ သဖြင့် အရှေ့ကုန်း တွင် လက်ထပ်ပွဲ ကျင်းပပြီး မပြုံးမူ မှာ သျှောင်နောက်
ဆံထုံး ပါပြီး အနောက်ချိုင်း ရပ်ကွက် သို့ ပြောင်းရွှေ့ လိုက် ပါ သွားလေသည် ။

“ အရှေ့ကုန်းသူ ရဲ့ ချစ်မေတ္တာ ကို ရယူနိုင်တဲ့ သူ က အနောက်ချိုင်းသား ဖြစ်စရာ
လား ကွာ ။ တစ်ရပ်ကွက်လုံး အရိပ် တကြည့်ကြည့် နဲ့ တန်ဖိုးထားတဲ့ ပန်းကလေး ကို အနောက်ချိုင်းသား က အပိုင် ချိုင် သွားတာ အသည်း နာလို့ မဆုံးဘူးကွာ ”

“ အရှေ့ကုန်း မှာ ခေါင်း ခေါက် ရွေးစရာ ကာလသား တွေ တစ်ပုံ တစ်ပင် ရှိပါလျက် နဲ့ ကွာ ၊ ဖိတ် ချင်း ဖိတ် ကိုယ့် အိတ် ထဲ အသေအချာ ရောက်ရမယ့် ကိစ္စ ကွ ။ ခုတော့ အနောက်ချိုင်းသား က ဖြတ် လုရတယ်လို့ ”

“ သောင်းဌေး ရာ ၊ မင်းပဲ စဉ်းစားကြည့် စမ်းပါဦး ။ ကျော်ဆင့် နဲ့ မင်း နဲ့ ရုပ်ရည်
ရူပကာ မကွာဘူးဘဲ ထားပါ ဦး ၊ ကြွယ်ဝချမ်းသာမှု မှာ မင်း ကို ကျော်ဆင့် က မမီနိုင် ပါဘူး ။ မင်း မိဘတွေ ရဲ့ လယ်ပွဲတွေ ဆိုတာ အရှေ့ကုန်း တစ်ရိုး လက်ညှိုး ထိုး လိုက် ရင် လွဲစရာ ရှိလို့လား အဲဒီလို လူ ကို မှ ငြင်းပြီး အနောက်ချိုင်းသား နောက် ကောက်ကောက် ပါ အောင် လိုက်သွားတဲ့ အဖြစ်ကို ငါ တို့ တော့ မကျေနပ်ဘူးကွ ”

“ ဟုတ်တယ် ။ ဒီကိစ္စ လက်တုံ့ပြန် ရ မှ ကျေနပ်နိုင်မယ် ”

မီး လောင်ရာ လေပင့် ဆို သလို သောင်းဌေး ၏ အပေါင်းအဖော်များ က တုံ့ပြန် ပြောဆို ကြရာ သောင်းဌေး ၏ အတွင်း စိတ် ၌ သန္ဓေတည် ကိန်းအောင်းစ အာဃာတ အစိုင်အခဲ မှာ စတင် ကြီးထွား လာခဲ့သည် ။သို့သော် သောင်းဌေး တစ်ယောက် အပူရုပ် ကို ဟန် လုပ် ဖုံးကွယ် ကာ “ ဘာမှ မလုပ်ကြပါနဲ့ ကွာ ။ ငါ ကို က ကံ မကောင်းတာပါ ” ဟု ပြန်၍ ပြောဆိုခဲ့သည် ။

ကျော်ဆင့် ၏ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပ ပြီး သုံးလ အကျော် တွင် အနောက်ချိုင်း ၌ မင်္ဂလာဆောင် တစ်ခု ခြိမ့် ခြိမ့်သဲသဲ ကျင်းပ ကြသည် ။ မင်္ဂလာ သတို့သားမှာ အရှေ့ ကုန်းသား သောင်းဌေး ဖြစ် ပြီး သတို့သမီး မှာ ကျော်ဆင့် ၏ ညီမဝမ်းကွဲ တော်စပ်သူ မခင်တင့် ဖြစ်သည် ။ ဧည့်ခံပွဲ တွင် ပရိသတ် အချို့က သောင်းဌေး တစ်ယောက် မခင်တင့် ကို အရ ယူ လိုက်ခြင်း မှာ ချစ်ခင် စုံမက်ခြင်း ကြောင့် မဟုတ်ဘဲ ကျော်ဆင့် အား လက်စား ချေ လိုခြင်းကြောင့် ဖြစ်သည် ဟု တီးတိုး ဆိုကြ လေသည် ။

၄ ။

မင်္ဂလာဧည့်ခံပွဲ ကျင်းပ ပြီး နောက် တစ်နေ့ မနက် တွင် သောင်းဌေး ၏ ရည်ရွယ်ချက် ကို လယ်ပြင် တွင် ဆင် သွား သလို ရှင်းရှင်းထင်းထင်း သိ လိုက်ကြရသည် ။

“ ဒီနေ့ ဒီရက် က စပြီး မင်း က ငါ ပိုင်တဲ့ ငါ့ မိန်းမ ဖြစ်သွားပြီ ။ အိမ်ဦးနတ် ဖြစ်တဲ့ ငါ့ စကား ကို မင်း တစ်သဝေ မတိမ်း နားထောင်ရ လိမ့်မယ် ။ အရှေ့ကုန်းသူ တစ်ပိုင်း ဖြစ်သွားတဲ့ မင်း ကို ဒီနေ့ ၊ ဒီအချိန် က စပြီး အနောက်ချိုင်း ဘက် ခြေ ချဖို့ ငါ ခွင့် မပြုနိုင်ဘူး ။ မင်း အနေနဲ့ ငါ့ ဆုံးဖြတ်ချက် ကို မကြိုက်ဘူး ဆိုရင် အခု ကတည်း က အပြီး ပြန် သွား နိုင်တယ် ”

အစ ကတည်းက အနေ အေး ၍ ရိုးကုပ်သော မခင်တင့် မှာ ပြန်လည် ချေပစရာ စကား မရှိခဲ့ပေ ။ မခင်တင့် ၏ သတင်း ကို ကြားသိ ချိန် တွင် အနောက်ချိုင်း ရှိ ကျော်ဆင့် ၏ နေအိမ် တွင် လည်း မုန်တိုင်း ထန် နေသည် ။ လက်သီး ကို ကျစ်ကျစ် ပါ အောင် ဆုပ်ရင်း အံကို တင်းတင်း ကြိတ်မိသည် ။ တဆတ်ဆတ် တုန်ယင် နေသော နှုတ်ခမ်း အစုံ မှ “ လုပ်ထားဦးပေါ့ အရှေ့ကုန်းသား ရာ ” ဟု မကျေမနပ် ရေရွတ်သည် ။ ထို့နောက် အိမ်ဦးခန်း တွင် ခါးထောက် ရပ်ရင်း သူ့ ရှေ့၌ ရိုကျိုး သည့် ဟန် ဖြင့် ခေါင်းငုံ့ ထိုင်နေသော ပြုံးမူ ကို ကြည့်ကာ ဒေါသတ ကြီး မာန်မဲ လိုက်လေသည် ။

“ ဒီမှာ ပြုံးမူ ၊ မင်း လည်း ဒီနေ့ က စပြီး အရှေ့ကု န်းဘက် ခြေဦး လှည့်ဖို့ လုံးဝ မစဉ်း စားပါနဲ့ ။ အရှေ့ကုန်း ဘက် မင်း သွားတဲ့ နေ့ ဟာ မင်း ကို ငါ ကိုယ်တိုင် သ,တ်ပြီး ထောင် ထဲ ဝင်မယ့် နေ့ပဲ ”

၅ ။

ဥတုများ အလီလီ ပြောင်းလဲ ခဲ့သည် ။ အနောက်ချိုင်းသား များ ကတော့ နိုင်ဦး ကို အဆိပ် အလွန် ပြင်းသော မြွေပွေး တွင်း ကို မှ သွား နှိုက်မိလေခြင်း ဟု စုတ်သပ် ကာ ပြောဆို ကြသည် ။ တစ်ဘဝ တစ်ခန္ဓာ မကူးမီ မှာပင် သံသရာ တစ်ပတ် ပြန် လည်သည် ဟု အချို့ က လည်း ဆိုကြသည် ။ နိုင်ဦး နှင့် ယဉ်မွန် တို့ နှစ်ဦး ကို မြို့ က အအေးဆိုင် တစ်ဆိုင် မှာ မျက်စိနှင့် တပ်အပ် မြင် လိုက်ကြကြောင်း ကြားသိရ တော့ မှ အားလုံး က ရင်ဘတ် ကို ဖိ ကာ ဘုရား တ , မိကြ လေသည် ။

“ သေချာတယ် ။ သူ့ ခွင် ( ဂွင် ) ထဲ ရောက်လာပြီ ဆို တော့ အဘိုးကြီး က သက်
ညှာမယ် မထင်ဘူး ။ အတိတ်ဟောင်း က အကြွေး ကို အတိုး ရော အရင်း ပါ ပြန် တောင်းမယ့် ကိန်းပဲ ”

“ နိုင်ဦး တော့ သနားပါ ရဲ့ ကွာ ။ ရုပ်ရည်လေး သနားကမား ၊ လိမ္မာရေးခြား လည်း ရှိရဲ့ နဲ့ ။ ကျော်ဆင့် သမီး ကို မှ သွား ကြိုက်မိတာ ကိုး ”

“ လူကြီး ချင်း မခေါ် မပြောဘဲ နေလာ ကြတာ တောင် နိုင်ဦး တို့ တစ်သက် ပဲ ။ ကျော်ဆင့် ကို ဒီ လမ်း က လှမ်း မြင် ရရင် ဟိုဘက် လမ်း ကနေ ပတ်ရှောင် လာတာ ၊ သောင်းဌေး တို့ ပြတ်သား ချက် က ကမ်းကုန်ပဲ ”

“ ကျော်ဆင့် က ရော ဘာ ထူး လို့တုံး ။ မင်း ရှိနေတဲ့ အရပ် အပေါ့ တောင် ငေါ့ မပန်းဘူး ဆိုတဲ့ စကား ရပ်ကျော် ရွာကျော် တောင် ဖြစ်သွားခဲ့ သေးတယ် ”

“ ဘာပဲ ဖြစ်ဖြစ်ကွာ ၊ လူကြီး ပီပီ အတိတ် က အမုန်း တွေ ကို သဘောထား ကြီးကြီးနဲ့ သင်ပုန်းချေ လိုက်ဖို့ ကောင်းပါပြီ ”

“ အဲဒီလို တော့ မထင် ဘူး ကွာ ။ အခြေအနေ က ခုထိ တင်းမာ နေတုန်းပဲ ။ ဘယ်သူ့
ဘက် က မှ အလျှော့ ပေးမယ့်ပုံ မရှိဘူး ”

“ ဘာပဲဖြစ်ဖြစ် ပွဲ က တော့ ကြည့် လို့ ကောင်းပြီ ပေါ့ကွာ ”

မြို့ အပြန် ရွာသား တချို့ ၏ ပြောဆိုချက်များ ကြားသိ  ရ ပြီးနောက် ဦးကျော်ဆင့် သား နိုင်ဦးနှင့် ဦးသောင်းဌေး သမီး ယဉ်မွန် တို့ ၏ ချစ်မေတ္တာ ဇာတ်လမ်း က ရွာကလေး တွင် လတ်တလော လူပြော အများဆုံး သတင်း တစ်ပုဒ် ဖြစ်လာခဲ့သည် ။

၆ ။

လကွယ်ည ညဉ့်ယံ သည် ချောက်ချားဖွယ် မည်းမှောင် တိတ်ဆိတ် နေသည် ။ ကောင်းကင် တွင် မှိတ်တုတ် မှိတ်တုတ် ပြိုးပြက် နေသော ကြယ်ကလေးများ က လည်း ဝန်းကျင် ကို လင်းစေခြင်းငှာ မစွမ်းသာပေ ။ တစ်ချက် တစ်ချက် စူးခနဲ ပေါ်ထွက်လာ သော ပုစဉ်းရင်ကွဲ တို့ ၏ အော်မြည်သံ က လည်း ချောက်ချား ဖွယ် ကောင်း လှသည် ။ အိမ် အောက်ထပ် ရှိ ဧည့်ခန်း ထဲ တွင် ဦးကျော်ဆင့် တစ်ယောက် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေ ရင်း စိတ် က ဂနာမငြိမ် ဖြစ် နေမိသည် ။ ကြားသိရသည့် အတိုင်း ဆိုလျှင် သတင်း က သေချာ သလောက် ရှိနေပြီ ဖြစ်သည် ။ နိုင်ဦး ကို သား အဖ ချင်း တိုးတိုးတိတ်တိတ် မေး ကြည့်တော့ မဆိုင်းမတွ ဝန်ခံသည် ။ သိသိသာသာ ပျက်ယွင်း သွားသော သူ့ မျက်နှာ အရိပ်အကဲ ကို သား ရိပ်စားမိ လေမည်လား မပြောတတ်ပေ ။

ဒီ ရက်ပိုင်း အရှေ့ကုန်း ဘက် ခြေဦး မလှည့်ဖို့ သား ကို ပြော ထားရသည် ။ အငြိုး အတေး အမှတ်အသား ကြီး လှသော သောင်းဌေး ၏ စိတ် ကို သူ ကောင်းကောင်း သိ သည် ။ သူ့ အပေါ် အငြိုး ထား လို စိတ် နှင့် သား ကို တစ်ခု ခု လုပ် မှာ သူ တကယ် စိုးရိမ် သည် ။ သား က တော့ “ ဘာမှ မဖြစ်ပါဘူး အဖေ ရာ ။ အဖေ တို့ လူကြီး တွေ ကိစ္စ က ပြီးခဲ့ပါပြီ ” ဟု ခပ်အေးအေး ဆိုသည် ။

ညဉ့် သည် နက်သည် ထက် နက် လာသည် ။ ခြေထောက် အနည်း ငယ် ညောင်းလာ သဖြင့် ခေါင်းရင်း ရှိ ခုံတန်းရှည် ပေါ် တွင် ပတ်လက် လှန် အိပ် လိုက်သည် ။ မတည်ငြိမ် နိုင်သေးသော ဦးကျော်ဆင့် ၏ စိတ် အဟုန် သည် ချီတုံချတုံ ဖြစ် နေဆဲ ပင် ။

“ ငါ့ ဘက် က စပြီး တောင်းပန် လိုက်ရင် ကောင်းမလား ။ အို ... မဖြစ်သေးပါ ဘူး ။ ငါ က စပြီး အမှား လုပ်ခဲ့ တာမှ မဟုတ်ဘဲ ။ တောင်းပန် ရ မှာ ဆို သူ က စပြီး တောင်းပန်ရ မှာ ပဲ ”

ရှေးပဝေသဏီ က ပင် သူငယ်ချင်း နှစ်ဦး ကြား ကြားဝင် စေ့စပ်ဖို့ ကြိုးစားခဲ့သူ တိုင်း ကို သူ ကိုယ်တိုင် ဟစ် အော် မောင်းထုတ် ခဲ့သည် ချည်း ဖြစ်သည် ။ “ ငါ့ ဘက် က ရော မှန်ခဲ့လို့လား ” ဟု စဉ်းစား မိ တော့ ကိုယ့် လိပ်ပြာ ကို ရှက်ရွံ့ မိသည် ။ ကိုယ် က စ ပြီး တောင်းပန် လိုက် လျှင် သား ၏ တစ်သက် ဟန် ကိုယ့် ဖို့ လုပ် ကာ တင်း ခံခဲ့ သမျှ အလဟဿ ဖြစ်မှာ ကို လည်း စိုးမိသည် ။ တကယ် ဆို သူ့ ဘက် က ခွင့်လွှတ် ကျေအေး ဖို့ စိတ် ပိုင်းဖြတ်ခဲ့ သည်မှာ ကြာခဲ့ပြီ ဖြစ်သည် ။

“ မှား တဲ့ လူ နဲ့ တုဖက်ပြီး ငါ လည်း မှားခဲ့တာပဲ ။ သူငယ်ချင်းတွေ ကြားမှာ ဘယ်သူ က စ , ပြီး တောင်းပန် ရမယ် လို့ သတ်မှတ် ထားတာ မှ မရှိဘဲ ။ ပြီးတော့ သူ့ သမီးလေး က ... ”

ဟုတ်သည် ။ ပြီးခဲ့သည့် ဥပုသ်သီတင်းပတ် က ရွာဦး ဘုန်းကြီးကျော င်းတွင် အမှတ်မထင် ယဉ်မွန် နှင့် ဆုံသည် ။ ဆွမ်းချိုင့် ပို့ လာသော ယဉ်မွန် ကို သူ ကိုယ်တိုင် ပြုံး ပြခဲ့သည် ပဲ ။ တက္ကသိုလ်ကျောင်းသူ ဆို ပေသိ ယဉ်မွန် က ဝတ်ပုံစားပုံ သပ်ရပ် လုံခြုံ သလို အနေအထိုင် ကလည်း ဣန္ဒြေကြီး သည် ။ သူတို့ မိသားစု မှာ သမီး မိန်းကလေး တစ်ယောက် ထပ် ရဖို့ သူ ရူးသွပ်စွာ မျှော်လင့် ဖူးသည် ။ ယဉ်မွန် သာ သူ့ သား နှင့် အကြောင်း ပါပြီး အိမ် ရောက်လာ ပါ လျှင် သမီးကလေး ရသည် နှင့် ဘာများ ခြားနားပါဦးမ ည်နည်း ။ ဦးကျော်ဆင့် ၏ အတွေး စိတ်ကူး တို့ ကြည်လင် လာပြီး နှုတ်ခမ်း အစုံ မှာ ကြည်နူးစိတ် တို့ ဖြင့် ပြုံးယောင် သန်း လာသည် ။ ထို့နောက် စိတ်နှလုံး
တုံးတုံး ချ ကာ အချိန်အတန် ကြာ တွေဝေ နေခဲ့သော စိတ် အလျဉ် ကို သူ ကိုယ်တိုင်
ကျေကျေနပ်နပ် အဆုံးသတ် ပစ် လိုက်သည် ။

“ အို .. ဘာပဲ ဖြစ်ဖြစ် ဒီကောင် ငါ့ ကို သ,တ်ရင် လည်း သ,တ်ပါစေတော့ ၊  ခြေသလုံး ဖက်ပြီး တောင်းပန် ဆိုလည်း တောင်းပန် လိုက်တော့မယ် ။ မနက်ဖြန် သား ကို မြို့တက် ကျောင်း ပို့ ပြီးတာ နဲ့ အမြန်ဆုံး စေ့စပ်ကြောင်းလမ်း ရမယ် ”

၇ ။

တိုင်ကပ်နာရီ မှ စက္ကန့် လက်တံ သည် တချက်ချက် မြည် ကာ စည်းချက် မှန်မှန် ရွေ့လျား နေသည် ။ ဖန်မီးချောင်း အနီး ဝဲပျံ နေသော ပိုးမွှားများ ကို အလစ်အငိုက် ဖမ်း စားရန် စောင့်ဆိုင်း နေသည့် အိမ်မြှောင် တစ်ကောင် က တကျွတ်ကျွတ် မြည် အောင် စုတ်ထိုး လိုက်သည် ။ ညဉ့် ဆယ့်နှစ်နာရီ ထိုးလုပြီ ။

အိမ် ခေါင်းရင်း ရှိ ကုက္ကိုပင် ပေါ် မှ ညဉ့်ငှက် တစ်ကောင် ဂီးခနဲ အော်မြည်ကာ ထပျံ သွားဟန် တူသည် ။ တောင်ပံ ခတ်သံ တဖျပ်ဖျပ် က တဖြည်းဖြည်း ဝေး၍ သွားသည် ။ သူ အိပ်မပျော် နို င် သေးပေ ။

ဦးသောင်းဌေး သည် စားပွဲ ပေါ်ရှိ ဆေးလိပ်ပြာခံခွက် ထဲ မှ ဆေးပေါ့လိပ်တို ကို
မီးညှိ ကာ ကောက် ဖွာ လိုက်သည် ။ လေးတွဲ့စွာ မှုတ်ထုတ် လိုက်သော ဆေးလိပ် မီးခိုးငွေ့များ နှင့် အတူ သူ့ အတွေးများ သည် လည်း လွင့်ဝဲ လျက် ရှိသည် ။

“ အင်း ... မဖြစ်သေးပါဘူး ”

ကိုယ့် ကိုယ် ကို ပြန် ပြော နေ သလို တစ်ကိုယ်တည်း ရေရွတ် မိ ပြန်သည် ။ သမီး ယဉ်မွန် ကို နေ့လယ်ခင်း ကတည်း က အိပ်ခန်း ထဲ ထည့်၍ ပိတ် ထားမိသည် ။ သမီး အမေ ကို တစ်နေကုန် စောင့်ကြည့် စေရန် တာဝန် ပေးခဲ့သည် ။ သူ့ သြဇာ ကို ဘယ်တုန်း က မှ မလွန်ဆန် ဝံ့သော မခင်တင့် က သည် တစ်ကြိမ် မှာ လည်း ခေါင်း ညိတ် ခဲ့သည် ။ ညဦးပိုင်း က ခင်တင့် ကို တီးတိုး မေး ကြည့်မိသည် ။

“ သမီး ထမင်း ရော စားရဲ့လား ”

“ စားပါတယ် ။ နှစ်ပန်းကန် တောင် ကုန်တယ် ”

“ ငို ရော ငိုထားသေးလား ။ မျက်လုံးတွေ ဘာတွေ နီရဲ နေလား ”

“ ငို တဲ့ ပုံတော့ မရှိပါ ဘူး ။ ကျုပ် ညစာ ထမင်း သွား ပို့ တော့ သူ စာအုပ် တစ်အုပ် ဖတ်နေတယ် ”

ဟူး .... တော်ပါသေး ရဲ့ ။ ခင်တင့် ၏ အဖြေ ကြားသိ လိုက် မှ ပင် သမီး အတွက် စိတ် အနည်းငယ် အေး ရသည် ။ သမီးကလေး သူ့ ကို စိတ် နာ နေမည်လား တွေးမိ တော့ သူ့ ဘယ်ဘက် ရင်အုံ မှ တဆစ် ဆစ် နာကျင် သွားသည် ။

သမီး က ခေတ်လူငယ် ပီပီ တော်သည် ။ ထက်သည် ။ ပြီးတော့ သူ့ လို ပင် အငြိုးအတေး ကြီးသည် ။ တစ်ဦးတည်း သော သမီးကလေး မို့ သမီး က သူ့ ကို မုန်း တီး နာကြည်း မှာ သူ စိုးရိမ်သည် ။

“ သူ့ ကို တောင်းပန် လိုက် ရင် ကောင်းမလား ”

ထိုသို့ တွေး မိတော့ သူ့ တစ်ကိုယ်လုံး ထူပူ သွား သည် ။ သူ့ ဘက် က စပြီး အလံဖြူ ပြ လိုက်ရမှာ ရှက်ရွံ့ နေ မိသည် ။ သူ့ ဘဝ တစ်လျှောက် လုံး တွင် သူ့ ပြိုင်ဘက် ကို နှစ်ကြိမ် တိုင်တိုင် အရှုံး ပေးရမည့် အဖြစ် ကို သူ မလိုလားပေ ။ သူ့ ဘဝ သက်တမ်း တစ်ဝက် မက သူ့ အတ္တ ကို သာ ရှေ့တန်း တင် ရင်း ကုန်လွန် ဖြတ်သန်း ခဲ့သည် ။ နေ့လယ်ခင်း က လည်း သွေးရူး သွေးတန်း နှင့် သမီး ကို အခန်း ထဲ ထည့် ပိတ် မိ ပြန်သည် ။

“ ငါ ဟာ သိပ် ကို ကလေး ဆန်ပြီး အသိတရား ကင်းမဲ့ နေပါလား ။ သိပ် ကို အတ္တကြီးတဲ့ ငါ ပါ လား ”

သမီး လည်း သူ့ လို နာကျင် ကြေကွဲ နေမည်လား ။ ဝတ္ထု တွေ ထဲ က လို ချစ်သူ နှင့် ကွေကွင်းရသည် ဆိုပြီး ဘဝ ကို အရှုံး ပေးကာ ကိုယ့် ကိုယ် ကို အဆုံး စီရင်သွားလေမည် လား ။ ဘုရား ဘုရား ။ သူ အဲဒီလို မတွေးဝံ့ ပေ ။ သူ့ ချစ်သူ ကောင်လေး နှင့် အချိန်းအချက် လုပ်ပြီး သူ မသိအောင် ခိုးရာ လိုက် ပြေး လေမည်လား ။ အဲဒါက တော်
သေးသည် ။

နိုင်ဦး ... ။ အများက ပြောနေကြ သလို ကောင်လေး က ငယ်ငယ်ရွယ်ရွယ် နှင့် ထက်မြက်သည် ။ ခေတ်ပညာတတ် လူငယ် တစ်ဦး ဖြစ် သလို ဖခင် ၏ လုပ်ငန်းများ ကို လည်း ဦးစီး ဦးဆောင် လုပ်ကိုင်နိုင်သည် ။ အသောက်အစား ကင်းရှင်း သည် ။ ဒီလို ခေတ်ကြီး ထဲ ကောင်လေး က ရွှေ လို ရှားပါး ပြီး အဖိုးတန် သူ ဖြစ်သည် ။ သမီး ယဉ်မွန် သာ ရွာ ထဲ က အရက်သမား ၊ ဘိန်းစား လို အသုံး မကျသည့် ကောင်တွေ နှင့် ညား ပါ လျှင် .... ။

အို ... ရှေ့ မျက်နှာ နောက် ထားပြီး တောင်းပန် လိုက် တော့မည် ။ မူလ အစ ကပင် သူ က လွန်ခဲ့မိသည်ပဲ ။ သူ့ တစ်သက် မှားခဲ့မိ သမျှ မရှက်မရွံ့ ဝန်ချ တောင်းပန် လိုက်တော့မည် ။ မနက်ဖြန် သမီး ယဉ်မွန် ကို တက္ကသိုလ်ကျောင်း ပို့ပြီး ပြန်လာချိန် တွင် ကျော်ဆင့် နှင့် လူချင်း တွေ့ ဆုံကာ သူ့ ကို ခွင့်လွှတ်ဖို့ တောင်းပန်မည် ။ ပြီးတော့ ကျော်ဆင့် ဆိုတာ တခြား လူ မှ မဟုတ်ဘဲ ၊ သူ့ ဘဝ ၏ အချစ်ဆုံး သူငယ်ချင်း တစ်ဦး မဟုတ်ပါလား ။ ကျော်ဆင့် က သူ့ အပြစ်တွေ ကို မဆိုင်းမတွ ပင် ခွင့်လွှတ် ကျေအေး လိမ့်မည် ဟု သူ ယုံကြည်သည် ။ ထိုသို့ ယတိ ပြတ် ဆုံးဖြတ် လိုက်မှ ပင် သူ စိတ် သက်သာရာ ရလေသည် ။

၈ ။

ထိုနှစ် က ကလေး - တင်သား လိုင်းကား တစ်စီး ကလေးမြို့ မှ အပြန် လမ်းခုလတ် တွင် တိမ်းမှောက်သည် ။ လူ နှစ်ဦး နေရာ တွင် ပွဲချင်းပြီး သေဆုံး ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိ ကြသည် ။ ဦးကျော်ဆင့် နှင့် ဦးသောင်းဌေး တို့ နှစ်ဦးသား တိုက်တိုက်ဆိုင်ဆိုင် ပင် ထို ကား ကို စီးမိ ကြသည် ။ တိုက်တိုင်ဆိုင်ဆိုင် ပင် သူတို့ နှစ်ဦးလုံး ၏ ခြေထောက် တစ်ဖက်စီ ကား ကိုယ်ထည် နှင့် တောင်ကမ်းပါး ကြား ညပ်ကာ ကျိုးကြေ ခဲ့ ရသည် ။ ဦးကျော်ဆင့် က ညာ ခြေထောက် တစ်ဖက် ဆုံးရှုံး ခဲ့ရသလို ဦးသောင်းဌေး လည်း ဘယ် ခြေထောက် တစ်ဖက် စွန့်လွှတ် လိုက် ရသည် ။

ယခု နှစ် နွေဦး တွင် နိုင်ဦး နှင့် ယဉ်မွန် တို့ သားဦးကလေး မွေးဖွား ရာ ကျော်ဌေး ဟု အမည် ပေး လိုက်ကြ သည် ။ ဦးကျော်ဆင့် နှင့် ဦးသောင်းဌေး တို့ ငယ်သူငယ်ချင်း နှစ်ဦး ကို ချိုင်းထောက် ကိုယ်စီ နှင့် ရွာရိုးကိုးပေါက် လျှောက် နေသည် ကို မျက်စိ နောက်မ တတ် မြင်ကြ ရသည် ။ ထို့ အပြင် ရွာ ထိပ်ရှိ ကုန်စုံဆိုင် တွင် နှစ်ဦးသား အချိန်းအချက် ပြုလုပ်ကာ ဖိနပ် တစ်ရန် တည်း ကို တစ်ယောက် တစ်ဝက် စီ စပ်တူ ဝယ်ယူ နေကြသည် ဟု လည်း တစ်ရွာလုံး က တီးတိုး ပြောဆို နေကြလေသည် ။

◾ရဲရင့်လုံ ( ဆေး - မန်း )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ၂၀၁၇  ၊ ဇန်နဝါရီလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment